ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၃- ယုံကြည်မှု
ခုန်းဂင် မျက်ဖြူလှန်သွားရသည်။ သူ့ခန္ဓာကိုယ်သည် ထိခိုက်မှုမျိုးစုံကို ခုခံနိုင်စွမ်းရှိသော်လည်း ယခုတော့ သူ ခေါင်းနောက်ကာ လဲကျလုနီးပါး ဖြစ်နေလေပြီ။ နာကျင်မှုကို သူ သည်းမခံနိုင်တော့။
သို့သော် သူ အရှုံးကို လက်မခံချင်။ သူ လက်စားပြန်ချေပြီး သူ့ဒေါသကို ဖွင့်ထုတ်ချင်သည်။
အထူးသဖြင့် သူ့ကို တိုက်ခိုက်နေသည့်နောက်တစ်ဦးမှာ သောက်နွားဖြစ်နေကြောင်း သိလိုက်ရသည့်အချိန်တွင်ပင်။
“ငါဒီနေ့ နွားခြံထဲ ကျသွားတာလား..” ခုန်းဂင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
တစ်ကောင်ကြီး တစ်ကောင်သေးဖြစ်နေပေမယ့် နှစ်ကောင်လုံးက ဘာလို့ မည်းနက်နေတာလဲ..
ခုန်းဂင်အမြင်တွင် သူတို့၏အမွေးအမည်းရောင်ကြောင့် သူတို့၏စိတ်လည်း မည်းညစ်နေသည်ပင်။ သူတို့တွေက ဘယ်လောက်တောင် အရှက်မရှိလို့ အနောက်ကနေ ချောင်းတိုက်နေကြတာလဲ..
ခုန်ဂင်၏အသိစိတ်သည် မူးဝေနေမှုကို အနိုင်ယူရန် ကြိုးစားနေသော်လည်း သူ့အသိစိတ်မှာ တစ်ဖြည်းဖြည်းမှုန်ဝါးလာသည်။
နွားရိုင်းနက်ကြီးမှာမူ အေးဆေးတည်ငြိမ်နေလေသည်။ သူသည် လောကီရေးရာကိစ္စများကို စိတ်မဝင်စားသည့်နွားရိုင်းကြီးနှင့်ပင် တူနေသည်။
နွားဝါ နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်သွားလေပြီ။ သူသည် ခုန်းဂင် သတိပြန်ဝင်လာမည်စိုးသောကြောင့် သူ့ခေါင်းနောက်ကို ထပ်မံရိုက်နှက်လိုက်လေသည်။
နာကျင်မှု၊ ခံစားမှု .. သည်းမခံနိုင်ဘူး…
ခုန်းဂင်သည် သတိလစ်လုနီးပါးဖြစ်နေသော်လည်း သူ့ထံရောက်ရှိလာသည့် နာကျင်မှုများကို ခံစားနေရဆဲပင်။ သူ့ဦးခေါင်းမှာ အက်ကွဲတော့မလိုပင်။ သူ မြင်နေရသည်မှာ ထိုသောက်နွားပေါက်၏ မှုန်ဝါးဝါးပုံရိပ်သာ။
စက်ဆုပ်စရာကောင်းလိုက်တာ.. သူ သတိလစ်မတတ်ဖြစ်နေသော်လည်း နွားပေါက်သည် မကျေနပ်နိုင်သေးပဲ သူ့ကို ထပ်ရိုက်နေသေးသည်။ သူ့ဒေါသမှာ ရေဆူမှတ်သို့ ရောက်နေလေပြီ။
ဝုန်း..
နောက်ဆုံးတွင်တော့ သူသည် မြေကြီးကို မျက်နှာမူလျက် လဲကျသွားလေသည်။
ထိုအခါမှသာ နွားဝါလေး ထိုနွားရိုင်းနက်ကြီးကို ခေါင်းမော့ကြည့်လိုက်သည်။
နွားပေါက်လေးမှာ ရှုပ်ထွေးနေဆဲပင်။ ဘယ်သူက ဒီလောက်တောင် ကြောက်စရာကောင်းတာလဲ..
ဤနွားရိုင်းနက်ကြီးမှာ သန္ဓေပြောင်းသားရဲဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့သလို ဤမျှစွမ်းအားကြီးလိမ့်မည်ဟုလည်း သူ မထင်ထားခဲ့။
“မူး…”
နွားဝါလေး နွားရိုင်းနက်ကို တွန်ပြလိုက်သည်။ ဤသည်မှာ နွားပေါက်လေး သူစိမ်းနှင့် ဆက်သွယ်သည့်နည်းလမ်းပင်။ သူသည် အရှက်မရှိ နွားရိုင်းနက်ကြီးနှင့် မိတ်ဆွေဖြစ်အောင် ကြိုးစားနေခြင်းပင်။
သူ ဤနွားရိုင်းနက်ကြီးနှင့် မယှဉ်နိုင်သည်ကို သူသိသည်။ သူ့ခွာပေါက်ချက်က ဘယ်လောက်တောင် ပြင်းလို့ ခုန်းဂင်လိုလူကိုတောင် အချက်ရေနည်းနည်းလေးနဲ့ သတိမေ့သွားအောင် လုပ်နိုင်တာလဲ .. သူ နှစ်ကြိမ် ကြိုးစားခဲ့သော်လည်း နှစ်ကြိမ်လုံးတွင် ဤလူ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့။
“နွားစုတ် .. မင်း သေချင်နေတာလား..” နွားနက်ကြီးသည် ရုတ်တရက် လူသားစကားကို ပြောလာလေသည်။
နွားပေါက်လေးမှာ ဘာလုပ်ရမှန်းပင် မသိတော့။ သူ့လည်ဆံမွေးများ ထောင်ထသွားကာ ဝှစ်ခနဲ နွားနက်ကြီး၏ အဝေးသို့ ထွက်သွားလိုက်လေသည်။
သန္ဓေပြောင်းသားရဲများ စကားပြောသည်ဆိုသည်မှာ ထိုသားရဲများသည် အမြင့်ဆုံးအဆင့်သို့ ရောက်လုနီးပါးဖြစ်နေပြီဟု ဆိုလိုခြင်းပင်။
နွားရိုင်းနက်ကြီးသာ သူနှင့်ဇစ်မြစ်တစ်ခုတည်းဆိုပါက ဤနွားနက်ကြီးသည် ငွေတောင်ပံကဲ့သို့ အကောင်းဆုံးသားရဲများထဲမှ တစ်ဦး ဖြစ်နေပြီဖြစ်သည်။
“မင်း ဘာလို့ ငါနားကနေ ထွက်ပြေးသွားတာလဲ .. ငါ့နားလာခဲ့ .. ငါမင်းကို ဘေးကင်းအောင် လုပ်ပေးမယ် .. မဟုတ်ရင် မင်းဒီနေ့ ဒီနေရာမှာ သေလိမ့်မယ်” နွားနက်ကြီး နွားဝါလေးကို ဆူပူလိုက်သည်။
နွားဝါလေးသည် အံ့အားသင့်ကာ စိတ်ရှုပ်ထွေးနေသော်လည်း နွားနက်ကြီးဘေးနားသို့ သွားလိုက်ဆဲပင်။
နွားဝါလေးသည် နွားနက်ကြီး၏အမြှီးကို သူ့အမြှီးနှင့် ချည်နှောင်လိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ သူ၏အကြီးဗားရှင်းကို တွေ့လိုက်ရသည့်အချိန်တွင် ဤနွားနက်ကြီး၏ အမိန့်ကိုလိုက်နာရန်မှာ သူ့ဝတ္တရားဖြစ်သည်ဟု ခံစားလိုက်ရသည်။ မောက်မာသည့် နွားပေါက်လေးမှာ နွားနက်ကြီးဘေးမှ အရုပ်လေး ဖြစ်သွားလေပြီ။
…
ချူဖုန်း လေကဲ့သို့ တဟုန်ထိုးပြေးလာသည်။ သူသည် တောင်တန်းများကြားမှ ထွက်လာပြီး တောအုပ်ကို ဖြတ်သန်းသွားလိုက်ကာ မြွေဖြူတောင် အစွန်းအဖျားထိရောက်အောင် မရပ်မနား ပြေးလာလိုက်သည်။
ခဏ .. ဘာဖြစ်နေတာလဲ .. သူရှေ့မှမြင်ကွင်းကိုကြည့်ပြီး ချူဖုန်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။
မြက်ခင်ပြင်တစ်ခုတွင် မြက်စားနေသည့်နွားနှစ်ကောင် ရှိနေသည်။ တစ်ကောင်မှာ နွားပေါက်လေးဖြစ်ပြီး ထိုနွားပေါက်လေးကို ဘယ်လိုကြည့်ကြည့် ရင်းနှီးနေသည်။ နောက်ဆုံးတွင်တော့ ဤသည်မှာ နွားဝါလေးဖြစ်ကြောင်း သူ မှတ်မိသွားသည်။ အမွေးအရောင်သာ ကွာခြားနေသည်ပင်။
“နွားဝါလေးပဲ..”
နွားဝါလေးကိုယ်ပေါ်တွင်ရှိနေသည့် အဝတ်ပုံကြီးကိုကြည့်ပြီး သူ ကောက်ချက်ချလိုက်သည်။ ထိုအိတ်ကြီးမှာ နွားဝါလေး သူ့ပစ္စည်းများ ထည့်သည့်အိတ်ပင်။
“အဲဒီနွားစုတ် အသီးကို စားလိုက်ပြီနေမှာ .. အဲဒါကြောင့် သူ့အမွေးတွေ မည်းနက်နေတာ..” ချုဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။
ဒါပေမဲ့ အကြီးတစ်ကောင်က ဘယ်သူလဲ .. သို့သော် ဤနွားကိုလည်း သူရင်းနှီးနေသည်။
ရုတ်တရက် အတိတ်မှ အဖြစ်အပျက်တစ်ချို့ကို ပြန်စဉ်းစားမိသွားပြီး ချူဖုန်း တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။
“ဒါက ငါ ခွန်းလွန်တောင်မှာ တွေ့ခဲ့တဲ့ နွားပဲ..” ဤသည်မှာ ဤလောကကြီး မရှုပ်ထွေးခင်က သူ တွေ့ခဲ့သည့်နွားဖြစ်မှန်း သေချာသည်။
သူ၏အမွေးများသည် ပိုးချည်ကဲ့သို့ ချောမွတ်နေပြီး နေရောင်အောက် တောက်ပြောင်နေသည်။ သူ့ခန္ဓာကိုယ်မှာ တစ်ကျန်းခန့်ပင် ရှိနေပြီဖြစ်သည်။ ဤပုံရိပ်မှာ သူ့စိတ်ထဲ၌ အမြစ်တွယ်နေခဲ့သည်ပင်။
ချူဖုန်းသည် အဝေး၌ ရပ်နေသော်လည်း သူ၏အကြားအာရုံနှင့် အမြင်အာရုံမှာ အခြားသူများ မကြားနိုင်သည်ကို ကြားနိုင်ပြီး မမြင်နိုင်သည်ကို မြင်နိုင်သည်ပင်။
နွားနက်ကြီး လူသားဘာသာစကားကို ချောချောမွေ့မွေ့ပြောလိုက်သည်ကို သူ ကြားလိုက်ရသည်။
ဒီမှာ ဘာဖြစ်နေတာလဲ.. ချူဖုန်းလည်း အံ့အားသင့်သွားရသည်။
သန္ဓေပြောင်းသားရဲတစ်ကောင်က လူသားစကား ပြောတတ်နေတာက ဘယ်လောက်တောင် ကြောက်ဖို့ကေင်းလိုက်သလဲ..
တိရစ္ဆာန်များ ဤကပ်ပျက်ကြီးအစ၌ လူသားစကားပြောနိုင်လျှင် နောင်ကျလျှင် ထိုတိရစ္ဆာန်သည် ပို၍ထူးခြားလာမည်ဖြစ်ကြောင်း နွားဝါလေး သူ့ကို ပြောပြဖူးသည်။
ထို့နောက်တွင် ချူဖုန်း အခြားတောင်ထိပ်တစ်တောင်ပေါ်သို့ တက်သွားပြီး အခြားရှုထောင့်မှ ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ မြက်ခင်းပြင်ပေါ်၌ လဲကျနေသည့် ခုန်းဂင်ကို တွေ့လိုက်ရသည်ပင်။
ထိုနွားနက်ကြီးမှာ အထင်ကြီးစရာကောင်းသည့်သားရဲကြီးဖြစ်ကြောင်း သေချာသွားလေပြီ။
အစောပိုင်းက နွားဝါလေး ခုန်းဂင်ကို အလစ်တိုက်ခဲ့သော်လည်း ဤလူ ဘာမှမဖြစ်ခဲ့။
ထို့အပြင် ဤလူသည် ကျည်ဆံမိုးများကြား၌ပင် အသီးကို ကာကွယ်ထားနိုင်ခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤလူ အရေမည်မျှထူသည်ကို သိနိုင်သည်။ သူ့ခန္ဓာကိုယ်သည် ထိခိုက်မှုအားလုံးကို ကာကွယ်နိုင်သည်ပင်။
နွားနက်ကြီးသည် ရုတ်တရက်ခေါင်းမော့လာကာ ချူဖုန်း ရှိနေသည့်နေရာသို့ကြည့်လိုက်သည်။
နွားနက်ကြီး၏အကြည့်မှာ ချူဖုန်းကို ကြောက်ရွံ့သွားစေခဲ့သည်။ သူ့တည်ရှိမှုကို နွားနက်ကြီးသိသွားလေပြီ။
သို့သော် သူ ထွက်သွားခြင်းမရှိသလို ထိုနွားနှစ်ကောင်ထံသို့လည်းမသွား။
နောက်ဆုံးတွင်တော့ ချူဖုန်းသည် စိတ်အေးအောင်လုပ်လိုက်ပြီး သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။ “နွားရိုင်းနက်ကြီးက ခွန်းလွန်တောင်ကနေ တိုင်ဟန်းတောင်ကို ဘယ်လိုရောက်လာတာလဲ..”
သိထားရမည်မှာ လောကကြီး ကသောင်းကနင်းဖြစ်သွားကတည်းက ကမ္ဘာမြေကြီး ဆွဲဆန့်သွားကာ နေရာနှစ်ခုကြား အကွာအဝေးမှာ ဆယ်ဆပိုဝေးသွားပြီဖြစ်သည်။ ခွန်းလွန်တောင်မှ တိုင်ဟန်းတောင်အထိဆိုလျှင် အနည်းဆုံး လီပေါင်း ထောင်ပေါင်းများစွာ ရှိလိမ့်မည်ပင်။
“နွားရိုင်းနက်ကြီးကသူ့အတွက် လာတာလား..” သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။
သို့သော် သေချာစဉ်းစားပြီးနောက် ဤဖြစ်နိုင်ချေကို ပယ်ချလိုက်သည်။ နွားနက်ကြီးသာ သူ့ကို လိုချင်လျှင် အစကတည်းက သူ့ကို တားလိမ့်မည်ပင်။
“ဒါက တိုက်ဆိုင်တာပဲ ဖြစ်လိမ့်မယ် .. နွားနက်ကြီးလည်း အသီးအကြောင်းကြားလို့ အသီးကိုလာရှာတာဖြစ်လိမ့်မယ်..” ချူဖုန်း ဆက်စပ်တွေးကြည့်လိုက်သည်။
နွားဝါလေး၏ စိတ်နေသဘောထားကိုလည်း သူမမေ့။ နွားပေါက်လေးသည် သူ၏တောက်ပသည့်ပုံစံပျောက်ဆုံးကာ စိတ်ဓာတ်ကျနေသည့်ပုံစံဖြစ်နေသည်။ သူသည် နွားနက်ကြီး၏အမြှီးနှင့် ချိတ်ဆက်ထားကာ နွားနက်ကြီးနောက်မှ ရပ်နေသည်။ သူ့ပုံစံနှင့်ဆိုလျှင် အခြားသူများ သူ့ကိုထိန်းချုပ်သည်ကို လက်ခံမည်မဟုတ်ပေ။
“မင်း အပင်ရလိုက်တာနဲ့ အသီးက မင်းအသီးဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား..” နွားနက်ကြီး နွားပေါက်လေးကို ပြောလိုက်သည်။
နွားဝါလေး သဘောမတူ။ ဤနွားရိုင်းနက်ကြီး၏ အကူအညီမပါလျှင်ပင် သူ ခရမ်းရောင်ထင်းရှူးသီးကို ရနိုင်လိမ့်မည်ဟု ယုံကြည်သည်။
“မင်းအပါအဝင် အဲဒီလူတွေက ဒီမှာ အရေးသာနေတယ်လို့ ထင်နေတာလား .. ဒီမှာ ဘယ်လိုမျိုး အမြစ်ဖျက်သုတ်သင်ပစ်တဲ့ကိစ္စမျိုးဖြစ်လာမယ်ဆိုတာ မင်းတို့ စဉ်းစားကြည့်လို့တောင် ရမှာမဟုတ်ဘူး..” နွားနက်ကြီး ပြောလိုက်သည်။
ဘာ.. နွားဝါလေး ထိတ်လန့်သွားရသည်။ “ဘာ အမြစ်ဖျက်သုတ်သင်တာလဲ..” နွားဝါလေး မျက်လုံးအပြူးသား ဖြစ်သွားရသည်။
“ဒီနေရာကို ဘာတွေဝိုင်းထားလဲသိလား .. သန္ဓေပြောင်းသားရဲတွေနဲ့ ငှက်တွေ အုပ်လိုက်ကြီး လာနေတာ .. လူသားတွေ ဒီနေရာကို ခြေမချင်ခင်ကတည်းက သူတို့ ဒီနေရာကို ဝိုင်းထားပြီးသား .. ကံကောင်းစွာနဲ့ သားရဲတွေက သူတို့မသိတဲ့အရာတွေကို ကြောက်ကြတယ် .. သူတို့တွေ လူသားအကြောင်း ဘယ်တုန်းကမှ မကြားဖူးဘူး.. အဲဒါကြောင့်မို့လို့ သူတို့ဘက်က လှုပ်ရှားမှု မရှိသေးတာ .. သူတို့တွေက အမှောင်ထဲပုန်းနေပြီး လူသားတွေရဲ့ တီထွင်မှုတွေရဲ့ အင်အားကို လေ့လာသုံးသပ်နေကြတာ..”
ချူဖုန်းလည်း ဤစကားကို ကြားလိုက်ရသည်ပင်။ သူ ကြောက်ရွံ့ကာ ဆွံ့အသွားရသည်။ ဒီမနက်ဖြစ်ခဲ့တဲ့တိုက်ပွဲကို သန္ဓေပြောင်းသားရဲတွေ မြင်လိုက်ရတာလား .. အမှောင်ထဲမှာ သန္ဓေပြောင်းသားရဲတွေ ပုန်းနေတာကို သူ လုံးဝ သတိမထားမိခဲ့တာလား..
“အဲဒီသားရဲတွေအားလုံးရဲ့နောက်မှာ အရက်စက်ဆုံး၊ အခက်ထန်ဆုံးသားရဲတစ်ကောင်ရှိလိမ့်မယ်လို့ ငါထင်တယ် .. အဲဒီသားရဲက လူသားတွေရဲ့ နည်းလမ်းတွေနဲ့ စွမ်းအားတွေကို တစ်ချိန်လုံး လေ့လာနေတာ .. အချိန်ကျရင် အဲဒီသားရဲကောင်ကြီး ထွက်လာလိမ့်မယ် .. ပြီးတော့ ဒီနေ့က အဲဒီနေရာမှာရှိနေတဲ့ မောက်မာနေတဲ့ကောင်တွေ ကံဆိုးတဲ့နေ့ဖြစ်လိမ့်မယ်” နွားရိုင်းနက်ကြီး အေးဆေးစွာပြောလာသည်။
အဲဒီသားရဲတွေက ဒီလောက်တောင် ဉာဏ်ကောင်းနေပြီလား .. သူတို့တွေက ရန်သူတွေကို သူတို့ဆေးခါးနဲ့ ပြန်တိုက်နိုင်ပြီလား..
ချူဖုန်း တကယ်ကို အံ့အားသင့်သွားရသည်။ နွားရိုင်းနက်ကြီး ပြောသည်မှာ အမှန်ဆိုလျှင် အနာဂတ်မှာ ပို၍ပင်ဆိုးရွားလာလိမ့်မည်။ လူသားတွေ၏ သခင်နေရာ၊ လောကကိုအုပ်စိုးသူနေရာမှာ ယိုင်နဲ့လာနိုင်သည်။ ဘယ်သူက အုပ်ချုပ်သူ ဖြစ်လာမလဲ.. သားရဲတွေလား.. ငှက်တွေလား .. ဒါမှမဟုတ် တစ်ခုခုလား
လင်းနွိုင်ပြောသည်ကို သူ အမှတ်ရမိသွား၏။ သားရဲများသည် သန္ဓေပြောင်းသွားပြီးနောက် သူတို့၏ သင်ယူနိုင်စွမ်းနှင့် တုပနိုင်စွမ်းများမှာ လူသားများထက်ပင်သာလွန်နေပြီဖြစ်သည်ဟု သူမ ပြောခဲ့သည်။
သားရဲများသည် စွမ်းအားကြီးသော်လည်း သတ္တိမရှိ။ သူတို့၏ လူသားများကိုလေ့လာခြင်းလုပ်ငန်းစဉ် မပြီးဆုံးသရွေ့ သူတို့ တောင်များကြားထဲ၌ ခက်ခက်ခဲခဲနေထိုင်ကာ သူတို့ကိုယ်သူတို့ လေ့ကျင့်နေကြလိမ့်မည်။
ဤအတွေးရထားမှာ ချူဖုန်းကို ကျောချမ်းသွားစေသည်။ သားရဲများ စတင်လှုပ်ရှားလာသည်နှင့် နာကျင်စွာ အော်ဟစ်နေရမည့် မောက်မာသည့်လူသားများကို သူမြင်ယောင်မိနေလေပြီ။
နွားဝါလေးမှာ လက်မခံသေး။ အဲဒီသန္ဓေပြောင်းသားရဲတွေကို ဘာများရေးကြီးခွင်ကျယ်လုပ်နေတာလဲ .. သူ့ရဲ့စွမ်းရည်နဲ့ဆိုရင် အဲဒီသားရဲတွေကို လွယ်လွယ်လေး ချိုးဖောက်ပြီးတော့ ထင်းရှူးသီးတစ်ခုလုံးကို ဝါးမြိုပစ်လို့ရတယ် .. ပြီးရင် အဲဒီအသီး အစွမ်းထက်လာပြီးတော့ သူ့ကို ပိုပြီး ခွန်အားကြီးတဲ့သူဖြစ်အောင် လုပ်ပေးလိမ့်မယ်.
“အဲဒီလောက် စိတ်ကြီးဝင်မနေနဲ့ခွေးကောင်လေး .. ငါပြောထားသလိုပဲ ငါမင်းကို ကယ်ခဲ့တာတောင် မင်းက ငါ့ကို မယုံဘူးလား .. မင်းမယုံရင် အဲဒီသံသေတ္တာကို ဖွင့်ကြည့်လိုက်.. မင်း အဲဒီသေတ္တာကို ဖွင့်လိုက်တာနဲ့ မင်းသေပြီပဲ..” နွားရိုင်းနက်ကြီးသည် သူ၏ဂျိုတစ်ခုဖြင့် နွားဝါလေးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ၏စကားလုံးများမှာ ဆူပူသည်နှင့် တူနေသော်လည်း သူ့ပုံစံထင်းရှူးသီး အဖေတစ်ယောက် သားကို အလိုလိုက်သည့်ပုံနှင့်တူနေသည်ပင်။
နွားဝါလေး သံသယဝင်နေသည်။ သူသည် သေတ္တာရှိနေသည့်နေရာသို့ ရောက်ခဲ့ပြီး သေတ္တာကြီးကို နွားရိုင်းနက်ကြီးထံသို့ ယူလာခဲ့သည်။ ဘန်း.. နွားဝါလေးသည် စဉ်းစားမနေတော့ပဲ သံသေတ္တောကြီးကို သူ၏ချိုဖြင့် ထုနှက်လိုက်သည်။
“အဲဒီသေတ္တာနဲ့ဝေးဝေးနေသားလေး .. အဲဒါက အရမ်းအန္တရာယ်များတယ်” နွားရိုင်းနက်ကြီး သတိပေးလိုက်သည်။ သူကိုယ်တိုင်ထင်းရှူးသီး ထိုသေတ္တာအနီးနား ကပ်သွားလိုက်သည်။ သူ တစ်ချက်ထိုးနှက်လိုက်သည်နှင့် ထိုသေတ္တာသည် ချက်ချင်းနှင့် အမှုန့်ဖြစ်သွားကာ မြေကြီးနှင့် ရောသွားလေသည်။
သေတ္တာထဲမှ သစ်ပင်ထွက်လာသည်။ ခရမ်းရောင်ထင်းရှူးသီးမှာ ထိုသစ်ပင်အကိုင်း၌ ရှိနေဆဲပင်။ ထင်းရှူးသီးမျက်နှာပြင်၌ အက်ကွဲကြောင်းများ ရှိနေသည်။ ထိုအပင်ပေါ်လာသည်နှင့် လေထဲ မွှေးရနံ့များ သင်းပျံ့လာလေ၏။
ဝှစ်..
ပျက်စီးသွားသည့် သေတ္တာထဲမှ အဖြူရောင်ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
ဘန်း..
နွားရိုင်းနက်ကြီးသည် တုံ့ဆိုင်းခြင်းမရှိပဲ သူ၏ရှေ့ခြေဖြင့် ထိုငွေရောင်ပုံရိပ်လေးကို ကန်ထည့်လိုက်သည်။
ဝှစ်..
ဤသည်မှာ ဝါးတူအရွယ်အစားရှိသည့် မြွေဖြူတစ်ကောင်ပင်။ ထိုအကောင်သည် အနီးအနားရှိ ကျောက်တုံးပေါ်မှ ဆင်းလာခြင်းပင်။ မြွေ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဖြောင့်တန်းနေပြီး လျှပ်စီးတစ်စင်းကဲ့သို့ ရန်သူထံ ဦးတည်သွားနေသည်။
ဖုန်း.
မြွေသည် နွားရိုင်းနက်ကြီး၏ ကန်ချက်ကို ထပ်မံခံစားလိုက်ရသည်။
မူး…
နွားရိုင်းနက် တွန်လိုက်သည်။ သူ၏တွန်သံတွင် ကြောက်စရာကောင်းသည့်ဒေါသများလည်း ပါဝင်နေသည်ပင်။ “မင်းကိုယ်မင်း အရူးလုပ်မနေနဲ့ .. ငါ မင်းအသက်ကို ချမ်းသာပေးပြီးသွားပြီ .. သွားလိုက်တော့..”
ငွေရောင်မြွေသည် မကျေနပ်သော်လည်း နွားရိုင်းနက်ကြီးကို တစ်ချက်ကြည့်ပြီး ထွက်သွားလေ၏။
တောင်ထိပ်ပေါ်၌ ရှိနေသည့် ချူဖုန်းမှာ အောက်မှမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်သွားရသည်။ သူသာ ဤသေတ္တာကို သတိလက်လွတ်ဖြင့် ဖွင့်လိုက်ပါက သူ သေနေလောက်လေပြီ။
ဤသစ်ပင်နှင့် ဆယ်ပေပတ်လည်အတွင်းရှိသည့်သူများ အဘယ်ကြောင့် အဆိပ်မိပြီးသေသည်ကို သူနားလည်သွားလေပြီ။ ငွေရောင်မြွေသည် ဤသေတ္တာကို အမြဲတမ်း စောင့်ကြပ်နေခဲ့ပြီး သူ့နယ်မြေထဲ ကျူးကျော်လာသည့်သူများကို ချက်ချင်း သတ်ပစ်ခဲ့သည်ပင်။
ဤမြွေသည် ဝါးတူအရွယ်အစားသာရှိသော်လည်း သူလည်း အထင်ကြီးစရာကောင်းသည့်သားရဲဖြစ်မှန်း ချူဖုန်း သိသည်။ သူ၏အရှိန်မှာ သန္ဓေပြောင်းလူများထက် မြန်ဆန်လှသည်။
“မင်းမြင်လား .. အဲဒီမြွေက သာမန်မြွေမဟုတ်ဘူး .. မင်းသာ သတိလက်လွတ်ဖွင့်လိုက်ရင် အခုချိန် မင်းသေနေလောက်ပြီ..” နွားရိုင်းနက်ကြီး ပြောလိုက်သည်။
နွားဝါလေးမှာ တကယ်ကို ထိတ်လန့်သွားရသည်။
ခပ်ဝေးဝေး၌ ရှိနေသည့် မြွေဖြူသည် စူးရှလှသည့်အသံဖြင့် တွန်လိုက်လေ၏။
“အခြေအနေမကောင်းတော့ဘူး .. ဒီနေရာမလုံခြုံတော့ဘူး .. သွားကြစို့..” နွားရိုင်းနက်ကြီးပင် ရုတ်တရက် မသက်မသာခံစားလိုက်ရသည်။
မြွေဖြူတောင်များပတ်လည်တွင် စစ်သားများ အိပ်နေကြသည်။ ဤစစ်သားများထဲတွင် ဒိမ်ဒီနှင့် ဘောဓိ နှစ်ဘက်လုံးမှ စစ်သားများ ပါဝင်သည်။ လင်းနွိုင်သည် အချို့စစ်သားများကို စစ်မြေပြင် အပြင်ဘက်၌ စောင့်ဆိုင်းစေခဲ့သည်ပင်။
သူမသည် မတိုက်ခိုက်ခင်ကတည်းက အားလုံး ကြိုတင်စီစဉ်ထားခဲ့သည်ပင်။
ဘောဓိတို့အုပ်စုလည်း ထို့အတူပင်။ သူတို့လည်း ထွက်ပေါက်အားလုံး၌ သူတို့တပ်သားများအား နေရာချထားကြသည်ပင်။
အနီးအနားရှိ တောင်တစ်လုံးတွင် မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့် အကြီးအကဲနှစ်ဦး စစ်တုရင်ကစားနေကြသည်။ သူတို့နှစ်ဦးလုံးမှာ ကြင်နာတတ်ကာ နူးညံ့ပုံပေါ်သည်။
“ကျုပ်တို့ကြားက အပေးအယူကို ခင်ဗျားမှတ်မိသေးတယ်မလား .. ကျုပ်နဲ့ခင်ဗျားနဲ့ ဝင်မပါဘူး .. ကျုပ်တို့ သားသမီးတွေကို အဲဒီအသုံးမဝင်တဲ့ဟာတွေ လုပ်ခိုင်းမယ် .. အဲဒီတော့ အချိန်ကျရင် ခင်ဗျားဆုံးဖြတ်ချက်ကို နောင်တမရဖို့ မျှော်လင့်တယ်..” အကြီးအကဲတစ်ဦးမှ ရယ်မော၍ ပြောလိုက်သည်။
“အေးဆေးပါ .. ကျုပ်တို့ဘောဓိက ဘာပဲဖြစ်လာဖြစ်လာ လက်ခံနိုင်တယ် .. ကျုပ်တို့ရှုံးရင် ခင်ဗျားတို့ ဒိမ်ဒီကို ဂုဏ်ပြုပေးမယ် .. ပြီးတော့ ကျုပ်နဲ့ခင်ဗျားက ခုန်းဂင်၊ ငွေတောင်ပံတို့နဲ့ မယှဉ်နိုင်ဘူး .. အဲဒီတော့ ကျုပ်ရဲ့ကျန်တဲ့နှစ်တွေကို အေးအေးချမ်းချမ်းပဲ ဖြတ်သန်းတော့မယ်” အခြားအကြီးအကဲတစ်ဦးလည်း ရယ်မော၍ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် မတူညီသည့်အဖွဲ့များမှ လာကြခြင်းဖြစ်သော်လည်း ယခုတော့ အေးချမ်းစွာဖြင့် စစ်တုရင် ကစားနေကြသည်။
“ခဏ..” ဘောဓိမှ အကြီးအကဲ ရုတ်တရက်ခေါင်းမော့လိုက်သည်နှင့် သူ့မျက်ဝန်းမှ ငွေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
“ကျုပ်ကြောက်နေတဲ့အရာကြီး ဖြစ်လာပြီ..” ဒိမ်ဒီမှ အကြီးအကဲလည်း မတ်တပ်ထရပ်လိုက်သည်။ သူ၏အသက်ရှူသံများပင် ကြမ်းတမ်းလာလေ၏။
“မြန်မြန် .. နောက်ဆုတ်ကြ .. အားလုံးနောက်ဆုတ်ကြ .. အထဲဘက်ကလူတွေကို ထွက်လာခိုင်းလိုက်..” ဘောဓိမှ အကြီးအကဲ အော်ဟစ်အမိန့်ပေးလိုက်သည်။ သူ့အသံမှာ တောင်ကြောတစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။
အပိုင်း ၆၃ ပြီး၏။