ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၈ – သိမ်ငယ်မှု
ငွေတောင်ပံက စတင်တိုက်ခိုက်လာလေပြီ။
လူအုပ်တွင်းမှ သန္ဓေပြောင်းသူများ ကြောက်လန့်တုန်လှုပ်သွားကြရသည်။
သူ လေထဲသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေသော ငွေရောင်အလင်းတန်းများမှာ ကြောက်မက်ဖွယ်အလင်းလှိုင်းစုများအဖြစ် ပြောင်းလဲသွားသည်။
ထိပ်တန်းစွမ်းအားရှိ သန္ဓေပြောင်းသူတစ်ဦးအနေဖြင့် သူ ရှူနေသော ဝင်လေထွက်လေကပင် စည်းချက်တစ်ခု ဖြစ်နေပြီး သန္ဓေပြောင်းလူများ၏စိတ်ကို လွှမ်းမိုးနိုင်နေသည်ပင်။
အထူးသဖြင့် သူ ခပ်နိမ့်နိမ့်ပျံသန်းလိုက်သည်နှင့် လူများစွာမှာ သူ၏နတ်ဘုရားကဲ့သို့သော တည်ရှိမှုကြောင့် ထိတ်လန့်သွားကြရသည်။
“ငွေတောင်ပံ .. သူက … သူက ကြောက်စရာကောင်းတဲ့သားရဲပဲ..” လူအုပ်ထဲမှ တစ်စုံတစ်ဦး ရေရွတ်လိုက်သည်။ ငွေရောင်အလင်းတန်းများကြောင့် သူတို့ ငွေတောင်ပံအား ခေါင်းပင် မော်မကြည့်နိုင်သည်ကို တွေ့လိုက်ရသည်။
ဝှစ်..
နောက်ဆုံးတွင်တော့ အလင်းတန်းများ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားလေပြီ။
ထိုအချိန်မှသာ လူအုပ်ကြီး သက်ပြင်းချနိုင်တော့သည်။
လူအုပ်ထဲတွင် ကင်မရာကိုင်ထားသော သန္ဓေပြောင်းလူတစ်ဦးလည်း ရှိနေသည်။ သူသည် တုန်လှုပ်ခြောက်ခြားနေသကဲ့သို့ အသားအရည်ဖြူဖပ်ဖြူရော်ဖြစ်နေလေ၏။ ငွေရောင်အလင်းတန်းများ သူ့ခေါင်းပေါ်မှ ဖြတ်သွားသည့်အချိန်တွင် ကမ္ဘာဦးသားရဲကြီးတစ်ကောင် သူ့ကိုစိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
“ဘာတွေ ကြောင်ကြည့်နေတာလဲ .. အဲဒါ ကမ္ဘာပေါ်က စွမ်းအားအကြီးဆုံး သန္ဓေပြောင်းလူ ၄ ယောက်ထဲကတစ်ယောက် .. မြန်မြန်ရိုက် .. သူ တိုက်တာ တစ်ကွက်မှ လွတ်မသွားစေနဲ့..” ကျိုးရိထျန်း အော်ဟစ်လိုက်သည်။
ထို့နောက် သူကိုယ်တိုင် ကင်မရာကိုင်ကာ မြင်းရိုင်းတစ်ကောင်ကဲ့သို့ ငွေတောင်ပံနောက် ပြေးလိုက်သွားလေသည်။
“ဒါရိုက်တာ .. ကျွန်တော်တို့ဘာမှလွတ်မသွားဘူး .. အားလုံး ရိုက်မိလိုက်တယ် .. အေးအေးအေးဆေးနေပါ..” သူ့ဘေးမှ လူတစ်ဦး ပြောလိုက်သည်။
ငွေတောင်ပံ မြွေဖြူတောင်ပေါ်သို့ တက်သွားသည်။
ချူဖုန်း၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ သူ မူကို သတ်ရန် စီစဉ်ထားသော်လည်း ယခုတော့ ပိုကြောက်စရာကောင်းသည့်သူ ရောက်လာလေပြီ။ သူ အန္တရာယ်များလေပြီ.
မျက်စိဖြင့်မမြင်နိုင်သော အင်အားကြီးလေပွေလှိုင်းတစ်ခုနှင့်အတူ ငွေတောင်ပံ ချူဖုန်း၏ခေါင်းပေါ်သို့ ပျံသန်းလာခဲ့သည်။
ငွေတောင်ပံ၏ ငွေရောင်တောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် ထူးခြားဆန်းကြယ်သော အားတစ်ခု ထွက်ပေါ်လာသည်။ အတောင်ပံများမှာ အရောင်လက်နေသောဓားသွားများနှင့်တူနေသည်ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချွန်ထက်သော အတောင်ပံများ လေကို ထိုးဖောက်လာသည်။
“အား..” အနီးအနားမှ သန္ဓေပြောင်းလူများ အော်ဟစ်လာကြသည်။ ထိုအတောင်ပံမှ ထွက်လာသည့် အလင်းတန်းများကြောင့် သူတို့မျက်လုံးများ ကျိန်းစပ်သွားကြရသည်။
လူအများစုမှာ ထိုတောက်ပနေသည့် အလင်းဒဏ်ကို မခံနိုင်သောကြောင့် မျက်လုံးများကို လက်ဖြင့်ကာပြီး နောက်ဆုတ်လိုက်ကြရသည်။
အဝေးမှ အမျိုးသမီးအချို့ကတော့ စိတ်လှုပ်ရှားစွာပင် အော်ဟစ်နေကြလေသည်။
ငွေတောင်ပံနှင့် သန္ဓေပြောင်းလူတစ်ဖွဲ့၏ တိုက်ခိုက်မှုဗီဒီယို တက်လာပြီးကတည်းက ငွေတောင်ပံ၏ကျော်ကြားမှု တရှိန်ထိုး တိုးသွားခြင်းပင်။
ဤနေရာ၌ရှိနေသည့် သန္ဓေပြောင်းလူအများစုသည် ဒိမ်ဒီ၏အထက်စီးဆန်သောလုပ်ရပ်များကို မနှစ်သက်သော်လည်း ထိုကုမ္ပဏီ၌ ရှိနေသည့် ငွေတောင်ပံကိုတော့ နှစ်သက်ကြသည်ပင်။
ယခုအချိန်တွင် သန္ဓေပြောင်းလူအများစုမှာ မျှော်လင့်တကြီးဖြင့် စိတ်လှုပ်ရှားနေကြသည်ပင်။
“ခုန်းဂင်၊ မီးဝိညာဉ်နဲ့ ကျားဖြူတို့ပဲ ငွေတောင်ပံနဲ့ ယှဉ်နိုင်တာ .. ကျန်တဲ့သူ ဘယ်သူမှ သူ့ကို တားနိုင်မှာမဟုတ်ဘူး..”
လူအုပ်ထဲမှ အမျိုးသမီးတစ်ဦး ခိုင်မာစွာ ပြောလာသည်။
“နွားနတ်ဘုရား အခု အဆုံးသတ်သွားတော့မှာ .. သူက စွမ်းအားကြီးတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ ဒါပေမဲ့ ကံဆိုးချင်တော့ ငွေတောင်ပံကိုမှ ရန်စမိသွားတယ် .. အခုတော့ သူ ဒုက္ခရောက်တော့မယ်” လူအုပ်ထဲမှ လူတစ်ဦး စာနာသနားဟန်ဖြင့် ပြောလာသည်။
ဤသည်မှာ ဆရာသခင်များကြားမှ တိုက်ပွဲပင်။ ဂုဏ်သိက္ခာကြီးမားစွာ အောင်ပွဲခံခြင်းနှင့် ရှုံးနိမ့်သေဆုံးခြင်းမှာ စက္ကန့်အပိုင်းအခြားသာလိုသည်။
ချူဖုန်း၏အကြည့်များ ပို၍စူးရှလာသည်။ မကြာခင်ကျရောက်လာတော့မည့် အန္တရာယ်အငွေ့အသက်ကို ခန့်မှန်းမိသော်လည်း သူသည် တည်ငြိမ်နေဆဲဖြစ်ပြီး အနည်းငယ်မျှထိတ်လန့်ဟန်မပြ။
ရွှပ်..
ချူဖုန်း ဓားအိမ်ထဲမှ ဓားမြောင်ကို ဆွဲထုတ်လိုက်သည်။ သူ ‘မိုးကြိုး’လေးကို အသုံးမပြုသေး။
ငွေတောင်ပံ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ သူသည် အတောင်ပံများကိုသာ အသုံးပြုလိုသည်။ ထို့ကြောင့် သူ့အတောင်ပံကို ဖြန့်ကျက်လိုက်သည်နှင့် အတောင်ပံအောက်မှ ခန္ဓာကိုယ်ထွက်ပေါ်လာသည်။ ဤသည်မှာ ချူဖုန်းအတွက် အခွင့်ကောင်းပင်။
ငွေတောင်ပံသည် ချူဖုန်းကို သူ့ပြိုင်ဘက်ဟုပင် သတ်မှတ်မထား။ ထို့ကြောင့် ရန်သူကို ချက်ချင်း ရှင်းပစ်နိုင်မည့် အရိုးရှင်းဆုံးနည်းလမ်းကို အသုံးပြုရန် သူ ရွေးချယ်လိုက်ခြင်းပင်။ သို့သော် ထိုနည်းလမ်းမှာ အလွန်အန္တရာယ်များလှသည်။ ယခု သူသည် တိုက်ခိုက်ရန်လွယ်ကူသည့် ပစ်မှတ်တစ်ခု ဖြစ်သွားလေပြီ။
သူ့အတောင်ပံများ၏ ပြိုင်ဘက်ကင်းလှသည့် မာကျောမှုကို အားလုံးသိထားကြသည်ပင်။ ထိုအတောင်ပံများကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သကဲ့သို့ ဒိုင်းကာအဖြစ်လည်း အသုံးပြုနိုင်သည်။
ချူဖုန်း သူ၏အနက်ရောင်ဓားမြောင်ကို မြှောက်လိုက်ပြီး ငွေတောင်ပံ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
“သွားပြီ .. မျှော်လင့်ချက်မရှိတော့ဘူး .. နွားနတ်ဘုရားက မီးကို မီးနဲ့ငြိမ်းဖို့ ကြိုးစားနေတာပဲ .. သူက ကိုယ့်သေတွင်းကိုယ်တူးနေတာ..” လူအုပ်ထဲမှ လူတစ်ဦးသက်ပြင်းချ၍ ပြောလိုက်သည်။
ထိုဓားမြောင် ထက်သည်ဆိုလျှင်ပင် ကျည်ဆံများ၊ ဒုံးကျည်ခွံများထက် ထက်ရှနိုင်ပါ့မည်လား..
လူများမှာ ချူဖုန်းကို ဂရုဏာသက်သွားကြသည်။ နွားနတ်ဘုရား၏သေဆုံးမှုမှမှာ လူများစွာကို ဝမ်းနည်းစေလိမ့်မည်ပင်။
အမှန်တကယ်တွင် အားလုံးကို အခက်တွေ့အောင် လုပ်ခဲ့သူမှာ မူပင်ဖြစ်သည်။ သူ နွားနတ်ဘုရားကို သတ်ချင်သောကြောင့် နွားနတ်ဘုရားမှ ပြန်လည်ခုခံရခြင်းပင်။ သို့သော် တရားမမျှတစွာပင် နောက်ဆုံး ရယ်မောနေနိုင်သည့်သူမှာ အမှားကျူးလွန်သည့်သူ ဖြစ်နေသည်။
သို့သော်လည်း လူများသည် တရားမှု၊ မတရားမှုတို့ကို စိတ်မဝင်စား။ အမှားအမှန်ထက် သူတို့သူရဲကောင်း ငွေတောင်ပံကိုသာ စိတ်ဝင်စားနေကြသည်။
“ဒါက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတဲ့သူတွေ သူတို့တလွဲမာနအတွက် ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ ပြတဲ့ ဥပမာကောင်းပဲ .. ငွေတောင်ပံလိုလူမျိုးနဲ့တိုက်တဲ့လူက အရမ်းကို နုံအနေလို့ပဲ..” သန္ဓေပြောင်းလူတစ်ဦး ပြောလိုက်သည်။
ခွပ်..
ဤသည်မှာ ဓားမြောင်နှင့် အတောင်ပံတို့ ထိခတ်သွားသည့်အသံပင်။
ထိုသို့တိုက်မိသည့်နေရာမှ မျက်စိကျိန်းလောက်သည့် ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ တစ်လောကလုံး လင်းထိန်သွားလေသည်။
ဤသည်မှာ ငွေတောင်ပံ သူ့စွမ်းအားများထုတ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း အားလုံးသိကြသည်။ သူ၏အတောင်ပံတွင် အစကတည်းက စွမ်းအားများ ရှိနေသည်ပင်။ ယခု ထိုစွမ်းအားများ လွှတ်ထုတ်လိုက်သည့်အချိန်တွင် အလင်းတန်းများ ပို၍တောက်ပလာသည်ပင်။
“နွားနတ်ဘုရားက ငွေတောင်ပံ စွမ်းအားကို ယှဉ်နိုင်မှာမဟုတ်ဘူး .. သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်က တော်တော်လေး ကြီးလွန်းတယ်..” လူတစ်ယောက် တီးတိုးပြောလိုက်သည်။
“ငါတို့ သူ့ကို သနားရုံပဲ တတ်နိုင်တော့တယ် .. မင်းသိတဲ့အတိုင်းပဲ .. မင်းတစ်ခြားသူတွေကို စိန်ခေါ်ပြီးတော့ လွယ်လွယ်လေး အနိုင်ယူလို့ရတယ် .. ဒါပေမဲ့ သူ ကိုယ့်အကန့်အသတ်ကိုသိပြီးတော့ ငွေတောင်ပံနဲ့မတိုက်ခင် နောက်ဆုတ်နေလိုက်သင့်တာ .. ဘယ်လိုပဲဖြစ်ဖြစ် ငွေတောင်ပံမှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လေးယောက်ထဲက တစ်ယောက်ပဲလေ .. ဒီတိုက်ပွဲရလဒ်က အစကတည်းက သတ်မှတ်ထားပြီးသား..” လူတစ်ယောက် ခေါင်းခါ၍ ပြောလိုက်သည်။
လူအုပ်ကြီးအမြင်တွင် နွားနတ်ဘုရား မည်မျှပင် စွမ်းအားကြီးနေပါစေ ငွေတောင်ပံနှင့် ယှဉ်နိုင်မည်မဟုတ်။ သူတို့နှစ်ဦးအဆင့်မတူ။
ငွေရောင်အလင်းတန်းများ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် လူတစ်ဦး ရပ်နေသည့်ပုံရိပ် ထွက်ပေါ်လာသည်။
“ငွေတောင်ပံက ပြိုင်ဘက်ကင်းပဲ..” လူအုပ်ထဲမှ မိန်းကလေးတစ်ဦး အော်ဟစ်လိုက်သည်။
သူမသည် အတော်လေး ငယ်သေးသည်။ သူမ မျက်လုံးထဲတွင် ငွေတောင်ပံ၏ပုံရိပ်သာရှိသည်။ တိုက်ပွဲအဖြေ ထွက်လာသည့်အချိန်ထိ သူမ မစောင့်နိုင်တော့ပဲ သူမ၏ အိပ်မက်မင်းသားလေးကို အော်ဟစ်အားပေးလေတော့သည်။
သူမဘေးမှ လူအချို့လည်း အော်ဟစ်အားပေးလာကြသည်။
“ငါ့ဖင်ကိုပဲ နတ်ဘုရားလုပ်နေပါ့လား .. မင်း ကျည်ဆံတွေကို ရှောင်နိုင်တော့ရော ဘာဖြစ်လဲ … ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ..”
“သူက အရမ်းချောတာပဲ .. သူ့ရဲ့ချောမောခန့်ညားမှုကို ယှဥ်နိုင်မယ့်သူရှိမှာမဟုတ်ဘူး… စွမ်းအားကြီးတဲ့ပြိုင်ဘက်ကိုသတ်ဖို့ တစ်ချက်ပဲလိုတယ် .. တကယ့်ကို ပြိုင်ဘက်ကင်းပဲ…”
မိန်းကလေးများအားလုံး အော်ဟစ်ခုန်ပေါက်နေကြလေသည်။
အဝေး၌ ရှိနေသည့် ကျိုးရိထျန်း သက်ပြင်းချလိုက်သည်။ သူသည် နွားနတ်ဘုရားကို အများကြီးမျှော်လင့်ထားသည်ပင်။ သို့သော် သူ ငွေတောင်ပံနှင့် ဤမျှစောစောစီးစီး တိုက်ခိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. နွားနတ်ဘုရား တကယ်ကို ကံဆိုးသွားသည်ပင်။
အခြား ကင်မရာမန်းများလည်း ဤဒဏ္ဍာရီလာ ‘နွား’ အတွက် ဝမ်းနည်းသွားကြရသည်။
ငွေရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ငွေတောင်ပံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအခိုက်အတန့် အားလုံး အေးခဲသွားကြလေသည်။
“ဘာဖြစ်သွားတာလဲ..” လူအုပ်ထဲမှ လူတစ်ဦး အသိပြန်ဝင်လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အစောပိုင်းက အော်ဟစ်ကြွေးကြော်နေကြသည့် မိန်းမပျိုလေးများလည်း ငေးကြောင်သွားရသည်။
“မဖြစ်နိုင်တာ..” လူအားလုံး အံ့အားသင့်သွားရသည်။
“ဒါရိုက်တာ .. ကျွန်တော်တို့ လှည့်ကွက်တစ်ခု ရလိုက်ပြီ .. မြန်မြန်လုပ်ကြ .. ဒါကိုမလွတ်စေနဲ့ .. မြန်မြန် မြန်မြန် .. ရှုထောင့်ပေါင်းစုံကနေ ရိုက်ကြ..” ကင်မရာမန်းတစ်ဦး ကျိုးရိထျန်းကို သတိပေးလိုက်လေသည်။
ယခုအချိန်တွင် အားလုံး၏အကြည့်မှာ ငွေဖြူတောင်၌သာ ရှိနေသည်။
လေထဲတွင် ငွေတောင်ပံ သွေးထွက်နေသည်။ သူ ဒဏ်ရာရသွားလေပြီ…
သူ့အတောင်ပံထက်၌ သိသာသည့် ဒဏ်ရာတစ်ခု ရှိနေပြီး ထိုဒဏ်ရာမှ သွေးများ စီးကျနေသည်။
ငွေတောင်ပံ၏ အဝတ်အစားများ သွေးများစိုရွှဲသွားသော်လည်း သူ့မျက်နှာအမူအရာ မပြောင်းလဲ။ ယခင်ကအတိုင်း ထူးမခြားနားရှိနေဆဲဖြစ်ပြီး ချူဖုန်းကို စိုက်ကြည့်နေသည်။
နွားနတ်ဘုရားကတော့ ဘာမှဖြစ်မသွား။ အနက်ရောင်ဓားမြောင်ကိုကိုင်ကာ မြေပြင်ထက်၌ မြဲမြံစွာ ရပ်နေဆဲပင်။
သူ၏ဓားသွား၌ သွေးများစွန်းထင်းနေသည်ပင်။
ကျိုးရိထျန်းမှာ စိတ်လှုပ်ရှားသလို အံ့လည်းအံ့ဩနေရသည်။ “ဆက်လုပ် .. ဆက်ရိုက်ထား..” သူ့ဝန်ထမ်းများကို အော်ဟစ်လိုက်သည်။ သူ နည်းနည်းမှ လက်လွတ်မခံနိုင်။ ရိုက်ချက်တစ်ခုစီတိုင်းမှာ သူ့ရုပ်ရှင်ဇာတ်ကားအတွက် အရေးကြီးသည်။
ငွေတောင်ပံ၏မျက်လုံးများ အေးစက်နေသည်။ သူ သတိလက်လွတ်ပြုမူလိုက်ကြောင်း သူ သတိထားမိသွားသည်။ သူသာ ဗျူဟာအနည်းငယ်ကို အသုံးပြုပါက ဒဏ်ရာရခဲ့မည်မဟုတ်။
သူသည် ထိုးဝှေ့တိုက်ခိုက်ခြင်းပညာကို အသုံးမပြုခဲ့သလို မည်သည့်စွမ်းရည်မှလည်း မသုံးခဲ့။ သူ သုံးချင်သည့်စွမ်းအားတစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။ သူ၏အတောင်ပံများသည် စိန်ကိုပင် ဖြတ်တောက်နိုင်သဖြင့် သူသည် ဤတိုက်ပွဲတွင် သူ၏ပြိုင်ဖက်ကင်းတောင်ပံများကိုသာ အသုံးပြုမည်ဟု ဆုံးဖြတ်ခဲ့သည်။
သို့သော် ဒုံးချည်များကိုပင် ကာကွယ်နိုင်သည့် သူ့အတောင်ပံသည် လူတစ်ဦး၏ဓားမြောင်ကြောင့် ဒဏ်ရာရသွားလေပြီ။ သူ၏ သန့်စင်မှုစွမ်းထင်းသွားသလို သူ၏ဂုဏ်သိက္ခာလည်း ထိခိုက်သွားလေပြီ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ ပြိုင်ဘက်ကို လျှော့တွက်မိသောကြောင့် ဖြစ်လာခြင်းပင်။
“သေစမ်း..”
ငွေတောင်ပံ အော်ဟစ်ကာ သူ့ရန်သူထံသို့ ဒုတိယအကြိမ် ထိုးဆင်းလိုက်သည်။
“မြန်မြန် .. သူ့ကိုတားကြ .. ခုန်းဂင် ထင်းရှူးသီးကို ရတော့မယ်..”
ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတစ်ဦး အော်ဟစ်လာသည်။
ခုန်းဂင် မြင်ကွင်းထဲ ပေါ်လာသည်။ သူတစ်ခါခုန်လိုက်တိုင်း မီတာရာပေါင်းများစွာ ရောက်သွားသည်ပင်။ သူသည် ပါးစပ်အဟောင်းသားဖြစ်ရလောက်သည့်အရှိန်ဖြင့် ထင်းရှူးပင်ထံသို့ သွားနေသည်။
တစ်မီတာအမြင့်ရှိသည့် ဤထင်းရှူးပင်ထက်တွင် ခရမ်းရောင်ထင်းရှူးသီးတစ်လုံး ရှိနေသည်။ အသီးမှ မှိန်ဖျော့ဖျော့အဝါရောင်ပျောက်ကွယ်သွားပြီဖြစ်ပြီး စွဲမက်ဖွယ်ကောင်းသည့် ခရမ်းရောင် တောက်ပနေသည်။ ထိုအသီးမှ ထွက်လာသည့် အမွှေးနံ့မှာလည်း စွဲမက်ဖွယ် ကောင်းလှသည်။
ငွေတောင်ပံ ချူဖုန်းကို မတိုက်ခိုက်တော့ပဲ လျှပ်စီးတစ်စင်းကဲ့သို့ ဘောဓိမှ ရန်သူထံသို့ ဦးတည်သွားလိုက်သည်။
ဝုန်း..
ဤသည်မှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တိုက်ခိုက်ကြခြင်းမဟုတ်။ သူတို့နှစ်ဦး စတင်တိုက်ခိုက်လိုက်သည်နှင့် ငလျင်လှုပ်သွားသကဲ့သို့ ကမ္ဘာမြေကြီး စတင်တုန်ခါလာသည်။ ထို့နောက် ငွေတောင်ပံ ကောင်းကင်ထက်သို့ လွင့်ထွက်သွားသလို ခုန်းဂင်လည်း မိုင်ပေါင်းများစွာ နောက်ဆုတ်သွားရသည်။
“သွားမယ် .. အသီးသွားယူမယ်..”
သန္ဓေပြောင်းလူတစ်စု အော်ဟစ်ကြကာ စိတ်လွတ်နေသည့်သူများကဲ့သို့ အသီးထံသို့ တစ်ပြိုင်နက်တည်း ပြေးသွားလိုက်ကြသည်။
သို့သော် အပင်မှ အဝေးသို့ ဆုတ်သွားသည့်သူများ ပိုများသည်ပင်။ အသီးမှ ထွက်ပေါ်လာသည့်အနံ့မှာ ဆွဲဆောင်မှုရှိလှသော်လည်း သူတို့ ဤအသီးကို မရနိုင်ကြောင်း သူတို့သိသည်။
ဤလူများသည် အသီးရင့်မှည့်သည်ကို လာကြည့်ကြခြင်းပင်။ သူတို့ဆန္ဒပြည့်သွားပြီဖြစ်သောကြောင့် သူတို့ခရီးမှာ အလဟဿမဖြစ်တော့။
ချူဖုန်းလည်း ထင်းရှူးပင်ကို စိတ်ဝင်စားသွားရသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ ‘မူ’ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။
“မူ .. အဆုံးသတ်ဖို့ အချိန်ရောက်ပြီ..”
အပိုင်း ၅၈ ပြီး၏။