Switch Mode

Chapter – 57

အမှီလိုက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၇ – အမှီလိုက်ခြင်း

ခပ်ဝေးဝေးရှိ တောင်ထိပ်ပေါ်မှ အနက်ရောင်သေနတ်ပြောင်းဝမှ သေနတ်သံများ ထွက်ပေါ်လာကာ ကျည်ဆံအားလုံး ချူဖုန်းရပ်နေသည့် တောင်ထိပ်သို့ ဦးတည်လာနေသည်။

ချူဖုန်း လေပေါ်သို့ ခုန်လိုက်ကာ ငှက်ကြီးတစ်ကောင်ကဲ့သို့ တောင်ခြေသို့ ဆင်းသွားသည်။ သူ ဖြတ်သွားသည့်အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် လေပြင်းများ တဟူးဟူးတိုက်ခတ်သံကိုပင် ကြားနေရသည်။

ဝုန်း..

တောင်ထိပ်ပေါ်သို့ ဒါဇင်ဝက်မျှရှိသော ကျည်ဆန်များ၊ အမြောက်ဆန်များ ထပ်ကျလာပြီး ထိုလက်နက်များကြောင့် အနီးအနားရှိ သစ်ပင်များပင် လောင်ကျွမ်းသွားကြသည်။ ပေါက်ကွဲသံကြောင့် မြွေဖြူတောင်တစ်ခုလုံးပင် တုန်ခါသွားရသည်။ မြေကြီးများတုန်ခါနေပြီး တောင်များသည်ပင် ရွေ့လျားနေသယောင်ထင်ရပြီး ကျောက်တုံးကျောက်ခဲများလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကြသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်ပင်။

လက်နက်များ၏ ပြင်းအားမှာ သန္ဓေပြောင်းလူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

တောင်များကြား၌ အပူလှိုင်းများ တက်လာပြီး ရှေးသစ်ပင်ကြီးများ နှစ်ပိုင်းကျိုးကျသွားကြသည်။ အပင်ငယ်လေးများမှာတော့ ချက်ချင်းပင် ပြာမှုန့်ကြီးဖြစ်သွားသည်။ ကျောက်တုံးများပင် အရည်ပျော်သွားလေပြီ။

တောင်ထိပ်ပေါ်တွင် တောင်ထိပ်ဟုခေါ်နိုင်သည့်နေရာမရှိတော့။ မီးလောင်ကျွမ်းထားသည့် အကြွင်းအကျန်များနှင့် ပြာမှုန်များသာ ကျန်ရစ်တော့သည်။

ချူဖုန်းသာ နောက်ကျနေလျှင် အကျိုးဆက်မှာ မတွေးရဲစရာပင်။

ဤယဥ်ကျေးမှုလွန်ခေတ်တွင် လုပ်ငန်းစုကြီးများ၏ လက်တွင်း၌ဆုပ်ကိုင်ထားသော စွမ်းအားများမှာ အမှန်တကယ် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်ကို ချူဖုန်း လက်ခံရပေလိမ့်မည်။ အစိုးရ၏စစ်တပ်ပင်လျှင် ထိုကုမ္ပဏီကြီးများ ပိုင်ဆိုင်ထားသော လက်နက်ခဲယမ်းများကို ယှဥ်နိုင်မည်မဟုတ်။

ယဥ်ကျေးမှုလွန်ခေတ်တွင် ကမ္ဘာသစ်၏ အမိန့်အာဏာများက ပြောင်းလဲသွားပြီး စီးပွားရေးသမားများ၏ပိုင်ဆိုင်မှုများက ပိုမိုများပြားလာသည်။ ထိုလူများက ကမ္ဘာကြီးအတွက် ဥပဒေများထုတ်ပြန်ပေးနေသည့် အဖွဲ့အစည်း၏ အဖွဲ့ဝင်အကြီးအကဲများဖြစ်လာကြသည်ပင်။

ဤနှစ်များတွင် ဤကုမ္ပဏီများသည် ခပ်လျှိုလျှိုသာ နေခဲ့သည်။ အချိန်ကျလာသည့်အချိန်တွင် သူတို့ ဤကဲ့သို့သော ကြောက်စရာကောင်းလှသည့် အင်အားကိုထုတ်ပြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ချူဖုန်း တောင်အောက်မှ တောအုပ်ထဲသို့ ဝင်သွားလိုက်သည်။ အမြောက်ဆန်များက သူ့နောက်ရှိ တောင်ပေါ်သို့ ကျရောက်နေဆဲဖြစ်သည်။ ကျောက်တုံးကျောက်ခဲများနှင့် ဖုန်မှုန့်၊ သဲမှုန့်များကလည်း လေထဲတွင် ပျံ့လွင့်နေလေသည်။ ထိုတောင်ကုန်းသည် ယခင်ကအရွယ်အစားထက် ပိုမိုသေးငယ်နိမ့်ကျသွားပြီဖြစ်သည်။

မြေပေါ်သို့ပြုတ်ကျလာသော ကျောက်တုံးကြီးတစ်တုံးက နွားဝါလေး၏ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်ကျလာသဖြင့် နွားဝါလေးထံမှ နာကျင်စွာအော်ဟစ်လိုက်သည့်အသံထွက်လာသည်။ နွားဝါလေး၏ တုံ့ပြန်မှု မလျင်မြန်သောကြောင့်မဟုတ်ဘဲ သူဝတ်ဆင်ထားသော သားရေအဝတ်အစားများက သူ၏လှုပ်ရှားမှုကို နှေးကွေးအောင်လုပ်နေသည်ပင်။

နွားဝါလေး ဒယီးဒယိုင်ဖြစ်သွားပြီး မြေပေါ်သို့ မှောက်လျက်လဲကျလုနီးပါးဖြစ်သွားသည်။ သို့သော် ၎င်း၏ထူထဲလှသောအရေပြားများကြောင့် ထိခိုက်ဒဏ်ရာမရလိုက်ပေ။ အကယ်၍ သာမန်လူတစ်ဦးပေါ်သို့ ဂျင်ရှစ်ရာလေးသည့် ကျောက်တုံးကြီးသာ ကျလာပါက ထိုလူ၏အရိုးများ ကျိုးကြေသွားလောက်လေပြီ။

နွားဝါလေး အလွန်ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။ သူ့အော်သံမှာ တိုးညှင်းသော်လည်း လေးနက်ပြတ်သားနေသည်။ သူ၏မျက်လုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ ထိုတောင်ထိပ်များပေါ်သို့ သူ စိုက်ကြည့်လိုက်သည်။

“အဲဒီ အမြောက်တွေကို သွားရှင်းလိုက်..” ချူဖုန်း ပြောလိုက်သည်။

နွားဝါလေး သည်းခံနေလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။ သူတို့ကို ပစ်ခဲ့သည့် သေနတ်သမားများကို သူ ခံစားရအောင် လုပ်လိမ့်မည်ဟု ချူဖုန်း ယုံကြည်သည်။

ချူဖုန်းလည်း လှုပ်ရှားလိုက်သည်။ စစ်မြေပြင်တစ်ဖက်သို့ သွားကာ မူကို သွားရှာလိုက်သည်။ ယခုကဲ့သို့ အထိန်းအကွပ်မရှိဘဲ ပဋိပက္ခများဖြစ်နေသည့်အချိန်တွင် သူတို့လုပ်ကြံသတ်ဖြတ်မည့်သူက ဒိမ်ဒီ၏ထိပ်တန်းအကြီးအကဲတစ်ဦးဖြစ်နေသည်ကို မည်သူက ဂရုစိုက်နေမည်နည်း..

တစ်စုံတစ်ဦး သူ့ကို ပစ်မှတ်ထားနေခြင်းပင်လျှင် လွန်လွန်းလှပြီဖြစ်သည်။ သို့သော် ပြိုင်ဘက်က သူ့သေဆုံးမှုကို လိုချင်နေသည့်သူ ဖြစ်နေပါက ထိုလူ မည်သူဖြစ်ဖြစ် ချူဖုန်း အသေအကြေတိုက်ခိုက်မည်ပင်။

ချူဖုန်းမှာ လျင်မြန်လှသည်။ မီတာတစ်ရာသွားရန် တစ်စက္ကန့်သာ ကြာလိုက်သည်။ သူ ခြေလှမ်းကျယ်ကြီးဖြင့် ပြေးလိုက်လျှင် အခြားသူများ မျက်လုံးထဲ၌ ခုန်နေသည်နှင့် တူနေသည်ပင်။

ဒိုင်း ဒိုင်း ဒိုင်း..

သူ ပြေးနေသည့် လမ်းတစ်လျှောက်သို့ ကျည်ဆံများ ကျရောက်လာသည်။ ကျည်ဆံများသည် သစ်ပင်များကို ထိမှန်သွားကာ သစ်ပင်များ နှစ်ပိုင်းပြတ်သွားသောကြောင့် သေနတ်ပစ်သံနှင့်အတူ နားကွဲလောက်သည့် သစ်ပင်ကျိုးကျသည့်အသံများလည်း ကြားနေရသည်။

ကျည်ဆံများမှာ ထူထဲကာ လေးလံလှသည်။

ဝုန်း..

အမြောက်ဆန်များလည်း တောအုပ်ထဲသို့ ဆက်တိုက်ကျရောက်ကာ ပေါက်ကွဲနေသည်။ ကြောက်မက်ဖွယ်ရာအပူချိန်ကြောင့် ကျောက်တုံးများပင် အရည်ပျော်ကျလာသည်။

လူအုပ်ကြီးကို ထိတ်လန့်သွားစေသည်မှာ ကျည်ဆံတစ်တောင့်မှ ချူဖုန်းကို မထိသေးခြင်းပင်။ သူသည် လမ်းကြောင်းကို ချက်ချင်းပြောင်းပစ်သောကြောင့် မည်သည့်ကျည်ဆံမှ သူ့ကို မထိနိုင်သေး။

သူတို့မျက်စိရှေ့ မြင်နေရသည့်မြင်ကွင်းကြောင့် သန္ဓေပြောင်းလူများ ထိတ်လန့်သွားရသည်။ အချို့သူများမှာ ချူဖုန်း၏ အလျင်နှင့် စွမ်းအားကို ပို၍ပင် ကြောက်ရွံ့လာကြသည်။ အခြားသူများကတော့ သူ၏ကျည်ဆံများကို ရှောင်နိုင်သည့်စွမ်းရည်ကို အားကျနေကြလေသည်။

ဤသည်မှာ သူတို့ အိပ်မက်မက်ရလောက်အောင်ပင် အလွန်လိုချင်နေသည့် စွမ်းရည်ပင်။ နောက်ပိုင်း ဤရက်စက်သည့်လောကကြီး၌ အသက်ရှင်သန်ရန်အတွက် ဤကဲ့သို့သော စွမ်းရည်မျိုးရှိရန် လိုအပ်လိမ့်မည်။ သို့သော် မနာလိုစရာကောင်းလောက်အောင်ပင် ဤလူ့ထံတွင် ဤစွမ်းရည်က ရှိနှင့်ပြီးလေပြီ။

ချူဖုန်း၏လှုပ်ရှားမှုများမှာ ပေါ့ပါးသွက်လက်လှသည်။ မီတာတစ်ရာကျော်သွားရန်အတွက် သူ တစ်ချက်ခုန်ရန်သာ လိုအပ်သည်။

သူ၏ အဆင့်လွန်စွမ်းရည်ကြောင့်င ချူဖုန်းသည် ရန်သူ၏ပစ်ခတ်မှုများကြား အလွယ်တကူပင် သွားလာလှုပ်ရှားနေနိုင်လေသည်။

လင်းနွိုင်လည်း စိတ်လှုပ်ရှားလာသည်။ သူမတို့ ပြဿနာရှာမိပြီဖြစ်ကြောင်း သူမ သိသည်။ ဘောဓိမှလူများနှင့် တိုက်ခိုက်နေစဉ်အတွင်း သူတို့ ဤအဆင့်လွန်တိုက်ခိုက်ရေးသမားကို ရန်မစသင့်။

မူ၏အသားအရေလည်း ဖြူဖျော့လာသည်။ သူ ဤလူကို အထင်သေးမိသွားပြီဖြစ်ကြောင်း သူဝန်ခံသည်။ ဤလူမှာ သူထင်ထားသည်ထက်ပင် ကြမ်းတမ်းနေသည်။

“ငါတို့ သူ့ကို သတ်ရမယ် .. သေနတ်အားလုံး သူ့ကိုချိန်ပစ်..” မူ အံကြိတ်၍ ပြောလိုက်သည်။

သူ၏မျက်လုံးများ အေးစက်လာသည်။ ဆရာတစ်ယောက်ကို ရန်စမိပြီဆိုမှတော့ သူတို့ ပြဿနာအရင်းအမြစ်ကို ဖယ်ရှားပစ်ရမည်။ မဟုတ်လျှင် မနက်ဖြန်သည် သူ့အတွက် ငရဲဖြစ်သွားနိုင်သည်။

သူသည် ဆုံးဖြတ်ချက် ပြတ်သားသည့်သူပင်။ ဆုံးဖြတ်ချက် ချပြီးသွားသည်နှင့် သူ ချက်ချင်းပင် အကောင်ထည်ဖော်လိုက်သည်။

ပစ်ခတ်သံများမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ ချူဖုန်းသည် တောနက်ထဲတွင် ပုန်းအောင်ကာ တစ်တောင်ပြီးတစ်တောင် ကူးနေသော်လည်း ရန်သူ၏ ကျည်ဆံများမှာ သူ့နောက်သို့ လိုက်နေဆဲပင်။

အခြားလူသာဆိုလျှင် သူတို့ အစောကြီးကတည်းက အသားပုံကြီး ဖြစ်သွားလောက်လေပြီ။

“ဒါရိုက်တာ .. အဲဒီလူက တော်တော်လေးကြမ်းတာပဲ .. သူက လူရော ဟုတ်သေးရဲ့လား .. သူက ကျည်ဆံတွေကိုတောင် မကြောက်ဘူး .. အမြောက်တွေတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူး .. သူ လူသားမဖြစ်နိုင်ဘူး .. နတ်ဘုရားပဲ ဖြစ်ရမယ်..”

“အဲဒီမှာ ကြောင်တောင်တောင် ရပ်မနေနဲ့ .. စရိုက်တော့ .. ရှုထောင့်ပေါင်းစုံကနေရိုက် .. တစ်ချက်လေးတောင် မလွတ်သွားစေနဲ့..” ကျိုးရိထျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် မျက်လုံးများနီရဲလာသည်အထိ ရင်ခုန်စိတ်လှုပ်ရှားနေသည်။

သူ့အမြင်တွင်တော့ နွားနတ်ဘုရားသည် သူမြင်ဖူးသမျှတိုက်ခိုက်ရေးသမားများထဲတွင် အကြမ်းဆုံးတိုက်ခိုက်ရေးသမားပင်။ သူသည် သေနတ်မကြောက်သလို အမြောက်များကိုပင် မကြောက်။

ဒိုင်း ဒိုင်း ဒိုင်း..

ချူဖုန်းလည်း ရံဖန်ရံခါ ပြန်ပစ်လိုက်သည်။ သူ့လက်ထဲ၌ အမြောက်နှင့်တူသည့် အရည်အသွေးမြင့် သေနတ်များရှိနေသည်။ ဤသေနတ်များကို သူ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သည်ပင်။ သူပစ်လိုက်သော ကျည်ဆန်တိုင်းမှာ ဒိမ်ဒီမှလူများ၏ အသက်ကိုနှုတ်ယူနိုင်သည်ချည်းသာ။

“ဘုရားသခင် ကောင်းချီးပေးပါစေ.. သူက ငါ့ရုပ်ရှင်အတွက် စိတ်ကူးထားတဲ့ လူစွမ်းကောင်းပုံစံနဲ့ ကွက်တိပဲ.. ငါ အမြဲလိုက်ရှာနေခဲ့တဲ့လူက နွားနတ်ဘုရားပါလား.. မြန်မြန် သူ့ကို ရိုက်ကြ.. ရိုက်ကြ ” ကျိုးရိထျန်း အော်ပြောလိုက်သည်။

“စိတ်အေးအေးထားပါ ဘော့စ် ကျွန်တော်တို့ အားလုံးကို ရိုက်ထားပြီးပါပြီ.. ဒီတစ်ခါ ကျွန်တော်တို့ ယူလာတဲ့ပစ္စည်းတွေအားလုံးက တော်တော်လေး အဆင့်မြင့်တယ်.. သူတို့ အဝေးကြီးမှာ တိုက်နေပေမယ့် ကျွန်တော် ရိုက်ချက်အားလုံးကို စိတ်ကျေနပ်အောင် ရိုက်လိုက်နိုင်တယ်..” တစ်စုံတစ်ယောက်မှ စိတ်လှုပ်ရှားစွာ ပြောလာသည်။

“ကောင်းတယ် .. ကောင်းတယ်..” ကျိုးရိထျန်း လက်သီးဆုတ်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

အခြားသူများကမူ ဤရိုက်ကူးရေးအဖွဲ့ကို အထူးအဆန်းအဖြစ် ကြည့်နေကြလေသည်။ ၎င်းတို့၏အကြည့်များက ဤရိုက်ကူးရေးအဖွဲ့၏ ရည်ရွယ်ချက်ကို နားလည်ရန်ခက်နေကြောင်း ပေါ်လွင်နေသည်ပင်။ သူတို့ အသက်ရှင်ရတာ ပင်ပန်းနေတာလား .. ဒါမှမဟုတ် သူတို့တွေက အရူးတွေလား..

အခြားသူများ မည်ကဲ့သို့ ကြည့်နေပါစေ ကျိုးရိထျန်းကတော့ လုပ်စရာရှိသည်များကို ဆက်လုပ်နေဆဲပင်။ ရိုက်ကူးနေစဉ်အတွင်း သူနှင့် သူအဖွဲ့သားများ သေမလိုဖြစ်ခဲ့သော်လည်း သူကတော့ အော်ဟစ်ကာ ဆက်ရိုက်နေဆဲပင်။

ခဏကြာပြီးနောက် အမြောက်သံများ ရပ်သွားသည်။

အဘယ်ကြောင့်ဆိုသော် လက်နက်များဖြင့် ပစ်ခတ်နေသည့် တောင်ပေါ်တွင် ရွှေရောင်တောက်ပနေသည့် ဦးချိုနှင့် ‘နွားလူသား’ တစ်ဦး ရပ်နေသည်ပင်။ ‘နွားလူသား’သည် သေနတ်သမားများကို သတ်ပြစ်လိုက်သည့်အပြင် အမြောက်များကိုလည်း ဖျက်ဆီးပစ်လိုက်သည်။ နောက်ဆုံးတွင် အမြောက်များအားလုံး ပုံပျက်သွားကာ အချို့မှာ အလယ်မှနှစ်ပိုင်း ကျိုးသွားလေ၏။

“ဘုရားရေ .. အဲဒါ လူရော ဟုတ်သေးရဲ့လား.. သူ့မှာ နတ်ဆိုးစွမ်းအားတွေ ရှိနေတယ် .. မင်း တွေ့လိုက်လား .. သူ လက်တစ်ဖက်တည်းနဲ့ အမြောက်ကို ဖျက်ဆီးပစ်လိုက်တာ .. သောက်ရမ်းမယုံနိုင်စရာ ကောင်းတာပဲ..”

“အဲဒါ နွားနတ်ဘုရား ညီအစ်ကို နတ်ဆိုးနတ်ဘုရားပဲ .. သူက ဒီနာမည်နဲ့ တော်တော်လိုက်တာပဲ .. နတ်ဆိုးဆန်ပြီး အင်အားကြီးတယ် .. သူ့ကိုကြည့်လိုက် .. သူ လက်တစ်ဖက်တည်းနဲ့ သေနတ်သမားအားလုံးကို တိုက်ခိုက်နေတယ်..”

ရက်စက်သည့်သတ်ဖြတ်မှုများ ဖြစ်ပွားနေသည့်တောင်ပေါ်တွင် ကြောက်လန့်တကြားအော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ သန္ဓေပြောင်းလူများပင်လျှင် သူတို့ဦးရေပြား ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသော လူငယ်လေးတစ်ဦးတွင် ရန်သူများကို ယခုကဲ့သို့ ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားမျိုးရှိနေလိမ့်မည်ဟု သူတို့မထင်ခဲ့။

ခပ်ဝေးဝေးမှ သေနတ်သံများလည်း ရပ်သွားလေပြီ။

တစ်ခဏသာ ရှိသေးသော်လည်း သူတို့များစွာ ဆုံးရှုံးလိုက်ရလေပြီ။ ချူဖုန်း၏ ရှပ်အင်္ကျီဖြူပေါ်၌ ခြစ်ရာလေးပင် မထင်သော်လည်း လက်ရွေးစင်စစ်သားများစွာ အသက်ဆုံးရှုံးသွားလေပြီ။

သူတို့သည် ဤလက်နက်များကို အောက်ဘက်ရှိ ထောင်ချီသော သန္ဓေပြောင်းလူသားများအပေါ် အသုံးပြုရန် စီစဉ်ထားခြင်းပင်။ ဤသန္ဓေပြောင်းလူများ ထင်းရှူးသီးကို မလုယူရဲရန်အတွက် စစ်တပ်အင်အားသုံးပြီး ထိန်းချုပ်ရန် စီစဉ်ထားခြင်းပင်။

သို့သော် ယခုတော့ ဒါဇင်ပေါင်းများစွာသော စနိုက်ပါသမားများမှာ လူတစ်ယောက်ကြောင့် သေဆုံးသွားလေပြီ။ ဤသည်မှာ ဒိမ်ဒီအတွက် ခေါင်းခဲစရာအခြေအနေပင်။

ဝှစ် ဝှစ် ဝှစ်…

လူရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်မှာ မူမိသားစု လက်အောက်၌ အလုပ်လုပ်သည့် သန္ဓေပြောင်းလူများပင်။ သူတို့သည် ချူဖုန်း လုပ်ခဲ့သည့်ပြစ်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် အုပ်စုကြီးပင်။

ဤအဖွဲ့တွင် စုစုပေါင်း သန္ဓေပြောင်းလူ ၁၆ ယောက်ပါရှိပြီး အားလုံးတွင် ထူးခြားသည့်စွမ်းရည်များ ရှိကြသည်။ သူတို့သည် ကမ္ဘာတစ်ဝှမ်းမှ စွမ်းအားအကြီးဆုံး သန္ဓေပြောင်းလူအချို့ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤလူများသည် ချူဖုန်းကို ဝိုင်းထားပြီးသည်နှင့် သူတို့အိတ်ထဲမှ လက်မအရွယ် ပုလင်းတစ်ခုစီ ထုတ်ယူလာကြသည်။ ထိုပုလင်းထဲတွင် အပြရောင်အရည်များ ရှိနေသည်။ ထို့နောက် သူတို့အားလုံးသည် တွေဝေခြင်းမရှိပဲ ထိုအရည်များကို သောက်ချပစ်လိုက်ကြလေ၏။

ဝုန်း..

သန္ဓေပြောင်းလူများ၏ ခန္ဓာကိုယ်များ ရုတ်တရက် ကြီးမားလာပြီး စွမ်းအားများလည်း တိုးလာသည်။

အဝေးမှ ရပ်နေသည့် သန္ဓေပြောင်းလူများပင်လျှင် ဤသန္ဓေပြောင်းလူကြီးများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသကဲ့သို့ ကြောက်ရွံ့လာကြသည်။

သန္ဓေပြောင်းလူ ၁၅ ဦးလုံး၏ ကြံ့ခိုင်သန်မာမှုမှာ ၁၀ ဆ တိုးလာလေ၏။ သူတို့သာ အောက်ဘက်ရှိ လူအုပ်ကြီးထဲသို့ ခုန်ဆင်းသွားသည်နှင့် လူအများအပြား သေဆုံးသွားကြလိမ့်မည်။

“သူ့ကို သတ်ကြ.. သူ ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး.. သေအောင်သာ သတ်ကြ.. သတ်ကြ ” မူ သည် ယခုအချိန်တွင် ဒေါသအမျက်ခြောင်းခြောင်းထွက်နေသည့် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်နေလေပြီ။

ယနေ့ သူ ဆုံးဖြတ်ချက်အမှားတစ်ခု ချမိဲခဲ့သည်။ သူသည် လင်းနွိုင်ရှေ့တွင် လင်းရဲယုကိုယ်စား တရားမျှတမှု လိုချင်ခေဲ့သော်လည်း သူ့ကိုယ်သူ အထင်ကြီးမိသွားခဲ့သည်။

သူ့အမိန့်ကြောင့် စစ်သားများ၏အသက်များ ဆုံးရှုံးခဲ့ရသည့်အပြင် လက်နက်ခဲယမ်းများစွာလည်း အလဟဿဖြစ်သွားခဲ့ရသည်။ ဒိမ်ဒီသည် ကြီးကျယ်ခမ်းနားသော နာမည်တစ်ခုဖြစ်သော်လည်း ယခုတော့ သူ့ကြောင့် ပျက်စီးသွားလေပြီ။

“ဂါး..”

ရုတ်တရက် သားရဲဟိန်းသံတစ်သံ ထွက်ပေါ်လာကာ မြွေဖြူတောင်ကြီး တုန်ခါသွားသည်။ သန္ဓေပြောင်းလူများစွာ မူးဝေသွားကာ အချို့သူများမှာ ယိမ်းထိုးသွားကြသည်။ သူတို့မျက်စိရှေ့ မှောင်မဲသွားကာ အချို့မှာ အသိစိတ်လွတ်သွားလုနီးပါးပင် ဖြစ်သွားသည်။

ချူဖုန်းဘေးပတ်လည်တွင် ကျောက်တုံးကျောက်ခဲများ လွင့်ပျံလာသည်။ အသံလှိုင်းများ တောင်ကြားကို ဖြတ်သန်းလာသည်နှင့် သန္ဓေပြောင်းလူ ၁၆ ဦးလုံး နာကျင်စွာ အော်ဟစ်လာကြသည်။ သူတို့၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက်မှ သွေးများ စီးကျလာပြီးနောက် သူတို့ဦးခေါင်းကို ဆုတ်ကိုင်ကာ နာကျင်စွာ အော်ဟစ်နေကြလေသည်။

အခြေအနေမှာ ယခင်တစ်ခေါက်ကနှင့် အတူတူပင်။ မူသည် နည်းလမ်းဟောင်းကို အသုံးပြုကာ ဤပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော် သူ လုပ်လိုက်သည့်အပြုအမူမှာ ချူဖုန်း၏အောင်မြင်မှုကို ဖန်တီးပေးလိုက်ခြင်းဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့။

“ဘုရားရေ .. ဘာဖြစ်နေတာလဲ..” သန္ဓေပြောင်းလူအားလုံး ထိတ်လန့်တကြား ပြောလိုက်သည်။

အစောပိုင်းကတင် အင်အားကြီးနေခဲ့သည့် သန္ဓေပြောင်းလူ ၁၆ ဦးမှာ ယခုတော့ မြေပြင်ပေါ်၌ လူးလိမ့်နေကြလေပြီ။

ချူဖုန်းကတော့ လက်ထဲ ဓားမြောင်နက်ကိုင်ထားကာ ထူးမခြားနားစွာပင် ရပ်နေသည်။ သွေးအေးသည့် ဤလူသားသည် ဤသန္ဓေပြောင်းလူများ နိုင်ငံ၏အကြီးဆုံးလုပ်ငန်းစုဖြစ်သည့် ဒိမ်ဒီအတွက် မည်မျှအရေးကြီးသည်ကို ဂရုမစိုက်တော့။ သူ၏ဓားသွားအောက် မည်သူမှ အသက်မရှင်ခဲ့။

ဖူး ဖူး ဖူး..

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်းသည် သူ၏ဓားကို ဝေ့ရမ်းကာ သန္ဓေပြောင်းလူ ၁၆ ဦး၏ ဦးခေါင်းများ မြေပြင်ပေါ်သို့ လိမ့်ကျသွားအောင် လုပ်လိုက်သည်။ တစ်ဖွဲ့လုံး အရှင်းခံလိုက်ရလေပြီ။ မည်သူမှ အသက်မရှင်။

“အား..”

တောင်ထိပ်ပေါ်မှ မူ အော်ဟစ်လိုက်သည်။ သူ မျက်စိရှေ့၌ မြင်နေရသည့် အမှန်တရားကို သူ လက်မခံနိုင်ဖြစ်နေသည်။ သူသည် ဒေါသထွက်နေသည့် သားရဲတစ်ကောင်ကဲ့သို့ပင် အော်ဟစ်နေလေ၏။

ဤသန္ဓေပြောင်းလူများမှာ မူ မိသားစုပိုင်လူများပင်။ သူတို့မိသားစု၏ အဖိုးတန်အရည်အချင်းရှိသူများမှာ ယခုတော့ မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားကြလေပြီ။

ယခင်က သူ သန္ဓေပြောင်းလူတစ်ဖွဲ့ကို ဆုံးရှုံးခဲ့ပြီး ယခု နောက်တစ်ဖွဲ့ ဆုံးရှုံးလိုက်ရလေပြီ။ အရေးကြီးသည်မှာ နှစ်ဖွဲ့လုံးကို လူတစ်ယောက်တည်းမှ သတ်သွားခြင်းပင်။

ဆေးမှာ ချို့ယွင်းချက် ရှိနေတယ်..

သို့သော် ဤသည်ကို သိလိုက်ရသည့်အချိန်တွင် အလွန်နောက်ကျသွားလေပြီ။

ချူဖုန်းသည် ကျောက်တုံးကဲ့သို့မာကျောသော အသည်းနှလုံးရှိသူတစ်ဦးပင်။ သူသည် တွေဝေခြင်းမရှိဘဲ ထောင်နှင့်ချီသော အခြားသန္ဓေပြောင်းသူများ၏ ရှေ့မှောက်တွင်ပင် ‘ မူ ‘ မိသားစု၏လက်အောက်ခံသန္ဓေပြောင်းသူများအားလုံးကို သတ်ဖြတ်လိုက်သည်။ ချူဖုန်းသည် စိတ်ဓာတ်ခိုင်မာပြီး ရဲစွမ်းသတ္တိရှိသူတစ်ဦးဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်၊၊

“မင်း .. မင်းတို့ အဲဒါကို ရိုက်လိုက်လား..” ကျိုးရိထျန်းသည် စိတ်လှုပ်ရှားလွန်းသောကြောင့် နှုတ်ခမ်းများပင် တုန်နေလေပြီ။

“ဟုတ်ကဲ့ ဒါရိုက်တာ .. ကျွန်တော်တို့ အားလုံးကို ကင်မရာမှာ မှတ်တမ်းတင်လိုက်နိုင်တယ်..” တစ်စုံတစ်ယောက် ပြန်ဖြေလိုက်သည်။ ဤဒါရိုက်တာလက်အောက် အလုပ်လုပ်နေကြသည့်သူများအားလုံးလည်း တုန်ရီနေကြသည်ပင်။ အချို့မှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြပြီး အချို့မှာ စိတ်လှုပ်ရှားသောကြောင့်ပင်။

ဤ ‘ရိုက်ကူးရေး’ အဖွဲ့နား၌ ရှိနေသည့်သူအားလုံး သူတို့ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့မျက်နှာထက်တွင်တော့ အရူးတွေ ဟူသည့်စကားလုံးများ ရေးထားကြလေသည်။

“ငါ မင်းကို ငါ့လက်နဲ့သတ်မယ်..” မူ အံကြိတ်၍ ပြောလိုက်သည်။ ဒေါသထွက်လွန်းသောကြောင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့။

သူ စကားပြောစက်ဖြင့် အမိန့်ပေးလိုက်သဖြင့် ဟယ်လီကော်ပတာတစ်စင်း အမြန်ပျံသန်းလာကာ မူ ရပ်နေသည့် တောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်။ မူ ထိုဟယ်လီကော်ပတာထဲသို့ ဝင်သွားလိုက်သည်။

သို့သော် သူ့ထက်အရင် တိုက်ပွဲကွင်းပြင်ထဲသို့ ရောက်နေသူတစ်ဦးရှိနေလေသည်။

ကောင်းကင်ပြင်တွင် ငွေရောင်အလင်းတန်းများ ပြန့်ကျဲနေကာ အရိပ်တစ်ခု ချူဖုန်းထံသို့ ပြေးဝင်သွားသည်။

“ဘုရားရေ .. အဲဒါ ငွေတောင်ပံပဲ .. သူ ငါတို့အတွက် ပြန်လာပြီ..”

“သူက ဒိမ်ဒီရဲ့အရှုံးကို ပြန်ဆယ်ဖို့အတွက် ပြန်လာတာလား..”

လေထဲရှိ ငွေတောင်ပံထံမှ ထွက်ပေါ်နေသော ငွေရောင်အလင်းတန်းများက ထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ နေလုံးကြီးတစ်လုံးကဲ့သို့ သူ့ကို သန့်စင်သည့်အလင်းတန်းများ ဝန်းရံထားလေ၏။ သူသည် ခုန်းဂင်ကို ခဏလက်လွှတ်လိုက်ပြီး ချူဖုန်းနှင့် တိုက်ခိုက်တော့မည်။

အပိုင်း ၅၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset