ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း – ၆၄ – သားရဲအုပ်ကြီး
အကြီးအကဲနှစ်ဦးလုံး အော်ဟစ်အမိန့်ပေးလိုက်သည်။ သူတို့၏ပါးစပ်နှင့် နှာခေါင်းမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများသည် လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး တောင်ကြားနှင့် တောအုပ်အားလုံးကို ပျံ့နှံ့သွားသည်။ သူတို့အသံသည်မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်ပင်။
အကြီးအကဲများထံမှ အမိန့်ရသည်နှင့် သက်ဆိုင်ရာ စစ်စခန်းမှခေါင်းဆောင်များသည် သူတို့တပ်သားများအားလုံးကို တိုက်ခိုက်ရန် အသင့်အနေအထား လုပ်ခိုင်းလိုက်သည်။
…
တောင်များမှ လေထုမှာ အလွန်ပူလောင်ပြီး အသက်ရှူကြပ်လာသည်။ လူအုပ်ကြီးမှာ သူတို့ရင်ဘတ်ကို ကျောက်တုံးကြီးဖြင့် ဖိခံထားရသကဲ့သို့ ခံစားလာရသည်။
တောင်များကြားတွင်လည်း လုံးဝငြိမ်သက်သွားသည်။ ဤသည်မှာ မုန်တိုင်းမလာခင် လေငြိမ်နေသည်နှင့် တူနေသောကြောင့် ဤကဲ့သို့သော တိတ်ဆိတ်မှုမှာ အားလုံးကို ကြောက်ရွံ့လာစေသည်။
အကြီးအကဲနှစ်ဦးသည် မတူညီသည့်တောင်ထိပ်၌ ရပ်လိုက်ကြပြီး သူတို့မျက်နှာထက်တွင် စိုးရိမ်သည့်အမူအရာများ ရှိနေသည်။ သူတို့တောင်ထဲသို့ပို့လိုက်သည့် သူတို့ချစ်ရသည့်သူများ ပြန်ထွက်လာမည်ကို စောင့်ဆိုင်းနေကြခြင်းပင်။
တပ်သားများ တစ်စုပြီးတစ်စု တောင်အပြင်ဘက်သို့ ရောက်လာကြလေပြီ။
“သတိကြီးကြီးထားကြ ကိုယ့်လူတို့..” တစ်စုံတစ်ယောက် သတိပေးလိုက်သည်။
ရုတ်တရက် အကြီးအကဲနှစ်ဦး၏ အမူအရာ ပြောင်းလဲသွားသည်။ သူတို့ လည်ဆံမွေးများ ထောင်ထသွားရလောက်အောင်ထိ ကြီးမားလှသည့်အန္တရာယ်အငွေ့အသက်ကို သူတို့ခံစားလိုက်ရသည်။
ခဏကြာပြီးနောက် အောက်ဘက်တွင်ရှိနေသည့်တပ်သားများလည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူတို့ကို ရှေးကျသည့်သားရိုင်းကြီးများ စိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်ပင်။ လူအုပ်ကြီးသည် သူတို့အထင်မှားနေတာဖြစ်ပါစေဟု ဆုတောင်းလျက် သူတို့ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်ကြသည်။
“ဘုရားရေ..”
လူအုပ်ထဲမှ တစ်ယောက်မှာ အရှေ့ဘက်မှ လာနေသည့် ပုံရိပ်မျိုးစုံကို ခပ်ရေးရေး မြင်လိုက်ရသည်။
“သားရဲတွေ .. သားရဲတွေ လာနေပြီ … သူတို့တွေက တောင်ကုန်းတွေပေါ်မှာရော တောင်ကြားတွေမှာရော ရှိနေတယ်..”
အခြား သန္ဓေပြောင်းလူတစ်ယောက်လဘ်ူ ငြိမ်းချမ်းမှုကို ဖြိုခွဲလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ သားရဲများ၏ပုံရိပ်များမှာ ပို၍ရှင်းလင်းလာသည်။ ထိုမကောင်းဆိုးဝါးများသည် တစ်ဖြည်းဖြည်းချင်းပင် ချဉ်းကပ်လာကြလေပြီ။
သားရဲများမှာ အကောင်းများစွာ ရှိနေသော်လည်းအားလုံး တိတ်တိတ်ဆိတ်ဆိတ်၊ အစီအစဉ်တကျပင် ချီတက်လာနေကြသည်။
သူတို့တွေက ဘယ်လိုလုပ် ဒီလိုမျိုး တညီတညာတည်း ချီတက်လာနိုင်ကြတာလဲ.. ဤအကောင်များသည် မျိုးစိတ်မတူကြသော်လည်း သူတို့ကြား အငြင်းပွားမှုမရှိ။ သူတို့အားလုံး၏စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုသာရှိသည်။ ဤသည်မှာ ဤနေရာသို့ ကျူးကျော်လာသည့်သန္ဓေပြောင်းလူသားများကို သတ်ပစ်ရန်ပင်။
သန္ဓေပြောင်းသားရဲအုပ်စုကြီး ချီတက်လာသည်ကိုကြည့်ပြီး လူအုပ်ကြီးမှာ ကြောာက်ရွံ့နေကြရသည်။ အချို့လူများမှာ လူသတ်သည့်မြင်ကွင်းကို မြင်ယောင်ပြီး သွေးနံ့များပင် ရနေပြီဖြစ်သည်။
တောင်ကြားမှ တောအုပ်၊ ထို့နောက် တောင်ထိပ်အထိ သားရဲများ ပြည့်နှက်နေသည်။ ဤသားရဲများ၏ အဆုံးကိုပင် မမြင်ရတော့။
ယခုတော့ သူတို့ပုံစံများကို ရှင်းရှင်းလင်းလင်း မြင်ရလေပြီ။
ရွှေရောင်အမွေးနှင့်မျောက်များ၊ ကြေးနီရောင်အသားအရေနှင့် ဝံပုလွေရိုင်းများ၊ တင့်ကားအရွယ်အစားတောဝက်များ၊ လက်ဆွဲပုံးအရွယ်အစား လုံးပတ်ရှိသည့် စပါးအုံးမြွေများ…
အကောင်တိုင်းမှာ မကောင်းဆိုးဝါးများပင်။ သူတို့၏ မူလပုံစံနှင့် မတူကြတော့။ ယခု ဤအကောင်များအားလုံး စုပေါင်းကာ လူသားများကို တိုက်ခိုက်လာတော့မည်။
အခြေအနေ မည်မျှပြင်းထန်နေသည်ကို အားလုံးသိသွားကြပြီဖြစ်သည်။ ယနေ့မှာ ပျက်ကပ်ကြီးပင် ဖြစ်လိမ့်မည်။
ဖုန်း ဖုန်း ဖုန်း..
တောင်ကြားများကြားမှ ပစ်ခတ်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ပေါက်ကွဲသံများလည်း တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။
ဝုန်း ဝုန်း ဝုန်း…
အမြောက်များကိုလည်း စတင်ပစ်ခတ်လိုက်သည်။ အမြောက်ဆံထွက်သွားသည်နှင့် မြေလွှာများ ကွဲထွက်သွားမတတ် ဖြစ်သွားသည်ပင်။
သို့သော် ဤသန္ဓေပြောင်းသားရဲများမှာ အသိစိတ်ရှိနေသည့်ပုံပင်။ သေနတ်ဖြင့် စမပစ်ခင်ကတည်းက သူတို့ ပုန်းအောင်းနေကြပြီဖြစ်သည်။ အချိုု့မှာ ချိုင့်ဝှမ်းများကြား၌ ပုန်းနေပြီး အချို့မှာ အရွယ်အစားကြီးမားသည့်ကျောက်တုံးကြီးများနောက်၌ ပုန်းနေကြသည်။
သူတို့လှုပ်ရှားမှုများမှာ မြန်ဆန်လှသည်ပင်။ အမြောက်ဆံကြောင့် ကျောက်တုံးကြီးများ ပေါက်ကွဲသွားသော်လည်း သူတို့ ဖရိုဖရဲဖြစ်မသွား။
“အား..”
ရုတ်တရက် လူတစ်ယောက်အော်သံထွက်ပေါ်လာသည်။ လက်နက်ကိုင်ထားသည့်သူ့လက်တစ်ဖက်လုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ့ဘေးနား၌ အနည်းဆုံး သုံးပေခန့်ရှိသည့် ငွေရောင်ကြွက်ကြီးတစ်ကောင် ရှိနေသည်။ ထိုကြွက်ကြီး၏သွားတွင် သွေးများ စွန်းပေနေသောကြောင့် သူသည် ပို၍ပင် ကြောက်စရာကောင်းနေသည်။
ထိုကြွက်ကြီးသည် မြေကြီးထဲသို့ ပြန်ဝင်သွားလေပြီ။ သူ၏အမြန်နှုန်းမှာ လူများကို ကြောက်ရွံ့သွားစေသည်အထိပင်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အချို့လူအနည်းငယ်၏ လက်မောင်းများ ပြုတ်ထွက်သွားပြီဖြစ်သည်။
အချိုု့သန္ဓေပြောင်းလူများ ထိုကြွက်ကို လက်ဖြင့်ဖိညှစ်ပစ်ရန် ကြိုးစားကြသော်လည်း သူတို့လက် ကြွက်ပေါ်သို့ ရောက်သွားသည်နှင့် ထိုကြွက်၏ခန္ဓာကိုယ် မည်မျှမာကျောသည်ကို သိလိုက်ရသည်။
ခွပ်..
ထိုအချိန်တွင် ကြွက်သည် ရုတ်တရက် သူ့ခေါင်းကို ပုခုံးထဲဝှက်လိုက်လေ၏။ ထိုရိုက်လိုက်သည့်လူ၏လက်ဝါးမှာ အရေခွံပင် ဆုတ်ပြဲသွားလေသည်။
“မြွေတွေ .. အဆိပ်ပြင်းတဲ့မြွေတွေ အများကြီးပဲ..”
ရုတ်တရက် အခြားနေရာတစ်ခုမှ လူများ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။ ရှည်လျားသည့်မြက်ပင်များထဲမှ ထွက်လာသည့် မြွေများမှာ တစ်ကောင်နှစ်ကောင်မဟုတ်။ အကောင်ပေါင်း ထောင်ချီ၊ သန်းချီပင် ရှိနေသည်။
ဤမြင်ကွင်းမှ လူများကို တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
စက်သေနတ်မှ ကျည်ဆံများ အဆက်မပြတ် ဖြန်းပက်လာပြီး သွေးအိုင်ကြီးဖြစ်အောင် လုပ်လိုက်သည်။
သို့သော် ကျည်ဆံထက် မြွေများ ပိုများနေသည့်ပုံပင်။ မြေကြီးအောက်မှ တစ်ကောင်ပြီးတစ်ကောင် ထွက်လာနေကြသည်။
ဖူး ဖူး ဖူး…
ရုတ်တရက် သန္ဓေပြောင်းမြွေအချို့သည် လျှပ်စီးကဲ့သို့ လေဟုန်စီး၍ ရောက်လာကြလေသည်။
အသစ်ရောက်လာသည့်သန္ဓေပြောင်းမြွေများထဲတွင် ဝါးတူအရွယ်အစားရှိသည့် မြွေတစ်ကောင်လည်းပါဝင်နေသည်။ ထိုမြွေသည် လူများ၏နဖူးကို ထိုးဖောက်သွားကာ တစ်ချက်တည်းဖြင့် သေအောင်သတ်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူပေါင်းတစ်ဒါဇင်ကျော် အသတ်ခံလိုက်ရလေပြီ။ ထိုထဲမှ လူတစ်ဝက်မှာ သန္ဓေပြောင်းလူများပင်။
အချို့သန္ဓေပြောင်းမြွေအချို့မှာ ဤဝါးတူအရွယ်အစားမြွေဖြူထက် အားမနည်း။ သူတို့သည် လေဟုန်စီးကာ ကံဆိုးစွာဖြင့် သူတို့နှင့် ‘နမ်း’မိသွားသည့် သူအားလုံးကို ခရမ်းပုတ်ရောင်မျက်နှာဖြစ်အောင်လုပ်ပြီး သတ်လိုက်ကြလေသည်။
ဂါး..
အဝေးမှ သားရဲများမှာ ပို၍နီးလာလေပြီ။ မြွေအုပ်ကြီး ရောက်လာသောကြောင့် သူတို့ကိုပစ်နေသည့် သေနတ်သံများ သိပ်မရှိတော့။ ဤသည်ကို အခွင့်ကောင်ယူကာ သူတို့သည် လူသားများထံသို့ ထပ်မံခုန်ဝင်လာကြသည်။
“မပြေးနဲ့ .. ကိုယ့်နေရာကိုနေပြီး ပစ် .. ပစ်ကြ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
ဒိမ်ဒီနှင့် ဘောဓိနှစ်ဖွဲ့လုံးမှ လူများ ဗျာများနေကြလေပြီ။ အဆင့်အမြင့်ဆုံးလက်နက် ကိုင်ဆောင်ထားသည့်သူများပင် ပြောမပြတတ်အောင် ကြောက်ရွံ့လာကြပြီး အသက်လု ထွက်ပြေးသွားကြသည်။
ဝုန်း ဝုန်း ဝုန်း..
အမြောက်ပစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အစပိုင်းတွင် ဤအမြောက်များသည် သားရဲအချို့ကို သတ်နိုင်ပြီး သားရဲအမြောက်အများကို ဒဏ်ရာရစေခဲ့သည်။ အချို့ဆိုလျှင် ခန္ဓာကိုယ်ပင် ရှာမတွေ့တော့။
သို့သော် ပစ်အားမှာ တစ်ဖြည်းဖြည်းကျလာသည်။ အဘယ်ကြောင့်ဆိုသော် မြွေများသည် ပစ်နေသည့်အဖွဲ့ထဲသို့ တရှိန်ထိုးပြေးသွားပြီး လူများစွာကို သတ်ပစ်လိုက်ကာ ကျန်သည့်သူများကို ထွက်ပြေးသွားအောင် လုပ်လိုက်သည်ပင်။ အချို့သားရဲများမှာ အတော်လေးကောက်ကျစ်လှသည်။ သူတို့သည် လူမမြင်အောင် အနောက်မှသွားပြီး ခုခံနေသည့်သူရှေ့ ရုတ်တရက်ပေါ်လာကာ သတ်ပစ်လိုက်ကြလေ၏။
ထိုထဲတွင် သာမန်လူဝံအရွယ်အစားသာရှိသည့် မျောက်တစ်ကောင်လည်းပါသည်။ ထိုမျောက်သည် လူအရှင်လတ်လတ်ကို ဆွဲစုတ်ပစ်လိုက်နေသည်။
“ဝူး..” ကြေးရောင်ဝံပုလွေကြီး အော်ဟစ်လိုက်သည်။ သူသည် ကျည်ဆံများကို မကြောက်ပဲ ပစ်ခတ်နေသည်ကြားမှပင် ပစ်မှတ်နားရောက်အောင် သွားနေသည်။ အနီးဆုံးလူသားနားသို့ ရောက်သည်နှင့် သူ၏သားရိုင်းသဘာဝကိုစတင်ပြသလေတော့သည်။ သူ၏လက်ကို တစ်ချက်ဝေ့ရမ်းလိုက်သည်နှင့် သန္ဓေပြောင်းလူသားတစ်ဦး နှစ်ပိုင်းပြတ်သွားလေ၏။
“ပြေး..”
လူများ ထိတ်လန့်တုန်လှုပ်လာကြသည်။
ထိုသားရဲများထဲတွင် ကျောက်တုံးဖြင့် ထွင်းထာသည်နှင့်တူသည့် ဝံပုလွေတစ်ကောင်လည်းရှိသည်။ ထိုဝံပုလွေဖြတ်သွားသည့်နေရာတိုင်းမှ လူများမှာ ကျောက်ရုပ်များဖြစ်သွားကြလေသည်။ ဤဝံပုလွေ၌ ထူးခြားသည့်စွမ်းအား ရှိနေသည်ပင်။
အထဲဘက်မှ တပ်သားများ ပြန်ဆုတ်ရာတွင် ကာပေးရန် တာဝန်ကျသည့် အပြင်ဘက်မှ တပ်သားများမှာ ဤမြင်ကွင်းကို မြင်သည်နှင့် ပြန်ဆုတ်သွားကြလေ၏။
အကြောက်တရားများမှာ ကူးစက်မြန်လှသည်ပင်။ စစ်သားများစွာ ထွက်ပြေးနေသည်ကို မြင်သည်နှင့် အခြားသူများလည်း မခုခံကြတော့။ တောင်နံဘေး၌ ရှိနေသည့် ခံတပ်မှာ ပြိုကွဲလာသည်။
“ပစ်.. သူတို့ကိုပစ် .. အားလုံးကိုသတ်..”
ဒိမ်ဒီမှ အကြီးအကဲ အော်ဟစ်လိုက်သည်။ သူကိုယ်တိုင်လည်း သားရဲများစွာကို သတ်ပြီးသွားပြီဖြစ်သောကြောင့် သူ့နှလုံးခုန်နှုန်းများ မြန်ဆန်နေသည်။ ဤသန္ဓေပြောင်းသားရဲအုပ်ကြီးနှင့်ယှဉ်လျှင် သူ၏စွမ်းအားမှာ ဘာမှမဟုတ်ကြောင်း သူယခုမှ သိလာရသည်။
သူ ပြန်ဆုတ်ရန်အတွက် အရေးကြီးသော်လည်း သူသည် အထဲဘက်သို့ ပြန်ဆုတ်ကာ ဟယ်လီကော်ပတာများကို အနောက်ဘက်မှ ပစ်ရန် အမိန့်ပေးလိုက်သည်။ မြေပြင်ထက်မှ တပ်သားများကို အကာအကွယ်ပေးရန်အတွက် အော်ဘက်သို့ ဗုံးကျဲချခိုင်းလိုက်သည်။
ဘောဓိမှ အကြီးအကဲလည်း အခြေအနေကောင်းမနေပေ။ သူ့တစ်ကိုယ်လုံး သူသတ်ထားသည့် သားရဲများ၏သွေးများ စိုရွှဲနေသည်။
ဝုန်း..
တောင်ထိပ်တစ်ခုပေါ်၌ ရေပုံးအဝလုံးပတ်ရှိသည့် မြွေကြီးသည် ရုတ်တရက် ခန္ဓာကိုယ်ကြီးထောင်လာကာ လေယာဉ်တစ်စင်းကို နှစ်ပိုင်း,ပိုင်းပစ်လိုက်လေ၏။
“ဘုရားရေ..”
ဤမြင်ကွင်းမှာ လူများကို ပို၍ကြောက်ရွံ့သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြီးမားလှသည့်ငှက်တစ်ကောင်၏ အော်ဟစ်သံလည်း ထွက်ပေါ်လာသည်။
မော့ကြည့်လိုက်သည့်အချိန်တွင် အနည်းဆုံး ခြောက်ပေရှည်သည့် သိမ်းငှက်ကြီး ကောင်းကင်ထက်၌ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုငှက်သည် လျှပ်စီးအရှိန်ဖြင့် အခြားလေယာဉ်တစ်ခုထံသို့ ဦးတည်သွားနေသည်။
ဂျွတ်… ထိုသိမ်းငှက်ကြီးသည် တုံ့ဆိုင်းခြင်းမရှိပဲ ဟယ်လီကော်ပတာကို စုတ်ဖြဲပစ်ကာ ကောင်းကင်ထက်မှ ရိုက်ချပစ်လိုက်သည်။ ထိုလေယာဉ်ကြီးမှာ သိမ်းငှက်ကြီး၏ မျက်လုံးထဲတွင်တော့ စက္ကူတစ်ရွက်သာ။
ဝုန်း..
နောက်ထပ်လေယာဉ်တစ်ခုလည်း ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည်။
တိုက်ခိုက်သူမှာ တစ်လက်မသာရှိသော်လည်း ငွေရောင်တောက်ပနေသည့် သစ်တောက်ငှက်ပင်။ သူသည် လေယာဉ်ကိုယ်ထည်ကိုဖောက်ကာ အတွင်းခန်းထဲသို့ ဝင်သွားသည်။ ထို့နောက် ထိုအထဲမှ စူးစူးဝါးဝါးအော်သံများထွက်ပေါ်လာလေ၏။
ငှက်ကြီး ပြန်ထွက်လာသည့်အချိန်တွင် သူ့နှုတ်သီး၌ သွေးများပေပွနေပြီး လေယာဉ်ကြီးမှာ ထိန်းချုပ်မှုမရှိတော့သကဲ့သို့ ဝုန်းခနဲပေါက်ကွဲသွားလေသည်။
“ဒါက ငါတို့ အဆုံးသတ်ပဲ .. ငါတို့လူသားမျိုးနွယ်စုရဲ့ အဆုံးသတ်ပဲ..”
တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သူတို့သည် တုန်ယင်နေကြကာ သူတို့မျက်နှာများလည်း သေလူကဲ့သို့ ဖြူဖျော့နေကြလေပြီ။
ဒိမ်ဒီနှင့် ဘောဂိတို့နှစ်ဖွဲ့လုံးမှ လူများ သေဆုံးနေကြပြီး မြွေဖြူတောင်အတွင်းပိုင်းသို့ ပြေးဝင်နေကြရသည်။
ခဏကြာပြီးနောက် သူတို့ အထဲဘက်မှ ထွက်ပြေးလာသည့်သူများနှင့် တွေ့လိုက်ရသည်။
“ငါတို့ ဒီနေရာကနေ ထွက်သွားကြမှာ မဟုတ်ဘူးလား .. မင်းတို့တွေက ဒီမှာ ဘာလုပ်နေကြတာလဲ..”
“အခု ငါတို့ ထွက်သွားလို့မရဘူး.. ငါတို့ကို ထောင်ချီတဲ့သားရဲတွေ အုပ်လိုက်ကြီး ဝိုင်းထားပြီးတော့ နေရာပေါင်းစုံကနေ တိုက်နေကြတာ..”
“နေရာတိုင်းမှာ သန္ဓေပြောင်းသားရဲနဲ့ငှက်တွေကြီးပဲ .. တစ်ကောင်စီတိုင်းက ရက်စက်သလို တိုက်လည်းတိုက်ရဲကြတယ် .. ငါတို့တွေက သူတို့ပြိုင်ဘက်မဟုတ်ဘူး..”
စကားလုံးအနည်းငယ် ပြောပြီးနောက် လူအုပ်ထဲတွင် အကြောက်တရားများ စတင်ပျံ့နှံ့လာသည်။
အခု ငါတို့ဘယ်သွားကြတော့မလဲ .. သူတို့ လွတ်အောင် ဘယ်လိုလုပ်ရတော့မှာလဲ .. သူတို့အသက်ရော ရှင်ပါဦးမလား.. သူတို့အသက်ရှင်နိုင်ချေ ဘယ်လောက်ရှိလဲ..
“စိတ်အေးအေးထား .. မလန့်နဲ့ .. သားရဲတွေက အကောင်ရှစ်ရာထက်နည်းတယ် .. ကျန်တဲ့သားရဲတွေက ဒီအတိုင်း ဒီကိုရောက်လာတဲ့အကောင်တွေ .. ငါတို့တွေက လူတစ်ထောင်ကျော်ရှိတယ် .. အဲဒီတော့ ငါတို့စုပေါင်းပြီး သူတို့ကို ချေမှုန်းပစ်လို့ရတယ်”
ဘောဓိမှ အကြီးအကဲ ပြောလိုက်သည်။ သူသည် ယုံကြည်မှုရှိသည့်မျက်လုံးများဖြင့် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သည်။ သူသည် ယခုလေးတင်မှ ခြောက်မီတာနီးပါးရှိသည့် သန္ဓေပြောင်းကျားသစ်ကြီးကို သတ်ထားခြင်းပင်။ ထိုကျားသစ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်နှင့် မြေကြီးပင် တုန်ခါသွားသည်။
ကျန်းလော့ရှန်းလည်း ဤအကြီးအကဲဘေး၌ ရပ်နေကာ အပြင်ဘက်မှအခြေအနေများကို အကြီးအကဲနှင့် ပြောနေသည်။ “အားလုံးပဲ မလန့်ပါနဲ့ .. အားလုံး အဆင်ပြေတယ် .. ဒါက တောရိုင်းတိရစ္ဆာန်နည်းနည်းလောက်ပါပဲ .. ကျွန်မတို့တွေ လေးဖွဲ့၊ ငါးဖွဲ့လောက်ဖွဲ့ပြီး တစ်ဖွဲ့ကိုတစ်ကောင်စီ သတ်နိုင်တာနဲ့ ကျွန်မတို့ သူတို့ကို အေးဆေးနိုင်သွားပြီ..” သူမ ပြောလိုက်သည်။
‘နိုင်ငံနတ်ဘုရားမ’ ၏ စကားများမှာ တကယ်ကို အကျိုးသက်ရောက်မှုရှိသည်ပင်။ အစောပိုင်းက စိုးရိမ်ထိတ်လန့်နေသည့်သူများမှာ တည်ငြိမ်သွားကြလေပြီ။ ဤမျှလှပသည့်အမျိုးသမီးပင် ဤကဲ့သို့သောအခြေအနေမျိုး၌ တည်ငြိမ်နေလျှင် သူတို့က ဘာကြောင့် ကြောက်လန့်နေရမည်နည်း..
လင်နွိုင်လည်း သူမ၏အကြီးအကဲနှင့် စကားပြောနေသည်ပင်။
…
ထောင်ပေါင်းများစွာသော သန္ဓေပြောင်းလူများ စုစည်းလိုက်ကြပြီး လူသားမျိုးနွယ်စုကိုယ်စား တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ချူဖုန်းလည်း ဤမြင်ကွင်းကို မြင်လိုက်ရသည်ပင်။ ယနေ့ လူများစွာ သေဆုံးရတော့မည်ကို သူသိနေသည်။ ကြောက်စရာကောင်းသည်မှာ ဤသတ္တဝါများ၏ အရွယ်အစားမဟုတ်သလို တိုက်ခိုက်နိုင်စွမ်းလည်းမဟုတ်။ သူတို့၏ သင်ယူပြီး ပြန်လည်အသုံးချနိုင်သည့် ဉာဏ်ရည်ပင်။
ထို့နောက် သူ မြက်ခင်းပြင်ပေါ်မှ နွားနှစ်ကောင်ကို ကြည့်လိုက်သည်။
နွားရိုင်းနက်ကြီးသည် နွားပေါက်လေးကို ‘သင်ခန်းစာပို့ချ’ နေဆဲပင်။
နွားဝါလေးသည် ထင်းရှူးပင်မှ ထင်းရှူးစေ့တစ်စေ့စီတိုင်းကို သူ့အတွက် ချွေယူချင်ခဲ့သော်လည်း နွားရိုင်းနက်ကြီး၏ တားဆီးခြင်းခံလိုက်ရသည်။ နွားနက်ကြီးက သူ့ကို ဆယ်စေ့သာ ယူထားရန် ပြောလိုက်သည်။
“ငါမင်းကို ပြောခဲ့သလိုပဲ ဒီသားရဲတွေအားလုံးရဲ့နောက်မှာ နောက်ဆုံးသားရဲကြီး ရှိသေးတယ် .. ငါတို့ ဒီထင်းရှူးစေ့ကို အဲဒီသားရဲဘုရင်ကြီးဆီ ယူသွားပေးပြီး တောင်းဆိုရမယ်..” နွားရိုင်းနက်ကြီး အကြံပေးလာသသည်။
ဤထင်းရှူးပင်မှာ အစကတည်းက ဤသားရဲဘုရင်အတွက် သိမ်းထားခြင်းဖြစ်ပြီး ထိုမြွေဖြူမှာ ဘုရင်ကြီးအတွက် ဤသစ်ပင်ကို စောင့်ရှောက်ထားခြင်းပင်။
သို့သော်လည်း ထိုသားရဲဘုရင်ကြီးသည် ဤအပင်ကို အရေးမစိုက်ဟု သူ ထင်သည်။ မဟုတ်လျှင် လူသားများ ရောက်မလာခင်ကတည်းက ထိုအသီးကို သူ ယူပြီးသွားလောက်လေပြီ။ မဟုတ်လျှင်လည်း ထိုဘုရင်ကြီးသည် လူသားများ၏ တီထွင်မှု၊ လုပ်ပုံကိုင်ပုံများကို လေ့လာချင်သောကြောင့် ဤအသီးဖြင့် ငါးစာချသည်လည်း ဖြစ်နိုင်သည်ပင်။
နွားရိုင်းနက်ကြီးသည် တည်ငြိမ်စွာဖြင့် နွားဝါလေးကိုခေါ်ကာ အခြားသားရဲများ ပုန်းအောင်းနေသည့် ချုံပုတ်ထံသို့ ဦးတည်သွားလိုက်သည်။
သူတို့နှစ်ဦး၏ ယုံကြည်ချက်ရှိရှိ လမ်းလျှောက်နေပုံကြောင့် ချူဖုန်းပင် ဆွံ့အသွားရသည်။ သူ ဤနှစ်ယောက်နောက်မှ လိုက်သွားချင်သော်လည်း ခဏကြာပြီးနောက် ရပ်တန့်လိုက်သည်။ သူသည် လူသားဖြစ်သောကြောင့် ဤသားရဲများ၏ ဘုံရန်သူအဖြစ် သတ်မှတ်ခံရကာ တိုက်ခိုက်ခံရနိုင်သည်။
နွားဝါလေးမှာ သူ့သူငယ်ချင်းအား သစ္စာရှိသည်ပင်။ သူ့ထံတွင် သူငယ်ချင်းတစ်ဦး ကျန်နေသေးကြောင်း အထွန့်တက်ပြီး ပြောလိုက်သည်။
“မင်းကိုယ်မင်းတောင် အနိုင်နိုင်ကယ်နေရတာ .. မင်းက တစ်ခြားလူကို ကယ်ချင်နေသေးတာလား..” နွားရိုင်းနက်ကြီး သူ့ကို စွေစောင်းကြည့်၍ ပြောလာသည်။
“မင်းနဲ့သူက အဲဒီသားရဲတွေကို တိုက်ခိုက်နိုင်တယ်ဆိုရင်တော့ သူ့ကိုခေါ်လိုက်ပေါ့..” သူ ထပ်ပြောလိုက်သည်။
သို့သော် သူတို့ လမ်းလျှောက်နေသည့်အရှိန်ကတော့ လျှော့မသွားပေ။
ရုတ်တရက် နွားနက်ကြီးသည် ထိုသားရဲအုပ်ကြီးနှင့် တစ်မိုင်အကွာတွင် ရပ်လိုက်ကာ “ညီအစ်ကိုတို့ .. ငါ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ချင်လို့ပါ..”
သူ ဘာလုပ်နေတာလဲ .. ချူဖုန်း အံ့အားသင့်သွားရသည်။
နွားနက်ကြီးသည် တည်ငြိမ်စွာဖြင့် ပုန်းနေသည့်ရန်သူများနှင့် မိတ်ဆွေဖွဲ့ရန် ကြိုးစားနေဆဲပင်။ “ငါတို့တွေက ပုံစံမတူပေမယ့် မိသားစုတစ်ခုတည်းက ညီအစ်ကိုတွေ ဖြစ်နေတုန်းပါပဲ … ငါတို့သားရဲတွေကောင်းစားဖို့အတွက် မင်းတို့တွေ နေ့ပေါင်းများစွာတိုက်ပွဲဝင်နေရတာကို ငါသိပါတယ် .. အဲဒီတော့ မင်းတို့ရဲ့ကြိုးစားမှု၊ စတေးမှုတွေအတွက် ငါ့ရဲ့စေတနာလေးတွေကို လက်ခံပေးပါ..”
သန္ဓေပြောင်းသားရဲအုပ်ကြီးသည် နွားနက်ကြီးကို စိုက်ကြည့်လာပြီး မျက်လုံးများ ပြူးကျယ်လာကြသည်။
သန္ဓေပြောင်းသားရဲအုပ်ကြီးမှာ သူတို့ဦးနှောက်ကို မွေနှောက်ရှာဖွေနေသော်လည်း ဤနွားရိုင်းနက်ကြီးကို တစ်ခါမှမတွေ့ဖူးသည်မှာ သေချာသည်။ ဤသည်မှာ တိုင်ဟန်းတောင်မှ သားရဲဟုတ်ဟန်မတူ။
သို့သော် ဤနွားရိုင်းနက်သည် လူသားစကား ပြောနိုင်သောကြောင့် သာမန်သားရဲမဟုတ်သည်ကိုတော့ သူတို့သိသည်။
နွားနက်ကြီးသည် အေးဆေးတည်ငြိမ်စွာဖြင့် ထပ်ပြောလာသည်။ “လောကကြီးမှာရှိတဲ့သားရဲတွေအားလုံးက ညီအစ်ကိုတွေပါပဲ .. ငါတို့တွေ အိမ်နီးချင်းမဟုတ်တာနဲ့ပဲ ခပ်တန်းတန်းမဖြစ်သွားသင့်ဘူး..” နွားရိုင်းနက်ကြီးသည် ခဏရပ်ကာ သားရဲအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ “ဒီနေရာမှာ ကျုပ်တို့ညီအစ်ကိုတွေ အများကြီးစုနေကြောင်း အစောလေးကမှ ကျုပ်သိလိုက်ရတာ .. တောင်ထိပ်မှာ ရပ်ပြီးတော့ အဲဒီလူသားတွေ ကြွက်လိုပြေးနေရတာကိုကြည့်ပြီး အံ့ဩနေရတာ .. အဲဒီအခိုက်အတန့်မှာ ကျုပ် သားရဲတစ်ကောင်ဖြစ်လို့ ဘယ်လောက်တောင် ဂုဏ်ယူခဲ့ရလဲဆိုတာ ခင်ဗျားတို့ သိမှာမဟုတ်ဘူး .. ကျုပ်လည်း ခင်ဗျားတို့ရဲ့တိုက်ပွဲမှာ အားဖြည့်ချင်တာပါ”
ဤနွားရိုင်းနက်ကြီးမှာ အတော်လေး လျှာစောင်းထက်လှသည်ဟု နွားဝါလေး တွေးလိုက်သည်။
ထို့နောက် နွားရိုင်းနက်ကြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျုပ်က အနောက်ဘက်က မီးတောင်,တောင်ကလာတာပါ .. ကျုပ်နာမည်က နတ်ဆိုးနွားပါ..”
အဝေး၌ ရပ်နေသည့် ချူဖုန်း အံ့အားသင့်သွားရသည်။ “ခွန်းလွန်တောင်ကလည်း အနောက်ဘက်မှာ ရှိတာပဲဆိုတော့ ဒီနွားရိုင်းနက်ကြီးက သူတွေ့ချင်နေတဲ့ အကောင်လား..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။
နွားရိုင်းနက်ကြီး၏စကားမှာ သားရဲအုပ်ကြီးကိုလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်ပင်။ သားရဲအုပ်ထဲမှ အဆင့်အမြင့်ဆုံးအကောင်ပင် လေးစားမှုပြသသည့်အနေဖြင့် ခေါင်းညိမ့်ပြလာလေသည်။
နွားရိုင်းနက်ကြီးသည် ခေါင်းမော့ကာပင် လျှောက်ဝင်သွားလေ၏။ နွားပေါက်လေးသည် ထိုမျှယုံကြည်ချက်မရှိသော်လည်း နွားရိုင်းနက်ကြီး၏ ဦးဆောင်မှုကြောင့် သူ့ကိုယ်သူအားတင်းကာ သားရဲအုပ်ကြီးကို ဖြတ်သွားလိုက်သည်။ သူတို့နှစ်ဦး သားရဲများ ဝိုင်းထားသည်မှ လွတ်မြောက်တော့မည်။
ဘာလို့ ဒီလောက်တောင် အလုပ်ဖြစ်သွားတာလဲ.. ချူဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီလောက်တောင် လွယ်တာလား..
ဝှစ် .. ဝှစ်..
ရုတ်တရက် ဝါးတူအရွယ် မြွေဖြူတစ်ကောင် လျှာထုတ်ပြီး ပေါ်လာလေသည်။ သူသည် သားရဲအုပ်ကြီးကို လျှို့ဝှက်ချက်တစ်ချို့ ပြောပြနေသလိုပင်။
မကြာမီတွင် သားရဲအုပ်ကြီးမှာ ဖရိုဖရဲဖြစ်လာပြီး သူတို့မျက်လုံးထဲမှ အကြည့်များမှာ အလွန်အေးစက်လာသည်။
“အိုင်း .. ငါက နတ်ဆိုးနွားပဲ .. မင်းတို့တွေ ငါ့ကို ဒီလိုမျိုး လာကြည့်မနေကြနဲ့..” နွားရိုင်းနက်ကြီး တွန်လိုက်သည်။
“ဝှစ်..”
မြွေဖြူလေး အရင်ဆုံးတိုက်ခိုက်လိုက်သည်နှင့် အခြားသားရဲများလည်း လှုပ်ရှားလာကြသည်။ သူတို့စိတ်ထဲ နွားရိုင်းနက်ကြီးကို ကြောက်ရွံ့နေကြသော်လည်း တိုက်ခိုက်နေကြဆဲပင်။
အပိုင်း ၆၄ ပြီး၏။