ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၇၀ – မျှော်လင့်ချက်
ထင်းရှူးပင်အောက်၌ တွေ့ခဲ့သည့် မြေကြီးမှာ အတော်လေး ထူးခြားလှသောကြောင့် နွားဝါလေး ကျေနပ်နေသည်။
“ထုတ်လာခဲ့လိုက်..” ချူဖုန်း အလောတကြီး ပြောလိုက်သည်။
နွားဝါလေးသည် တက်ကြွစွာဖြင့်ပင် သူ့ခန္ဓာကိုယ်၌ တွဲလောင်းချထားသည့်အိတ်ထဲမှ မြေကြီးခဲကို ထုတ်လာကာ ခြံထဲရှိ ကျောက်စားပွဲပေါ် ဂရုတစိုက် တင်လိုက်သည်။ ချူဖုန်း ထိုမြေကြီးခဲကို ချက်ချင်း စိတ်ဝင်စားသွားရသည်။
မြေကြီးခဲသည် သာမန်မြေကြီးခဲနှင့်မတူပဲ ကြည်လင်တောက်ပနေသည်။ ပို၍အရေးကြီးသည်မှာ မြေကြီးခဲသည် လူကြီးတစ်ယောက်၏ လက်သီးအရွယ်အစားရှိသည်။
ချူဖုန်း ယခင်က ကောက်ယူခဲ့သော မြေကြီးခဲများမှာ လက်သည်းခွံအရွယ်အစားသာရှိသည်။ ဤအခဲကြီးနှင့်ယှဉ်လျှင်တော့ အတော်လေး သေးငယ်လှသည်ပင်။
မြေခဲကြီးအား သေချာကြည့်မည်ဆိုလျှင် အထဲဘက်ရှိ ကျောက်စိမ်းတုံးများမှာ သဘာကော်ဖြင့် သိပ်သည်းစွာ ကပ်နေသည်ကို တွေ့ရမည်ပင်။
မြေခဲကြီးမှာ အရောင်နှစ်ရောင်တောက်ပနေ၏။ ခရမ်းရောင်ထဲ၌ အစိမ်းရောင်လေး တောက်ပနေသည်ပင်။ ဤနှစ်ရောင်မှာ ထင်းရှူးပင်အရောင်၊ ထင်းရှူးသီးအရောင်နှင့် ဆက်ဟပ်နေသည်။
“ဒါတွေက ငါတို့မြက်ပင်အောက်မှာ တွေ့ခဲ့တာတွေထက် ပိုကောင်းတယ်” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။
အစပိုင်းတွင် ချူဖုန်း အံ့အားသင့်နေသော်လည်း နောက်ပိုင်းတွင် သူ့အပြုံးမှာ တစ်ဖြည်းဖြည်း တောက်ပလာသည်။
နွားဝါလေးလည်း ပြုံးဖြီးနေသည်ပင်။
သူတို့နှစ်ဦးလုံး အတော်လေး မျှော်လင့်နေကြသည်ပင်။ ယခုတစ်ခေါက်တော့ သူတို့ အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်ပင်။
“အစေ့တွေ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး..”
ချူဖုန်း ပန်းခြံထဲသို့ သွားပြီးနောက် အစေ့အပေါ်အုပ်ထားသည့် မြေကြီးများကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။ ယခင်တစ်ခေါက်က ထိုအစေ့များပေါ်၌ ထူးဆန်းသည့်မြေကြီးတစ်ချို့ ပုံခဲ့သေးသည်ပင်။
“နည်းနည်းတော့ ပြောင်းလဲနေတယ်..”
စိုစွတ်နေသည့်မြေကြီးအောက်တွင် အခြားအစေ့များထက် အနည်းငယ် ဖောင်းနေသည့်အစေ့ကို တွေ့လိုက်ရသည်။ ထိုအစေ့သည် အညှောင့်မထွက်သေးသော်လည်း ယခင်ကထက်တော့ ပိုစိမ်းစိုလာသည်။ ဤသည်မှာ ကောင်းသည့်လက္ခဏာပင်။
သို့သော် အမြစ်မထွက်မသေးသောကြောင့် ဘာမှလုပ်၍မရသေး။
နွားဝါလည်း ပန်းခြံထဲရောက်လာကာ အစေ့များကို သေချာလေ့လာနေသည်။
“ဒီတစ်စေ့ပဲ နည်းနည်းပြောင်းလဲနေတာ..”
အခြားအစေ့များ တူးကြည့်သည့်အချိန်တွင် သူ စိတ်ပျက်သွားရသည်။ အခြားနှစ်စေ့မှာ ရှုံ့တွနေဆဲပင်။
အစေ့နှစ်စေ့ထဲမှ တစ်စေ့သည် လူအိုကြီးကဲ့သို့ ရှုံ့တွခြောက်ကပ်နေပြီး အနက်ရောင်သန်းနေသည်။ ကျန်သည့်တစ်စေ့မှာတော့ အညိုရောင်ဖြစ်ပြီး တစ်ခုခုဖြင့် ဖိခံထားရသကဲ့သို့ ဘဲဥပုံဖြစ်နေသည်။ ဤနှစ်စေ့မှာ စတွေ့သည့်အချိန်ကအတိုင်း ရှိနေဆဲပင်။ နည်းနည်းလေးမှ မပြောင်းလဲခဲ့။
ကြည့်ရသည်မှာ ဤနှစ်စေ့ အပင်ပေါက်ရန်အတွက် အလွန်ခက်ခဲလိမ့်မည်။
“ငါတို့ဒီနေ့ ရခဲ့တဲ့ မြေကြီးတွေအားလုံးကို ပထမအစေ့ပေါ်ပဲ ပုံထားလိုက်တော့..” သူ ပထမတစ်စေ့အပေါ်တွင်သာ အားစိုက်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
နွားဝါလေးလည်း သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။
သို့သော် သူတို့ပြဿနာမှာ ဤအစေ့များ အပင်ပေါက်ရန်အတွက် အချိန်အလွန်ကြာလိမ့်မည်။
မြွေဖြူမှာ ဤနားတစ်ဝိုက်၌ ရှိနေသောကြောင့် သူတို့ ကြောက်ရွံ့နေကြရသည်ပင်။
နွားဝါလေး ပျောက်သွားသည်။ လပေါင်းများစွာသည်အထိ ဤနေရာ ဘာမှမဖြစ်နိုင်သည်ကို အတည်ပြုရန် နွားရိုင်းနက်ကြီးထံ သွားနေခြင်းပင်။
နွားဝါလေးသည် လွန်ခဲ့သည့်စက္ကန့်ပိုင်းက သူ ပျောက်သွားသည့်ပုံစံအတိုင်းပင် ခြံထဲရုတ်တရက်ဝင်လာသည်။ ယခုအချိန်တွင် အစေ့များအတွက် စိုးရိမ်စရာမရှိကြောင်း နွားပေါက်လေး ချူဖုန်းကို ပြောလာသည်။
မည်သို့ပင်ဖြစ်စေ ဘုရင်အချင်းချင်း ပိုသိကြမည်ပင်။
“ဒီအစေ့ မြန်မြန်အပင်ပေါက်လာရင် ကောင်းမှာပဲ..” နွားဝါလေး ပြောလာသည်။
နွားရိုင်းနက်ကြီးသည် မကြာခင် သူ မီးတောက်တောင်တန်းများထံသို့ အရင်ပြန်သွားမည်ဖြစ်ပြီး နွားပေါက်လေးကိုလည်း သူနှင့်အတူ ခေါ်သွားမည်ဟု ပြောခဲ့သည်။ ဤသည်မှာ နွားပေါက်လေး မကြာခင် ဤနေရာမှ ထွက်သွားတော့မည်ဟု ဆိုလိုခြင်းပင်။
“နွားရိုင်းနက်ကြီးက အစစ်လား..” ချူဖုန်း အံ့အားသင့်သွားရသည်။
မီးတောက်တောင်တန်းဆိုသည်မှာ ခွန်းလွန်တောင်တန်းအနား၌ ရှိနေသည်ပင်။
နွားပေါက်လေးသည် ခွန်းလွန်တောင်တန်းကို အမြဲတမ်းသွားချင်နေသည့်သူ ဖြစ်သောကြောင့် သူ ဤအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်။
“အဲဒီသစ်ပင်လေး ဘယ်လိုနေလဲ..” ချူဖုန်း မေးလိုက်သည်။ ကြေးတောင်၌ ပေါက်နေသည့် သစ်ပင်လေးကို သူ စိတ်ထဲ စွဲနေခဲ့သည်။
“နွားရိုင်းနက်ကြီး သေချာမပြောပြဘူး .. နောင်ကျရင် သူငါ့ကို ခေါ်သွားပြမယ်လို့ပဲ ပြောထားတာ..” နွားဝါလေး စာရေးပြလာသည်။
ချူဖုန်း ထိုအစိမ်းရောင်အစေ့နှင့် နွားဝါလေး ယူလာခဲ့သည့် ထင်းရှူးပင်အောက်မှ မြေကြီးတို့ကို သေတ္တာဆွဲပုံးထဲ ထည့်လိုက်သည်။
သူ မြက်ပင်အောက်ခြေများမှ ယူခဲ့သည့် မြေကြီးများလည်း အလဟဿဖြစ်မသွား။ အားလုံးကို မြေကြီးဆွဲပုံးထဲ ထည့်လိုက်သည်။ ထို့အပြင် သူ မြေဩဇာအချို့လည်း ထည့်လိုက်သည်ပင်။
တစ်နေ့နေ့ ဤနေရာသာ တစ်ခုခုဖြစ်လာလျှင် သူ ဤသစ်သားဆွဲပုံကို ဆွဲပြီးပြေးရန်သာလိုသည်။
အစေ့ကို ရေလောင်းပြီးသည်နှင့် လူတစ်ယောက်နှင့် နွားတစ်ကောင် ဆွဲပုံးဘေး၌ထိုင်လိုက်ကြသည်။ အစေ့ကို အခုချက်ချင်းပင် အမြစ်ထွက်ပြီး အညှောင့်ပေါက်လာရန် မျှော်လင့်နေကြလေ၏။
ချူဖုန်းသည် ဤအစေ့ပေါ်၌ မျှော်လင့်ချက်ပုံထားသောကြောင့် ထင်းရှူးစေ့ကို မထိသေး။
ဤအစေ့မှ အံ့အားသင့်စရာများဖြစ်လာလိမ့်မည်ဟု သူယုံကြည်သည်။
နွားဝါလေး ခြံထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ သူ စိတ်ပူနေသလို အနည်းငယ်လည်းစိတ်ရှုပ်ထွေးနေသည်။ သူသည် လမ်းလျှောက်လိုက် သေတ္တာဆွဲပုံးကိုကြည့်လိုက် လုပ်နေလေသည်။
ထိုအချိန်တွင် ချူဖုန်း၏ဖုန်း ရုတ်တရက် မြည်လာသည်။ ခေါ်လာသည့်သူမှာ သူ့အမေပင်။
“အမေ..” ချူဖုန်း ဖုန်းပြန်ဖြေလိုက်သည်။
ဖုန်း၏အခြားတစ်ဖက်မှ သူ့အမေ၏စိုးရိမ်နေသည့်အသံထွက်ပေါ်လာသည်။ “သား ချင်းရန်ရွာမှာ ရှိနေတုန်းလား..”
တိုင်ဟန်းတောင်၌ ဖြစ်ပျက်နေသည့်သတင်းများကြောင့် အပြင်လောကတစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်နေလေပြီ။ ထိုတောင်တန်း၌ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီဖြစ်သည်။
မီတာတစ်ရာကျော်ရှည်သည့် မြွေကြီးသည် လူသားတို့၏ ကြောက်စရာအကောင်းဆုံးလက်နက်များကိုပင် ခံနိုင်ရည်ရှိကြောင်း အားလုံး သိသွားပြီဖြစ်သည်။
ခဏကြာပြီးနောက် ဤသတင်းသည် နိုင်ငံတစ်ခုတည်းအတွင်းသာမဟုတ်တော့ပဲ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်။ ဤသည်မှာ ကမ္ဘာကြီး ကပ်ဆိုက်ကတည်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများအနက် အဆိုးရွားဆုံး ကိစ္စတစ်ခု ဖြစ်လိမ့်မည်ပင်။
“ကျွန်တော် အဆင်ပြေပါတယ် .. အမေ စိတ်ချပါ .. ကျွန်တော် အမေတို့ဆီ တတ်နိုင်သမျှ မြန်မြန်လာခဲ့မယ်”
ချူဖုန်း သူ့အမေ စိတ်အေးအောင် ပြောလိုက်သည်။ သူသည် ရွာထဲမှ ထွက်လာသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း၊ ယခု သူ့သူငယ်ချင်းအိမ်၌ ရောက်နေခြင်းဖြစ်ကြောင်း လိမ်ပြောလိုက်သည်။
ဖုန်းပြောသည်မှာ အတော်လေး ကြာသွားသည်။
သူ သတင်းများ ရှာဖတ်လိုက်သည့်အချိန်တွင်မှ အပြင်ဘက်တွင် ဤကိစ္စကြောင့် မည်မျှအုတ်အော်သောင်းတင်းဖြစ်နေသည်ကို သူ သိလိုက်ရသည်။
အင်တာနက်ပေါ်၌ မြွေဖြူကြီး တောင်တစ်တောင်ကို ရစ်ပစ်ပြီး နှစ်ပိုင်းပိုင်းပစ်လိုက်သည့်ပုံ တင်ထားသည်။ ဤပုံမှာ ကမ္ဘာတစ်ဝှမ်းမှ အင်တာနက်အသုံးပြုသူများကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။
ထို့အပြင် ထိုနေရာ၌ ရှိနေခဲ့သည့် သန္ဓေပြောင်းလူများလည်း ထိုအဖြစ်အပျက်များကို ပြန်ပြောင်းပြောပြလာကြသည်။
ဤမြွေဖြူပေါ်လာသောကြောင့် တိုင်ဟန်းတောင်တန်းများကြား၌ လှည့်ပတ်သွားလာနေသည့် မြွေဖြူဒဏ္ဍာရီမှာ တကယ်ဖြစ်လာလေပြီ။
သို့သော် ကမ္ဘာအနှံ့တွင် ဤကဲ့သို့သော ဒဏ္ဍာရီမျိုးစုံ ရှိနေသည်။ အချို့ဒဏ္ဍာရီများမှာ ပို၍ပင် ကြောက်စရာကောင်းနေသေးသည်။ ဒီဒဏ္ဍာရီတွေရော အမှန်ဖြစ်လာမှာလား..
ဒဏ္ဍာရီတိုင်းသာ တကယ်ဖြစ်လာမယ်ဆိုရင် ကမ္ဘာကြီးက ဘယ်လိုတောင် ဖြစ်သွားမလဲ..
သတင်းအတော်များများကို ကြည့်ပြီး ချူဖုန်း ဖုန်းချထားလိုက်သည့်အချိန်တွင် နေပင် ဝင်သွားလေပြီ။
“ချူဖုန်း .. ငါ့ကို ကယ်ပါဦး..”
ရုတ်တရက် ကျိုးချွမ် ခြံထဲသို့ ကြောက်လန့်တကြား ပြေးဝင်လာလေသည်။
“ဘာဖြစ်လို့လဲ..” ကျိုးချွမ်မှာ ကြောက်စရာကောင်းသည့် အရာတစ်ခုခုကို ကြုံတွေ့ခဲ့ရသကဲ့သို့ မျက်လုံးများ ဂနာမငြိမ်ဖြစ်နေပြီး အသက်ရှူသံလည်းမြန်ဆန်နေသည်ပင်။
နွားဝါသည် အလွန်နိုးနိုးကြားကြားရှိနေသည်ပင်။ သူသည် ခြံဝင်းကိုကျော်ကာ တိုင်ဟန်းတောင်ဘက်သို့ ကြည့်လိုက်သည်။ မြွေဖြူကြီးပေါ်လာသောကြောင့် ကျိုးချွမ် ဤမျှ ထိတ်လန့်တကြား ဖြစ်နေသည်ဟု သူ ထင်လိုက်ခြင်းပင်။
“သတင်းဆိုးက ငါ့ကို မိုးကြိုးပစ်ချလိုက်သလိုပဲ..” ကျိုးချွမ် အော်ဟစ်နေသည်။
“မင်း အစ်ကို မတော်တဆဖြစ်လို့လား..” ကျိုးချွမ်းထံတွင် အခြားမြို့၌ အလုပ်လုပ်နေသည့် အစ်ကိုရှိနေသည်ကို ချူဖုန်း သိသည်။ ကမ္ဘာကြီး အုတ်အော်သောင်းတင်းဖြစ်သွားကာ လမ်းများ ပျက်စီးသွားသောကြောင့် သူ့အစ်ကိုမှာ ယခုထိတိုင် အိမ်ပြန်ရောက်မလာနိုင်သေး။
“မဟုတ်ဘူး..” ကျိုးချွမ် ခေါင်းခါလိုက်သည်။ သူသည် သူ့ကိုယ်သူ လက်ညှိုးထိုးကာ “ငါဖြစ်နေတာ..”
သူက ဘာတွေဖြစ်ခဲ့လို့ ဒီလောက်တောင် ထိန်းမနိုင်သိမ်းမရဖြစ်နေတာလဲ.. ချူဖုန်း သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။
“ငါ့ချိုတွေ ပြန်ပေါက်လာပြီ..” ကျိုးချွမ် အော်ဟစ်ညည်းတွားလိုက်သည်။
သူ့ဦးချိုတစ်စုံ မရှိတော့သဖြင့် အစောလေးကမှ သူ စိတ်အေးချမ်းသွားခြင်းပင်။
သို့သော် ထိုထင်းရှူးစေ့များကို စားလိုက်ပြီး နာရီအနည်းငယ်ကြာပြီးနောက် သူ့ဦးရေပြားများ ယားယံလာသည်။ ထို့နောက် သူ မှန်ထဲကြည့်လိုက်သည့်အချိန်တွင် ကျိုးသွားသည့်ဦးချိုများ ပြန်ပေါက်လာသည်ကို မြင်လိုက်ရသည်။
ချူဖုန်း ဆွံ့အသွားရ၏။ အမှန်တကယ်တွင် ထိုချိုများ ပြန်ပေါ်လာလိမ့်မည်ဟု သူထင်ထားပြီးသားပင်။
“မင်းကလည်း ချိုလေးတစ်စုံလေးပဲကို .. အဲဒီလောက် အဖြစ်သည်းမနေနဲ့..” ချူဖုန်း ကျိုးချွမ် နောက်ကျောကိုပုတ်၍ ပြောလိုက်သည်။
ကျိုးချွမ်သည် ရုတ်တရက် ငိုကြွေးလာကာ “ချိုက နှစ်ခုတည်းမဟုတ်ဘူး .. နှစ်ခုတည်းဆိုရင် ငါ ဒီလိုဖြစ်နေမှာမဟုတ်ဘူး..”
“ကြည့်လိုက် .. နောက်တစ်ခု ထပ်ရှိနေသေးတယ် .. ငါ့ခေါင်းမှာ ချိုသုံးခုရှိနေတယ်..” ကျိုးချွမ် သူ့ဆံပင်ကိုဖယ်လိုက်ပြီး ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။
သေချာပါသည်။ ကျိုးသွားသည့် ဦးချိုများ အသစ်ပြန်ပေါက်လာနေသည့်အပြင် ခေါင်းအလယ်တည့်တည့်၌ ဦးချိုတစ်ခု အသစ်ထွက်နေသည်။ ထိုဦးချိုမှာ အပေါ်သို့ တည့်တည့်ထောင်မတ်နေသည်ပင်။
“ဝိုး .. တတိယတစ်ခုလား..” ချူဖုန်းပင် အတော်လေး ဆွံ့အသွားရသည်။
ကျိုးချွမ် ခေါင်းမော့ကာ သက်ပြင်းချလိုက်သည်။ ဦးချိုနှစ်ခုနှင့်ပင်လျှင် သူ ရူးချင်ချင် ဖြစ်နေလေပြီ။ သူ ကံဆိုးလွန်းပြီး ယခုကဲ့သို့ သုံးခုမြောက်ဦးချို ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
နွားဝါ လှောင်ပြုံးပြုံးလိုက်သည်။ နွားပေါက်လေးသည် ကျိုးချွမ်နား ကပ်လာကာ တတိယမြောက်ဦးချိုကို သေချာခံစားကြည့်နေလေ၏။
ကျိုးချွမ်သည် ဒေါသထွက်လွန်းသောကြောင့် ဤကိုယ်ချင်းစာစိတ်မရှိသည့်ကောင်ကို ကိုက်ဆွဲပစ်ချင်လာသည်။
“မူး..”
နွားဝါလေး နူးညံ့စွာ အော်ဟစ်လိုက်ပြီးနောက် မြေပြင်ထက်၌ စာလုံးအချို့ ရေးပြလာသည်။ ဤဦးချိုများမှာ သူထင်ထားသလောက် ဆိုးရွားမည်မဟုတ်ကြောင်း၊ နောင်ကျလျှင် နွားမိသားစု၌ သူ နေရာကောင်းတစ်ခု ရလိမ့်မည်ဖြစ်ကြောင်း ပြောလာခြင်းပင်။
“မင်း .. ထွက်သွားစမ်..” ကျိုးချွမ် နွားပေါက်လေး၏ ခွပေါ်သို့ ဒေါသတကြီး တက်နင်းလိုက်သည်။
ညနေပိုင်းတွင် ချူဖုန်းနှင့် နွားဝါလေးတို့ ခြံထဲ၌ ထိုင်နေကြသည်။ သူတို့နှစ်ဦးသည် လရောင်ခံစားနေသည့်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သူတို့သည် သစ်သားဆွဲပုံးထဲမှ မြေကြီးများကို ကြည့်နေခြင်းပင်။ သူတို့သည် ယခုချက်ချင်း အံ့ဩဖွယ်ဖြစ်ရပ်မျိုး ဖြစ်စေချင်နေကြသည်ပင်။
“တစ်ယောက်ယောက် လာနေတယ်..”
ရုတ်တရက် ချူဖုန်း သတိကြီးကြီးဖြစ်သွားသည်။
နွားဝါလေးလည်း တတိယလူ၏တည်ရှိမှုကို အာရုံခံမိသည်ပင်။ သူ ထင်းရှူးစေ့စားလိုက်ကတည်းက သူ့အသိစိတ်မှာ ဆယ်ဆခန့် ပို၍ စူးရှလာပြီဖြစ်သည်။
“သွားပုန်းတော့ .. ငါ ထွက်လာလို့မပြောမချင်း မထွက်လာနဲ့..”
ချူဖုန်း အမိန့်ပေးလိုက်ပြီးနောက် မည်သည့်လျှို့ဝှက်ချက်မှ မပေါက်ကြားသွားစေရန်အတွက် သူ့အခန်းနှင့် ခြံထဲကို မြန်မြန်ရှင်းလိုက်သည်။
ကောင်းကင်ထက်၌ လမင်းကြီး သာနေသည်။ တိုက်ခိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ညအချိန်မှာ တိတ်ဆိတ်နေသည်။
အရိပ်မှာ ပိန်ပါးသွယ်လျသည့် အမျိုးသမီးတစ်ဦး၏အရိပ်ပင်။ သူမသည် လရောင်များ ခြံရံလျက် ကျက်သရေရှိစွာ လျှောက်လာနေလေသည်။
ဤလူမှာ လင်းနွိုင်ပင်။
အပိုင်း ၇၀ ပြီး၏။