အပိုင်း ၁၂၅•၁
” သေမျိုးလောကကို တမ်းတခြင်း ”
°°°
နားစည်းကွဲမတတ်ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာခဲ့ပါပြီ။ ပုံမှန်လိုသာထင်ရတဲ့ ရွှေရောင်အလင်းလုံးတွေက မုန့်ဟုန်ချန်ရဲ့ ဓားအရိပ်တွေနဲ့ ထိတွေ့ချိန်မှာ ချက်ချင်းဆိုသလို ပေါက်ကွဲပါတော့တယ်။ ဓားကတော့ ၀မ်သုန့်ရဲ့တတိယ၀ိညာဥ်စွမ်းရည်ပါပဲ။ အရမ်းကို ရှားရှားပါးပါး အသုံးခဲ့တဲ့ ၀ိညာဥ်လက်နက်တစ်ခုလဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းအားက သာမန်နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်တွေလိုမရိုးရှင်းတာတော့ အမှန်ပါ။
၀မ်သုန့်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းက နှစ်တစ်ထောင်ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ တတိယတစ်ခုက နှစ်ပေါင်းသုံးထောင်ထက်ကို ကျော်လွန်တဲ့ သက်တမ်းမှာရှိနေခဲ့ပါတယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်က မုန့်ဟုန်ချန်ရဲ့ စတုတ္ထ၀ိညာဥ်စွမ်းရည်နဲ့ ထပ်တူညီမျှရှိနေခဲ့ပါတယ်။ သူ့ရဲ့တိုက်ခိုက်မှုက ၀ိညာဥ်ဘုရင်တစ်ယောက်ကို အလဲမထိုးနိုင်ပေမဲ့ သေချာပေါက် ဟောင်သုန့်စွမ်းအားရဲ့ အားဖြည့်ပေးမှုကြောင့် အများကြီးအင်အားတက်လာခဲ့တယ်။
မုန့်ဟုန်ချန်ကို ဒီစွမ်းရည်နဲ့ အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ အချိန်ဆွဲထားဖို့တော့ ဖြစ်နိုင်ပါသေးတယ်။
အလင်းဓားသွားတွေရဲ့လှိုင်းအောက်မှာ ရာနဲ့ချီတဲ့ဓားသွားတွေက နှင်းဆီဖူးတွေလိုပုံစံနဲ့ ဆက်တိုက်ဖူးပွင့်လို့လာနေခဲ့ပါပြီ။ အဲ့ဒီနောက် မရေမတွက်နိုင်တဲ့ ပွင့်ချပ်တွေက ထွက်လာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဓားအလင်းတန်းတွေက သူ့ဘာသာသူဖျက်ဆီးရင်း နေမင်းရဲ့ အရှိန်အ၀ါကို သယ်ယူကာနေရာအနှံ့ကို ပျံသန်းလို့သွားပါတော့တယ်။
၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာ မုန့်ဟုန်ချန်ကတော့ ထိတ်လန့်လို့နေခဲ့တယ်။ နောက်ဆုံးတော့လဲ သူမက ခုခံနိုင်စွမ်းအပြည့်ရှိတဲ့ သံချပ်ကာကို ဆုံးရှုံးထားခဲ့တာပါ။ ဒါကြောင့် ဓားအလင်းတန်းတွေသာ သူ့ကိုထိမိမယ်ဆိုရင် သေချာပေါက် ဒဏ်ရာရမှာအမှန်ပါပဲ။ အကယ်၍ သူမသာတစ်ကိုယ်လုံးစွမ်းအားအပြည့်ရှိနေပြီ ၀ိညာဥ်လက်နက်တွေကို အပြည့်အ၀တပ်ဆင်ထားမယ်ဆိုရင်တော့ ဒီဓားတွေရဲ့အောက်မှာ ဖိအားမရှိပဲ သေချာပေါက် ပြေး၀င်သွားပါလိမ့်မယ်။
လက်ရှိအချိန်မှာ ဒါမျိုးက မဖြစ်နိုင်ပါဘူး။ အခုပြိုင်ပွဲက နောက်ဆုံးပြိုင်ပွဲလဲဖြစ်နေခဲ့ပါပြီ။ သူတို့တွေ ချန်ပီယံဖြစ်မဖြစ်ဆိုတာ ဒီပြိုင်ပွဲကအဆုံးအဖြတ်ပါပဲ။ သူမ ဘယ်လိုလုပ်သတိလက်လွှတ်လုပ်၀ံ့မှာလဲ။ ဒါ့အပြင် ၀မ်သုန့်က အရမ်းကိုသန်မာတယ်လို့ သူစိတ်ထဲမှာ တွေးထင်မိလိုက်ပါတယ်။ သူ့ရဲ့ အတွင်းခံစားချက်က သူ့ကိုနှောင့်ယှက်နေတာ ဖြစ်မှန်းသိလိုက်သလို ဒါက မိန်းမငယ်လေးတစ်ယောက်ရဲ့ ရင်ခုန်မှုကြောင့်ပဲလား။ ဒါကြောင့်သာ မုန့်ဟုန်ချန်က တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ ဓားသွားတွေအောက်မှာ ဆက်တ်ိုက်ဆိုသလို လှုပ်ရှားရပါတော့တယ်။ ၀မ်သုန့်ရဲ့တိုက်ခိုက်မှုတွေအားလုံးကို ခုခံနိုင်ဖို့အတွက် လေထုအတားအဆီးတစ်ခုကို သူမဖန်တီးပြီ ပြန်တိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့ဓားသွားက အလင်းတန်းဓားသွားတွေနဲ့ ထိမိချိန်မှာ များပြားတဲ့ရေခဲအဆိပ်တွေကို ထုတ်လွှတ်ရင်း အဆိပ်တွေက ပြန့်လာခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ အဆိပ်တွေက အာနိသင်မပြသေးပါဘူး။
တစ်ချိန်ထဲမှာပဲ မုန့်ဟုန်ချန်ရဲ့ နှလုံးသားထဲမှာ အရမ်းကိုပြင်းထန်တဲ့ အကြောက်တရားက ရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။ သူမရဲ့ စိတ်ကလဲ မထိန်းချုပ်နိုင်လောက်အောင်ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့ပါပြီ။ ဒီဖိနှိမ့်မှုက သူ့မရဲ့စိတ်ကို ဖိနှိမ့်တာမဟုတ်ပဲ အဓိကစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ သိုင်းပညာ၀ိညာဥ်ကို ဖိနှိမ့်လိုက်တာပါ။
ကြီးမားတဲ့ပုံရိပ်ကြီးတစ်ခုက ၀မ်သုန့်ရဲ့အနောက်ဖက်မှာ ထင်ထင်ရှားရှားရှိနေပါတယ်။ ဒါကတော့ တစ်ကိုယ်လုံးအေးစက်တဲ့အရှိန်အ၀ါတွေအပြည့်နဲ့ ကြည်လင်တောက်ပပြီ ကျောက်မျက်ရတနာတစ်ခုလိုထင်ရှားနေခဲ့တဲ့အပြင် တည်ငြိမ်တဲ့လမင်းသစ်တောကြီးအရာတစ်ခုလိုဆောင်တဲ့ ကျောက်စိမ်းရောင်အမြီးနဲ့ သတ္တ၀ါကြောင့်ပါ။ ကြောက်စရာအကောင်းဆုံးအရာကတော့ ဒီဖိနှိမ့်မှုက မုန့်ဟုန်ချန်ရဲ့ ၀ိညာဥ်အတွေးပိုင်းအထဲအထိကို ရောက်ရှိလာခဲ့ပြီ သူမရဲ့လှုပ်ရှားမှုတွေအားလုံးကို အထိတ်တလန့်နဲ့ နှေးကွေးသွားစေခဲ့ပါတယ်။
ဒါကတော့ ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ပါပဲ။ ဒီတစ်ကြိမ်မှာတော့ နှစ်ပေါင်းလေးသိန်း၀ိညာဥ်စက်ကွင်းရဲ့ အရှိန်အ၀ါကလဲ သူ့ရဲ့ပုံစံတူတုပမှုနဲ့အတူ ထွက်ပေါ်လာခဲ့ပါတယ်။
တံတားနီရေခဲဖားပြုတ်က မြောက်၀င်ရိုးစွန်းမှာ မကျက်စားသလို ရေခဲအမျိုးအစားသီးသန့်မဟုတ်ပေမဲ့ သူ့ရဲ့စွမ်းအားတော်တော်များများကတော့ ရေခဲကနေလာတာပါ။
ရေခဲကျောက်စိမ်းဧကရီပြောခဲ့သလိုပဲ သူမက ရေခဲတွေအားလုံးရဲ့အရှင်သခင်ဖြစ်သလို ရေခဲအမျိုးအစားသားရဲကောင်တွေအားလုံးကလဲ သူမကို အရှင်သခင်အဖြစ် အသိအမှတ်ပြုကြပါတယ်။
တံတားနီရေခဲဖားပြုတ်ရဲ့အရှိန်အ၀ါက ရေခဲဧကရီနဲ့ ဘယ်လိုများယှဥ်လို့ရနိုင်မှာလဲ။ ဒါ့အပြင် နှစ်ပေါင်းလေးသိန်းသက်တမ်းရှိတဲ့ ရေခဲကျောက်စိမ်းဧကရီရဲ့ အစွမ်းပါ။
မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်နှစ်ယောက်က ဟို့ယွိဟောင်ကို အရင်ပြိုင်ပွဲတွေမှာ ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အတားအဆီးအကာအကွယ်ကြောင့် သူတို့မြင်ကွင်းတွေက ရှင်းရှင်းလင်းလင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ အဝေးကနေသာ ခံစားလို့ရခဲ့ပါတယ်။ သူ့ရဲ့စစ်မှန်တဲ့အငွေ့အသက်ကို မခံစားခဲ့ရပါဘူး။
တကယ်တော့ ဟို့ယွိဟောင်ထုတ်ပြခဲ့တယ်ဆိုတာက ပုံရိပ်ယောင်တွေသက်သက်သာ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲပြီးတဲ့နောက် ဟို့ယွိဟောင်က ဒီလိုအစွမ်းမျိုးကို နောက်တိုက်ပွဲတွေမှာ ထုတ်မသုံးခဲ့ပါဘူး။
တခြားအသင်းတွေက သူ့ရဲ့ ၀ိညာဥ်စွမ်းရည်တွေကို ဖိအားပေးနိုင်ခဲ့ပေမဲ့ အများစုကတော့ ဒီလောက်ကြီးအထိ သုံးရလောက်အောင် အခြေအနေမရှိပဲဖြစ်နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ မုန့်ဟုန်ချန်က ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ အရှိန်အ၀ါကို ခံစားရတာကြောင့် အစောပိုင်းမှာ သူအကဲဖြတ်တာက ဘယ်လောက်အထိရယ်ချင်စရာကောင်းတဲ့ဟာသတစ်ခုဖြစ်သွားမှန်း သူနားလည်သွားပါတော့တယ်။
ကြောက်စရာကောင်းလွန်လှတဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီးရဲ့ အရှိန်အ၀ါကအရမ်းကို လက်တွေ့ကျကျရှိလွန်လှပါတယ်။ ပုံရိပ်ယောင်နယ်မြေမှာရှိနေဦးတော့ အရမ်းကို အစစ်အမှန်အတိုင်းပါပဲ။ သူမရဲ့သိုင်းပညာ၀ိညာဥ်က ဒီကြောက်စရာအရှိန်အ၀ါကြီးရဲ့အောက်မှာ အပြည့်အ၀ဖိနှိမ့်ခံလိုက်ရပါပြီ။
သူမအနေနဲ့ ကျင့်ကြံဆင့်တစ်၀က်ကိုတောင် ထုတ်မသုံးနိုင်တော့ပါဘူး။ ဒီအကြောက်တရားက နှလုံးသားထဲအထိ အနက်ရှိုင်းဆုံး နေရာ၀င်ယူနေရင်း သူ့ရဲ့ တိုက်ခိုက်လိုစိတ်တွေကိုတောင် အများကြီးထိခိုက်သွားစေခဲ့ပါတယ်။
ဟို့ယွိဟောင် ထုတ်သုံးနေတဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို ရင်ဆိုင်ရချိန်မှာ လူတွေအများကြီးကြောက်ကြောက်လန့်လန့် ဖြစ်ကုန်ကြတာအံ့ဩစရာမရှိပါဘူး။ တကယ်ပဲ ဒီအရာကြီးတွေက အရမ်းကို ဖိအားများလွန်လှပါတယ်။
မုန့်ဟုန်ချန်တစ်ယောက်ထဲနဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အရှိန်အ၀ါအောက်မှာသက်ရောက်ခံခဲ့ရတာမဟုတ်ပါဘူး။ ရှောင်ဟုန်ချန်လဲအတူတူပါပဲ။
တံတားနီရေခဲဖားပြုတ်နဲ့ ခြေထောက်သုံးချောင်းရွှေဖားပြုတ်တို့နှစ်ခုစလုံးက ဖားပြုတ်အမျိုးအစားသိုင်းပညာ၀ိညာဥ်တွေပါ။ အဆိပ်ငါးမျိုးထဲမှာ ဖားပြုတ်ရဲ့အဆိပ်ကလဲ ပါ၀င်ပါတယ်။ ဒါ့အပြင် ကင်းမြီးကောက်ရဲ့အဆိပ်ဆိုတာကလဲ အတူတူပါပဲ။ နှစ်ဖက်မှာ ကွာခြားချက်က သိပ်မရှိနိုင်ပေမဲ့ အနိုင်အရှုံးကတော့ ဒီသတ္တ၀ါနှစ်ခုရဲ့ အဆင့်အတန်းနဲ့ ကွာခြားလို့သွားခဲ့ပါတယ်။
ခြေထောက်သုံးချောင်းရွှေဖားပြုတ်က တံတားနီရေခဲဖားပြုတ်ထက် အဆင့်မြင့်တာ အံ့ဩစရာမရှိပါဘူး။ သူတို့နှစ်ခုစလုံးက ထိပ်တန်းအဆင့်သိုင်းပညာ၀ိညာဥ်တွေပါပဲ။ ဒါပေမယ့် ပြိုင်ဘက်ကင်းတဲ့သိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်လိုဘုရင်နဲ့ ယှဥ်ပြိုင်ရချိန်မှာ သူတို့တွေဘယ်လောက်ပဲသန်မာပါစေ ဘုရင်ရှေ့မှာဦးညွှတ်ရတဲ့သူတွေကြီးပါပဲ။
ပုံရိပ်ယောင်တစ်ခုလို့ ဘယ်လိုပဲပြောနေကြပါစေ ဟို့ယွိဟောင်က တကယ်ပဲ ပုံရိပ်ယောင်ကိုထုတ်သုံးနေတာဟုတ်လို့လား။
ဆိုးရိုးစကားရှိတဲ့အတိုင်း အစစ်အမှန်တွေက အလိမ်အညာတစ်ခုဖြစ်သွားပြီ အလိမ်အညာတစ်ခုက အမှန်တရားဖြစ်လာခဲ့တယ်။ အကယ်၍ လူတစ်ယောက်ကသာ ပုံရိပ်ယောင်ထဲမှာ စစ်မှန်တဲ့အရာတချို့ကို ထည့်သွင်းလိုက်မယ်ဆိုရင်တောင် အဲ့ဒီပုံရိပ်ယောင်ကအတုဆိုတာ ပြောဖို့ခက်သွားပါလိမ့်မယ်။
ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာရှိနေတဲ့ ပုံရိပ်ယောင်က ဖန်တီးထားတာဖြစ်ပေမဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့၀ိညာဥ်စက်ကွင်းကထုတ်နေတဲ့အရှိန်အ၀ါကတော့ အစစ်အမှန်ပါပဲ။ ရေခဲကိုနှစ်ပေါင်းလေးသိန်း၀ိညာဥ်စက်ကွင်းရဲ့စစ်မှန်တဲ့အစွမ်းအစဖြစ်နေခဲ့ပါတယ်။ ပုံရိပ်ယောင်နယ်မြေထဲမှာ စစ်မှန်တဲ့အရှိန်အ၀ါကိုထည့်သုံးထားသလို အဆုံးစွန်းရေခဲရဲ့ အရှိန်အ၀ါကလဲ ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ရဲ့တစ်ကောင်ထဲကအရှိန်အ၀ါတွေဖြစ်နေခဲ့တယ်။
ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်မပြောပါနဲ့ ကောင်းကင်ရန်သူတော်သော့်လော့ဖြစ်တဲ့ ၀မ်ချင်ရှုတောင်မှ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အရှိန်အ၀ါတွေကို ခံစားရပြီချိန်မှာ သူ့နှလုံးသားတစ်ခုလုံး မငြိမ်မသက်ဖြစ်လာခဲ့ပါတယ်။
အားလုံးဖြစ်သွားခဲ့တဲ့အချိန်ကတော့ အရမ်းကိုတိုတောင်လွန်ခဲ့တယ်။ မုန့်ဟုန်ချန်က သူမရဲ့ခန္ဓာကိုယ်ရောစိတ်ရော မတည်မငြိမ်ဖြစ်သွားခဲ့သလို သူ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကလဲ အရမ်းကိုအားနည်းသွားခဲ့ပါတယ်။ တခြားတစ်ဖက်မှာ ရှောင်ဟုန်ချန်ကတော့ တခဏတာကြာပြီမှ သတိ၀င်လာခဲ့တဲ့အတွက် သူ့ညီမကိုကူညီပေးနေရင်း တိုက်ခိုက်မှုတွေကို အရှိန်လျှော့လိုက်ရပါတယ်။
တစ်ချိန်ထဲမှာပဲ ရေခဲဖြူရောင်အလင်းတန်းနဲ့ ခမ်းနားလွန်လှတဲ့ ဧကရာဇ်ဆန်ဆန်အလင်းရောင်နှစ်ခုက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အရှေ့မှာထွက်ပေါ်လို့လာခဲ့ပါပြီ။
မုန့်ဟုန်ချန်က သူတို့နှစ်ယောက်နဲ့အရမ်းကိုနီးကပ်လို့နေခဲ့ပါတယ်။ ဒါကြောင့် ဒီအလင်းတန်းရဲ့ တိုက်ခိုက်မှုကို ခုန်မရှောင်နိုင်ခဲ့ပါဘူး။ သူမရဲ့ သိုင်းပညာ၀ိညာဥ်က သက်ရောက်ခံလိုက်ရတာကြောင့် ၀မ်သုန့်ကိုတိုက်ခိုက်ဖို့အခွင့်အရေးတောင်မရှိပဲ ဖြစ်နေခဲ့ရပါတယ်။
ထူးခြားတဲ့ အေးစက်မှုအငွေ့အသက်တွေက သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့လို့သွားခဲ့ပါပြီ။ မုန့်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ကိုလေထဲမှာ လုံး၀ကိုတောင့်တင်းလို့သွားပါတော့တယ်။ သိုင်းပညာ၀ိညာဥ်အသက်သွင်းပြီနိုးထလာချိန်ကထဲကစလို့ အအေးဓာတ်ဆိုတာကို မခံစားခဲ့ရတာ ဘယ်လောက်တောင်ကြာပြီမှန်း သူမမှတ်မိတော့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ အဆုံးစွန်းအေးခဲမှုက သူ့ရဲ့အရိုးထဲအထိကို တိုက်ခိုက်ပြီ ပြင်းပြင်းထန်ထန် တုန်ခါလာစေခဲ့ပါတယ်။ အဲ့ဒီနောက် ရေခဲပြာရောင်မြူခိုတွေက သူတို့ရဲ့အရေပြားပေါ်မှာ ပေါ်ထွက်လို့လာခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုက လက်ရှိအချိန်အဆုံးစွန်းအထိကို ရောက်ရှိနေခဲ့ပါပြီ။ အရမ်းကိုအေးစက်လွန်လှတဲ့ ရေခဲနဲ့ လေတွေက တိုတောင်းလွန်လှတဲ့အကွာအဝေးကိုသာ ပြန့်နှံ့နိုင်ပါတယ်။ သူ့အနောက်ဖက်မှာရှိနေတဲ့ပုံရိပ်ကလဲ အရမ်းကိုတောက်တောက်ပပနဲ့ လင်းလက်လို့လာခဲ့တယ်။ အထူးသဖြင့် သူ့ရဲ့ကျောက်စိမ်းအမြီးတွေက အလင်းစက်ကွင်းတွေကို တစ်ခုပြီတစ်ခု ထုတ်လွှတ်နေပါသေးတယ်။
ဟို့ယွိဟောင်ရဲ့ ပုံစံတူတုပမှုက သူ့ခန္ဓာကိုယ်ကိုဖုံးကွယ်လို့လာခဲ့တာကြောင့် သူ့ရဲ့နံရိုးတွေနဲ့ ရှိရှိသမျှအရိုးတွေအားလုံးက ကျောက်စိမ်းရောင်တောက်နေတယ်ဆိုတာကို ဘယ်သူမှမမြင်ခဲ့ပါဘူး။
အမှန်ပါပဲ ဒါက ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ အရိုးကနေရရှိထားတဲ့ ရေခဲရုပ်ထုနယ်မြေတွေပါ။
အဆုံးစွန်းရေခဲရဲ့ စစ်မှန်တဲ့အစွမ်းအစကို ထုတ်ဖော်ပြနေတာဖြစ်နေသလို အင်အားကလဲ အံ့မခန်းပါပဲ။
တံတားနီရေခဲဖားပြုတ်က ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ဖြစ်နေပေမဲ့ မခုခံနိုင်ပဲရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ နယ်မြေအမျိုးအစား၀ိညာဥ်စွမ်းရည်ရဲ့အစွမ်းအစကို အပြည့်အ၀အသုံးချနိုင်စွမ်းမရှိသေးပေမဲ့ ရေခဲဧကရီရဲ့ အစွမ်းအစကိုတော့ အကန့်အသတ်တစ်ခုအထိ အသုံးချနိုင်စွမ်းရှိနေဆဲပါ။
မုန့်ဟုန်ချန်က ခန္ဓာကိုယ်အစွမ်းအစကို အဆုံးစွန်းအထိ အမြင့်ဆုံးရောက်အောင် ခုန်ထားခဲ့ပေမဲ့ ရေခဲရုပ်ထုနယ်မြေထဲမှာ ချက်ချင်းဆိုသလို အေးခဲသွားခဲ့ရင်း မြေပြင်ပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။
၀မ်သုန့်က ဒီလိုအခွင့်ရေးကောင်းကို ဘယ်လက်လွှတ်ခံနိုင်မှာလဲ။ သူ့ရဲ့အတောင်ပံတွေကို ခေါက်ထားရင်း မုန့်ဟုန်ချန်ရဲ့ အနောက်ဖက်ကို ချက်ချင်းပြေးလိုက်ပါတော့တယ်။
ဒါပေမယ့် မုန့်ဟုန်ချန်ရဲ့ ခါးနားကို အနီရင့်ရောင်သံကြိုးတစ်ခုက ချိတ်ဆက်ထားမှန်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့သတိမထားမိလိုက်ပါဘူး။ ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကျရောက်တော့မဲ့အချိန်မှာပဲ မုန့်ဟုန်ချန်က ချက်ချင်းဆိုသလို ဆွဲခေါ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ကြီးမားတဲ့မုန်တိုင်းကြီးက လိုက်မဖမ်းနိုင်အောင်တားဆီးလိုက်ပါပြီ။
ရှောင်ဟုန်ချန်ရဲ့လက်ထဲမှာအနီရောင်သံကြိုးတွေက ပေါ်လာခဲ့ပါတယ်။ သူလက်ရှိအမူအရာကတော့ အရမ်းကို တည်ငြိမ်လို့နေခဲ့တယ်။
ဟုတ်ပါတယ် ဒီပြိုင်ပွဲပေါ်ကို ရောက်လာခဲ့ပေမဲ့ မုန့်ဟုန်ချန်ရော သူရော ဒီတိုက်ပွဲက အဓိပ္ပာယ်ရှိတယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သူတို့မှားယွင်းသွားမှန်း သူတို့နားလည်လာခဲ့ပါပြီ။ ဒီလူငယ်နှစ်ယောက်ကို ရင်ဆိုင်ရချိန်မှာ သူတို့ရဲ့၀ိညာဥ်စွမ်းအားကိုကြည့်ရင်း အကဲခတ်ဖြတ်လို့မရနိုင်မှန်း နားလည်သွားခဲ့တယ်။
၀မ်သုန့်နဲ့ ဟို့ယွိဟောင်နှစ်ယောက်က အရမ်းကိုပူးပေါင်းမှုကောင်းလွန်ခဲ့ပါတယ်။ ဒါပေမယ့် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့နှစ်ယောက်က မောင်နှမတွေပါ။ သူတို့နှစ်ယောက်က အတူတူကြီးပြင်းလာခဲ့သလို အတူတူလေ့ကျင့်တိုက်ခိုက်ခဲ့ကြပြီ အလုပ်အတူတူလုပ်ခဲ့တာအချိန်အတော်ကို ကြာမြင့်နေခဲ့ပါပြီ။ ဒီလိုပူးပေါင်းဆောင်ရွက်နိုင်စွမ်းက ဟို့ယွိဟောင်တို့နှစ်ယောက်ထက် နောက်ကျနေတာမရှိပါဘူး။
ဒီတစ်ကြိမ်မှာပဲ မုန့်ဟုန်ချန်ရဲ့ရင်ဘတ်ကနေ အနီရင့်ရောင်အလင်းတန်းက တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့ခန္ဓာကိုယ်ကနေ ရေခဲမြူခိုတွေထွက်ပေါ်လို့လာခဲ့ပြီ အနီရောင်ပြောင်းသွားခဲ့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ခပ်မြန်မြန်ပဲ အေးခဲနေရာကနေ ပြန်အရည်ပျော်လာခဲ့ပါပြီ။ တစ်က်ိုယ်လုံးတုန်ရီနေဆဲဖြစ်ပြီ ဓားကိုကောင်းကောင်းမကိုင်နိုင်တော့ပေမဲ့ လှုပ်ရှားနိုင်တဲ့ အစွမ်းအစတော့ ရှိနေဆဲပါပဲ။
ဟို့ယွိဟောင်လဲ ဒီအစွမ်းအစကို အရင်အချိန်တွေတုန်းက သုံးခဲ့ပေမဲ့ ဒီလောက်မြန်မြန်ဆန်ဆန်ပြန်ကောင်းသွားတဲ့သူကို တွေ့ဖူးတာပထမဆုံးအကြိမ်ပါ။
ကျင့်ကြံဆင့်က ကွာခြားနေခဲ့ပေမဲ့ ရေခဲအမျိုးအစားအတူတူဖြစ်နေတာကြောင့်များလား။ ဟို့ယွိဟောင် သူ့ဘာသာသူတွေးနေခဲ့မိပါတယ်။ တံတားနီရေခဲဖားပြုတ်က သူ့ရဲ့အဆုံးစွန်းရေခဲအောက်မှာ ဆက်တိုက်တားဆီးခံရတာမျိုးမဖြစ်တာက အံ့ဩစရာမရှိပါဘူး။ နောက်ဆုံးတော့လဲ သူသာ၀ိညာဥ်ဘုရင်သာ ဖြစ်နိုင်ခဲ့မယ်ဆိုရင် မုန့်ဟုန်ချန်က ဘယ်လိုများသူ့လက်ကနေ လွှတ်နိုင်မှာလဲ။
လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံးက မူလနေရာကိုပြန်ရောက်သွားခဲ့ပါပြီ။ ရှောင်ဟုန်ချန်ရဲ့ အစွမ်းကုန်တိုက်ခိုက်မှုတွေအောက်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကလဲ ဆက်ပြီလိုက်မဖမ်းနိုင်တော့ပါဘူး။
အပိုင်း ၁၂၅•၁ ပြီး၏။