Switch Mode

Chapter – 68

ဗုဒ္ဓ တပည့်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၈ – ဗုဒ္ဓတပည့်

သူ့အသံကိုကြားလိုက်ရပြီးသည်နှင့်တစ်ပြိုင်နက် ထိုအမျိုးသား ချက်ချင်း ရောက်လာခဲ့သည်။ အသံ၏အလျင်ထက် ပိုမြန်အောင် သွားလာနိုင်သည့်အမျိုးသားတစ်ဦးမှာ သေချာပေါက် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်အချိုးအစား ရှိမည်ပင်။ မဟုတ်ပါက သူ၏လျင်မြန်လွန်းလှသည့် အရှိန်ကြောင့် သူ့ခန္ဓာကိုယ် ပြာပုံကြီးဖြစ်သွားလောက်လေပြီ။

ယခုအချိန်ထိ အသက်ရှူခွင့်ရသေးသည့် အသက်ရှင်ကျန်ရစ်သူအားလုံး၏မျက်နှာထက်တွင် တောက်ပသည့်အပြုံးများဖြစ်ပေါ်လာသည်။ ဤဆရာသခင်၏ အကူအညီနှင့်သာဆိုလျှင် သူတို့ ဤငရဲခန်းမှ လွတ်မြောက်နိုင်လောက်သည်။

“ဦးလေးချန်းယဲ့..” ကျန်းလော့ရှန်း ထိုအမျိုးသားကို နှုတ်ဆက်လိုက်သည်။

တိုက်ပွဲထဲသို့ အသစ်ရောက်လာသောသူသည် အသက်လေးဆယ်ခန့်ရှိပြီး အရပ်အမောင်းမှာ အလယ်အလတ်ပင်။ သူ့မျက်နှာမှာ အလွန်စွဲမက်ဖွယ်ကောင်းသည့်ပုံစံမဟုတ်သော်လည်း သူ့မျက်လုံးကို ကြည့်ခြင်းအားဖြင့် သူသည် သာမန်လူမဟုတ်ကြောင်း သိနိုင်သည်။

သူ့အရေပြားမှ တောက်ပသည့်အလင်းတန်းလေး ဖြာထွက်နေသည်ကို တွေ့နိုင်သည်။ ထိုအလင်းတန်းမှာ လူအများ၏အာရုံကို ဆွဲဆောင်သွားသောကြောင့် အချို့လူများမှာ သူ့မျက်နှာကိုပင် မကြည့်မိတော့။

“ငါ့နောက်လိုက်သားရဲတွေ မင်းတို့လူလက်ထဲမှာ သေသွားတာကို ငါက ထိုင်ကြည့်နေဖို့ မျှော်လင့်နေတာလား .. ငါတို့အပေါ် မှားယွင်းထားတဲ့အရာတွေအတွက် ငါတို့က ပြန်ပြီးမတုံ့ပြန်ရတော့ဘူးလား.. အဲဒါက မင်းပြောတဲ့ သတ်ဖြတ်မှုတွေ၊ မုန်းတီးမှုတွေ လွှမ်းမိုးနေတဲ့စိတ်လား .. ငါက ငါ့နောက်လိုက်သားရဲတွေအတွက် တိုက်ခိုက်ပြီးတော့ ငါတို့ကို အနိုင်ကျင့်ခဲ့တဲ့သူတွေကို အပြစ်ပေးခွင့်မရှိဘူးလား..” မြွေဖြူ၏အသံမှာ အေးစက်နေသည်။

“မင်းပတ်ပတ်လည်က သွေးတွေစွန်းထင်းနေတဲ့ တောင်တွေ၊ လျှိုမြောင်တွေကိုကြည့်လိုက် .. မင်းရဲ့လက်စားချေချင်တဲ့စိတ်ကြောင့် အပြစ်မရှိတဲ့အသက်တွေ ဘယ်လောက်တောင် ဆုံးရှုံးလိုက်ရပြီလဲ .. မင်း သားရဲတွေ ဘယ်လောက်များ ဆုံးရှုံးလိုက်ရလို့လဲ .. အများဆုံးမှ ရာဂဏန်းလောက်ပဲရှိမှာ .. မင်းအတွက် မလုံလောက်သေးဘူးလား..” ချန်းယဲ့ ပြန်ပြောလိုက်သည်။

“လူသားတွေက သူတို့ရဲ့ဆာလောင်မှုကို ဖြည့်တင်းဖို့ ငှက်တွေ၊ သားရဲတွေရဲ့အသားတွေကို နှစ်ပေါင်းများစွာ စားသုံးခဲ့တယ် .. ဘယ်သူက ပိုပြီးထိခိုက်ခံစားရလဲဆိုတာ ပြောရမယ်ဆိုရင် မင်းတို့မှာ ပြန်ငြင်းနေဖို့ အခွင့်အရေးတောင်မရှိဘူး..” မြွေဖြူ ပြန်ချေပလိုက်သည်။

ချန်းယဲ့ ပါးစပ်ဟလိုက်သော်လည်း မြွေဖြူပြောသည့်စကားများကို သူပြန်မငြင်းနိုင်တော့။

သူသည် လူသားတစ်ဦးဖြစ်သော်လည်း သူသာ ဤသားရဲနေရာ ဝင်ခံစားကြည့်လျှင် မြွေဖြူပြောသည့်စကားများကို သူ သဘောတူမည်ပင်။

“ရှင်က ဗုဒ္ဓရဲ့တပည့်ပဲ .. အဲဒီတော့ အရာရာတိုင်းမှာ သူတို့အသိဉာဏ်ရှိတယ်ဆိုတာ ရှင်သိမှာပါ .. ရှင်တို့ အသားစားဖို့သတ်လိုက်တဲ့ အကောင်တွေမှာလည်း စိတ်ဝိညာဉ်ရှိတယ် ..သက်ရှိအားလုံးက တန်းတူမွေးဖွားလာတာ .. အဲဒါကို ရှင်က ဘယ်လိုလုပ်ပြီးတော့ ကျွန်မကို လာကြိမ်းမောင်းရဲတာလဲ..” မြွေဖြူ တည်ငြိမ်စွာ ပြောလိုက်သည်။

အနောက်ဘက်ရှိ သန္ဓေပြောင်းလူအုပ်ကြီးမှာတော့ ဤသားရဲကြီးကို ဆွံ့အစွာ ရပ်ကြည့်နေကြလေသည်။ ဤမြွေဖြူသည် တကယ်ကို ထူးခြားလှသည်။ သူသည် ဗုဒ္ဓတပည့်ကိုပင် ဆူပူနေသည်။

ချန်းယဲ့ မျက်မှောင်ကြုတ်လိုက်ကာ “မင်းရဲ့စိတ်ထဲမှာ အမုန်းတရားတွေ ပေါက်ဖွားလာတာကိုတော့ ငါရဲရဲကြီး ပြောရဲတယ် .. မင်း မြို့ကြီးတစ်မြို့လုံးက လူတွေကို သတ်ပစ်ချင်တယ်လို့ အခုလေးတင် မင်းပြောလိုက်တာ … မင်းရဲ့ ကြောက်စရာကောင်းတဲ့ ရည်ရွယ်ချက်ကို ကြားလိုက်ရတုန်းက ငါတော်တော်လေး ထိတ်လန့်သွားခဲ့ရတာ.. သနားစရာကောင်းတဲ့ သက်ရှိတွေ နောက်ထပ် ထိခိုက်မှာကို တားဖို့အတွက် ငါ ဒီနေ့ ဒီနေရာကို ရောက်လာခဲ့ရတာပဲ”

“ရှေးခေတ်ကတည်းက စွမ်းအားအကြီးဆုံးသူပဲ ရှင်သန်နိုင်မယ်ဆိုတဲ့ တောတွင်းဥပဒေရှိပြီးသား .. ဒါက လောကကြီးကို အုပ်ချုပ်တဲ့နေရာမှာ အရိုးသားဆုံး၊ အရှင်းလင်းဆုံး ဥပဒေသလို့ ကျွန်မထင်တယ် .. ပြီးတော့ ကျွန်မလည်း အဲဒီဥပဒေသကို လေ့လာတယ်..” မြွေဖြူ တည်ငြိမ်စွာ ပြောလိုက်သည်။

“လူသားတွေကတော့ လက်ရှိအချိန်ကို ရောက်ဖို့အတွက် ဖြတ်လမ်းတွေ လိုက်ခဲ့တာ .. ဒါပေမဲ့ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ .. အဆင့်တွေ၊ အမိန့်တွေအားလုံးက ပြောင်းပြန်ဖြစ်သွားတော့မှာ..” မြွေဖြူ ဆက်ပြောလိုက်သည်။

ဤသည်မှာ အမှန်တရားများပင်။ ကမ္ဘာကြီးလှုပ်ခတ်သွားကတည်းက လောကကြီး၏ အဆင့်သတ်မှတ်ချက်များ ပြန်နေရာချတော့မည်ဖြစ်ကြောင်း သန္ဓေပြောင်းလူသားအားလုံး သိခဲ့ကြသည်။ ထို့ကြောင့် သားရဲတစ်ကောင်မှ ဤကဲ့သို့ ပြောလာသည့်အချိန်တွင် သူတို့ တုန်လှုပ်သွားကြရသည်။

“ဘယ်လိုလုပ်ရင် မင်း ရပ်ပေးမလဲ..” ချန်းယဲ့ မေးလိုက်သည်။ မြွေကြီးမှာ အလွန်ပင် တည်ငြိမ်နေသောကြောင့် အခြေအနေမကောင်းကြောင်း သူနားလည်လာသည်။

“ကျွန်မတို့အပေါ် တင်နေတဲ့အကြွေးတွေအကုန်လုံးကို ပြန်မရမချင်း ကျွန်မကတော့ ဆက်သတ်နေမှာပဲ .. ရှင်တို့ရဲ့မြို့က လူတွေကို သတ်ပစ်မယ့်အစီအစဉ်က မပြောင်းဘူး..” မြွေဖြူ အေးစက်စွာ ပြောလိုက်သည်။

ညှိနှိုင်းမှုကြီး ပျက်စီးသွားလေပြီ။ ချန်းယဲ့မျက်နှာမှာ မှုန်မှိုင်းမည်းမှောင်နေသည်။ မြွေကြီး၏ အဓိပ္ပာယ်မရှိသည်သတ်ဖြတ်ခြင်းကို သူအထင်မကြီးသလို သွေးအေးလူသတ်သမားလက်ထဲ အပြစ်မရှိသည့်အသက်များ အလကားဖြစ်သွားမည်ကိုလည်း သူ မမြင်ချင်။ ထို့ကြောင့် သူ အဆုံးထိ တိုက်ခိုက်ရန်မှလွဲလျှင် တစ်ခြား ရွေးချယ်စရာမရှိတော့။

မြွေဖြူကြီးမှာ သူ၏ရန်သူကို တိုက်ခိုက်ရန်အဆင့်သင်ပင်။ သူ၏ခန္ဓာကိုယ်တွင် ငွေရောင်အလင်းများ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့ဘေးပတ်လည်ကို လင်းထိန်သွားစေခဲ့သည်။ ထို့နောက် သူသည် သူ၏ထူထဲလှသည့် အမြှီးကို ငွေရောင်ရေတံခွန်တစ်ခုကဲ့သို့ လွှဲရမ်းလာပြီး ချန်းယဲ့ရှိနေသည့်နေရာကို ဖောက်ခွဲပစ်လိုက်လေသည်။

ချန်းယဲ့၏တုံ့ပြန်မှုမှာ လျင်မြန်လှသည်။ တစ်ချက်ခုန်လိုက်သည်နှင့်သူ မိုင်ပေါင်းများစွာ ရောက်ရှိသွားသည်။

ဖုန်း..

တောင်ကုန်းနှင့် တောင်များ ပြိုကျသွားပြီး ကျယ်လောင်လှသည့်အသံနှင့်အတူ ကျောက်တုံးကြီးများ တောင်ပေါ်မှ လိမ့်ကျလာလေသည်။ မြေပြင်တွင်လည်း အနက်ရောင်အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။ မည်သူမှ ဤသည်ကို မတားဆီးနိုင်။

ဝုန်း..

ချင်းယဲ့ မြွေဖြူထံသို့ ပြေးဝင်သွားလိုက်သည်။ သူ၏ခန္ဓာကိုယ်နှင့် လက်သီးနှစ်ခုလုံး သတ္တုအလင်းများတောက်ပနေသည်။ သူသည် ပြိုင်ဘက်ကင်းသည့်အရှိန်ဖြင့် မြွေ၏ခန္ဓာကိုယ်ကို တစ်ပတ်ပတ်လိုက်ပြီး မြွေကြီးအား ထိုးချရန် ပြင်လိုက်သည်။

မြွေဖြူသည် ချန်းယဲ့၏ ရိုက်ချက်ကို မရှောင်ခဲ့။ သူသည် တိုက်ခိုက်ရမည်ကို မကြောက်သည်မှာ သိသာလှသည်။

ဝုန်း..

ကြီးမားလှသည့် ဒရမ်ကြီးအား အရွယ်အစားတူညီသည့်တုတ်များနှင့် ရိုက်လိုက်သကဲ့သို့ ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လာသည်။ ဤအသံကြောင့်ဖြစ်ပေါ်လာသည့် တုန်ခါမှုများမှာ တောင်များကိုပင် တုန်ခါသွားစေခဲ့သည်။

ထို့နောက် ချန်းယဲ့ လေထဲလွင့်ထွက်သွားလေ၏။ သူ့မျက်နှာထက်တွင် ထိတ်လန့်မှုနှင့် အကြောက်တရားများ ရှိနေသည်ပင်။ ထို့နောက် သူ၏လက်မနှင့် လက်ညှိုးကြား ဟက်တက်ကွဲသွားပြီး ဒဏ်ရာများမှ သွေးထွက်လာသည်။ လက်ညှိုးနှစ်ချောင်းကြားမှ အရွတ်ပြဲသွားလေပြီ။

“ရှင်က လွန်ခဲ့တဲ့နှစ်နှစ်ထောင်က ဗုဒ္ဓရဲ့တပည့်အစစ်လို့ ထင်နေတာ..” မြွေဖြူ ပြောလိုက်သည်။ သူ့လေသံမှာ စိတ်ပျက်နေသည့်လေသံပင်။ “လူတစ်ယောက် ဒီလောက်ထိ အသက်ရှင်နိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ကျွန်မလည်း ထင်မိပါတယ်…”

“ဗုဒ္ဓရဲ့အဆုံးအမတွေကို လိုက်နာတဲ့အတွက်ကြောင့် ငါက ဗုဒ္ဓတပည့်ပဲ..” ချန်းယဲ့ ပြန်ပြောလိုက်သည်။

“အဲဒီဗုဒ္ဓအဆုံးအမဆိုတာက ဗုဒ္ဓသုံးခဲ့တဲ့ လက်သီးပုံစံတစ်ချို့ထက် ပိုလိမ့်မယ်လို့ ငါထင်တယ် .. မင်းက ဗုဒ္ဓရဲ့တပည့်အစစ်လို့ ပြောနိုင်ဖို့ လိုသေးတယ်..” မြွေဖြူ အေးစက်စွာပင် မှတ်ချက်ပေးလာသည်။

ဝုန်း..

ဒဏ်ရာရနေသည့်လူထံသို့ မြွေဖြူကြီး ထပ်မံထိုးဆင်းလာသည်။ သူသည် ပါးစပ်ကြီးဟကာ ငွေရောင်အလင်းတန်းတစ်ခု မှုတ်ထုတ်လာသည်။ ဤအလင်းတန်းမှာ စွမ်းအားကြီးလှသောကြောင့် သူ့လမ်းကြောင်း၌ ရှိသမျှအရာအားလုံး ပျက်စီးသွားသည်။ ကျောက်တုံးများမှာ ချော်ရည်များဖြစ်သွားပြီး တောင်များလည်း မြေပြင်နှင့် တစ်ပြေးညီတည်းဖြစ်သွားလေသည်။

ချန်းယဲ့ မြန်မြန်ပြန်ဆုတ်လိုက်သည်။ သူ ဤသားရဲကြီးနှင့် မျက်နှာချင်းဆိုင် မတိုက်ရဲ။

ချန်းယဲ့သည် အလွန်လျင်မြန်သည့်သူပင်။ အနည်းငယ် ကျွမ်းထိုးလိုက်သည်နှင့် အနီးမှတောင်ထိပ်တစ်ခုထက်သို့ ရောက်သွားသည်။

ဝုန်း..

မြွေဖြူကြီးမှာ မြန်လွန်းလှသည်။ သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်နှင့် အောက်ဘက်သို့ကျလာသည့်အရှိန်တို့အား ပေါင်းလိုက်သည့်အချိန်တွင် မြေပြင်မှာ ကျောက်တုံးကျောက်ခဲအကျိုးအပဲ့များနှင့် ပြည့်နှက်သွားလေသည်။

မြွေကြီးသည် သံပူတုန်း နာနာထုနေခြင်းပင်။ သူသည် တောအုပ်ထဲ လျောသွားနေပြီးနောက် ချန်းယဲ့ ရပ်လိုက်သည့်တောင်ကို ရစ်ပတ်လာသည်။ ထို့နောက် သူ၏ကြီးမားလှသည့် ခေါင်းမှာ ချန်းယဲ့တစ်ကိုယ်လုံးကို ဝါးမြိုတော့မည့်ပုံစံဖြင့် အောက်သို့ထိုးဆင်းလာလေသည်။

ဝုန်း…

ချန်းယဲ့ မြွေကြီး၏ တိုက်ခိုက်မှုကို သူ၏လက်သီးဖြင့် ခုခံလိုက်သည်။ သို့သော် မြွေကြီး၏အားမှာ သူ့ကို ငှက်မွေးကဲ့သို့ လွင့်ထွက်သွားစေခဲ့သည်ပင်။ ခွန်အားချင်းယှဉ်လျှင် ချန်းယဲ့သည် မြွေ၏ပြိုင်ဘက်မဟုတ်။

ဝုန်း..

မြွေကြီး သူ့ခန္ဓာကိုယ်ကို ညှစ်လိုက်သည်နှင့် တောင်ကြီး နှစ်ခြမ်းကွဲသွားလေသည်။ ထို့နောက် အားအနည်းငယ်စိုက်ထုတ်လိုက်သည်နှင့် မြွေကြီးသည် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ တက်သွားလေသည်။

မြွေကြီးသည် ဆက်တိုက်ရှုံးနိမ့်နေသည့် ချန်းယဲ့ကို ဖမ်းမိတော့မည်။

ဝေါင်း…

ချန်းယဲ့သည် ခြင်္သေ့အုပ်ကြီး၏ ဘုရင်တစ်ပါးကဲ့သို့ အော်ဟစ်လိုက်သည်။ သူ၏အသံလှိုင်းမှာ ဘေးပတ်လည်ရှိတောင်များကိုပင် တုန်ခါသွားစေခဲ့သည်။

အသံလှိုင်းမှာ မြွေကြီးကို အနည်းငယ်သာ နှောင့်ယှက်လိုက်နိုင်သည်။ မြွေကြီး၏အရှိန်မှာ ရပ်တန့်မသွား။

လျင်မြန်လှသည့်အရှိန်နှင့်အတူ မြွေကြီး ချန်းယဲ့ခန္ဓာကိုယ်ပေါ်သို့ စီးမိုးလာသည်။ မြွေကြီးနှင့်ယှဉ်လျှင် ချန်းယဲ့မှာ ဖုန်မှုန့်တစ်မှုန့်သာသာ,သာရှိတော့သည်။ မြွေကြီးသူ၏ခန္ဓာကိုယ်အားဖြင့် ဖိလာသည့်မြင်ကွင်းမှာ ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ပင်။

ဝုန်း..

ထိုနေရာတစ်ခုလုံး ဖုန်မှုန့်များ၊ မြူများဖြင့် ပြည့်နှက်သွားသည်။ တောင်များ ပြိုကျသွားကာ ချန်းယဲ့ မြွေဖြူကြီးအောက်၌ အဖိခံထားလိုက်ရသည်။

ဖုန်း..

တောင်အက်ကွဲကြောင်းမှ ထွက်နိုင်ရန် ကြိုးစားနေသည့်ပုံရိပ်တစ်ခုကို အားလုံးမြင်လိုက်ရသည်။

ချန်းယဲ့ သေချာပေါက် အရေးနိမ့်နေပြီဖြစ်သည်။

မြွေကြီးသည် သူ့အမြှီးကို အားပြုပြီး လေထဲသို့ နောက်တစ်ကြိမ် ခုန်တက်လိုက်သည်။ သူ့ပုံစံမှာ သားကောင်နောက်ကို လိုက်ဖမ်းနေသည့် ငှက်တစ်ကောင်ကဲ့သို့ပင်။

ဤမျှကြီးမားလှသည့် ခန္ဓာကိုယ်ဖြင့် လွတ်လပ်ပေါ့ပါးစွာ သွားလာနေနိုင်သည်မှာ အံ့အားသင့်စရာကောင်းလှသည်။ တစ်ချက်ခုန်လိုက်သည်နှင့် မြွေကြီး မီတာပေါင်းထောင်ပေါင်းများစွာ ရောက်သွားသည်။ ထို့နောက် နဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ထက်မှနေ၍ ချန်းယဲ့ထံသို့ ထပ်မံထိုးဆင်းလာသည်။

ချန်းယဲ့ တီးတိုးရေရွတ်ကာ မြေအနိမ့်ပိုင်းသို့ ဆင်းသွားလိုက်သည်။ ဤသည်မှာ သူ့လက်သီးအနေအထားချိန်ညှိရန် အချိန်များစွာ ရသွားစေသည်။ သူ၏လက်နှစ်ဖက်ကြားတွင် တောက်ပသည့်အလင်းလုံးပေါ်လာသည်။ ထို့နောက် ထိုအလင်းလုံးသည် မြွေဖြူကြီး၏ ဦးခေါင်းထံသို့ ဦးတည်သွားလေ၏။

မြွေဖြူကြီးသည် ပါးစပ်ဟကာ နောက်ထပ်ငွေရောင်အလင်းတန်းတစ်တန်းကို မှုတ်ထုတ်လိုက်သည်။ အလင်းတန်းသည် အသံလှိုင်းများကို ထိုးဖောက်ကာ ပေါက်ကွဲသွားစေခဲ့သည်။

တုန်း..

မြွေဖြူကြီး၏အမြှီး ချန်းယဲ့ကိုယ်ပေါ်သို့ ကျရောက်လာသည်။ ချန်းယဲ့သည် ဒုံးကျည်တစ်ခုကဲ့သို့ လေထဲလွင့်ထွက်သွားကာ အနီးအနားရှိတောင်နှင့် ရိုက်မိသွားသည်။ တစ်ချက်တည်းဖြင့် မြွေကြီးသည် ဗုဒ္ဓတပည့်ကို မသန်မစွမ်းလူတစ်ဦးဖြစ်အောင် လုပ်လိုက်သည်ပင်။

သူရိုက်မိသွားသည့်တောင်မှာ အက်ကွဲလာလေ၏။ ထို့နောက် ချန်းယဲ့သည် တောင်လျှောစောက်တစ်လျှောက် လျှောကျလာလေ၏။

ဝှစ်..

နောက်ဆုံးတစ်ချက် ရိုက်ရန်အတွက် မြွေဖြူကြီးသည် သေဆုံးနေသည့်အမျိုးသားအနားသို့ ချဉ်းကပ်သွားလိုက်သည်။

မြွေကြီး၏ ခန္ဓာကိုယ်ဖြင့် ရိုက်ခတ်မိသွားသည်နှင့် တောင်၏ကျောက်နံရံ ပြိုကွဲသွားသည်။ ထိုအချိန်တွင် ချန်းယဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ မြွေကြီး၏မျက်လုံးထံသို့ အားကုန်ထိုးချလိုက်သည်။ ထိုသို့ထိုးလိုက်သည့်အချိန် သူ့လက်သီးမှာ နောက်တစ်ဖန် တောက်ပလာခဲ့ကြသည်။

မြွေကြီး ခေါင်းရှောင်ကာ ထိုလက်သီးချက်ကို ရှောင်လိုက်သည်။

ချန်းယဲ့ ဤသည်ကို အခွင့်ကောင်းယူကာ လေထဲသို့ ခုန်တက်လိုက်ကာ တွေဝေမနေပဲ အဝေးသို့ ထွက်သွားလိုက်သည်။

သူ့နောက်ရှိတောင်တစ်ခုလုံး ပြိုကျသွားလေပြီ။ မြွေကြီးသည် သူ့ကိုယ်ကို လွှဲရမ်းလိုက်ပြီး နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ တက်သွားလိုက်ကာ နောက်တစ်ကြိမ် ရိုက်ချလာလေသည်။

“ဒါက..”

သူ၏လုပ်ရပ်ကြောင့် လူအုပ်ကြီး ကြောက်ရွံ့သွားကြရသည်။ ချန်းယဲ့မှာ စွမ်းအားကြီးကာ အထင်ကြီးစရာကောင်းသည့် တိုက်ခိုက်သူတစ်ဦးဖြစ်ကြောင်း သူတို့ဝန်ခံသည်။ သို့သော် တိုက်ခိုက်သူတစ်ဦး ဖြစ်ရုံဖြင့် မြွေကြီးနှင့် တိုက်ခိုက်ရန် မလုံလောက်သေး။

ဗုဒ္ဓတပည့်ဆိုသည်မှာ လွန်ခဲ့သည့်နှစ်နှစ်ထောင်မှ လူမဟုတ်ပဲ သူတို့ကဲ့သို့ ယခုခေတ်မှလူသာဖြစ်ကြောင်း သူတို့သိသွားကြရသည်။

“ဗုဒ္ဓမှပဲ ဒီသားရဲကို ဖိနှိပ်နိုင်တော့မယ်..” လူအုပ်ထဲမှ လူတစ်ဦး ရေရွတ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ချန်းယဲ့က ငါတို့ထက်အရင် ဒီလောကကြီးထဲ အသက်ရှင်နေတဲ့ လူတစ်ယောက်သာသာပဲ..” တစ်စုံတစ်ယောက် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူလည်း စတင်ထွက်ပြေးလေ၏။ ယခုအချိန်တွင် မြွေကို အနိုင်ရနိုင်မည့် မျှော်လင့်ချက်မရှိတော့။

ဝှစ်.. ဝှစ်.. ဝှစ်..

သန္ဓေပြောင်းလူအားလုံးသည် မြွေကြီး ချန်းယဲ့နှင့် တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ စတင်ထွက်ပြေးကြတော့သည်။ ချန်းယဲ့ မြွေကြီးကို ထိခိုက်အောင် မလုပ်နိုင်ခဲ့သော်လည်း အနည်းဆုံးတော့ မြွေကြီး သူတို့အပေါ် အာရုံမထားအောင် လုပ်လိုက်နိုင်သည်ပင်။ ဤကဲ့သို့သော အခွင့်ကောင်းမျိုးရှိပါလျက် ထွက်မပြေးလျှင် ထိုလူ မည်မျှပင် ရူးမိုက်လိုက်သနည်း..

ချူဖုန်းလည်း ဤကဲ့သို့ တွေးခဲ့သည်ပင်။ သူသည် အခြေအနေမဟန်မှန်းရိပ်မိပြီး ပထမဆုံးထွက်ပြေးသည့်အုပ်စုထဲ၌ ပါဝင်သည်ပင်။ ထို့ကြောင့် အားလုံး ထွက်မပြေးခင်ကတည်းက ချူဖုန်း ထွက်ပြေးပြီးသားပင်။

သူ့ကိုယ်သူ အသေခံမည်မဟုတ်။

“ဝုန်း..”

ချန်းယဲ့ ယိုင်နဲ့နေလေပြီ။ သူ ထိုငွေရောင်အလင်းဖြင့် နောက်တစ်ကြိမ် ထိမိသွားသည်။ သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့်အလင်းတန်းလည်း မှေးမှိန်သွားသည်။

“ရှင်က ဒီမှာ သာမန်လူသားတစ်ယောက်သာသာပဲ .. ရှင့်ကိုယ်ရှင် ဗုဒ္ဓတပည့်လို့ ခေါ်ရဲတယ်လား .. ကျွန်မသာ ဗုဒ္ဓဆိုရင် အရမ်းရှက်မိမှာပဲ” မြွေဖြူ ပြောလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သားရဲကြီး၏တိုက်ခိုက်မှုမှာ ပြင်းထန်လာသည်။

ဖုန်း ဖုန်း ဖုန်း..

ချန်းယဲ့မှာ ဆက်တိုက်ပင် တိုက်ခိုက်ခံနေရသည်။ လေထဲသို့ လွင့်ထွက်သွားပြီးနောက် ကျောက်တောင်တစ်ခုနှင့် တိုက်မိသွားသည်။ ထို့နောက် လေထဲသို့ တစ်ဖန် မြှောက်တက်သွားပြန်ကာ ဤကဲ့သို့ သံသရာလည်နေခဲ့သည်။ သူ နာနာကျင်ကျင် သေဆုံးသွားရန်အတွက် အချိန်တစ်ခုသာ လိုလိမ့်မည်။

“မင်းရဲ့အသိစိတ်နဲ့ဆိုရင် ဒုံးကျည်တွေ မင်းအနားမရောက်ခင်ကတည်းက မင်းရှောင်လို့ရတယ် .. မင်းဘာလို့ မရှောင်ခဲ့တာလဲ..” ချန်းယဲ့ သွေးတစ်ပွက်အန်ပြီးနောက် မေးလိုက်သည်။

သူ စိတ်ပူနေသလို သိလည်းသိချင်မိသည်။ ဤသားရဲကြီးကို တိုက်ခိုက်ရန် မည်မျှခက်ခဲကြောင်း သူသိသွားပြီဖြစ်သည်။ ဤသားရဲကြီးသည် စွမ်းအားကြီးပြီး လျင်မြန်ရုံသာမက သူ၏အသိစိတ်သည် အန္တရာယ်အားလုံးကို အာရုံခံနိုင်ပြီး တိုက်ခိုက်မှုအားလုံးကို‌ ရှောင်တိမ်းနိုင်သည်ပင်။

“မင်းတို့ရဲ့လက်နက်တွေအောက်မှာ ငါ့ခန္ဓာကိုယ် ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ သိချင်လို့” မြွေဖြူ ပြန်ဖြေလိုက်သည်။ သူမစကားသံမှာ ချန်းယဲ့ကို တုန်လှုပ်သွားစေခဲ့သည်။

ဤမြွေသည် ဤနေရာ၌ ရှိနေသည့်လူအုပ်ကြီးကို သတ်သည်ထက် ကြီးမားသည့်အစီအစဉ်တစ်ခုခု ရှိနေသည့်ပုံပင်။ မဟုတ်ပါက ဒုံးကျည်အားကို စမ်းသပ်ရန်အတွက် သူ့ခန္ဓာကိုယ်ဖြင့် စွန့်စားမည်မဟုတ်။

‘မင်းမှာ ဘာအစီအစဉ်ရှိလို့လဲ .. မင်း ဘာလုပ်မလို့လဲ..” ချန်းယဲ့ မေးလိုက်သည်။

မြွေဖြူကြီး သူ့ကို ပြန်မဖြေတော့ပဲ နောက်တစ်ခေါက် ထပ်ရိုက်လာသည်။ သူ၏တောက်ပနေသည့်အကြေးခွံများမှာ တောင်တစ်ခုလုံးကို ကျောချမ်းသွားလောက်အောင် အေးစက်စေခဲ့သည်။

“ပြေး..”

သန္ဓေပြောင်းလူသားများ အော်ဟစ်ကာ အသက်လုပြေးကြလေပြီ။

မြွေဖြူကြီး သူတို့နောက် ပြေးလိုက်မသွား။

ဤတိုက်ပွဲမှာ ပြင်းထန်လှသလို အလွန်လည်း သွေးပျက်ဖွယ်ကောင်းလှသည်။ ထောင်ပေါင်းများစွာသောအလောင်းများမှာ တောင်လိုပုံနေသည်ပင်။ အသီးကိုလုယူရန်အတွက် သန္ဓေပြောင်းလူသား ငါးထောင်ကျော် လာရောက်ခဲ့သော်လည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူမှာ တစ်ထောင်ပင် မပြည့်။

ခဏကြာပြီးနောက် သားရဲကြီးကို ရိုက်ချရန်အတွက် ဒုံးကျည်များကို ထပ်ပစ်လိုက်သည်။ သို့သော် ထိုနေရာတွင် မြွေဖြူကြီး မရှိတော့။

ချန်းယဲ့ အသက်ရှင်သလား၊ သေသလား မည်သူမှ မသိတော့။ သူ အသက်ရှင်လျက် ထွက်လာသည်ကိုတော့ မည်သူမှ မမြင်။

ချူဖုန်းသည် နောက်တစ်နေ့ လေကို ရှူရှိုက်နိုင်ရန်အတွက်သာ အာရုံစိုက်ထားပြီး လေအလျင်ဖြင့် ထွက်ပြေးလာလိုက်သည်။ နောက်ဆုံး မည်သူမှ မမြင်နိုင်သည့်နေရာသို့ရောက်မှ သူ့အဝတ်အစားများလဲကာ အိမ်သို့ ပြန်သွားလိုက်သည်။

“မြွေဖြူပေါ်လာပြီဆိုတော့ ဒီနယ်မြေက မလုံခြုံတော့ဘူး..” ချူဖုန်း ဤနေရာမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

နွားဝါလေးက ဘယ်မှာလဲ .. သူ့အဖော်အတွက် ချူဖုန်း စိတ်ပူမိသည်။

အပိုင်း ၆၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset