ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း – ၆၅ – တိုင်ဟန်းတောင်ဘုရင်
ခွပ်..
နွားရိုင်းနက်ကြီး မြွေဖြူကို ကန်ပစ်လိုက်ကာ ဆူပူလိုက်သည်။ “မင်းလိုကောင်က ငါ့ကို စိန်ခေါ်ရဲတာလား..”
နွားရိုင်းနက်ကြီး သူ့ကိုသတ်ဖို့စိတ်ကူးမရှိ။ သားရဲဘုရင်ကို မသိသေးပဲ သူ လက်လွတ်စပယ်လုပ်မည်မဟုတ်။
ဝက်ဝံနက်ကြီးတစ်ကောင် အော်ဟစ်လာသည်။ သူ့နောက်ခြေထောက်ပေါ် ရပ်လိုက်သည်နှင့် သူသည် ရှစ်မီတာကျော်ရှည်လျားသွားလေ၏။ သန္ဓေပြောင်းပြီးနောက်တွင် သူ့ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားလာသည်။ ဝက်ဝံကြီးသည် သူ့ရင်ဘတ်ကို လက်များဖြင့်ပုတ်နေသည်ပင်။
ဂါး..
နောက်ဆုံးတစ်ကြိမ် ထုရိုက်ပြီးနောက် သူ့ပါးစပ်မှ လျှပ်စီးတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလျှပ်စီးတန်းမှာ တောက်ပလွန်းလှသောကြောင့် အခြားသန္ဓေပြောင်းသားရဲများပင် ထိတ်လန့်သွားရသည်။
ခွပ်..
နွားရိုင်းနက်ကြီး ထိုလျှပ်စီးတန်းကို ရှောင်လိုက်သည်နှင့် ထိုလျှပ်စီးတန်းသည် အဝေးမှ ကျောက်ဆောင်ကြီးကို ထိမိသွားပြီး ဂျင်ပေါင်း ထောင်ပေါင်းများစွာ လေးသည့်ကျောက်ဆောင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။
ဝက်ဝံနက်ကြီးသည် လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်း ထုတ်လွှတ်နေဆဲပင်။ လျှပ်စီးများသည် နွားရိုင်းနက်ကြီး ခန္ဓာကိုယ်ကို ပွတ်ကာသီကာဖြင့်ပင် လွတ်သွားလေသည်။ ဤဝက်ဝံမှာ ရှားပါးသည့် သတ္တဝါပင်။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးထုတ်နိုင်သည့် သားရဲများသိပ်မရှိသေးပေ။
နွားရိုင်းနက်ကြီးသည် ရုတ်တရက်ပင် နောက်ခြေထောက်ပေါ် ရပ်လိုက်ပြီး ထိုလျှပ်စီးများကို သူ၏ဦးချိုများနှင့် ခံယူလိုက်သည်။ သူ၏ဦးချိုနှင့်ထိမိသည်နှင့် လျှပ်စီးမှာ လေထဲ၌ ပျောက်ကွယ်သွားလေသည်။
“သွား..”
နွားရိုင်းနက်ကြီး အော်ဟစ်လိုက်သည်နှင့် နွားကြီး၏ ဦးချိုထိပ်ဖျားတွင် လျှပ်စီးများ ပေါ်ထွက်လာလေ၏။ ထို့နောက် ထိုလျှပ်စီးများသည် ဟစ်ကြွေးနေသည့် ဝက်ဝံထံသို့ ဦးတည်သွားနေလေသည်။
ဝုန်း..
လျှပ်စီးဖြင့် ထိမှန်သွားသည်နှင့် နွားနက်ကြီး၏အမွေးများ လောင်ကျွမ်းသွားသည့်အပြင် သူ့တစ်ကိုယ်လုံးလည်း လေထဲလွင့်ထွက်သွားပြီး ကျောက်ပုံကြီးနှင့် တိုက်မိသွားလေသည်။
ဝူး..
ဤသည်မှာ ဝံပုလွေများ၏ အော်သံများပင်။ ဝံပုလွေနှစ်ကောင်သည် တစ်ကောင်ပြီးတစ်ကောင် စီတန်းပြီး လျှောက်လာကြသည်။ အရှေ့မှတစ်ကောင်သည် ကြေးရောင်ဖြစ်ပြီး အနောက်မှ တစ်ကောင်မှာမူ ကျောက်တုံးဖြင့် ဖုံးအုပ်ထားသကဲ့သို့ တောင့်တင်းနေသည်။
ခွပ်..
ပြေးဝင်လာသည့် နှစ်ကောင်မှာ နွားရိုင်းနက်ကြီး၏ အညှာအတာကင်းမဲ့လှသည့် နွားခွာနှင့်တွေ့သွားလေ၏။ ထိုခွာမှာ အရှေ့မှ ဝံပုလွေကြီး၏မျက်နှာကို အထုခံလိုက်ရသည့်သတ္တုကဲ့သို့ ပုံပျက်သွားစေသည်။
ကြေးဝံပုလွေကြီး စူးရှစွာ အော်ဟစ်လာသည်။ ကျည်ဆံများပင်လျှင် သူ့အသားအရေကို မထိုးဖောက်နိုင်သော်လည်း ယခုတော့ နွားခွာတစ်ချက်တည်းဖြင့် သူ့မျက်နှာမှာ သတ္တုအပိုင်းအစကဲ့သို့ ပုံပျက်သွားလေသည်။
“စိတ်ဝင်စားစရာပဲ..” နွားရိုင်းနက်ကြီး ကြေးဝံပုလွေကိုကြည့်၍ ပြောလိုက်သည်။ သို့သော် ခဏကြာပြီးနောက် သူ့အမူအရာ ပြောင်းလဲသွားရသည်။ ကျောက်ဝံပုလွေသည် ပါးစပ်ဟကာ အဝါရောင်မြူများကို မှုတ်ထုတ်လာသည်။ ဝံပုလွေသည် သူ၏ထူးဆန်းသည့်စွမ်းအားဖြင့် နွားရိုင်းနက်ကြီးကို ပြောင်းလဲပစ်လိုခြင်းပးင်။
“ထွက်သွားစမ်း..”
နွားရိုင်းနက်ကြီး အော်ဟစ်လိုက်ကာ ရှေ့ခြေထောက်များကို လွှဲရမ်းလိုက်သည်။ ခဏကြာပြီးနောက် ငယ်သံပါအောင်အော်သည့်အော်သံ ထွက်ပေါ်လာလေ၏။ ထိုဝံပုလွေ၏ အောက်မေးရိုး ကန်ခံလိုက်ရကာ တစ်ကိုယ်လုံး လွင့်ထွက်သွားလေသည်။
ရုတ်တရက် လေပွေသံများ ထွက်ပေါ်လာသည်။ ဆယ်မီတာကျော်ရှည်သည့် စပါးအုံးမြွေကြီးတစ်ကောင် ပေါ်လာသည်နှင့် မြက်ပင်များပင် အသိဉာဏ်ရှိသကဲ့သို့ ထိုမြွေကြီးကို လမ်းဖယ်ပေးလာကြသည်။
မြွေကြီးသည့် လေအရှိန်ဖြင့် လျှောတိုက်လာပြီး သူ့ပါးစပ်မှ သွေးဆာသည့်လေထုများ မှုတ်ထုတ်လာသည်။
နွားဝါလေးသည် နွားရိုင်းနက်ကြီးနောက်၌ ကြောက်လန့်တကြား ဝင်ပုန်းလိုက်သည်။ လျှောတိုက်သွားသည့်သတ္တဝါများကို သူအကြောက်ဆုံးပင်။
ဤသည်မှာ လေယာဉ်ပျံကို ဖျက်ဆီးခဲ့သည့် မြွေကြီးပင်။ ဤမြွေကြီး၏ အမြန်နှုန်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။ သူသည် နွားရိုင်းနက်ကြီးကို ရစ်ပတ်လိုက်လေ၏။
ဤအရွယ်အစားမှာ ဆင်တစ်ကောင်ကိုပင် သေအောင်ညှစ်သတ်နိုင်သည်ပင်။
သို့သော်လည်း နွားရိုင်းနက်ကြီးသည် အရေးမစိုက်ပဲ မြွေကို ညှစ်ခိုင်းထားလိုက်လေ၏။ ထို့နောက် သူသည် မြွေ၏ရစ်ပတ်မှုမှ ရုန်းထွက်လာလေသည်။ နွားရိုင်းနက်ကြီး လွတ်သွားသော်လည်း မြွေကြီးကတော့မြေပြင်ပေါ်၌ တွန့်လိမ်နေလေ၏။ သူ့ခန္ဓာကိုယ် တစ်နေရာမှာ အသားစများ ဖြစ်သွားလေပြီ။
ဂါး…
အကြောက်ကင်းမဲ့သည့်သားရဲအုပ်ကြီး တရှိန်ထိုး ချီတက်လာကြသည်။ သူတို့သည် နွားရိုင်းနက်ကြီးနှင့် နွားဝါလေးကို ဝိုင်းကာတိုက်ခိုက်လာကြလေသည်။
“ငါ့ကို တွန်းအားမပေးနဲ့ … ငါမင်းတို့ကောင်တွေကို မသတ်ချင်ဘူး..” နွားရိုင်းနက်ကြီး သတိပေးလိုက်သည်။ အခြားသူများသာ ဤကဲ့သို့ ဝိုင်းခံလိုက်ရပါက အစောကြီးကတည်းက သေသွားလောက်လေပြီ။
ဤသားရဲအုပ်ကြီးနောက်တွင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် သားရဲရာချီရှိသေးသည်ပင်။
“သားရဲတွေ သူတို့အချင်းချင်း တိုက်ခိုက်နေကြပြီ..”
မြွေဖြူတောင်ပေါ်မှ လူတစ်ဦး အော်ဟစ်လိုက်သည်။ ဤသည်မှာ သူတို့အတွက်တော့ မျှော်လင့်ချက်အလင်းတန်းလေးပင်။
“ငါ့ကို တွန်းအားမပေးနဲ့..”
နွားရိုင်းနက်ကြီး ထပ်မံသတိပေးလိုက်သည်။ သူ့ကို တိုက်ခိုက်လာသည့် တိုက်ခိုက်မှုအတော်များများကို သူ ရှောင်လိုက်နိုင်သော်လည်း သူ့ခန္ဓာကိုယ်ထက်၌ ခြစ်ရာ၊ ရှရာများစွာ ရှိနေသည်ပင်။
နွားရိုင်းနက်ကြီး၏မျက်လုံးများ အေးစက်လာကာ သူ့ထံမှ သေစေလောက်သည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ရုတ်တရက် သူ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ထိုအော်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး တောင်ကြောတစ်ခုလုံးမှ သစ်ပင်များကိုပင် တုန်ခါသွားခဲ့စေသည်။
ဝုန်း..
အချို့ကျောက်တုံးများပင် တောင်ထိပ်မှ လှိမ့်ကျလာကြလေသည်။
သားရဲအုပ်ကြီးမှာ အစပိုင်းတွင် အံ့အားသင့်နေကြသော်လည်း ခဏကြာပြီးနောက် သူတို့၏နှာခေါင်းနှင့် ပါးစပ်မှ သွေးများစီးကျနေကြောင်းတွေ့လိုက်ရသည်။ ထို့နောက် အများစုမှာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားလေ၏။
အသက်ရှင်ကျန်နေသည့်သားရဲများမှာ တကယ်ကို ထိတ်လန့်ကြောက်ရွံ့သွားကြရသည်။ သူတို့သည် သိစိတ်အရရော၊ မသိစိတ်အရရော နွားရိုင်းနက်ကြီးထံမှ ဆုတ်ခွာလာကြသည်။ ဤသားရဲကြီး မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိလိုက်ရလေပြီ။
“ရွှီး ရွှီး..”
ထိုမြွေဖြူသည် တပ်မှူးတစ်ဦးကဲ့သို့ သားရဲများကို အမိန့်ပေးကာ နွားရိုင်းနက်ကြီးထံသို့ မကြောက်မရွံ့ ပြေးလာနေဆဲပင်။
ခွပ်..
ယခုတစ်ခေါက်တွင်တော့ နွားရိုင်းနက်ကြီး မညှာတာတော့။ သူသည် မြွေဖြူ၏ခန္ဓာကိုယ်ကို ခွာဖြင့် ဖိနင်းထားလိုက်တော့သည်။
မြွေကြီး အော်ဟစ်ညည်းတွားကာ တွန့်လိမ်လာသည်။ သူ့ခန္ဓာကိုယ်ဖြင့် ဖိမိသည့်အောက်ဘက်မှ ကျောက်တုံးပင် ကြေမွသွားသောကြောင့် နွားရိုင်းနက်ကြီး၏ အား မည်မျှပြင်းသည်ကို သိနိုင်သည်။
“ဝါးတူလောက်အရွယ်အစားလေးနဲ့ မင်းက ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့..” နွားရိုင်းနက်ကြီး သတ်ဖြတ်လိုသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
မြွေဖြူတောင်ထဲမှလူများ စတင်ထွက်ပြေးသွားကြသည်။
“ဘုရားရေ..” သို့သော် ရုတ်တရက် သူတို့မျက်နှာများမှာ စာရွက်ကဲ့သို့ ဖြူလျော်သွားကြလေ၏။ သူတို့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရပ်တန့်သွားကြကာ အချို့မှာ ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။
ဘုန်း..
လူတစ်ယောက်မှာ ကြောက်လွန်းသောကြောင့် သတိလစ်လဲကျသွားလေ၏။
စက္ကန့်အနည်းငယ်အတွင်း တိတ်ဆိတ်မှု ကြီးစိုးသွားသည်။
အဝေးမှ သားရဲများပင် တိတ်ဆိတ်သွားကြသည်ပင်။
“ဒါကိုသင်ခန်းစာအနေနဲ့မှတ်ထားလိုက် ဟေ့ကောင် .. မင်း နောက်တစ်ခါ ငါ့ကိုတွေ့ရင် ဒီလိုမျိုး လာစိန်ခေါ်ရဲလည်း စိန်ခေါ်ကြည့် .. ငါ့ကိုတွေ့တာနဲ့ ဦးညွှတ်ပြီး မင်း ငါ့ကို အရိုအသေပေးလိုက်..” တိတ်ဆိတ်မှုကို ဖောက်ထွင်းကာ နွားရိုင်းနက်ကြီး၏ အော်သံ ထွက်ပေါ်လာသည်။
နွားရိုင်းနက်ကြီးနောက်၌ ရှိနေသည့် နွားဝါလေးမှာတော့ တောင့်တင်းနေလေပြီ။ သူ့လည်ဆံမွေးများပင် ထောင်ထနေပြီဖြစ်သည်။ သူ ထွက်ပြေးချင်သော်လည်း နည်းနည်းလေးမှပင် မလှုပ်ရဲ။
“မူး..” နွားဝါလေး၏ အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
“ပါးစပ်ပိတ်ထား..” နွားရိုင်းနက်ကြီး အော်ဟစ်လိုက်သည်။
နွားဝါလေးမှာ မျက်ရည်များပင် ကျလာတော့မည်။ သူသည် နွားရိုင်းနက်ကြီး၏ အာရုံစိုက်မှုကို လိုချင်နေသည့်ပုံဖြင့် နောက်တစ်ကြိမ် တိုးတိုးလေး အော်လိုက်သည်။
အမှန်တကယ်တွင် နွားရိုင်းနက်ကြီး၏ အာရုံမှာ အခြားသူများထက် ထက်ရှလှသည်ပင်။ သူ့နောက်ကျော၌ ကြောက်စရာကောင်းသည့်အရာတစ်ခုခု ရှိနေကြောင်း သူအစောကြီးကတည်းက သိပြီးသားပင်။ သူသည် အားတင်းကာ ငြိမ်ငြိမ်ရပ်နေရခြင်းပင်။
သို့သော် သူ မည်မျှပင် ကြောက်နေပါစေ သူ အရှုံးကို ဝန်ခံမည်မဟုတ်။ သူသည် အစောပိုင်းကမှ ဟိတ်ဟန်များထားခြင်းပင်။ ယခု အရှုံးပေးလိုက်မည်ဆိုလျှင် သူ့မျက်နှာ ဘယ်နားသွားထားရတော့မည်နည်း.. သူ ဤမြွေကို မလွတ်နိုင်သေးသော်လည်း ဤအခြေအနေမှ ထွက်နိုင်မည့်နည်းလမ်းတစ်ခုတော့ ရှာရမည်ပင်။
သို့သော် နောက်ဆုံးတော့ သူ အရှုံးကို ဝန်ခံလိုက်သည်။ သူသည် ခြေထောက်ကိုမလိုက်ကာ “အဆိုးအဆာလေး .. မင်းက တော်တော်ဆိုးတာပဲ .. ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါမင်းကို ခွင့်လွှတ်ပေးလိုက်မယ် .. သွား .. အိမ်ပြန်တော့ကောင်လေး .. ဒီနေ့ဖြစ်ခဲ့တာတွေကို မေ့လိုက်တော့ .. ဒါက အလကားသက်သက်စတာ..”
ဝှစ်..
မြွေဖြူလေး နွားရိုင်းနက်ခြေထောက်အောက်မှ ထွက်သွားပြီး အနီးအနားမှ ကျောက်တုံးကြီးပေါ်သို့ တက်မသွားမှီ သူ့ကို ဒေါသတကြီး စိုက်ကြည့်သွားလေ၏။
နွားရိုင်းနက် ပုခုံးကိုကျော်၍ ခေါင်းလှည့်ကြည့်လိုက်သည်။ သူ့စိတ်သူ ပြင်ဆင်ထားသော်လည်း ထိုသားရဲကောင်ကြီးကို မြင်လိုက်ရသည့်အချိန်၌ သူ ဆွံ့အသွားရဆဲပင်။
“မူး..”
နွားရိုင်းနက်ကြီး၏ နောက်ကျောမှ အမွေးများအားလုံး ထောင်ထသွားခဲ့ရသည်။ သူ၏အနက်ရောင်ဦးချိုများသည် မကောင်းသည့်နမိတ်ဖြင့် တောက်ပလာခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့်အားတစ်ခု အပြင်သို့ ထိုးထွက်ချင်နေသည်။ ဤသည်မှာ သူ့ကို အန္တရာယ်များကြောင်း သတိပေးနေခြင်းပင်။
နွားရိုင်းနက်ကြီးနှင့် သိပ်မဝေးသည့်နေရာတွင် မကောင်းဆိုးဝါးတစ်ကောင် လေထဲဝဲနေပြီး သူ့ကို စိုက်ကြည့်နေသည်ပင်။
ဤသည်မှာ မြွေဖြူတစ်ကောင်ပင်..
မြေကြီးတွင် ဆင်ခန္ဓာကိုယ်ရှိပြီး ဧရာမဦးခေါင်းကြီး ရှိနေသည်ပင်။ သူ၏ခန္ဓာကိုယ်လုံးပတ်မှာ ကြည့်လိုက်သည့်သူတိုင်းကို ကြောက်ရွံ့သွားစေသည်ပင်။ သူ့ခန္ဓာကိုယ်မှာ ဖြူဆွတ်နေပြီး အမဲစက်လေးတစ်စက်ပင် စွန်းထင်းမနေ။
လေထဲဝဲနေသည့် ခန္ဓာကိုယ်မှာ ဆယ်ပေကျော် ရှည်သည်။ ဇလုံအရွယ်အစားရှိသည့် သူ့မျက်လုံးများလည်း ငွေရောင်တောက်ပနေသည်ပင်။
ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့မြွေကြီး ရှိနေတာလဲ..
အခြေအနေများမှာ နွားနက်အတွက်လည်း ရှုပ်ထွေးနေသည်ပင်။ အစောလေးကတင် သူ ဝါးတူအရွယ်အစားရှိသည့် မြွေဖြူလေးကိုစနောက်နေခဲ့သေးသည်။ သို့သော် စက္ကန့်ပိုင်းအတွင်း သူ၏မောက်မာမှုများမှာ ဤမျှကြောက်စရာကောင်းလှသည့်မြွေကြီးဖြင့် အပြစ်ပေးခံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
မြွေဖြူတောင်ထဲ၌ ရှိနေသည့် သန္ဓေပြောင်းလူအားလုံးလည်း ထိတ်လန့်နေကြလေပြီ။ သူတို့၏ ထွက်ပြေးနိုင်မည့်မျှော်လင့်ချက်လေး ပျောက်ကွယ်သွားလေပြီ။ ဤမြွေအရွယ်အစားမှာ သမိုင်းတွင် မှတ်တမ်းတင်ထားသည့် မြွေအားလုံးထက် ကျော်လွန်နေသည်ပင်။ ဤသည်မှာ သားရဲအားလုံး၏နောက်၌ ရှိနေသည့် ဒဏ္ဍာရီလာဘုရင်ကြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း သူတို့ သေချာသိသွားလေပြီ။
ချူဖုန်းမှာ အထိတ်လန့်ဆုံးလူသားဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤဒေသတွင်နေထိုင်ခဲ့သူ ဖြစ်သောကြောင့် ဤနေရာအကြောင်းကို သူ့ထက် မည်သူမှ ပိုမသိနိုင်။
မြွေဖြူတောင်ဟုခေါ်ခြင်းမှာ တောအတွင်းနက်ပိုင်းတွင် မြွေဖြူတစ်ကောင်ရှိနေသောကြောင့်ဟု ပြောကြသည်။ ထိုကောလဟာလများ ပျံ့နှံ့နေသည်မှာ ရာစုနှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း ထိုဒဏ္ဍာရီကို မည်သူမှ မယုံကြ။
မြွေကြီးသည် တောက်ကျင့်စဉ်အား နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သောကြောင့် ဤမျှအရွယ်အစား ကြီးမားလာခြင်းဖြစ်သည်ဟု ပြောကြသည်။
သို့သော် မည်သူက ဤကဲ့သို့သော စကားများကို ယုံကြည်မည်နည်း..
ယခု ချူဖုန်း ဤမြွေကြီးကို သူကိုယ်တိုင် မြင်လိုက်ရလေပြီ။
ဝုန်း..
ရုတ်တရက် တောင်များ လှုပ်ခါလာပြီး မြေကြီးလည်း တုန်ခါလာသည်။ မြွေကြီးသည် နောက်ဆုံးတော့ ပုန်းနေရာမှ အပြည့်အဝ ထွက်လာလေပြီ။ တောင်ပေါ်မှ ဆင်းလာကာ အောက်ဘက်ရှိ ချောက်နက်ကြီးထဲ၌ ခွေလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှာ တောင်တစ်လုံးအရွယ်စားပင် ဖြစ်သွားသည်။
မြွေသာ ဆန့်ဆန့်ကြီးနေလိုက်လျှင် သူသည် တောင်ထိပ်တစ်ခုမှ အခြားတစ်ခုသို့ ထိနေလိမ့်မည်။
ဤမြွေကြီးသည် သန္ဓေပြောင်းမြွေ မဟုတ်သော်လည်း နှစ်ထောင်ပေါင်းများစွာ ကမ္ဘာမြေ၏ အဆီအနှစ်များ စုတ်ယူထားသောကြောင့် သူသည် ကြောက်စရာကောင်းသည့်သက်ရှိတစ်ကောင် ဖြစ်သွားလေပြီ။
ဤမြွေသည် ဤနယ်မြေ၌ ရှိနေသည့် သန္ဓေပြောင်းသားရဲအားလုံးကို အမိန့်ပေးနိုင်သည်။ သူသည် သားရဲမျိုးစိတ်အားလုံးကို စုပေါင်းကာ သူတို့အချင်းချင်း မတိုက်ခိုက်အောင် လုပ်နိုင်သည်။ ဤသည်မှာ မြွေကြီး၏ သားရဲအရှင်နေရာကို သက်သေပြနေသည်ပင်။
“တိုင်ဟန်းတောင်တန်းရဲ့ဘုရင် .. မြောက်ပိုင်းနယ်မြေရဲ့ဘုရင် .. အရှင့်နယ်မြေမှာ ဆူပူမှုတွေလုပ်မိတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံပေးပါ.. ကျွန်တော်က အနောက်ပိုင်းနယ်မြေက နွားမိစ္ဆာပါ.. ပြီးတော့ ကျွန်တော်က ဒီနေ့ ဒီနေရာကနေ ဖြတ်သွားရုံတင်ပါ.. အရှင့်ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်.. ဒါပေမယ့် အရှင့်အနေနဲ့ ကျေးဇူးပြုပြီး ဂရုဏာကြီးစွာ ခွင့်လွှတ်ပေးပြီး မေ့ပစ်ပေးလို့ရနိုင်မလားခင်ဗျာ”
နွားရိုင်းနက်ကြီးသည် တောင်းပန်သည့်အပြုံး ပြုံးပြကာ နှိမ့်ချစွာပင် ပြောလိုက်သည်။
အဝေးမှ သန္ဓေပြောင်းလူသားများအားလုံး စိတ်ထဲ အနှောက်အယှက်ဖြစ်သွားကြကာ မြွေဖြူကြီးကို စိုက်ကြည့်လိုက်ကြသည်။ သို့သော် မြွေဖြူကြီး၏ အကြည့်ထံမှရနေသော အကြောက်တရားသည်ကား သူတို့၏ နှလုံးသားများအား တုန်လှုပ်သွားစေခဲ့သည်။
“နွားနက်ကြီးကို ကူညီပေးရုံကလွဲပြီး တစ်ခြားလမ်းမရှိဘူး .. မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေသွားလိမ့်မယ် .. ငါတို့ထဲက ဘယ်သူမှ အဲဒီမြွေကြီးရဲ့ပြိုင်ဘက်မဟုတ်ဘူး” ဒိမ်ဒီမှ အကြီးအကဲ ပြောလိုက်သည်။
ဘောဓိမှ အကြီးအကဲလည်း သူ့ဘေးနား ရှိနေသည်ပင်။ သူ့ဘေးတွင် ကျန်းလော့ရန်း၊ လင်းနွိုင်နှင့် ငွေတောင်ပံတို့ရှိနေသည်။ သူတို့သည် လက်ရှိအခြေအနေများကို အဖြေရှာရန်အတွက် ဆွေးနွေးတိုင်ပင်နေကြခြင်းပင်။
ငွေတောင်ပံ၏မျက်နှာမှာ အရောင်အဆင်းမရှိတော့။ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေပြီ။ အဘယ်ကြောင့်ဆိုသော် သူ အကောင်းဆုံးအခြေအနေ၌ ရှိနေလျှင်ပင် ဤမြွေကြီးကို နိုင်အောင်တိုက်နိုင်မည်မဟုတ်ကြောင်း သူသိနေသည်ပင်။
“ဗုဒ္ဓတပည့်တွေကို လာတိုက်ခိုင်းလိုက်ပါ..” ကျန်းလော့ရှန်း ပြောလိုက်သည်။ သူမ မျက်နှာထက်တွင်လည်း နွေးထွေးသည့်အပြုံးရှိမနေတော့။ တည်ကြည်လေးနက်မှုတို့သာ ရှိတော့သည်။
ဒိမ်ဒီလည်း ဆုံးဖြတ်ချက်အချို့ ချပြီးသွားပြီဖြစ်သည်။
“မိုးကြိုးသားတော်ကိုပဲ ဖြေရှင်းခိုင်းလိုက်တော့..” လင်းနွိုင် ပြတ်သားစွာ ပြောလိုက်သည်။ သူမသည် ယခင်ကကဲ့သို့ တည်ငြိမ်ကာ ဆွဲဆောင်မှုရှိနေဆဲပင်။
“အိမ်နီးချင်းကောင်းက အဝေးကညီအစ်ကိုထက် ပိုကောင်းတယ် .. ငါတို့ တပ်ကူတွေ ရောက်လာတဲ့အချိန်ကျရင် အားလုံး နောက်ကျသွားလောက်ပြီ”
“ငါတို့ သက်ဆိုင်ရာကို အကူအညီတောင်းရအောင် .. အစိုးရက ငါတို့ကို ပစ်မထားလောက်ပါဘူး .. သူတို့ ငါတို့ကို လာကူညီပေးမှာပါ…”
နောက်ဆုံးတွင်တော့ နှစ်ဖွဲ့လုံး အတူတူအလုပ်လုပ်ကြရန် သူတို့ သဘောတူလိုက်ကြသည်။
အဝေးမှ မြွေဖြူနှင့် နွားရိုင်းနက်ကြီးကြားမှ ညှိနှိုင်းမှုမှာ သူ့အလိုလိုပင် ပြိုကွဲသွားတော့မည်။ အဘယ်ကြောင့်ဆိုသော် နွားရိုင်းနက်ဘာပြောပြော မြွေကြီးတုံ့ပြန်မလာ။ သူသည် နွားရိုင်းနက်ကို အေးစက်စက်သာ စိုက်ကြည့်နေလေ၏။
“မင်းက ငါ့ကို ဒီလိုမျိုး လျစ်လျူရှုရဲတယ်ပေါ့ .. သောက်မြွေဖြူကောင် .. ငါက နွားတွေရဲ့ဘုရင်ပဲ .. ငါက မင်းကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား .. ငါတို့တိုက်ကြတာပေါ့..”
“ကျွန်မလည်း တိုက်ဖို့ စဉ်းစားနေတာပဲ .. ရှင်က ကျွန်မရှေ့မှာ ကိုယ့်ကိုကိုယ် ‘ဘုရင်’လို့ ခေါ်ရဲတဲ့ ပထမဆုံးသန္ဓေပြောင်းသားရဲပဲ .. အဲဒီတော့ ဘယ်လိုအရည်အချင်းကများ မင်းကို ဘုရင်ဖြစ်အောင် လုပ်ပေးလိုက်လဲဆိုတာ ငါသိချင်တယ်..” နောက်ဆုံးတော့ မြွေဖြူ စကားပြောလာလေပြီ။ သူ၏အသံမှာ ရှင်းလင်းနေပြီး သူပြောသည့်ဘာသာစကားလည်း ချောမွေ့နေသည်။ မြွေကြီး၏အသံမှာ တောင်များကြား၌ ပဲ့တင်ထပ်သွားသည်ပင်။
အသံမှာ အမျိုးသမီးအသံပင်။ အနည်းငယ် အေးစက်နေသော်လည်း သာယာနာပျော်ဖွယ်ကောင်းလှသည်။ အသံမှာ ကောင်းကင်ထက်မှ ကျလာသည့်အသံနှင့်တူသော်လည်း လနန်းတော်မှ ရောက်လာသကဲ့သို့ ကျောချမ်းစရာကောင်းလှသည်။
သန္ဓေပြောင်းလူသားများအားလုံး ကျောချမ်းသွားကာ ဦးရေပြားများ ထုံကျဉ်သွားရသည်။ ရှေးဟောင်းသားရဲကြီး လူသားစကား ပြောနေခြင်းမှာ သူတို့အတွက် အံ့အားသင့်စရာ ကောင်းလှသည်ပင်။
“ဘာမှမလုပ်ခင် ထင်းရှူးစေ့ကို အရင်ပေးလိုက်..” မြွေဖြူ ပြောလိုက်သည်။
“ကောင်းပြီလေ … ဖမ်းလိုက်..”
နွားရိုင်းနက်ကြီး သူ့ခေါင်းကို ပြင်းထန်စွာ ယမ်းခါလိုက်သည်နှင့် သူ့နားထဲမှ ခရမ်းရောင်ထင်းရှူးသီး ထွက်ကျလာသည်။
နွားရိုင်းနက်ကြီးသည် ရုတ်တရက် သူ့ခွါကို ဆန့်ထုတ်လိုက်ပြီးနောက် ထင်းရှူးသီးကို အားဖြင့် ကန်ထည့်လိုက်လေသည်။ ထင်းရှူးသီးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေ၏။
ရာပေါင်းများစွာသော ထင်းရှူးစေ့များသည် နေရာအနှံ့သို့ လွင့်စင်သွားကာ မြေကြီး၌ စိုက်ဝင်သွားသည်။
နွားရိုင်းနက်ကြီး ကန်ထည့်လိုက်သည့်အားမှာ ပြင်းထန်လွန်းလှသောကြောင့် အသီးမှာ သူနှင့်မြွေဖြူရှိနေသည့် နေရာမှ မီတာပေါင်းများစွာဝေးကွာသည့် နေရာများသို့ လွင့်စင်သွားသည်ပင်။
“အားလုံးကို ပြန်ယူလာခဲ့ .. အခုချက်ချင်း..” မြွေဖြူ အမိန့်ပေးလိုက်သည်။ အသံမှာ ချစ်စရာကောင်းသည့်အမျိုးသမီးတစ်ဦး၏အသံဖြစ်သော်လည်း ယခင်ကထပ်ပင် ပို၍ အေးစက်နေသည်။
ဝုန်း..
မြွေဖြူကြီး နောက်ဆုံးတော့ လှုပ်ရှားလာလေပြီ။ သူ၏ ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးဖြင့် နွားရိုင်းနက်ရှိနေသည့်နေရာသို့ ဦးတည်လာနေသည်။
နွားရိုင်းနက်ကြီး မြွေဖြူနှင့် တိုက်ခိုက်မည်ဟု ထင်ထားသော်လည်း နွားရိုင်းနက်ကြီးသည် လေပွေတစ်ခုနှင့်အတူ ဤနေရာမှ ထွက်ပြေးသွားသည်ကို နွားပေါက်လေး အံ့အားသင့်စွာ တွေ့လိုက်ရသည်။
နွားရိုင်းနက်ထွက်ပြေးသွားသည့်အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူ ဖြတ်သန်းသွားသည့်နေရာတစ်လျှောက်တွင် နားအူလောက်သည့် ဆူညံသံများပင် ထွက်လာသည်။
နွားရိုင်းနက်ကြီးက မြွေနဲ့ သူသေကိုယ်သေ ချတော့မှာ မဟုတ်ဘူးလား .. သူက ဘာလို့ ပြေးနေတာလဲ .. နွားဝါလေးသည် နွားရိုင်းနက်ကြီး၏အရိပ်ကိုကြည့်ပြီး အံ့အားတကြီး ပြောလိုက်သည်။
“ရူးမိုက်မနေနဲ့ .. ပြေး .. မြန်မြန်သာပြေး..” နွားရိုင်းနက်ကြီး အော်ဟစ်လိုက်ကာ ကမ္ဘာအပြင်ဘက်ထိရောက်အောင် အားကုန်ပြေးလေတော့သည်။
မြွေဖြူကြီး၏အကြည့်များမှာ အေးစက်နေသည်။ သူ၏ခန္ဓာကိုယ်ကို ငွေရောင်မြစ်တစ်စင်းကဲ့သို့ ဆန့်ထုတ်လိုက်ပြီး သူ့ပစ်မှတ်နောက်သို့ တူညီသည့်အရှိန်ဖြင့် လိုက်ဖမ်းလိုက်လေသည်။
သားကောင်နှင့် မုဆိုးနှစ်ဦးလုံး၏အရှိန်မှာ အသံအရှိန်ထက်ပင် မြန်နေသေးသည်။
မီတာရာပေါင်းများစွာ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးတစ်ခု နဂါးတစ်ကောင်ကဲ့သို့ လေထဲသို့ တက်သွားသည်အား မြင်လိုက်ရသည့်အချိန်တွင် လူအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကြရသည်။ နဂါးနှင့်တူသည့်သက်ရှိကြီးသည် လေထဲသို့ တက်သွားပြီးနောက် အားလုံးအမြင်မှ ပျောက်ကွယ်သွားသည်။
“ပြေး..”
လူအုပ်ထဲမှ သန္ဓေပြောင်းလူများလည်း အော်ဟစ်လာကြသည်။ သူတို့သည် ဤသည်ကို တစ်သက်မှာတစ်ခါသာရသည့်အခွင့်အရေးကဲ့သို့ သဘောထားပြီး အသက်လု ပြေးလေတော့သည်။
သန္ဓေပြောင်းသားရဲများလည်း ရက်စက်လာကြသည်။ သူတို့ဘုံရန်သူအဖြစ် သတ်မှတ်ထားသည့် သန္ဓေပြောင်းလူသားများထံသို့ အကြောက်တရားကင်းမဲ့စွာ ခုန်အုပ်လာကြလေသည်။ အချို့သူများသည်လည်း ချုံပုတ်များထဲ ကျသွားသည့် ထင်းရှူးစေ့များကို လိုက်ရှာနေကြလေသည်။
သန္ဓေပြောင်းသားရဲများမှာ မြွေဖြူတောင် ဝင်ပေါက်မှ အတွင်းပိုင်းအထိ ပြည့်နှက်နေသည်။ သားရဲနှင့်လူသားများကြားမှ စတင် ပေါက်ဖွားလာလေပြီ။ တစ်ဖက်ဖက်မှ မသေမချင်း ဤတိုက်ပွဲ ပြီးဆုံးသွားမည်မဟုတ်။
ထူထဲလှသည့်မြက်ပင်များကြား လူတစ်ယောက် လဲနေသည်။ သူ၏အသားအရေမှာ အဝါရောင်တောက်ပနေသည်။ ထိုလူကို သံချပ်ကာကားအရွယ်အစားရှိသည့် တောဝက်ရိုင်းကြီးတစ်ကောင် ဖိထားသည်ပင်။ သို့သော် တောဝက်ရိုင်းကြီး၏ အလေးချိန်ဖြင့် ဖိခံထားရသော်လည်း ဤအဝါရောင်လူ၏ အရေပြားပေါ်တွင် ခြစ်ရာပင်မထင်။ သို့သော်လည်း နာကျင်မှုကြောင့် ဤလူ နိုးထလာခဲ့သည်။
ဤလူမှာ ခုန်းဂင်ပင်။
နွားပေါက်လေးနှင့် နွားရိုင်းနက်ကြီးသည် သူ့ကို မသတ်ခဲ့။ သူ သတိလစ်အောင်လုပ်ပြီး ချုံပုတ်ထဲ ပစ်ထားခဲ့ခြင်းပင်။
ခုန်းဂင် နာကျင်မှုကြောင့် နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် တောင်ကြီးနှင့်တူသည့် တောဝက်ရိုင်းကို တွေ့လိုက်ရသည်။ ဝက်ကြီးသည် သူ့ကို ခြေထောက်ဖြင့် နင်းထားပြီး နှာခေါင်းဖြင့် တရှုံ့ရှုံ့လုပ်နေသည်ပင်။
“ငါလခွမ်း .. နွားနဲ့နွားပေါက်လေးပြီးတော့ ဒါက ဘာလဲ .. ဝက်လား..” ခုန်းဂင် ဒေါသတကြီး ပြောလိုက်သည်။
နွားပေါက်နှင့် နွားကြီးကြောင့် သတိလစ်သွားပြီး နိုးလာသည့်အချိန်တွင် ဝက်ကြီးကို မြင်လိုက်ရသောကြောင့် သူ ဒေါသထွက်လာရသည်ပင်။
“မင်းတို့ အရမ်းလွန်လွန်းသွားပြီ..” ခုန်းဂင် အော်ဟစ်လိုက်သည်။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေခဲ့သည်။ သို့သော် ယနေ့အဖြစ်အပျက်များကတော့ သူ့ကို ရူးမတတ်ဖြစ်သွားစေသည်။ သူ အားကုန်သုံးလိုက်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်ကာ တောဝက်ကြီးကို သူ့ခန္ဓာကိုယ်အောက် ဖိထားလိုက်သည်။
အပိုင်း ၆၅ ပြီး၏။