Switch Mode

Chapter – 69

အကျိုးအမြတ်ကို ခွဲဝေခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၉ – အကျိုးအမြတ်ကို ခွဲဝေခြင်း

ချူဖုန်း သတိကြီးကြီးထားကာ ပြန်လာခဲ့သည်။ အခြားသူများ သူ့နောက် လိုက်မလာနိုင်စေရန်အတွက် သူ့ကိုယ်သင်းနံ့နှင့် အသက်ရှူသံကိုပင် ပိတ်ထားခဲ့သည်။

ခြံထဲက လူက ဘယ်သူလဲ..

ခြံထဲတွင် သူ့ကိုကျောပေးထားသည့် လူရိပ်တစ်ခု ရှိနေသည်။ ထိုလူသည် ကြောင်ကြောင်ကြားကြား အဝတ်အစားများ ဝတ်ဆင်ထားသည်ပင်။

ထိုထူးဆန်းသည့်လူသည် တိုင်ဟန်းတောင်ဘက်သို့ ဦးညွှတ်လိုက်ပြီးနောက် ခြံထဲရှိ မြေကြီးများကို တူးဆွလာသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခုရှာနေသည့်ပုံပင်။

ထိုလူ တူးဆွနေသည့်နေရာမှာ သူ့ပန်းခြံဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် ချူဖုန်း မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ တိုင်ဟန်းတောင်မှ ရလာသည့်မျိုးစေ့သုံးစေ့လုံးကို ထိုနေရာ၌ စိုက်ထားသည်ပင်။ သူစိမ်းတစ်ယောက် ထိုမျိုးစေ့အား ယူသွားမည်ကို သူဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မည်နည်း..

ချူဖုန်းသည် လက်သီးမှ မိုးခြိမ်းသံ ထုတ်လွှတ်လိုက် ထိုလူထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ဝုန်း..

ထိုလူ၏တုံ့ပြန်မှုမှာ မြန်ဆန်လှသည်။ သူသည် နောက်လှည့်လာကာ ချူဖုန်းကို လက်သီးဖြင့် ပြန်ထိုးလာသည်။ သူတို့နှစ်ဦး၏လက်သီး လေထဲ၌ တွေ့ဆုံသွားသည်နှင့် သဲများလွင့်စင်သွားကာ ဤနေရာတစ်ခုလုံးလည်း တုန်ခါသွားသည်။

ချူဖုန်း လက်ကျဉ်သွားပြီး ကျူးကျော်လာသူကို ဒေါသတကြီး ကြည့်လိုက်သည်။

ထိုလူထူးဆန်းလည်း ချူဖုန်းကို ပြန်ကြည့်လာသည်။ ထိုလူသည် သူ့အင်္ကျီကို ဆွဲချွတ်လိုက်ပြီးနောက် ချူဖုန်းကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်လာလေ၏။ ဤလူမှာ နွားဝါလေးပင်။

“မင်း ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ..” နွားဝါလေး မြေပြင်ပေါ်၌ မြန်မြန်ရေးပြလာသည်။

ချူဖုန်း ဒေါသတကြီး အံကြိတ်လိုက်သည်။ “ဒီသောက်နွားက ငါ့ကိုဒီလိုမျိုး ကျိန်ဆဲရဲတယ်ပေါ့ .. သူတို့ဒီလောက် အတူတူဖြတ်သန်းလာခဲ့တာတောင်မှ သူ့ဆီကနေ စာနာမှုနည်းနည်းလေးတောင် မရဘူးပေါ့ .. သူ့ကို ရက်လွန်နေတဲ့အကင်တွေ ကျွေးပြီး သူ ခံစားနေရတာကို ကြည့်ချင်လိုက်တာ..” ချူဖုန်း စိတ်ထဲ တွေးလိုက်သည်။

နွားဝါလေး အော်ဟစ်လိုက်ကာ သူ ထိုမြွေကြီးထံမှ မည်ကဲ့သို့ ထွက်ပြေးလာသည်ကို အလျင်စလိုပင် ရေးပြလာလေသည်။

နွားရိုင်းနက်ကြီးသည် အနည်းငယ် သူရဲဘောကြောင်သော်လည်း သူသည် ထွက်ပြေးရာ၌ အတော်လေး ကျွမ်းကျင်သည်ဟု ပြော၍ရသည်။ နွားရိုင်းနက်ကြီးသည် နွားပေါက်လေးကို ခေါ်ကာ တိုင်ဟန်းတောင်အပြင်ဘက်သို့ ပြေးထွက်ခဲ့သောကြောင့် သူတို့နှစ်ဦးလုံး လွတ်မြောက်လာခဲ့သည်။

ခဏကြာပြီးနောက် နွားရိုင်းနက်ကြီးသည် တစ်နေ့ကျလျှင် သူ မြွေဖြူကြီးနှင့် တိုက်ခိုက်မည်ဖြစ်ပြီး ဤအနီးနားဝန်းကျင်၏ လုံခြုံရေးကို စိတ်ပူစရာမလိုကြောင်း နွားပေါက်လေးကို ပြောခဲ့သည်။

နွားရိုင်းနက်ကြီးပြောသည့်စကားများကို သူ တစ်ဝက်သာယုံသည်။ ထို့ကြောင့် သူတို့ အပြင်ရောက်သည်နှင့် ချူဖုန်းကို ချက်ချင်း သွားကယ်ပေးရန် နွားရိုင်းနက်ကြီးအား တောင်းဆိုခဲ့သည်။

နွားရိုင်းနက်ကြီးသည် ချက်ချင်းပင် သဘောတူကာ တွန့်ဆုတ်ခြင်းမရှိပဲ အန္တရာယ်များသည့် တောင်ထဲသို့ ထပ်ဝင်သွားလိုက်သည်။ ထိုအခိုက်အတန့်တွင် နွားရိုင်းနက်ကြီးသည် သူ၏သူရဲဘောကြောင်သည့်အပြုအမူများကို ဘေးချိတ်ကာ သတ္တိရှိရှိ ရဲရဲရင့်ရင့်ဖြင့် ဝင်သွားခဲ့သည်ပင်။

ခဏကြာပြီးနောက် နွားရိုင်းနက်ကြီး ဝမ်းနည်းသည့်မျက်နှာဖြင့် ပြန်ထွက်လာခဲ့သည်။ သူ ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် နောက်ကျသွားပြီဖြစ်ကြောင်း၊ ချူဖုန်း သေသွားပြီဖြစ်ကြောင်း နွားပေါက်လေးကို ပြောလာသည်။ သူ မြွေဖြူကြီးနှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကာ တောင်ကြောတစ်ခုလုံးကို ဖြိုချခဲ့သော်လည်း မြွေကို အနိုင်မယူနိုင်ခဲ့ကြောင်း၊ နောက်ဆုံးတွင်တော့ သူလည်း ရွေးချယ်စရာမရှိတော့ပဲ ပြန်ထွက်လာလိုက်ရကြောင်း ပြောလာသည်။

သူတို့တွေ့သည်မှာ ရက်ပိုင်းသာ ရှိသေးသောကြောင့် အလွန်ဝမ်းနည်းနေဖို့မလိုကြောင်း နွားဝါလေးကို နှစ်သိမ့်ပေးခဲ့သေးသည်ပင်။

ဤဇာတ်ကြောင်းမှာ ချူဖုန်းကို ဆွံ့အသွားစေခဲ့သည်ပင်။ “ဗလောင်းဗလဲနိုင်တဲ့အကောင် .. အဲဒီနွား သွားသေလိုက်ပါလား .. ဘာ ကြမ်းတမ်းတဲ့တိုက်ပွဲလဲ .. ဘာ တောင်ကို ဖြိုချတာလဲ .. အဲဒီနွား အဲဒီနေရာကို ရောက်မလာတာ..”

ဤသည်ကို ကြားလိုက်ရသည်နှင့် နွားဝါ‌လေး ပြောစရာစကားပင် မရှိတော့။

“ဒီနွားရိုင်းနက်ကြီးက ငါ့ထက်တောင် မျက်နှာပြောင်တိုက်တာပဲ..” နွားပေါက်လေး ရှက်သွားလေသည်။ သူ ဘာမှမလုပ်ခဲ့ပဲနဲ့ကို ဟိတ်ကြီးဟန်ကြီးလုပ်နေသေးတယ် .. အရှက်မရှိလိုက်တာ..

“နွားရိုင်းနက်ကြီးရှိနေတာက ငါ့မိသားစုရဲ့ ကံဆိုးမှုပဲ .. ငါ့မိသားစုမှာ ဒီလိုနွားမျိုးရှိနေတာကို သိရတဲ့အတွက် ငါလည်း ရှက်မိတယ်..” နွားဝါလေး ရေးပြလာသည်။

“မင်းလည်းသူ့ထက် မသာပါဘူး .. ဒီကိုပြန်ရောက်တာနဲ့ ငါ့အစေ့တွေကို ခိုးနေပြီ .. ဘယ်မှာလဲ သူငယ်ချင်းတစ်ယောက်အတွက် ဝမ်းနည်းကြေကွဲမှု .. မင်း ဘာလို့ မငိုတာလဲ .. သောက်ခွေးကောင်..” ချူဖုန်း နွားပေါက်လေးကို အော်ဟစ်လိုက်သည်။

ချူဖုန်း၏ စွပ်စွဲမှုများကို နွားပေါက်လေး ငြင်းဆိုလိုက်သည်။ သူ တိုင်ဟန်းတောင်ကို ဦးညွှတ်ပြီး သူ၏ဝမ်းနည်းမှုကို ပြသပြီးကြောင်း ပြောလာလေသည်။ ဤသည်မှာ သူ လုပ်နိုင်သမျှအကုန်ပင်ဖြစ်သည်။

“မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေ တော်လိုက်တော့.. ထင်းရှူးစေ့တွေ ဘယ်မှာလဲ .. အစေ့တွေ ဘယ်မှာလဲ.. မြန်မြန် .. ခွဲလိုက်ရအောင်..” ချူဖုန်း ဒဲ့တိုးပင် ပြောလိုက်သည်။ နွားပေါက်လေးနှင့် နွားရိုင်းနက်ကြီးတို့ အစေ့အတော်များများ ရလိုက်သည်ကို သူသိသည်။

“ဘာမှမကျန်တော့ဘူး .. အားလုံး အဲဒီနွားရိုင်းနက်ကြီး အစာအိမ်ထဲ ရောက်သွားပြီ..” နွားဝါလေး မြေပြင်ထက်၌ စာမြန်မြန်ရေးလိုက်ပြီး နောက်ဆုတ်သွားလေသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် နွားပေါက်လေးထံ၌ ထင်းရှုူးစေ့ အတော်များများ ရှိနေကြောင်း ချူဖုန်းသိသည်။ ချူဖုန်းသည် တွေဝေမနေပဲ အကာအကွယ်မရှိသည့် နွားပေါက်လေးထံသို့ တရှိန်ထိုး ပြေးသွားပြီး အစေ့များကို ထုတ်ပေးရန် အကြပ်ကိုင်လိုက်သည်။

နောက်ဆုံးတော့ နွားဝါလေး အရှုံးပေးလိုက်ကာ အစေ့များကို သူနှင့် မျှပေးရန် သဘောတူလိုက်သည်။

သူ ရက်ရောနေသောကြောင့် ခွဲပေးခြင်းမဟုတ်။ အသီးများကို သူ အများကြီးလိုမည်မဟုတ်ဟု ခံစားရသောကြောင့် ခွဲပေးခြင်းပင်။

ထင်းရှူးသီးမှာ လူကြီးတစ်ဦး၏လက်သီးပမာဏခန့်ရှိပြီး ထိုအသီးတွင် ထင်းရှူးစေ့ ၁၂၀ ရှိနေသည်။ ထင်းရှူးစေ့ တစ်ဝက်ကျော်ခန့်ကို သူတို့နှစ်ဦး ယူလာနိုင်ခဲ့သည်ပင်။

သူတို့ဘေးကင်းသည့်နေရာသို့ ရောက်သည်နှင့် နွားရိုင်းနက်ကြီးသည် ဆာလောင်မွတ်သိပ်နေသည့်သူကဲ့သို့ အစေ့သုံးဆယ်ခန့်ကို တစ်ခါတည်း စားပစ်လိုက်သည်။ ခဏကြာပြီးနောက် နွားရိုင်းနက်ကြီးသည် လျှာသပ်ကာ သူ တစ်ခါတည်းဖြင့် အစေ့အများကြီး မစားလိုက်သင့်ကြောင်း ပြောလာသည်။ နည်းနည်းလေးစားလိုက်ရုံဖြင့် သူ့ရည်မှန်းချက် ပြည့်မြောက်လောက်သည်။

ထို့နောက် နွားရိုင်းနက်ကြီးသည် အနားယူနိုင်မည့်နေရာရှာကာ အနားယူခဲ့သည်။ အစေ့များကို စားပြီး အနားယူအိပ်စက်လိုက်လျှင် မည်ကဲ့သို့ဖြစ်လာမည်ကို သူသိချင်သည်။

နွားဝါလေးကတော့ အိမ်ပြန်လာခဲ့သည်။ ချူဖုန်း ခွန်းလွန်တောင်မှ ယူလာသည့် မျိုးစေ့များကို သူယူချင်သည်။

‘မင်း နွားရိုင်းနက်ကြီးကို ဒီအစေ့တွေအကြောင်း မပြောခဲ့ဘူးမလား..” ချူဖုန်း မေးလိုက်သည်။ နွားရိုင်းနက်ကြီးသာ ဤအစေ့များအကြောင်း သိသွားလျှင် သူ ဤအစေ့များကို ပိုင်ဆိုင်ခွင့်ရတော့မည်မဟုတ်တော့။

“ငါက အဲဒီကောင်ကို ဘာလို့ ပြောရမှာလဲ..” နွားဝါလေးသည် လက်ကို ရင်ဘတ်ပေါ်သို့ တင်ထားကာ သူတို့ကြားမှ လျှို့ဝှက်ချက်ကို နွားရိုင်းနက်ကြီးအား ပြောမည်မဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး ထင်းရှူးစေ့များကို ခွဲဝေလိုက်ကြသည်။ နွားပေါက်လေးတွင် ထင်းရှူးစေ့ပေါင်း စုစုပေါင်း ၃၆ စေ့ရှိသည်။ အစေ့တိုင်းမှာ စိုဝင်းတောက်ပနေပြီး ခရမ်းရောင်တောက်ပနေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအစေ့များမှာ ထူးခြားကြောင်း သိနိုင်သည်ပင်။ အသီး၌ သင်းပျံ့ချိုမွှေးသည့်ရနံ့လည်း ရှိနေသည်။ အနံ့ရှူရှိုက်ရုံဖြင့်ပင် စိတ်ကိုငြိမ်းချမ်းစေနိုင်သည်ပင်။

“ဒီအစေ့စားပြီးသွားရင် ငါ အမြှီးပေါက်လာမလား ဂျိုပေါက်လာမလား..” ချူဖုန်း တွေဝေနေမိသည်။

သူ စမ်းကြည့်ချင်သော်လည်း ဖြစ်လာမည့် အကျိုးဆက်များကို ကြောက်နေမိသည်။

နွားဝါလေးလည်း ချူဖုန်း ဘေးနားရပ်ကာ အသီးများကို သေချာလေ့လာနေသည်။ ခန္ဓာကိုယ်ပြောင်းလဲရန်အတွက် အသီးလိုအပ်ခြင်းမဟုတ်ပဲ ဝတ်မှုန်လိုအပ်ခြင်းဖြစ်ကြောင်း သူ ပြောလိုက်သည်။

နွားဝါလေး အလွန်လေးနက်နေသောကြောင့် အဘယ်ကြောင့်ဝတ်မှုန်လိုအပ်သည်ကို ချူဖုန်း ထပ်မေးလိုက်သည်။

နွားပေါက်လေးလာခဲ့သည့် လောကတွင် မြင့်မြတ်သည့်နယ်မြေများစွာ ရှိပြီး ထိုနယ်မြေမှတပည့်များသည် အဆင့်တက်ရန်အတွက် ပန်းဝတ်မှုန်များကို စားသုံးရန် လိုအပ်ကြောင်း ပြောပြလာခဲ့သည်။

ထူးခြားသည့်အသီးနှင့် ရှားပါးသည့်မျိုးစေ့အားလုံးနှင့် ဝေးဝေးနေရန် ဤတပည့်များကို ပြောထားကြသည်။

ထို့ကြောင့် ဤအသီးကိုစားသုံးလျှင် သူတို့လေ့ကျင့်မှုများ ပျက်စီးသွားလိမ့်မည်ဟု နွားဝါ ကောက်ချက်ချထားခြင်းပင်။

“ဒါပေါ့ စည်းမျဉ်းစည်းကမ်းတွေမှာ အမြဲတမ်း ချွင်းချက်ရှိတယ် .. အသီးတွေ၊ အစေ့အဆံတွေစားပြီးတော့ အင်အားကြီးလာတဲ့ ထိပ်တန်းတိုက်ခိုက်သူတစ်ချို့ကို ငါသိတယ် .. အဲဒီတော့ အသီးက မကောင်းတဲ့အကျိုးသက်ရောက်မှုကို ဖယ်ပစ်ပြီး ကောင်းတဲ့ဟာကိုပဲ ယူနိုင်တဲ့ နည်းလမ်းရှိရမယ်..”

ချူဖုန်း ထပ်သိချင်သေးသော်လည်း နွားဝါလေးသည် သူလာခဲ့သည့်လောကအကြောင်း ထပ်မပြောချင်တော့။

ဤသည်မှာ သူတို့နှစ်ယောက်ကို အခက်တွေ့စေသည်။ အစေ့အဆံမှာ သူတို့ရှေ့၌ ရှိနေလေပြီ။ ဤအစေ့များမှာ သူတို့ စွမ်းအားမြှင့်တင်ပေးနိုင်သည့် အကောင်းဆုံးအစေ့အဆံများဖြစ်ကြောင်း သံသယဖြစ်စရာမလို။ သို့သော် ချူဖုန်း တွေဝေနေသေးသည်။ မသိနိုင်သည့်အရာအတွက် သူ့ဘဝကို မစွန့်စားလိုသေး။

“ခွပ်..”

နွားဝါလေး အစေ့များကို စားလိုက်သည်။ သူသည် ထူထဲလှသည့် အစေ့အခွံကိုပင် မခွာတော့ပဲ တစ်စေ့လုံး မျိုချလိုက်ခြင်းပင်။ ထို့နောက် နွားဝါလေး သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို သေချာစစ်ဆေးကြည့်လိုက်သည်။

သူ သစ္စာဖောက်ခံလိုက်ရသလို ချူဖုန်း ခံစားလိုက်ရသည်။ နွားပေါက်လေးက သူပြောသလိုမျိုး ဘာလို့ မစိုးရိမ်နေတာလဲ .. ဘာလို့ အစေ့တွေကို ဒီတိုင်း စားလိုက်တာလဲ.. သူ မကြောက်ဘူးလား..

“နွားနတ်ဆိုး..” ချူဖုန်း အော်ဟစ်လိုက်သည်။

အစေ့ကိုစားပြီးနောက် ဤကဲ့သို့ မူးဝေလာလိမ့်မည်ဟု နွားဝါလေး မထင်ထားခဲ့။ အစေ့မှာ လျင်မြန်စွာပင် အလုပ်လုပ်လာသောကြောင့် သူ အံ့အားသင့်သွားရသည်။ သူ့ခန္ဓာကိုယ်ထဲ၌ အပူလှိုင်းတစ်ခု စီးဆင်းနေသလို ခံစားနေရပြီး အရက်မူးသလို ဖြစ်နေသည်။

နွားဝါလေး၏ ပြောင်းလဲမှုများကို ချူဖုန်း သတိပြုမိသည်ပင်။ ဤသည်မှာ နွားဝါလေးပါးစပ်မှ အမှန်တရားတစ်ချို့ နှိုက်ထုတ်ရန် အခွင့်ကောင်းပင်။

“မင်း မကြောက်ဘူးလား .. မင်း အသီးရဲ့ဆိုးကျိုးတွေ ခံစားရရင် ဘယ်လိုလုပ်မလဲ..”

နွားဝါလေးသည် ယခင်ကလောက် အသိစိတ်ကပ်မနေသော်လည်း မောက်မာသည့်ကောင် ဖြစ်နေဆဲပင်။ “မင်းငါ့ရဲ့ ဒီရွှေရောင်ဂျိုနဲ့ရွှေရောင်အမွေးတွေကို မမြင်ဘူးလား … ငါက တစ်ခြားသားရဲတွေနဲ့ မတူဘူး..” နွားဝါလေး စာရေးပြလာသည်။

“ရွံစရာကောင်းတာတွေ လာပြောမနေနဲ့..” ချူဖုန်း နွားပေါက်လေးကို ပိတ်ရိုက်ပစ်ချင်မိသည်။

“ဒီလောကကြီးမှာ နတ်ဘုရားတွေ မျက်နှာသာပေးထားတဲ့ သက်ရှိတစ်ချို့ အမြဲတမ်း ရှိတယ် .. ကောင်းကင်ဘုံကိုး ချီးကျူးကြမယ် .. အာမင်..” ဤစကားလုံးများ ထပ်ရေးပြပြီးနောက် နွားပေါက်လေး တိတ်ဆိတ်သွားသည်။

ထင်းရှူးစေ့ ၁၂ စေ့ စားပြီးသည်နှင့် နွားပေါက်လေး ထပ်မစားတော့။

အမှန်တကယ်တွင် ၁၀ စေ့မြောက်စားပြီးကတည်းက သူ့ခန္ဓာကိုယ်၌ ပြောင်းလဲမှုများ မရှိတော့သည်ကို နွားပေါက်လေး ခံစားမိသည်ပင်။ ထို့ကြောင့် အစေ့များ ဆက်စားနေလည်း ဘာမှထူးမည်မဟုတ်တော့။

ချူဖုန်းမှာ စားရမလား၊ မစားရဘူးလား ‌တွေဝေနေဆဲပင်။

တစ်ချိန်တည်းမှာပင် မြွေဖြူကြီးသည် အနီးအနားရှိမြို့များ၌ နေထိုင်သည့်သူများအား သတ်ပစ်မည်ဟု ပြောခဲ့သည့်ကိစ္စကို သူပြန်အမှတ်ရသွားသည်။ ထိုသို့သာဆိုလျှင် သူတို့နှစ်ဦး ဤရွာမှ တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးရမည်။

“စိတ်မပူနဲ့..” နွားဝါလေး စာရေးပြလာသည်။ မြွေဖြူမှာ ဂုဏ်သိက္ခာကို အလေးထားသည့်သားရဲဖြစ်ကြောင်း နွားပေါက်လေး ပြောပြလာသည်။ သူ မြို့များ၌ ပြဿနာရှာမည်ဟု ပြောထားလျှင် သူ့စကားအတိုင်း မြို့များဆီသို့သာ သွားလိမ့်မည်။ ရွာများကို အန္တရာယ်ပေးမည်မဟုတ်။

“မင်း ဘယ်လိုလုပ်သိတာလဲ..”

နွားရိုင်းနက်ကြီး သူ့ကို ပြောလိုက်ခြင်းဖြစ်ကြောင်း နွားပေါက်လေး ဝန်ခံလိုက်သည်။ နွားရိုင်းနက်ကြီး ပြောသည်မှာ အမှန်ဖြစ်လောက်သည်။ မဟုတ်ပါက သူ နွားပေါက်လေးကို ချင်းရန်ရွာသို့ ပြန်ခိုင်းလိမ့်မည်မဟုတ်။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်ကာ “ဘုရင်တွေက တစ်ခြားသူတွေထက် သူတို့အချင်းချင်း ပိုသိကြမှာပဲ..” သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။ သို့သော် မြွေဖြူကြီး မြို့နှစ်မြို့စာ လူများအား သတ်ပစ်မည်ဆိုသည်မှာ ကြောက်စရာကောင်းနေဆဲပင်။

“ကျိုးချွမ် အဆင်ပြေပြေထွက်လာနိုင်ရဲ့လား..” ချူဖုန်း သူ့ဖုန်းကို ဆွဲထုတ်လိုက်ပြီး ကျိုးချွမ်ကို ခေါ်လိုက်သည်။

ဖုန်းဝင်သွားပြီး ခဏကြာသည်နှင့် ကျိုးချွမ် ဖုန်းကိုင်လိုက်သည်။ ကျိုးချွမ်သည် အသက်ရှင်နေဆဲဖြစ်ပြီး သူနေသည့်မြို့သို့ ပြန်ရောက်နေပြီဖြစ်သည်။

သူ ဒဏ်ရာရထားသော်လည်း သူ့အသံမှာ သေခါနီးအတွေ့အကြုံဖြတ်သန်းခဲ့ရသည့်လူတစ်ယောက်အသံနှင့်မတူ။ သူ့အသံနားထောင်ရသည်မှာ စိတ်ရောဂါကုဆရာဝန်ထံ သွားစရာ မလိုသေးသည့်ပုံပင်။

ချူဖုန်း သူ့ဒဏ်ရာအကြောင်း သိချင်မိသည်။ ကျိုးချွမ်သည် သူ့ဦးခေါင်းထက်မှ ဦးချိုတစ်စုံ ပြတ်ကျသွားပြီဖြစ်ကြောင်း ပြောလာသည်။ တစ်ခုမှာ ကျောက်တုံးဖြင့် ရိုက်ခံရသောကြောင့် ကျိုးသွားခြင်းဖြစ်ပြီး နောက်တစ်ချောင်းမှာ မြွေအမြှီးနှင့် ရိုက်မိပြီး ကျိုးသွားခြင်းပင်။

သူ အသက်ရှင်နေသေးသည်မှာပင် အတော်လေး ကံကောင်းနေပြီဖြစ်သည်။

“ငါ အရမ်းကြောက်နေခဲ့တာ .. အဲဒီမြွေကြီး ဘယ်လောက်ကြီးလဲဆိုတာ မင်းမြင်တယ်မလား .. ဘုရားရေ .. ငါအခုထိ မယုံနိုင်သေးဘူး .. ဒီနေ့ကစပြီး ငါ့အိမ်မှာပဲ နေတော့မယ် .. အပြင်လောကက အန္တရာယ်များလွန်းတယ်..” သူ အန္တရာယ်မှ လွတ်မြောက်လာနိုင်ခြင်းမှာ အတော်လေး ကံကောင်းလှပြီဟု သူ့ကိုယ်သူ ထင်မိသည်။ တစ်ချိန်တည်းမှာပင် သူ ထိုဦးချိုတစ်စုံကို ဖယ်ရှားပစ်လိုက်နိုင်ပြီဖြစ်သောကြောင့် ကျေနပ်နေမိသည်။

“မင်းမြို့ထဲကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခဲ့.. မြွေကြီးက အဲဒီနေရာကို အရင်မွှေလိမ့်မယ်လို့ ငါထင်တယ်..” ချူဖုန်း သတိပေးလိုက်သည်။

“ငါသိတယ်..” ကျိုးချွမ်လည်း စိုးရိမ်နေသည်ပင်။ ချူဖုန်း နေသည့်နေရာ ဘေးကင်းလားဟု သူမေးလိုက်သည်။ သူ့မိသားစု ယာယီနေထိုင်နိုင်မည့်နေရာတစ်နေရာကို သူ လိုအပ်သည်ပင်။

“ရတာပေါ့ .. လာခဲ့လိုက် .. ငါ မင်းနဲ့မင်းမိသားစုကို နေစရာပေးမယ်” ချူဖုန်း ပြောလိုက်သည်။

ကျိုးချွမ် ချူဖုန်းအိမ်သို့ ကားမောင်းလာခဲ့သည်။ ချူဖုန်းအိမ်ရှေ့သို့ ရောက်သည့်အချိန်တွင် ကားမှာ တစ်စစီပြုတ်ထွက်လုနီးပါးပင်။ မြွေကြီးနှင့် တွေ့ရမည်စိုးသောကြောင့် သူသည် အမြန်လမ်းမှတစ်ဆင့် ကားကို မြန်မြန်မောင်းလာခဲ့ခြင်းပင်။ အမြန်လမ်းမှာ ချိုင့်ခွက်များဖြင့် အလွန်ဆိုးရွားနေပြီဖြစ်သော်လည်း ကျိုးချွမ်ကတော့ အရှိန်မလျော့ခဲ့။

သေချာပါသည်။ သူ့ဦးခေါင်းထက်မှ ဦးချိုနှစ်ခု မရှိတော့။ သို့သော် လူကလည်း အတော်လေး စိတ်ဓာတ်ကျနေသည်။ သူ့ဒဏ်ရာများမှာ အတော်လေး ဆိုးရွားလှသည်ပင်။

“ဒါက ငါ့မိဘတွေ..” ကျိုးချွမ် သူ့မိသားစုနှင့် မိတ်ဆက်ပေးလိုက်သည်။ လူကြီးနှစ်ယောက်မှာ ကားထဲမှ တွဲခေါ်လာရသည်ပင်။ သူတို့မျက်နှာများမှာ အတော်လေး ဖြူဖျော့နေလေ၏။ သူတို့ကြောက်နေကြသည်ဟု ဆိုသော်လည်း အဓိကအကြောင်းရင်းမှာ သူတို့၏ရူးနှမ်းနေသည့်သား ကားအမြန်မောင်းသောကြောင့်ပင်။ သူတို့လမ်းတစ်လျှောက် အန်လာခဲ့ကြရသည်။

“နေကောင်းလေး .. ဦးလေးနဲ့အန်တီ..” ချူဖုန်း နှုတ်ဆက်လိုက်သည်။

လူကြီးနှစ်ဦးမှာ အနားယူရန် လိုအပ်နေလေပြီ။

ချူဖုန်းနေသည့်အိမ်နောက်နားတွင် အိမ်အလွတ်တစ်လုံးရှိသည်။ ထိုမိသားစု ထွက်သွားသည်မှာ ကြာလှပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် ယဉ်ကျေးနေစရာမလိုတော့။ ထို့ကြောင့် ချူဖုန်းသည် သူ့အိမ်နီးနားချင်းကို နည်းနည်းလေးမှပင် အားမနာပဲ ကျိုးချွမ်မိသားစုအား ထိုနေရာ၌ နေစေလိုက်သည်။

သူ့အိမ်တွင် နွားဝါ ရှိသည့်အပြင် နွားရိုင်းနက်ကြီးလည်း အချိန်မရွေး ပေါ်လာနိုင်သည်။ လူကြီးနှစ်ဦးကို ထိုကြောက်စရာကောင်းသည့်သတ္တဝါများနှင့် ကြောက်အောင်လုပ်၍မကောင်း။

“မင်းဒဏ်ရာက တော်တော်လေး ဆိုးနေတာပဲ ကိုယ့်လူ .. မင်း အရိုးတွေ ကျိုးနေတာကိုရော မင်းသိလား..” ကျိုးချွမ်၏နံရိုးများ ကျိုးနေသည်ကို သိလိုက်ရသည့်အချိန် ချူဖုန်း ထိတ်လန့်သွားရသည်။ သို့သော် ကျိုးချွမ်သည် သူ့မိဘများ သိသွားမည်စိုးသောကြောင့် နာကျင်မှုကို အံကြိတ်ခံနေခဲ့သည်ပင်။

တစ်ခဏခန့် စဉ်းစားပြီးနောက် ချူဖုန်း ကျိုးချွမ်ကို ထင်းရှူးစေ့ လက်တစ်ဆုပ်စာပေးလိုက်သည်။

“ဒါက..” ကျိုးချွမ် အံ့အားသင့်သွားရသည်။ ဤအစေ့များ ဘာအစေ့ဖြစ်သည်ကို သူ ချက်ချင်းသိလိုက်သည်။

“စကားများမနေနဲ့ … စားလိုက်..” ထို့နောက် ချူဖုန်း နောက်လှည့်ထွက်သွားလေသည်။

သူ့အိမ်ပြန်ရောက်လာသည့်အချိန်တွင်တော့ နွားဝါလေးပင် နိုးနေလေပြီ။ သူ့မျက်လုံးမှ ရွှေရောင်အလင်းတန်းတစ်စုံ ထွက်နေသည်။ နွားပေါက်လေး ပတ်လည်ရှိ စွမ်းအင်များ အဆမတန်တိုးသွားသည်ကို ချူဖုန်း ခံစားမိသည်။

“ခုန်းဂင် ဘယ်မှာလဲ .. သူ တိုင်ဟန်းတောင်ကနေ ထွက်သွားပြီလား .. ငါသူ့ကို သတိရနေတာ..” သူ၏စွမ်းအားများ တိုးတက်လာပြီးနောက် သူ ပထမဆုံးတွေ့ချင်သည့်သူမှာ ခုန်းဂင်ပင်။

ဘာ.. ချူဖုန်း ဆွံ့အသွားရ၏။

နွားပေါက်လေးသည် ခုန်းဂင်၏ခေါင်းကို တက်နင်းပြီး သူ၏စွမ်းအားအသစ်ကို စမ်းသပ်ကြည့်ချင်နေခြင်းပင်။

နွားပေါက်လေး ခုန်းဂင်အား ဤမျှအငြိုးထားနေသည်ကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း ဆွံ့အသွားရသည်။ အထူးသဖြင့် ခုန်းဂင်အား နောက်မှ ချောင်းရိုက်ခဲ့သည့်သူများမှာ သူနှင့်နွားရိုင်းနက်ကြီးတို့ပင်။ သူ ရိုက်လိုက်သည်ကို ချက်ချင်းသတိလစ်မသွားသည့်ကိစ္စဖြင့် နွားပေါက်လေးသည် ခုန်းဂင်အား အလွန်ကို မုန်းတီးနေလေသည်။ ဤလူမှာ သူ့သားကောင် ဖြစ်ခဲ့ရသည့်သူပင်။

နွားဝါလေးမှာ တကယ်ကို ထူးခြားသည့်သားရဲပင်။ သူ အစေ့များစွာ စားလိုက်သော်လည်း သူ့ပုံစံ ပြောင်းလဲမသွား။ အကြေးခွံများထွက်မလာသလို အမွေးအတောင်များလည်း ထွက်မလာ။

ထင်းရှူးပင်မှာ အစကတည်းက ထူးခြားသည့်အပင်ဖြစ်ကြောင်း နွားပေါက်လေး ပြောလာသည်။ ဤအပင်သည် တစ်နှစ်ပတ်လုံး စိမ်းစိုနေပြီး နှင်း၏အအေးကိုမကြောက်သလို နေအပူရှိန်ကိုလည်း မကြောက်။ ထို့ကြောင့် ဤအပင် သန္ဓေပြောင်းလဲသွားသည့်အချိန်တွင် အခြားအပင်များထက် ဆယ်စပိုမို အစွမ်းထက်မည်ပင်။

ချူဖုန်း သဘောတူလိုက်သည်။ ထင်းရှူးသီးတစ်လုံး၌ပါသည့် အစေ့အဆံများဖြင့်ပင် လူပေါင်းများစွာ တစ်ခါတည်း အဆင့်တက်ပြောင်းလဲနိုင်သည်ပင်။

“သစ်ပင်အောက်မှာ ထူးဆန်းတဲ့မြေကြီးကို တွေ့ခဲ့သေးလား..” ချူဖုန်း ဤကိစ္စကိုလည်း အလေးထားသည်။

နွားဝါလေး ခေါင်းညိမ့်လိုက်သည်။ ယခုတစ်ခေါက်တော့ ခွန်းလွန်တောင်ခြေမှ ရခဲ့သည့်အစေ့သုံးစေ့လုံး အညှောင့်ပေါက်လာအောင် လုပ်နိုင်တော့မည်ဟု နွားပေါက်လေး ပြောလာသည်။

“ကောင်းတယ်..”

ချူဖုန်း အလွန်ပျော်ရွှင်သွားရသည်။

အပိုင်း ၆၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset