ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၆ – ချောက်ကမ်းပါးစွန်း
ခုန်းဂင် စိတ်ရှုပ်လာကာ အားကုန်သုံးပြီး တောဝက်ရိုင်းကြီးကို သူ့အောက်ဖိထားလိုက်သည်။
ခုန်းဂင်သည် ဒေါသတကြီးဖြင့်ပင် တောဝက်၏ခြေလက်ကို ဖိထားလိုက်သည်။
“ဟေး .. မင်းဘာလုပ်နေတာလဲ .. မင်း ဝက်တစ်ကောင်ကို အနိုင်ကျင့်နေတာလား..” တစ်စုံတစ်ယောက်မှ ရွှင်မြူးသည့်အသံဖြင့် ပြောလာသည်။
ခုန်းဂင် စိတ်ရှုပ်စွာဖြင့် လှည့်ကြည့်လိုက်သည့်အချိန်တွင် သစ်ကိုင်းတစ်ခုပေါ်၌ နားနေသည့် အစိမ်းရောင်ငှက်ကို တွေ့လိုက်ရသည်။
ငှက်ပုံစံကိုကြည့်ရလျှင် ဤသည်မှာ ကြက်တူရွေးတစ်ကောင်ဖြစ်လိမ့်မည်။ သို့သော် ဤကြက်တူရွေးသည် ထူးဆန်းသည့်အသီးများ စားထားသောကြောင့် သန္ဓေပြောင်းသွားပြီဖြစ်သည်။ ငှက်သည် ခုန်းဂင်ကို ကြည့်လိုက်ကာ “ဘာလဲ .. မင်းက အဲဒီဝက်ကို ဘာမဟုတ်တာ လုပ်မလို့လဲ..”
ငှက်၏ပုံစံနှင့် ပြောသည့်စကားများကြောင့် ခုန်းဂင်ပို၍ ဒေါသထွက်သွားရသည်။ သူ ဤငှက်စုတ်၏ လည်ပင်းကို လိမ်ချိုးပြီး ထိုပါးစပ်ပေါက်ကို ပိတ်ပစ်ချင်မိသည်အထိပင်။
ခုန်းဂင် အတော်လေးကြီးသည့် ကျောက်တုံးကို ကောက်ယူပြီး ပစ်လိုက်သည်။
အစိမ်းရောင်ကြက်တူရွေး လန့်သွားကာ ကောင်းကင်ထက်သို့ မြန်မြန်ပျံသွားလိုက်သည်။ “တစ်ယောက်ယောက်က ဝက်ကို မကောင်းတာတွေ လုပ်နေတယ် .. တစ်ယောက်လောက် ဝက်ကို မြန်မြန်လာကယ်ပါဦး..”
ရှက်လွန်းသောကြောင့် ခုန်းဂင်မျက်နှာ နီရဲနေပြီဖြစ်ပြီး ဆံပင်များပင် ထောင်ထနေပြီဖြစ်သည်။ သို့သော် အခြားသန္ဓေပြောင်းလူများသည် သားရဲများနှင့် တိုက်ခိုက်ရင်း အလုပ်ရှုပ်နေကြသောကြောင့် မည်သူမှ ဤကြက်တူရွေးစကားကို အာရုံမစိုက်ကြ။
သို့သော် ကင်မရာကိုင်ထားသည့်လူတစ်စု တောအုပ်အတွင်းသို့ အလျင်အမြန်ပြေးသွားသည်ကိုတော့ သူ သတိပြုမိသွားသည်။
ထိုအကြောက်တရားမရှိသည့်လူများကို ခုန်းဂင် တစ်ချက်ကြည့်လိုက်သည်။ ဤလူများထံမှ မူမမှန်သည့်အရာများအား မခံစားမိသောကြောင့် သူ စိတ်သက်သာရာရသွားသည်။ ထို့နောက် သူသည် သားရဲတစ်ကောင်ကဲ့သို့ ထိုငှက်ပေါ် ခုန်အုပ်လိုက်သည်။
“ငါပါးစပ်ကို ပိတ်ချင်လို့ ငါ့ကို သတ်ဖို့ ကြိုးစားနေပြီ .. ကယ်ကြပါဦး .. ကယ်ကြပါဦးဗျို့..” အစိမ်းရောင်ကြက်တူရွေးသည် အတောင်ပံခတ်ကာ တောအုပ်ထဲသို့ ပြေးဝင်သွားရင်း အော်ဟစ်နေလေသည်။
ဂါး..
တောဝက်ကြီးမှာ နောက်ဆုံးတွင်တော့ ခုန်းဂင်အောက်မှ လွတ်လာပြီး လေးဖက်ထောက် ရပ်လိုက်သည်။ သူ့နှာခေါင်းမှ အငွေ့ဖြူများပင် ထွက်နေလေပြီ။ သားရဲအုပ်စုတစ်စု၏ ခေါင်းဆောင်ဖြစ်သောကြောင့် တောဝက်ကြီးမှာ စွမ်းအားကြီးလှသည်ပင်။ သူ သတိမထားမိသောကြောင့်သာ လူတစ်ဦး၏ရိုက်ချခြင်း ခံလိုက်ရသည်ပင်။
ဝုန်း..
သူ၏ရှုံးနိမ့်မှုအတွက် စိတ်ပျက်သွားရသောကြောင့် တောဝက်ကြီးသည် ပြန်ထနိုင်သည်နှင့် ခုန်းဂင်ကို ချက်ချင်းတိုက်ခိုက်လာလေသည်။ သူ့အစွယ်မှာ တစ်မီတာရှည်ပြီး ထက်ရှလှသည့် ဓားတစ်စုံကဲ့သို့ ခုန်းဂင်ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာနေလေသည်။
တောဝက်ကြီးမှာ တင့်ကားအရွယ်အစားရှိသောကြောင့် တောဝက်ကြီး ပြေးလာသည်နှင့် မြေကြီးပင် တုန်ခါသွားလေသည်။ တောဝက်ကြီးအနားတွင် ရှိနေသည့် သန္ဓေပြောင်းလူများမှာ ချက်ချင်းပင် ဖြူဖျော့သွားကာ ဒေါသထွက်နေသည့် တောဝက်ကြီးထံမှ အလျင်အမြန် ပုန်းရှောင်လိုက်ကြလေသည်။
ခုန်းဂင်စိတ်ထဲ သတ်ဖြတ်လိုစိတ်သာ ရှိတော့သည်။ သူ မြေပြင်ပေါ် မတ်မတ်ရပ်လိုက်ပြီး တောဝက်ကြီးနှင့် အဆုံးထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဝုန်း .. ဝုန်း .. ဝုန်း..
သူတို့နှစ်ဦး စတင်တိုက်ခိုက်သည်နှင့် လျိုမြောင်များကြားတွင် ပြင်းထန်လှသည့် တိုက်ခိုက်သံများ ပဲ့တင်ထပ်လာသည်။ လူတစ်ယောက်နှင့် သားရဲတစ်ကောင်မှ မကောင်းဆိုးဝါးများကဲ့သို့ပင်။ သူတို့ဘေးပတ်လည်ရှိ မရွေ့လျားနိုင်သည့် ပစ္စည်းများလည်း ပျက်စီးသွားကြလေပြီ။ သစ်ပင်များနှင့် ကျောက်တုံးများမှာ တစ်စစီပင် ဖြစ်သွားကြသည်။ ဤမြင်ကွင်းမှာ အတော်လေးပင် ကြောက်စရာကောင်းလွန်းလှသည်။
တောဝက်ကြီးမှာ အတော်လေး သတ္တိရှိလှသည်။ သူ၏နှာခေါင်းမှ အငွေ့ဖြူများ ထွက်နေဆဲဖြစ်ပြီး သူ၏သွားများမှာ သူ၏အကောင်းဆုံးလက်နက်ပင်။ သို့သော် သူ သွားဖြင့်ကိုက်ရန် ကြိုးစားသည့်အချိန်တိုင်း ခုန်းဂင် ရှောင်လိုက်နိုင်သည်။
ဝုန်း..
သူတို့ တိုက်ခိုက်ကြရင်းဖြင့် စစ်တပ်သုံးတင့်ကားကြီးနှင့် တိုက်မိသွားကြသည်။ ကားကြီးမှာ ကျည်ကာကားကြီးဖြစ်သော်လည်း ဘန်းဟူသောအသံကြီးနှင့်အတူ နှစ်ခြမ်းကွဲသွားလေသည်။
တောဝက်ရိုင်းကြီးမှာ တကယ်ကို အရိုင်းဆန်လှသည်။ သူ သန္ဓေပြောင်းလူအုပ်ထဲ ဒေါသတကြီး လှည့်ပတ်သွားလိုက်သည်နှင့် သန္ဓေပြောင်း ဒါဇင်ပေါင်းများစွာ သူ့သွားစွယ်ကြီးများကြောင့် သေဆုံးသွားသည်။
တောဝက် ခုန်းဂင်ရှေ့ပေါ်လာသည့်အချိန်တွင် သူ့သွား၌စိုက်နေသည့် အသက်မဲ့ခန္ဓာကိုယ်အချို့ ရှိနေဆဲပင်။ တောဝက်အစွယ်ကြီး သူတို့ရင်ဘတ်၌ ထုတ်ချင်းဖောက်နေပြီး လေထဲ၌ တွဲလောင်းဖြစ်နေကြသည်ပင်။
“မင်း သေချင်နေတာပဲ..”
ခုန်းဂင် ဒေါသတကြီး ပြောလိုက်ကာ ချုံထဲကျနေသည့် သူ့ဓားကို ပြန်ယူလိုက်သည်။ သူ့စိတ်ထဲ ဝက်ကို အညှာအတာမရှိ သတ်ပစ်ရန်သာ ရှိတော့သည်။
သူ့လက်သီးသည် ရန်သူများကိုသေအောင်သတ်နိုင်သော်လည်း တောဝက်၏အရေပြားမှာ ထူထဲလှပြီး လက်သီးချက်မှာ သူ့ကို ဘာမှမလုပ်နိုင်။ ခုန်းဂင် သူ့လက်ထဲမှ ထူးခြားသည့်ဓားကိုလွှဲရမ်းလိုက်သည်နှင့် တောအုပ်တစ်ခုလုံး လင်းထိန်သွားလေသည်။
ဖူး..
နောက်ဆုံးတွင် ခုန်းဂင် သူ၏ပြိုင်ဘက်ကင်းစွမ်းရည်နှင့် စွမ်းအားများကို ထပ်မံပြသနိုင်ခဲ့လေပြီ။ သူ လေထဲသို့ ခုန်တက်လိုက်ပြီးနောက် တောဝက်လည်ပင်းထက်သို့ ဓားချလိုက်သည်။ အလွန်ကြီးမားကာ အလွန်ရုပ်ဆိုးလှသော ဝက်ခေါင်းကြီးမှာ လေထဲသို့ လွင့်ပျံထွက်သွားလေသည်။
တောဝက်ကြီး အသတ်ခံလိုက်ရလေပြီ။ ခေါင်းမပါသည့်ခန္ဓာကိုယ်မှာ မြေပြင်ထက်သို့ လဲကျသွားသည်။
ဤတိုက်ပွဲရလဒ်မှာ ဘေးပတ်လည်မှ အခြားသားရဲများကို အတော်လေးလွှမ်းမိုးသွားနိုင်သည်ပင်။ သူတို့ ခေါင်းဆောင်ကို လူတစ်ဦးတည်းမှ အညှာအတာမရှိ သတ်ဖြတ်ပစ်လိုက်သည်ကို တွေ့လိုက်ရသည့်အချိန် သူတို့အားလုံး ထိတ်လန့်သွားရသည်။
သန္ဓေပြောင်းလူသားများကတော့ စိတ်ဓာတ်တက်ကြွသွားကာ ယုံကြည်ချက်များ တိုးလာသည်ပင်။ သူတို့သည် ခုန်းဂင်ကို သူတို့ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကာ သားရဲအုပ်ကြီးထဲမှထွက်ရန်အတွက် သူ့နောက် လိုက်လာကြလေသည်။
“သတ်..”
ခုန်းဂင် အော်ဟစ်ကာ လူအုပ်ကြီးကို ဦးဆောင်ပြီး သားရဲအုပ်ကြီးထံသို့ ပြေးဝင်သွားလိုက်သည်။ သူသည် ဓားကို လက်ထဲ၌ တင်းကြပ်စွာ ကိုင်ထားပြီး ဘယ်ပြန်ညာပြန်လွှဲနေခဲ့သည်။
ရွှပ် ရွှပ် ရွှပ်…
ခေါင်းများ ပြတ်ထွက်လာပြီး သွေးများ နေရာအနှံ့ လွင့်စင်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ သားရဲငါးကောင် ထပ်သတ်လိုက်နိုင်ပြီဖြစ်သည်။
သို့သော် ခဏကြာပြီးနောက်တွင် ဒုက္ခကြီး ရောက်လာတော့သည်။ သစ်လုံးတစ်လုံးစာ လုံးပတ်ရှိသည့် အစိမ်းရောင်မြွေကြီးတစ်ကောင် လူအုပ်ထဲ ပြေးဝင်လာပြီး သန္ဓေပြောင်းလူများစွာကို သတ်ပစ်လိုက်လေသည်။
အချို့ သန္ဓေပြောင်းလူများမှာ ဖိသတ်ခံရလိုက်ရပြီး အချို့မှာ ညှစ်သတ်ခံလိုက်ရသည်။ မြွေကြီးသည် လူမပြောနှင့် ဆင်တစ်ကောင်ကိုပင် အလွယ်လေး ညှစ်သတ်နိုင်သည်ပင်။
ရွှပ်..
ခုန်းဂင် အစိမ်းရောင်မြွေကြီးကို စတိုက်လိုက်သည်။ မြွေကြီး၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအနည်းငယ် ရသွားကာ ဒဏ်ရာများမှ သွေးထွက်လာသော်လည်း ဤတိုက်ခိုက်မှုမှာ သူ့ကို ပျက်စီးသွားအောင် မလုပ်လိုက်နိုင်။ ပထမဆုံးတိုက်ခိုက်မှုတွင် မြွေအား မသတ်နိုင်သည့်အပြင် မြွေအမြှီးဖြင့် သူ့မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည်။
သူ့အရေပြား အလွန်မာကျောနေသောကြောင့်သာမဟုတ်ပါက သူ သေနေလောက်လေပြီ။
သူတို့နှစ်ဦး အနီးကပ်တိုက်ခိုက်နေကြဆဲဖြစ်ပြီး တိုက်ပွဲကြွေးကြော်သံများလည်း အချိန်နှင့်အမျှ ထွက်ပေါ်လာသည်။
စစ်မြေပြင် အခြားတစ်ဖက်တွင် ငွေတောင်ပံလည်း တိုက်ခိုက်နေသည်။ ငွေတောင်ပံသည် ဒဏ်ရာရထားသော်လည်း ဤနတ်ဘုရားကဲ့သို့သော တိုက်ခိုက်သူမှာ သူ၏ကြောက်စရာကောင်းသည့် တိုက်ခိုက်စွမ်းရည်များ ရှိနေဆဲပင်။ သူ့အတောင်ပံမှာ ဓားတစ်စုံကဲ့သို့ သားရဲများနှင့် ငှက်များကို ဖြတ်တောက်ပစ်နေသည်။
တောင်တစ်ခုလုံးလည်း သွေးများ စိုရွှဲနေလေပြီ။
သန္ဓေပြောင်းလူအုပ်ကြီးမှာ စိတ်ဓာတ်တက်ကြွလာကြသည်။ သူတို့သည် ကြောက်ရွံ့မနေကြတော့ပဲ သူတို့စိတ်ထဲ တိုက်ပွဲဟစ်ကြွေးသံများသာ ရှိတော့သည်။ သူတို့ကိုယ်သူတို့ ကျွမ်းကျင်သည့်တိုက်ခိုက်သူဟု မှတ်ယူထားကာ ဤငရဲခန်းမှ အသက်ရှင်လျက် ထွက်နိုင်မည်ဟု ယုံကြည်ထားကြသည်ပင်။
သို့သော် ခဏကြာပြီးနောက် ငွေတောင်ပံလည်း အခက်တွေ့သွားရသည်။ သူ့ကို ရန်ရှာနေသည့် မျောက်တစ်ကောင်ရှိနေသည်။ ထိုမျောက်သည် တစ်မီတာပင် မပြည့်သော်လည်း သူ၏ခန္ဓာကိုယ်ထက်ရှိ ရွှေရောင်အမွေးများမှာ ထက်ရှသည့်လက်နက်အားလုံးကို ခုခံနိုင်နေသည်။
သူ့တောင်ပံနှင့် မျောက်အမွေး ထိမိသွားသည့်အချိန်တွင် မီးပွားများ လွင့်စင်လာလေသည်။
ထို့အပြင် မျောက်မှာ အလွန်လျင်မြန်လှသည်။ သူသည် အရိပ်မရှိသည့် လေကဲ့သို့ လှုပ်ရှားနေသည်။
ငွေတောင်ပံ၏ပုခုံး မျောက်ကုတ်ခံလိုက်ရသည်နှင့် ဒဏ်ရာမှ သွေးများ စီးကျလာသည်။ ဒဏ်ရာသည် သူ၏လှုပ်ရှားနိုင်စွမ်းကို ထိခိုက်သွားခဲ့ရသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ မျောက်လည်ပင်းကို ဖြတ်တောက်နိုင်မည့်အခွင့်အရေး ရခဲ့သည်ပင်။
ဖုန်း..
မျောက်အသတ်ခံလိုက်ရကာ သွေးအိုင်ထဲ လဲကျသွားလေပြီ။
ငွေတောင်ပံလည်း နောက်ယိုင်သွားရသည်။ ဒဏ်ရာသည် သူ့ကို လုံးဝအားနည်းသွားစေပြီး ယခင်ကကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်နိုင်တော့။
လူအုပ်ကြီး သားရဲများအား ထိုးဖောက်နေသည့်အရှိန်လည်း လျော့ကျသွားလေပြီ။ သားရဲခေါင်းဆောင်များသည် ငွေတောင်ပံ၊ ခုန်းဂင်တို့နှင့် မယှဉ်နိုင်သော်လည်း သန္ဓေပြောင်းလူသားများမှာ သားရဲများကို မယှဉ်နိုင်။
ချူဖုန်းလည်း တိုက်ခိုက်နေသည်ပင်။ သို့သော် သူသည် တွေ့ကရာအကောင်များကို မပစ်ပဲ ခေါင်းဆောင်များကိုသာ ရှာပစ်နေသည်။ သားရဲအုပ်ထဲမှ စွမ်းအားအကြီးဆုံးသားရဲများကို သတ်ပစ်မှသာ သားရဲအုပ်ကြီး အားနည်းသွားလိမ့်မည်ဟု သူစဉ်းစားမိသောကြောင့်ပင်။
ဝှစ်..
ခုန်းဂင်နှင့် တိုက်ခိုက်နေသည့် မြွေစိမ်းကြီးကို သူ ပစ်မှတ်ထားလိုက်သည်။ လေးကြိုးကိုဆွဲကာ မြှားပစ်လိုက်သည်နှင့် လေထဲ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး မြှားနှင့်အတူ လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာသည်။
မြွေစိမ်းကြီးလည်း အန္တရာယ်ကို ကြိုသိနိုင်သည်ပင်။ သို့သော် သူ ပထမမြှားကို ရှောင်နိုင်သော်လည်း ဒုတိယမြှားကို ရှောင်ချိန်မရလိုက်။ မြှားသည် မြွေ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး အပေါက်ကြီး ဖြစ်သွားစေခဲ့သည်။
“ကောင်းတယ်..” ခုန်းဂင်အော်ဟစ်လိုက်သည်။ ထို့နောက် ဤသည်ကို အခွင့်ကောင်းယူကာ လေထဲသို့ ခုန်တက်လိုက်ပြီး မြွေကြီးထံသို့ ဓားလွှဲရမ်းလိုက်သည်။ ရွှပ် .. မြွေကြီး၏ခန္ဓာကိုယ်အစိတ်အပိုင်း အတော်ကြီးကြီး ဖြတ်တောက်ခံလိုက်ရလေပြီ။
မြွေကြီးသည် တရွှီးရွှီး အော်ဟစ်ကာ အဝေးသို့ ထွက်ပြေးသွားလေသည်။ ဤတိုက်ခိုက်မှုကြောင့် သူ ထိခိုက်သွားသော်လည်း သူသည် ထွက်ပြေးနေနိုင်ဆဲပင်။
ဤသည်မှာ သန္ဓေပြောင်းသားရဲများအား ရိုက်ချက်ပြင်းစေခဲ့သည်ပင်။ သူတို့၏စွမ်းအားအကြီးဆုံးခေါင်းဆောင် ကြောက်လန့်တကြား ပြေးနေသည်အား မြင်လိုက်ရသည့်အချိန်တွင် သန္ဓေပြောင်းသားရဲအုပ်ကြီး ဖရိုဖရဲဖြစ်လာကာ မငြိမ်မသက်ဖြစ်လာတော့သည်၊။
“ဂါး..”
သို့သော် သားရဲအုပ်ကြီးထဲတွင် မကျဆုံးသေးသည့် အခြားခေါင်းဆောင်အချို့ ရှိနေဆဲပင်။ သူတို့သည် အော်ဟစ်ကာ သားရဲအုပ်ကြီး ငြိမ်သက်အောင် လုပ်လိုက်သည်။
အရေအတွက်အရဆိုလျှင် သန္ဓေပြောင်းလူသားအရေအတွက်သည် သန္ဓေပြောင်းသားရဲထက်ပိုများနေသော်လည်း တိုက်ခိုက်စွမ်းရည်ချင်းယှဉ်မည်ဆိုလျှင်တော့ လူသားတို့မှာ အတော်လေး နောက်ကောက်ကျနေခဲ့သည်။ သန္ဓေပြောင်းလူသားများစွာ ပူးပေါင်းတိုက်ခိုက်လျှင်ပင် သားရဲတစ်ကောင်ကို အဆုံးမသတ်နိုင်။
သားရဲတစ်ကောင် ဒေါသထွက်လာလျှင် လက်လေးတစ်ချောင်း လှုပ်ရှားလိုက်သည်နှင့် သန္ဓေပြောင်းလူ ၇ ယောက်၊ ၈ ယောက်ခန့်ကိုသတ်ပစ်လိုက်နိုင်သည်ပင်။
အဘယ်ကြောင့်ဆိုသော် သားရဲများသည် မွေးကတည်းက ကြမ်းတမ်းသည့် တောရိုင်းသဘာဝတွင် ရှင်သန်ခဲ့ရပြီး အချိန်တိုင်း သတ်ဖြတ်နေခဲ့ရသည်။ သူတို့သည် တောဥပဒေကို နားလည်ပြီးသားဖြစ်ပြီး အသက်ရှင်နိုင်ရန် ထိုစည်းမျဉ်းအား လိုက်နာခဲ့ကြရသည်ပင်။
သန္ဓေပြောင်းလူသားများကတော့ သာမန်လူသားများမှ ပြောင်းလဲခဲ့ခြင်းဖြစ်သောကြောင့် ဤကဲ့သို့သော သွေးသံတရဲရဲမြင်ကွင်းကို မမြင်ဖူးခဲ့ကြ။ သူတို့သည် နေ့ရက်များကို အေးဆေးလွယ်ကူသက်သာစွာ ဖြတ်သန်းခဲ့ရသောကြောင့် သူတို့ထံတွင် သတ်ဖြတ်နိုင်သည့်စွမ်းအား ရှိလာလျှင်ပင် တိုက်ပွဲ၌ သူတို့အားအကုန် ထုတ်မသုံးနိုင်ကြ။
သန္ဓေပြောင်းလူသားများ အရေအတွက်များနေသော်လည်း အရေးနိမ့်နေပြီး သေဆုံးမှုလည်း စက္ကန့်နှင့်အမျှ ပိုများလာသည်။
ဝှစ် ဝှစ် ဝှစ်..
ချူဖုန်း၏မြှားချက်တစ်ချက်တိုင်း သားရဲတစ်ကောင် သေနေသောကြောင့် သားရဲဘက်တွင်လည်း အကျအဆုံးများနေသည်။
ရုတ်တရက် သူ့ဦးခေါင်းနောက်ဘက်မှ နာကျင်မှု ခံစားလိုက်ရသည်။ ဤသည်မှာ အန္တရာယ်တစ်ခု လာနေပြီဖြစ်ကြောင်း သူ့အသိစိတ်မှ အသိပေးနေခြင်းပင်။
ချူဖုန်း တွေဝေမနေပဲ အရှေ့သို့ ပြေးထွက်သွားလိုက်သည်။ စက္ကန့်ပိုင်းမျှ ကြာပြီးနောက် သူ့ဦးခေါင်းဘေးမှ ငွေရောင်အလင်းတန်းတစ်ခု ဖြတ်သွားလေသည်။
ဝုန်း.. အဝေးရှိသစ်ပင်မှာ ချက်ချင်း ပျက်စီးသွားသည်။
ဤသည်မှာ တစ်ကိုယ်လုံးငွေရောင်တောက်ပနေသည့် တစ်လက်မခန့်ရှိသည့် သစ်တောက်ငှက်ပင်။ သူ၏နှုတ်သီးမှာ လက်နက်အားလုံးကို ထိုးဖောက်နိုင်သည်ပင်။
ဤသစ်တောက်ငှက်လည်း ခေါင်းဆောင်တစ်ဦးပင်။ အခြားသူများနှင့်ယှဉ်လျှင် အရွယ်အစား သေးငယ်သော်လည်း သူလည်း အန္တရာယ်များသည့်သူပင်။ အစောပိုင်း၌ စစ်တပ်သုံးရဟတ်ယာဉ်အား ထိုးဖောက်ပြီး လေယာဉ်မှူးအား သေဆုံးစေခဲ့သည့်သူမှာ ဤသစ်တောက်ငှက်ပင်။
“ကျွန်မ ရှင့်ကို ကာပေးမယ် .. ရှင် အဲဒီကောင်ကို သတ်လိုက်..”
အဖြူရောင်အဝတ်အစားနှင့် မိန်းမပျိုတစ်ဦး ရုတ်တရက်ပေါ်လာလေသည်။၊ သူမနောက်ဘက်တွင် တောက်ပနေသည့် အတောင်ပံတစ်စုံရှိနေပြီး သူမ၏အဖြူရောင်အဝတ်အစားများမှာ ဖုန်တစ်မှုန့်ပင် တင်မနေ။ သူမ ချူဖုန်းအား ပြုံးပြလာခဲ့သည်။
“ကျားဖြူ..” လေထဲတွင် ကျန်းလော့ရှန်းအသံလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူမ မျက်နှာထက်၌ အံ့အားသင့်နေသည့် အကြည့်များ ရှိနေသည်ပင်။
ချူဖုန်းလည်း ထိတ်လန့်သွားရသည်။ သူနှင့် နွားဝါလေး အပြစ်လုပ်မိသည့် ဤအမျိုးသမီးမှာ ဒဏ္ဍာရီလာ ကျားဖြူဖြစ်နေလိမ့်မည်ဟု သူ မထင်ထား။
ကျန်းလော့ရှန်း ပြုံးကာ “ကျားဖြူညီမ လုရှီယွင်..”
ကျန်းလော့ရှန်း သူမ စကားကိုပြီးအောင် ပြောလိုက်သည်။
ထိုအချိန်မှ ချူဖုန်း စိတ်သက်သာရာရသွားတော့သည်။ “ဟုတ်သားပဲ .. ငါ ဘယ်လောက်တောင် အ,လိုက်သလဲ .. ဒီလောက်ချစ်စရာကောင်းတဲ့သူက ဘယ်လိုလုပ် ကျားဖြူ ဖြစ်နိုင်မှာလဲ..” သူ့ဘာသာ တွေးလိုက်သည်။
သို့သော် ‘လုရှီယွင်’ ဟူသည့်နာမည်ကိုတော့ သူ အတော်လေး စိတ်ဝင်စားသွားသည်။
သို့သော်လည်း ယခုအချိန်တွင် သူ မေးခွန်းထုတ်ရန် အချိန်မရှိ။ သူသည် နှောင့်နှေးမနေပဲ အတောင်ပံနှင့် အမျိုးသမီးကို အကာအကွယ်ယူကာ သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ပစ်ချလိုက်သည်။
ရှီလုယွင် ကာကွယ်ပေးနေသောကြောင့် မြှားပစ်ရာတွင် သူ စိတ်နှစ်ထားနိုင်ခဲ့သည်။
သစ်တောက်ငှက်လည်း အတော်လေး လျင်မြန်လှသည်။ ပထမတစ်ကြိမ် ရှုံးနိမ့်သွားပြီးနောက် သူ ချူဖုန်းကို ထပ်မတိုက်တော့။
“ရှင့်မှာ ရှိသမျှ အကုန်ထုတ်သုံးလိုက်နော် လုရှီယွင် .. နောင်သုံးဖို့အတွက် ချန်ထားမယ်ဆိုပြီးတော့ လျှိုမထားနဲ့နော် .. ဒီကနေ ထွက်နိုင်ဖို့က ကျွန်မတို့ရဲ့ ပထမဦးစားပေးပဲဆိုတာ သတိရပါ .. ကျွန်မတို့ ဒီမှာ အကောင်းဆုံးလုပ်ဖို့လိုတယ်..” ကျန်းလော့ရှန်း ပြောလိုက်သည်။
ကျန်းလော့ရှန်းသည် လူအကြောင်း ပါးနပ်သည်ပင်။ ကျားဖြူနှင့် ဒိမ်ဒီတို့ကြားတွင် ပဋိပက္ခများရှိထားကြောင်း သူမသိသည်။ ထို့ကြောင့် ကျားဖြူညီမ သူ့ကိုယ်ပိုင်တပ်သားလေးဖြင့် ဤနေရာ၌ ပေါ်လာရဲခြင်းမှာ သူ့ထံ၌ သူအားကိုးရမည့်အရာတစ်ခုခု ရှိနေသောကြောင့်ပင်။
“သူတို့ကို ဒီမှာ သုံးလို့မရဘူး .. သူတို့တွေ အဲဒီမြွေဖြူကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး..” လုရှီယွင် ခေါင်းခါ၍ ပြောလိုက်သည်။
သူမ ကောင်းကင်ထက်သို့ တက်သွားနိုင်၏။ ဤသည်မှာ သူမ၏ အားသာချက်ပင်။ သို့သော် ကောင်းကင်ထက်တွင်လည်း တက်လာမည့်သူများကို ထိုးနှက်ရန်စောင့်နေသည့် ငှက်များ အသင့်ရှိနေသည်ပင်။ ကောင်းကင်ပေါ်သို့ တက်ရဲသည့်သူများ ဤငှက်များ၏ရက်စက်လှသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ပင်။
ထို့ကြောင့် ချူဖုန်းကို အကူအညီတောင်းရန်အတွက် သူမ အောက်ဘက်သို့ ဆင်းလာခြင်းပင်။
“အဲဒါဆိုရင်လည်း ကျွန်မတို့ အစွမ်းကုန် တိုက်ခိုက်ဖို့ကလွဲပြီး တစ်ခြားနည်းလမ်းမရှိတော့ဘူးပေါ့ .. အဲဒီမြွေဖြူကြီး ပြန်မလာဖို့ပဲ ဆုတောင်းရတော့မှာပဲ..” ကျန်းလော့ရှန်း ပြောလိုက်သည်။
ဝုန်း..
သို့သော် သူတို့အကြောက်ရဆုံးကိစ္စကြီး ဖြစ်လာလေပြီ။ မြွေဖြူကြီး ပြန်လာလေပြီ.. လေထဲ၌ ထောင်နေသည့် သူ့ခန္ဓာကိုယ်မှာ ဆယ်ပေခန့်ပင် မြင့်သည်။ မြွေကြီးသည် အောက်ဘက်ရှိလူအားလုံးကို အေးစက်စွာပင် ကြည့်နေလေ၏။
“သွားပြီ..”
သန္ဓေပြောင်းလူအုပ်ကြီးမှာ ဖြူဖျော့သွားကြလေပြီ။ သူတို့ ချောက်ကမ်းပါးစွန်း၌ ရောက်နေသလို ခံစားလိုက်ရသည်။ သူတို့ လွတ်လမ်းမရှိတော့။ သေလမ်းတစ်လမ်းသာရှိတော့သည်။
အပိုင်း ၆၆ ပြီး၏။