ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၁ – လင်းနွိုင်
လင်းနွိုင် ရောက်လာလေပြီ။ လေပြေလေးထဲ၌ သူမ ဆံနွယ်လေးများ ဝဲလွင့်နေပြီး တောက်ပနေသည့် လရောင်သည် သူမ၏နူးညံ့ကျက်သရေရှိလှသည့် ပုံရိပ်လေးပေါ်သို့ ပက်ဖြန်းထားသည်။ သူမ ချူဖုန်းအိမ်ရှေ့၌ ရပ်လိုက်သည်။
“နွိုင်..”
ခြံတံခါး မပိတ်ထားသောကြောင့် လရောင်ခြုံလွှမ်းနေသည့် သူ့ရည်းစားဟောင်းအား မြင်နေရသည်ပင်။
လင်းနွိုင်လည်း နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိမ့်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် ခြံထဲရှိအရာအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
“ကျွန်မကို မဖိတ်ပဲ လာခဲ့လိုက်ပြီ..” သူမ ပြောလိုက်သည်။
“ကျွန်တော်မျိုးရဲ့ နိမ့်ကျတဲ့အိမ်စုတ်လေးတဲ့လာတဲ့အတွက် ကျွန်တော်မျိုးက ဂုဏ်ယူနေရမှာပါ” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။
“ငါ့မိဘတွေ အိမ်မှာ မရှိတာ နှမြောစရာပဲ .. သူတို့က မင်းအကြောင်း ခဏခဏပြောနေကြတာ … ပြီးတော့ သူတို့တွေ မင်းကို တွေ့ချင်နေကြတာ .. မင်း ငါ့ဆီကိုလာလည်တာသိရင် သူတို့အရမ်းပျော်သွားကြမှာ” ချူဖုန်းမှာ ပြုံး၍ ပြောနေဆဲပင်။
“ရှင်က အမြဲတမ်း ဒီလိုပဲ .. စိတ်ထဲရှိတာတစ်မျိုး .. ပြောတာကတစ်မျိုး..” လင်းနွိုင် ချူဖုန်းကို မျက်စောင်းထိုးလိုက်ပြီး သူနှင့်အတူ အိမ်ထဲလိုက်ဝင်သွားလိုက်သည်။
“မင်းနဲ့ဆိုရင် ငါက အမြဲတမ်း ရိုးသားတယ် .. ငါတွေးတဲ့အတွေးတွေကိုပဲ ပြောတာ .. မင်းကိုတွေ့ရင် ငါ ဘာကိုမှ ဖုံးကွယ်ထားလို့မရဘူး .. ငါ့ပါးစပ်က ထွက်လာတဲ့စကားက အမှန်တရားပဲ..” ချူဖုန်းသည် ထိုစကားများကို တည်ငြိမ်စွာသာ ပြောနေသည်။
“ဒါက ရှင်နေတဲ့နေရာလား..” လင်းနွိုင်သည် အတွေ့အကြုံများပြားကာ ဗဟုသုတများပြားသည့်သူဖြစ်သော်လည်း သူမ အတော်လေး အံ့အားသင့်သွားရသည်ပင်။
ဤသည်မှာ ချူဖုန်းအိမ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်ဝင်စားနေသည်ပင်။ သူမသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ အခန်း၏တစ်လက်မစီတိုင်းကို ပိုက်စိတ်တိုက်ကြည့်နေသည်။
“ကိုယ့်ကိုကိုယ် ဆင်ခြင်ပါဦး အစ်မကြီး..” ချူဖုန်း သတိပေးလိုက်သည်။
လင်းနွိုင် သူ့ကို စိုက်ကြည့်လိုက်ကာ ဘာပြောရမှန်းပင် မသိတော့။
“မင်းက ငါတို့လို ‘အိုတကု’ တွေအတွက် နတ်ဘုရားမလေ .. အဲဒီတော့ မင်း ယောက်ျားတစ်ယောက်ရဲ့အခန်းကို ဒီလိုမျိုး စိတ်ဝင်တစားကြည့်နေတာက မကောင်းဘူးလေ ဟုတ်တယ်မလား .. မင်း နာမည်ပျက်သွားလိမ့်မယ်..” ချူဖုန်း စနောက်၍ ပြောလိုက်သည်။
“ရှင့်အခန်းထဲမှာ တစ်ခုခုတော့ ဖွက်မထားဘူးမလား..” လင်းနွိုင် ချူဖုန်း အခန်းထဲခြေချ၍ မေးလိုက်သည်။ သူမကိုကြည့်ရသည်မှာ အေးအေးဆေးဆေးပင်။
“ကမ္ဘာ့အလှဆုံး မိန်းကလေးကလွဲလို့ ငါ့အခန်းထဲမှာ ဘာများ ဖွက်ထားနိုင်မှာလဲ..” ချူဖုန်းသည် တမင်တကာပင် ရိုင်းပျပြီး စော်ကားသလိုပြုမူသည်။ သူမ၏စွဲမက်ဖွယ်မျက်နှာကို ငေးကြည့်ပြီးနောက် သူ့အကြည့်မှာ ထိုအမျိုးသမီး၏ ဆွဲဆောင်မှုရှိသောခြေထောက်တစ်စုံကို တိုက်ရိုက်ကြည့်လိုက်လေသည်။
တကယ်တမ်းတွင် ချူဖုန်း စိတ်ထဲ စိုးရိမ်နေခြင်းပင်။ အနက်ရောင်ဓားမြောင်မှာ သူ့စောင်အောက်၌ ရှိနေသည်။ လင်းနွိုင် သူ့အိမ်ထဲဝင်လာပြီး သူ့အခန်းထဲထိ ရောက်လာမည်မထင်ထားသောကြောင့် သူ ဖွက်မထားခဲ့ရ။
ဤဓားမြောင်မှာ မူကို သတ်ခဲ့ပြီး ငွေတောင်ပံကို ဒဏ်ရာရအောင် လုပ်ခဲ့သည့်ဓားပင်။ သူမကို အမှန်အတိုင်း ပြောသင့်မပြောသင့် သူ တွေဝေနေမိသည်။
သူ ပြောလိုက်လျှင်လည်း သူတို့သဘောထားများ မတူညီတော့မည်ကို သူ စိုးရိမ်နေသည်။
လင်းနွိုင်သည် အေးစက်သော အမျိုးသမီးတစ်ဦးပင်။ ပုံမှန်ဆိုလျှင် သူမ ခြေထောက်ကို မည်သူက ဤကဲ့သို့ ကြည့်ရဲမည်နည်း.. သူမ လက်ဆန့်ထုတ်ပြီး ချူဖုန်းမျက်နှာအား တွန်းထုတ်ကာ သူ့အခန်းထဲမှ ထွက်လာလိုက်သည်။
ချူဖုန်းသည် သူမနောက်လိုက်ကာ သူ့မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ “တစ်စိတ်လောက် .. မင်း ငါ့ကို အခွင့်ကောင်း ယူလိုက်တာလား..”
လင်းနွိုင် သူ့ကို လျစ်လျူရှုကာ ခြံထဲသို့ ဆင်းလာလိုက်သည်။
လောကကြီးမှာ လရောင်အောက်၌ အေးချမ်းနေသည်။ အနီးရှိ သစ်ခွခြံမှ အသီးနံ့နှင့် ပန်းနံ့များ သင်းပျံ့နေပြီး ချိုအီမွှေးပျံ့နေသည်။
ဆောင်းရာသီရောက်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ ပန်းများပွင့်နေဆဲပင်။
“ရှင့်အိမ်က အတော်လေး အေးချမ်းတယ် .. ဒီမှာ ထိုင်နေရုံနဲ့ကို စိတ်အေးချမ်းတယ်..” လင်းနွိုင် ပြောလိုက်သည်။
ချူဖုန်း လင်းနွိုင်ဘေးမှ ကြိမ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ လင်းနွိုင်ကို လက်ဖက်ရည်စိမ်းတစ်ခွက် ကမ်းပေးလိုက်ကာ “မင်းက ကိုယ့်ကိုကိုယ် ပင်ပန်းအောင် လုပ်နေလို့ဖြစ်မယ် နွိုင်..” ချူဖုန်း ပြောလိုက်သည်။
ချူဖုန်း စိတ်ရင်းဖြင့် ပြောလိုက်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှာ သူ့ခေါင်းထဲ၌ စွဲမြဲနေဆဲပင်။
လင်းနွိုင်သည် စစ်ဆင်ရေးတစ်ခုလုံးကို တာဝန်ယူထားသည့်သူဖြစ်သောကြောင့် ဤရှုံးနိမ့်မှုကို သူမတစ်ယောက်တည်း ခေါင်းခံရကာ ဖိအားများရမည်ပင်။
“ရှင် သတင်းတွေ ဖတ်ပြီးပြီလား..” လင်းနွိုင် မေးလိုက်သည်။
“အင်း ဖတ်ပြီးပြီ .. ငါလည်း မင်းကို အရမ်းစိတ်ပူခဲ့တာ” ချူဖုန်း ခေါင်းငြိမ့်လိုက်သည်။
“ရှင်ကဘာလို့ဒီမှာ နေနေသေးတာလဲ .. အန္တရာယ်တွေကို မကြောက်ဘူးလား..” လင်းနွိုင် သူ့ကို လေးနက်စွာ ကြည့်၍ မေးလာသည်။
“မင်း အန္တရာယ်မကင်းသရွေ့ ငါ မသွားဘူး..” ချူဖုန်း ပြောလိုက်သည်။
လင်းနွိုင် သူ့ကို ဘာစကားမှ ပြန်မပြောတော့။
“ကောင်းပြီလေ .. ငါမင်းကို အမှန်အတိုင်းပြောပြပါ့မယ် .. ငါ့ကိုဒီကနေ ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားပေးမယ်လို့ ငါ့မိဘတွေကို ကတိပေးခဲ့တဲ့ လူကြီးကို မင်းမှတ်မိလား .. ဒီနေ့ သူလည်း တောင်ထဲဝင်သွားတာ .. သူ မသွားခင်တုန်းက ငါ့ကို ဒီမှာ စောင့်နေဖို့ ပြောခဲ့တာ” ချူဖုန်း လင်းနွိုင်လက်ထဲ လက်ဖက်ရည်ခွက် ကမ်းပေးလိုက်သည်။
“သူ ဒဏ်ရာရသွားတာဆိုတော့ အခု သူ တစ်နေရာရာမှာ ပုန်းနေလိမ့်မယ်လို့ ငါထင်တယ် .. ဒါပေမဲ့ သူ့ ဒဏ်ရာတွေက သိပ်မပြင်းဘူးဆိုတော့ ငါတို့ မကြာခင် ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်လို့ ငါထင်တယ်” ချူဖုန်း ထပ်ပြောလိုက်သည်။
“စိတ်ဝင်စားဖို့ ကောင်းတဲ့လူပဲ..” လင်းနွိုင် မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူမ ပြုံးပြလာသည်။ သူမ၏နှုတ်ခမ်းမှာ ချယ်ရီရောင်သန်းနေပြီး သူမ၏သွားများမှာ ပုလဲလုံးကဲ့သို့ ဖြူဖွေးနေသည်။
တောက်ပသည့်လရောင်အောက်တွင် သူမ မျက်နှာတောက်ပလာကာ သူမဆံပင်များပင် ကြည်လင်တောက်ပနေသည်။
ချူဖုန်း ရင်ဘတ်ပေါ် လက်တင်ကာ အလှလေးကို ကြည့်လိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ..”
“မင်းကို ကြည့်နေတာ .. ဒါပေမဲ့ မင်းရဲ့အပြုံးက ငါ့လို သားရဲအတွက် တောက်ပလွန်းတယ် .. အဲဒါကြောင့်မို့လို့ မင်းကိုကြည့်ဖို့ ငါ့မျက်လုံးတွေကို ပြူးထားရတယ် .. ပြီးတော့ ငါ့နှလုံး အခုန်လွန်ပြီး အပြင်ဘက်ကို ခုန်ထွက်လာမှာစိုးလို့ လက်နဲ့ ဖိထားတာ..”
“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့..”
“တကယ်ပြောတာ .. ငါကျိန်ပြောရဲတယ် .. ငါက ပွင့်လင်းရိုးသားတဲ့သူဆိုတာ မင်းသိပါတယ်..” ချူဖုန်း သူ့ရင်ဘတ်ပေါ်မှ လက်ဖယ်လိုက်သော်လည်း သူ့အကြည့်များမှာ လင်းနွိုင်ထံ၌ ရှိနေဆဲပင်။ “ငါ အရင်ကပြောခဲ့ဖူးသလို အခုလည်း ထပ်ပြောဦးမယ် .. မင်းအပြုံးက ကမ္ဘာပေါ်မှာ အသေနိုင်ဆုံး လူသတ်လက်နက်ပဲ .. ဘယ်သူမှ မင်းအလှကို တောင့်မခံနိုင်ဘူး .. ငါ့ကို ယုံလိုက်..”
ချူဖုန်း၏ မြှောက်ပင့်စကားများ ကြားနေရသော်လည်း လင်းနွိုင်တည်ငြိမ်နေဆဲပင်။ သူမသည် ငြိမ်းချမ်းသာယာနေသည့် သစ်ခွတောအုပ်ဘက်သာ ကြည့်နေသည်။
“ရှင် ဘယ်လိုဘဝမျိုး နေချင်လဲ..” ထို့နောက် သူမ ချူဖုန်းဘက်သို့ ခေါင်းလှည့်ကာ မေးလာသည်။
“တိတ်ဆိတ်ငြိမ်းချမ်းတဲ့ ဘဝမျိုးပေါ့ .. စိတ်လှုပ်ရှားရတာမျိုးတွေ၊ အံ့ဩရတာမျိုးတွေက တစ်ခါတစ်လေလောက်ဆို လုံလောက်ပါပြီ..” ချူဖုန်း အနည်းငယ်မှ တွေဝေခြင်းမရှိပဲ ပြောလိုက်သည်။
လင်းနွိုင် ပြုံးနေသော်လည်း ချူဖုန်းကို အကြည့်လွဲလိုက်သည်။ ကြည့်နေလျှင် သူမ ဘေးမှ နှာဗူးကြီးက သူမကို ထပ်စိုက်ကြည့်လာနေဦးမည်။
“မဟုတ်သေးဘူး … မင်းပြုံးလိုက်တဲ့အချိန် ပေါ်ထွက်လာတဲ့ ပြိုင်ဘက်ကင်းအလှကို ငါမြင်ဖူးပြီးသွားပြီ .. ဒါကို ဘယ်သူမှ မတွေ့လိုက်ရရင် အရမ်းနှမြောဖို့ ကောင်းတယ်လေ ဟုတ်တယ်မလား..” ချူဖုန်းမှာ အတော်လေး အရေထူလှသည့်သူပင်။ သူသည် လင်းနွိုင်အပြုံးကို ကောင်းကောင်းမြင်ရရန်အတွက် လင်းနွိုင်နားပင် တိုးကပ်သွားသေးသည်။
လင်းနွိုင် သူ့ဘက်လှည့်ကာ “ရှင်လိုချင်တဲ့ဘဝက ရိုးရှင်းတယ်လို့ ထင်ရပေမယ့် အခုခေတ်မှာ ရဖို့အရမ်းခက်တယ် .. ကျွန်မစိုးရိမ်တာက .. နောင်ကျရင် ဒီလိုငြိမ်းချမ်းတဲ့နေရာ တစ်နေရာမှ မရှိမှာကိုပဲ..”
သူမ ဘာပြောချင်နေမှန်း ချူဖုန်း သိသည်။ လောကကြီး ပြောင်းလဲလာသည်နှင့်အမျှ ကြောက်စရာကောင်းသည့်သားရဲများစွာလည်း ပေါ်ထွက်လာပြီဖြစ်သည်။
“ရှင် တိုက်ခိုက်ရတာ ကြိုက်လား..” လင်းနွိုင် မေးလိုက်သည်။
“မကြိုက်ဘူး..” ချူဖုန်း ခေါင်းခါလိုက်သည်။
လင်းနွိုင် အဝေးမှ တောင်များကို ငေးနေရင်း အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
“ဒါပေမဲ့ ကမ္ဘာကြီးက ငါတို့ စိတ်တိုင်းကျ လည်ပတ်နေတာမှမဟုတ်တာ .. တစ်ခါတစ်လေကျရင် ငါတို့ဖြစ်ချင်တာရဲ့ ဆန့်ကျင်ဘက်ကို ရွေးချယ်ရတာမျိုးရှိတယ် .. ဒါပေမဲ့ ငါတို့မှာ ဘာများ ကျန်ခဲ့မှာလဲ..” ချူဖုန်း ထပ်ပြောလိုက်သည်။
“မြောက်ပိုင်းမှာ ရှိတဲ့ ရွှမ်းထျန်မြို့ကို သွားလိုက် .. အဲဒီမြို့မှာ ရှင်လိုချင်တဲ့ တိတ်ဆိတ်ငြိမ်းချမ်းမှုတွေ ရှိတယ်” လင်းနွိုင် တစ်ခဏခန့် ရပ်တန့်ပြီးနောက် “အနည်းဆုံးတော့ အခု ငြိမ်းချမ်းနေတာပေါ့ .. ကျွန်မ ရှင့်အတွက် စီစဉ်ပြီးသွားပြီ .. ရှင့်ခြံအပြင်ဘက်မှာ ရဟတ်ယာဉ်တစ်စင်းရှိတယ် .. အခုထွက်သွားလိုက် .. ပြန်မလာခဲ့နဲ့တော့.. ဒီနေရာက မလုံခြုံတော့ဘူး..”
“မင်း ငါ့ကို အဝေးကို ပို့ချင်နေတာလား..” ချူဖုန်း သူမကို စိုက်ကြည့်ပြီး နူးညံ့စွာ မေးလိုက်သည်။
“ဟုတ်တယ် .. ကျွန်မလူတွေကို မနက်ကျရင် ဆုတ်ခိုင်းဖို့ စီစဉ်ထားပြီးသား .. ကျွန်မတို့ လေယာဉ်အလွတ်တွေ ရှိသေးတယ် .. ကျွန်မ ရှင့်ကို အဲဒီလေယာဉ်နဲ့ ဒီည ထွက်သွားလို့ရအောင် လုပ်ပေးလို့ရတယ်..”
“နွိုင်…” ချူဖုန်း လက်ဆန့်တန်းကာ သူမ လက်ကို ကိုင်လိုက်သည်။
“ရှင် ဘာတွေ တွေးနေတာလဲ..” လင်းနွိုင် သူ့လက်ကို ဖယ်ချလိုက်ကာ “ကျွန်မတို့က သူငယ်ချင်းတွေပဲ .. ဒါပေမဲ့ ကျွန်မရှင့်ကို ဘေးကင်းလုံခြုံစေချင်တယ်”
“ကောင်းပြီလေ..” ချူဖုန်း အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
သို့သော် အရေထူသည့်လူများမှာ ဘယ်တော့မှ မရှက်ကြောက်ကြ။ “နွိုင် .. ငါ အသက်ဘေးကြုံမှာစိုးလို့ မင်းငါ့ကိုလာကြိုတယ်ဆိုတာ ငါသိတယ် .. ဒါပေမဲ့ ငါ့ကို ကာကွယ်ပေးမယ်လို့ ပြောထားတဲ့လူကလည်း အစွမ်းအစရှိတဲ့သူပဲ .. မင်းတို့သွားပြီး ခဏနေရင် ငါတို့လည်း ထွက်သွားလောက်တယ်”
ချူဖုန်း စကားလုံးများ စီနေသည်။ “စိတ်ချပါ .. ငါ တစ်ခုခုလုပ်ပြဖို့အတွက်နဲ့တော့ ဒီမှာ စွန့်စွားမှာမဟုတ်ဘူး .. ငါတို့လုံခြုံမှာပါ ငါ့ကိုယုံ .. တစ်နေ့ မင်း ရွှမ်းထျန်မြို့ကို ဖြတ်သွားရင် ငါမင်းကို နေ့လည်စာ ကျွေးမယ် .. မင်းရဲ့ စွဲမက်စရာကောင်းတဲ့အပြုံးကို ငါမြင်ချင်သေးတယ်”
လင်းနွိုင် သူ့ကို မျက်စောင်းထိုးလိုက်သည်။
“ငါ တကယ်ပြောနေတာ..” ချူဖုန်း၏မျက်နှာထက်၌ အပြုံးမရှိတော့ပဲ လေးနက်တည်ကြည်မှုသာ ရှိနေသည်။
နောက်ဆုံးတွင်တော့ လင်းနွိုင် ခေါင်းညိမ့်လိုက်သည်။
“မင်းတစ်ခုခုလိုရင် ဒါမှမဟုတ် ပြဿနာတစ်ခုခုရှိရင် ငါ့ကိုပြောလိုက် .. ငါ အမြဲတမ်း မင်းကို ကူဖို့ လူရှာပေးမယ်..” ချူဖုန်း လေးနက်စွာ ပြောလာသည်။
လရောင်မှာ တိတ်ဆိတ်အေးချမ်းနေဆဲပင်။
သူ မသိထားသည့်အကြောင်းအရာတစ်ခုခုကို လင်းနွိုင်သိထားကြောင်း သူသိသည်။ အဘယ်ကြောင့်ဆိုသော် ဒိမ်ဒီလုပ်ငန်းစုမှာ လုပ်ငန်းစုကြီးဖြစ်သောကြောင့် သူတို့လူများသည် အားလုံးထက် ပိုသိနေမည်ပင်။ လင်းနွိုင်နှင့် ပြောဆိုဆက်ဆံနေကတည်းက သူ ဤသည်ကို သိပြီးသားပင်။
“နွိုင် မင်း ငါ့ကို အခုအခြေအနေလေး ပြောပြပေးလို့ရမလား..” ချူဖုန်း မေးလိုက်သည်။ သိပ်မဝေးတော့သည့်အနာဂတ်၌ ဘာဖြစ်မည်ကို သူသိချင်သည်။
လင်းနွိုင် အချို့အကြောင်းအရာများကို ပြောပြ၍မရကြောင်းလည်း သူသိသည်ပင်။
သို့သော် သူ အံ့အားသင့်သွားရသည်မှာ လင်းနွိုင် သူ့မေးခွန်းကို ပြန်ဖြေလာသည်ပင်။
“ဒီလောကကြီးက အရမ်းရှုပ်ထွေးတယ် .. အခု ရှုပ်ထွေးနေတာတောင်မှ ပြောင်းလဲမှုတွေ ထပ်ရှိနေသေးတယ် .. ကျွန်မတို့ အကြောက်ဆုံး အကြောက်တရားတွေ မကြာခင်ဖြစ်လာတော့မှာကို ကျွန်မ စိုးရိမ်မိတယ် .. ဒါပေမဲ့ ဒါက ကျွန်မတို့အတွက် အခွင့်ကောင်းဆိုလည်း မမှားပါဘူး .. ကျွန်မ ပြန်ရောက်သွားရင် တစ်ချို့ကိစ္စလေးတွေ စီစဉ်ရဦးမယ် .. နောင်ဖြစ်လာမယ့်တိုက်ပွဲတွေအတွက် ပြင်ဆင်ရမှာ…”
ချူဖုန်း ထိတ်လန့်သွားရသည်။ လင်းနွိုင် အသေးစိတ်မပြောသော်လည်း သိပ်မဝေးသည့်အနာဂတ်၌ သူမကို စောင့်ကြိုနေသည့် ပြဿနာများစွာ ရှိနေကြောင်း သူ ခန့်မှန်းမိသည်။
“လောကကြီးက အခုလိုမျိုး အခြေအနေထိရောက်အောင် ဆုတ်ယုတ်လာတဲ့အချိန်မှာ ဒိမ်ဒီက တိုင်းပြည့်ကို ဦးဆောင်နိုင်တဲ့ တစ်ခုတည်းသော ကုမ္ပဏီမဟုတ်တော့ဘူး .. ဘောဓီလိုမျိုး လုပ်ငန်းစုတွေလည်း ကျွန်မတို့ ‘ဝိညာဉ်မြစ်’လို့ခေါ်တဲ့ ဟာတွေကို လိုက်ရှာနေတာ .. ကျွန်မတို့ ဒီအမြစ်တွေကို ရှာနိုင်မှ သူတို့ရှေ့ရောက်နေမှာ”
ချူဖုန်း ဖြတ်မပြောပဲ တိတ်တဆိတ် နားထောင်နေလိုက်သည်။
“တိုင်ဟန်းတောင်က နောက်ပိုင်း ကျွန်မတို့ရှာတွေ့ထားတဲ့ နေရာတွေထဲက တစ်နေရာပဲ .. တကယ်တမ်းတော့ ပိုပြီးနာမည်ကြီးတဲ့ တောင်တွေ၊ မြစ်တွေ အများကြီး ရှိသေးတယ် .. အဲဒီနေရာတွေက တိုင်ဟန်းတောင်ထက် အဆပေါင်းများစွာ ပိုကြီးပြီး နာမည်လည်းပိုကြီးတယ် .. အဲဒီတော့ အဲဒီနေရာတွေမှာ တိုင်ဟန်းတောင်က ထင်းရှူးပင်လိုမျိုး အပင်တွေ အနည်းဆုံး တစ်ပင်၊ နှစ်ပင်တော့ရှိတယ်”
ချူဖုန်း စိတ်လှုပ်ရှားသွားရသည်။ “အဲဒီတော့ နိုင်ငံတစ်ဝှမ်းက နာမည်ကြီးတဲ့ တောင်တွေနဲ့မြစ်တွေမှာ ထူးဆန်းတဲ့အပင်တွေ ရှိနေမှာလို့ ပြောချင်တာလား..”
“ဟုတ်တယ် .. ရှင်သိထားတာထက်ကို ပိုထူးဆန်းတဲ့ နေရာတွေရှိတယ် .. အဲဒီနေရာတွေအားလုံး နီးပါးမှာ ထူးခြားတဲ့အပင်တစ်ပင် ရှိလိမ့်မယ် ပြီးတော့ သူတို့ဝိညာဉ်မြစ်ကလည်း မိုင်ပေါင်းများစွာကို ရှည်နိုင်တယ်..” လင်းနွိုင် သူ့ကို ပြောပြလာသည်။
ချူဖုန်း အံ့အားသင့်သွားရသည်။ လင်းနွိုင်ပြောသည်သာ အမှန်ဆိုလျှင် ထိုမိုင်ပေါင်းများစွာရှည်သည့် ဝိညာဉ်အမြစ်များမှ ထူးဆန်းသည့်သစ်ပင်ပေါက်လာလိမ့်မည်။ ပြီးလျှင် ထိုအပင်မှ အသီးများ၊ အစေ့များ ထွက်လာလိမ့်မည်။ ကြောက်စရာကောင်းလှသည့် အကျိုးဆက်ကြီးကို သူ တွေးကြည့်နိုင်သည်ပင်။
“ဒီလောကကြီးက ပြောင်းလဲနေတာ … ပိုပြီးတော့တောင် ခန့်မှန်းလို့မရတာတွေ ဖြစ်လာတော့မှာ .. ငါတို့လိုအင်အားကြီးတဲ့သူတွေက ဒီအရှုပ်အထွေးတွေထဲမှာ ရှင်သန်ချင်ရင် ငါတို့ နာမည်ကြီးတဲ့တောင်တွေ၊ မြစ်တွေထဲက တစ်နေရာကို ပိုင်မှဖြစ်လိမ့်မယ်..” လင်းနွိုင် ပြောလာသည်။
တိုင်ဟန်းတောင်မှ တိုက်ပွဲမှာ အစသာ ရှိသေးသည်။
“လုံဟူတောင်၊ ဖူထော်တောင်၊ စုန့်တောင်၊ အဲ့မင်တောင်၊ ကျုံးနန်တောင် .. ဒီတောင်တွေက ကျွန်မတို့ အနိုင်ယူဖို့ ယာထားတဲ့တောင်တွေပဲ .. ဒါပေါ့ အောင်မြင်မှုတစ်ခုစီတိုင်းမှာ သွေးလွှမ်းတဲ့တိုက်ပွဲတွေတော့ ရှိမှာပေါ့”
လင်းနွိုင် ပြောသည့်စကားများမှာ သူ့ရင်ကို လှုပ်ခတ်သွားစေခဲ့သည်။
“မိသားစုတစ်ခုကို တစ်တောင်စီ ယူလိုက်ရင် ပြီးရောမလား .. အဲဒါဆို ငါတို့ တိုက်စရာမလိုတော့ဘူး..” ချူဖုန်း ပြောလိုက်သည်။
လင်းနွိုင် ခေါင်းခါလိုက်ကာ “ကျွန်မတို့တွေ အခုထိ တစ်တောင်မှ မရသေးဘူး..”
“အဲဒီလောက်တောင် ခက်တာလား..”
“သန္ဓေပြောင်းသားရဲတွေ စလှုပ်ရှားလာပြီ .. ဒီနေ့ညနေ ကျွန်မရခဲ့တဲ့ နောက်ဆုံးသတင်းမှာဆိုရင် စုန့်တောင်မှာ တစ်ချို့ဘောဓိသစ်ပင်တွေ တောက်ပနေတယ်တဲ့ .. အဲဒီအပင်တွေအောက်မှာ ကျွန်မတို့ စိတ်ဝင်စားနေတဲ့ ဝိညာဉ်အမြစ်တွေ ရှိလောက်တယ် .. ဒါပေမဲ့ အဲဒီအမြစ်တွေကို သွားယူဖို့ ဘောဓိလုပ်ငန်းစုက လွတ်လိုက်တဲ့လူတွေ အရှုံးကြီးရှုံးပြီး ပြန်လာကြတယ်တဲ့..” လင်းနွိုင် ပြောပြလာသည်။
“အဲဒီမှာ ဘယ်သူရှိလို့လဲ..” ချူဖုန်း နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။
“လူဝံတစ်ချို့ပါ..”
“လူဝံတစ်ချို့က ဘောဓိက တိုက်ခိုက်ရေးသမား တစ်ဖွဲ့လုံးကို တိုက်ခိုက်နိုင်တာလား..” ချူဖုန်း၏မျက်နှာထက်၌ အံ့အားသင့်သည့် အရိပ်အယောင် ရှိနေသည်။
ဘောဓီလုပ်ငန်းစုတွင် ဗုဒ္ဓတပည့်ဟု ခေါ်နိုင်သည့် တိုက်ခိုက်ရေးသမား ရှိသည်။ သူတို့၏စွမ်းအားနှင့် စွမ်းရည်များမှာ မယှဉ်နိုင်လောက်အောင်ပင်။ ထို့ကြောင့် သူတို့ကို သားရဲများ အနိုင်ယူလိုက်သည်ဆိုသည်မှာ ယုံချင်စရာမကောင်းသည့် ကိစ္စပင်။
စုန့်တောင်မှာ သာမန်တောင်မဟုတ်။ တောင်ထိပ်တွင် နှစ်ပေါင်း ထောင်ပေါင်းများစွာ ရှိနေသည့် ရှေးဟောင်းဗုဒ္ဓဘုရားကျောင်း ရှိသကဲ့သို့ တောင်လျှောစောက်တစ်လျှောက်တွင်လည်း ဘုရားကျောင်းများစွာ ရှိနေသည်။
“အဲဒီမှာ ဉာဏ်အကောင်းဆုံး လူသားနဲ့ ယှဉ်နိုင်တဲ့ လူဝံအိုကြီးတစ်ကောင် ရှိနေတယ် .. အဲဒီမျောက်ဝံက ကွန်ဖြူးရှပ်စာတွေကို အလွတ်ကျက်နိုင်တယ်လို့ ကြားတယ်..” လင်းနွိုင် ပြောပြလာသည်။
တောင်ပေါ်မှ ဘုရားကျောင်းများအားလုံးကို ထိုတောရိုင်းကောင်များ နေရာယူထားကြသည်။ တစ်ချိန်က မြင့်မြတ်တန်ခိုးကြီးသည့် ဘာသာရေးကျောင်းများက ယခုအချိန်တွင် မျောက်နှင့် မျောက်ဝံများ စုစည်းရာနေရာဖြစ်နေလေပြီ။
“အဲဒီတော့ အဲဒီဗုဒ္ဓတပည့်ဆိုတာက ဘာလဲ..” ထိုလူလတ်ပိုင်းအမျိုးသား အဘယ်ကြောင့် အခြားသူများထက် စွမ်းအားကြီးနေသည်ကို သူသိချင်သည်။
“လွန်ခဲ့တဲ့ ၂၁ နှစ်က မူမိသားစုက ကလေးက အသီးတစ်လုံးကို မတော်တဆ မြိုချမိခဲ့တယ်” လင်းနွိုင်သည် ဗုဒ္ဓသားတော်အကြောင်းမပြောပဲ မူမိသားစုမှ လူအကြောင်း ပြောလာသောကြောင့် ချူဖုန်း အတော်လေး အံ့အားသင့်သွားရသည်။
“နောက်ပိုင်း အဲဒီကလေးက ပြောင်းလဲလာပြီးတော့ ပြိုင်ဘက်ကင်းစွမ်းအား ရလာတာ” လင်းနွိုင် သူ့ကို လေးနက်စွာကြည့်ပြီး ပြောလာသည်။
လွန်ခဲ့တဲ့ ၂၁ နှစ်ကတည်းက ဆင့်ကဲပြောင်းလဲတဲ့ အသီး ရှိနေတာလား .. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..
“သူက မူရဲ့ အစ်ကိုကြီးပဲ .. သူက လူရှေ့သိပ်မထွက်ဘူး..” လင်းနွိုင်သည် စကားပြောပြီးသည်နှင့် ချက်ချင်း မတ်တပ်ရပ်ကာ ထွက်သွားလေသည်။
သူမ၏ပြီးပြည့်စုံသည့် အရိပ်လေး အမှောင်ထုထဲ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ချူဖုန်း ကြည့်ကာ အတွေးများနေသည်။
“သူက အရမ်းကို ထက်မြက်ပြီး အရိပ်အကဲကြည့်တတ်တာပဲ .. ငါဘယ်သူလဲဆိုတာ သူ သိသွားပြီလား..”
အပိုင်း ၇၁ ပြီး၏။