Switch Mode

Chapter – 61

မမြင်ရသော လေး

အပိုင်း ၆၁ – မမြင်ရသော လေး

နွားနတ်ဘုရားက ငွေတောင်ပံကို သူ့လေးနဲ့ပစ်ချနေတယ်…

လူအုပ်ကြီးမှာ အကြောင်သား ဖြစ်နေကြလေပြီ။

“နောက်တစ်ခေါက် ထပ်တိုက်ချင်မနေနဲ့ .. အခုချက်ချင်း ပြန်လာခဲ့..” လင်းနွိုင် အော်ဟစ်လိုက်သည်။

လူအုပ်ကြီးသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော်လည်း သူမအသံမှာ သူတို့အားလုံးကို လွှမ်းခြုံသွားလေသည်။

သန္ဓေပြောင်းသူများအားလုံးသည် အေးစက်သော်လည်း စွဲမက်ဖွယ်ကောင်းနေသည့် ထိုအသံကြောင့် မှင်တက်သွားကြလေ၏။ သူမ၏အသံသည် လူကဲ့သို့ပင် လှပလှသည်ပင်။

ငွေတောင်ပံ လေထဲ၌ မြဲမြံစွာ ရပ်နေခဲ့သည်။ သူ၏အတောင်ပံများနှင့် ခန္ဓာကိုယ်တွင်‌ သွေးများ စိုရွှဲနေသော်လည်း သူ၏ငွေရောင်အလင်းများက ပို၍တောက်ပလာသည်။ သူ၏နှလုံးခုန်နှုန်းများလည်း အဆမတန် မြန်ဆန်နေလေ၏။

သူ ဘယ်လိုလုပ် ပြန်မတိုက်ချင်ပဲ နေမည်နည်း.. ပိရမစ်၏ထိပ်ဆုံး၌သာ ရပ်တည်ခဲ့သည့် ပြိုင်ဘက်ကင်းသန္ဓေပြောင်းတစ်ယောက်အနေနှင့် ဘာမှမဟုတ်သည့်သူ၏ အနိုင်ပိုင်းခြင်းကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..

“သတ်…”

ငွေတောင်ပံ ထပ်မံတိုက်ခိုက်လာသည်။ သူ၏ငွေရောင်အတောင်ပံများကို ဂဠုန်တစ်ကောင်ကဲ့သို့ ဖြန့်ကျက်လိုက်ကာ ကောင်းကင်ထက် ပျံသန်းလာလေသည်။

သူ၏အရှိန်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ သူသည် ချူဖုန်းရှေ့၌ ရှိနေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာ၌ မရှိတော့။ သူ၏အရိပ်များကိုသာ မြင်လိုက်ရပြီး သူဖြတ်သန်းသွားသည့်နေရာများတွင် လေပွေများထလာလေ၏။

တစ်ခါတစ်ရံတွင် သူ တောအုပ်နားရှိနေသော်လည်း တစ်ခါတစ်ရံတွင်‌ တောင်ထိပ်ရောက်နေသည်။ သူသည် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ချူဖုန်း၏မြှားများကို ရှောင်ရှားနေခြင်းပင်။ သူသည် သူ့ပစ်မှတ်၏အနားကပ်သွားပြီး တစ်ချက်တည်းဖြင့် ရိုက်ချပစ်ရန် စီစဉ်ထားခြင်းပင်။

ဤဒုက္ခကောင်ရန်သူကို အနီးကပ်တိုက်ခိုက်ပြီး အနိုင်ယူနိုင်လိမ့်မည်ဟု သူယုံကြည်သည်။

သူ တောအုပ်ထဲသို့ ပျံသန်းသွားလိုက်သည်နှင့် ရှေးဟောင်းသစ်ပင်များ ပေါက်ကွဲကုန်သည်။ ပစ္စည်းတစ်ခု အပိုင်းပိုင်းအစစ ပေါက်ကွဲသွားစေရန် သူ ထိုပစ္စည်းကို အသာလေး ထိလိုက်ရန်သာလိုသည်။ သူသည် တကယ်ကို အားလုံးကိုကျော်လွှားနိုင်သည့်သူပင်။

သူ အတော်လေးအထင်ကြီးစရာကောင်းသည့် ရန်သူတစ်ဦးနှင့်တွေ့နေရပြီဖြစ်ကြောင်း ချူဖုန်း ဝန်ခံသည်။

“သတ်…”

ငွေတောင်ပံ‌ ဟစ်ကြွေးလိုက်ကာ အောက်သို့ ထိုးဆင်းသွားပြီး သူ့အတောင်ပံနှစ်ဘက်လုံးကို မြေပြင်နှင့် ရိုက်ခတ်လိုက်သည်။

လူအုပ်ကြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပျံသန်းနေသည့်လူသားတစ်ဦးကို မတွေ့ရတော့ပဲ လေကိုဖြတ်ကာ မြေကြီးထဲသို့ ဝင်သွားသည့် လျှပ်စီးတန်းတစ်တန်းကိုသာ မြင်ရတော့သည်။ သူဖြတ်သွားသည့်နေရာတိုင်းမှ သစ်ပင်များ လဲကျသွားသည်ပင်။

ကျောက်တုံးကြီးများပင် အပိုင်းပိုင်းအစစဖြစ်သွားလေပြီ။

ဤကဲ့သို့သော ခွန်အားမျိုးကို လူသားခန္ဓာကိုယ်က ဘယ်လိုလုပ် တားဆီးနိုင်မည်နည်း .. လူအုပ်ကြီး ရင်ဖိုလာကြရသည်။

ငွေတောင်ပံကို အဘယ်ကြောင့် ‘တောင်ဘုရင်’ ဟု ခေါ်ကြကြောင်း နောက်ဆုံးတော့ သူတို့ နားလည်သွားကြလေပြီ။ သူသည် ကျည်ဆံများကို မကြောက်သလို ကျောက်တုံး၊ ကျောက်ဆောင်များကလည်း သူ့ကို မတားဆီးနိုင်။

“အိုးနိုး .. နွားနတ်ဘုရား အန္တရာယ်များနေပြီ..”

လူအုပ်ထဲမှ တစ်စုံတစ်ဦး ထိတ်လန့်တကြား‌ အော်ဟစ်လိုက်သည်။

လူအုပ်ထဲမှ တစ်ချိုု့တစ်ဝက်မှာ ချူဖုန်းအနိုင်ရသည်ကို မြင်ချင်ကြသည်။ သူတို့သည် ချူဖုန်းကို မဖြစ်နိုင်သည့်တိုက်ပွဲအား အနိုင်ပိုင်းစေချင်ကြသည်။ အနည်းဆုံးတော့ သူ့ကို တိုက်ပွဲမှ အသက်ရှင်လျက် ထွက်လာစေချင်ကြသည်ပင်။

သူသည် ငွေတောင်ပံကို မြှားမိုးဖြင့် အဆက်မပြတ် ပစ်နေသောကြောင့် လူများမှာ သူအနိုင်ရရန် ပို၍ မျှော်လင့်လာကြသည်။

သို့သော် ငွေတောင်ပံကို အနိုင်ရစေချင်သည့်သူ ပိုများနေသည်ပင်။ သူ သန္ဓေပြောင်းသူများကိုတိုက်ခိုက်သည့် ပုံရိပ်များ ထွက်ပေါ်လာကတည်းက သူ့အောင်မြင်မှုမှာ မိုးထိုးသွားသောကြောင့် လူအုပ်ထဲမှ လူအများစုမှ သူ့ဘက်မှပင်။

“ငွေတောင်ပံ သေချာပေါက်ကို နိုင်မှာ..”

“သူက သေချာပေါက်ကို အပီချုပ်တော့မှာ .. သူ့ကိုတားဆီးလို့ရမှာမဟုတ်တော့ဘူး..”

လူအုပ်ကြီး အော်ဟစ်လာကြသည်။

အချို့မိန်းမပျိုလေးများကတော့ သူတို့၏ အိပ်မက်မင်းသားလေး အနိုင်ရရန် နတ်ဘုရားများထံ ဆုတောင်းနေကြလေပြီ။

သူ့ထံသို့ ငွေရောင်အလင်းတန်းကြီး ရောက်ရှိလာသည်ကို ချူဖုန်း အဝေးကတည်းက မြင်ရသည်။ သူသည် တည်ငြိမ်စွာဖြင့်ပင် သူ့လေးကြိုးကို ဆွဲလိုက်လေ၏။

ဝှစ်..

ဤသည်မှာ နဂါးသွားဖြင့် ပြုလုပ်ထားသည့် မြှားပင်။ ဤမြှား ထွက်သွားသည့်အသံသည် လူများ၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားပြီး လေပွေများဖြစ်လာကာ‌ ကျောက်စရစ်ခဲများပင် လွင့်ပျံသွားလေ၏။ မြှားသည် လျှပ်စီးအရှိန်ဖြင့် ထိုအလင်းတန်းလမ်းကြောင်းအတိုင်း ဦးတည်သွားနေသည်။

သာမန်သတ္တုမြှားတစ်စင်းပင်လျှင် ကျောက်တုံးကြီးများကို ခွဲပစ်နိုင်ပြီး သစ်ပင်များကို ပြိုလဲအောင် လုပ်နိုင်သောကြောင့် နဂါးသွားမြှားဆိုလျှင် ပြောစရာပင်မလိုတော့။

ငွေတောင်ပံ စိတ်ထဲ ကြောက်ရွံ့လာသည်။ သူဘယ်တုန်းကမှ ဤမျှအရေးမနိမ့်ဖူးသေး။

အထူးသဖြင့် ဤမြှား ပစ်လွှတ်ပြီးနောက်တွင် သူ့လည်ပင်းအနောက်ဘက်ရှိအမွေးများထောင်ထလာသည်။ ယခု သူ နောက်ပြန်ဆုတ်ရတော့မည်။

သူ၏မသိစိတ်ကို သူယုံကြည်သည်။ သူ့လည်ပင်းနောက်ရှိ အမွေးများမှာ အန္တရာယ်ကို ကြိုတင်အချက်ပေးနေခြင်းပင်။ ဤသည်မှာ ဤမြှားမှ သယ်ဆောင်လာသည့်သေဆုံးနိုင်ချေကို ခန့်မှန်းပေးနေခြင်းပင်။

ငွေတောင်ပံ ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ ထိုမြှားသည် သူ့ဦးခေါင်းနားကို ဖြတ်သွားကာ ဝုန်းဟူသည့်အသံနှင့်အတူ အနည်းဆုံး ၇ မီတာမြင့်သည့်ကျောက်တုံးကြီးကို ပေါက်ကွဲသွားအောင် လုပ်လိုက်လေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤပစ်ချက်မည်မျှစွမ်းအားကြီးသည်ကို သိနိုင်သည်ပင်။

လူအုပ်ကြီးများ ထပ်မံ အော်ဟစ်လာကြသည်။

သူ ထိုပစ်ချက်ကို ရှောင်လိုက်နိုင်သောကြောင့် ငွေတောင်ပံဘက်မှလူများ ပျော်ရွှင်သွားကြသည်။

“သတ်..”

ငွေတောင်ပံကို အားပေးရန်အတွက် လူအုပ်ကြီး အော်ဟစ်လာကြသည်။ သူ အားပျော့မသွားပဲ နောက်ဆုံးထိ တိုက်ခိုက်ပြီး ထိုနွားနတ်ဘုရား အရှက်တကွဲအကျိုးနည်းအောင် လုပ်လိုက်သည်ကို သူတို့မြင်ချင်ကြသည်။

ဖူး..

သို့သော် သတိပေးခြင်းမရှိပဲ နောက်ထပ်နဂါးသွားမြှားတစ်ခု ထပ်ရောက်လာလေ၏။ ဤသည်မှာ ငွေတောင်ပံကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

ဝုန်း..

မြှားသည် သူ့ရင်ဘတ်ကို ထိုးဖောက်သွားသော်လည်း အရှိန်မှာ ရပ်တန့်မသွားသေးပဲ သူ့ကိုပါ ဆွဲခေါ်သွားလေသည်။

ထို့နောက် ဘုန်းဟူသည့်အသံနှင့်အတူ ငွေတောင်ပံကို အဝေးမှ တောင်တွင် ချိတ်ဆွဲပစ်လိုက်လေ၏။ သူ့ရင်ဘတ်သည် မြှားဖြင့်ထိုးဖောက်ခံရပြီး တောင်နံရံ၌ ချိတ်ဆွဲခြင်း ခံလိုက်ရသည်ပင်။

ဤမြင်ကွင်းမှာ ဤနေရာ၌ ရှိနေသည့် လူအားလုံးအတွက် ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းကြီးပင်။

“အိုး ဘုရားရေ … ငွေနတ်ဘုရား ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီ..” လူအုပ်ထဲမှ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး .. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ..” လူအုပ်ထဲမှ အမျိုးသမီးတစ်ဦး နာကျင်စွာ အော်ဟစ်လိုက်သည်။ သူမ မျက်နှာတွင် သွေးရောင်မရှိတော့သလို သူမ မျက်လုံးတွင်လည်း ရေများအိုင်ထွန်းလာလေပြီ။

ခဏကြာပြီးနောက် လူအုပ်ကြီး၏ ကြွေးကြော်သံများမှာ သေနတ်ပစ်သံများဖြင့် လွှမ်းမိုးသွားသည်။ အဝေးမှ ဟယ်လီကော်ပတာအားလုံးထံမှ ကျည်ဆံမိုးများ ရွာသွန်းလာလေ၏။ ဤသည်မှာ ငွေတောင်ပံ အရှက်တကွဲဖြင့် ရှုံးပြီး မသေအောင် လုပ်နေကြခြင်းပင်။

အမှန်တကယ်တွင် ချူဖုန်းသည် ထိုမြှားနှစ်စင်းကို ဆက်တိုက်ပစ်ပြီးကတည်းက ထိုနေရာမှ ထွက်သွားပြီဖြစ်သည်။ သူ့ရန်သူကြီး ခံစားနေရသည်ကို ပီတိဖြာမနေတော့ပဲ သူ့လုံခြုံရေးအတွက် ထွက်ပြေးရန်သာ ရွေးချယ်လိုက်သည်။

မမြင်နိုင်သည့်အန္တရာယ် ချဉ်းကပ်လာနေပြီဖြစ်ကြောင်း သူ၏စူးရှလှသည့်အာရုံများမှ ပြောပြနေသည်ပင်။ သူ ဤနေရာ ဆက်နေနေလျှင် သူ့အသက်အန္တရာယ်ရှိနိုင်ကြောင်း သူ့အာရုံများက သူ့ကိုပြောပြနေသည်။

သူ‌ လေထဲသို့ ခုန်တက်လိုက်သည်နှင့် ဤနေရာနှင့် ၁၀ မီတာကျော်ဝေးသည့်နေရာသို့ ရောက်သွားသည်။

“ခင်ဗျားတို့က ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ..”

ချူဖုန်း တစ်ဖက်လှည့်လိုက်ပြီးနောက် သူ့လေးကြိုးကို ဆွဲလိုက်သည်။ ထို့နောက် လျှပ်စီးတန်းများနှင့်အတူ သတ္တုမြှားတစ်စင်း ဟယ်လီကော်ပတာတစ်စင်းထံသို့ ဦးတည်သွားလေ၏။

ဝုန်း..

ပျံသန်းနေသည့်လေယာဉ်ပျံများမှာ မီးဘောလုံးကြီး ဖြစ်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

မြွေဖြူတောင်ပေါ်မှ လူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြလေပြီ။ နွားနတ်ဘုရား လေယာဉ်ပျံတစ်စင်းကို ပစ်ချသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း သူတို့ မအံ့ဩပဲ မနေနိုင်။

ချုဖုန်း မော်ဒန်ခေတ်မှ ဤလူသတ်လက်နက်များကို ဖျက်ဆီးပစ်နိုင်ခြင်းမှာ သူတို့နားလည်နိုင်သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ ဒါက အရိုးနဲ့မြှားတွေပဲ မဟုတ်ဘူးလား .. ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ..

ဝုန်း..

မျက်စိကျိန်းလောက်သည့် အလင်းတန်း ထွက်ပေါ်လာပြီး နောက်ထပ်လေယာဉ်တစ်စင်းလည်း ပစ်ချခံလိုက်ရလေပြီ။

အဝေးရှိ တောင်ထိပ်ပေါ်၌ ရပ်နေသည့် မုတ်ဆိတ်မွေးဖြူနှင့်လူအိုကြီးမှာ ဤမြင်ကွင်းအားလုံးကို မြင်လိုက်သည်ပင်။ ‌ထိုလူကြီး၏ခန္ဓာကိုယ်မှာ တုန်လှုပ်ယိမ်းယိုင်နေလေပြီ။

ချူဖုန်းကို တိတ်တဆိတ်ဖမ်းရန် စီစဉ်ထားသည့်အစဉ်အစဉ်မှာ ဤမျှဆိုးရွားစွာ ရှုံးနိမ့်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..‌ သူ့ကိုသတ်ရန်ပြင်ဆင်ထားသည့် ဒုံးပျံများနှင့် ကျည်ဆံများမှာ အလကား ဖြစ်သွားလေပြီ။

ဒါက လူလား.. နတ်ဆိုးလား… နတ်ဘုရားလား..

ယနေ့ ဖြစ်ပျက်သမျှ အဖြစ်အပျက်အားလုံးမှာ လူအုပ်ကြီးကို ထိတ်လန့်စေခဲ့သည်။ ရက်စက်ကြမ်းကြုတ်သည့်လူသတ်သမား ငွေတောင်ပံနှင့် လူသတ်လေယာဉ်များ ပျက်စီးသွားခြင်းမှာ သူတို့နှလုံးခုန်နှုန်းကို လျင်မြန်စေသည်။

ငွေတောင်ပံနှင့် ခုန်းဂင်တို့သာ ပြိုင်ဘက်ကင်းစွမ်းအားများ ရှိသည်ဟု သူတို့ယုံကြည်ထားခဲ့ကြသည်။ သူတို့၏သန္ဓေပြောင်းစွမ်းအားမှာ သာမန်လူသားများ လိုက်မမှီနိုင်သည့်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။

ငွေတောင်ပံသည် တစ်နေ့တည်းတွင် နှစ်ခါရှုံးနိမ့်လိမ့်မည်ဟု သူတို့ထင်မထားခဲ့။ ယခုတော့ သူတို့ကိုးကွယ်နေခဲ့သည့် နတ်ဘုရားမှာ သေသည်ထက်ဆိုးသည့်အခြေအနေသို့ ရောက်သွားလေပြီ။

“ငွေတောင်ပံဘယ်မှာလဲ..” လူများ မေးခွန်းထုတ်လာကြသည်။ နောက်ဆုံးတော့ သူတို့ သူ့ကို နက်ရှိုင်းသည့်တောင်များကြား၌ တွေ့လိုက်ရသည်။

ကျောက်ကမ်းပါးနံရံထက်၌ သွေးစီးကြောင်းကြီး စီးကျနေပြီး သူသည် နံရံထဲစိုက်ဝင်နေသည့်မြှားမှ ခန္ဓာကိုယ်ကို တစ်ဖြည်းဖြည်းချင်း ဆွဲထုတ်နေလေ၏။

ဝုန်း..

နောက်ဆုံးတွင် သူ မြှားမှ ရုန်းထွက်လာနိုင်သော်လည်း အောက်ဘက်တောအုပ်ထဲသို့ ပြုတ်ကျသွားလေသည်။

သူ့ရင်ဘတ်တွင် အတော်လေး နက်လှသည့် အပေါက်ကြီး ရှိနေသည်။ မြှားသည် သူ့ကြွက်သားများစွာကို စုတ်ဖြဲပစ်လိုက်သည်ပင်။

သို့သော် အထင်ကြီးစရာကောင်းလှသည့် ငွေတောင်ပံ၏ခန္ဓာကိုယ်ကိုတော့ လေးစားရပေလိမ့်မည်။ ထိုမြှားသည် ကျောက်တုံးကြီးများကို ပေါက်ကွဲစေနိုင်သော်လည်း သူကတော့ အသားပုံကြီးဖြစ်မသွားခဲ့။ တစ်နည်းနည်းဖြင့် အသက်ရှင်နိုင်ခဲ့သည်။

သူ့ရင်ဘတ်အပေါက်မှ ထွက်လာသည့်သွေးများကြောင့် သူ့ခန္ဓာကိုယ်တစ်ခြမ်းလုံး သွေးများနီရဲနေပြီဖြစ်သည်။ သူသည် ယိုင်နဲ့စွာ လမ်းလျှောက်ရင်းဖြင့်ပင် ကောင်းကင်ထက်၌ ရှိနေသည့် နွားပုံစံနှင့်လူကို ကြည့်လိုက်သည်။

“သတ္တုစပ်စတီးနဲ့လုပ်ထားတဲ့ ငါ့ရဲ့စစ်ဝတ်စုံ ရလာရင် ငါမင်းခေါင်းကို ဖြတ်ပစ်မယ် .. မင်းရဲ့ဒုက္ခပေးတဲ့မြှားတွေကနေ ငါ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်တာနဲ့ ငါမင်းလက်ကို ဖြတ်ပစ်မယ်..”

ငွေရောင်မျက်ဆံမျာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် လင်းယုန်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ ခုန်တက်သွားလိုက်လေသည်။

“ငွေတောင်ပံ…” လူအုပ်ထဲမှ လူများ အော်ဟစ်လိုက်ကြသည်။

ထိုလူအုပ်ထဲတွင် ငိုသံများပါ, ပါနေသည်။ သူတို့အိပ်မက်ထဲမှ သူရဲကောင်း ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် မိန်းကလေးများ ငိုကြွေးလာကြလေ၏။

“နွားနတ်ဘုရား..” သူ့ကိုထောက်ခံသည့်သူအချို့လည်း ရှိနေသည်ပင်။ သူတို့အမြင်တွင် နွားနတ်ဘုရားမှာ ခံ့ညားလှသည့်ကြယ်တံခွန်ပင်။ သူတို့မမှီနိုင်သော်လည်း စွဲမက်ဖွယ်ကောင်းကာ ထူးဆန်းလှသည်။

ဝှစ်..

ချူဖုန်း လက်ထဲ၌ မြှားကိုင်ထားကာ ငွေတောင်ပံနောက်ကို လိုက်သွားလိုက်သည်။

“ဘာ..” လူအုပ်ကြီး ဆွံ့အသွားရသည်။ “သူ့ကို ‘နွားနတ်ဘုရား’လို့ ခေါ်ထိုက်ပါပေတယ် .. သူက ငါတို့ကို တစ်ခုပြီးတစ်ခု အံ့အားသင့်အောင် လုပ်နေတယ်..”

ချူဖုန်းသည် ယခုထိ လက်မလျော့သေး။ သူ့သားကောင်ကို အမဲလိုက်နေဆဲပင်။

“နွားနတ်ဘုရား .. နွားနတ်ဘုရား..” လူများ အော်ဟစ်ကြွေးကြော်လာကြသည်။

လူအုပ်ကြီးထဲတွင် စိတ်အလှုပ်ရှားဆုံးလူမှာ ကျိုးရီထျန်းသာ ဖြစ်လိမ့်မည်။ သူသည် အစောပိုင်းက ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသွားကာ သွေးများစိုရွှဲနေသော်လည်း သူ၏ဝန်ထမ်းများကို တိုက်ခိုက်နေသည့်ဘက်သို့ ဦးဆောင်ခေါ်လာနေဆဲပင်။ ဝိညာဉ်တုန်လှုပ်စေနိုင်လောက်သည့် မြင်ကွင်းအားလုံးကို သူ ရိုက်ကူးနိုင်ခဲ့သည်ပင်။

တောင်ထိပ်ပေါ်ရှိ လင်းနွိုင်မှာ တည်ငြိမ်နေဆဲပင်။ သူမ အမိန့်ခြောက်ခု ထုတ်ပြန်ခဲ့ပြီး ထိုထဲမှ သုံးခုမှာ အသီးကို ကာကွယ်ရန်ပင်။ သူမအမိန့်မှာ မည်သည့်အခြေအနေပဲဖြစ်ဖြစ် ဤအသီးကို ဒိမ်ဒီဘက်မှ လူမှလွဲ၍ မည်သူ့ကိုမှ မထိစေရန်ပင်။

သူမ အားလုံးကို သေချာစီစဉ်ခဲ့ပြီး ဖြစ်နိုင်ချေအားလုံးအတွက် တန်ပြန်အစီအစဉ်များ ပြုလုပ်ခဲ့သည်ပင်။ သူမ၏ချစ်စရာကောင်းသည့်သွင်ပြင်အောက်တွင် ပြတ်သားမှုများလည်း ရှိနေသည်။

သူမသည် အမိန့်များထုတ်ပြန်ပြီးသည်နှင့် တစ်ခုခုကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမအရေပြားလွှာတွင် နူးညံ့သည့်အလင်းလွှာတစ်ခု ထွက်ပေါ်လာပြီး သူမ လေပေါ် တက်လာသည်။

ဝှစ်..

ထို့နောက် သူမသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် သွားနေသည့် ချူဖုန်းထံသို့ ဦးတည်သွားလိုက်သည်။ သူမ၏စကပ်သည် လေထဲ၌ ဝဲလွင့်နေပြီး လျော့ရဲရဲချည်နှောင်ထားသည့် သူမဆံပင်များလည်း မိုးမခသစ်ကိုင်းများကဲ့သို့ လှုပ်ရှားနေသည်။

ထို့နောက် သူမ ငွေတောင်ပံနား၌ ရပ်လိုက်ကာ ချူဖုန်း ရောက်လာမည်ကို စောင့်နေလိုက်သည်။

“ငါတို့လည်း အဲဒီကို သွားကြစို့..” ဘောဓိအဖွဲ့၏ခေါင်းဆောင်တစ်ဦးအနေဖြင့် တင်းစီထုန် အမိန့်ပေးလိုက်သည်။ သန္ဓေပြောင်းလူအုပ်ကြီးမှာ သူမ အမိန့်အတိုင်း စတင်လှုပ်ရှားလာကြလေ၏။

မြွေဖြူတောင်များကြားမှ သန္ဓေပြောင်းသူများ ထပ်မံလှုပ်ရှားလာကြသည်။ အချို့သူများမှာ စစ်မြေပြင်ဖြစ်လာနိုင်သည့်နေရာမှ ဝေးဝေးပြေးသွားလိုက်ကြသည်။ တိုက်ပွဲစတင်လာသည်နှင့် နွားနတ်ဘုရားသည် သူ၏ အထင်ကြီးစရာကောင်းသည့် မြှားများဖြင့် အပြစ်မရှိသည့်လူများအား ထိခိုက်မည်ကို ကြောက်ရွံ့နေကြသည်ပင်။

သူ့ဘေးပတ်လည်မှ ဆူပူမှုများကို ချူဖုန်း သတိထားမိသည်ပင်။ ထို့ကြောင့် သူ ရပ်တန့်လိုက်ပြီး ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။

အပိုင်း ၆၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset