Switch Mode

Chapter – 60

မိုးကြိုး လေး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၆၀ – မိုးကြိုးလေး

တောင်များတွင် သန္ဓေပြောင်းလူများ ကြိတ်ကြိတ်တိုး စည်ကားနေသည်။

ထင်းရှူးပင်မှာ စိမ်းလန်းစိုပြေနေပြီး ထင်းရှူးသီးလည်း ရင့်မှည့်အက်ကွဲလာလေပြီ။

ထိုအသီးထဲတွင် လုံးဝိုင်းပြီး အရောင်တလက်လက်တောက်နေသော ထင်းရှူးစေ့များ ပြည့်ကြပ်နေသည်။ ထိုထင်းရှူးစေ့များသည် တောက်ပသည့်နေရောင်အောက်တွင် ထင်ရှူးစေ့ပုံသဏ္ဌာန် ပိုင်းဖြတ်ထားသည့် အရည်အသွေးကောင်း ကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ အရောင်လဲ့နေသည်။

ချူဖုန်းသည် လက်ထဲတွင် လေးကိုင်ထားပြီး တိုက်ပွဲဖြစ်ပွားရာနေရာသို့ ခြေလှမ်းမှန်မှန်ဖြင့် သွားလိုက်သည်။

သစ်ပင်နားတွင် ထိပ်တန်းလူနှစ်ဦး တိုက်ခိုက်နေသောကြောင့် သစ်ပင်၏ ၁၀ ပေ ပတ်လည်အတွင်း မည်သူမှ မရှိ။

သတ္တိကောင်းသည့်လူအချို့ ကြိုးစားကြည့်ကြသော်လည်း မြေပြင်ထက်၌ အသက်မဲ့သည့်အလောင်းများ တိုးလာသည်မှလွဲလျှင် ဘာမှမပြောင်းလဲ။

ချူဖုန်း စစ်မြေပြင်နားသို့ တိတ်တဆိတ်ပင် ချဉ်းကပ်သွားလိုက်သည်။ သူ့ရန်သူများကို သူ ပစ်သတ်ချင်သည်။

သို့သော် စစ်မြေပြင်နားသို့ နီးလာသည်နှင့် သူ့အတွေးပြောင်းသွားသည်။ “သူတို့ဘာသာသူတို့ တိုက်ရင်း သေသွားလဲ အေးတာပဲလေ..” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။ “ငါ အခု သူတို့ရန်ပွဲကို ဝင်ရှုပ်စရာအကြောင်းမရှိဘူး..”

သူတို့နှစ်ဦးလုံး မောပန်းသွားသည့်အချိန်တွင် တိုက်ပွဲ ရပ်တန့်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူ အသာလေးရိတ်သိမ်းလိုက်ရန်သာလိုသည်။

ချူဖုန်း ကျောက်တုံးကြီးတစ်တုံးပေါ်၌ ထိုင်ချလိုက်သည်။

သူ၏ပါးမို့များ အနီရောင်သန်းနေပြီး အပြုအမူများလည်း နူးညံ့သိမ်မွေ့နေသည်။ သူသည် စိုးရိမ်စရာမလိုသည့်ကိစ္စများကို အတွေးထဲမှထုတ်ထားပြီး သက်တောင့်သက်သာနေနေလေ၏။

နံဘေးမှ ကြည့်နေကြသည့်သူများမှာမူ ထိတ်လန့်ကြောက်ရွံ့နေကြလေသည်။

သူတို့ လောလောလတ်လတ်မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ယခုတိုင် တုန်လှုပ်ခြောက်ခြားနေကြဆဲဖြစ်သည်။ လေးနှင့်မြားကိုသာ အသုံးပြုပြီး စစ်တပ်သုံးဟယ်လီကော်ပတာတစ်စင်းကို ပစ်ချလိုက်နိုင်ခြင်းသည် လူအများစုအတွက် မယုံကြည်နိုင်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် အများစုမှာ ယခုတိုင် ရှုပ်ထွေးနေကြဆဲပင်။

ကြည့်နေသည့်လူအုပ်ကြီးမှာ တစ်ဖြည်းဖြည်း ပိုများလာသည်။ လူများသည် ကိုယ့်ကိုကိုယ် ရဲဆေးတင်ကာ လူအုပ်ကြီး၏ရှေ့ရောက်အောင် တွန်းထိုးနေကြလေသည်။

ချူဖုန်းကတော့ တည်ငြိမ်နေသည်။ နွားဝါလေး ပေါ်လာမည့်အချိန်ကို သူ စောင့်နေလိုက်သည်။ နွားပေါက်လေး ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်။ နှစ်ယောက်ပူးပေါင်းခြင်းသည် တစ်ယောက်တည်းလှုပ်ရှားသည်ထက်တော့ ပိုသာလိမ့်မည်။

ခပ်လှမ်းလှမ်းမှ တိုက်ပွဲမှာ ပို၍ ပြင်းထန်လာသည်။

ငွေတောင်ပံ ကောင်းကင်မှ အောက်သို့ ထိုးဆင်းလာသည်။ သူသည် လက်သီး ကျစ်ကျစ်ဆုပ်ပြီး ခုန်းဂင်ကို ထိုးချလိုက်သည်။

ခုန်းဂင်သည် ငြိမ်သက်စွာ ရပ်နေသော်လည်း သူ၏ကြောက်မက်ဖွယ်ဟန်ပန်က အထင်းသားပင်။ သူလည်း လက်သီးကို တင်းတင်းဆုပ်ကာ ငွေတောင်ပံကို ထိုးချလိုက်သည်။

ဝုန်း..

သူတို့နှစ်ဦး တိုက်မိသွားသည်နှင့် လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ကြောက်စရာကောင်းလှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

သူတို့ဘေးပတ်လည်ရှိ အပင်အားလုံး ပျက်စီးသွားလေပြီ။ ကျောက်တုံး၊ ကျောက်ဆောင်များပင် သူတို့အားကို မခုခံနိုင်။ သူတို့နှစ်ဦးသည် အရှေ့မှအနောက်၊ တောင်မှမြောက်သို့ တိုက်ခိုက်နေကြပြီး သူတို့ဖြတ်သွားသည့်နေရာတိုင်း ပျက်စီးသွားကုန်သည်ပင်။

ကြည့်နေကြသည့်လူများ၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ဒီလောက်တောင် ပျက်စီးသွားရလောက်အောင် သူတို့စွမ်းအားက ဘယ်လောက်တောင် ကြီးတာလဲ..

လက်သီးတစ်လုံး ထွက်လာသည်နှင့် ကမ္ဘာမြေကြီးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသည်ပင်။

သူတို့နှစ်ဦး တိုက်ခိုက်ကြသည်နှင့် လေပြင်းများတိုက်ခတ်လာကာ သဲမှုန်နှင့်‌ ကျောက်ခဲလေးများလည်း လွင့်စင်လာသည်။ ကံဆိုးစွာဖြင့် ထိုလေပြင်းထဲ ပါသွားခဲ့ကြသည့် သန္ဓေပြောင်းလူအချို့မှာ သူတို့အရိုးအရွတ်များ ကျိုးကြေပျက်စီးပြီး သေဆုံးသွားကြလေသည်။

ငွေတောင်ပံတစ်ဝိုက်တွင် သန့်စင်သည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ကို ကာကွယ်ပေးလာသည်။ သူ၏လက်သီးချက်တစ်ချက်စီတိုင်းမှာ လျှပ်စီးကဲ့သို့ မြန်ဆန်ကာ ပြင်းထန်လှသည်။

သူ လက်သီးဖြင့် ထိုးချနေသည့်အချိန်တွင် သူ၏အတောင်ပံများက ဒိုင်းကာအဖြစ် ကာကွယ်ပေးလာသည်။

ခွပ်..

အသံမှာ သိပ်မကျယ်သော်လည်း အနည်းဆုံး ဂျင်တစ်ထောင်လေးသည့် ကျောက်တုံးကြီး ဟက်တက်ကွဲသွားလေပြီ။

ခုန်းဂင်ကတော့ အကြောက်တရားကင်းမဲ့ကာ တည်ငြိမ်လှသည်။ သူ၏အရေပြားသည် ရွှေရောင်အလွှာတစ်လွှာကဲ့သို့ ဖြစ်နေသည်ပင်။ သူ၏တိုက်ခိုက်ရေးနည်းဗျူဟာမှာ ကမ္ဘာပေါ်တွင် စွမ်းအားအကြီးဆုံးပုံစံတစ်ခုပင်။ သူ၏ညာလက်သီးစွမ်းအားကို မည်သူမှ မယှဉ်နိုင်သေး။ ငွေတောင်ပံလည်း ယှဉ်နိုင်မည်မဟုတ်။

သူတို့နှစ်ဦး၏တိုက်ပွဲမှ တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ သူတို့၏ လှုပ်ရှားမှုများမှာ အသံထက်ပင် ပိုမြန်သေးသည်။

“တိုက်ကြ..”

ခုန်းဂင်နှင့် ငွေတောင်ပံတို့သည် တိုက်ရင်းတိုက်ရင်းဖြင့် သစ်ပင်နှင့်ဝေးသွားသောကြောင့် အချို့ သန္ဓေပြောင်းလူအချို့မှာ ရပ်ကြည့်မနေနိုင်ကြတော့။ သူတို့ အသီးကိုလုယူပြီး စားချင်ကြသည်။ ထိုအသီးကို စားလိုက်သည်နှင့် သူတို့ တစ်ခုခုဖြစ်သွားလိမ့်မည်ဟု ယုံကြည်သည်။ သူတို့လည်း ပြိုင်ဘက်ကင်းသန္ဓေပြောင်းလူများ ဖြစ်လာကြလိမ့်မည်။

သူတို့၏ မပြတ်သားမှုကြောင့် ဤအခွင့်အရေးနှင့်လွဲချော်ခဲ့လျှင် သူတို့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။

ဝှစ် ဝှစ် ဝှစ်…

ပုံရိပ်များ တစ်ခုပြီးတစ်ခု အရှေ့တိုးသွားကြသည်။

“အား..”

ထို့နောက် လျိုမြောင်ထဲမှ သွေးပျက်ဖွယ်အော်သံကြီး ထွက်ပေါ်လာသည်။ လူအုပ်ထဲမှ အချို့သန္ဓေပြောင်းလူများသည် သွေးအေးလူသတ်သမားအဖြစ် ပြောင်းလဲသွားကာ သူတို့ရှေ့မှ ထွက်သွားသည့်လူများနောက်ကျောကို ဓားဖြင့် ထိုးလိုက်ကြသည်ပင်။ ဓားဖြင့် ထိုးခံလိုက်ရသည့်သူများမှာ မြေပြင်ပေါ် လဲကျသွားကာ ပြန်မထနိုင်တော့။

ဤသည်မှာ ရက်စက်လှသည့် မြင်ကွင်းတစ်ခုပင်။ တစ်ဦးနှင့်တစ်ဦးတိုက်ခံမှုများကြောင့် သန္ဓေပြောင်းသူများစွာ သေဆုံးသွားကြလေပြီ။

အားလုံး၏မျက်လုံးများ နီရဲနေကြလေပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့ဘေးနား၌ ရှိနေသည့်လူများမှာ သူတို့ပြိုင်ဘက်များ ဖြစ်သွားကြလေပြီ။

မြွေဖြူတောင်မှာ လူသတ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားလေပြီ။ မြေပြင်၌ သွေးများစွန်းထင်းလာသော်လည်း သန္ဓေပြောင်းလူများစွာ အသီးထံသို့ တိုးသွားနေဆဲပင်။ နောက်ဆုံးတွင် ထိုနေရာတစ်ခုလုံး ဓားများဖြင့် တိုက်ခိုက်သံများ၊ ဒဏ်ရာရရှိသွား၍ နာကျင်စွာအော်ဟစ်သံများဖြင့် ပြည့်နှက်နေလေတော့သည်။ တိုက်ပွဲကို နံဘေးမှကြည့်နေသူများသည် ရုတ်တရက် တိုက်ခိုက်ရေးသမားများအဖြစ် ပြောင်းလဲသွားကြသည်။

ခဏကြာပြီးနောက် ငွေတောင်ပံနှင့် ခုန်းဂင်တို့ တိုက်ပွဲကွင်းပြင်ဆီသို့ ပြန်ရောက်လာကြ၏။ သို့သော် ထိုနေရာတွင် တိုက်ခိုက်နေကြသည့် သန္ဓေပြောင်းသူများကမူ ၎င်းတို့နှစ်ဦးကို သတိပင်မပြုမိကြပေ။

သွေးနံ့များက လူတိုင်း၏စိတ်အာရုံကို နှိုးဆွပေးနေကာ ၎င်းတို့၏ ပင်ကိုစရိုက်များ ထွက်ပေါ်လာလေပြီ။ စွဲမက်ဖွယ်မက်လုံးတစ်ခုကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း အကြောက်တရားကို မေ့လျော့သွားကြပြီး သစ်သီးကိုပိုင်ဆိုင်နိုင်ရန်အတွက် တိုက်ခိုက်ကြတော့သည်။ အချင်းချင်းတိုက်ခိုက်ရင်း အသက်ဆုံးရှုံးရခြင်းထက် ထိုသစ်သီးကို ပိုင်ဆိုင်နိုင်ခြင်းသည်သာလျှင် သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်လာသည်။

မိုင်တစ်ရာပတ်လည်တွင် အလောင်းများ စုပုံထပ်လာသည်။

သို့သော် အချို့ သန္ဓေပြောင်းလူများကတော့ သစ်ပင်နားထိရောက်အောင် တိုက်ခိုက်ကြရင်း သူတို့သည် အကောင်းတကာ့အကောင်းဆုံး သန္ဓေပြောင်းလူသားများဖြစ်ကြောင်း သက်သေပြနေကြသည်။ အသီးမှာ သူတို့နှင့် လက်တစ်လှမ်းအကွာသာ လိုတော့သည်။ သို့သော် ရုတ်တရက် သူတို့မျက်နှာများ မည်းမှောင်သွားကြသည်။ သူတို့ အသီးကိုခူးယူရန် ကြိုးစားကြသော်လည်း အသီးကို မထိနိုင်ခင်မှာပင် အဆိပ်ကြောင့် သေဆုံးသွားကြသည်။

သို့သော် ကျန်နေသည့်လူအုပ်ကြီးကတော့ မကြောက်မရွံ့ တိုက်ခိုက်နေကြဆဲပင်။ သူတို့သည် အလောင်းများကို လမ်းခင်းကာ သစ်ပင်နားနီးအောင် သွားနေကြသည်။ အသီးမရမချင်း သူတို့ ရပ်တန့်ကြမည်မဟုတ်။

ဝုန်း..

ရုတ်တရက်‌ ကောင်းကင်ထက်၌ ဆူညံသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ ဟယ်လီကော်ပတာတစ်စင်းကို မြင်လိုက်ကြရသည်။ ထိုဟယ်လီကော်ပတာသည် အောက်ဘက်ရှိ လူအုပ်ကြီးထံသို့ ကျည်ဆံမိုးများ ရွာသွန်းလိုက်သောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သန္ဓေပြောင်းလူအုပ်လိုက်ကြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။

ဤမြင်ကွင်းမှာ ကျန်နေသည့် သန္ဓေပြောင်းလူများကို ကြောက်ရွံ့သွားစေခဲ့သည်။

သူတို့ စွမ်းအားကြီးသော်လည်း မည်သူမှ သေနတ်ကို မယှဉ်နိုင်။

“ငါ မင်းကို အနိုင်ယူပြမယ်..”

လူအုပ်ထဲမှ လူတစ်ဦး အော်ဟစ်လိုက်သည်။ ထိုလူ၏နောက်ကျောဘက်တွင် အပြာရောင်အတောင်ပံတစ်စုံ ပေါ်ထွက်လာပြီးနောက် သူ လေထဲသို့ ခုန်တက်ကာ ဟယ်လီကော်ပတာထံသို့ ပျံသန်းသွားလိုက်လေသည်။

ဝုန်း..

ကံမကောင်းစွာဖြင့် ချုံထဲ၌ ပုန်းနေသည့် စနိုက်ပါသမားသည် ထိုလူကို တုံ့ဆိုင်းခြင်းမရှိ ပစ်ချလိုက်လေသည်။ ထိုလူ၏ဦးခေါင်း ချက်ချင်းပွင့်ထွက်သွားကာ ဦးနှောက်နှင့်သွေးများ လွင့်စင်လာပြီး ခေါင်းမရှိသည့်အလောင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

ဤသည်မှာ အခြားသူများကို ခြိမ်းခြောက်ပြလိုက်ခြင်းပင်။

ဒိမ်ဒီသည် နောက်ဆုံးတော့ သူတို့အစွယ်များကို ထုတ်ပြလာလေပြီ။ သူတို့သည် သစ်ပင်နားကပ်လာသည့် မည်သူ့ကိုမဆို အညှာအတာမဲ့ သတ်ဖြတ်နေသည်။

ဝုန်း..

ရုတ်တရက် ဟယ်လီကော်ပတာတစ်စင်း လေထဲ၌ ပေါက်ကွဲသွားလေသည်။

ဘယ်သူ လုပ်လိုက်တာလဲ.. လူအုပ်ကြီးမှာ ထိတ်လန့်သွားရသည်။

ခပ်ဝေးဝေးတွင် ဂျက်လေယာဉ်များ ထွက်ပေါ်လာသည်။ သို့သော် ထိုဂျက်လေယာဉ်များသည် ဒိမ်ဒီမှ လေယာဉ်များနှင့်မတူ။

“ဘောဓိကလူတွေ..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

ဘောဓိလည်း တိုင်းပြည်တွင် အာဏာရှိသည့်အဖွဲ့အစည်းပင်။ သူတို့သည် ဒိမ်ဒီနှင့်ယှဉ်နိုင်သည်ပင်။ မည်သူကမှ တိုက်ခိုက်ရန် မကြောက်ကြသောကြောင့် ကုမ္ပဏီနှစ်ခုသည် အသီးကိုရရန်အတွက် သူတို့၏အကောင်းဆုံး စစ်လက်နက်များကို အသုံးပြုလာကြသည်။

ဟမ့်..

လေထဲ၌ လှောင်ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ငွေတောင်ပံသည် ခုန်ဂင်ကို ထပ်ပစ်ထားလိုက်ပြီး လျှပ်စီးတစ်စင်းကဲ့သို့ ထွက်သွားသည်။

ငွေတောင်ပံ၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် အချို့သူများမှာ သူ့အရိပ်သာ မြင်လိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ဘောဓိလုပ်ငန်းစုမှ ဂျက်လေယာဉ်တစ်စင်းရှေ့သို့ ရောက်သွားပြီဖြစ်သည်။

သူ အတောင်ပံဖြန့်လိုက်သည်နှင့် ငွေရောင်အလင်းတန်းများ ထပ်မံတောက်ပလာကာ ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။’

ရွှပ်.. သူ့အတောင်ပံသည် လေကိုထွင်းဖောက်ကာ ဂျက်လေယာဥ်ကို အလယ်တည့်တည့်မှ ပိုင်းဖြတ်ပစ်လိုက်လေသည်။ ထို့နောက် အတောင်ပံထဲ အားထည့်လိုက်ကာ လေယာဉ်၏ခေါင်းနှင့်ကိုယ်ကို ခွဲထုတ်ပစ်လိုက်လေ၏။

လေယာဉ်သည် ဝုန်းကနဲပင် မြေပြင်ပေါ်သို့ ကျသွားပြီး မီးလောင်ကျွမ်းသွားသည်။ လေယာဉ်ပေါက်ကွဲသွားသည့်အသံမှာ မြွေဖြူတောင်တစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့သည်။

အားလုံး ငွေတောင်ပံ၏စွမ်းအားကို အံ့အားသင့်သွားရသည်။ ဤသည်မှာ လေယာဉ်တစ်စင်းဖြစ်သော်လည်း သူကတော့ လက်တစ်ဖက်တည်းဖြင့် ထိုလေယာဉ်ကို ရိုက်ချနိုင်ခဲ့သည်။ အားလုံးမှာ အသက်မရှူနိုင်လောက်သည်အထိ အံ့ဩထိတ်လန့်သွားခဲ့ကြရသည်။

ဘောဓိကြောင့် ဒိမ်ဒီ ဟယ်လီကော်ပတာတစ်စင်း ဆုံးရှုံးခဲ့ရသော်လည်း ယခု ငွေတောင်ပံ သူတို့ကို သင်ခန်းစာ ပေးလိုက်လေပြီ။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးဆပ်ရမည်ပင်။

မြေပြင်ထက်၌ ရှိနေသည့် ခုန်းဂင်သည် တစ်ချက်ခုန်လိုက်သည်နှင့် မီတာပေါင်း ရာချီရောက်သွားသည်ပင်။ ငွေတောင်ပံ သူ့ထံသို့ ပြန်လာသည့်အချိန်တွင် သူ့ကို ဘယ်လိုလုပ် လိုက်မှီတော့မည်နည်း..

ဝုန်း..

သူ မြေကြီးကိုအားဖြင့် စောင့်နင်းလိုက်သည်နှင့် မြေပြင်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ဤသည်မှာ ငလျင်လှုပ်သည်နှင့် တူသော်လည်း ဘေးပတ်လည်၌ ရှိနေသည့် သန္ဓေပြောင်းလူများမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ နေရာအနှံ့သို့ လွင့်ထွက်သွားကြသည်ပင်။

ခုန်းဂင်အတွက်တော့ သန္ဓေပြောင်းလူအုပ်ကြီးမှာ ကောက်ရိုးပုံသာသာပင်။

ခုန်းဂင် လက်ဆန့်တန်းကာ အပင်ပေါ်မှ ခရမ်းရောင်အသီးထံသို့ လက်လှမ်းလိုက်သည်။

ဖုန်း..

ရုတ်တရက် မြေကြီးများပြိုကျသွားကာ ခုန်းဂင်ပင် အက်ကွဲကြောင်းထဲ ကျလုနီးပါး ဖြစ်သွားသည်။

သူ လေထဲ မြန်မြန်ခုန်လိုက်ပြီး လုံခြုံစိတ်ချရသည့်နေရာတစ်နေရာ၌ ဆင်းသက်လိုက်သည်။ ထို့နောက် သူ နောက်ပြန်လှည့်ကာ ပြိုကျသွားသည့်နေရာအား ကြည့်လိုက်သည်။

မြေအောက်ထဲတွင် ဘာမှမရှိတော့။ သစ်ပင်၏အမြစ်နှင့် ပင်စည်ကို သံသေတ္တာထဲ ထည့်ထားပြီး မြင်နေရသည့် အကိုင်းမှာ သေတ္တာထြမှ ထွက်လာသည့်အရာများသာ။

ထို့အပြင် သံသေတ္တာပတ်လည်တွင် ဒိမ်ဒီမှ လူများလည်း ရှိနေသည်။ သူတို့သည် အစောကြီးကတည်းက ဤနေရာ၌ ပုန်းနေခြင်းဖြစ်သည်။ အသီးမှည့်လာမည့်အချိန်ကို စောင့်နေရသောကြောင့်သာ။ မဟုတ်ပါက သူတို့ အစောကြီးကတည်းက ဤသေတ္တာကို ယူပြီးသွားပြီဖြစ်သည်။

ထို့အပြင် ဤနေရာမှာ ဒိမ်ဒီ ချုံခိုတိုက်ခိုက်ရန် စီစဥ်ထားသော ထောင်ချောက်တစ်ခုလည်း ဖြစ်သည်ပင်။

ခုန်းဂင်၏အရေပြားမှ အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ သူထုတ်လွှတ်လိုက်သည့်အသံလှိုင်းသည် သူ၏ရန်သူများကို မူးဝေသွားစေကာ အသိစိတ်လွတ်မတတ်ပင် ဖြစ်သွားစေသည်။

ထို့နောက် ခုန်းဂင် သန္ဓေပြောင်းသူများ ပုန်းအောင်းနေသည့် တွင်းထဲသို့ ခုန်ဆင်းလိုက်သည်။

သေနတ်သံများ စတင်ထွက်ပေါ်လာလေပြီ။ မိုးစက်များကဲ့သို့တုတ်ခိုင်နေသော ကျည်ဆံများသည် ခုန်းဂင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။

ဒိုင်း ဒိုင်း ဒိုင်း…

ခုန်းဂင် သူ၏ဓားကို လွှဲရမ်းကာ ကျည်ဆံများကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ အချို့မှာ သူ့အရေပြားပေါ်သို့ ကျရောက်လာသော်လည်း ပြန်ကန်ထွက်သွားကာ ပစ်လိုက်သည့်သူများသာ ဒဏ်ရာရသွားကြသည်။

သို့သော် မြေအောက်အခန်းလေးမှာ ကျဉ်းကျဉ်းလေးသာ။ သူ မည်မျှပင် လျင်မြန်နေပါစေ ကျည်ဆံအားလုံးကို ရှောင်ရှားနိုင်မည်မဟုတ်။

သူ့ပေါ်သို့ ကျရောက်လာသည့်ကျည်ဆံများကြောင့် သူ နာကျင်သွားရသော်လည်း မည်သည့်ကျည်ဆံမှ သူ့အရေပြားကို ထိုးမဖောက်နိုင်ခဲ့။

သေနတ်သမားများ စတင်ထိတ်လန့်လာကြသည်။ သူတို့ ဘယ်လိုမကောင်းဆိုးဝါးမျိုးကို တွေ့နေရတာလဲ .. ဒီလူရဲ့အရေပြားက စတီးပြားလိုမျိုး မာကျောနေတာ .. ကျည်ဆံတောင် တိုးမပေါက်နိုင်ဘူး .. ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..

မြေပြင်ပေါ်၌ ရှိနေသည့် လူအုပ်ကြီးလည်း အောက်ဘက်မှ တိုက်ပွဲအား မြင်လိုက်ရသည်ပင်။ သူတို့လည်း သေနတ်သမားများနည်းတူ ကြောက်ရွံ့နေကြသည်ပင်။ ခုန်းဂင်ထံ၌ မည်သည့်လက်နက်မှ တိုးမ‌ပေါက်နိုင်သည့် အရေပြားရှိသည်ဟူသည့် ကောလဟာလမှ မှန်နေသည့်ပုံပင်။

သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်နှင့် ခုန်းဂင်သည် ရူးသွပ်နေသည့်ခြင်္သေ့တစ်ကောင်ကဲ့သို့ ရန်သူများကြားထဲ ဒေါသပေါက်ကွဲနေတော့သည်။ ဤအခြေအနေတွင် မည်သူမှ သူ့ကို မတားနိုင်တော့။

သားရဲကြီးနှင့်တွေ့သွားသည့် သန္ဓေပြောင်းလူများအားလုံး အရိုးများကျိုးသွားကြလေ၏။ ရန်သူအားလုံးကို လွင့်ထွက်သွားအောင် လုပ်ပြီးသည်နှင့် ခုန်းဂင် သံသေတ္တာကို ဆုတ်ကိုင်လိုက်သည်။

ပြင်းထန်သည့် တိုက်ပွဲကြောင့် ခရမ်းရောင်အသီး ထိခိုက်သွားမည်ကို သူ စိုးရိမ်နေသည်ပင်။

“ခုန်းဂင် .. မင်း လွတ်လမ်းမရှိတော့ဘူး..” ငွေတောင်ပံ တိုက်ပွဲထဲ ပြန်ဝင်လာသည်။

ဝုန်း..

အဝေးတွင် နှစ်ဘက်ကြားမှ အပြန်အလှန်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လေယာဉ်နှင့် ဟယ်လီကော်ပတာများသည် ကောင်းကင်ထက်၌ ပျံဝဲနေကာ တစ်ဖက်ကိုတစ်ဖက် ကျည်ဆံမိုးများ ရွာသွန်းနေလေသည်။ အင်တာနက်အသုံးပြုသူများ ထင်ကြေးပေးနေကြသည့် အင်အားကြီးနှစ်ဖွဲ့ကြားမှ စစ်ပွဲကြီး စတင်ပြီဟု ပြော၍ရသည့်အချိန် ဖြစ်လာလေပြီ။

လူတိုင်း စိုးရိမ်သောကရောက်နေကြပြီဖြစ်သည်။ လုပ်ငန်းစုကြီးနှစ်ခုကြားမှ တိုက်ပွဲကြီး စတင်လာပြီဖြစ်သောကြောင့် သူတို့ အနိုင်ရနိုင်ချေမရှိတော့ကြောင်း သူတို့ သိလိုက်ကြသည်ပင်။

သို့သော် ဤသို့သော အခြေအနေမျိုးမှာပင် ပျော်ရွှင်နေကြသည့် လူအချို့ရှိသေးသည်။ ကျိုးရိထျန်းဦးဆောင်သည့် ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် သူတို့အသက်ဆုံးရှုံးနိုင်ချေရှိသည်ကိုပင် ဂရုမစိုက်ပဲ ဟိုဟိုဒီဒီပြေးလွှား ရိုက်ကူးနေကြလေသည်။

သန္ဓေပြောင်းလူသားများကြားမှ တိုက်ပွဲ၊ အင်အားကြီးလုပ်ငန်းစုနှစ်ခုကြားမှ ယှဉ်ပြိုင်မှု .. ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ တစ်သက်တွင် တစ်ခါသာ တွေ့နိုင်မည့်မြင်ကွင်းမျိုးပင်။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့်ပင် အော်ဟစ်နေကြလေသည်။

ချူဖုန်းကတော့ မည်သည့်ခံစားချက်မှမပြ။ ကျောက်တုံးကြီးပေါ်၌ထိုင်ကာ ဖြစ်ပျက်နေသမျှကို တည်ငြိမ်စွာ ထိုင်ကြည့်နေသည်။ ထို့နောက် သူ လှုပ်ရှားရန် အချိန်ကျပြီ ဟု ဆုံးဖြတ်လိုက်လေ၏။

နွားဝါလေးသည် သူ့ကို စိတ်မပျက်စေနဲ့။ နွားပေါက်လေး အချိန်ကိုက်ထွက်ပေါ်လာရန် သူမျှော်လင့်ထားခဲ့သည်ပင်။ သူ မျှော်လင့်ထားခဲ့သည့်အတိုင်းလည်း ဖြစ်ခဲ့သည်ပင်။ နွားပေါက်လေးသည် သာမန်သန္ဓေပြောင်းလူသားတစ်ဦးအဖြစ် ဟန်ဆောင်ကာ ခုန်းဂင်နှင့် ငွေတောင်ပံတို့ တိုက်ခိုက်နေသည့်နားသို့ မယောင်မလည် ချဉ်းကပ်သွားလိုက်လေသည်။

သူတို့နှစ်ဦးကြားတွင် ထုတ်ပြောရန်မလိုသည့် နားလည်မှု ရှိနေပြီးသားပင်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် စတင်လှုပ်ရှားလိုက်ကြသည်။

ငွေတောင်ပံနှင့် ခုန်းဂင်တို့ အပြင်းအထန် တိုက်ခိုက်နေကြသည်။ နှစ်ဦးလုံးမှာ အသက်စွန့်ကာ တစ်ဖက်လူကို သေအောင်သတ်မည့်သူပင်။ ဤကဲ့သို့ အရေးကြီးသည့်အခြေအနေမျိုးတွင် မည်သူမှ အရှုံးမပေးချင်ကြ။

ခုန်းဂင် လက်တစ်ဖက်၌ သံသေတ္တာကိုသယ်ကာ အခြားလက်တစ်ဖက်ဖြင့် တိုက်ခိုက်နေရသောကြောင့် သူ အရေးနိမ့်နေသည်ပင်။ သူသည် ရုတ်တရက်ပင် သံသေတ္တာကို လေထဲ မြှောက်လိုက်ပြီး ဓားဖြင့် ခုတ်ပစ်ရန် ပြင်လိုက်သည်။ သို့သော် အခြားတစ်ယောက်ယောက် ထင်းရှူးသီးကို သေနတ်ဖြင့် ပစ်လိုက်နိုင်သည့် ဖြစ်နိုင်ချေကို သူ ထည့်မစဉ်းစားခဲ့။

ထိုအချိန်တွင် သူ့ဘေးပတ်လည်၌ ရှိနေသည့် အခြားသန္ဓေပြောင်းသက်ရှိတစ်ဦး ရုတ်တရက် သူ့ကို တိုက်ခိုက်လာသည်။ ထိုသန္ဓေပြောင်းသက်ရှိ၏ခွန်အားမှာ အခြားသူများထက် သာလွန်နေသည်။

ရုတ်တရက်ပေါ်လာသည့် တတိယလူ၏တိုက်ခိုက်မှုကြောင့် ခုန်းဂင် ထိတ်လန့်သွားရသည်။ သူ ထိုလူ၏တိုက်ခိုက်မှုကို တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း‌ နောက်ကျလွန်းသွားလေပြီ။ ထိုလူ၏စွမ်းအားမှာ ငွေတောင်ပံထက်မနိမ့်။ ဒီလူက ဘယ်သူလဲ..

ခွပ် .. ခွပ်..

ထိုလူသည် အရှက်သိက္ခာမရှိပဲ ခြေထောက်တစ်ဖက်ဖြင့် ခုန်းဂင်၏လက်များကို တက်နင်းလိုက်ပြီး အခြားခြေထောက်တစ်ဖက်ဖြင့် သူ့ခေါင်းနောက်ကို ကန်ထည့်လိုက်လေသည်။ ဤအလစ်တိုက်မှုမှာ အောင်မြင်မှု ကြီးကြီးမားမား ရသွားသည်ပင်။

အခြားလူတစ်ယောက်သာ ဤတိုက်ခိုက်မှုများကို ကြုံလိုက်ရပါက သူတို့ခန္ဓာကိုယ် ဆိုးဆိုးရွားရွား ထိခိုက်သွားမည်ပင်။ သို့သော် ခုန်းဂင်ကတော့ အနည်းငယ် ယိုင်သွားရုံသာ။

နွားဝါလေးသည် အားကုန်ထည့်သုံးထားခြင်းဖြစ်သော်လည်း ဤသားရဲဆန်သည့်လူမှာ အနည်းငယ်သာ ထိခိုက်သွားသည်။

ဝှစ်…

၎င်း၏တိုက်ခိုက်မှုကြောင့် ခုန်းဂင် ထိခိုက်ဒဏ်ရာရမသွားသော်လည်း နွားဝါလေး စိတ်အနှောင့်အယှက်ဖြစ်မသွားပေ။ သူသည် ခုန်းဂင်၏ အံ့သြဖွယ်ခန္ဓာကိုယ်ကို အကဲခတ်လိုက်ပြီး လေပေါ်မှ ကျလာသောသေတ္တာကို သွားဖြင့် ကိုက်လိုက်သည်။ မတ်မတ်ရပ်ပြီး ပြေးနေရသည်မှာ သူ့အတွက် ဒုက္ခများလွန်းသောကြောင့် နွားပေါက်လေး လေးဖက်လုံးအသုံးပြုပြီး ပြေးလိုက်သည်။ သူသည် သေတ္တာလက်ကိုင်ကို ပါးစပ်ဖြင့် ကိုက်ထားပြီး မြင်းရိုင်းတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားလေ၏။

ခုန်းဂင် ဒေါသပေါက်ကွဲသွားရသည်။ သူသည် ခေါင်းကိုအကန်ခံလိုက်ရမှုကြောင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ပြန်ထိန်းရင်း နွားဝါလေး ထွက်ပြေးသွားသည်ကို ကြည့်နေရသည်။ သူသည် ဒေါသတကြီးဟိန်းဟောက်လိုက်ကာ နွားဝါလေးနောက်သို့ ပြေးလိုက်သွားလေသည်။

ငွေတောင်ပံလည်း အလစ်ဝင်တိုက်ခံလိုက်ရသည်ပင်။

ချူဖုန်းသည် နွားဝါနှင့် အချိန်ကိုက်ပင်။ ငွေတောင်ပံ တိုက်ပွဲမှ ထွက်လာရန်အတွက် သူ့မြှားကို အသုံးပြုလိုက်သည်။ ထိုမြှားသည် ငွေတောင်ပံ၏လက်မောင်းကို ဖြတ်သွားပြီး ဒဏ်ရာမှ သွေးများစီးကျလာလေသည်။

လူတစ်ယောက်တည်းကြောင့် ဒုတိယအကြိမ် ဒဏ်ရာရသွားသည်ကို သိလိုက်ရသည့်အချိန်တွင်‌ ငွေတောင်ပံ၏မျက်လုံးထဲ၌ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

သူ ပုခုံးကျော်ကြည့်လိုက်သည့်အချိန်တွင် သစ်ပင်သူခိုးနောက်လိုက်သွားသည့် ခုန်းဂင်ကို တွေ့လိုက်ရသည်။ ခုန်းဂင် သစ်ပင်ကို ပြန်ယူလာနိုင်လိမ့်မည်ဟု သူယုံကြည်သောကြောင့် ချူဖုန်းကိုသာ အေးစက်စွာ စိုက်ကြည့်လာလေသည်။

အမှန်တကယ်တွင် ခုန်းဂင်လည်း အတော်လေး စိုးရိမ်နေရသည်ပင်။ သူတို့နှစ်ဦး ပြေးနေသည်မှာ တိုင်ဟန်းတောင်အပြင်ဘက်ပင် ရောက်တော့မည်။

ဤအတိုင်းသာ ဆက်သွားလျှင် သူ့ပစ်မှတ်ကို သူ မျက်ခြေပြတ်သွားလိမ့်မည်။

ဝုန်း..

လေထဲတွင် ငွေတောင်ပံသည် ငွေရောင်အလင်းများကို ထပ်မံထုတ်လွှတ်လာပြီး ကောင်းကင်တစ်ခုလုံး လင်းထိန်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းမှ ထူးခြားသောစွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်ပြီး ချူဖုန်းထံသို့ ထိုးဆင်းလာလေသည်။

ဝှစ်..

ချူဖုန်း လေးကြီး ညွှတ်နေအောင် လေးကြိုးကို ဆွဲလိုက်ပြီး မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ လေထဲတွင် မိုးခြိမ်းသံနှင့်အတူ လျှပ်စီးတစ်စင်း ထွက်ပေါ်လာပြီး မြှားသည် လေကိုထိုးခွင်းကာ လေထဲရှိ ငွေရောင်ပုံရိပ်ထံသို့ ဦးတည်သွားလေ၏။

ငွေတောင်ပံ၏မျက်ဝန်းများမှာ ကြောက်စရာကောင်းလာသည်။ သူသည် ထိုမြှားကို ရှောင်လိုက်ပြီး လက်ဝါးဖြင့် မြှားတံကို ရိုက်ချလိုက်သည်။ ဝုန်းဟူသည့်အသံနှင့်အတူ မြှားမှာ လေထဲ၌ ပေါက်ကွဲသွားလေသည်။

ပေါက်ကွဲသွားသည့်မြှားကြောင့် ငွေတောင်ပံ၏လက်မောင်း မဲသွားသော်လည်း သူ ဒဏ်ရာရမသွား။

သူ့ရန်သူထံတွင် ကြောက်စရာကောင်းသည့်စွမ်းအား ပိုင်ဆိုင်ထားကြောင်း ချူဖုန်း ဝန်ခံရမည်ပင်။

ဝှစ်.. ဝှစ် .. ဝှစ်..

ချူဖုန်း မြှားကို တိကျစွာပင် ဆက်တိုက်ပစ်လွှတ်လိုက်သည်။ သူသည် အမြင်ဖြင့် ပစ်လိုက်ခြင်းမဟုတ်ပဲ သူ၏ပင်ကိုယ်သိစိတ်အရ ပစ်လိုက်ခြင်းပင်။ သူ့စိတ်ထဲတွင် ရန်သူများ ပုန်းနေနိုင်သည့်နေရာကို သိထားပြီးသားပင်။

ဤစွမ်းရည်မှာ ကျည်ဆံများကို ရှောင်ရှားနိုင်သည့် စွမ်းရည်နှင့်အတူတူပင်ဖြစ်သည်။

ငွေတောင်ပံမှာ စတင်တုန်လှုပ်လာသည်။ သူ ဤမြှားများကို ရှောင်ရန်မဖြစ်နိုင်ကြောင်း သူ သိလိုက်ရသည်။ ထိုမြှားများသည် ဒုံးကျည်များကဲ့သို့ပင် ခြေလက်များပေါ်မှ အရေပြားများကို ပေါက်ပြဲသွားစေခဲ့သည်။ မြှား၏တိကျမှုမှာ အံ့အားသင့်စရာ ကောင်းလှသည်ပင်။

သူသည် စွမ်းအားအကြီးဆုံးလက်နက်ခဲယမ်းများကိုပင် အကြောက်အလန့်ကင်းစွာရင်ဆိုင်နိုင်ခဲ့သော်လည်း ဤမြှားလေးများကြောင့် ထိခိုက်ဒဏ်ရာများရနေခြင်းက သူ့အနေဖြင့် စိတ်ကူး၍ပင်မရနိုင်သောဖြစ်ရပ်တစ်ခု ဖြစ်နေသည်။ ဒီမြှားတွေက ကျည်ဆံထက်တောင် ပိုပြီးအားပြင်းနေတယ်…

“ဒါက မိုးကြိုးနဲ့လျှပ်စီးရဲ့ စွမ်းအားပဲ” သူ့မျက်လုံးများက ပို၍ပို၍အေးစက်လာသည်။ သူသည် မြှားမိုးကိုဖြတ်ကာ ချူဖုန်းထံ ပြေးဝင်သွားရန် ကြိုးစားလိုက်သော်လည်း ဤမြှားများမှာ စိတ်အနှောက်အယှက်ပေးနိုင်သည့်အရာတစ်ခုထက် ပိုနေသည်။ သူ့ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာများရထားသော်လည်း သေစေနိုင်လောက်သည့် ဒဏ်ရာမျိုးတော့ ရ,မထားပေ။

အကယ်၍ မိုးကြိုးလေးသာ ထူးခြားသောပစ္စည်းတစ်ခုသာ မဟုတ်ခဲ့ပါက ငွေတောင်ပံသည် ဤတိုက်ပွဲတွင် စိုးစဥ်းမျှပင် ဒဏ်ရာရမည်မဟုတ်ချေ။

ရုတ်တရက် လေထဲသို့ တိုးဝင်လာသော မြှားမိုးများတွင် ပိုမိုအားကောင်းသည့်လျှပ်စီးလှိုင်းများ ပါဝင်လာသည်။ ကောင်းကင်ထက်မှ ပိုပြင်းထန်သည့် လျှပ်စီးနှင့် မိုးကြိုးများ ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကမ္ဘာလောကကြီးအား အမဲလိုက်လာလေသည်။

ဖူး..

လေထဲ သွေးတစ်ပွက် လွင့်စင်သွားကာ ငွေတောင်ပံထံမှ ညည်းညူသံ ထွက်ပေါ်လာသည်။ သူသည် နာကျင်လွန်းလှသောကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျမတတ်ပင်။

ယခုတစ်ခေါက် မြှားမတူတော့ကြောင်း သူ သတိပြုမိလိုက်သည်။ ယခုမြှားကို အရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဆွတ်ဆွတ်ဖြူနေသည်။ ထိုမြှားသည် သူ့ပုခုံးကို ဖောက်ထွက်သွားပြီး သူ့ပုခုံးမှ အသားစများပင် ထွက်လာသည်။ ယခု သူ ဒဏ်ရာအပြင်းအထန်ရသွားလေပြီ။

ဝှစ် ဝှစ် ဝှစ်…

ချူဖုန်းသည် ငွေတောင်ပံကို သနားငဲ့ညှာမှုမရှိဘဲ သတ်ပစ်ရန်အတွက် အရိုးမြှားများ အသုံးပြုရန် ရွေးချယ်လိုက်ခြင်းပင်။

“အား..”

လေထဲမှ ငွေတောင်ပံက နာကျင်စွာအော်ဟစ်လိုက်သည်။ သူ၏အော်သံက မြွေဖြူတောင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်ပင်။ သူ၏ခန္ဓာကိုယ်တွင် သွေးများ စိုရွှဲနေသော်လည်း သူ့မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်သော အကြည့်များက ထင်ရှားပြတ်သားနေဆဲပင်။ သူသည် ချူဖုန်းကို အေးစက်စက်စိုက်ကြည့်ရင်း ချူဖုန်းအနီးသို့ တရွေ့ရွေ့ထိုးဆင်းလာလေသည်။

သို့သော် သူ၏ ရဲစွမ်းသတ္တိရှိသည့်အပြုအမူကြောင့် ပို၍ ဒုက္ခများသွားလေသည်။ ဆက်တိုက်လာနေသော မြှားမိုးများအကြားမှ အရိုးမြှားတစ်ချောင်း သူ၏ငွေရောင်အတောင်ပံကို ထိုးစိုက်သွားသည်။ ထို့နောက် ထိုထိုးစိုက်ဝင်သွားသည့်နေရာ၌ပင် ထိုမြှားက ပေါက်ကွဲသွားလေသည်။

သူ့အတောင်ပံတစ်ဖက်လုံး စုတ်ပြတ်သွားပြီဖြစ်သောကြောင့် သူ ဟန်ချက်မထိန်းနိုင်တော့ပဲ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

မြွေဖြူတောင်သည် လွန်ခဲ့သောအချိန်အနည်းငယ်က ရုတ်ရုတ်သဲသဲဖြစ်မှုများနှင့် စာနာစိတ်ကင်းသောသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာနေရာတစ်ခု ဖြစ်ခဲ့သည်။ ယခုမူ ထိုဆူဆူညံညံလူအုပ်ကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး မှင်သက်အံ့သြစွာဖြင့် နေရာတစ်ခုထဲသို့ စူးစိုက်ကြည့်နေကြလေသည်။

အဲဒါ နွားနတ်ဘုရားလား..

သူတို့ ငွေတောင်ပံကို မြှားနဲ့ဆက်တိုက်ပစ်နေပြီးတော့ ငါတို့ နတ်ဘုရားအဖြစ်မှတ်ယူထားတဲ့လူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တယ်..

တုန်လှုပ်ခြောက်ခြားမှုကြောင့် လူတိုင်း တုန်ရီသွားကြသည်။ ဤမြင်ကွင်းမှာ သူတို့အားလုံးကို အလွန်အမင်း ထိတ်လန့်အံ့သြသွားစေခဲ့သည်ပင်။

လင်းနွိုင်လည်း ထိုတောင်ထိပ်ပေါ်၌ ရပ်နေသည်ပင်။ လူအများမြင်လိုက်ရသည်ကို သူမလည်း မြင်လိုက်ရသည်။ သူမအတွက်လည်း ထိုမြင်ကွင်းမှာ အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။ ယခင်က ယှဥ်ပြိုင်နိုင်သူမရှိခဲ့သော ငွေတောင်ပံသည် ယခု သေအံ့ဆဲဆဲလူတစ်ဦးဖြစ်နေလေပြီ။

“အား…”

ငွေတောင်ပံက အော်ဟစ်လိုက်သည်။ သူသည် ကောင်းကင်ပေါ်မှ နိမ့်ဆင်းလာပြီး ဤလူကို လက်စားချေနိုင်မည့် အခွင့်ကောင်းကို ရှာနေလေသည်။

“ပြန်လာခဲ့…” လင်းနွိုင်က အမိန့်ပေးလိုက်သည်။ ငွေတောင်ပံ့သေဆုံးသွားမည်ကို သူမ စိုးရိမ်သည်။ မြှား၏ကြောက်မက်ဖွယ်စွမ်းအားကို သူမ မြင်တွေ့လိုက်ရပြီးဖြစ်ပြီး နောက်ထပ်မြှားတစ်ချောင်းတည်းဖြင့်ပင် ငွေတောင်ပံ၏အသက်ကို နှုတ်ယူနိုင်စွမ်းရှိသည်ကို သူမ သိသည်။

ခပ်လှမ်းလှမ်းရှိ နိုင်ငံ၏အလှနတ်ဘုရားမ တင်းစီထုန်လည်း ထိတ်လန့်သွားရသည်ပင်။ ‘နွားနတ်ဘုရား’ ဟု ခေါ်သည့်လူမှာ ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူမ မထင်ထားခဲ့။ ငွေတောင်ပံပင်လျှင် သူ၏ပြိုင်ဘက်မဟုတ်တော့။

မြွေဖြူတောင်တွင် အသံများ တိတ်ဆိတ်သွားသည်။ သို့သော် ဤသည်မှာ လူအုပ်ကြီး ထပ်မံမကြွေးကြော်ခင် ခဏမျှသာ ကြာလိုက်သည်။

အပိုင်း ၆၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset