Chapter – 7.2 ” ကျောင်းတော်ထဲကို ၀င်လာတဲ့ လူသစ်တွေ ”
°°°
ဟို့ယွိဟောင်က သူ့ရဲ့ အချိန်တွေကို ကောင်းကောင်းအစီအစဥ်ချထားပါတယ်။ နေ့ရက်တိုင်းမှာ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို မနက်ဖက်လေ့ကျင့်ပါတယ်။ အဲ့ဒီနောက် ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးကို နှစ်နာရီလေ့ကျင့်ပြီး သရဲအရိပ်ခြေလှမ်းနဲ့ ထူးဆန်းကောင်းကင်နည်းလမ်းတွေအပြင် တခြားနည်းလမ်းတွေကိုပါ အချိန်နဲ့လိုက်ပြီး လေ့ကျင့်ပါတယ်။ ကျန်ရစ်တဲ့ အားလပ်ချိန်တွေကိုတော့ အစာစားတဲ့အချိန်ကလွဲပြီး ထူးဆန်းကောင်းကင်နည်းလမ်းကိုသာ အဓိကထားပြီး လေ့ကျင့်တယ်။
၀ိညာဥ်စွမ်းအားက ၀ိညာဥ်ပညာရှင်တွေရဲ့အဓိကအခြေခံပါပဲ။ လက်ရှိအချိန်မှာ ထူးဆန်းကောင်းကင်နည်းလမ်းကို သူတတ်နိုင်သလောက် အများဆုံးလေ့ကျင့်ဖို့လိုမှန်း သူသိနေခဲ့တယ်။
” ဒီနည်းလမ်းက တကယ်ကိုမဆိုးဘူးပဲ လက်ရှိမင်းရဲ့အခြေအနေနဲ့ဆိုရင် အတော်လေးသင့်တော်တယ်….မင်းတို့လူသားတွေ တကယ်အရည်အချင်းရှိကြတာပဲ ”
ဟို့ယွိဟောင် လေ့ကျင့်နေတဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို သူ့ရဲ့မြင်ကွင်းတစ်ခုလုံးက ဖြူဖွေးသွားပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံကလဲ ပဲ့တင်ထပ်လာခဲ့ပြီး သူ့ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲကို ဆွဲခေါ်ခံလိုက်ရတယ်။
ဟို့ယွိဟောင်လဲ တအံ့တဩဖြစ်သွားခဲ့တာကြောင့် မေးမိပါတယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက်လား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပျင်းပျင်းရိရိနဲ့ ပြောလာခဲ့ပါတယ်။
” မင်းရဲ့ခန္ဓာကိုယ်အခြေအနေက အစောပိုင်းရက်တွေမှာတင် အတော်လေးကို ပြောင်းလဲသွားပြီးပြီ နောက်ဆုံးတော့ အခြေခံကောင်းကိုရလ်ိုက်ပြီးပဲ ခန္ဓာကိုယ်ရဲ့ တောင့်ခံနိုင်စွမ်းကလဲ အတော်လေးကို တိုးလာတယ်….မဆိုးဘူးမဆိုးဘူး မင်းကျင့်ကြံနေတဲ့ နည်းလမ်းတွေက မင်းအတွက်တော့ သင့်တော်တယ်…အထူးသဖြင့် ဒီတရားထိုင်တဲ့နည်းလမ်းနဲ့ မျက်လုံးကိုလေ့ကျင့်တဲ့နည်းလမ်းနှစ်ခုက အတော်လေးကောင်းတယ်…ငါမင်းကိုပေးထားတဲ့ ၀ိညာဥ်စွမ်းအားလေးခုကနေ အတော်လေး အကျိုးအမြတ်ရလိမ့်မယ်…မင်း၀ိညာဥ်စွမ်းရည်တွေကို သေချာပေါက် လေ့ကျင့်ပြီး နောက်ဆုံးတစ်ခုကို အလေးအနက်ထားရမယ်…အဲ့ဒါက မင်းရဲ့မျက်လုံးလေ့ကျင့်ရေးနည်းလမ်းနဲ့ ပေါင်းစည်းလိုက်မယ်ဆို အတော်လေး အသုံး၀င်လာမှာပဲ ဒါ့အပြင် အခြေခံ၀ိညာဥ်တိုက်ခိုက်မှုအစွမ်းကိုလဲ မင်းရထားပြီးပြီ အားလုံးခြုံကြည့်ရမယ်ဆို အခုအချိန် မင်းအခြေအနေက ငါထင်ထားတာထက် အများကြီးပိုကောင်းနေတာပဲ ”
” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်သေချာပေါက် ကြိုးစားအားထုတ်ပြီး ကျင့်ကြံပါ့မယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံကိုကြားပြီချိန်မှာ ဟို့ယွိဟောင်လဲ သူတကယ်ကို နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းရထားတာ အိပ်မက်မဟုတ်မှန်း သူအတည်ပြုမိသွားပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြီးပြောလာခဲ့တယ်။
” ငါပင်ပန်းနေပြီး ဒီတော့နားဖို့အချိန်လိုတယ် မင်းလက်ရှိနည်းလမ်းအတိုင်းသာ လေ့ကျင့်လိုက် အဆင့်တက်သွားမယ်ဆိုရင် ဒုတိယ၀ိညာဥ်စက်ကွင်းလိုလာလိမ့်မယ်…ဒါဆိုငါလဲ သေချာပေါက် နိုးလာမှာပဲ အဲ့ဒီအချိန်မှာ ရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်ကနေ အပြည့်အ၀ကောင်းမွန်တဲ့ သိုင်းပညာ၀ိညာဥ်အဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်…ဒါဆိုရင် မင်းရဲ့စွမ်းအားက အရေအသွေးလဲ တိုးတက်သွားမှာပဲ ”
” လိုအပ်တဲ့အချိန် အစ်ကိုကြီးကို ကျွန်တော်ဘယ်လိုရှာရမလဲ ”
သူက ပြန်ဖြေလိုက်ပါတယ်။
” အကယ်၍ မင်းမလွှတ်မြောက်နိုင်တဲ့ အန္တရာယ်တစ်ခုခုကို ကြုံရမယ်ဆိုရင် ငါသေချာပေါက် ထွက်လာမှာပေါ့ မစိုးရိမ်နဲ့ မင်းအသက်ရှင်နေမှ ငါလဲ အသက်ရှင်နိုင်မှာ ကောင်းပြီငါပြန်အိပ်တော့မှာ ”
အဖြူရောင်အလင်းတန်းတွေက ပျောက်ကွယ်သွားပြီတဲ့နောက် ဟို့ယွိဟောင်လဲ တရားထိုင်ရာကနေ နိုးလာခဲ့ပါပြီး သူလန့်နေခဲ့သလို အပြင်ဘက်ကောင်းကင်ကြီးကလဲ လုံး၀ မည်းမှောင်နေခဲ့တာကို သတိထားမိလိုက်ပါတယ်။ သူလေ့ကျင့်နေခဲ့တာ အနည်းဆုံးခြောက်နာရီတော့ ရှိသွားခဲ့ပါပြီး ထူးဆန်းကောင်းကင်နည်းလမ်းက ခန္ဓာကိုယ်ကို တိုးတက်လာစေခဲ့တာအမှန်ပါပဲ။
ညအချိန်ရောက်နေပြီဖြစ်တာကြောင့် သူလဲ ဆာလောင်လာခဲ့ပါတယ်။ အချိန်ကိုကြည့်မယ်ဆိုရင် သေချာပေါက် ထမင်းစားခန်းက ပိတ်သွားလောက်ပါပြီး ကံကောင်းစွာနဲ့ပဲ သူ့ရဲ့အ၀တ်ထုတ်ထဲမှာ အခြောက်အချမ်းလေးတစ်ချို့ ရှိနေခဲ့တယ်။ ဒါကြောင့် ရေတစ်ချို့ကိုသောက်ရင်း အရင်ဆုံးဆာလောင်မှုကို ဖြေဖျောက်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်လဲ ပြန်ပြီး ကျင့်ကြံတော့တယ်။
အရှေ့အရပ်က ခရမ်းရောင်ချည်ကို အသုံးပြုရင်း ထူးဆန်းတဲ့ စွမ်းရည်တစ်ချို့ကို စုပ်ယူပြီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့အခန်းထဲပို ပြန်၀င်လာခဲ့ပြီး ထန်မျိုးနွယ်ရဲ့ နည်းလမ်းတွေကို ကျင့်ကြံပြန်ပါတော့တယ်။ ဒီနည်းလမ်းတွေကို နားလည်သဘောပေါက်မှုက အတော်လေးကို ကောင်းမွန်လာခဲ့တယ်။ ဒါ့အပြင် သူလဲ စွမ်းအင်အများကြီးမကုန်ဆုံးပဲ ပေါ့ပေါ့ပါးပါး ကျင့်ကြံနေခဲ့ရုံပါ။
လေ့ကျင့်ပြီတဲ့နောက် ကောင်းကင်ကြီးက ပြန်လည်လင်းထိန်းလို့လာခဲ့ပါပြီး သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ ထမင်းစားခန်းထဲကို သွားပါတော့တယ်။ ထမင်းစားခန်းထဲ ရောက်ချိန်မှာတော့ အတော်လေးကို ဆူဆူညံညံ ရှိနေခဲ့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကို စတင် ကျင့်ကြံပြီတာကြောင့် သူအစာစားချင်စိတ်က မြင့်တက်လို့လာခဲ့ပါတယ်။ ခန္ဓာကိုယ်ကို အားကောင်းအောင်လုပ်ဖို့အတွက် သင့်တော်တဲ့အစာအာဟာရတွေ လိုအပ်နေခဲ့တယ်။ ဒါပေမယ့် သူ့မှာပိုက်ဆံသိပ်မရှိပါဘူး။ ကျောင်းလခတွေကို သူ့အစ်ကိုကြီးက ပေးထားခဲ့တဲ့အတွက် နောက်ထပ် ဘယ်လိုများ တောင်းဆိုနိုင်၀ံ့တော့မှာလဲ။
ကံကောင်းစွာနဲ့ပဲ မနက်စာအတွက် ရောင်းချတဲ့အစာအစားတွေက များများစားစားမရှိပါဘူး။ ဒါ့အပြင် အတော်လေးလဲ စျေးပေါပါတယ်။ ဟို့ယွိဟောင်လဲ ကြက်ဥတစ်ချို့နဲ့ ဆန်ပြုတ်တစ်ပန်ကန်ကို ၀ယ်လာခဲ့တယ်။ လက်ရှိအချိန်မှာ ကြေးပြားသုံးပြား သူကုန်သွားခဲ့ပါပြီး နောက်ဆုံးမှာတော့ ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပြီသား ဖြစ်သွားပါတော့တယ်။ ဒီနေရာမှာရှိတဲ့ အစားအသောက်တွေကအစ စျေးပေါတယ်လို့ သူထင်ထားခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အပြင်ကအစားအသောက်တွေထက် အများကြီးစျေးကြီးနေခဲ့တာပါ။ ဒါကိုရုတ်တရက် သတိထားမိသွားခဲ့ပါတယ်။
” ဆရာတူညီလေး အစာစားတဲ့အချိန် နှမြောနေလို့မဖြစ်ဘူးအာဟာရပြတ်လို့မဖြစ်ဘူး ကျောင်းတော်ထဲမှာ မင်းအစွမ်းအစနဲ့လုပ်နိုင်တဲ့ အလုပ်တစ်ချို့ရှိတယ်..စား၀တ်နေရေးအတွက် ဒီအလုပ်တွေလုပ်လို့ရတယ် ”
သူ့မသိခင်အချိန်မှာပဲ ပေ့ပေ့က ဟို့ယွိဟောင်ဘေးကို ရောက်လာခဲ့ပါတယ်။
” ဆရာတူအစ်ကိုကြီး ”
ဟို့ယွိဟောင်က ပျော်သွားခဲ့ပါတယ်။ အခုအချိန်ထိ ကျောင်းတော်ထဲမှာသူသိတဲ့လူက နှစ်ယောက်သာရှိခဲ့တာပါ။ အဲ့ဒါက ထန်ယာ့နဲ့ ပေ့ပေ့ပါပဲ။
ပေ့ပေ့ကတော့ တောင်းပန်တဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။
” ငါမင်းကို တိုက်ရိုက်ပိုက်ဆံမပေးတာ မင်းကိုယ်မင်း မှီခိုနိုင်ဖို့အတွက် မျှော်လင့်နေလို့ပဲ တိုက်ခိုက်ရေးစွမ်းရည်က လူတစ်ယောက်ရဲ့ အင်အားမှာ အစိတ်အပိုင်းတစ်ခုဖြစ်ဖို့ပဲ အရေးကြီးတယ်…လူတစ်ယောက်ရဲ့ တကယ်အင်အားအစစ်ဆိုတာက တခြားစွမ်းရည်တွေအများကြီးအပေါ်မှာ မူတည်တယ်…ဒီအထဲမှာ အရေးကြီးဆုံးကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရှင်သန်းနိုင်စွမ်းပဲ နားလည်လားမဟုတ်လား ”
” အစ်ကိုကြီးက ကျွန်တော်ကို အကူအညီအများကြီး ပေးပြီးပါပြီ ကျွန်တော်နားလည်တယ်..အခုလက်ရှိကျွန်တော်မှာ ငွေပြားတစ်ချို့ ရှိသေးတယ်…ကျောင်းဖွင့်တာနဲ့ ကျွန်တော်အလုပ်ရှာပြီးလုပ်မှာပါ ”
ပေ့ပေ့က သူ့ခေါင်းကိုပွတ်လိုက်တယ်။
” ဒါဆိုရင် အစ်ကိုကြီးသွားတော့မယ် သေချာပေါက် မှတ်ထား ပိုက်ဆံတွေကရှာလို့ရတယ်…ဒါပေမယ့် အစားအသောက်နဲ့ ပတ်သက်လာရင်း နှမြောနေလို့မဖြစ်ဘူး အာဟာရပြည့်အောင်စား ”
ဟို့ယွိဟောင်လဲ ပေ့ပေ့နဲ့အတူ ထမင်းစားခန်းအပြင်ကို လျှောက်လာခဲ့ပါတယ်။ သူ့အစ်ကိုကြီးပြောတဲ့စကားကို နားထောင်ပြီး သူ့ကိုယ်သူ တစ်နပ်တော့ ကောင်းကောင်းကျွေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့အခန်းကို ပြန်လာချိန်မှာတော့ တံခါးက ပွင့်နေတာကို တအံ့တဩတွေ့သွားခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ လန့်သွားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့အခန်းဖော် ရောက်လာပြီးမှန်း နားလည်သဘောပေါက်လို့သွားခဲ့တယ်။ ဒီတစ်ကြိမ်မှာပဲ အခန်းအပြင်ကို လူငယ်လေးတစ်ယောက်က လျှောက်လာပြီး ဟို့ယွိဟောင်ကို မြင်မြင်ချင် သူလဲ မျက်လုံးပြူးလို့သွားခဲ့တယ်။
အဲ့ဒီလူငယ်လေးက ချောမွေ့နူးညံ့တဲ့ အသားအရေးကို ပိုင်ဆိုင်လို့ထားခဲ့ပြီး မျက်လုံး၀ိုင်း၀ိုင်းတွေက ပုံမှန်မဟုတ်ပဲ ပန်းရောင်နဲ့ အပြာရောင်နှစ်မျိုးရောယှက်လို့နေခဲ့ပါတယ်။ သူ့ရဲ့ ဆံပင်တိုတိုတွေကလဲ အရောင်အတူတူပါပဲ။ ဒါ့အပြင် ရုပ်သွင်ကတော့ ပေ့ပေ့ထက်တောင် ပိုပြီး ချောမောခန့်ညားလို့နေခဲ့တယ်။ ဟို့ယွိဟောင် မြင်ဖူးသမျှထဲမှာ အခန့်ညားဆုံးသူလို့ ပြောရမှာအမှန်ပါ။ သူ့ရဲ့ အရပ်နဲ့ အသက်ကတော့ ဟို့ယွိဟောင်ရဲ့သိပ်ပြီးကွာပုံမပေါ်ပါဘူး။
” မင်းက ဘယ်သူလဲ ”
ဟို့ယွိဟောင်က အလိုအလောက်မေးလိုက်မိပါတယ်။
လူငယ်ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း တစ်ခွန်းသာပြန်ဖြေတယ်။
” ဘေးဖယ်စမ်း ”
ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို ဘေးကပ်လိုက်ပါတယ်။ လူငယ်က သူ့ကို ဖြတ်လျှောက်လို့သွားခဲ့ပြီး အခန်းအပြင်ကိုရောက်သွားခဲ့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို ပြန်လှည့်ကြည့်ရင်း ပြောလာခဲ့ပါတယ်။
” မင်းလဲ ဒီအခန်းထဲနေတာပဲ ဒီအခန်းကို မင်းကောင်းကောင်းသန့်ရှင်းထားမှတော့ အခုအချိန်မှာ မင်းငါနဲ့ အတူတူနေဖို့ ခွင့်ပြုပေးလိုက်မယ်…ဒါပေမယ့် သိထားရမဲ့စည်းမျဥ်းတစ်ချို့တော့ရှိတယ်…ပထမတစ်ချက် တခြားသူတွေကို ဒီအခန်းထဲ ကြုံသလိုမခေါ်လာရဘူး ဒုတိယတစ်ချက် ဒီအခန်းထဲမှာ စိတ်ပျက်စရာကောင်းလောက်အောင် ကိုယ်လုံးတီးနေတာ ငါမမြင်ချင်ဘူး…တတိယအချက်အနေနဲ့ ညအိပ်တဲ့အချိန်မှာ မဟောက်ရဘူး…စတုတ္ထအချက်အနေနဲ့ ငါ့ကို လာမရှုပ်ရဘူး ပဥ္စမအချက်အနေနဲ့ အနာဂတ်မှာလဲ အခန်းကိုသန့်ရှင်းအောင်ထားရမယ်…ဒါပေမယ့် ငါ့အိပ်ယာကိုတော့ လာမထိနဲ့ ရှင်းရှင်းလင်းလင်း နားလည်လား ”
လူငယ်ရဲ့ မောက်မာတဲ့ပုံစံကို မြင်ချိန်မှာတော့ ဟို့ယွိဟောင်လဲ ဒေါသထွက်လာပါတော့တယ်။
” ငါမင်းစကားကို ဘာလို့နားထောင်ရမှာလဲ ”
” နားမထောင်ချင်ဘူးဆိုရင် ငါမင်းကို အခန်းထဲကနေ ကန်ထုတ်ပြစ်လိုက်မယ်…အကယ်၍ မင်းမယုံဘူးဆိုရင် လာစမ်းကြည့်လိုက်လေ ”
ငယ်ငယ်ထဲကနေ မြို့စားအိမ်တော်မှာ လူအများကြီးအနိုင်ကျင့်တာကို ဟို့ယွိဟောင် ခံခဲ့ရတာပါ။ မောက်မာတဲ့လူတွေကို သူအမုန်းဆုံးပါပဲ။ ဒါကြောင့် သူပြန်ဖြေလိုက်ပါတယ်။
” အကယ်၍ မင်းတိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ရအောင် လာအပြင်သွားပြီး တိုက်ခိုက်မယ် ”
ဟို့ယွိဟောင်ရဲ့ မနာခံတဲ့ပုံစံကို မြင်ချိန်မှာ လူငယ်က ရယ်မောလိုက်ပါတော့တယ်။ သူ့အပြုံးက အတော်ကြီးကို ကြည့်လို့ကောင်းနေခဲ့တယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်လက်ပျက် ပုံစံက ဟို့ယွိဟောင်ရဲ့နှလုံးသားကိုပိုပြီး ဒေါသထွက်လာစေခဲ့ပါတယ်။
” ငါမင်းနာမည်ကို အခုအထိ မသိသေးဘူး ”
လူငယ်ကပြောချိန်မှာ ဟို့ယွိဟောင်က ပြန်ဖြေပါတယ်။
” လူတစ်ယောက်ရဲ့နာမည်ကို မမေးခင် ကိုယ့်နာမည်ကို အရင်ပြောသင့်တယ်မထင်ဘူးလား ”
” ငါ့နာမည်က ၀မ်သုန့် ”
” ငါက ဟို့ယွိဟောင် ”
၀မ်သုန့်ကတော့ ပြုံးလိုက်ရင်း ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်အနားကို ကပ်လာခဲ့ပါတယ်။
” ကောင်းပြီ မင်းရဲ့နာမည်က ကျောင်းတော်ထဲကနေ ပျောက်ကွယ်သွားရမယ်…သွားကြစို့ ငတုံးကောင် ”
သူပြောပြီတဲ့နောက် လှည့်ထွက်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်ကတော့ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း ၀မ်သုန့်နောက်ကနေ လိုက်လာခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိပ်မမြင့်မားပေမဲ့ သူ့ကို ဘယ်သူမှအနိုင်ကျင့်ခွင့် မပြုနိုင်ပါဘူး။ ဒါ့အပြင် အရှေ့မှာရှိတဲ့သူက သူ့နဲ့အနည်းဆုံးတစ်နှစ်တိတိ နေရမဲ့အခန်းဖော်ပါ။
အပိုင်း ၇•၂ ပြီး၏။