ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၂ – ကျန်းလော့ရှန်း
လင်းနွိုင်၏ ခန္ဓာကိုယ်တွင် တောက်ပသည့်အလင်းလွှာတစ်လွှာရှိနေပြီး သူမလေထဲ၌ ရပ်တန့်နေခဲ့သည်။ သူမ၏ပိန်ပါးသွယ်လျသည့် ခန္ဓာကိုယ်ကို လေပြေလေး ဖြတ်တိုက်သွားသည်နှင့် သူမ၏ဆံပင်နှင့် အဝတ်အစားများမှာ လေနှင့်အတူ ကခုန်လာသည်။
ငွေတောင်ပံမှာ သွေးများ ရွှဲနစ်နေပြီး သူ၏ငွေရောင်ဆံပင်ပင် သွေးများဖြင့် နီရဲနေပြီဖြစ်သည်။
သူတို့နှစ်ဦးလုံး ငွေဖြူတောင်အထက်၌ ဘေးချင်းယှဉ်ရပ်နေကြခြင်းပင်။
ချူဖုန်း အောက်ဘက်မှ တောင်များကြားတွင် ရပ်တန့်လိုက်သည်။ သူ လေးတင်ထားပြီး ရန်သူ့လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။ ငွေတောင်ပံသည် သူ့မြှားဖြင့် မရောက်နိုင်သည့်နေရာ၌ ရောက်နေပြီး သူ့ကိုသတ်ရန် ပို၍ခက်ခဲသွားပြီဖြစ်ကြောင်း ချူဖုန်းသိသည်။
ပျံသန်းနိုင်သည့်အစွမ်းရှိခြင်း၏ ကောင်းကျိုးများစွာထဲမှ တစ်ခုမှာ ကောင်းကင်ထက်၌ ခိုလှုံနိုင်ခြင်းပင်။ မြေအောက်မှလူမှာ မည်မျှပင် စွမ်းအားကြီးပါစေ ကောင်းကင်ထက်မှလူကို ဘယ်လိုမှ အန္တရာယ်ပေးနိုင်မည်မဟုတ်။
ရုတ်တရက် တိတ်ဆိတ်သွားကာ နှစ်ဘက်လုံးမှ လူများမှာ ကကျိုးကကြောင် အနေအထား ဖြစ်သွားကြသည်။
မြွေဖြူတောင်များကြားတွင် လေ့လာနေသည့်သန္ဓေပြောင်းလူများနှင့် ပြည့်နှက်နေသည်။ သူတို့သည် သစ်သီးကိုလုယူရန် ကြိုးစားခဲ့ကြသော်လည်း ယခုတော့ သူတို့သည် လေထဲ၌တိုက်ခိုက်နေကြသည့် တိုက်ပွဲ၏ ပွဲကြည့်ပရိသတ်သာ ဖြစ်သွားတော့သည်။
လင်းနွိုင်သည် ပိန်သွယ်သွယ်နှင့်လူဖြစ်ပြီး ယခုအချိန်တွင် သူမ၏အလှတရားမှာ သူမ၏အေးစက်မှုဖြင့် ဖုံးကွယ်နေသည်ပင်။ သူမ၏ ပြစ်ချက်ကင်းသည့်မျက်နှာမှာ ရေခဲဖြင့် ထွင်းထုထားသကဲ့သို့ပင်။
သူမ အောက်ဘက်၌ရှိနေသည့် အမျိုးသားကို သူမ ရန်သူမလုပ်ချင်။ ဤမျှထိ အခြေအနေဆိုးရွားနေရခြင်းမှာ ‘မူ’ ကြောင့်ပင်။ သူသည် ဤထင်မထားသည့် အဖြစ်အပျက်တစ်ခုလုံး၏ တရားခံပင်။
“ရှင့်ဒဏ်ရာတွေ ဘယ်လောက်ပြင်းလဲ..” သူမ ငွေတောင်ပံကို မေးလိုုက်သည်။
ငွေတောင်ပံသည် ခေါင်းခါလိုက်ကာ “အဲဒီလောက်မဆိုးပါဘူး..”
သူ့ဒဏ်ရာအချို့သည် သာမန်လူများအမြင်တွင် အသက်အန္တရာယ်ရှိနေသည်ဟု ထင်ရသည်ပင်။ သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက်ရှိနေပြီး သူ့အတောင်ပံတစ်ဖက်လည်း စုတ်ပြဲကာ သွေးများစီးကျနေသည်ပင်။
အချို့ဒဏ်ရာများကို သူ ကုသပြီးသွားပြီဖြစ်သော်လည်း ထိုဒဏ်ရာများကတော့ ကျန်နေသေးသည်ပင်။
လင်းနွိုင် သူမအိတ်ထဲမှ သလင်းကျောက်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ ထိုပုလင်းထဲ၌ ခရမ်းရောင်အရည်စက်လေးများ ရှိနေသည်။ လင်းနွိုင် ထိုပုလင်းအဖုံးကို ဖွင့်လိုက်ပြီး အရည်တစ်ချို့ကို ငွေတောင်ပံ၏ ဒဏ်ရာများပေါ်သို့ အစက်ချလိုက်သည်။
ဤခရမ်းရောင်အရည်မှာ အထူးဆေးတစ်မျိုးပင်။ ဒဏ်ရာများပေါ်သို့ လောင်းချလိုက်သည်နှင့် ဒဏ်ရာများမှာ တစ်ဖြည်းဖြည်းပင် ပြန်လည်ကောင်းမွန်သွားလေသည်။
သန္ဓေပြောင်းအသီးများ ပေါ်လာကတည်းက သူတို့ သည် ဆေးဝါးဖော်စပ်ရေး၌ အတော်လေး ခရီးရောက်ခဲ့ကြသည်ပင်။ တစ်နေ့ထက်တစ်နေ့ ဆန်းသစ်သည့် ဆေးအသစ်များကို ဖန်တီးနိုင်ခဲ့ကြသည်။
ထို့နောက် ဒိမ်ဒီမှ ပျံသန်းသည့်သန္ဓေပြောင်းအုပ်စုသည် လင်းနွိုင်နှင့် ငွေတောင်ပံကို ဝန်းရံကာ ကာကွယ်ပေးလာကြသည်။ ငွေတောင်ပံသည် မြှားများ၊ ကျည်ဆံများ မရောက်နိုင်သည့်နေရာ၌ ရောက်နေသော်လည်း သူ့ကို အမြင့်ဆုံးလုံခြုံရေး ပေးနေဆဲပင်။
ဘောဓိမှ လူများလည်း ရောက်လာကြလေပြီ။ အချို့သူများတွင် ပျံသန်းနိုင်သည့်အတောင်ပံများ ပါသောကြောင့် သူတို့သည် ငွေတောင်ပံထံသို့သာ တိုက်ရိုက်ပျံသန်းသွားကြလေသည်။ မြေပြင်ထက်၌ ရှိနေသည့်လူများကတော့ ချူဖုန်းအနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားကြလေ၏။
တင်းစီထုန်လည်း သန္ဓေပြောင်းအုပ်စုထဲ၌ ရှိနေသည်။ သူမလည်း လူအုပ်ကြီးနှင့်အတူ ချူဖုန်းရပ်နေသည့်နား၌ ရပ်နေသည်ပင်။
တောင်ကြားထဲမှ သန္ဓေပြောင်းအများစု ဤမြင်ကွင်းကို မြင်လိုက်ရသည်။ အချို့လူများမှာ အံ့အားသင့်သွားကြပြီး အချို့လူများသည် သူတို့ဘေးမှလူများနှင့် တီးတိုးပြောနေကြကာ သူတို့အမြင်များ ဖလှယ်နေကြသည်။
ဤသည်မှာ တိုက်ခိုက်လိုခြင်းမဟုတ်ပဲ ချူဖုန်းကို ဆွဲခေါ်ရန်အတွက် ရင်းနှီးမှုပြသခြင်းဖြစ်သည်ဟု လူအများစု သဘောတူလိုက်ကြသည်။
အဝေးရှိ တောင်ကြား၌ ပုန်းအောင်းနေသည့် လူငယ်တစ်ဦး နောက်ဆုံးတော့ မနေနိုင်ပဲ ထွက်လာကာ အော်ဟစ်လာလေသည်။ “တင်းစီထုန် ငါ့ရဲ့နတ်ဘုရားမလေး .. ဒီကိုကြည့်ပါ..”
ကျိုးချွမ်သည် အလွန်ပင် စိတ်လှုပ်ရှားကာ အံ့အားသင့်နေလေ၏။ သူ တောင်ပေါ်မှ ဆင်းသွားသော်လည်း ထွက်မသွားသေးပဲ အခြားတောင်ထိပ်တစ်ခု၌ ပုန်းခိုနေခဲ့ခြင်းပင်။ အစပိုင်းတွင် သူ့လူအတွက် စိတ်ပူသော်လည်း ထိုတိုက်ပွဲကိုတွေ့ပြီးနောက် သူပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
‘နိုင်ငံ့နတ်ဘုရားမ’ တင်းစီထုန် ချူဖုန်းရှိနေသည့်ဘက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ မတည်ငြိမ်နိုင်တော့။
“သူက နွားနတ်ဘုရား .. ငါလည်း နွားမိသားစုဝင်ပဲ..” ကျိုးချွမ် သူ၏ဦးခေါင်းထိပ်ရှိ ဦးချိုတစ်စုံကို ငြင်သာစွာ ပွတ်သပ်၍ ပြောလိုက်သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ဤဦးချိုများကို အမြင်မကပ်တော့။
ဂုဏ်ယူစရာဟုပင် ထင်လာမိသည်။
တောအုပ်ထဲ၌ ချူဖုန်း သတိကြီးကြီး နေနေသည်။ သူသည် ဒိမ်ဒီ၊ ဘောဓိ နှစ်ဖွဲ့လုံးနှင့် ကင်းကင်းရှင်းရှင်းနေလိုသည်။ တစ်ဖက်ဖက်၌ နေရန်အတွက် အလွန်စောသေးသည်ပင်။
သူကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိသည့်သူများမှာ အလွန်နက်နဲသည့်ပင်လယ်ကြီးနှင့်တူသည်။ ဤလူ သူတို့အဖွဲ့ထဲဝင်လာလျှင်ပင် အကောင်းနှင့်ဝင်လာသည်လား အဆိုးနှင့်ဝင်လာသည်လား မသိနိုင်။
‘မူ’ကြောင့် ဆွဲထည့်ခံရသောကြောင့်သာမဟုတ်ပါက ချူဖုန်း အင်္ကျီလက်ကို လွှဲရမ်းကာ ဤနေရာနှင့် ဝေးဝေးနေလိုက်မည်ပင်။
“ကျန်းလော့ရှန်း..” ကောင်းကင်ထက်မှ လင်းနွိုင် ပြောလိုက်သည်။
ကျန်းလော့ရှန်းက ဘယ်သူလဲ .. လူအုပ်ကြီး အံ့အားသင့်သွားရသည်။
လင်းနွိုင်ပြောသည့်ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် .. အဲဒါက .. တင်းစီထုန်လား..
သေချာပါသည်။ တင်းစီထုန် ပြန်ဖြေလာသည်ပင်။ “အဲဒီတော့ ရှင်က လင်းနွိုင်လား..” တင်းစီထုန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေလေ၏။
လူအုပ်ကြီးမှာ ဆွံ့အသွားရသည်။ ‘နိုင်ငံ့နတ်သမီး’မှာ အပြင်လောကကလူတွေ မသိသေးတဲ့ တစ်ခြားနာမည်တစ်ခု ရှိနေသေးတာလား .. ကျန်းလော့ရှန်းက သူ့နာမည်အစစ်လား…
လူအုပ်ထဲမှ လျှို့ဝှက်ချက်များကို သိသည့်သူများသည်လည်း သူမသည် ‘ကျန်းလော့ရှန်း’ ဖြစ်ကြောင်း၊ တင်းစီထုန်ဆိုသည်မှာ သူမ အပြင်လောက၌ သုံးသည့်နာမည်တစ်ခုသာဖြစ်ကြောင်း ပြောလာသည်။
ကျန်းမိသားစုမှာ ဘောဓိဇီဝလုပ်ငန်းစုတွင် အဓိကပါဝင်သူများပင်။ ဤမိသားစုသည် သူတို့၏ ရိုးရာဓလေ့များကို ထိန်းသိမ်းသည့်သူများဖြစ်ကြသည်။ ပြစ်တင်ရှုတ်ချခံရမည်စိုးသောကြောင့် မိသားစုမှ မိန်းကလေးများအားလုံး ပြင်ပလောကတွင် ထင်ထင်ပေါ်ပေါ်မနေရပေ။
လူအုပ်ကြီးမှာ ယခုတော့ ပိုပြီးနားလည်လာကြလေပြီ။
..
လော့ရှန်းဟူသည့်နာမည်မှာ နားထောင်၍ကောင်းသော်လည်း ဤနာမည်သည် လူတိုင်းနှင့် ထိုက်တန်သည်မဟုတ်။
[AN: လော့ရှန်း – လော့မြစ်နတ်ဘုရားမ]
နာမည်ကြီးသည့် ကျန်းမိသားစုမှ သမီးဖြစ်သည့်အတွက် ကျန်းလော့ရှန်းသည် နာမည်နှင့်လိုက်ဖက်သည့် ကျက်သရေ၊ စိတ်သဘောထားများကို ပိုင်ဆိုင်ထားသည်ပင်။
“ရှင်က စိတ်မရှည်ဘူးပဲ..” လင်းနွိုင် ပြောလိုက်သည်။
သူမ၏ စကားလုံးများမှာ ရိုးရှင်းသည်။ သူမသည် နွားနတ်ဘုရားကို သတိပေးရုံသာ။
လပေါင်းများစွာ သူတို့ ဒိမ်ဒီအသာစီးရခဲ့သည်။ သို့သော် ‘မူ’ လုပ်လိုက်သည်နှင့် အားလုံး ဆုံးရှုံးလိုက်ရလေပြီ။
‘မူ’ သေသွားကာ ငွေတောင်ပံလည်း ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ လင်းနွိုင် နွားနတ်ဘုရားကို သူတို့အဖွဲ့ထဲသို့ ခေါ်မည်မဟုတ်သလို ဘောဓိကိုလည်း မခေါ်စေချင်။
“ရှင် စိတ်ပူနေတာလား..” ကျင်းလော့ရှန်း ပြုံး၍ မေးလိုက်သည်။ သူမ၏အပြုံးမှာ လူအုပ်ထဲမှ အမျိုးသားများကို အသိစိတ်လွတ်သွားစေသည်အထိပင်။
လင်းနွိုင်ရှေ့တွင် သူမ ရည်ရွယ်ချက်များကို ကွယ်ဝှက်မထားရန် သူမ ရွေးချယ်လိုက်ခြင်းပင်။
နောင်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သူ နွားနတ်ဘုရားနဲ့ သူသေကိုယ်သေ တိုက်ရတော့မှာလား.. သူမ အကြပ်အတည်းထဲ ရောက်နေကြောင်း လင်းနွိုင်သိလိုက်ရသည်။
သူ့ကိုငှားပြီး သူမ လက်အောက်မှာ လုပ်ခိုင်ရမှာလား .. ‘မူ’ ၏ လုပ်ရပ်ကြောင့် ယခုအချိန်တွင်တော့ ဤသည်မှာ မဖြစ်နိုင်တော့။
သို့သော် လင်းနွိုင်၏ အေးဆေးသည့်ပုံစံမှာ ပျောက်မသွားသေး။ သူမ တည်ငြိမ်နေဆဲပင်။ “အဲဒါဆိုရင်လည်း ဂုဏ်ပြုပါတယ် .. ရှင့်ရဲ့အလှတရားကိုသုံးပြီး အလုပ်လုပ်တာက အသုံးဝင်ကြောင်း သက်သေပြပြီးသား ဖြစ်သွားတာပေါ့..”
အချို့လူများမှာ လင်းနွိုင်စကားကြောင်း ရှုပ်ထွေးသွားကြသော်လည်း ခဏကြာပြီးနောက် သူတို့ ဤစကားလုံးနောက်မှ အဓိပ္ပာယ်ကို နားလည်သွားကြသည်။
‘နိုင်ငံ့နတ်ဘုရားမ’ ကိုယ်တိုင်ပင်လျှင် အမြှီးကိုးချောင်းသန္ဓေပြောင်းမြေခွေးဖြစ်သည်။ ထို့ကြောင့် သူမထံတွင် ယောက်ျားများနှင့် အခြားလိင်စိတ်ပြင်းပြသည့် သတ္တဝါများကို ဖျားယောင်းနိုင်သည့်အရည်အချင်း ရှိနေသည်ပင်။ ဤစကားများမှာ ချူဖုန်းကို သတိပေးသည်ဟု သတ်မှတ်၍ရသည်။ သို့သော် သူမသည် ကျန်းလော့ရှန်း၏ အလှကိုတော့ အသိအမှတ်ပြုနေဆဲပင်။
ကျန်းလော့ရှန်းကတော့ သူမအား စော်ကားနေသည်ကို စိတ်ထဲထားဟန်မတူ။ သူမသည် ယခင်အတိုင်း ညှို့ငင်နိုင်စွမ်းရှိသည့်ပုံစံသာ ပြသနေဆဲပင်။ သူမ ချူဖုန်းထံသို့ ညင်သာစွာ လျှောက်လှမ်းသွားလိုက်လေသည်။
သူမသည် ဝေ့ဝိုက်မနေတော့ပဲ သူမသဘောထားကို ပွင့်ပွင့်လင်းလင်းပင် ဖော်ပြလိုက်သည်။ သူမ ချူဖုန်းကို သူမတို့အဖွဲ့ထဲငှားချင်သည်။
ချူဖုန်းတစ်ကိုယ်လုံးတွင် ထူးဆန်းသည့်လှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ဤသည်မှာ သူ၏မသန့်စင်သည့် အမှောင်ဘက်ခြမ်းနှင့် လိုအင်ဆန္ဒများကို နှိုးဆွနေသည်။ “ဒါက သူ့ရဲ့မြေခွေးအစွမ်းနဲ့လုပ်ထားတာပဲ ဖြစ်လိမ့်မယ်..” ချူဖုန်း သူ့ကိုယ်သူ စဉ်းစားလိုက်သည်။ “သူက မကောင်းတဲ့ဟာတစ်ခုခုနဲ့ ငါ့ကို ဆွဲဆောင်နေတာ..”
“‘နိုင်ငံ့နတ်ဘုရားမ’ဆီက ဖိတ်ကြားခံရတာက ကျုပ် တစ်သက်လုံး လိုချင်နေတဲ့အရာပါ .. ဒါပေမဲ့ ကျုပ်ထင်တာတော့ ကျုပ်ဒီမှာ ရှိနေတာ တော်တော်ကြာနေပြီ .. အဲဒီတော့ ကျုပ်ကို ခွင့်ပြုပါဦး..”
ချူဖုန်း သူ့အသိစိတ်များကို စုစည်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားလုံးများမှ ဂုဏ်ယူမှုကို ပြသလိုက်သော်လည်း ထိုစကားများတွင် ကျင်းလော့ရှန်းကို လှောင်ပြောင်သည့်လေသံအနည်းငယ်လည်း ပါသွားသည်ပင်။
“ကျုပ်တို့ လိပ်စာကဒ် လဲထားကြရင်ရော .. တစ်နေ့တော့ ကျုပ်နဲ့အတူတူ လက်ဖက်ရည်တစ်ခွက်လောက် လာသောက်ပေါ့..” ချူဖုန်း ပြောင်ချော်ချော် ပြောလိုက်သည်။
သူ့စကားများမှာ အနီးနားမှ လူအုပ်ကြီးကို အုံကြွသွားစေလေ၏။ လက်ဖက်ရည်သောက်ဖိတ်ဖို့အတွက် ‘နိုင်ငံ့နတ်ဘုရားမ’ရဲ့ လိပ်စာကဒ်ကို လဲဖို့ပြောတာက ဘယ်လိုတောင် အရှက်မရှိတဲ့ တောင်းဆိုမှုကြီးလဲ..
ဒိမ်ီဒမှလူများကတော့ ယခုမှ သက်မချသွားကြသည်။ နွားနတ်ဘုရားသည် သူတို့ရန်သူနှင့် ပူးပေါင်းရန်စိတ်ကူးမရှိသည်ကို သူတို့ပြောနိုင်သည်။ သူသည် တစ်ဖက်လူ၏ ကမ်းလှမ်းမှုကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုနေခြင်းပင်။
“ကောင်းပြီလေ .. ဒါက ကျွန်မလိပ်စာကဒ်” အားလုံး အံ့အားသင့်သွားရသည်မှာ ကျန်းလော့ရှန်းသည် သူမ လိပ်စာကဒ်အား ကောင်းမွန်စွာ ထုတ်ပေးလိုက်သည်ပင်။ သူမသည် အပြုံးမပျက်ပဲ သူမ အိတ်ကပ်ထဲမှ ကဒ်တစ်ကဒ်ကို ထုတ်ပေးလိုက်လေ၏။
သူမ ဘေးမှ သန္ဓေပြောင်းလူများသည် ကဒ်ကို မြန်မြန်ယူကာ ချူဖုန်ထံသို့ ကမ်းပေးလိုက်သည်။
“ကောင်းပြီလေ .. ခင်ဗျားအားတဲ့အချိန်ပြောလိုက် .. ကျုပ် လက်ဖက်ရည်တိုက်မယ်..” ချူဖုန်း ပြောလိုက်သည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းမရှိပဲ လှည့်ထွက်သွားလေသည်။ ငွေတောင်ပံကို သေအောင်မလုပ်နိုင်လျှင် သူ ဤနေရာ၌ထပ်နေမည်မဟုတ်။ ထပ်နေလျှင်လည်း အချိန်ုကုန်ရုံသာ အဖတ်တင်လိမ့်မည်။
ထို့အပြင် သူ ဒိမ်ဒီနှင့် ဘောဓိကြားထဲ ဝင်မပါချင်။ ဤကြားထဲ ဝင်ပါလိုက်သည်နှင့် ဝဲကတော့ထဲ ရောက်သွားသကဲ့သို့ သူ ဘယ်တော့မှ ပြန်လှည့်ထွက်နိုင်မည်မဟုတ်တော့ပေ။
“ညီအစ်ကို .. ငါ့ လိပ်စာကဒ်လည်း ယူသွားပါဦး..” လူအုပ်ထဲမှ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။ ဤသည်မှာ သူ့ကို တကျည်ကျည်လုပ်နေခဲ့သည့် ကျိုးရိထျန်းပင်။
ဤသည်မှာ ကျိုးချွမ်ကို သူ၏ရုပ်ရှင်၌ နွားအဖြစ် သရုပ်ဆောင်ရန် နားပူနားဆာလုပ်ခဲ့သည့် ဒါရိုက်တာဖြစ်ကြောင်း သိလိုက်သည်နှင့် ချူဖုန်းသည် ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးလေတော့သည်။ သူ့ဘဝထဲသို့ ထိုရုပ်ရှင်ကိစ္စများ ဝင်မလာစေချင်။ ထို့ကြောင့် အကောင်းဆုံးမှာ ဤနေရာမှ ချက်ချင်းထွက်သွားရန်ပင်။
သန္ဓေပြောင်းလူအုပ်ကြီးမှာ အစပိုင်းတွင် အံ့အားသင့်နေကြသော်လည်း နောက်ပိုင်းတွင် ဝါးလုံးကွဲအောင် ရယ်ကြတော့သည်။ ဘယ်လိုအရာမျိုးကများ နွားနတ်ဘုရား ဒီလိုထွက်ပြေးသွားအောင် လုပ်နိုင်တာလဲ..
“ကျွန်တော့်ကို ရှောင်မပြေးပါနဲ့ နွားနတ်ဘုရား..” ကျိုးရိထျန်း အနောက်မှ အော်ဟစ်၍ လိုက်လာလေသည်။
“ကျုပ်နောက်လိုက်မလာနဲ့ .. နိုင်ငံ့နတ်ဘုရားမက ကျုပ်နောက်မှာ .. ခင်ဗျားရုပ်ရှင်မှာပါဖို့ သူ့ကို သွားမေးလိုက်..” ချူဖုန်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။
“ဟား ဟား ဟား..”
“ဒါပေါ့ .. ကျုပ်က နတ်ဘုရားမကို ကျုပ်တို့ရုပ်ရှင်ထဲပါဖို့ ဖိတ်မှာ..” ကျိုးရိထျန်းသည် ပျောက်ကွယ်သွားသည့် ချူဖုန်းပုံရိပ်ကိုကြည့်၍ အော်ဟစ်လိုက်သည်။
သူသည် တကယ်ကို သူ့စကားအတိုင်းလုပ်တတ်သည့်သူပင်။ လေးစားရသည့် နွားနတ်ဘုရားကို မဖမ်းနိုင်သည်နှင့် ကျင်းလော့ရှန်းထံသို့ ဦးတည်လာကာ သူ့ရုပ်ရှင်ထဲပါဝင်ပေးရန် လေးစားစွာတောင်းဆိုလာလေသည်။
အမြဲတမ်းပြုံးနေတတ်သည့် ကျန်းလော့ရှန်း၏ နဖူးထက်တွင် အနက်ရောင်လှိုင်းအနည်းငယ် ထွက်ပေါ်လာလေ၏။
“ကျွန်တော် တကယ်ပြောနေတာပါ မမလေး..” သူ့ဇာတ်ကားသည် သမိုင်းတွင် အထွန်းပေါက်ဆုံး ရုပ်ရှင်ဖြစ်မည်ဖြစ်ကြောင်း အခိုင်အမာဆိုလာလေသည်။
“ကြည့်လိုက် .. သူက ကျွန်မထက် ပိုသင့်တော်တယ်..” ကျန်းလော့ရှန်းပြုံးကာ ကောင်းကင်ထက်၌ ရှိနေသည့် လင်းနွိုင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ကျောချမ်းစရာကောင်းတဲ့အလှတရား၊ နတ်ဘုရားမနဲ့တူတဲ့သွင်ပြင်၊ ခမ်းနားတဲ့တည်ရှိမှု .. ဟုတ်တယ် .. သူမလည်း ပါသင့်တယ် .. သူက ကျွန်တော်တို့ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် ဖြစ်လာမှာ..” ကျိုးရိထျန်း လေးနက်စွာ ပြောလာသည်။
သို့သော် သူ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ကျန်းလော့ရှန်းသည် အဝေးသို့ ရောက်သွားပြီဖြစ်ပြီး သူ့ကို နားပူနာဆာလုပ်ခွင့်ပင် မပေးတော့။
သူ သူမနောက်လိုက်သွားချင်သော်လည်း ဘေးပတ်လည်မှ သန္ဓေပြောင်းများ၏ တားဆီးခြင်းခံလိုက်ရသည်။
“ကျွန်တော်တို့ဘာလုပ်ကြမလဲ ဒါရိုက်တာ..” ရိုက်ကူးရေးဝန်ထမ်းတစ်ဦးမှ တီးတိုးမေးလိုက်သည်။
“စိတ်မပူနဲ့ ငါတို့ရုပ်ရှင်အတွက် လိုအပ်တဲ့ ဇာတ်ကွက်အားလုံးကို ရိုက်ပြီးသွားပြီ .. နောက်ဆုံးပိုင်းကျရင် ငါ နတ်ဘုရားမနှစ်ယောက်ကိုလည်း ထည့်မှာ..” ကျိုးရိထျန်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ခဏကြာပြီးနောက် သူတို့ပြောနေသည်ကို အခြားလူများ ခိုးနားထောင်ပြီး မလိုလားအပ်သည့် ပြဿနာရှိလာနိုင်ကြောင်း သူ စဉ်းစားမိသွားသည်။ သို့သော် သူ ဘေးပတ်လည်ကို ကြည့်လိုက်သည့်အချိန်တွင် သူတို့ကို မည်သူမှ အရေးလုပ်မနေကြောင်း တွေ့လိုက်ရသည်။ “သွားကြစို့ .. ငါတို့အလုပ်ကောင်းကောင်း ဆက်လုပ်ကြစို့..” သူ ပို၍ ယုံကြည်ချက်ရှိလာကာ အော်ဟစ်လိုက်သည်။
တောအုပ်အစွန်အဖျားတွင် နွားဝါကြီး ရုတ်တရက် ရပ်တန့်သွားသည်။ သူ ပြေးထွက်လာကတည်းက မကောင်းသည့်ခံစားချက် ရနေသည်ပင်။ အထူးသဖြင့် ဤနေရာရှိလေထုမှာ အတော်လေး ထူးဆန်းနေသည်။
သို့သော် သူရပ်လိုက်လျှင် ခုန်းဂင် သူ့ကိုမိသွားလိမ့်မည်။ သူသည် ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်နေလေပြီ။
ရုတ်တရက် နွားရိုင်းနက်ကြီးတစ်ကောင် အရှေ့ချုံပုတ်ထဲမှ ထွက်လာသည်။ သူသည် လွတ်လပ်ပေါ့ပါးနေပုံပေါ်ကာ မြက်ပင်များကို စားနေသေးသည်။ သူ့အမွေးများမှာ နွားဝါကဲ့သို့ တောက်ပနေသည်ပင်။
နွားဝါ၏မျက်လုံးတွင် နတ်ဆိုးအငွေ့အသက်များ ဖြတ်ပြေးသွားသည်။ နွားပေါက်လေးသည် အစကတည်းက ဉာဏ်နီဉာဏ်နက်များသည့်သူပင်။ ယခု မြက်စားနေသည့်နွားရိုင်းကို မြင်သည်နှင့် သူ့စိတ်ထဲတွင် မရေမတွက်နိုင်လောက်သည့် လှည့်ကွက်များစွာကို စဉ်းစားပြီးသွားပြီဖြစ်သည်။
သူသည် သံသေတ္တာကို သေချာမကြည့်လျှင် မမြင်နိုင်လောက်သည့်နေရာ၌ ဝှက်ထားလိုက်သည်။ ထို့နောက် သူ၏လေးလံသည့်သားရေဝတ်စုံကို ချွတ်လိုက်ပြီး ရွှေရောင်ကိုယ်လုံးကို လှစ်ဟပြလိုက်သည်။
နွားပေါက်လေးသည် ရုတ်တရက် တုန်ခါလာကာ သူ၏ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး သာမန် အနက်ရောင်နွားပေါက်ဖြစ်သွားသည်။
သူ၏ဦးချိုလည်း ရွှေရောင်မဟုတ်တော့ပဲ သာမန် နွားပေါက်အရောင်ဖြစ်သွားသည်။
ခေါင်းစခြေဆုံး သေချာပြောင်းလဲပြီးသွားသည်နှင့် နွားဝါသည် ပုန်းနေရာမှ ပြောင်ပြောင်တင်းတင်းပင် ထွက်လာလေ၏။
သူသည် နွားရိုင်းနက်ကြီးနားသို့ လျှောက်သွားပြီး လတ်ဆတ်သည့်မြက်များကို စားသည့်ပုံဟန်ဆောင်လိုက်သည်။ ယခုအချိန်တွင် သူသည် သာမန်နွားတစ်ကောင်နှင့် မခြားတော့။
နွားရိုင်းနက်ကြီးသည် အဖော်အသစ်ရောက်လာသည်ကို အရေးမလုပ်။ သူနှင့်မျိုးစိတ်တူသည့် သက်ရှိတစ်ကောင် ဘယ်တုန်းကမှ ရောက်မလာခဲ့သလိုသာ ဟန်ဆောင်နေလေသည်။
နောက်ဆုံးတော့ ခုန်းဂင် ရောက်လာလေပြီ။ သူလိုချင်နေသည့်အသီးကို တစ်ခြားလူ လုသွားသည်မှာ အတော်လေး စိတ်တိုစရာကောင်းလှသည့် ကိစ္စကြီးပင်။
အပင်သည် သူ့လက်ထဲ၌ ရောက်နေပြီး အသီးကိုရရန်အတွက် လက်မဝက်လောက်သာလိုတော့သည်။ သို့သော် ရုတ်တရက် လူတစ်ယောက်ပေါ်လာကာ သူ့ကိုရိုက်ချပြီး သူ့လက်ထဲမှ ပစ္စည်းကို လုယူသွားခဲ့သည်။
မြက်ခင်းပြင်ကို ကျော်လာပြီးသည့်နောက်တွင် သူ အနည်းငယ် သံသယဝင်လာသည်။ သူလည်း အရှေ့ဘက်ရှိတောင်တန်းများမှ အန္တရာယ်အငွေ့အသက်ကို ရလိုက်သည်ပင်။
သူ တွေဝေနေသည့်အချိန်တွင် သူ့နောက်၌ ရှိနေသည့် နွားပေါက်လေး ရှေ့ခြေနှစ်ချောင်းထောင်လာလေ၏။
ဘုန်း ဘုန်း…
နွားပေါက်လေးသည် တွေဝေမနေပဲ ခုန်းဂင်၏ခေါင်းနောက်သို့ ဆက်တိုက် ရိုက်ချလိုက်သည်။
နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ခုန်းဂင် ကြယ်များ၊ လများပင် မြင်လိုက်ရသည်။ ကြယ်များ၊ လများမှာ လှပလှသော်လည်း ခံစားနေရသည့်နာကျင်မှုမှာ မလှပ။ သူ့ရှေ့မှ လောကကြီး ဇောက်ထိုး ဖြစ်သွားရသည်။
နွားပေါက်လေး ခုန်းဂင် ခေါင်းနောက်ကို အနည်းဆုံး ငါးကြိမ်ဆက်တိုက် ရိုက်ချရန်အတွက် စက္ကန့်အနည်းငယ်သာ လိုလိုက်သည်။ သူ၏ခွန်အားမှာ ဂျင်ပေါင်း ထောင်ပေါင်းများစွာလေးသည့် ကျောက်တုံးကြီးများကိုပင် ခွဲပစ်နိုင်သည်ပင်။ အခြားသူသာဆိုလျှင် သူတို့ခေါင်းကွဲသွားပြီး ဦးနှောက်များ တစ်စစီ ပြန့်ကျဲသွားလောက်ပြီဖြစ်သည်။
မပျက်စီးနိုင်သည့်ခန္ဓာကိုယ်ဆိုလျှင်ပင် နာကျင်မှုကတော့ ရှိနေသည်ပင်။
ခုန်းဂင် ဒေါသတကြီး ဖြစ်သွားရသည်။ ယနေ့ သူ ဒုတိယအကြိမ် ချောင်းတိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့။ အထူးသဖြင့် သူ ခေါင်းလှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့ကိုပြဿနာရှာသည့်သူမှာ နွားပေါက်လေးတစ်ကောင်ထက် မပိုသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် မျက်လုံးများ ပြုတ်ထွက်လာမတတ် ဒေါသထွက်သွားရသည်။
“သောက်ခွေး .. နွားမဲကောင်…”
သူ အစောပိုင်းက လိုက်ဖမ်းနေသည့် ‘လူ’ မှာ အနည်းငယ် ထူးခြားနေကြောင်း သူပြန်စဉ်းစားမိသွားသည်။ ထို ‘အရာ’သည် လေးဘက်ထောက် ပြေးနေသည်မလား..
သူသည် ထူးဆန်းသည့်မှော်ပညာရှင်တစ်ဦးဦးနှင့် တွေ့ခဲ့ခြင်းဖြစ်သည်ဟု သူ ထင်ထားခြင်းပင်။ သူ၏မှော်နက်ကို အသုံးပြုရန်အတွက် ခြေလက်လေးဘက်လုံးကို အသုံးပြုခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။
သူ လိုက်ဖမ်းနေသည့်အရာမှာ သန္ဓေပြောင်းလူမဟုတ်ပဲ သန္ဓေပြောင်းသားရဲဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
တစ်ရက်တည်းနှစ်ခါ စော်ကားခံလိုက်ရသည်ကို သူ ဘယ်လိုလုပ် ငြိမ်ခံနေမည်နည်း..
သူသည် ခေါင်းနောက်မှ နာကျင်မှုကို သည်းခံကာ နွားဝါထံသို့ ပြေးဝင်သွားလိုက်သည်။ သူ ဤသားရဲနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပစ်မည်။
“ဘုန်း ဘုန်း ဘုန်း…”
သို့သော် ထိုအချိန်တွင် တိတ်ဆိတ်နေခဲ့သည့် နွားရိုင်းနက်ကြီး လှုပ်ရှားလာလေသည်။ ခုန်းဂင် နောက်လှည့်လာကာ နွားဝါအားတိုက်ခိုက်တော့မည်ကို မြင်သည်နှင့် သူလည်း နောက်ခြေပေါ် ထောက်ရပ်လိုက်ပြီး ထိုလူ၏ခေါင်းနောက်ကို ထပ်မံရိုက်နှက်လိုက်လေသည်။
ဤနွားရိုင်းမှာ အရွယ်အစားကြီးသောကြောင့် သူ့ခွာများလည်း အရွယ်အစား ကြီးမားသည်ပင်။
ဘုန်း ဘုန်း ဘုန်း..
နောက်ထပ် ရိုက်ခတ်သံများ ထွက်ပေါ်လာ၏။ ဤအသံများမှာ မိုးခြိမ်းသံနှင့်ပင် တူနေသည်။
ခုန်းဂင်မှာ မျက်ဖြူလှန်တော့မတတ် ဖြစ်နေလေပြီ။ သူသည် လဲကျလုနီးပါးဖြစ်နေသော်လည်း အားတင်းကာ နောက်လှည့်ကြည့်လိုက်သည်။
သို့သော် ဤသည်မှာ သူ့နဖူးပေါ်သို့ နောက်ထပ်ခြေကန်ချက်တစ်ချက် ရောက်သွားရုံသာရှိသည်။
ခွပ်..
ဘာဖြစ်သွားတာလဲ.. နွားဝါလေး မျက်လုံးများ ပြူးကျယ်သွားရသည်။ သူသည် အစက သူ စိတ်ကူးယဉ်ပြီး မြင်ချင်ရာမြင်နေသည်ဟု ထင်လိုက်သည်ပင်။
နွားဝါ အံ့အားသင့်နေသကဲ့သို့ ခုန်းဂင်လည်း ဆွံ့အနေသည်ပင်။
အပိုင်း ၆၂ ပြီး၏။