ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၇ – ထာဝရရှင်သန်ခြင်း
မြွေဖြူ ပြန်ရောက်လာလေပြီ။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ အားလုံးကို စီးမိုးကြည့်နေလေ၏။
သူ၏ခန္ဓာကိုယ်လုံးပတ်မှာ အနည်းဆုံး နှစ်မီတာရှိသည်။ သူသည် မြေပြင်ထက်၌ ခွေနေသော်လည်း သူ့ခန္ဓာကိုယ်သည် တောင်တစ်လုံးစာပမာဏပင် ရှိနေပြီဖြစ်သည်။
တောအုပ်ကြီးထဲတွင် သွေးညှီနံ့များ လှိုင်လှိုင်ထနေသည်။ ထွက်ပြေးရန် ကြိုးစားသည့် သန္ဓေပြောင်းလူ များစွာ သတ်ခံခဲ့ရသည်။ အချို့မှာ သားရဲကြီး၏နှစ်ပိုင်းကိုက်ဖြတ်ခြင်းခံထားရပြီး အချို့မှာ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်နေကြသည်။
သားရဲအလောင်းများစွာလည်း ရှိနေသည်ပင်။ ထိုအလောင်းများထဲတွင် ခေါင်းဆောင်အချို့လည်း ပါဝင်သည်။ ဥပမာအားဖြင့် တောဝက်ကြီး၏အလောင်းမှာ ရွှေရောင်အမွေးနှင့်မျောက်နား ရှိနေသည်ပင်။
တိုက်ပွဲမှာ မိနစ်ပိုင်းသာ ကြာသေးသော်လည်း သန္ဓေပြောင်းသားရဲအနည်းငယ်အတွက်နှင့် သန္ဓေပြောင်းလူသား ရှစ်ရာကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူတို့ကြား ခွန်အား မည်မျှကွာခြားသည်ကို သိနိုင်သည်။
ယခု မြွေဖြူပြန်ရောက်လာလာပြီဖြစ်သောကြောင့် လူအုပ်ကြီးမှာ စိတ်ဓာတ်ကျသွားလေပြီ။
ချူဖုန်းလည်း နွားဝါလေးကို စိတ်ပူနေသည်ပင်။ သူက နွားရိုင်းနက်ကြီးနဲ့အတူတူပြေးသွားတာဆိုတော့ သူ ဘာဖြစ်သွားပြီလဲ .. သူ ဘေးကင်းကင်းနဲ့ အသက်ရှင်နေရဲ့လား .. သူ ယုံကြည်ရသည့်အဖော်တစ်ဦး တစ်နေရာရာ၌ အသက်မဲ့စွာ လဲလျောင်းနေမည့်မြင်ကွင်းကို သူတွေးပင်မတွေးကြည့်နိုင်။
ဤမြွေကြီး ရှင်သန်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း တစ်ထောင်ကျော်နေပြီဖြစ်သည်။ သူ မည်မျှစွမ်းအားကြီးသည်ကို မည်သူမှ မသိနိုင်။ နွားရိုင်းနက်ကြီးမှာ အထင်ကြီးစရာကောင်းသော်လည်း သူ မြွေဖြူကို မယှဉ်နိုင်သေး။
“တိုင်ဟန်းတောင်တန်းအရှင် .. ကျေးဇူးပြုပြီး ကျွန်မစကားတွေကို နားထောင်ပေးပါ .. ကျွန်မတို့ အရှင့်ရဲ့လူတွေကို မလိုမုန်းထားခြင်း မရှိခဲ့ပါဘူး .. ကျွန်မတို့မှားခဲ့တဲ့အမှားက ဒီနယ်မြေက အရှင့်ရဲ့ ပိုင်နက်နယ်မြေမှန်း မသိခဲ့ရုံတင်ပါ .. အဲဒါကြောင့် ကျွန်မတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
လင်းနွိုင် ပွင့်လင်းစွာပင် ပြောလိုက်သည်။ သူမ၏ခြေတံမှာ သွယ်လျဖြောင့်တန်းနေသောကြောင့် အနောက်ဘက်မှ နှာဗူးကျသည့် သန္ဓေပြောင်းလူများအတွက် မျက်စိအစာကျွေးစရာမြင်ကွင်းတစ်ခု ဖြစ်နေသည်။ သို့သော် သူတို့ခေါင်းထဲ၌ တောင်တွေးမြောက်တွေး တွေးနေရန် အချိန်မရှိ။ သူမ မြွေဖြူကြီးထံသို့ ငြင်သာစွာ လျှောက်သွားသည်ကို လူအုပ်ကြီး ကြည့်နေကြရသည်။
သူမသည် အေးစက်ကာ ဖာသိဖာသာနေတတ်သူဖြစ်သော်လည်း ယခုတော့ အတတ်နိုင်ဆုံး နူးညံ့သိမ်မွေ့အောင် ကြိုးစားနေသည်။ သူမမျက်နှာထက်၌ အပြုံးတစ်ခုပင် ရှိနေသေးသည်။
မြွေဖြူကြီး ခေါင်းငုံ့ကာ သူမကို ကြည့်လာသော်လည်း သူ့အကြည့်မှာ အေးစက်နေဆဲပင်။
သူမ၏သတ္တိနှင့် ခိုင်မာမှုအတွက် သန္ဓေပြောင်းလူသားများ အံ့အားသင့်သွားရသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် မြွေဖြူကြီးနှင့် တည်တည်ငြိမ်ငြိမ် စကားပြောနေနိုင်သည်မှာပင် ထူးခြားနေပြီဖြစ်သည်။
လေပြေလေးတိုက်ခတ်သွားသည်နှင့် သူမ၏ပိုးသားဆံနွယ်များ လူးလွန့်သွားသည်။ ညှို့ဓာတ်ပြင်းသည့် သူမ၏မျက်နှာထက်တွင် တောင်းပန်သည့်ဟန်ပန်များ ရှိနေသည်ပင်။
သူမသည် အရပ် ၁၇၀ စင်တီမီတာရှိသည့်သူဖြစ်သော်လည်း မြွေကြီးနှင့်ယှဉ်လျှင် သူမပုံရိပ်လေးမှာ အလွန်သေးငယ်လှသည်ပင်။
“တိုင်ဟန်းတောင်တန်းအရှင် .. ကျွန်မတို့ရဲ့ ရဲတင်းမှုအတွက် ခွင့်လွှတ်ပေးပါ..” ကျန်းလော့ရှန်းလည်း လူအုပ်ထဲမှ ထွက်လာကာ ပြောလိုက်သည်။ သူမ၏စကားလုံးများမှာ လင်းနွိုင်လောက် မတည်ကြည်၊ မပြတ်သားသော်လည်း သူမသည် လူအုပ်နောက်၌ သွေးကြောင်စွာပုန်းနေသည့် ယောက်ျားများထက်တော့ အပုံကြီးသာသည်ပင်။
ဤကဲ့သို့ အကြပ်အတည်းရောက်နေသည့်အချိန် လူသားများဘက်မှ ထွက်လာသည့် ကိုယ်စားပြုလူနှစ်ဦးမှာ အမျိုးသမီးနှစ်ဦး ဖြစ်နေသည်။
“ရွှီး.. ရွှီး..”
မြွေစိမ်းကြီးလည်း ပေါ်လာလေပြီ။ သူသည် ကျန်နေသည့် ခန္ဓာကိုယ်တစ်ခြမ်းကို ဆွဲကာ မြွေဖြူကြီးထံသို့ ဦးတည်သွားနေလေသည်။ သူသည် ခုန်းဂင်ကိုမုန်းတီးစွာ စိုက်ကြည့်နေသကဲ့ လူအုပ်ထဲမှ ချူဖုန်းကိုလည်း ရှာဖွေနေလေသည်။
မြွေစိမ်းကြီး၏ အခြေအနေကို မြင်ပြီးသည်နှင့် မြွေဖြူ၏ ဘေစင်အရွယ်အစားမျက်လုံးများမှာ ပို၍ပင် အေးစက်မှုန်မှိုင်းလာလေသည်။
သူတို့ကျောရိုးတစ်လျှောက် ထုံထိုင်းသွားသည်ကို အားလုံး ခံစားလိုက်ရသည်။ မကောင်းသည့်အရာတစ်ခုခု ဖြစ်ပျက်တော့မည်ကို သူတို့ခံစားနေရသည်။ မြွေဖြူကြီး၏စိတ်ထဲမှ သတ်ဖြတ်လိုစိတ်မှာ စက္ကန့်နှင့်အမျှ ပိုတိုးလာနေသည်။
မြွေစိမ်းကြီးမှာ ဖြစ်ပျက်ခဲ့သမျှကို ခေါင်းဆောင်အား တင်ပြနေသကဲ့သို့ တရှူးရှူး အော်မြည်နေသည်။
“လူသားတွေက ငါ့နယ်မြေထဲမှာ ရှိတဲ့ သားရဲတွေနဲ့ငှက်တွေကို အနှေးနဲ့အမြန် သေနတ်တွေ၊ ဓားတွေနဲ့ ပစ်သတ်ကြမှာပဲ .. ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို ကြိုရှင်းတာက လူသားသဘာဝပဲမလား .. အဲဒီတော့ မင်းတို့ ငါတို့ကို တက်နင်းတာကို ခံမယ့်အစား ဘာလို့မင်းတို့ကို အခု မရှင်းပစ်ရမှာလဲ..”
မြွေဖြူ ပြောလိုက်သည်။ သူ၏အသံမှာ နူးညံ့သော်လည်း အေးစက်နေကာ လျိုမြောင်ထဲ၌ ပဲ့တင်ထပ်နေသည်။
မြွေကြီးသည် သူ၏တပ်သားများကို လက်တွေ့တိုက်ပွဲ၌ လေ့ကျင့်ပေးရန် စီစဉ်ထားပြီးသားပင်။ လူသားများ၏ အပြုအမူနှင့် စွမ်းရည်များအား လေ့လာသည့်အချိန်ကာလ ပြီးဆုံးသွားပြီဖြစ်သည်။
ဝုန်း..
မြွေဖြူကြီးသည် ငွေရောင်မြစ်တစ်စင်းကဲ့သို့ သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးဖြင့် အောက်သို့ ထိုးဆင်းလာသည်။ မြွေကြီး၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် မြေပြင်ထက်မှ သန္ဓေပြောင်းလူများမှာ သူတို့မျက်နှာကို လေဖြင့်စုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရသည်။
လင်းနွိုင်နှင့် ကျန်းလော့ရှန်း နှစ်ဦးလုံး ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ သူတို့သည် ပိန်ပါးသော်လည်း သူတို့လှုပ်ရှားမှုများကတော့ ပေါ့ပါးသွက်လက်လှသည်ပင်။ မြွေကြီး အောက်ဘက်သို့ ထိုးဆင်းလာသည်နှင့် ရှောင်တိမ်းလိုက်ကာ ဘေးကင်းသည့်နေရာတစ်နေရာ၌ ဆင်းသက်လိုက်ကြသည်။
ဝုန်း..
မြွေကြီး မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် ဒါဇင်ပေါင်းများစွာသော သန္ဓေပြောင်းလူသားများ ပိပြားကုန်သည်။
မြွေကြီး၏ အရေပြားမှာ စတီးထက်ပင် မာကျောနေသောကြောင့် မည်သူမှ ထိုအရေပြားကို မထိုးဖောက်နိုင်ခဲ့။
သန္ဓေပြောင်းသားရဲများလည်း ကြောက်ရွံ့တုန်လှုပ်သွားကြရသည်။ သူတို့ဘုရင် လွတ်လွတ်လပ်လပ် တိုက်ခိုက်၍ရရန်အတွက် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းသွားလိုက်ကြသည်။
ကျောက်ဆောင်များ ပျက်စီးသွားပြီး သစ်ပင်များ ကျိုးကြေကုန်သည်။ အနီးအနားမှ တောင်ကုန်းများလည်း ပြိုကျသွားကြသည်။
ဤမြင်ကွင်းမှာ ကမ္ဘာပျက်ကပ်ရုပ်ရှင်မျ မြင်ကွင်းများကဲ့သို့ပင်။
“အား..”
သွေးပျက်သည့်အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သန္ဓေပြောင်းလူ တစ်ရာကျော် သေဆုံးသွားပြီဖြစ်သည်။
အချို့ ပျံသန်းနိုင်သည့် သန္ဓေပြောင်းလူသားများသည် သူတို့အတောင်ပံများကို လှုပ်ခတ်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်သည်။ သို့သော် မြွေဖြူကြီး၏ ပါးစပ်ထဲမှ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ကြိုးစားမှုမှာ အချည်းနှီးပင် ဖြစ်သွားကြသည်။ လေထဲ၌ ရှိနေသည့်သူများမှာ တစ်စစီပေါက်ကွဲသွားပြီး မြေပြင်ထက်သို့ ပြုတ်ကျလာလေသည်။
“ဒီခွေးကောင်ကြီးကို သတ်လိုက်ကြစို့..” လူအုပ်ထဲမှ လူတစ်ဦး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ အသက်ရှင်နိုင်သည့်အခွင့်အရေးမှာ တစ်စထက်တစ်စ နည်းပါးလာပြီဖြစ်သောကြောင့် သူ သွေးပျက်နေပြီဖြစ်သည်။
ယခုအချိန်ထိ အသက်ရှင်နိုင်သည့်သူများမှာ သေချာပေါက် အကောင်းဆုံးလူများပင်။ သန္ဓေပြောင်းလူတစ်ဦးသည် မီးတောက်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်လေသည်။ သူဖြတ်သွားသည့်နေရာတိုင်းမှာ ချက်ချင်းပင် ချော်ရည်အဖြစ် ပြောင်းလဲသွား၏။ သူသည် သေချာပေါက် ဆရာသခင်တစ်ဦးပင်။
သို့သော် ကံမကောင်းစွာဖြင့် သူ၏တောက်လောင်နေသည့်မီးတောက်မှာ မြွေဖြူကြီးကြောင့် ငြိမ်းသတ်သွားလေသည်။ မြွေဖြူကြီးအသက်ရှူထုတ်လိုက်သည်နှင့် မီးတောက်ကြီးမှာ ရေခဲတုံးအဖြစ် ပြောင်းလဲသွားလေ၏။ ထို့နောက် မြွေကြီးသည် အညှာအတာမရှိပဲ ထိုရေခဲတုံးကို သူ့အမြှီးနှင့် ရိုက်ထုတ်ပစ်လိုက်လေသည်။
“ငါတို့ အဆုံးထိ တောင့်ခံထားရမယ် .. စကြာမုနိဗုဒ္ဓတပည့်တွေ ရောက်လာတော့မှာ .. သူတို့တွေ ငါတို့ကို လာကယ်ကြတော့မှာ” ဘောဓိမှ အကြီးအကဲ အော်ဟစ်လိုက်သည်။ သူ အသက်ရှင်နိုင်ရန်အတွက် သူ အကောင်းဆုံးကြိုးစားပြီးသွားပြီဖြစ်သည်။
ထိုအကြီးအကဲ၏ ကြောက်စရာကောင်းလှသည့် တိုက်ခိုက်စွမ်းရည်ကို လူအုပ်ကြီး ထိတ်လန့်သွားခဲ့ရသည်။ သူ၏လက်သီးများသည် ခြင်္သေ့တစ်ကောင်၏လက်သည်းပုံစံဖြစ်သွားသည်။ သူ့လက်သီးကို လေထဲသို့ထိုးလိုက်သည်နှင့် လေပွေတစ်ခု ဖြစ်သွားပြီး သားရဲများဟိန်းဟောက်သံကဲ့သို့သော အသံများ ထွက်ပေါ်လာသည်ပင်။
ထိုလေပွေကြောင့် ဘေးပတ်လည်ရှိ တောင်များပင် ကျောက်တုံးကျောက်ခဲများအဖြစ် ပြိုကျသွားကြသည်။
သူသည် အသက်ကြီးနေသော်လည်း သူ၏စွမ်းရည်မှာ ငွေတောင်ပံ၊ ခုန်းဂင်တို့ထက် မလျော့။
ဘုန်း .. ဘုန်း.. ဘုန်း..
အကြီးအကဲ၏ အထင်ကြီးစရာကောင်းသည့် လက်သီးချက်များသည် မြွေကြီး၏ကိုယ်ပေါ်သို့ ဆက်တိုက် ရောက်ရှိသွားသည်။ ကျောက်တောင်များကိုပင် ဖြိုခွဲပစ်နိုင်သည့်လက်သီးချက်မှာ မြွေကြီးအတွက်တော့ ဘာမှဖြစ်ဟန်မတူ။
မြွေဖြူကြီး ထိုအကြီးအကဲကို အေးစက်စွာ ငုံ့ကြည့်လာသည်။ ထို့နောက် သူ့အမြှီးကို ကြာပွတ်တစ်ခုကဲ့သို့ လွှဲရမ်းလိုက်လေသည်။ အကြီးအကဲမှာ ချက်ချင်းပင် ငှက်မွေးတစ်ခုကဲ့သို့ လေထဲသို့ လွင့်ထွက်သွားလေသည်။ ထို့နောက် ကျောက်တုံးကြီးနှင့် ရိုက်မိသွားကာ သွေးတစ်ပွက် အန်ထွက်လာသည်။
“ငါ မင်းကို သေအောင်သတ်ပစ်မယ် ခွေးမသား..”
ခုန်းဂင် ဟစ်ကြွေးလိုက်သည်။ သူ အော်လိုက်သည့်စကားလုံးများကို နားထောင်ကြည့်ခြင်းဖြင့် သူ မည်မျှ ဒေါသထွက်နေသည်ကို သိနိုင်သည်။ သူ့မျက်လုံးထဲမှ သွေးကြောများပင် နီရဲနေပြီဖြစ်သည်။
ခုန်းဂင်သည် သူ့ဓားကို စွန့်ပစ်လိုက်ပြီး အဝတ်စတစ်စကို လက်နက်အဖြစ် ကိုင်ထားလိုက်သည်။
အဝတ်စမှာ သိပ်မရှည်။ တစ်ပေခန့်သာရှိသည်။ ဤသည်မှာ ဗုဒ္ဓဘုရားကျောင်းများ၏ စားပွဲထက်၌ ထားရှိသည့် ပိတ်စနှင့်တူသည်။ လက်နက်အစစ်နှင့်မတူ။
သို့သော် ခုန်းဂင်လက်ထဲရှိ ပိတ်စကတော့ အတော်လေး တောက်ပနေသည်။ ဤပိတ်စ၌ ထူးဆန်းသည့်အားတစ်ခုခု ရှိနေသည်ပုံပင်။ ဝုန်း .. အဝတ်စလေး လေထဲသို့ ပျံတက်သွားသည်နှင့် အံ့အားသင့်စရာကောင်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ဘုန်း..
အဝတ်စ မြွေကြီး၏ခန္ဓာကိုယ်နှင့် ထိမိသွားသည်နှင့် မျက်စိကျိန်းလောက်သည့် မီးပွားများ ဖြစ်ပေါ်လာသည်။ သို့သော် ဤသည်မှာ မြွေကြီး၏ခန္ဓာကိုယ်၌ ခြစ်ရာတစ်ချို့ ထင်ရုံသာ လုပ်လိုက်နိုင်သည်။ ခုန်းဂင်သည် ကံကောင်းစွာဖြင့် မြွေကြီးကို လွတ်အောင်ရှောင်လိုက်နိုင်သော်လည်း သူ့ပါးစပ်မှ သွေးများစီးကျလာသည်။
မြွေကြီးမှာ ထူးမခြားနားစွာ သွေးအေးနေဆဲပင်။ တောင်များကြား သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကို လွှဲရမ်းလိုက်နှင့် တောင်ကုန်းတောင်ထိပ်များပင် မြေပြင်ဖြစ်သွားကြလေ၏။ အသက်ရှင်နေသည့် သန္ဓေပြောင်းလူသားများအတွက်တော့ ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီးပင်။
သူ့အမြှီး တစ်ချက်ရမ်းလိုက်သည်နှင့် လူပေါင်းတစ်ထောင် သေဆုံးသွားသည်အထိပင်။
ချူဖုန်း သူ၏အလိုလိုသိစိတ်ကို အသုံးပြုပြီး အန္တရာယ်များကို ရှောင်ရှားနေခဲ့သည်။ သူ ယခုထိ မြွေကြီးကို တစ်ခါမှ မတိုက်သေး။
ခဏကြာပြီးနောက် သူ့လေးညှို့ကို ဆွဲလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့အသည်းအသက်လေး လင်းနွိုင် အန္တရာယ်ရှိနေလေပြီ။ မြွေကြီး၏ လွှဲရမ်းနေသည့်အမြှီးမှာ သူမကို အချိန်မရွေး ရိုက်ချသွားနိုင်သည်။
ချူဖုန်း တွေဝေမနေပဲ အရိုးမြှားတစ်ချောင်း ဆွဲထုတ်လိုက်သည်။ ဤမြှားတစ်စင်းလုံးကို နဂါးသွားဖြင့် ပြုလုပ်ထားခြင်းပင်။ တစ်ချိန်တည်းမှာပင် ချူဖုန်း မိုးကြိုးအသက်ရှူစည်းချက်ကို အသုံးပြုလိုက်သည်။
သူ လေးနှင့်ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်သည်။ ခဏကြာပြီးနောက် သူ့ဘေးနားပတ်လည်တွင် မိုးခြိမ်းသံများ မြည်ဟီးလာလေသည်။
ဝှစ်..
မြှားမှာ လေးကြိုးမှ ထွက်သွားလေပြီ။ ထိုမြှား လေထဲသို့ ထွက်သွားသည်နှင့် မိုးခြိမ်းသံများပါ ထွက်ပေါ်လာခဲ့သည်။
ဘုန်း..
မြှားမှာ မြွေအမြှီးကို ထိုးဖောက်သွားလေသည်။ နာကျင်သွားသောကြောင့် မြွေကြီးသည် သူ့အမြှီးကို ကြာပွတ်ကဲ့သို့ ချက်ချင်းမြှောက်လိုက်သည်။
သို့သော် ထိုမြှားသည် မြွေကို နာကျင်မှုခံစားရအောင် လုပ်လိုက်ရုံသာရှိသည်။ ထိုထက်မပို။ သူ၏အကြေးခွံများ ကျွတ်ကျလာခြင်းမရှိသလို ဒဏ်ရာမှ သွေးထွက်လာခြင်းလည်းမရှိ။
မြွေဖြူကြီးကို ဖျက်ဆီးပစ်၍ မရ။
အနည်းငယ် ဒဏ်ရာရနေသည့် အမြှီးကို တရွတ်ဆွဲနေသောကြောင့် လမ်းတစ်လျှောက်ရှိ ရှေးဟောင်းသစ်ပင်များစွာ လဲကျသွားပြီး ကျောက်တောင်များလည်း ချိုင့်ဝင်သွားလေသည်။
အမြှီးသည် လင်းနွိုင်၏ခေါင်းပေါ်မှ ပွတ်ကာသီကာလေး ဖြတ်သွားခဲ့သည်။ လင်းနွိုင်သည် အမြဲတမ်း တည်ငြိမ်နေခဲ့သော်လည်း ယခုတော့ ဤမြွေဖြူကြီးကြောင့် သူမ မသက်မသာ ခံစားလာရသည်။
သူ့မမလေး အန္တရာယ်ရှိနေသည်ကို ခံစားမိသောကြောင့် ငွေတောင်ပံလည်း လင်းနွိုင်နား ရောက်လာပြီဖြစ်သည်။
မြွေဖြူကြီးသည် လင်းနွိုင်ကိုကြည့်လိုက်ပြီးနောက် ငွေတောင်ပံကို ကြည့်လိုက်လေသည်။ ထို့နောက် နားကွဲလောက်သည့်အသံကြီးဖြင့် သူ့ခန္ဓာကိုယ်ကို လွဲရမ်းကာ သူတို့နှစ်ဦးအား ထပ်မံတိုက်ခိုက်လာသည်။
ဘုန်း..
ငွေတောင်ပံမှာ မြွေကြီးနှင့် အလွန်နီးကပ်နေသောကြောင့် ရှောင်ချိန်မရလိုက်။ သူ လေထဲသို့ လွင့်ထွက်သွားကာ ရင်ဘတ်ရှိ ဒဏ်ရာမှ သွေးများ စီးကျလာသည်။
သို့သော် ကံကောင်းစွာဖြင့် သူ မြွေကြီးနှင့် အလွန်နီးကပ်နေသောကြောင့် မြွေကြီးရိုက်ချလိုက်သည့်အရှိန်မှာ သိပ်မပြင်း။ ထို့ကြောင့် သူ ဒဏ်ရာပြင်းထန်စွာ မရရှိခဲ့။
သို့သော် ချူဖုန်းကတော့ မတူပေ။ သူရပ်နေသည်နှင့်နေရာနှင့် မြွေကြီးရှိနေသည့်နေရာမှာ အတော်လေး ဝေးနေသောကြောင့် မြွေကြီး၏ခန္ဓာကိုယ် သူ့နားသို့ ရောက်လာသည့်အချိန်တွင် အရှိန်ပြင်းသလို အားပြင်းလှသည်။
ချူဖုန်း ကျောရိုးတစ်လျှောက် ကြက်သီးထသွားရသည်။ သူ အမြန်ပြေးလိုက်သော်လည်း မြွေကြီးရိုက်ချက်နှင့် လွတ်ကင်းသည့်နေရာသို့ မရောက်သွားခဲ့။ အန္တရာယ်သူ့ထံသို့ ရောက်လာတော့မည်ဖြစ်ကြောင်း ကြိုသိနေသော်လည်း သူ အချိန်မှီ မရှောင်နိုင်တော့။
ဝှစ်…
ထိုအချိန်တွင် လေထဲသို့ အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်လာကာ ချူဖုန်းထံသို့ ဦးတည်လာနေသည်။ ထိုလူသည် တွေဝေမနေပဲ ချူဖုန်းကို ဖမ်းလိုက်ပြီး မြေနိမ့်ပိုင်းသို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူတို့သည် သစ်ကိုင်းကို လေးညှို့အဖြစ် အသုံးပြုကာ အခြားတောင်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ဝုန်း..
သူတို့ခေါင်းပေါ် လက်မအနည်းငယ်အကွာမှ ငွေရောင်မြွေကိုယ်ထည်ကြီး ဖြတ်ပြေးသွားခဲ့သည်။ ထိုမြွေကြီး ဖြတ်ခဲ့သည့်တောင်ကုန်းမှာ မြေပြင်အဖြစ် ပြိုကျသွားခဲ့သည်ပင်။ သူတို့အနီးတဝိုက်တွင် ဘာမှမရှိတော့။
သူ့ကို ကယ်လိုက်သည့်သူမှာ အမျိုးသမီးတစ်ဦးပင်။ လုရှီယွင်သည် ထိုအချိန်က ချူဖုန်းနားတွင် ရှိနေခဲ့သောကြောင့် ချူဖုန်းကို ကူညီပေးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သူမထံတွင် အတောင်ပံ ရှိနေသောကြောင့် သူမ ပြိုင်ဘက်ကင်းသည့်အရှိန်ဖြင့် သွားလာနိုင်ခဲ့သည်။ ထို့ကြောင့်လည်း သူမတို့ ရူးနှမ်းနေသည့်မြွေကြီး၏ တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ခြင်းပင်။
ချူဖုန်းသည် အနှီသေလုနီးပါးဖြစ်ခဲ့သည့် အခြေအနေကြောင့် အံ့အားသင့်နေဆဲပင်။ လုရှီယွင်၏ စွမ်းရည်ကို သူ အံ့အားသင့်မိသွားသည်။ သူမထံတွင် ပြိုင်ဘက်ကင်းအရှိန်ရှိနေရုံသာမက သူမ၏ အာရုံများလည်း သူကဲ့သို့ စူးရှလှသည်။ အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သောကြောင့်သာမဟုတ်ပါက သူမ ချူဖုန်းကို ကယ်တင်နိုင်မည်မဟုတ်။
“ကျေးဇူးတင်ပါတယ် .. ဂျူနီယာကျားဖြူလေး..” ထိုစကားများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် ချူဖုန်းတစ်ယောက် နောင်တရသွားရသည်။
လုရှီယွင်သည် ငယ်ရွယ်ချောမောနေဆဲပင်။ တိုက်ပွဲများကြား ရောက်နေသော်လည်း သူမ၏အဖြူရောင်အဝတ်အစားများတွင် ဖုန်တစ်စက် စွန်းထင်းသွားခြင်းမရှိ။ သူမသည် အရှုံးကြီးရှုံးခဲ့သော်လည်း သူမမျက်နှာထက်တွင် ချစ်စရာကောင်းကာ ချိုမြိန်သည့်အပြုံးရှိနေဆဲပင်။ သို့သော် ချူဖုန်း၏အရှက်မရှိသည့်စကားများ ကြားလိုက်ရသည့်အချိန်တွင်တော့ သူမ၏အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားကာ မျက်မှောင်ကြုံ့သွားရသည်။
“တောင်းပန်ပါတယ် .. လျှာခလုတ်တိုက်သွားလို့..” သူစကားပြောမှားသွားမှန်းသိသည်နှင့် ချူဖုန်း ချက်ချင်း ပြန်ပြောလိုက်သည်။
မြေပြင်ထက်၌ တိုက်ပွဲတစ်ခု ဆက်လက်ဖြစ်ပွားနေဆဲပင်။ သွေးပျက်သည့်အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
ချူဖုန်းနှင့် လုရှီယွင်တို့ ပုန်းရာမှ ထွက်လာသည့်အချိန်တွင် လျိုမြောင်တစ်ခုလုံး သွေးညှီနံ့များ ပြည့်နေလေပြီ။ အလောင်းများလည်း တစ်ခုနှင့်တစ်ခုနေကြသည်။ ထိုအလောင်းများအားလုံးမှာ သန္ဓေပြောင်းလူများ၏ အလောင်းများပင်။ မိနစ်ပိုင်းအတွင်းမှာပင် သန္ဓေပြောင်းလူသား သုံးထောင်ကျော် အသတ်ခံလိုက်ရပြီဖြစ်သည်။
အဝေးတွင် ငွေတောင်ပံသည် လင်းနွိုင်၏အကူအညီဖြင့် အဝေးသို့ ထွက်ပြေးနေကြသည်။ သူတို့သည် အစောပိုင်းလေးတင် အသတ်ခံလိုက်ရသည့် ဒိမ်ဒီမှ အကြီးအကဲကို ထားရစ်ခဲ့ကာ အသက်လု ပြေးလိုက်ကြသည်။
ခုန်းဂင်နှင့် ကျန်းလော့ရှန်းလည်း သူတို့ ထွက်ပြေးနိုင်မည့်လမ်းကြောင်းများအား ရှာဖွေနေကြသည်ပင်။ သူတို့ ဤမြွေကြီးကို မယှဉ်နိုင်မှန်းသိသည်နှင့် လူခွဲ၍ လမ်းရှာလိုက်ကြသည်။
သူတို့ပြန်ဆုတ်နိုင်ရန် ဘောဓိမှ အကြီးအကဲ ကာပေးထားသည်။ သူသည် ထိုအဝတ်စအား လက်ထဲ၌ တင်းကြပ်အောင် ဆုတ်ကိုင်ထားပြီး ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူနှင့်အတူ ရန်သူကို ဆွဲချရန် မြွေဖြူကြီးထံသို့ ပြေးဝင်သွားလေတော့သည်။
ဝုန်း.. တိုက်ပွဲကြား၌ ရုတ်တရက် တောက်ပသည့်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာသည်။
မြွေဖြူ ငွေရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်ခြင်းပင်။ ထိုအလင်းတန်းသည် အကြီးအကဲအား ထူးဆန်းသည့်အားတစ်ခုဖြင့် ရိုက်ချလိုက်ကာ အဝတ်စနှင့် အကြီးအကဲကို တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်လေသည်။ ခံ့ညားလှသည့်ယောက်ျားကြီးနှင့် သူ အားထားရသော အဝတ်စတို့သည် စက္ကန့်ပိုင်းအတွင်းပင် ပြာကျသွားလေသည်။
“ပစ်မှတ်ရောက်လာပြီ .. ပစ်တော့..” လင်းနွိုင် ဖုန်းထဲ ပြောလိုက်သည်။ သူမသည် ငွေတောင်ပံကိုတွဲကာ အနိမ့်ပိုင်း၌ ပျံသန်းနေခြင်းပင်။ ငွေတောင်ပံသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သတိလစ်လုနီးပါး ဖြစ်နေသည်ပင်။
တစ်ချိန်တည်းမှာပင် သူမသည် ဤနေရာအား ဖောက်ခွဲပစ်ရန် သူမလူများကို အမိန့်ပေးလိုက်သည်။
သူမထံတွင် ရွေးချယ်စရာမရှိတော့။ ထပ်ပြီးနှောင့်နှေးနေပါက သူတို့အားလုံး ဤသားရဲကြီးလက်ထဲ အသက်ဆုံးရှုံးသွားလိမ့်မည်။
“ပြေးတော့..” လင်းနွိုင် လူအုပ်ကြီးကို အော်ပြောလိုက်သည်။
ဝုန်း..
အရှေ့ဘက်အဝေးတစ်နေရာတွင် တောက်ပသည့်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းသည် တိုင်ဟန်းတောင်တန်းသို့ ဦးတည်လာလေ၏။ ထိုလက်နက်များ၏ ပစ်မှတ်မှာ ရှင်းသည်။ သူတို့ ဤမြွေဖြူကြီးကို ချိန်ရွယ်ထားကြသည်ပင်။
ဒုံးကျည်တွေ..
ထို့အပြင် ဤသည်မှာ စွမ်းအားမြင့်ဒုံးကျည်များပင်။
တိုင်ဟန်းတောင်ပတ်လည်အတွင်း၌ ရှိနေသည့် သန္ဓေပြောင်းလူများသည် ဒုံးကျည်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ဤသည်မှာ တစ်ခုခုဖြစ်သည်နှင့် ဤနေရာကို ဖျက်ဆီးပစ်ရန် ဒိမ်ဒီမှ စစ်တပ်ကို အကူအညီတောင်းထားသည့် လက်နက်များဖြစ်လိမ့်မည်ဟု ခန့်မှန်းမိကြသည်ပင်။
“ပြေး..” သန္ဓေပြောင်းလူများ အော်ဟစ်လိုက်ကြကာ အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားလာကြသည်။
ချူဖုန်း၏အမူအရာလည်း ပြောင်းလဲသွားသည်။ ဤနေရာတစ်ခုလုံးကို ဖော်ပြ၍မရနိုင်လောက်သည့် အန္တရာယ်များ ဝန်းရံထားသည်ကို သူခံစားနေရသည်။ သူသည် တွေဝေမနေတော့ပဲ မြင်းရိုင်းတစ်ကောင်ကဲ့သို့ စတင်ပြေးလွှားလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ လုရှီယွင် သူ့ကို မကူညီပေးတော့။ အခြားသူများအား ကူညီဖို့မပြောနှင့် သူမပင်လျှင် အန္တရာယ်ကင်းသည့် လမ်းအား ခက်ခက်ခဲခဲရှာဖွေနေရသည်။
ချူဖုန်း တောင်တန်းတစ်လျှောက် ပြေးနေသည်။ ပေါက်ကွဲသည့်နေရာနှင့် မိုင်ပေါင်းများစွာ ဝေးနေပြီဖြစ်သော်လည်း သူ စိတ်မချသေး။ သူ ထွက်ပြေးနေစဉ်မှာပင် တစ်တောင်ပြီးတစ်တောင် ပေါက်ကွဲလာလေသည်။
ဝုန်း..
ဒုံးကျည်များ ကျရောက်သွားသည့်နေရာတွင် ငရဲမီးကဲ့သို့ လောင်ကျွမ်းနေလေပြီ။ ကျောက်တောင်များလည်း မရှိတော့။
ဝုန်း .. ဝုန်း .. ဝုန်း..
အခြား ဒုံးကျည် ၇ လုံး၊ ၈ လုံး မြွေဖြူတောင်သို့ ဆက်တိုက်ရောက်ရှိလာသည်။ မြွေဖြူတောင်မှာ မီးတောက်များကြား ပျောက်ကွယ်သွားလေပြီ.
နောက်ဆုံးတွင် အရာအားလုံး ပြန်လည်တိတ်ဆိတ်သွားသည်။
ချူဖုန်းမှာ တစ်ကိုယ်လုံး နာကျင်နေလေပြီ။ တောင်ပေါ်မှ လွင့်စင်လာသည့် ကျောက်တုံးများနှင့် ထိခိုက်မိခဲ့သော်လည်း ကံကောင်းစွာဖြင့် ဒဏ်ရာများမှာ မပြင်းထန်ခဲ့။ အရိုးများ ကျိုးမသွားခဲ့။
ထိုဖောက်ခွဲမှုများ၌ မြွေဖြူနှင့် သန္ဓေပြောင်းသားရဲများ သေဆုံးသွားကြမည်ဆိုလျှင်ပင် သန္ဓေပြောင်းလူသားများ သေဆုံးမှုလည်း နည်းလိမ့်မည်မဟုတ်ဟု သူပြောရဲသည်။
သေချာပါသည်။ အားလုံး တိတ်ဆိတ်သွားသည့်အချိန်တွင် အသက်ရှင်ကျန်နေသည့် သန္ဓေပြောင်းလူများမှာ တစ်ထောင်ပင်မပြည့်တော့။ အသက်ရှင် ကျန်ရစ်ခဲ့သူများအားလုံး အပျက်အစီးပုံများကြားထဲမှ တွားသွားထွက်လာကြပြီး တစ်ကိုယ်လုံးသွေးများ စိုရွှဲနေကြသည်ပင်။
“ဘုရားရေ .. သူ မသေသေးဘူး .. အသက်ရှင်နေတုန်းပဲ..” ရုတ်တရက် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အရှေ့ဘက်တွင် မည်သည့်တောင်မှ မရှိတော့။ ဒုံးကျည်များကြောင့် အားလုံး ပြိုကျပျက်စီးသွားလေပြီ။
ပူပြင်းလောင်ကျွမ်းနေသည့် မြေပြင်အောက်မှ ဧရာမမကောင်းဆိုးဝါးကြီးတစ်ကောင် ထွက်လာသည်။ မကောင်းဆိုးဝါးကြီးတွင် အဖြူရောင်ခန္ဓာကိုယ်ရှိပြီး သူ့အကြေးခွံအချို့မှာ ပျောက်ဆုံးနေသည်။ ခန္ဓာကိုယ်၌ သွေးကွက်အချို့ ရှိနေသည်မှလွဲလျှင် မည်သည့်ဒဏ်ရာမှမရှိ။
“ဘုရားရေ .. သူက ထာဝရရှင်သန်သူလား..” သန္ဓေပြောင်းလူများ ကြောက်ရွံ့စွာ ရေရွတ်လိုက်ကြသည်။
“ဒီမှာ သန္ဓေပြောင်းသားရဲ အကောင် နှစ်ရာသေသွားပြီ .. ငါ မြို့နှစ်မြို့စာ အသက်တွေကို နှုတ်ယူပြီးတော့ သူတို့အောက်မေ့ပွဲကို ကျင်းပပေးမယ် .. အဲဒီအသက်တွေနဲ့ အခမ်းအနားအတွက် ယဇ်ပူဇော်မယ်..” မြွေဖြူကြီးပြောလာသည်။
သူမ စကားများကြောင့် လူအုပ်ကြီး ထိတ်လန့်သွားရသည်။
သန္ဓေပြောင်းသားရဲအများစုမှာ ဒုံးကျည်ဖြင့် မပစ်ခင်ကတည်းက ဤနေရာမှ ထွက်ပြေးသွားကြခြင်းဖြစ်သော်လည်း အချို့မှာ အသက်ဘေးမှ မလွတ်ခဲ့ကြ။
ထိုသားရဲများအတွက် ကလဲ့စားချေရန် မြွေဖြူကြီးသည် မြို့နှစ်မြို့၌ နေထိုင်သည့်သူများကို သတ်ပစ်ချင်နေသည်။
“ဒီသားရဲကြီးက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ.. ဒုံးကျည်တွေတောင်မှ သူ့ကို မသတ်နိုင်ဘူးလား..” ခုန်းဂင် မယုံကြည်နိုင်ဖြစ်နေသည်။
“အဲဒီတုန်းက သူ့ခန္ဓာကိုယ်ပတ်လည်မှာ အဖြူရောင်အလင်းလုံးတစ်လုံး ထွက်လာတာကို တွေ့လိုက်လား .. အဲဒီအလင်းလုံးက သူ့ကိုဒုံးကျည်တွေကနေ ကာကွယ်ပေးထားတာလို့ ငါထင်တယ် .. အဲဒီအလင်းလုံးက သူ့ကို ဘာစွမ်းအင်တွေ ပေးနေလဲတော့ မသိဘူး..” ကျန်းလော့ရှန်း တီးတိုးပြောလိုက်သည်။
“အမ်..” ရုတ်တရက် သူမမျက်နှာထက်မှ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်နေသည့် အပြုံးတစ်ခု ပေါ်လာသည်။ သူမ ဖုန်း၌ စာတစ်စောင် ရောက်နေသည်ပင်။
“ဘာဖြစ်လို့လဲ..”
“စကြာမုနိဗုဒ္ဓတပည့်တွေ ရောက်လာပြီ..” ကျန်းလော့ရှန်း ပျော်ရွှင်စွာ ပြောလိုက်သည်။
ထို့နောက် အမျိုးသားတစ်ဦး တိုင်ဟန်းတောင်တန်းထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။ သူ၏ခြေထောက်များမှာ သွက်လက်မြန်ဆန်လှသည်။ သူသည် ခြေလှမ်းတစ်လှမ်းတည်းဖြင့် အကွာအဝေးများကို ချုံ့ပစ်နိုင်သကဲ့သို့ပင်။
“တိုင်ဟန်းတောင်တန်းအရှင် .. မင်းစိတ်ကို မုန်းတီးတဲ့စိတ်တွေ၊ သတ်ဖြတ်ချင်တဲ့စိတ်တွေ ဖုံးလွှမ်းသွားပြီ .. မင်း ရပ်တန့်ဖို့အချိန်ရောက်ပြီ..” ထိုလူသည် လူအုပ်ကြီးရပ်နေသည့်နေရာနှင့် မိုင်ပေါင်းများစွာဝေးသည့်နေရာ၌ ရပ်ပြောနေသော်လည်း သူ့အသံသည် လူအုပ်ကြီး၏နားထဲသို့ ချက်ချင်း ရောက်လာလေသည်။
အပိုင်း ၆၇ ပြီး၏။