Switch Mode

Chapter – 73

နှစ်သန်းပေါင်းများစွာအတွင်း ပေါ်ထွက်မလာဖူးခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၃ – နှစ်သန်းပေါင်းများစွာအတွင်း ပေါ်ထွက်မလာဖူးခြင်း

နွားဝါ မြေပေါ်၌ စာရေးပြလိုက်သည်။ သူ မသွားချင်သေး။

နွားရိုင်းနက်ကြီးမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေလေပြီ။ “မင်း ဒီမှာ မင်းအချိန်ဖြုန်းနေရမယ့် အချိန်မဟုတ်ဘူး…” နွားရိုင်းနက်ကြီး အော်ပြောလိုက်သည်။ သူ စိတ်ငြိမ်သွးသည်နှင့် နွားပေါက်လေးကို စောင်းကြည့်လိုက်သည်။ နွားပေါက်လေး ဤကဲ့သို့ ခေါင်းမာနေရခြင်းမှာ ဤနေရာ၌ ထူးဆန်းတာတစ်ခုခု ရှိနေသောကြောင့်ဟု သူ ခံစားနေရသည်။

“ချူဖုန်းက ကျွန်တော့်အသက်ကို တစ်ခါ ကယ်ဖူးတယ် .. ကျွန်တော် သူ့ကို ကျေးဇူးဆပ်ချင်တယ် .. အဲဒါကြောင့်မို့လို့ ကျွန်တော် ထွက်မသွားခင် သူ့ကို ကျွန်တော်တတ်ထားသမျှအားလုံး သင်ပေးချင်သေးတယ်..” နွားဝါလေး မျက်နှာပြောင်တိုက်၍ ပြောလာသည်။

နွားပေါက်သည် နောက်ဆုံးအချိန်ထိ အချိန်ဆွဲထားချင်နေသည်။ အပင်ပေါက်လာသည်ကို မမြင်ရမချင်း သူ ကျေနပ်မည်မဟုတ်။

“ရတယ် .. ငါအဆင်ပြေတယ် .. မင်း ငါ့ကို သင်ပေးနိုင်တာလည်း အဲဒီလောက်မရှိပါဘူး .. မင်း မြန်မြန်သွားလိုက်တော့..” ချူဖုန်း အောက်ဖဲလှန်လာသည်။

နွားဝါလေးမှာ ချက်ချင်းပင် မျက်ရည်များ ကျလာလေသည်။ သူ့မိတ်ဆွေကို နှုတ်ဆက်ရသောကြောင့် ကျလာသည့်မျက်ရည်များ မဟုတ်။ ချူဖုန်း သူနှင့် မပူးပေါင်းပေးသောကြောင့်ကျလာသည့်မျက်ရည်များပင်။

နွားရိုင်းနက်ကြီးရှေ့တွင် ပေါက်ကွဲ၍မရသောကြောင့် သူ ဟန်ဆောင်နေရသေးသည်။ သူသည် ရှေ့ခြေထောက်နှစ်ဖက်ဖြင့် ချူဖုန်းကို ဖက်လိုက်ပြီး ဝမ်းပန်းတနည်း ငိုကြွေးနေလေသည်။

“တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ၊ အား…ငါဆက်သည်းမခံနိုင်တော့ဘူး” နွားရိုင်းနက်ကြီးသည် ဒေါသတကြီး ပြောဆိုပြီး နောက်လှည့်သွားလေသည်။

နွားရိုင်းနက်ကြီး ပျောက်သွားစသည်နှင့် နွားဝါလေးသည် ချက်ချင်းပင် ချူဖုန်းပေါ် ခုန်တက်ပြီး ရိုက်နှက်နေလေတော့သည်။ သူ၏မျက်ရည်များပင် မခြောက်သေး။

ချူဖုန်း ထိတ်လန့်တကြား ထွက်ပြေးလိုက်သည်။ ဉာဏ်ရှိသောသူသည် မည်သည့်အချိန် နောက်ဆုတ်ရမည်ကိုသိသည်။ နွားဝါလေး အစေ့များ စားလိုက်ကတည်းက စွမ်းအားနှင့် ခွန်အား နှစ်ခုလုံး ပိုကြီးလာသည်ကို သူသိသည်။ နွားပေါက်လေးသည် သူ စိန်ခေါ်နိုင်သည့်အဆင့် မဟုတ်တော့။

အမှန်တကယ်တွင် နွားဝါလေးသည် သစ်သားဆွဲပုံးကို ယူသွားပြီး စောင့်ကြည့်ချင်သည်။ သို့သော် နွားရိုင်းနက်ကြီး အစေ့များအကြောင်း သိသွားမည်ကို စိုးရိမ်နေသည်။

နွားရိုင်းနက်နှင့်ယှဉ်လျှင် ချူဖုန်းကို သူပို၍ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူ ချူဖုန်းကို စိန်ခေါ်တိုက်ခိုက်ရဲသည်ပင်။

နွားများ ခွန်းလွန်တောင်သို့သွားမည့်ခရီးကို ချူဖုန်း လိုက်မည့်စိတ်ကူးမရှိ။ သူ့မိဘများ သူ့ကို အလွန်စိုးရိမ်နေပြီဖြစ်ပြီး သူ ဘေးကင်းလုံခြုံကြောင်း သေချာစေရန် နေ့တိုင်းဖုန်းအကြိမ်အနည်းငယ်ခန့် ခေါ်နေကြသည်ပင်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ရွှမ်းထျန်မြို့နားသို့ ရောက်နေပြီဟု သူ့မိဘများကို ပြောထားသည်ပင်။ သူသာ ခွန်းလွန်တောင်သို့ လိုက်သွားလျှင် သူ့မိဘများ ပူပန်ကြောင့်ကြနေကြလိမ့်မည်။

ထိုနေ့နှောင်းပိုင်းတွင် ချူဖုန်း အဖိုးကျောင်း၏လက်နက်ရုံသို့သွားလိုက်သည်။ အကယ်၍ အဖိုးသာ ‘မိုးကြိုး’ လေးကို မငှားပေးခဲ့လျှင် သူ မြွေဖြူတောင်၌ သေနေလောက်လေပြီ။

“အဖိုးကျောင်း .. နေကောင်းလား..” ချူဖုန်း မေးလိုက်သည်။ ထို့နောက် သူသည် ထင်းရှူးစေ့တစ်ခုကို အခွံခွာကာ အဖိုးကျောင်းပါးစပ်ထဲ ထည့်ပေးလိုက်သည်။ တစ်ခုခုမှားသွားမည်စိုးသောကြောင့် သူ များများမကျွေးရဲ။

“ငါ အားအင်တွေ ပြည့်လာပြီ .. ရုတ်တရက်ကြီး ငါ နှစ် ၂၀ လောက် ပိုငယ်သွားသလို ခံစားလိုက်ရတယ် .. မဟုတ်ဘူး .. ငါ ငယ်ငယ်တုန်းကထက်တောင် ပိုပြီး အားအင်တွေ ပြည့်ဝနေတယ်..” အဖိုးကျောင်းမှာ အတော်လေး စိတ်လှုပ်ရှားနေသည့်ပုံပင်။

သူတို့ပြောနေသည်များကို တစ်ယောက်ယောက်ကြားသွားမည်စိုးသောကြောင့် အဖိုးကျောင်းသည် ချူဖုန်းရောက်လာသည်နှင့် တံခါးပိတ်ပစ်လိုက်လေသည်။

သူ ပြန်ငယ်သွားသလို ခံစားလိုက်ရသည်ဟု အဖိုးကျောင်းပြောလာ၏။ သူသည် တကယ်ကို ငယ်သွားခြင်းပင်။ သူ့နားထင်စပ်မှ ဆံပင်ဖြူများပင် အနည်းငယ် မည်းလာသည်။

“ဒီအစေ့တွေ နောက်ထပ်နည်းနည်း ထပ်စားလိုက်..”

ချူဖုန်းတီးတိုးပြောလိုက်ပြီးနောက် နောက်ထပ် ထင်းရှူးစေ့ လေးစေ့ကို အခွံနွာလိုက်သည်။

အဖိုးကျောင်းသည် တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာစကားမှ မပြောခင် ချူဖုန်း၏တားဆီးခြင်းကို ခံလိုက်ရသည်။

ချူဖုန်း နွားဝါလေးနှင့် အစောကတည်းက ဆွေးနွေးပြီးသားပင်။ လူတစ်ယောက် သန္ဓေပြောင်းရန်အတွက် ထင်းရှူးစေ့ငါးစေ့သာ စားသင့်သည်ဟု သူတို့နှစ်ဦးလုံး ဆုံးဖြတ်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ နွားဝါလေးလည်း ထင်းရှူးစေ့ ဆယ်စေ့စားပြီးသည်နှင့် ပြောင်းလဲမှုများ ဖြစ်မလာတော့ပေ။

သေချာပါသည်။ ထိုနေ့တွင် အဖိုးကျောင်းထံ၌ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူ၏အရေပြားထက်၌ ခရမ်းရောင်အကြေးခွံတစ်လွှာ ပေါ်လာလေသည်။ ထိုအကြေးခွံကို ဓား၊လှံတို့ဖြင့် ထိုးဖောက်၍မရ။ ထို့အပြင် အဖိုးကျောင်း ထိုအကြေးခွံများအား လိုသလို ထိန်းချုပ်နိုင်သည်ပင်။

ဤအကြောင်းကြားသည်နှင့် ကျိုးချွမ် မျက်ရည်များ ကျလာသည်။ “ဘာလို့တခြားသူတွေကျတော့ သူတို့ရဲ့ ဆင့်ကဲပြောင်းလဲပြီးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို လိုချင်သလိုထိန်းချုပ်နိုင်ပြီး ငါကျတော့ လုံးဝအကူအညီမဲ့နေရတာလဲ” ကျိုးချွမ် ချူဖုန်းရှေ့၌ ငိုကြွေးလာသည်။

သူ့စွမ်းအားသည် ထာဝရတည်ရှိနေမည့်စွမ်းအားဖြစ်သောကြောင့် အခြားသူများ ပြောင်းလဲသည်ထက် ပိုပြောင်းလဲမည်ဖြစ်ကြောင်း နွားဝါလေး ပြောပြလာသည်။

“ချီးကို ထာဝရပြောင်းလဲပါလား .. ငါ လွတ်လပ်တဲ့လူဖြစ်ချင်တယ်..” ကျိုးချွမ် အော်ဟစ်နေလေသည်။

ချူဖုန်းမှာ အတော်လေး ရက်ရောနေသည်။ သူသည် ကျန်သည့်စေ့များကို ကျိုးချွမ်အားပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးချွမ်ယခင်က စားထားသည့်အသီးများမှာ ပြည့်စုံသည့်ရလဒ်မရသေးဟု သူခံစားနေရသောကြောင့်ပင်။

ကျိုးချွမ် ဝမ်းသာသလို ကြောက်လည်း ကြောက်နေမိသည်။ သို့သော် သူ့ကိုယ်သူ အားတင်းကာ ထိုအစေ့အားလုံးကို စားပစ်လိုက်သည်။

ထင်ထားသည့်အတိုင်း ကျိုးချွမ် ထပ်မံပြောင်းလဲခဲ့သည်။

သို့သော် နောက်တစ်နေ့တွင် သူသည် ချူဖုန်း အိမ်သို့ ပြေးလာကာ ဝမ်းပန်းတနည်း ငိုကြွေးနေလေသည်။

“ငါ အသက်ဆက်မရှင်ချင်တော့ဘူး .. ငါ့ရဲ့ ပြောင်းလဲမှုက ဘာလို့ သူများတွေနဲ့ မတူရတာလဲ..” သူ၏ပါးပြင်ထက် မျက်ရည်များ စီးကျနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူ့့ခေါင်းပေါ်တွင် လေးခုမြောက် ဦးချို ထွက်လာနေပြီဖြစ်သည်။

ယခုတစ်ခေါက်တွင်တော့ ဦးချိုသည် ခေါင်းနောက်မှ ထွက်လာခြင်းပင်။ ဤဦးချိုအသစ်မှာ တတိယမြောက်ဦးချိုကဲ့သို့ ဖြောင့်တန်းချွန်ထက်နေသည်။

ဤမြင်ကွင်းကြောင့် ချူဖုန်းလည်း အနည်းငယ် ထိတ်လန့်သွားရသည်။ ကျိုးချွမ်သည် အားလုံးနှင့်မတူသည့် စွမ်းရည်များ ရထားသည်ပင်။

ကျိုးချွမ်၏ ဦးချိုအသစ်မှ ကြောက်စရာကောင်းသည့် မီးတောက်များ မှုတ်ထုတ်နိုင်သည်။

“သန္ဓေပြောင်းတာက လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ ရှိတဲ့ ထူးဆန်းတဲ့ မော်လီကျူးတွေပေါ် မူတည်နေတာ..” နွားဝါလေး ရေးပြလာသည်။

“မင်း ဘာပြောချင်တာလဲ .. ငါ့ဘိုးဘေးတွေက နွားတွေ၊ ကျွဲတွေကနေ ဖြစ်လာတာလို့ ပြောချင်တာလား..” ကျိုးချွမ် စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

နွားဝါလေးသည် လေးနက်စွာပင် ခေါင်းညိမ့်ပြလာလေ၏။ ဤကဲ့သို့ဖြစ်နိုင်သည်ဟု သူ ထင်သည်ပင်။

“ငါ မင်းကို သေအောင် သတ်ပစ်မယ်..” ဒေါသထွက်နေသည့်လူသည် ပြောင်စပ်စပ်လုပ်နေသည့် နွားပေါက်လေးထံသို့ တရှိန်ထိုးပင် ပြေးသွားလေသည်။ သို့သော် သူသည် ရုတ်တရက် လမ်းတစ်ဝက်၌ တားဆီးခံလိုက်ရသည်။ အနက်ရောင်ခွာတစ်ခုပေါ်လာပြီး သူ့အား မြေပြင်ထက်၌ ဖိနှိပ်ထားနေသည်ပင်။

“နွားနတ်ဆိုး..” ကျိုးချွမ် ထိတ်လန့်တကြား အော်ဟစ်လာသည်။ သူ့ကို တားဆီးလာသည့် ခွာမှာ နွားနက်ကြီးခွာပင်။ ထိုနွားကြီးသည် အသံမပေးပဲ ရုတ်တရက် ရောက်ရှိလာခြင်းပင်။

အမှန်တကယ်တွင် နွားနက်ကြီးသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ချူဖုန်းတို့ကို အမြဲတမ်း စောင့်ကြည့်နေခြင်းပင်။ နွားပေါက်လေး တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု သူ ယုံကြည်သည်။ မဟုတ်လျှင် သူ ဤနေရာ၌ အချိန်ဆွဲနေမည်မဟုတ်။ သို့သော် သူ ရက်ပေါင်းများစွာ စောင့်ကြည့်နေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရ။

နွားပေါက်လေးလည်း အတော်လေး ဉာဏ်များသည့်သူပင်။ နွားနက်ကြီးမှာ လှည့်စားရန်လွယ်ကူသည့်သူမဟုတ်မှန်း သိသောကြောင့် ဤရက်များတွင် သူသည် သစ်သားဆွဲပုံးအား သွားကြည့်ချင်သည့်စိတ်များကို မြိုသိပ်ထားနေရသည်ပင်။

“မဆိုးဘူး .. မင်းက ငါတို့မိသားစုရဲ့ ဆက်ခံသူကောင်းတစ်ယောက် ဖြစ်လာမှာပဲ..” နွားနက်ကြီး ကျိုးချွမ်ကိုလွှတ်ကာ ပြောလိုက်သည်။ သူသည် ကျိုးချွမ်ကို‌ ခေါင်းစခြေဆုံးကြည့်ပြီးနောက် ကျေနပ်နေလေသည်။

“ချိုလေးခုလုံးမှာ သွေးကြောတွေ စီးဆင်းနေတယ် .. အရမ်းကောင်းတယ် .. ငါနဲ့နေ .. နောင်ကျရင် ငါမင်းကို အသုံးဝင်တာ တစ်ခုခုသင်ပေးမယ်..” နွားနက်ကြီးသည် ရုတ်တရက်ပင် ကျိုးချွမ်အပေါ် အမြင်များ ပြောင်းလဲလာသည်။

နွားနက်ကြီး ပြောသည်ကို ကြားလိုက်သည်နှင့် ကျိုးချွမ် နှလုံးတုန်လာသည်။ နွားဝါနှင့်ရှိနေစဉ်က သူ ဖိအားမရှိ။ ဤနွားပေါက် မည်မျှကောက်ကျစ်ပါစေ ဤသည်မှာ နွားပေါက်လေးတစ်ကောင်သာဖြစ်သောကြောင့် သူ ကိုင်တွယ်နိုင်သည်။

သို့သော် ဤနွားနက်ကြီးကတော့မတူ။ သူ ဤလောက၌ အသက်ရှင်နေသည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီကို ဘုရားသာ သိနိုင်လိမ့်မည်။ ချူဖုန်း၏စကားမှတစ်ဆင့် ဤနွားနက်ကြီးအကြောင်းကို သူသိခဲ့သည်။ ဤနွားနက်သည် ခွန်းလွန်တောင်မှ သာမန် သန္ဓေပြောင်းသားရဲတစ်ဦးမဟုတ်။ သူသည် ကမ္ဘာကြီးဖရိုဖရဲမဖြစ်ခင်ကတည်းက ပြိုင်ဘက်ကင်း ဉာဏ်ရည်နှင့် စွမ်းရည်များ ရရှိထားပြီးသားပင်။

ဤနွားနက်ကြီးသည် လူများပြောကြသည့် ‘နမိတ်မကောင်းသည့်သားရဲများ’ ထဲမှ တစ်ကောင်ဖြစ်လိမ့်မည်ဟုပင် ချူဖုန်း ထင်မိသည်။

တိဗက်ဒေသ၌ နေထိုင်သည့်သူများ၏ ဒဏ္ဍာရီပုံပြင်များအရ ထိုမြင့်မားလှသည့် တောင်အတွင်းပိုင်းဘက်တွင် ဆိုးသွမ်းသည့်သားရဲများ ရာစုနှစ်ကြာ နေထိုင်ခဲ့သည်ဟု ပြောကြသည်။

နွားနက်ကြီးက အဲဒီမကောင်းတဲ့သားရဲတွေထဲကလား .. သို့သော် ဤသည်မှာ သူ့ခေါင်းထဲမှ အတွေးသာ။ သူ အပြင်ကို ထုတ်မပြောရဲ။

“မဆိုးဘူး.. မဆိုးဘူး .. အခုကစပြီး ငါမင်းကို နတ်သားလေးလို့ခေါ်ရင် ဘယ်လိုလဲ..” နွားနက်ကြီးသည် ကျိုးချွမ်ကို သဘောကျသောကြောင့် နာမည်ပြောင် ပေးလာသည်။

“ဘာကြီးလဲ..” ကျိုးချွမ် နောက်ဆုတ်သွားကာ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားသည်။ နတ်သားလေးက ဘယ်သူလဲ .. ‘အနောက်အရပ်သို့ ခရီးသွားခြင်း’ ဝတ္ထုထဲမှာ နတ်သားလေးဆိုတာ အနီရောင်ကောင်လေးကို ခေါ်တာမလား .. မရဘူး.. ဒီလိုအခေါ်မခံနိုင်ဘူး .. ဒီနာမည်က သူလည်း ဆိုးဆိုးရွားရွား သေရလိမ့်မယ်လို့ နမိတ်ဖတ်နေတာလား..

“ကျွန်တော်..” ကျိုးချွမ် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများ ထွက်မလာ။ ဤနွားနက်ကြီးကို စိန်ခေါ်၍ ဖြစ်လာမည့်အကျိုးဆက်များကို သူ ကြောက်သည်။ နောက်ဆုံးတွင်တော့ သူ ဘာမှမပြောတော့။

“အနောက်ဘက်မှာ မင်း အစ်ကိုတစ်ယောက်ရှိတယ်မလား .. ငါနဲ့လိုက်ခဲ့ .. ငါ မီးတောက်တောင်ကို ပြန်သွားရင်းနဲ့ မင်းမိသားစုနဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်..” နွားနက်ကြီး ပြောလာသည်။

ဤသည်မှာ အကြပ်ကိုင်ခြင်းနှင့် လာဘ်ထိုးခြင်းကို တစ်ပြိုင်နက်တည်း ပြုလုပ်လိုက်ခြင်းပင်။ နွားနက်ကြီးသည် ပထမဆုံး ကျိုးချွမ်ကို ခြိမ်းခြောက်လိုက်ပြီးနောက် သူ မငြင်းနိုင်သည့်တစ်စုံတစ်ခုဖြင့် ဆွဲဆောင်လာသည်။

ကျိုးချွမ်၏မိဘများမှာ သူတို့သားကြီးကို အမြဲတမ်း သတိရနေခဲ့သည်ပင်။ ယခု သူတို့မိသားစု ပြန်လည်စုံစည်းနိုင်သည့်အခွင့်အရေးရလာသည့်အချိန်တွင် သူက ဘယ်လိုလုပ် ငြင်းဆန်နိုင်မည်နည်း..

ဤနွားနက်ကြီး မည်မျှစွမ်းအားကြီးသည်ကို ခန့်မှန်းရန် ခက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် သားရဲဘုရင်တစ်ယောက်ဖြစ်သောကြောင့် တောနက်များထဲ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်လိမ့်မည်။ နွားနက်ကြီးရှိနေလျှင် သူတို့မိသားစု ပိုလုံခြုံလောက်သည်။

“ကောင်းပြီလေ .. ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်..” ကျိုးချွမ် ဆုံးဖြတ်လိုက်သည်။

“ကောင်းတယ် သားလေး..” နွားနက်ကြီးသည် သူ့ရှေ့ခြေထောက်ကိုထုတ်ကာ ကျိုးချွမ်နောက်ကျောကို ပုတ်ပေးလာသည်။

“ဒါပေမဲ့ ကျွန်တော့်ကို တစ်ခြားနာမည်ပြောင်းခေါ်လို့မရဘူးလား” ကျိုးချွမ် မေးလိုက်သည်။

“မရဘူး..” နွားနက်ကြီး ကျိုးချွမ်ကို စိုက်ကြည့်လာသည်။ ဒီလောကကြီးမှာ အရေးအကြီးဆုံးက ဘာလဲသိလား.. အခွင့်အရေးပဲ.. တကယ်လို့ တစ်နေ့ကျရင် ငါသန့်စင်မြင့်မြတ်သွားပြီးတော့ ငါတို့မျိုးနွယ်ရဲ့ နတ်ဘုရားဖြစ်လာရင် ဘယ်လိုလုပ်မလဲ.. ငါ့ရာထူးဂုဏ်ရလာတဲ့အခါ မင်းလည်းရာထူးဂုဏ်ရလိမ့်မယ်.. ငါက နတ်ဘုရားဆိုရင် မင်းက နတ်ဘုရားရဲ့သား နတ်ဘုရားရဲ့တပည့်ပဲ”

ကျိုးချွမ် : “@#T$#%…..”

ကျိုးချွမ် စိတ်ထဲ၌သာ ဆဲလိုက်သည်။ အပြင်ဘက် ထုတ်မဆဲရဲ။

ချူဖုန်းနှင့် နွားဝါလေးတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ နွားနက်ကြီး သူတို့ကို အမှောင်ထဲမှ စောင့်ကြည့်နေကြောင်း သေချာသွားလေပြီ။ မဟုတ်လျှင် ကျိုးချွမ်မိသားစုအကြောင်း ဘယ်လိုလုပ် သိနိုင်မည်နည်း.. သူတို့ ပို၍ သတိကြီးကြီး ထားရတော့မည်။

“နဂါးကြီးကို သတ်တော့မယ်.. အနောက်ဘက်အုပ်စုက တားမြစ်လက်နက်တွေ သုံးတော့မှာ..”

ညနေခင်းတွင် သတင်းတစ်ခု တစ်ကမ္ဘာလုံး ပျံ့နှံ့လာခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်တွင် အနောက်နိုင်ငံများအားလုံး တပ်သားစုဆောင်းခြင်း ဒုံးချည်ပစ်ခြင်းနှင့် အလုပ်ရှုပ်နေခဲ့ကြသည်။ သို့သော် သူတို့ ထိုနဂါးနက်ကို မသတ်နိုင်သေး။

နဂါးသည် မြွေကဲ့သို့ မြေအောက်ထဲ ဝင်မသွားနိုင်သော်လည်း ဒုံးကျည်များကို ရှောင်တိမ်းနိုင်ဆဲပင်။

အရှေ့ပိုင်းနိုင်ငံများကဲ့သို့ အနောက်နိုင်ငံများတွင်လည်း ကြီးမားလှသည့် တောင်များပေါ်ထွက်လာခဲ့သည်။ အချို့လူများသည် ဤတောင်တန်းများမှာ ရှေးဟောင်းဒဏ္ဍာရီများမှ လာခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

နဂါးနက်ကြီးသည် မြောက်ပိုင်းဥရောပတွင် ပေါ်လာသည့် ထိုထူးဆန်းသည့် တောင်တစ်လုံးထဲသို့ ဝင်သွားလေသည်။ တောင်အားလုံးမှာ တိမ်တိုက်များနှင့် ထိသည်အထိ မြင့်မားကြပြီး မြူဆိုင်းနေကြသည်။

အနောက်နိုင်ငံများမှ စစ်သားများမှာ အယူသီးခြင်း သို့ ကြောက်ရွံ့ခြင်းတို့ မရှိခြင်းနှင့် ပတ်သတ်၍ လူသိများသည်။ သူတို့သည် တွေဝေခြင်းမရှိပဲ ထိုတောင်တန်းများထဲသို့ တင့်ကားများ မောင်းနှင်ပြီး ဒုံးကျည်များ သယ်ဆောင်သွားလိုက်ကြသည်။ အပြစ်မရှိစွာ သေဆုံးသွားသည့်လူများအတွက် ဤနဂါးကိုသတ်ပြီး လက်စားချေရမည်။

သန္ဓေပြောင်းလူများသည် အော်ဟစ်ကြွေးကြော်ရင်းဖြင့် တောင်ထဲ ဝင်သွားလိုက်ကြသည်။ မည်သူက နဂါးကို သတ်နိုင်မည်ကို သူတို့သိချင်နေကြလေပြီ။ နဂါးကိုသတ်နိုင်သည့်သူမှာ အောင်မြင်သူအဖြစ် အမြဲတမ်း အမှတ်ရခံနေရလိမ့်မည်။

သို့သော် တင့်ကားများကို တောအုပ်မြူများထဲသို့ မောင်းဝင်လိုက်သည်နှင့် သေဆုံးမှုများစတင်လာသည်။ စစ်တပ်ကြီးမှာ လျင်မြန်စွာပင် ရှုံးနိမ့်သွားကြသည်။

လေယာဉ်များလည်း ကံမကောင်းကြ။ ပျက်ကျပျက်စီးသွားကြသည်။

“မကောင်းဆိုးဝါးတွေ .. အကုန်လုံး မကောင်းဆိုးဝါးတွေ..”

အော်ဟစ်ကြွေးကြော်နေသည့် လူအုပ်ကြီးမှာ မကြာခင်မှာပင် တကွဲတပြား ထွက်ပြေးလာကြသည်။ ပြေးနေရင်းဖြင့်ပင် လူများစွာ သေဆုံးသွားကြရသည်။

မြူများကြားတွင် သားရဲနှင့် မကောင်းဆိုးဝါးမျိုးစုံ ရှိနေသည်။ သားရဲများ မြေပြင်၌ လှည့်ပတ်သွားလာနေသလို ငှက်များလည်း ကောင်းကင်ထက်၌ ဝဲပျံနေသည်။ သူတို့ဘုရင်ဖြစ်သည့် နဂါးနက်၏အမိန့်အောက်တွင် သားရဲများနှင့် ငှက်မျိုးစုံသည် သူတို့ရန်သူထံသို့ ချီတက်ကာ သတ်ဖြတ်သုတ်သင်နေကြသည်။

တောတောင်များသည် ရက်စက်သည့်သားရဲများ နေထိုင်ရာ ဘုံဌာနမှန်း သိသော်လည်း ဤသားရဲများ ဤမျှသတ်ဖြတ်နိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ သူတို့၏စစ်လက်နက်များဖြင့် ဤသားရဲများကို အလွယ်တကူ ချေမှုန်းနိုင်လိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။

သို့သော် သူတို့ထင်ထားသလို ဖြစ်မလာခဲ့။ ကြောက်စရာအကောင်းဆုံးမှာ သားရဲများအားလုံး ထိုနဂါး၏အမိန့်ကို နာခံနေကြခြင်းပင်။

“အဝေးကပစ်… အားအပြင်းဆုံး လက်နက်တွေသုံးလိုက် .. အဲဒီတောင်တွေကို ဖြိုချပစ်လိုက်..” စစ်တပ်မှ အကြီးအကဲတစ်ဦး အမိန့်ထုတ်ပြန်လိုက်သည်။

သူတို့သည် လက်နက်ကြီးများအသုံးပြုကာ ထိုနေရာရှိအရာအားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။

နဂါးနက်တစ်ကောင်ကို သတ်ရန်အတွက်နှင့် နိုင်ငံတော်က တတ်နိုင်သမျှ အစွမ်းကုန်လုပ်သွားတော့မည်ဖြစ်သည်။ အလွန်အကျွန်သတ်ဖြတ်သည်ဟု ထင်ရသော်လည်း သူတို့ မလုပ်၍မရ။

“သားရိုင်းကောင်ဖြစ်ဖြစ်၊ မကောင်းဆိုးဝါးတွေ ဖြစ်ဖြစ် အားလုံး သွားသေလိုက်တော့..”

ချူဖုန်း ဤအကြောင်းများကို သတင်း၌ ဖတ်လိုက်ရသည်။ နဂါးနက်၏ကံကြမ္မာမှာ မကြာခင်အဆုံးသတ်တော့မည်ဟု သူယုံကြည်သည်။

သို့သော် နွားဝါလေးကတော့ ခေါင်းခါပြလာသည်။

သူတို့စကားဝိုင်းထဲ နွားနက်ကြီးလည်း ပါဝင်လာသည်။ ယခုအချိန်တွင် သူ့လက်ထဲ၌လည်း ဖုန်းရှိနေပြီဖြစ်သည်။ နွားနက်ကြီးသည် သူ့ကိုဖုန်းဝယ်ပေးရန်အတွက် ချူဖုန်းကို ပူဆာထားခြင်းအက်၊ နွားဝါလက်ထဲရှိ ဖုန်းကို မြင်ကတည်းက သူလည်း အချိန်နှင့်တပြေးညီနေရန်ဆုံးဖြတ်လိုက်ခြင်းပင်။

နွားနှစ်ကောင်လက်ထဲ ဖုန်းရှိနေသောကြောင့် ကိစ္စများမှာ ပို၍သာ ဆိုးလာနိုင်ကြောင်း သိနိုင်သည်ပင်။

“သူတို့က တကယ်ပဲ နဂါးနက်ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား.. စိတ်ကူးယဉ်မနေနဲ့..” နွားနက်ကြီး နှာခေါင်းရှုံ့လိုက်သည်။

“ခင်ဗျားကဘာလို့ ဒီလိုမျိုး ပြောနိုင်တာလဲ..” ချူဖုန်း မေးလိုက်သည်။

“သူတို့က တားမြစ်လက်နက်လောက်နဲ့ အဲဒီနေရာကို ဖြိုချပစ်နိုင်လိမ့်မယ်လို့ ထင်နေတာလား .. မဖြစ်နိုင်တော .. အဲဒီတောင်တွေ ဘယ်နေရာကို ဆက်သွားလဲဆိုတာ မင်းတို့သိလား .. အဲဒီတောင်တွေနောက်မှာ ဘယ်လောက် ကျယ်လဲဆိုတာ မင်းတို့သိလား..” သတင်းများကို မြင်ပြီးနောက် နွားနက်ကြီးသရော်လိုက်သည်။

“ဘယ်နေရာကို ချိတ်ထားတာလဲ..”

“အပြိုင်စကြဝဠာအစုအဝေး.. အဆုံးမရှိကျယ်ပြောတဲ့ အပြိုင်စကြဝဠာအစုအဝေးကြီးပဲ” နွားနက်ကြီး ပြောလာသည်။

ဘာပြောချင်တာလဲ .. ဘာကို အပြိုင်စကြာဝဠာလဲ .. ဒါက ရှေးဟောင်းတောင်တွေပေါ်မှာ ထပ်ပေါ်လာတဲ့ ရှေးဟောင်းတောအုပ်တစ်ချို့ပဲ မဟုတ်ဘူးလား .. ဘယ်လိုလုပ်ပြီး အဆုံးမရှိနိုင်အောင် ကျယ်ပြန့်သွားတာလဲ.. ဒီနယ်မြေတွေမှာ အဆုံးသတ်ရှိရမှာလေ ဟုတ်တယ်မလား .. ချူဖုန်း ရှုပ်ထွေးသွားရသည်။

“ဥပမာအားဖြင့် တိုင်ဟန်းတောင်ကိုကြည့်လိုက် .. မင်းတို့မြင်နေရတာက အပေါ်ယံအလွှာလေးပဲ .. မင်းနဲ့ နွားဝါလေးတို့ အဲဒီတောတွေထဲ သွားခဲ့ပေမယ့် မင်းတို့ တောအုပ်အဆုံးသတ်ကို မြင်ဖူးခဲ့လို့လား..” နွားနက်ကြီး မေးလိုက်သည်။

“မမြင်ခဲ့ဘူး..” ချူဖုန်း ခေါင်းခါလိုက်၏။

“သူ့ကို ပြောပြခိုင်းလိုက်..” နွားနက်ကြီး နွားဝါလေးကို လက်ညှိုးထိုးပြလာသည်။

နွားဝါသည် မပြောပြချင်သော်လည်း သူသိသလောက်အကုန် ရှင်းပြလိုက်ရလေသည်။

ဤလောက၌ ပေါ်လာသည့် တောင်များသည် ပို၍ထူးခြားဆန်းကြယ်သည့် အခြားနေရာတစ်ခုနှင့် ချိတ်ဆက်နေသည်ပင်။

“မင်းတကယ် ပြောနေတာလား..” ကြားလိုက်ရသည့်သတင်းကြောင့် ချူဖုန်း ဆွံ့အသွားရသည်။

“မြွေဖြူ အခု ဘယ်မှာရှိနေလဲ မင်းသိလား .. သူ ရှေးဟောင်းတောင်ထဲကို ဝင်သွားပြီဆိုကတည်းက အပြင်လောကက ဘယ်သူမှ သူ ရှိနေတဲ့နေရာကို အတိအကျသိနိုင်မှာ မဟုတ်ဘူး” နွားနက်ကြီး ပြောလိုက်သည်။

ထိုမြွေ တစ်နေရာရာ၌ ပေါ်လာပြီး တိုက်ခိုက်လာမည်စိုးသောကြောင့် ဤနေ့ရက်များတွင် သူ သတိကြီးကြီးနေနေရကြောင်း နွားနက်ကြီး ဝန်ခံလာသည်။

“ဒါက..” ချူဖုန်းမှာ ဘာပြောရမှန်းပင် မသိတော့။

ကမ္ဘာကြီးမှာ ယခင်ကထက် ပိုကြီးလာနေသည်။

“တကယ်တော့ ကမ္ဘာကြီးက အရင်ကတည်းက ဒီအရွယ်အစားပဲ .. ငါတို့ ရှာမတွေ့ခဲ့တာပဲရှိတာ..” နွားနက်ကြီး ပြောလိုက်သည်။

“အဲဒါဆိုရင် ဘာဖြစ်လို့ အဲဒီတောင်တွေ ပေါ်လာတာလဲ..” ချူဖုန်း စိတ်ဝင်တစား မေးလိုက်သည်။

နွားနက်ကြီးသည် စက္ကူတစ်ရွက်ကို ယူလိုက်ပြီး ခေါက်လိုက်သည်။ စက္ကူမှာ တစ်ဖြည်းဖြည်း အရွယ်အစား သေးငယ်လာပြီး နောက်ဆုံးတွင် ဘာမှမရှိလောက်အောင် သေးငယ်သည့် အပိုင်းအစလေးသာ ဖြစ်လာသည်။

“ငါ ဘာလုပ်လိုက်လဲဆိုတာ မင်း မြင်တယ်မလား .. ကမ္ဘာကြီးက အခုလိုမျိုး အထပ်ထပ်ခေါက်ထားလို့ သေးနေတာ .. ပြီးတော့ ဒါက မင်း ပုံမှန်မြင်နေရတဲ့ကမ္ဘာပဲ..” နွားနက်ကြီး အေးဆေးရှင်းပြလာသည်။

“အခု ဒီနေရာကို နည်းနည်းလောက် ဖြန့်လိုက်ရင် အရင်က မမြင်ဖူးတဲ့အပိုင်းတွေ ထွက်လာမှာပဲ..” ထို့နောက် နွားနက်ကြီး စက္ကူ၏ထောင့်တစ်နေရာကို ဖြန့်လိုက်သည်။

“ဒါပေမဲ့ဒါက အကြမ်းဖျင်းပဲ ရှိသေးတယ် .. ဒီရှင်းပြချက်မှာ ပြဿနာကြီး ရှိနေသေးတယ်” နွားနက်ကြီး စက္ကူအား လွင့်ပစ်ပြီး ပြောလိုက်သည်။

နွားနက်ကြီးသည် ကောင်းကင်ကို လက်ညှိုးထိုးလိုက်ကာ “အောက်ကနေကြည့်ရင် ကောင်းကင်ကြီးက အဲဒီလောက်ကြီးတယ်လို့ မထင်ရဘူး .. ဒါပေမဲ့ လေယာဉ်ပျံပေါ်က ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာကြီးက အရင်လို ကြီးနေတုန်းပဲဆိုတာ မင်းသိလိမ့်မယ်..”

“ပိုပြီး ကြီးလာတာမဟုတ်ဘူးလား..” ချူဖုန်း တွေဝေသွားရသည်။

“မင်းကြီးလာတယ်လို့ ထင်နေတယ်ဆိုရင် မင်း အဲဒီအပြိုင်စကြာဝဠာတွေကို ထည့်စဉ်းစားနေလို့ .. ဒါပေမဲ့ ဒီအပြိုင်စကြာဝဠာက အစကတည်းက ရှိနေတာဆိုတာ မင်းသိထားရမယ် .. မင်း အဲဒါတွေကို အရင်က မမြင်ဖူးပဲနဲ့ အခုမှ မြင်ရတာ .. ဒါက အရမ်းကို ရှုပ်ထွေးတယ် .. စကားလုံးနည်းနည်းလောက်နဲ့ ရှင်းပြဖို့ခက်တယ်..” နွားနက်ကြီး အသေးစိတ်ထပ်မပြောချင်တော့သည်မှာ သိသာသည်။

ရက်အနည်းငယ် ကုန်လွန်သွားလေပြီ။ အနောက်နိုင်ငံများတွင် စစ်တပ်များကို အားပေးသည့် ကြွေးကြော်သံများ မရှိတော့သလို နဂါးနက်အား သတ်ဖြတ်သည့်ကိစ္စနှင့် ပတ်သက်၍လည်း မပြောကြတော့။

သူတို့၏ဒုံးကျည်များ အလဟဿဖြစ်သွားသည့်အပြင် ‘တားမြစ်လက်နက်’ များကိုလည်း ဆုံးရှုံးလိုက်ရသည်။ ဤလက်နက်များဖြင့် မြူထနေသည့် တောင်များထဲသို့ ပစ်လိုက်ခြင်းမှာ ရေထဲသို့ ရွှံ့ရုပ်ပစ်လိုက်သကဲ့သို့ပင်။ လှိုင်းလေးပင် ထမလာခဲ့။

ထိုမြူခိုးလွှာအောက်ရှိကမ္ဘာကြီးမှာ ကြီးကျယ်ခမ်းနားလိမ့်မည်ဟု သူတို့စဉ်းစားမိသွားသည်။

ကံကောင်းစွာဖြင့် နဂါးနက်မှလွဲလျှင် ထိုတောင်တန်းများ၌ နေထိုင်သည့်အခြားသားရဲများမှာ မြူများထဲ၌သာ ပိတ်မိနေသည်။ အပြင်သို့ထွက်လာသည်နှင့် ထိုသားရဲများ လောင်ကျွမ်းသေဆုံးသွားကြသည်။

ထို့ကြောင့် လူများ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။

မြွေဖြူနှင့် နဂါးနက်တို့မှာ ဤလောကမှ သတ္တဝါများဖြစ်ကြပြီး ဤအဆင့်သို့ရောက်အောင် သန္ဓေပြောင်းခဲ့ကြခြင်းပင်။

နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် မြွေဖြူက ပို၍ သဘာဝကျသည်။ သူ အသက်ရှင်နေထိုင်လာခဲ့သည်မှာ ဘယ်နှနှစ်ရှိနေပြီမှန်းပင်မသိတော့။ ဤမြွေအကြောင်း ဒဏ္ဍာရီများလည်းရှိသည်။

သို့သော် နဂါးနက်ကြီးကတော့ ကျိုးကြောင်းမဆီလျော်လှ။ သူသည် နဂါးတစ်ကောင်မဖြစ်မှီတွင် လက်ကျန်ဘဝကို မျှော်လင့်ချက်မဲ့စွာ ကုန်ဆုံးနေသည့် အသုံးမကျသည့် အိမ်မြောင်အိုကြီးတစ်ကောင်သာ။ သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီးနဂါးတစ်ကောင် ဖြစ်လာတာလဲ..

သန္ဓေပြောင်းသည့်နှုန်းမှာ အလွန်လျင်မြန်နေ၍ ချူဖုန်း အမြဲ အံ့အားသင့်ခဲ့ရသည်ပင်။

“နွားဝါလေး မင်းငါ့ကိုပြောပြ .. လောကကြီးက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ..” ချူဖုန်း ဤမေးခွန်၏အဖြေကို ဘယ်တုန်းကမှ ယခုလောက် မသိချင်ခဲ့။

နွားဝါလေးသည် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှသာ သူ့ကို အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်ပြီး စာတစ်ကြောင်း ရေးပြလာသည်။ နှစ်ပေါင်းတစ်သန်းမှာ မဖြစ်ဖူးဘူး..

“အတိအကျပြော..”

“သေခြင်းတရားကနေ မနည်းရုန်းကန်ပြီး မင်းတို့ကမ္ဘာဆီလာခဲ့ရတာ ဘာအတွက်ဖြစ်မလဲ.. သေချာပေါက် သန့်စင်ဖို့ပေါ့”

နွားပေါက်လေး ဝန်ခံလာသည်။ ထို့နောက် သူ ခေါင်းငုံ့ကာ စာအချို့ ထပ်ရေးလာသည်။

“အပြင်ကနေ ပိတ်ထားတဲ့ ပြောင်းလဲမှုကြီးတွေ ဖြစ်လာတော့မှာ..”

နွားဝါလေး ဆက်ရေးလာသည်။

“သူတို့တွေ အကြာကြီးကျင့်ကြံရတာကို မင်းက ဘာလို့ ခဏလေးနဲ့ ရလိုက်တာလဲ..” နွားဝါလေး မေးလိုက်၏။ ပြီးနောက် အဖြေကို ပြောပြလာသည်။ ချူဖုန်းသည် နှစ်ပေါင်းတစ်သန်းတွင် ဘယ်တော့မှဖြစ်လာမည့်မဟုတ်သည့် ထူးဆန်းမှုတစ်ခုကို ကြုံခဲ့ရသောကြောင့် အခြားသူများထက် တိုးတက်မှု လျင်မြန်နေခြင်းဖြစ်ကြောင်း နွားပေါက်လေး ဝန်ခံလာသည်။

ချန်းယဲ့၊ ဗုဒ္ဓတပည့်၊ မြွေဖြူနှင့် နဂါးနက်တို့ ရုတ်တရက်စွမ်းအားကြီးလာခြင်းမှာ ဤလောက၌ ဖြစ်ပျက်လာသည့် ပြောင်းလဲမှုများကြောင့်ပင်။

“ဒီနယ်မြေက ဘယ်လိုလောကမျိုးဖြစ်လာမှာလဲ..” ချူဖုန်း မသက်မသာ ဖြစ်လာရသည်။ ဒီနယ်မြေရဲ့ မြေကြီးအောက်မှာ လျှို့ဝှက်ချက်တွေ ရှိနေတာလား..

“ဒီလောကကြီးက..” နွားဝါလေး မြေပြင်ထက်၌ ဆက်လက်ရေးပြလာသည်။

အပိုင်း ၇၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset