Switch Mode

Chapter – 74

ဝမ်းနည်းနေသော နွားပေါက်လေး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၄ – ဝမ်းနည်းနေသော နွားပေါက်လေး

နွားပေါက်သည် ဤနေရာကို ဖော်ပြရန်အတွက် အကောင်းဆုံးစကားလုံးကို စဉ်းစားနေသည်။

အပြိုင်အဆိုင်များတဲ့ နေရာတစ်ခု…

နွားပေါက် ထိုစကားလုံးများကို မြေကြီးပေါ်တွင် ရေးပြလိုက်သည်၊ သို့သော် ဤ‌ဖော်ပြချက်အား သိပ်ကျေနပ်ပုံမပေါက်။ အဆုံးတွင် သူသည် ထိုစာလုံးများကို ပြန်ဖျက်ပြီးနောက် အသစ်ပြန်ရေးလေသည်။

ဖိနှိပ်ထားတဲ့နေရာ..

ဤစကားလုံးလည်း အဓိပ္ပာယ်မရှင်းလင်းသေးသောကြောင့် နွားပေါက်လေး ထပ်ဖျက်ပစ်လိုက်သည်။

အပျက်အစီးတွေ စုဝေးတဲ့နေရာ..

ဤစကားလုံးဖြင့်လည်း မလုံလောက်သေး။ နွားပေါက်လေး မကျေမနပ်ခေါင်းခါလိုက်သည်။

မျှော်လင့်ချက်ပျက်သုဉ်းခြင်းနေရာ၊ ညနေခင်းဆည်းဆာနေရာ၊ စစ်ပွဲတစ်ရာဖြစ်ပွားရာနေရာ၊ တောက်ပသည့်အလင်းတန်းများ စုဝေးရာနေရာ၊ အကြောက်တရားများ ကြီးစိုးရာနေရာ၊ ကြွေလွင့်ရာနေရာ..

နွားပေါက်လေး စာလုံးများကို ရေးလိုက်၊ ဖျက်လိုက် လုပ်နေသည်။ အချို့ဖော်ပြချက်များမှာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ပင်ဖြစ်နေသည်ပင်။ နွားပေါက်လေး ဤနေရာကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲနေသည်မှာ သိသာလှသည်။

“အင်း.. တကယ်တော့ ငါလည်းမသိဘူး..” နောက်ဆုံးတွင်တော့ နွားပေါက်လေး လက်လျော့လိုက်တော့သည်။

မင်း ဘာပြောချင်တာလဲ.. မင်း အစောပိုင်းကရေးခဲ့တဲ့စာလုံးတွေက ဘာမှမဟုတ်ဘူးလို့ ပြောချင်တာလား .. ချူဖုန်း အတော်လေး မကျေမနပ်ဖြစ်သွားရသည်။

သို့သော် နွားပေါက်လေး သူ့ကို လိမ်ညာနေခြင်းမဟုတ်ကြောင်း သူသိသည်။ သူသည် ဤလောကကြီးကို ဖော်ပြနိုင်သည့် အကောင်းဆုံးစကားလုံးများအား ရှာဖွေနေခဲ့သည်ပင်။

“ဒီအပြင်ဘက်ကမ္ဘာကို ရောက်နိုင်တဲ့လမ်းကို စလျှောက်တုန်းက ငါ ငယ်ငယ်လေး ရှိသေးတယ် .. အဲဒီမှာ မြင်ခဲ့တဲ့ဟာတွေကို ရေးရေးလေးပဲ မှတ်မိတော့တယ် .. အပြင်လောကမှာ ငါ သူတော်စင်နတ်တစ်ပါးဖြစ်နိုင်တယ်ဆိုတာပဲ မှတ်မိတော့တယ်..” နွားဝါလေး ပြောပြလာသည်။

“ဒီကိုလာတဲ့ သီးသန့်လမ်းရှိတာလား..” ချူဖုန်း ထိတ်လန့်သွားရသည်။

“တကယ်တော့ လမ်းတွေ အများကြီးရှိတယ် .. သက်ရှိတွေက အဲဒီလမ်းတွေကိုဖြတ်ပြီးတော့ အပြင်ထွက်လာနိုင်မယ့်နည်းလမ်းကို ရှာနေကြတာ .. ဒါပေမဲ့ ဆယ်ယောက်မှာ ကိုးယောက်က လမ်းမှာပဲ သေသွားတာ .. နည်းနည်းပဲ အပြင်ထွက်လာနိုင်ခဲ့တာ..”

နွားဝါလေး အမှန်အတိုင်း ပြောလိုက်သည်။

“အဲဒီတော့ မင်းက ဘယ်ကနေ လာခဲ့တာလဲ..” ချူဖုန်း မေးလိုက်၏။

နွားဝါလေး ဖြေရန် တွန့်ဆုတ်နေခဲ့သည်။ သူသည် ပြတင်းပေါက်နားသွားကာ အပြင်ဘက်မှ ကြယ်များကို ငေးကြည့်ပြီး အတွေးရေယာဉ်ထဲ မျောနေလေသည်။

ချူဖုန်း နွားနက်ကြီးကို ကြည့်လိုက်၏။

နွားနက်ကြီးသည် မျက်လုံးလှန်ပြလိုက်ကာ “ငါ့ကို လာမမေးနဲ့ .. ငါက ဒီမှာ မွေးလာတဲ့သူ..” နွားနက်ကြီး ပြောလာသည်။ “ငါက ခွန်အားကြီးမားတဲ့နွားနတ်ဘုရား… နွားမျိုးနွယ်ထဲက တစ်ဦးတည်းသောဘုရင်..” သူ ထပ်ပြောရန် မမေ့။

“ငါ ဒီနွားနှစ်ကောင်နဲ့ အကြာကြီးနေတာတောင် ရူးမသွားသေးတာ အံ့ဩစရာပဲ..” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။ “ငါနဲ့ အတူတူ စိတ်မခိုင်တဲ့ နောက်ထပ်လူတစ်ယောက်သာ ရှိနေရင်တော့ သူ အစောကြီးကတည်းက ရူးသွားလောက်ပြီ..”

အချိန်အတော်လေး ကြာပြီးနောက် နွားဝါလေး အသိပြန်ဝင်လာသည်။

နွားဝါလေးကို သူ့မေးခွန်းများ ပြန်ဖြေစေချင်သော်လည်း နွားဝါလေး စိတ်အခြေအနေမကောင်းသည်ကို သူ ခံစားလိုက်ရသည်။

သို့သော် ထိုနေ့ညနှောင်းပိုင်းတွင်တော့ နွားဝါလေး ရောက်လာကာ သူ့ကို လျှို့ဝှက်ချက်များ ထပ်မံပြောပြလာခဲ့သည်။

“ဒီလောကကို ထပ်လာမယ့် ငါ့လို သက်ရှိတွေ အများကြီး ထပ်ရှိလိမ့်မယ် .. ဒါပေမဲ့ သူတို့တွေက ငါ့ထက် ပိုပြီး စွမ်းအားကြီးလိမ့်မယ်..”

နွားဝါလေး ပြောသည့် သတ္တဝါများမှာ တောင်အနက်ပိုင်းတွင် နေထိုင်သည့် သားရဲများမဟုတ်ပဲ ကြောက်စရာကောင်းသည့်နောက်ခံများရှိသည့် သားရဲများကို ဆိုလိုခြင်းပင်။

ဒီလောကကြီးမှာ ဘာအခွင့်အရေးတွေများ ရှိနေတာလဲ.. ချူဖုန်း အံ့အားသင့်သွားရသည်။ အဲဒီအခွင့်အရေးတွေက ဘယ်လောက်တောင် ကောင်းနေလို့ အခုလိုမျိုး အပြင်ဘက်ကမ္ဘာက သားရဲကြီးတွေတောင် အသေခံပြီး ရောက်လာကြတာလဲ..

“ဒီလောကမှာ တစ်နှစ်လောက်နေလိုက်တာနဲ့ အရင်ကမ္ဘာမှာ ဆယ်နှစ်၊ နှစ်တစ်ရာလောက် နေတာထက် ပိုကောင်းတဲ့အခွင့်အရေးတွေ ရနိုင်တယ် .. အဲဒီတော့ သူတို့တွေက ဘယ်လိုလုပ် အသက်စွန့်ပြီး မလာကြမှာလဲ..” နွားဝါလေး စာရေးပြလာသည်။

ဤစကားလုံးများမှာ ချူဖုန်းကို လှုပ်ခတ်သွားစေခဲ့သည်။ နွားဝါလေး ပြောသည့်အတိုင်းသာဆိုလျှင် သတ္တဝါတစ်ကောင်သည် အချိန်တိုအတွင်း ပြိုင်ဘက်ကင်းတိုက်ခိုက်သူ ဖြစ်လာနိုင်သည်ပင်။

ဤသည်မှာ တွေးကြည့်လျှင်ပင် ကြောက်စရာကောင်းလှသည်။ စွမ်းအားနှင့် ခွန်အားလိုချင်နေသူများမှာ အရူးကဲ့သို့ပင် ပြုလုပ်လာလိမ့်မည်ပင်။

“မင်းက ဘာရှာနေတာလဲ..”

“အခွင့်အရေး .. ငါ့ကို သန့်စင်စေပြီးတော့ အဆုံးမရှိပြောင်းလဲစေနိုင်မယ့် အခွင့်အရေး .. ဒါပေမဲ့ ငါတို့ အဲဒီအခွင့်အရေးတွေကို လိုက်ရှာရမှာ..” နွားဝါလေး စိတ်အားထက်သန်လာသည်။

“ဘယ်လိုအခွင့်အရေးမျိုးလဲ..” ချူဖုန်း ပိုသိချင်လာသည်။ သူသိလေလေ အနာဂတ်အတွက် အစီအစဉ်များ ချလာနိုင်လေလေပင်။

သူသည် ပြောင်းလဲခြင်းလမ်းကြောင်းပေါ်၌ ရောက်နေပြီဖြစ်သောကြောင့် ဤနေရာ၌ ရပ်မနေချင်။ သူ့ကို လူအများကြောက်ရွံ့သွားရသည်အထိ ပြောင်းလဲပစ်ချင်သည်။

“ထိပ်တန်းအဆင့် ဝတ်မှုန်.. ပြီးတော့ အကွက်တွေပါတဲ့ဝိညာဉ်အမြစ်တွေ .. ဟိုဒဏ္ဍာရီလာသစ်ပင်တွေလည်း ငါ့ကို ပြောင်းလဲသွားအောင် လုပ်ပေးနိုင်တယ် .. ငါ အဲဒါတွေကို ရှာဖို့ပဲလိုတာ .. အဲဒါတွေက ဒီလောကမှာ ရှိတယ်..”

သူ ရှာရန်လိုအပ်သည့် ပစ္စည်းအတော်များများကို နွားဝါလေး ရေးပြလာသည်။

ဒီလောကကြီးမှာ ဒီလို ဒဏ္ဍာရီလာပစ္စည်းတွေ အများကြီး ရှိတာလား.. ချူဖုန်း သံသယဝင်သွားရသည်။

တစ်ချိန်က စစ်ပွဲကြောင့် ကမ္ဘာကြီးမှာ လုံးဝပျက်သုဥ်းတော့မည်အထိ ပျက်စီးသွားခဲ့ဖူးသည်။ နှစ်ပေါင်းကြာရှည်စွာ ပြန်လည်နာလန်ထူပြီးမှသာ ကမ္ဘာကြီးသည် ရှင်သန်မှု၊ တက်ကြွမှုတို့ဖြင့် ပြန်လည်းစိုပြေလာခြင်းပင်။

သို့သော် ထိုစစ်ပွဲများကြောင့် အပင်မျိုုးစိတ်အချို့ ပျက်စီးပျောက်ကွယ်သွားခဲ့ရသည်။

“ဝိညာဉ်အမြစ်” နှင့် “မှော်ဝတ်မှုံ” များမှာ ရှိရောရှိပါဦးမလားဟု ချူဖုန်း သံသယဝင်မိသည်။

“လောကကြီးကို နှစ်ရာပေါင်းများစွာ ရေခဲနဲ့ ပိတ်ထားပြီးတော့ မီးတောက်တွေနဲ့ နှစ်တစ်ထောင်လောက် မီးလောင်တိုက်သွင်းရင်တောင် အဲဒီအပင်တွေ ပျောက်သွားမှာမဟုတ်ဘူး .. တစ်နေ့ကျရင် သူတို့ ပြန်လည်ရှင်သန်လာမှာ .. ပြာပုံထဲမှာ အမြစ်တွယ်ပြီးတော့ လောကကြီးမှာ ပြန်ပေါ်လာလိမ့်မယ်..”

နွားပေါက်လေး ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

“အဲဒီတော့ နွားမျိုးစိတ်ဘုရင်ဖြစ်တဲ့ ငါက သူတော်စင်ဖြစ်ဖို့ ကံပါလာပြီးသားလို့ ဆိုလိုတာလား..” နွားနက်ကြီးသည် ငုတ်တုတ်ထိုင်ရင်း မောက်မာသည့်အမူအရာဖြင့် ပြောလာသည်။

နွားနက်ကြီးသည် နွားဝါလေး လဲနေသည့် ကုတင်နှင့်မွေ့ယာကို မြင်သည်နှင့် သူ၏မောက်မာသည့်အပြုအမူများ ပျောက်ကွယ်သွားပြီး နွားဝါကဲ့သို့ ပျင်းရိနှေးကွေးသည့်သူ ဖြစ်လာသည်။ သူကြည့်လိုက်တိုင်း နွားနက်ကြီးသည် နူးညံ့ကာ သက်တောင့်သက်သာရှိသည့် မွေ့ယာပေါ်၌ ကျောရိုးမရှိသလို လဲနေသည်ပင်။

သူ၏ခန္ဓာကိုယ်ကြီးနှင့် ဖိထားသောကြောင့် မွေ့ယာ၏ဖရိန်မှ အသံများပင် ထွက်နေလေပြီ။

နောက်ဆုံးတွင်တော့ နွားနက်ကြီးသည် နွေးထွေးသည့်အိမ်မှ ထွက်သွားကာ နွားပေါက်လေးကို အများဆုံးသုံးရက်သာ အချိန်ပေးမည်ဖြစ်ကြောင်း ပြောလာသည်။ မဟုတ်ပါက သူတို့ ခွန်းလွန်တောင်သို့ သွားနိုင်မည့်အခွင့်အရေးမရှိတော့။

တစ်ရက်၊ နှစ်ရက်…

အချိန်များမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်ကုန်သွားလေပြီ။ သို့သော် သစ်သားဆွဲပုံးထဲမှ အစေ့မှာ ဘာမှဖြစ်မလာသေး။ ယနေ့မှာ နောက်ဆုံးနေ့ဖြစ်သောကြောင့် နွားပေါက်လေး စိတ်မရှည်ဖြစ်နေလေပြီ။

“မင်း ခရီးစထွက်ဖို့အချိန်ရောက်ပြီ နွားပေါက်လေး .. ခွန်းလွန်တောင်မှာ ထူးဆန်းတဲ့သစ်ပင်တွေ မရှားပါဘူး .. ခွန်းလွန်တောင်က သူတော်စင်တောင်မှန်း မင်းလည်းသိပြီးသားပဲကို .. အဲဒီတောင်မှာ ဒဏ္ဍာရီတွေ၊ ထူးခြားဆန်းကြယ်မှုတွေ အများကြီးရှိတယ်..” ချူဖုန်း နွားဝါလေးကို ပြောလိုက်သည်။

နွားဝါလေးသည် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက် ဂနာမငြိမ်ဖြစ်နေသည်။

ခွန်းလွန်တောင်၌ ထူးဆန်းသည့်သစ်ပင်များ မရှားသည်ကို သူသိသည်။ သို့သော် သူ ဤအစေ့မှ အပင်ပေါက်လာပြီး အပွင့်ပွင့်လာသည်ကို မြင်ချင်သေးသည်။

ရုတ်တရက် နွားဝါမျက်လုံးထဲ၌ ရက်စက်သည့်အကြည့်များ ဖြစ်ပေါ်လာသည်။

“မင်း ဘာလိုချင်တာလဲ..” ချူဖုန်း သတိကြီးကြီးဖြစ်သွားသည်။

နွားဝါလေးသည် သစ်သားဆွဲပုံးကို တစ်ချက်တည်းဖြင့် ခွဲပစ်လိုက်ပြီး မြေကြီးထဲမှ အစေ့ကို ဆွဲထုတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။

ချူဖုန်း ဒေါသထွက်သွားကာ ထိုနွားပေါက်ကို အသေထိုးသတ်ရန် ပြင်ဆင်လိုက်သည်။

နွားဝါလေး ခပ်မြန်မြန်ပင် စာရေးပြလာသည်။ “ငါတို့ အစေ့ကို တစ်ယောက်တစ်ဝက်စီ ခွဲရအောင် .. ငါ မင်းအတွက် တစ်ဝက်ချန်ထားပေးမယ်..”

နွားပေါက်လေး၏ စိတ်ရှည်မှုများ ကုန်ဆုံးသွားလေပြီ။ ထို့ကြောင့် အစေ့ကို စားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤအစေ့မှာ ထူးခြားသောကြောင့် စားလိုက်လျှင်လည်း သူ့အတွက် အကျိုးယုတ်မည်မဟုတ်။

“မင်း လုပ်ရဲတယ်လား..” ချူဖုန်း နွားဝါထံ ပြေးဝင်လာလိုက်သည်။

သို့သော် နွားဝါလေးသည် ချူဖုန်း သူ့နား မရောက်ခင်မှာပင် အစေ့ကို ကိုက်ချလိုက်လေ၏။

ခွပ်..

ကိုက်သံ ထွက်လာသည့်အချိန်တွင် ချူဖုန်း နှလုံးခုန်ရပ်တန့်မတတ် ဖြစ်သွားသည်။ သူ ဤနွားစုတ်ကို ဆီပူအိုးထဲ ထည့်ကြော်ပစ်ချင်လာသည်။

သို့သော် နောက်တစ်စက္ကန့်တွင် နွားပေါက်လေး၏အမူအရာမှာ ချူဖုန်းထက် ပိုထိတ်လန့်ပုံ ပေါ်နေသည်။

နွားဝါသည် မျက်ရည်ကျကာ အော်ဟစ်ငိုကြွေးလာလေသည်။

“ငါ မင်းကို ခွင့်လွှတ်အောင်လို့ သနားစရာကောင်းအောင် လုပ်ပြမနေနဲ့.. ငါ မင်းကို ခွင့်မလွှတ်ဘူး.. ငါအစေ့အတွက် မင်းပြန်ပေးဆပ်ရမယ်..” ချူဖုန်း နွားဝါနားကပ်သွားလိုက်သည်။

သို့‌သော် နွားပေါက်လေးကတော့ ငိုမြဲငိုဆဲပင်။

တစ်ချိန်တည်းမှာပင် သူ့ရှေ့ခြေတစ်ဖက်ဖြင့် သူ့ပါးကို ပွတ်သပ်နေသည်။ သူ့မျက်နှာတစ်ခုလုံး နာကျင်မှုများ ပြည့်နှက်နေသည်။ နောက်ဆုံးတွင် သူ ထိုအစေ့ကို ထွေးထုတ်ကာ မုန်းတီးစွာ စိုက်ကြည့်နေလေသည်။

မြေပြင်ထက်တွင် ထိုအစိမ်းရောင်အစေ့မှာ အကောင်းပကတိအတိုင်း ရှိနေဆဲပင်။ သွားရာပင်မရှိ။

နွားဝါလေး ပါးစပ်ထဲတွင်တော့ သွေးထွက်နေလေသည်။ နွားပေါက်လေး ကြည့်ရသည်မှာ နှလုံးပေါက်ထွက်ပြီး အဆုတ်ပေါက်ပြဲသွားသူကဲ့သို့ နာကျင်ခံစားနေရသလိုပင်။

ချူဖုန်း အစေ့ကို ကောက်ယူလိုက်ပြီး ရေဖြင့် ထပ်ခါထပ်ခါ ဆေးလိုက်သည်။

နွားပေါက်လေး အစေ့ကို ထပ်ဆွဲလာမည်စိုးသောကြောင့် ချူဖုန်း သတိကြီးကြီးဖြင့်ပင် အစေ့ကို ကာကွယ်လိုက်သည်။

“ထပ်လုပ်ဖို့ စိတ်တောင်မကူးနဲ့” သူ သတိပေးလိုက်သည်။

သူ့စကား ကြားသည်နှင့် နွားဝါလေး ထပ်မံငိုကြွေးလာသည်။ ထိုကိုက်ချက်ကြောင့် သူ သွားကျိုးမတတ်ပင် ဖြစ်သွားခဲ့သည်။ ဤနာကျင်မှုနှင့် သွေးများမှာ သူ ထိုအစေ့အနား ထပ်မကပ်အောင် သတိပေးနေသလိုပင်။

နွားပေါက်လေး သူ့ဒဏ်ရာကို ဆားရေနှင့် ပလုတ်ကျင်းပြီးနောက် မှန်ထဲ သွားကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် သွားတစ်ချောင်းမှ ကျွတ်ထွက်မသွား။ သွေးများမှာ သူ့သွားဖုံးမှ ထွက်လာသည့်သွေးများပင်။

နွားပေါက်လေး အစေ့ကို ထပ်စားတော့မည်မဟုတ်ကြောင်း သိလိုက်ရ၍ ချူဖုန်း စိတ်အေးသွားရသည်။ သူသည် နွားပေါက်လေး မျက်လုံးရှေ့ အစေ့ကို ဝေ့ရမ်းပြလိုက်ကာ “ထပ်စမ်းကြည့်ချင်သေးလား .. မင်း ကိုက်နိုင်လားဆိုတာ စမ်းကြည့်ဦးမလား..” ချူဖုန်း ပြောလိုက်သည်။

“မူး..”

နွားဝါလေး ဒေါသထွက်သွားကာ ချူဖုန်းနှင့် နွားနတ်ဆိုးလက်ဝေ့ပညာချင်းယှဉ်ရန် ပြောလိုက်သည်။

နွားဝါလေး ပြောသည်ကို ကြားသည်နှင့် ချူဖုန်း မြန်မြန်ထွက်ပြေးသွားလိုက်သည်။ “မင်း ဘယ်တော့မှ ပြန်မလာတော့မှာမှမဟုတ်တာ .. ခွန်းလွန်တောင်မှာ ထူးဆန်းတဲ့အပင်တွေတွေ့ရင် အဲဒီအပင်အောက်က မြေကြီးနည်းနည်းလောက် တူးခဲ့ဖို့သာ မမေ့နဲ့ .. မင်း ပြန်လာပြီး အဲဒီမြေကြီးတွေနဲ့ ဒီအစေ့တွေကို စိုက်လိုက်ရင် အစေ့သုံးခုလုံး တစ်ခုခုတော့ ဖြစ်လာမှာ သေချာတယ်”

နွားဝါလေး သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

ထို့အပြင် နွားဝါလေးမှာ ဒေါသထွက်နေဆဲပင်။ သူ ဤအစေ့ကြောင့် ဒဏ်ရာရသွားသည်ကို တွေးမိသည်နှင့် ဤအစေ့ပန်းပွင့်လာလျှင် ဝတ်မှုန်သာမက အမြစ်များနှင့် ပင်စည်ကိုပါ စားပစ်မည်ဟု ကျိန်လိုက်သည်။ သူ အရွက်သေးသေးလေးကိုပင် ချန်ထားမည်မဟုတ်ကြောင်း ပြောလာသည်။

“နွားပေါက်လေး .. မင်း လာမှာလား မလာဘူးလား..” နွားနက်ကြီး အချိန်ကိုက် ရောက်လာသည်။

နွားနက်ကြီး ပေါ်မလာခင် ချူဖုန်း အစေ့များကို မြန်မြန်ဖွက်လိုက်သည်။ ဤအစေ့များအကြောင်း နွားနက်ကြီးကို ပေးမသိရဲ။

နွားပေါက်လေး ခေါင်းညိမ့်ပြလိုက်သည်။ သူ၏စွန့်စားခရီးကို စတင်ရန် ဆုံးဖြတ်လိုက်သည်။

“ငါမင်းကို ပြောထားမယ် .. ခွန်းလွန်တောင်က ငါတို့ အပျော်ခရီးထွက်ရမယ့်နေရာမဟုတ်ဘူး .. အဲဒီမှာ အလောင်းတွေ တောင်လိုပုံနေပြီးတော့ တောင်ကြားမှာလည်း သွေးတွေ စီးဆင်းနေတာ .. ငါ ဘာလို့ အဲဒီနေရာကနေ ထွက်ပြေးလာလဲ မင်းသိလား .. ငါက စစ်ပွဲဆန့်ကျင်တဲ့သူဖြစ်လို့ .. ငါ တစ်ခြားသူတွေနဲ့ မတိုက်ဖူးသလို ဘယ်သူ့ကိုမှလည်း ရန်မစဖူးဘူး .. ငါဘာလို့ ခုလိုပြောနေရတာက မင်းငါနဲ့လိုက်မှာဆိုတော့ မင်းလည်း သိုသိုသိပ်သိပ်နေ၊ အရူးလုပ်ပြီး အန္တရာယ်တောထဲ မလိုရင် မသွားနဲ့၊ နားလည်လား” နွားနက်ကြီး သတိပေးလာသည်။

ချူဖုန်း ထိတ်လန့်သွားရသည်။ ခွန်းလွန်တောင်သည် သားရဲများအတွက် စစ်မြေပြင်ဖြစ်ကြောင်း သူ တစ်ခါမှ မကြားဖူးခဲ့။ နွားနက်ကြီးသည် သတ်ဖြတ်ခြင်းကို မနှစ်မြို့၍ ရှောင်ပြေးလာသည့်သူကဲ့သို့ ပြောနေသော်လည်း သူသည် ထိုတိုက်ခိုက်မှုများကို ကြောက်၍ထွက်ပြေးလာခြင်းဖြစ်ကြောင်း ချူဖုန်း ခန့်မှန်းမိသည်ပင်။ သို့သော် ယခု သူ ထင်းရှူးစေ့များကို စားလိုက်ပြီဖြစ်သောကြောင့် သူ့ခွန်အားနှင့်စွမ်းအားများ အတော်လေး တိုးတက်သွားပြီဖြစ်သည်။ ထို့ကြောင့် ယခု သူ့ပြိုင်ဘက်များကို လဲသိပ်ရမည့်အချိန် ရောက်နေလေပြီ။

နွားဝါလေးသည် နွားနက်ကြီး၏ သတိပေးမှုကို နားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

ကျိုးချွမ်မိသားစုလည်း ခရီးစတင်ရန် ထုတ်ပိုးနေကြပြီဖြစ်သည်။ သူတို့သည် စိုးရိမ်နေကြသော်လည်း စိတ်ပိုင်းဖြတ်ပြီးပုံပေါ်သည်။

“မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်..”

“မင်းလည်း ဂရုစိုက်..”

ခရီးသွားအဖွဲ့ကြီး အနောက်အရပ်သို့ ထွက်သွားသည်ကို ချူဖုန်း စောင့်ကြည့်နေလိုက်သည်။ ချူဖုန်းနှင့် ကျိုးချွမ်သည် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ကာ ဆုတောင်းပေးလိုက်ကြသည်။

လောကကြီးမှာ ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ သူတို့၏နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်သွားမလား မည်သူမှ မသိနိုင်။

တစ်နေ့တည်းမှာပင် အနောက်နိုင်ငံများတွင် အခြားအဖြစ်အပျက်ကြီးတစ်ခု ထပ်ဖြစ်လာသည်။ နတ်ဆိုးခွေးတစ်ကောင် မြို့ငယ်လေးထဲ ပြေးလာကာ တစ်မြို့လုံးကို သတ်ဖြတ်ပစ်လိုက်သည်။

ထိုခွေးသည် ခေါင်းနှစ်လုံးရှိပြီး သူ ခြေလှမ်းလှမ်းလိုက်တိုင်း ချော်ရည်များ ထွက်လာပြီး ပါးစပ်ထဲမှ အဆိပ်ငွေ့များ ထုတ်လွှတ်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုမြို့မှ လူပေါင်းတစ်ထောင်ကျော်မှာ ဆူပွက်နေသည့်‌ ချော်ရည်များအောက် နှစ်မြှုပ်ခံလိုက်ရလေသည်။

ဤကိစ္စမှာ လောကကြီးကို တုန်လှုပ်သွားစေခဲ့သည်ပင်။

နောက်တစ်နေ့တွင် ထိုခေါင်းနှစ်လုံးခွေးသည် အခြားနယ်မြေသို့သွားကာ မြို့နှစ်မြို့ကို ထပ်မံဖျက်ဆီးပစ်ခဲ့သည်။

လူပေါင်းတစ်သိန်းအောက်သာ ရှိသည့်အတွက် နဂါးနက်ကြီး၏လုပ်ရပ်နှင့်ယှဉ်လျှင် နည်းသည်ဟု ပြောနိုင်သော်လည်း မြို့နှစ်မြို့ကို တစ်နေ့တည်း ဖျက်ဆီးပစ်ခဲ့သောကြောင့် ဤခွေး၏ ရက်စက်သည့်သဘာဝကို သိနိုင်မည်ပင်။

ဤခွေးသည် သန္ဓေမပြောင်းခင်က ခွေးအိုကြီးတစ်ကောင်သာဖြစ်သည်ဟု ပြောကြသည်။ သူ သစ်ပင်လေးနှစ်ပင်အား စောင့်ရှောက်ကာကွယ်နေသည်ကို လူအချို့ တွေ့ဖူးခဲ့သည်။

သို့သော် ထိုအပင်နှစ်ပင်မှာ ထူးခြားသည့်အပင်များဖြစ်ကြောင်း လူများ ပြန်မှတ်မိသွားသည်။

တစ်ပင်မှာ တစ်ပင်လု့း မည်းနက်နေပြီး အခြားတစ်ပင်မှာ နှလုံးမှ ညှစ်ထုတ်လိုက်သည့်သွေးကဲ့သို့ နီရဲနေသည်။

လောကကြီး ဖရိုဖရဲဖြစ်စဉ်က သန္ဓေပြောင်းသည့်ကိစ္စများကို လူများသိပ်မသိသေး။ လူလတ်ပိုင်းအမျိုးသားတစ်ဦးသည် ဤအပင်ရှေ့ ဖြတ်သွားစဉ်က ထူးဆန်းသည့်အပင်နှင့်ခွေးကို စိတ်ဝင်စားသောကြောင့် ဓာတ်ပုံပင် ရိုက်ခဲ့သေးသည်။

ဓာတ်ပုံရိုက်သည့်အပြင် ထိုလူသည် ခွေးကို မောင်းထုတ်ရန်ပင် ကြိုးစားခဲ့သေးသည်။

သို့သော် သူ အနားကပ်သွားသည်နှင့် ထိုခွေး ထိုးဟောင်လာသည်။ နောက်ဆုံးတွင်တော့ သူ နောက်ပြန်ဆုတ်ကာ အခြားသူများအား အကူအညီတောင်းရန်သာ တတ်နိုင်ခဲ့သည်။ သို့သော် သူ နောက်တစ်နေ့ အခြားသူများနှင့် ပြန်လာသည့်အချိန်တွင်တော့ ထိုအပင်များသည် ခွေးနှင့်အတူ ပျောက်သွားကြောင်း တွေ့လိုက်ရသည်။

“ဘုရားရေ .. အဲဒီအပင်ကို လူတွေ တကယ်တူးသွားတာ .. ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒီအပင်နှစ်ပင်လုံး နွမ်းပြီး သေသွားတာ .. ခွေးအိုကြီးက အပင်တူးသွားတဲ့သူတွေကို လိုက်ရှာရင်းနဲ့ လမ်းမှာ ‌တွေ့သမျှ လူကို သတ်နေတာ..”

နောက်ဆုံးတွင် လူများဤကဲ့သို့ မှတ်ချက်ချလိုက်ကြသည်။

အနောက်နိုင်ငံများသည် သူတို့စစ်တပ်ဖြင့် ထိုခွေးကို ဝိုင်းကာ ဖိနှိပ်လိုက်ကြသည်။ သို့သော် ဤသည်မှာ ခွေးကို ဒေါသဆွသလို ဖြစ်သွားပြီး ထိုခွေးသည် နောက်ထပ်နှစ်မြို့ကိုသွားကာ ထိုမြို့များမှ လူအားလုံးကို သတ်ပစ်ခဲ့သည်။ ထို့နောက် ခွေးကြီးသည် တောင်ထဲသို့ ဝင်သွားကာ လူထုရှေ့မှ ပျောက်ကွယ်သွားသည်။

လောကကြီးတစ်ခုလုံး စိုးရိမ်ပူပန်မှုများ စိုးမိုးနေသည်။ လူများသည် အကြောက်တရားဖြင့်သာ ရှင်သန်နေကြရသည်။

အနောက်နိုင်ငံရှိ ကုန်းမြင့်တစ်ခုတွင် လူများအား ကြောက်လန့်စေသည့် အခြားသားရဲတစ်ကောင် ထပ်ပေါ်လာသည်။ သားရဲကြီးသည် သူ့နယ်မြေထဲ မည်သူ့ကိုမှ အဝင်မခံ။ ထိုသားရဲသည် လူသားစကားပြောနိုင်ပြီး သူ့နယ်မြေထဲ ကျူးကျော်လာသည့်သူမှန်သမျှကို အညှာအတာမရှိ သတ်ပစ်မည်ဖြစ်ကြောင်း သတိပေးထားသည်ပင်။

သားရဲများတစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ပေါ်လာကာ အနောက်နိုင်ငံများမှာ သူတို့ကစားကွင်း ဖြစ်လာသည်။

အိန္ဒိယမှ ဆင်ဖြူတစ်ကောင်သည် သားရဲထောင်ပေါင်းများစွာကို အမိန့်ပေးနိုင်သည်ပင်။

ဆင်သည် တစ်ညတည်းဖြင့် စွမ်းအားကြီးလာခြင်းပင်။ အစပိုင်းတွင် တောအုပ်ထဲမှ တိရစ္ဆာန်များ၏ ထူးဆန်းသည့်အပြုအမူများကို မည်သူမှ သတိမပြုမိခဲ့။ သို့သော် ဆင်ဖြူကြီး စစ်တပ်ဖွဲ့ထားကြောင်း သူတို့ သတိထားမိလိုက်သည့်အချိန်တွင်တော့ အခြေအနေများကို သူတို့ မထိန်းချုပ်နိုင်တော့။

မွန်ဂိုလီးယား ဆဗားနားမြက်ခင်းပြင်တွင် ငွေရောင်ဝံပုလွေတစ်ကောင် ရုတ်တရက်ပေါ်လာခဲ့သည်။ သူ၏အော်ဟိန်းသံမှာ မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။

ဆီဗယ်ရီးယား..

အချိန်တိုအတွင်းမှာပင် သားရဲများနှင့် ငှက်များသည် သူတို့သက်ဆိုင်ရာနယ်မြေများ၏ ဘုရင်များ ဖြစ်လာကြသည်။ တစ်ညတည်းဖြင့် ကြောက်စရာအကောင်းဆုံးအခြေအနေထိ ဖြစ်လာကြသည်ပင်။

သူတို့ပြည်တွင်းကိစ္စလည်း ပိုမိုရှုပ်ထွေးလာခဲ့သည်။

လုံဟူတောင်၊ ဝူသန်းတောင်၊ စုန့်တောင်၊ ကျုံးနန်တောင်၊ ခုန်းထုံတောင်၊ အဲ့မိန်တောင်အားလုံး ကြောက်စရာကောင်းသည့်သက်ရှိများ၏ အမဲလိုက်သည့်ကွင်းပြင်များ ဖြစ်သွားကြသည်။ သူတို့သည် အချင်းချင်း တိုက်ခိုက်နေကြသကဲ့သို့ လူသားများကိုလည်း တိုက်ခိုက်နေခဲ့ကြသည်။ အားလုံးသည် ထိုတောင်များကို သူတို့ပိုင်ဆိုင်ကြောင်း ကြေငြာချင်သော်လည်း မည်သူမှ မအောင်မြင်သေး။

အချိန်တိုအတွင်း လောကကြီး ပြောင်းလဲသွားလေပြီ။

ကမ္ဘာတစ်ဝှမ်းလုံး သွေးများစွန်းထင်းသွားခဲ့ပြီဖြစ်သည်။

ချူဖုန်းလည်း သူ့ပစ္စည်းများကို ထုတ်ပိုးလိုက်သည်။ သူ ချင်းရန်ရွာမှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။

မြေကြီးများကို ကျောက်တုံးသေတ္တာထဲ ထည့်လိုက်ပြီးနောက် အစေ့ကို သေချာလေး မြှုပ်ထားလိုက်သည်။ ဤကျောက်သေတ္တာလေးမှာ သစ်သားဆွဲပုံးထက် သယ်ရပိုလွယ်ကူသည်။

“ဟမ်..”

အစေ့များကို ကျောက်တုံးသေတ္တာထဲ ထည့်လိုက်သည်နှင့် ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သေတ္တာအဖုံးကိုဖြတ်ကာ အစိမ်းရောင်အလင်းတန်းများ ထိုးဖောက်ထွက်လာနေသည်ပင်။

“ဘာဖြစ်နေတာလဲ..” ချူဖုန်း တစ်ခါမှ ဤမျှလောက် မအံ့ဩဖူးသေး။

ဤကျောက်တုံးသေတ္တာမှာ ချူဖုန်း ခွန်းလွန်တောင်ခြေ၌ ရခဲ့သည့်သေတ္တာပင်။ အစေ့များမှ အစက ဤသေတ္တာထဲ၌ ရှိနေခဲ့သည်ပင်။

အပိုင်း ၇၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset