ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၉ – အမြန်နှုန်းနှင့် လျှောက်လှမ်းခြင်း
မြွေဖြူတောင်တွင် အခြေအနေများ ပရမ်းပတာဖြစ်နေသည်။ သစ်သီး ရင့်မှည့်လာပြီဖြစ်၍ ထိုသစ်သီးအတွက် ကြောက်မက်ဖွယ် ယှဥ်ပြိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာပြီဖြစ်သည်။
ငွေတောင်ပံနှင့် ခုန်းဂင်တို့သည် သစ်ပင်အနား၌ ရှိနေကြသော်လည်း တိုက်ခိုက်နေရသောကြောင့် မအားလပ်တော့။
စိမ်းစိုနေသည့် သစ်ပင်ကြီးထံသို့ ပြေးသွားသည့်လူများစွာ ရှိနေသော်လည်း ဤသန္ဓေပြောင်းလူနှစ်ဦးကို ဖြတ်ကျော်နိုင်မှသာ သူတို့ ခရမ်းရောင်အသီးကို ရကြလိမ့်မည်။
သူတို့နှစ်ဦးကို မည်သူကများ ယှဉ်ပြိုင်နိုင်မည်နည်း..
ချူဖုန်းလည်း စတင်လှုပ်ရှားလိုက်သည်။ သို့သော် သူသည် သစ်သီးထံသို့ ဦးတည်နေခြင်းမဟုတ်ပဲ တောင်ကိုကျော်လွန်ကာ အရှေ့ဘက်သို့ သွားနေခြင်းပင်။ သူ့ပစ်မှတ်မှာ ‘မူ’ ပင်။ သူတို့နှစ်ဦးကြားမှ ရန်ငြိုးကို သူ ချက်ချင်း အဆုံးသတ်လိုက်ချင်သည်။
ချူဖုန်း လှုပ်ရှားသည်ကို သတိပြုမိသွားသည်နှင့် လူအုပ်ကြီးမှာ ထိတ်လန့်သွားကြရသည်။
လွန်ခဲ့သော မိနစ်ပိုင်းက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ ရုတ်တရက် ရပ်တန့်သွားသော်လည်း ထိုစက္ကန့်ပိုင်းသာကြာခဲ့သည့်ထိုတိုက်ပွဲတွင် ချူဖုန်း သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည်။ သူသည် အနက်ရောင်ဓားမြောင်တစ်ခုတည်းဖြင့် ငွေတောင်ပံကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။
“သူ ဘာလုပ်နေတာလဲ..” လူများ နားမလည်နိုင် ဖြစ်နေကြသည်။
ချူဖုန်း၏အရှိန်မှာ ယခင်အတိုင်း ရူးလောက်အောင် မြန်နေဆဲပင်။ သူသွားသည့်လမ်းတစ်လျှောက်ရှိ သဲနှင့်ဖုန်မှုန့်များ လေထဲ လွင့်ပျံသွားလေသည်။
ချူဖုန်းသည် မြစ်များ တစ်စင်းပြီးတစ်စင်း၊ တောင်များတစ်တောင်ပြီးတစ်တောင်ကို ဖြတ်ကျော်သွားခဲ့သည်။ လက်ရွေးစင်စစ်သား တစ်ဖွဲ့ပင်လျှင် သူ့ကို နှောင့်နှေးအောင် မလုပ်နိုင်ခဲ့။
လမ်းတစ်လျှောက် သူ့ကိုပစ်ခတ်နေသည့် ကျည်ဆံများနှင့် အမြောက်များရှိသော်လည်း သူ၏အန္တရာယ်ကို ကြိုသိနေသည့်မသိစိတ်ကြောင့် ထိုအရာအားလုံးကို ကျော်လွှားကာ အကြောက်တရားကင်းမဲ့စွာဖြင့်ပင် ဆက်သွားနေခဲ့သည်။
သူဒီမှာ …
တောင်ခြေတစ်ခုသို့ ရောက်သည်နှင့် သူ၏တရားခံကို ရှာဖွေသည့်ခရီးစဉ် ပြီးဆုံးသွားလေပြီ။
ယခုအချိန်တွင် မူ သူ့မြင်ကွင်းရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူ့ဘေးတွင် လင်းနွိုင်လည်း ရှိနေသည်။ သူမသည် ယခင်အတိုင်း လှပကျက်သရေရှိနေဆဲပင်။ သူမလည်း တောင်ထိပ်၌ရပ်ကာ ချူဖုန်းကို ကြည့်နေခဲ့သည်ပင်။
“သူ့ကို သတ် .. သူ့ကို သတ်ကြ..” မူ ဒေါသတကြီး ပြောလိုက်သည်။ မုမိသားစုသည် တစ်ရက်တည်းအတွင်း များစွာဆုံးရှုံးခဲ့ပြီဖြစ်သည်။ ဤလူ ကျေးဇူးကြောင့် သူ့လက်အောက်၌ လုပ်နေသည့် သန္ဓေပြောင်းလူ ၁၆ ဦး အသတ်ခံခဲ့ရသည်။
ယခု ဤလူ သူနှင့်စာရင်းရှင်းချင်နေကြောင်းတွေ့လိုက်ရသည့်အချိန်တွင် သူ ထပ်သည်းမခံနိုင်တော့။
အစမှအဆုံးထိ သူ ဗျူဟာအမှားကို အသုံးပြုမိခဲ့သည်။ ယခုတော့ အခြိမ်းခြောက်ခံနေရသည့်သူမှာ သူဖြစ်သွားပြီး သူ၏ဂုဏ်သိက္ခာအားလုံး ပျက်စီးသွားလေပြီ။ သူ ဤလူကို ယခုချက်ချင်းပင် သတ်ပစ်ချင်နေလေပြီ။
သူ့ဘေးနားတွင် အောက်ဘက်ရှိ ချူဖုန်းကို ချိန်ရွယ်နေသည့် အမြောက်များရှိနေသည်။ အမြောက်ဆံများကျသွားသည့်နေရာတိုင်း များစွာပျက်စီးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အောက်ဘက်ရှိမြေနေရာများမှာ မီးလောင်ပြင်အဖြစ် ပြောင်းလဲသွားလေသည်။
သို့သော် ချူဖုန်းသည် ပစ်ခတ်မှုအားလုံးကို ရှောင်ရှားကာ တောင်ထိပ်သို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။ သူသည် ရန်သူအခြေအနေကို သိရန်အတွက် တောင်ကို တစ်ပတ်ပတ်လိုက်သည်။
ဝှစ် .. ဝှစ် .. ဝှစ်..
တောင်ကြောတစ်လျှောက် အရိပ်တစ်ဒါဇင်ခန့် ထွက်ပေါ်လာသည်။ အားလုံးမှာ သန္ဓေပြောင်းလူသားများဖြစ်ပြီး လက်ထဲ၌ အမြောက်လောင်ချာများ သယ်ဆောင်ထားကြသည်။ သူတို့ပစ်မှတ်ကို လွယ်လွယ်ကူကူပင် သုတ်သင်ပစ်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်နေကြသည်ပင်။
တစ်ချိန်တည်းမှာပင် မူ ရဟတ်ယာဉ်ပေါ်ခုန်တက်လိုက်ကာ “ငါမင်းကို ငါ့လက်နဲ့သတ်ပစ်မယ်..” ဟု ပြောလိုက်သည်။
လူအုပ်ကြီး၏အာရုံလည်း ဤတိုက်ပွဲ၌သာ ရှိနေတော့သည်။ ဤမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှသလို အံ့အားသင့်စရာလည်း ကောင်းလှသည်။ မူ ရဟတ်ယာဉ်ပေါ်သို့ တက်သွားပြီး ချူဖုန်းအား ကျည်ဆံမိုးရွာသွန်းနေသည်ကို သူတို့ အံ့အားတကြီး ကြည့်နေကြရသည်။
အားလုံးတွင် အကန့်အသတ်ရှိသည်။ ချူဖုန်း မည်မျှပင် စွမ်းအားကြီးပါစေ သူသည် လူသားတစ်ဦးသာ။ သူ ကျည်ဆံမိုးများကို ရှောင်ရှားနိုင်သော်လည်း ရဟတ်ယာဉ်မှ ဗုံးကြဲနေသည်ကို သူ ရှောင်နိုင်မည်မဟုတ်။
“မင်း ဘယ်သူဖြစ်ဖြစ်၊ ဘယ်ကလာတာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး.. ဒီနေ့ မင်းသေရမယ်..” မူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ့ထံတွင် အခြားရွေးချယ်စရာမရှိတော့… မဟုတ်လျှင် သူ့ကလန်သားများကို သူ ဘယ်လို မျက်နှာချင်းဆိုင်ရတော့မည်နည်း.. သူ့လက်အောက်၌ အလုပ်လုပ်နေသည့်သူများမှာ သူ့ကို ခေါင်းဆောင်အဖြစ် လက်ခံပါတော့မလား..
ဝုန်း..
ရဟတ်ယာဉ်၏တိုက်ခိုက်မှု စတင်လေပြီ။ အစပိုင်းတွင် များပြားလှသည့် ကျည်ဆံမိုး ရွာသွားလာပြီး မြေပြင်ပေါ်ရှိ သစ်ပင်များမီးလောင်ကျွမ်းသွားသည်။
အရှက်တရားနှင့် သိမ်ငယ်မှုကြောင့် မူ အသိစိတ်လွတ်သွားလေပြီ။ သူ့ထံ၌ အမုန်းတရားသာ ရှိတော့သည်။
သန္ဓေပြောင်းတပ်သားများလည်း တောင်ခြေသို့ ဦးတည်သွားကာ အမြောက်များကို တစ်လုံးပြီးတစ်လုံး ပစ်ခတ်နေကြသည်။ သူတို့ပစ်လိုက်သည့်အမြောက်များမှာ ကျည်ဆံမိုးထက် အားမနည်းလှ။
အမှန်တကယ်တွင် သူတို့စိတ်ထဲ၌ အကြောက်တရားတစ်ခု ရှိနေသည်။ သူတို့ပြိုင်ဘက် မိုးကြိုးသွားဖြင့် ရုတ်တရက် တိုက်ခိုက်လာမည်စိုးသောကြောင့် သူတို့သည် ချူဖုန်းနား မကပ်ရဲပဲ အမြောက်ဖြင့်သာ ပစ်ခတ်နေကြသည်။
မြွေဖြူတောင်မှာ ဖရိုဖရဲဖြစ်နေလေပြီ။ တိုက်ပွဲအား ကြည့်ရှုနေကြသူများပင် ဘေးကင်းရာသို့ နေရာရွှေ့ပြောင်းနေကြရသည်။ ကျည်ဆန်များနှင့် ဒုံးကျည်များကြောင့် ဤနေရာတွင် စစ်ပွဲကြီးတစ်ခုဖြစ်ပွားနေသည်နှင့်ပင် တူနေသည်။
“နွားနတ်ဘုရား .. သွားသေလိုက်တော့…” မူ အော်ဟစ်လိုက်သည်။ သူ ရဟတ်ယာဉ်ထဲ၌ ပုန်းနေသော်လည်း သူ့အော်သံကို လူအုပ်ကြီး ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ချူဖုန်း သွေးများ အေးခဲသွားရသည်။ သူ ခေါင်းမော့ကာ ထိုရဟတ်ယာဉ်ကို စိုက်ကြည့်လိုက်သည်။
သူ့အရေပြားကို ထိုးဖောက်လာသည့် နာကျင်မှုတစ်ခုကို သူ ခံစားနေရသည်။ ထို့အပြင် သူ့ဘေးပတ်လည်၌ အန္တရာယ်အငွေ့အသက်များကို ရှိနေသည်ကိုလည်း ခံစားနေရသည်။ ဤသည်မှာ သူ၏အာရုံခံနိုင်စွမ်းမှ သတိပေးချက်များပင်။
ဝုန်း..
ချူဖုန်း ရပ်နေသည့် တောင်နံရံတစ်ခုလုံးသည် ဘာမှမကျန်တော့အောင် ပြိုကျပျက်စီးသွားလေသည်။ အပင်များ ပြာမှုန့်များဖြစ်သွားကာ ကျောက်တောင်ကျောက်ခဲများလည်း ချော်ရည်အဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ ဒုံးကျည်တိုက်ခိုက်လိုက်ခြင်းပင်။
မူ စိတ်လွတ်သွားလေပြီ။ သူသည် ချူဖုန်း သေရန်အတွက် သေနတ်များ၊ အမြောက်များပင် မသုံးတော့ပဲ ဒုံးကျည်ကို အသုံးပြုလာသည်။
မူသည် စဉ်းစားချင့်ချိန်တတ်ပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်သူဖြစ်သည်။ ဒုံးကျည်ကို အသုံးပြုခြင်းမှာ ဖြုန်းတီးခြင်းဖြစ်သည်ကို သူသိသော်လည်း သူ့ဒေါသကြောင့် သူ့စိတ်သူ ထိန်းမရတော့။
“စစ်ပွဲဖြစ်နေတာလား..”
မူ ဒုံးကျည်ကို အသုံးပြုလိုက်သောကြောင့် အဝေးမှ လူအုပ်ကြီး ထိတ်လန့်သွားကြရသည်။ “ဒီလိုပေါက်ကွဲအားကို ဘယ်သူက ခံနိုင်မှာလဲ..” လူအုပ်ကြီး သူတို့ကိုယ်သူတို့ ပြောလိုက်သည်။ “ငွေတောင်ပံနဲ့ ခုန်းဂင်တောင် တစ်စစီဖြစ်သွားမှာပဲ..”
“ဘာ .. သူက .. အသက်ရှင်နေတုန်းလား..”
“ဘုရားရေ .. နွားနတ်ဘုရား အသက်ရှင်နေတုန်းပဲ..”
လူအုပ်ကြီး အံ့အားသင့်သွားကာ သူတို့အားလုံး ဒုံးကျည်ဒဏ်ကြောင့် မီးလောင်ပြာကျသွားသောနေရာသို့ အာရုံစိုက်ပြီး ကြည့်လိုက်ကြသည်။
ချူဖုန်း မြေပြင်ပေါ်သို့ မတ်တပ်ရပ်လိုက်ကာ သူ့အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ခါချနေသည်။ သူ ဒဏ်ရာရမသွား။ သူ့အဝတ်အစားများသာ အနည်းငယ် စုတ်ပြဲသွားသည်။
သေနိုင်လောက်သော ပေါက်ကွဲမှုကြီးတွင် နွားနတ်ဘုရားက အသက်ရှင်ကျန်နေသေးသည်။
လူအများအံ့သြတကြီးဖြစ်နေကြပြီး ဆူဆူညံညံအသံများထွက်ပေါ်လာသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” မူ လည်း အံ့သြမှင်သက်သွားရသည်။ ဒီလူက လူလား နတ်ဘုရားလား.. မူ သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။
မြွေဖြူတောင်မှ လူအုပ်ကြီးမှာ မငြိမ်သက်နိုင်တော့။ သူတို့သည် နွားနတ်ဘုရား၏ ခွန်အားနှင့် စွမ်းအားကို အံ့အားသင့်ပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။
“တော်တော်ထူးခြားတဲ့လူပဲ..”
လူအုပ်ထဲမှ လူတစ်ဦး သက်ပြင်းချလိုက်သည်။ သူတို့အမြင်တွင်တော့ နွားနတ်ဘုရားသည် ကောင်းကင်မှနတ်ဘုရားနှင့် မကွာတော့။
လူအုပ်ထဲမှ စိတ်အလှုပ်ရှားဆုံးလူတစ်ဦးမှာ ကျိုးရိထျန်းပင်။ သူသည် တိုက်ခိုက်မှုစတင်ကတည်းက ချူဖုန်းကိုသာ အာရုံစိုက်ထားခဲ့သည်။ သူ့လက်ထဲရှိ အဆင့်မြင့်ရိုက်ကူးရေးပစ္စည်းမှာ ချူဖုန်းကိုသာ ချိန်ရွယ်ထားသည်ပင်။
သူ လူရွေးမှန်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။
“မင်း အသက်ရှည်ရှည်နေရမှာ မဟုတ်ဘူး..” ဟယ်လီကော်ပတာပေါ်မှ မူ အော်ဟစ်လိုက်သည်။ သူသည် ချောမောလှပသည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူ့ရင်ဘတ်ထဲ ဒေါသမီးများ တောက်လောင်နေသောကြောင့် သူ့မျက်နှာလည်း အလွန်ရုပ်ဆိုးနေပြီဖြစ်သည်။ သူ့ရန်သူကို မသတ်နိုင်ခြင်းမှာ သူ့ကို သိက္ခာကျစေသည်ပင်။
ဟယ်လီကော်ပတာဖြင့်ပင် ရန်သူကို မသတ်နိုင်ပါက သူ့သိက္ခာများ ရေစုန်မျောသွားလိမ့်မည်။ သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမည်မဟုတ်တော့သလို လင်းနွိုင်အမြင်တွင်လည်း သူ နိမ့်ကျသွားလိမ့်မည်။
ချူဖုန်း စကားတစ်ခွန်းမှ မပြောပဲ မြေပြင်၌ မြဲမြံစွာ ရပ်နေပြီး ဟယ်လီကော်ပတာကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် သတ်ဖြတ်လိုသည့်အကြည့်များသာ ရှိနေသည်။
သူလည်း ဒေါသထွက်နေသည်ပင်။ အစောပိုင်းက အခြေအနေမှာ အလွန်အန္တရာယ်များလှသည်။ အခြားသူများအမြင်တွင် သူသည် ပြိုင်ဘက်ကင်းမှော်စွမ်းအားရှိနေသောကြောင့် သူ လွယ်လွယ်ကူကူလွတ်မြောက်သွားခြင်းဖြစ်သည်ဟု ထင်ရလိမ့်မည်။ သို့သော် မည်မျှ အန္တရာယ်များခဲ့သည်ကို သူသာသိသည်။ ထိုဒုံးကျည်ကြီး ရောက်မလာခင် သူ စက္ကန့်အနည်းငယ်သာ ရခဲ့သည်။
“မူ .. မင်းက သောက်သုံးမကျတဲ့ခွေးရူးကြီးပဲ .. မင်း သေချင်နေတာမလား .. ငါ မင်းကို အခုပဲ သတ်ပေးမယ်..” ချူဖုန်း ကျောချမ်းစရာကောင်းသည့်လေသံဖြင့် ပြောလိုက်သည်။
နွားနတ်ဘုရား၏ကြွေးကြော်သံအား ကြားလိုက်ရသည့်အချိန် လူအုပ်ကြီး ထိတ်လန့်သွားရသည်။ သူက မူရှိနေတဲ့ ဟယ်လီကော်ပတာကို ဘယ်လိုတိုက်ခိုက်မှာလဲ…
သူ့ရဲ့ သားရေအင်္ကျီအောက်မှာ အတောင်ပံတစ်စုံ ရှိနေတာလား..
လူအုပ်ကြီးမှာ သံသယများ ပြည့်နှက်သွားရသည်။ သူတို့အားလုံး အသက်အောင့်ကာ နွားနတ်ဘုရားကိုသာ စိုက်ကြည့်နေလိုက်ကြသည်။
မူ အတော်လေး ဒေါသထွက်နေပြီဖြစ်သည်။ သူ မွေးကတည်းက သူ့ဘဝခရီးလမ်း ချောမွေ့ခဲ့ပြီး မည်သူမှ သူ့ကို ခွေးရူးဟု မခေါ်ရဲခဲ့။
“မင်းသေပြီပဲ ခွေးကောင်..” သူ အော်ဟစ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူ ဆွံ့အသွားရသည်။
သူသာမက အောက်မှ လူအုပ်ကြီးလည်း ငေးကြောင်သွားရသည်ပင်။
ချူဖုန်းသည် သူ့နောက်မှ ကြီးမားလှသည့် လေးကြီးတစ်ခုကို ထုတ်လာသည်ပင်။ ထို့နောက် မြှားတစ်ခု ထုတ်လိုက်ကာ လေးကြိုး၌ တပ်လိုက်ပြီး အပေါ်ဘက်မှ ဟယ်လီကော်ပတာကို ချိန်လိုက်သည်။
ဘာဖြစ်နေတာလဲ..
လေး၊ မြှားနဲ့ ဟယ်လီကော်ပတာကို ပစ်မလို့လား..
သူ ဟာသလာလုပ်နေတာလား..
ယဉ်ကျေးမှုလွန်ခေတ်တွင် စစ်တပ်သုံးဟယ်လီကော်ပတာကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားကြသည်ပင်။ လေး၊ မြှားမပြောနှင့် သေနတ်ဖြင့်ပင် ဟယ်လီကော်ပတာကို ပစ်ခတ်ရန် မလွယ်ကူ။
မူသည် တစ်ခဏခန့် ငေးကြောင်သွးပြီးနောက် ဝါးလုံးကွဲ ရယ်မောလာလေသည်။
“သောက်ရူး အခုလက်ရှိ အခြေအနေအမှန်ကို မသိရတော့လောက်အောင်အထိ မင်း ဦးနှောက်က သုံးစားမရတော့ဘူးလား… မင်းရဲ့လေးကို ပစ်ချလိုက်ပြီးတော့ ရူးကြောင်ကြောင်လူလိုသာ နေစမ်းပါ” မူ အော်ပြောလိုက်သည်။ ဤလူသည် ယခုမှ မြို့ထဲသို့တက်လာသည့် တောသားများလားဟု သူ မေးခွန်းထုတ်လိုက်သည်။
“ဟား ဟား…”
အမြောက်လောင်ချာများ ကိုင်ထားသည့် သန္ဓေပြောင်းလူများလည်း အော်ဟစ်ရယ်မောလိုက်ကြသည်။ လူတစ်ယောက် ဤမျှနုံချာလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
ချူဖုန်း၏လုပ်ရပ်ကို လူအုပ်ကြီးပင် ဆွံ့အသွားရသည်။ နွားနတ်ဘုရား ဘာဖြစ်သွားတာလဲ .. အလန့်လွန်သွားတာလား..
“ကျွန်တော်တို့ ဘာလုပ်ကြမလဲ ဒါရိုက်တာ..” ရိုက်ကူးရေးအဖွဲ့သားတစ်ဦး မေးလိုက်သည်။
“အာရုံပျံ့မသွားနဲ့ စစ်သားတိုပ့ .. ကင်မရာကို သူ့ကိုပဲ ချိန်ထား..” ကျိုးရိထျန်း အံကြိတ်၍ ပြောလိုက်သည်။
ဝုန်း..
သို့သော် ချူဖုန်း သူ့မြှား ပစ်လွှတ်လိုက်သည့်အချိန်တွင်တော့ ရယ်သံများ တိတ်ကျသွားသည်။
မျက်စိကျိန်းလောက်သည့် လျှပ်စီးနှင့်အတူ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ လျှပ်စီးတန်းများမှာ နေရာအနှံ့သို့ ပျံ့လွင့်သွားလေသည်။ ထို့နောက် အလွန်ကျယ်လောင်လှသည့်အသံနှင့်အတူ မြှားသည် လေးကြိုးမှ ထွက်သွားသည်။
ဤသည်မှာ မိုးကြိုးပစ်ချသည့်အသံပင်။ ထို့နောက် နားစည်ပေါက်ကွဲလုနီးပါး ကျယ်လောင်သော မိုးခြိမ်းသံကြီးနှင့်အတူ ထိန်ထိန်လင်းနေသောလျှပ်စီးကြောင်းတစ်ခု ပေါ်လာသည်။ ဖုန်မှုန့်နှင့် ကျောက်ခဲများ လွင့်စင်လာကာ အလင်းများလည်း ပြိုးပြိုးပျက်ပျက် တောက်ပလာသည်။ မြှားကတော့ လျှပ်စီးကြောင်းနှင့်အတူ ဟယ်လီကော်ပတာထံသို့ ဦးတည်သွားပြီဖြစ်သည်။
ဘာတွေ ဖြစ်နေတာလဲ .. အားလုံး အံ့အားသင့်သွားရသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..
ဝုန်း..
ဟယ်လီကော်ပတာနောက်မြှီး လေထဲ၌ ပေါက်ကွဲကာ တစ်စစီဖြစ်သွားသည်။ ပေါက်ကွဲမှုကြောင့် မီးတောက်နှင့် မီးခိုးများ ထွက်လာသည်။ ထို့နောက် ထိုအပိုင်းအစများအားလုံး အောက်ဘက်ရှိ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားလေသည်။
မူ၏ နီရဲနေသည့်ပါးပြင်မှာ ဖြူဖျော့လာသည်။ သူ့ဟယ်လီကော်ပတာကို နွားနတ်ဘုရားကဲ့သို့သော ရှေးဟောင်းသားရဲက လေး၊ မြှားဖြင့် ပစ်ချလိမ့်မည်ဟု သူ မထင်ထားခဲ့။
“မဟုတ်ဘူး..” သူ့ဘဝ၏နောက်ဆုံးစကားကို အလန့်တကြား ပြောလိုက်လေသည်။
သန္ဓေပြောင်းလူသားအုပ်စုမှာတော့ ရယ်သံများတိတ်သွားပြီး ပါးစပ်ပိတ်သွားကြလေသည်။ သူတို့အားလုံး ကြောက်ရွံ့နေကြလေပြီ။
မြွေဖြူတောင်မှာ နောက်ဆုံးတော့ တိတ်ဆက်ငြိမ်သက်ကာ ငြိမ်းချမ်းသွားလေပြီ။ ကြည့်နေကြသည့်လူအုပ်ကြီးပင် ငေးကြောင်နေကာ အသံတစ်သံမှ မထွက်တော့။
ကျိုးရိထျန်းမှာ စိတ်နောက်ကျိသွားပြီး သူမြင်နေရသည့် မြင်ကွင်းမှာ အတုလား အစစ်လားပင်မသိတော့။
“ဒါရိုက်တာ .. ကျွန်တော်တို့ အားလုံး ရိုက်လိုက်နိုင်တယ်..” ကင်မရာမန်းတစ်ဦးမှ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ငါလခွမ်း .. ဒါက သောက်ရမ်းမိုက်တယ် .. ငါ စိတ်ကူးယဉ်နေတာလား .. ဒါမှမဟုတ် တကယ်ဖြစ်နေတာလား..”
“နွားနတ်ဘုရား ဘာလုပ်လိုက်တာလဲ .. ဘယ်သူ သိပ္ပံနည်းကျကျ ရှင်းပြနိုင်လဲ..”
…
သို့သော် ချူဖုန်းကတော့ သူ့အောင်မြင်မှုကို ဆင်နွှဲရန် တစ်စက္ကန့်ပင် ရပ်မနေခဲ့။ သူ မူကို အသက်ရှင်စေချင်သောကြောင့် အမြှီးကို တမင်သက်သက် ပစ်လိုက်ခြင်းပင်။ ယခု မူ၏အသက်မှာ သူ့လက်ထဲ၌သာ ရှိတော့သည်။
သေချာပါသည်။ မူသည်လည်း သန္ဓေပြောင်းလူတစ်ဦးဖြစ်သောကြောင့် ဟယ်လီကော်ပတာပျက်စီးမသွားခင် စက္ကန့်ပိုင်းအလိုတွင် ဟယ်လီကော်ပတာထဲမှ ထွက်လာနိုင်ခဲ့သည်။ ယခု သူ သစ်ပင်တစ်ပင်ထက်၌ တွဲလောင်းကျနေသည်ပင်။
ဟယ်လီကော်ပတာကတော့ မြေပြင်သို့ ထိုးဆင်းလာပြီးနောက် ဟယ်လီကော်ပတာတစ်စင်းလုံး အပိုင်းပိုင်းအစစဖြစ်သွားသည်။ မီးတောက်များမှာ ကောင်းကင်ကိုပင် လွှမ်းခြုံတော့မတတ်ပင်။
ဝှစ်..
မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း ဟယ်လီကော်ပတာပေါက်ကွဲသည့်နေရာသို့ ရောက်လာကာ မူကို ကော်လံမှ ဆွဲယူလိုက်သည်။
မူသည် အသက်ရှင်နေဆဲဖြစ်သော်လည်း အခြေအနေ သိပ်မကောင်းတော့။ သူ့အရိုးများနှင့် အရွတ်များအားလုံး ပျက်စီးသွားပြီဖြစ်သည်။ သူသည် သစ်ပင်ထက်၌ မလှုပ်မယှက် တွဲလောင်းကျနေသည်ပင်။
“ငါ့ကို မသတ်ပါနဲ့..” မူ ကြောက်လန့်တကြား ပြောလိုက်သည်။ အသက်ရှင်နိုင်ရန်အတွက် သူ့သိက္ခာအားလုံးကို ဘေးဖယ်ထားလိုက်တော့မည်။ သူ့မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေပြီ။
“ဘယ်လိုသတ္တဝါမျိုးပါလိမ့် … နွားနတ်ဘုရားက အရမ်းကို စွမ်းအားကြီးပြီး ကြောက်စရာကောင်းတယ်..” လူအုပ်ထဲမှ အသံများ ထွက်လာသည်။
နွားနတ်ဘုရားလုပ်ပြသွားသည်မှာ သူတို့တွေးထင်ထားသည်ထက်ပင် ကျော်လွန်နေသည်။
ချူဖုန်းသည် မလှုပ်ရှားနိုင်သည့် အသားစိုင်ကြီးကို လက်တစ်ဖက်တည်းဖြင့် မ လာပြီး လူအုပ်အလယ်သို့ လျှောက်လာခဲ့သည်။ ထို့နောက် တောင်ခြေ၌ မှင်သက်စွာရပ်နေကြသည့် သန္ဓေပြောင်းလူများကို သူ တစ်ချက်ဝေ့ကြည့်လိုက်သည်။
လင်းနွိုင်သည် တောင်ထိပ်၌ ရပ်ကာ တောင်အောက်မှ အဖြစ်အပျက်များကိုတည်ငြိမ်စွာပင် ကြည့်နေသည်။
“ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ..” မူ နှိမ့်ချစွာပင် တောင်းဆိုလာလေသည်။
ချူဖုန်း သူ့ကို လျစ်လျူရှုလိုက်သည်။
“ဒီလူအုပ်ထဲက ခပ်ကြောင်ကြောင်အတွေးရှိနေသေးတဲ့တချို့လူတွေကို ငါ သတိပေးလိုက်မယ်.. ငါ့ကို ရန်လာမစကြနဲ့.. ဒါ မင်းတို့ရဲ့အဆုံးသတ်ဖြစ်သွားမယ် ” ချူဖုန်း မိုက်ကြည့်ကြည့်ရင်း အော်ပြောလိုက်သည်။
ထို့နောက် သူ့လက်ထဲမှ ဓားမြှောင်ကို ခေါင်းငုံ့ကြည့်လိုက်သည်။ ထို့နောက် လူအုပ်ကြီးရှေ့မှာပင် မူ၏လည်ပင်းကို လှီးဖြတ်ကာ ခေါင်းနှင့်ကိုယ် ကွဲသွားစေလိုက်လေသည်။
“သောက်ရူးခွေး .. မင်းက ငါ့ရဲ့ ‘မိုးကြိုး’လေးကို စောစောထုတ်သုံးရအောင် ဖိအားပေးလိုက်တာပဲ..” ချူဖုန်း ကျိန်ဆဲလိုက်သည်။
ထို့နောက် သူသည် ရုတ်တရက် ခေါင်းမော့လာကာ “ငါ့လေးကို အားလုံးမြင်သွားပြီဆိုတော့ ငါ့အလုပ်ကို အပြတ်ဖြတ်လိုက်ရင်ရော..”
ချူဖုန်း ခြေလှမ်းကျယ်ကြီးဖြင့် လှမ်းသွားကာ စစ်မြေပြင်တစ်ဖက်၊ ခရမ်းရောင်အသီး ရှိနေသည့်နေရာသို့ ဦးတည်သွားလိုက်သည်။
နွားနတ်ဘုရား အသီးအတွက် တိုက်ခိုက်တော့မည်ဖြစ်ကြောင်း အားလုံး သိလိုက်သည်။
ချူဖုန်း အပင်နှင့် ခပ်လှမ်းလှမ်းတွင် နေလိုက်ပြီးနောက် မြှားတပ်ကာ ငွေတောင်ပံကို ချိန်ရွယ်လိုက်သည်။
သူ ဘာလုပ်နေတာလဲ .. သူက ထိပ်ဆုံးကလူတစ်ယောက်ကို ပစ်သတ်တော့မှာလား..
ယခုအချိန်တွင် တင်းမာမှုမှာ အထွဋ်အထိပ်သို့ ရောက်နေလေပြီ။
အစပိုင်းတွင် သူတို့နှစ်ဦးကြားမှ တိုက်ပွဲကို စတင်ခဲ့သူမှာ ငွေတောင်ပံပင်ဖြစ်သည်။ ထိုတိုက်ပွဲတွင် ငွေတောင်ပံ အရှက်ရဖွယ်ရှုံးနိမ့်သွားခဲ့သည်။ ယခု နွားနတ်ဘုရား လက်စားချေမည့်အချိန်သို့ ရောက်လာလေပြီ။
အပိုင်း ၅၉ ပြီး၏။