ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၂ – လောကကြီး ထိတ်လန့်လာရခြင်း
လင်းနွိုင်သည် လအလင်းရောင်လွှမ်းခြုံလျက် ကျော့ရှင်းစွာပင် ပြန်လည်ထွက်ခွာသွားသည်။
သူမ၏လက်အောင်ငယ်သားများအား သွားမည်ဟု လက်အမူအရာကို လုပ်ပြပြီးနောက် လင်းနွိုင် ရဟတ်ယာဥ်ပေါ်တက်ကာ ထွက်သွားလေ၏။
ရဟတ်ယာဉ် အဝေးသို့ ရောက်သွားသည်ကိုကြည့်ပြီးနောက် ချူဖုန်း ခြံဝန်းထဲ ပြန်လှည့်ဝင်ခဲ့လိုက်သည်။
သူ၏ ပေါ့ပျက်ပျက်ရယ်မောနေသည့် အပြုအမူမှာ သူ၏သွေးအေးလူသတ်သမားဟူသည့် ပုံရိပ်ကို ဖုံးထားရန်ပင်။ သို့သော် သူ့ခြေရာလက်ရာများကိုဖုံးကွယ်ထားခဲ့သော်လည်း လင်းနွိုင်၏ထက်မြက်မှုကြောင့် သူမ သူ၏ဖုံးကွယ်မှုများကို သိနေလောက်လေပြီ။
ချူဖုန်း သူ့စိတ်ကို ပြန်စုစည်းလိုက်သည်။ ယခုအချိန်တွင် ပြောင်ချော်ချော် အပြုအမူများမရှိတော့။ တည်ငြိမ်လေးနက်မှုများသာ ရှိတော့သည်။
လင်းနွိုင်ပြောခဲ့သည့်စကားများမှာ အဖိုးတန်သည်။ ဤရိုးရှင်းသည့်စကားများ၌ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလိမ့်မည်ကို သူ သေချာသိသည်။
သူ ဗုဒ္ဓတပည့်အကြောင်း မေးသော်လည်း လင်းနွိုင်သည် စကားလမ်းကြောင်းလွဲကာ မူ၏အစ်ကိုအကြောင်းကို ပြောခဲ့သည်။
“လွန်ခဲ့တဲ့ ၂၁ နှစ်က..” လင်းနွိုင်ပြောခဲ့သည့်စကားလုံးများကို သူ ပြန်စဉ်းစားလိုက်သည်။
ချူဖုန်း သူ့သံသယကို အတည်ပြုရန်အတွက် သူ့ဖုန်းကို ထုတ်လိုက်ပြီး လွန်ခဲ့သည့်နှစ်များက သတင်းများကို ပြန်ရှာဖတ်လိုက်သည်။
“အဲဒီလိုကိုး..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။
ယခု ခေတ်လွန်ကာလတွင် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း၌ ထူးဆန်းသည့် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ လူအများစုအတွက်တော့ ဤကဲ့သို့ဖြစ်ရခြင်းအကြောင်းရင်းကို ယခုထိတိုင် အဖြေမရှာနိုင်သေး။
လွန်ခဲ့သည့် ၂၁ နှစ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ခု ရှိခဲ့သည်။
ထိုနှစ်များတွင် ကမ္ဘာမြေကြီး၏ သံလိုက်ဓာတ်ဆွဲငင်အား ဖောက်လွဲဖောက်ပြန်ဖြစ်ခဲ့သောကြောင့် ဖုန်းလိုင်းများ ပျက်တောက်သွားကာ အဆုံးမရှိသည့် ငလျင်များကြောင့် ကမ္ဘာမြေကြီး ပျက်စီးမလိုဖြစ်ခဲ့သည်။ ဖုန်းလိုင်းများ ပြတ်တောက်သွားသောကြောင့် စီးပွားရေးများလည်း အဆီးအတားများ ရှိခဲ့သည်။
ဖုန်းလိုင်းများ ပြတ်တောက်သွားသောကြောင့် သတင်းများလည်း ပြတ်တောက်သွားခဲ့ကြသည်။ ထို့ကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့ရသည့် အမှန်တရားကို မည်သူမှ မသိကြ။
“အရင်တုန်းက သန္ဓေပြောင်းအသီးတွေ နည်းနည်းပဲ ရှိခဲ့တယ်ထင်တယ် .. လူတစ်ချို့ ပြောင်းလဲခဲ့ပေမယ့် အခုအချိန်နဲ့ယှဉ်ရင် တော်တော်လေး နည်းမှာပဲ..” ချူဖုန်း ရေရွတ်လိုက်သည်။
လွန်ခဲ့သည့် ၂၁ နှစ်က သန္ဓေပြောင်းလူများ ရှိခဲ့နိုင်သော်လည်း သန္ဓေပြောင်းစေနိုင်သည့်အသီးများမှာ ရှားပါးသောကြောင့် သူတို့၏သန္ဓေပြောင်းဖြစ်စဉ်ကို ကောင်းကောင်းကိုင်တွယ်နိုင်ကြမည်မဟုတ်။
လင်းနွိုင်သည် ဗုဒ္ဓတပည့်အကြောင်း မပြောခဲ့သော်လည်း သူ့အား သွယ်ဝိုက်ပြီး သဲလွန်စများ ပေးခဲ့သည်ပင်။
ယနေ့ မြွေဖြူကြီးနှင့် တိုက်ခိုက်ခဲ့သည့် ဗုဒ္ဓတပည့်မှာ သန္ဓေပြောင်းလူတစ်ဦးပင်။
လင်းနွိုင် မူ၏အစ်ကိုအကြောင်း ပြောပြခြင်းမှာ ထိုလူနှင့် မူ၏အစ်ကိုမှာ ထိုအချိန်က သန္ဓေပြောင်းခဲ့သည့်သူများ ဖြစ်ကြသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် သူ့ကို မူ၏အစ်ကိုအား သတိထားရန် သတိပေးလိုက်ခြင်းပင်။
ထို့ကြောင့် လင်းနွိုင်သည် သူ ‘နွားနတ်ဘုရား’ ဖြစ်သည်ကို သိသွားပြီဖြစ်ပြီး မူကို သတ်လိုက်သည့်လူလည်းသူဖြစ်ကြောင်း သိသွားပြီဟု သူ ကောက်ချက်ချလိုက်ခြင်းပင်။
ညခင်းအချိန်မှာ တစ်ဖြည်းဖြည်း ကုန်ဆုံးသွားသည်။ နံနက်ခင်း၏ ပထမဆုံးနေရောင်ခြည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာသည်နှင့် နွားဝါလေး နိုးလာကာ ခြံထဲရှိ သစ်သားဆွဲပုံးဆီသို့ ပြေးတော့သည်။
ချူဖုန်းလည်း ဆွဲပုံထံသို့ တန်းရောက်သွားသည်ပင်။ သူသည် နွားဝါလေးထက်ပင်ပို၍မျှော်လင့်နေသေးသည်။
“မူး..”
နွားဝါ အတော်လေး စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အဖူးအပွင့်မှ မမြင်ရသေး။
တစ်ရက်.. နှစ်ရက်..
မျက်စိတစ်မှိတ်အတွင်းမှာပင် လေးရက်ကုန်ဆုံးသွားလေပြီ။ အပြင်လောက၌လည်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ စစ်တပ်သည် တိုင်ဟန်းတောင်သို့ ရောက်လာပြီး လက်နက်မျိုးစုံဖြင့် ပစ်ခတ်လာကြသည်။
သို့သော် မြွေဖြူကြီးကိုတော့ မည်သည့်နေရာမှာမှ မတွေ့ရတော့။ ထိုမြွေကြီးသည် တိုက်ခိုက်ပြီးသည်နှင့် မြေအောက်ထဲသို့ ဝင်သွားပြီး မြေအောက်ရေစီးကြောင်းအတိုင်း အပြင်လောကမှ လူများ မသိသည့်နေရာတစ်ခုသို့ ဦးတည်သွားနေသည်ဟု ကောလဟာလများ ထွက်နေသောကြောင့် တောင်အနီးအနားမှ ရွာများနှင့် မြို့များ၌ နေထိုင်သူများမှာ စိုးရိမ်ပူပန်နေကြရသည်ပင်။
မြွေသည် အချိန်မရွေး ပြန်ပေါ်လာနိုင်သည်ပင်။
လွန်ခဲ့သည့်ရက်များတွင် အင်တာနက်၌ တိုင်ဟန်းတောင်တွင် သန္ဓေပြောင်းလူများနှင့် သားရဲများ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအကြောင်းများဖြင့်သာ ပြည့်နှက်နေသည်။ ထိုနေရာမှာ အသက်ရှင်လျက် ပြန်ထွက်လာကြသူများသည် သူတို့ကြုံတွေ့ခဲ့ရသည်ကို အသေးစိတ်ပြောလာကြသည်။
ဥပမာအားဖြင့် မူ အသတ်ခံခဲ့ရသည်။
မူ ဆိုသည်မှာ ဒိမ်ဒီ၏ အရေးကြီးပုဂ္ဂိုလ်တစ်ဦးပင်။
ထို့အပြင် မူ၏နောက်ဆုံးအချိန်ကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်လည်းထွက်ပေါ်လာခဲ့သည်။ ဗီဒီယိုမှာ ရှင်းရှင်းလင်းလင်းမဟုတ်သော်လည်း ဓားသမားတစ်ဦး တုံ့ဆိုင်းခြင်းမရှိပဲ မူ၏ခေါင်းအား ဖြတ်ပစ်လိုက်သည်ကို ခပ်ရေးရေး မြင်နေရသည်ပင်။
တိုက်ပွဲတစ်ပွဲတည်းဖြင့် နွားနတ်ဘုရားဟူသည့်နာမည်မှာ လူသိများလာသည်။
သူသည် မူကို သတ်ရဲပြီး ငွေတောင်ပံကို စိန်ခေါ်ရဲသည်။
ထိပ်ဆုံး၌ ရှိနေသည့် သန္ဓေပြောင်းလူကို သူ့မြှားများဖြင့် ဒဏ်ရာရအောင် လုပ်နိုင်ခြင်းဖြင့်ပင် လောကကြီး အုတ်အော်သောင်းတင်းဖြစ်သွားသည်ပင်။
“သူမြှားပစ်လိုက်တဲ့အချိန်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုမရှိတာ နှမြောစရာကောင်းလိုက်တာ .. အဲဒီမှာ တိုက်ကြတဲ့ သန္ဓေပြောင်းလူတွေ ပြောစကားအရတော့ အဲဒီမြင်ကွင်းက ရာဇဝင်တွင်လောက်တယ်တဲ့..”
လူအချို့သည် သူတို့ ရာဇဝင်တွင်သည့် မြင်ကွင်းကို ကိုယ်တိုင်မကြည့်လိုက်ရသည့်အတွက် ဝမ်းနည်းနေကြသည်။
“အဲဒီမြင်ကွင်းကို မှတ်တမ်းတင်ထားတာ ရှိရင်ရှိမှာ .. အရူးလိုမျိုး ပြေးလွှားနေပြီးတော့ ဖြစ်သမျှကို ရိုက်ထားတဲ့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ရှိတယ်လေ..” အချို့သန္ဓေပြောင်းလူများ ပြောလာကြသည်။
သို့သော် ကျိုးရိထျန်းသည် ထိုတိုက်ပွဲပြီးကတည်းက ပျောက်သွားသည်။ မည်သူမှ သူ့ကို ရှာမတွေ့တော့။
သူနှင့်သူ့နောက်လိုက်များအားလုံး တိုင်ဟန်းတောင်၌ သေဆုံးသွားခြင်းလိမ့်ဖြစ်မည်ဟု လူအချို့ ထင်ကြေးပေးကြသည်။
အချို့လူများကတော့ သူ၏မှတ်တမ်းများမှာ အလွန်အဖိုးတန်သောကြောင့် အစိုးရမှ သူ့ကို ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ပြောကြသည်။ အစိုးရသည် ထိုဗီဒီယိုဖိုင်များမှ တစ်ဆင့် မြွေဖြူကြီး၏ ခွန်အားကို တွက်ဆနိုင်လိမ့်မည်။
“စိတ်အေးအေးထားပါ … ကျိုးရိထျန်းက တစ်နေ့ကျရင် လူရှေ့ကို ထွက်လာမှာ .. သူ မသေနိုင်ဘူး .. သူက ငါတို့ကို အလွန်အမိုက်စားရုပ်ရှင်နဲ့ အံ့သြအောင်လုပ်မယ်လို့ ကတိပေးသွားတယ်”
အချို့လူများမှာ ယုံကြည်ချက် ပြင်းထန်နေသည်။ တစ်နေ့ကျလျှင် ကမ္ဘာကြီး၌ အလွန်အံ့အားသင့်ဖွယ်အရာတစ်ခုခုကို မြင်တွေ့နိုင်လိမ့်မည်ဟု ပြောကြလေသည်။
ဤတိုက်ပွဲကြောင့် ခုန်းဂင်၏မဖောက်ထွင်းနိုင်သော ခန္ဓာကိုယ်လည်း လူပြောများလာသည်။ သူ ကျည်ဆံမိုးကို ရင်ဆိုင်နေရသော်လည်း အကောင်းအတိုင်း ရှိနေသည့်ဗီဒီယိုကို တစ်စုံတစ်ယောက်မှ တင်လိုက်သည်။ သူ တင့်ကားအရွယ်အစားရှိသည့် တောဝက်ကြီးအား သတ်လိုက်သည့် ဓာတ်ပုံလည်း ထွက်ပေါ်လာသည်ပင်။
ထို့အပြင် လင်းနွိုင်၊ ကျန်းလော့ရှန်း၊ ဗုဒ္ဓတပည့်ချန်းယဲ့နှင့် ငွေတောင်ပံတို့လည်း လူပြောများလာကြသည်။
ဤတိုက်ပွဲကြောင့် ဤတိုက်ပွဲကြောင့် သန္ဓေပြောင်းသားရဲများ မည်မျှ ကြောက်စရာကောင်းသည်ကို လူများ သိသွားကြသည်။
တစ်ချိန်တည်းမှာပင် အခြားနိုင်ငံများ၌လည်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ အချို့လူများမှာ သူတို့သည် ဧရာမအိမ်မြောင်နှင့်တူသည့် အနက်ရောင်နဂါးတစ်ကောင်ကို တွေ့ခဲ့ကြောင်း ပြောလာကြသည်။ နဂါးကြီးသည် သူ၏အတောင်ပံခတ်ကာ ကောင်းကင်ထက်သို့ တက်သွားသည်ပင်။
အချို့လူများကလည်း အိုလံပစ်တောင်တွင် မြင့်မြတ်သည့်သစ်ပင်များ ထွက်ပေါ်လာသည်ဟု ပြောကြသည်။
သို့သော် ခဏကြာပြီးနောက် ဤသည်မှာ ကောလဟာလသာဖြစ်ကြောင်း ငြင်းခံလိုက်ရသည်။ သူတို့သည် ထိုပြောဆိုမှုများနောက်ကွယ်မှ အမှန်တရားကို သံသယဝင်လာသော်လည်း ယုံကြည်သူများ၏ ရန်တွေ့ခြင်းသာ ခံလိုက်ရသည်။
ငါးရက်မြောက်နေ့တွင်တော့ နွားဝါလေး၏ စိတ်ရှည်မှု ကုန်ဆုံးသွားလေပြီ။ သူတို့ခရီးစထွက်ရန်အတွက် နွားရိုင်းနက်ကြီး သူ့ကို လာခေါ်နေပြီဖြစ်သည်။ နောက်ရက်အနည်းငယ်နေလျှင် ပဋိပက္ခများမှာ အထွဋ်အထိပ်သို့ ရောက်တော့မည်ဖြစ်သဖြင့် ထိုအချိန်ကျလျှင် သူတို့ ဘာမှလုပ်နိုင်မည်မဟုတ်တော့။
နွားဝါလေး အစေ့ကို တူးထုတ်ပြီးသေချာကြည့်လိုက်သည်။
ချူဖုန်းလည်း သေချာကြည့်လိုက်သည်။
အစေ့မှာ သိသိသာသာ ပြောင်းလဲနေသည်။
အစေ့မှာ ပို၍စိမ်းစိုလာပြီး မျက်နှာပြင်ထက်တွင် အကြောများ ပေါ်လာသည်။
ကံမကောင်းစွာဖြင့် အမြစ်နှင့် အညွှန့်တော့ ထွက်မလာသေး။
ချူဖုန်း အစေ့ကို လက်ထဲထည့်လိုက်သည့်အချိန်တွင် သူ့သွေးကြောများ၌ အနွေးဓာတ်တစ်ခု စီးဆင်းသွားည်ကို ခံစားလိုက်ရသည်။ သူ အစေ့ကို စိုက်ကြည့်လေလေ ပို၍ရှုပ်ထွေးလေလေပင်။
ထိုခံစားချက်ကို သူ မဖော်ပြတတ်။
“ငါ စောင့်မယ်..”
နွားဝါလေးသည် နွားရိုင်းနက်ကြီးနှင့် ထွက်မသွားသေးပဲ နောက်ထပ် ရက်အနည်းငယ် ထပ်နေရန် ပြောလာသည်။
ထိုကဲ့သို့ပင် နောက်ထပ် ငါးရက်ကုန်လွန်သွားသည်။ လူတစ်ယေံာက်နှင့် နွားတစ်ကောင်မှာ ဆက်လက်စောင့်ဆိုင်းနေဆဲပင်။
သို့သော် သူတို့ စိတ်ပျက်နေရဆဲပင်။ အစေ့စိုက်ထားသည်မှာ ဆယ်ရက်ကြာသွားပြီဖြစ်သော်လည်း အညွှန့်ထွက်မလာသေး။
နွားဝါလေး အစေ့ကို ထပ်တူးထုတ်လိုက်သည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ မည်သည့်ပြောင်းလဲမှုမှ ဖြစ်မလာတော့။
“တိုးတက်မှုမရှိဘူး..” ချူဖုန်း စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။ လက်သီးအရွယ် မြေစာက အပင်ကို အားဖြည့်ဖို့ မလုံလောက်ဘူးလား..
“ငါ ဒီနာကျင်မှုကို ဆက်တောင့်ခံထားဦးမယ်..”
နွားဝါလေးသည် စိတ်မရှည်သည့်သူဖြစ်သော်လည်း သူ့စိတ်ဆုံးဖြတ်မှုကို ပြသည့်အနေဖြင့် ထိုစကားလုံးများကို ချရေးလိုက်သည်။
မြွေဖြူနှင့် တိုက်ခိုက်ပြီး ၁၃ ရက်မြောက်နေ့တွင် ကောင်းကင်ကြီး အုံ့မိုင်းနေပြီး တိမ်ထူနေသည်။ နောက်ဆုံးတွင်တော့ ကမ္ဘာမြေကြီးထက်သို့ မိုးသည်းထန်စွာ ရွာသွန်းလာလေသည်။ လျှပ်စီးများလျှပ်ကာ မိုးခြိမ်းသံများလည်း ဆူညံနေသည်။ ရာသီဥတုမှာ အလွန် ဆိုးရွားလာသည်။
“ဘုရားရေ .. လူသတ်ပွဲကြီးစပြီ..”
“မြွေဖြူ လောကကြီးကို ထပ်ဆင်းလာပြီ .. သွေးဆာနေတဲ့သားရဲက မြို့တစ်မြို့လုံးကို သတ်ပစ်လိုက်ပြီ..”
…
ထိုနေ့မှာ လူသားသမိုင်းကြောင်းတွင် သွေးထွက်သံယိုအဖြစ်ဆုံး နေ့တစ်နေ့ ဖြစ်လိမ့်မည်။ အင်တာနက်တစ်ခုလုံး ကြောက်ရွံ့၊ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေလေပြီ။
တိုင်ဟန်းတောင်နှင့် သိပ်မဝေးသည့် နေရာ၌ မြို့တစ်မြို့ရှိပြီး ထိုမြို့တွင် လူဦးရေ တစ်သိန်းခွဲခန့်ရှိသည်။ ထိုလူဦးရေ တစ်သိန်းခွဲလုံး တစ်နေ့တည်း အသတ်ခံလိုက်ရသည်။
မိုးရွာနေသည့် တိမ်တိုက်များကြား၌ မြွေဖြူတစ်ကောင် ရွေ့လျားသွားလာနေပြီး အလွန်ပြင်းထန်လှသည့်လေအရှိန်နှင့်အတူ ထိုမြို့ငယ်လေးထဲသို့ ဆင်းသွားပြီး ထိုနေရာ၌ နေထိုင်နေသည့်လူအားလုံးကို သတ်ပစ်လိုက်သည်။
“ဒါ .. ဒါက ရူးချင်စရာပဲ..”
“မြွေဖြူက မြို့နှစ်မြို့စာ လူတွေကို သတ်မယ်လို့ ခြိမ်းခြောက်ဖူးတယ် .. ငါတို့ မြွေကြီးကို နောက်တစ်ခေါက် ထပ်မြင်ရတော့မှာ..”
လူများ ကြောက်ရွံ့တုန်လှုပ်နေကြလေပြီ။
သတ်ဖြတ်သည့်သတင်းများ ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားသည့်အချိန်တွင် ကမ္ဘာပျက်သည့်နေ့ ရောက်လာတော့မည်ဟု အားလုံး စဉ်းစားမိလိုက်ကြသည်။
စစ်တပ်ကြီး လျင်မြန်စွာ လှုပ်ရှားလာပြီး ထိုမြို့ထံသို့ ဒုံးကျည်များ ဆက်တိုက်ပစ်လွှတ်လိုက်သည်။ သို့သော် မည်သည့်အရာကမှ သားရဲကောင်၏ လျင်မြန်မှုကို မယှဉ်နိုင်။ တိုက်ခိုက်ပြီးသည်နှင့် မြွေကြီးသည် လေထဲ၌ ပျောက်ကွယ်သွားလေသည်။ သူသည် မြေအောက်ထဲသို့ ဝင်ရောက်သွားပြီးနောက် ရှေးဟောင်းမြစ်ကြောင်းတစ်လျှောက် ရွေ့လျားသွားတော့သည်။
ဘောဓိဗီဇ၊ ပရီချင်းသုတေသနအဖွဲ့အစည်း၊ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစု၊ ဂြိုဟ်သားယဥ်ကျေးမှုအဖွဲ့အစည်း… စသည်ဖြင့် ကမ္ဘာ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများမှ အနည်းဆုံး ၆ အုပ်စုခန့်သည် မြွေဖြူကို ဝိုင်းဝန်းနှိမ်နင်းရန်အတွက် သူတို့၏အကောင်းဆုံးလူများကို လွှတ်ထားပြီးဖြစ်သည်။
သို့သော် မြွေကြီး မြေအောက်သို့ ဝင်သွားသောကြောင့် သူတို့မလိုက်နိုင်တော့။
မြွေကြီး၏ ကြောက်စရာကောင်းလှသည့်အရှိန်နှင့် အန္တရာယ်ကိုကြိုသိနေသည့် အသိစိတ်ကြောင့် သူ အန္တရာယ်များကို ရှောင်ထွက်သွားနိုင်ခဲ့သည်။
တစ်နေ့တည်းမှာပင် မြွေဖြူသည် တိုင်ဟန်းတောင်နှင့် လီလေးရာဝေးသည့် နေရာ၌ ပြန်ပေါ်လာသည်။ ထို့နောက် သူ၏အညှာအတာမဲ့သတ်ဖြတ်ခြင်းကို စတင်လာလေ၏။
ဤသည်မှာ နေ့အချိန်ဖြစ်သော်လည်း နေရောင်သည် တိမ်မဲများနောက်၌ ပုန်းကွယ်နေသည်။ ကောင်းကင်ကြီးမှာ အိုးဖင်ကဲ့သို့ မည်းနက်နေပြီး မိုးနှင့်အတူ လေပြင်းများပါ တိုက်ခတ်လာသည်။ လျှပ်စီးများလျှပ်ကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်နေသောကြောင့် လောကကြီးမှာ ငရဲကြီးနှင့် တူနေသည်။ အချို့နေရာများမှာ မှောင်လွန်းသောကြောင့် ကိုယ့်ရှေ့ရှိလက်ကိုပင် မမြင်ရ။
ဤကဲ့သို့သော ရာသီဥတုမျိုးတွင် မြွေဖြူအား အမဲလိုက်ရန်မှာ အလွန်ခက်ခဲလှသည်။
တစ်ခါတစ်ရံလျှပ်သည့် လျှပ်စီးအလင်းရောင်သာရှိနေသည်ပင်။
ဤမြို့မှာ လူဦးရေ နှစ်သိန်းခန့်ရှိသည့် မြို့ငယ်လေးတစ်မြို့ပင်။ လျှပ်စီးလျှပ်သွားသည့်အချိန်တွင် သူတို့မြို့ငယ်လေးထဲသို့ မြွေဖြူကြီး ဝင်လာပြီဖြစ်ကြောင်း သူတို့တွေ့လိုက်ရသည်။
ဖုန်း…
မြေဖြူကြီး လမ်းမများပေါ်၌ သွားလာနေသောကြောင့် အဆောက်အဦးများ ပြိုကျကာ လမ်းများလည်း ချိုင့်သွားသည်။ သူသည် အဆောက်အဦး တစ်ခုမှတစ်ခုကူးပြီး လူရာပေါင်းများစွာကို သတ်ပစ်လိုက်သည်။
“ပစ်မှတ်က အနောက်မြောက်ဘက်မှာ .. ဒီတစ်ခေါက် သူ့ကို မလွတ်စေနဲ့..” စစ်တပ်မှလူတစ်ဦး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများမှာ နီရဲနေလေပြီ။
သို့သော် မြွေဖြူကြီးသည် မည်သည့်လက်နက်နှင့်မှ မပစ်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။ သည်းကြီးမည်းကြီးရွာသောမိုးနှင့် လျှပ်စီးများကြားတွင် မြွေမှာ တစ်ဖန်ပျောက်ဆုံးသွားပြန်သည်။
မြွေကြီးသည် တစ်ယောက်ပြီးတစ်ယောက် သတ်နေခြင်းမဟုတ်။ သူသည် အဆောက်အဦးများ၊ အိမ်များကို ဖြိုချပစ်နေခြင်းပင်။
တစ်ချိန်က စည်ကားခဲ့သော မြို့လေးမှာ မြွေကြောင့် ပျက်စီးယိုယွင်းမှုအပိုင်းအစများသာ ကျန်တော့သည်။
ပထမမြို့လည်း ထူးမခြားနားပင်။ အဆောက်အဦးများ ပြိုကျကာ အပြစ်မရှိသည့်လူပေါင်းများစွာ သေဆုံးခဲ့ကြရသည်။
သို့သော် ကံဆိုးမှုများကြား၌ ကံကောင်းမှုလည်း ရှိနေသေးသည်။ မြွေကြီးသည် မြို့ကြီးများထံသို့ မသွားပဲ မြို့ငယ်လေးထံသို့သာ သွားခဲ့သည်ပင်။
ထို့အပြင် သူသည် တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထားခြင်းမဟုတ်ပဲ လျှောက်သွားနေခြင်းဖြစ်သောကြောင့် ဤမြို့များမှ လူအနည်းစု အသက်ရှင်ခဲ့သည်။
မြွေဖြူကြီးသည် အမဲလိုက်သမားများ မလိုက်နိုင်အောင် မြေကြီးထဲသို့ ဝင်ရောက်သွားလေသည်။
သန္ဓေပြောင်းလူများဖြစ်စေ ဒုံးကျည်များဖြစ်စေ မည်သူကမှ ဤသားရဲကြီးရှိနေသည့် နေရာအတိအကျကို မသိကြတော့။
ထိုနေ့တွင် အင်တာနက်ပေါ်တွင် လူသေမှုသတင်းအကြောင်းများသာ ဖောင်းပွလျက်ရှိသည်။
ဤမတော်တဆမှုမှာ ဝမ်းနည်းစရာကောင်းလှသည်။ ထို့အပြင် ဤသည်မှာ မဝေးတော့သည့်အနာဂတ်တွင် ပို၍ကြောက်စရာကောင်းသည့် အဖြစ်အပျက်များ ဖြစ်လာနိုင်ကြောင်း သတိပေးနေခြင်းပင်။
“သွားကြစို့ .. ငါတို့အချိန်ဆွဲနေလို့ မရတော့ဘူး..” နွားရိုင်းနက်ကြီးသည် နွားပေါက်လေးကို သူနှင့်အတူ လိုက်ခဲ့ရန် ဆော်ဩလိုက်သည်။
“ကျွန်တော့်ကို နောက်ထပ် ရက်နည်းနည်းလောက်ပဲထပ်ပေး..” နွားဝါမှာ လက်မလျော့ချင်သေး။
“လောကကြီးက မင်းနဲ့ငါ ထင်ထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန် ပြောင်းလဲနေတာ .. မင်း တစ်ခုခုဖြစ်သွားမှာ စိုးတယ် .. ကမ္ဘာမြေကြီးက ဆက်ပြီးတော့ ကျယ်ပြန့်လာနေတုန်းပဲ .. အဲဒီတော့ မင်းအခု ခွန်းလွန်တောင်ကို မပြန်ချင်သေးဘူးဆိုရင် နောက်ရက်နည်းနည်းကြာရင် မင်း အဲဒီနေရာကိုရောက်ဖို့ လီပေါင်း သိန်းပေါင်းများစွာကို သွားရလိမ့်မယ်..” နွားရိုင်းနက်ကြီး လေးနက်စွာ ပြောလာသည်။
နွားရိုင်းနက်ကြီး၏ စကားများမှာ ထိတ်လန့်စရာ ကောင်းလှသည်။
“လုပ်ပါ .. ကျွန်တော့်ကို နောက်ထပ် ရက်နည်းနည်းလောက်ပဲ ထပ်ပေးပါ..” နွားဝါလေး တောင်းဆိုလိုက်သည်။
…
လောကကြီးမှာ အကြောက်တရားများဖြင့် ပြည့်နှက်နေလေပြီ။ မြွေဖြူသည် စကားဝိုင်းတိုင်း၏ အဓိကအကြောင်းအရာဖြစ်လာသည်။ ထိုတောရိုင်းကောင်ကြီး လက်နက်ပစ္စည်းများကို ကြောက်ရွံ့ခြင်းမရှိသည့်အပြင် အန္တရာယ်ကို ကြိုမြင်နိုင်သည့် အရည်အချင်းရှိနေခြင်းက လူများအား ကြောက်လန့်စေပြီး ခေါင်းကိုက်စေသော ပြဿနာတစ်ရပ်ဖြစ်လာသည်။
ကမ္ဘာတစ်ဝှမ်းရှိလူများအားလုံး သူတို့ အကြံဉာဏ်များပေးလာကြသည်။ ထိုဧရာမမြွေကို သတ်ရန် နည်းလမ်းကောင်းများ ပေးလာကြသည်။
သို့သော် သိပ်မကြာခင် ဖြစ်ပျက်လာသည့် အဖြစ်အပျက်တစ်ခုကြောင့် ထိုမြွေဖြူကြီးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာသည်။
အဘယ်ကြောင့်ဆိုသော် မြွေဖြူပေါ်လာပြီး နောက်နှစ်ရက်အကြာတွင် အနောက်တိုင်းနိုင်ငံများ၌ တစ်လောကလုံးကို ထိတ်လန့်စေသည့် သေကြေမှုတစ်ခု ထပ်ဖြစ်လာခဲ့သည်။
အနက်ရောင်နဂါးတစ်ကောင် ကောင်းကင်ထက်၌ ရုတ်တရက်ပေါ်လာပြီး အောက်ဘက်ရှိ ကမ္ဘာမြေကြီးကို မီးတောက်များဖြင့် မှုတ်နေသည်ပင်။
မီးတောက်များသည် မြို့တစ်မြို့ကို ပျက်စီးသွားစေပြီး လူငါးသိန်းကျော် သေဆုံးခဲ့ရသည်။
ထိုနဂါးကြီး မီးမှုတ်ထုတ်လိုက်သည်နှင့် ထိုနေရာသည် ချက်ချင်းပင် ပြာကျသွားလေသည်။
သူ့နဂါးဥများကို တစ်စုံတစ်ယောက် ခိုးသွားကြောင်း ထိုနေ့တွင် အနက်ရောင်နဂါးကြီး ဒေါသတကြီး ပြောခဲ့သည်။ သူခိုးများကြောင့် မြို့တစ်မြို့ပြာကျသွားလေပြီ။
အနက်ရောင်နဂါးကြီး၏ အဖျက်စွမ်းအားကြောင့် တစ်လောကလုံး တုန်လှုပ်ခဲ့ရသည်။
“နဂါးက အရင်က အိမ်မြောင်တစ်ကောင်ပဲ .. အိမ်မြောင်တစ်ကောင်က တစ်နေ့ကျရင် နဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”
“ကြောက်စရာကောင်းလိုက်တာ .. ငါတို့ရဲ့ နောက်ဆုံးနေ့ ရောက်လာပြီလား..”
အနောက်တိုင်းနိုင်ငံများမှာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
“ငါတို့ အဲဒီအကောင်ကို သတ်ရမယ်..” တိုင်းပြည်၏ ပါလီမန်မှ အမတ်တစ်ချို့ ဒေါသတကြီး အော်ဟစ်လာကြသည်။
“ငါတို့မှာ အင်အားအကြီးဆုံး စစ်တပ်ကြီးရှိတယ် .. အချိန်တန်ရင် ငါတို့ တားမြစ်လက်နက်တွေလည်း သုံးလာရလိမ့်မယ် .. ငါတို့ အဲဒီနဂါးကြီးကို အလွတ်ပေးလိုက်လို့မရဘူး..”
“ပစ်မှတ်ကို ချိန်ထားပါပြီ..”
အနောက်တိုင်းနိုင်ငံများသည် နဂါးကိုသတ်ရန်အတွက် အင်အားစုပေါင်းလိုက်ကြသည်။
အနည်းဆုံးတော့ ဤနဂါးသည် မြွေကဲ့သို့ မြေကြီးထဲ ဝင်မသွားနိုင်သောကြောင့် သူတို့ ဤနဂါးကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။
“မင်း ခုထိမသွားချင်သေးဘူးလား ခေါင်းမာတဲ့နွားစုတ်” နွားရိုင်းနက်သည် စိုးရိမ်ပူပန်ပြီး စိတ်မရှည်တော့ချေ။ ယခုတလောဖြစ်နေသည့် မတော်မဆမှုများကြောင့် သူပို၍ စိုးရိမ်လာသည်။ သူတို့ ဆက်ပြီး အချိန်ဆွဲနေလျှင် ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ အာရုံရနေသည်။
အပိုင်း ၇၂ ပြီး၏။