ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၆ – ခုန်းဂင်
ငွေတောင်ပံ လေထဲ၌ ရပ်နေဆဲပင်။ သူ့အတောင်ပံမှ ထုတ်လွှတ်နေသည့် အလင်းတန်းများ သူ့ကို ဝန်းရံထားသောကြောင့် သူသည် မြင့်မြတ်သည့်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည်။
သူသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းစခြေဆုံး ငွေရောင်တောက်ပနေသည်ပင်။
မြေပြင်ထက်တွင် နှစ်ပိုင်းပြတ်နေသည့် သားရဲကြီးမှ သွေးများအိုင်နေလေပြီ။ ကျောက်တုံးများ၊ မြက်ပင်များ၊ သစ်ပင်များနှင့် မြေပြင်များမှာ သွေးများဖြင့် နီရဲနေပြီဖြစ်သည်။
ကျည်ဆံများပင် တိုးမပေါက်သည့်၊ သန္ဓေပြောင်းလူများစွာကို သတ်ဖြတ်ခဲ့သည့် သားရဲကြီးမှာ ခါးမှ နှစ်ပိုင်းပြတ်နေသည်။
ဤဆန့်ကျင်ဘက် အခြေအနေနှစ်ခုမှာ လူများကို အံ့အားသင့်သွားစေခဲ့သည်။ ငွေတောင်ပံသည် ကြောက်စရာကောင်းသည့် သက်ရှိတစ်ဦးဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ကျက်သရေရှိပြီး ချောမောလှသည်မှာ ငြင်းဖွယ်ရာမရှိပေ။
“ဂါး..”
ပထမသားရဲ၏အလောင်းမှ ဒုတိယသားရဲ ထွက်ပေါ်လာသည်။ ထိုသတ္တဝါထံမှထွက်လာသော အသံသည် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လွန်းလှသည်။ သားရဲကောင်ကြီးသည် ခေါင်းကိုမော့ရင်း သူ့အဖော်အား သတ်လိုက်သည့်သူကိုရှာဖွေနေလေသည်။ သားရဲကောင်၏ အော်သံမှာ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းလှသည်။
သန္ဓေပြောင်းသက်ရှိများစွာ သူတို့နားကို ဖုံးအုပ်လိုက်ကြရသည်။ သားရဲကောင်၏ ငိုသံမှထွက်လာသော အသံလှိုင်းများမှာ ကျယ်လောင်လွန်းလှ၍ သူတို့ နားစည်များပေါက်ကွဲထွက်မတတ်ပင်ဖြစ်နေ၏။
ထိုအသံလှိုင်းကြောင့် သစ်ပင်များ တစ်စစီဖြစ်သွားကာ ကောင်းကင်ထက်တွင်လည်း ဖုန်မှုန့်နှင့် မီးခိုးများ လိမ့်တက်လာသည်။
သားရဲကောင်သည် လေထဲ၌ ရပ်နေသည့် ငွေတောင်ပံအား သတ်ဖြတ်တော့မည့်ပုံစံပင်။
ငွေတောင်ပံသည် ဘာစကားမှ မပြောပဲ လေထဲ၌သာ ရပ်နေသည်။ သူသည် ထိုသားရဲဖန်တီးလိုက်သည့် ကမောက်ကမအခြေအနေများကို အေးဆေးစွာပင် ကြည့်နေလေ၏။ သူ့မျက်နှာထက်၌ ခံစားချက် တစ်စိုးတစ်စိမှမရှိ။
သားရဲကြီး နောက်ဆုံးတော့ လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်သည် ၁၀ မီတာကျော်ရှိသော်လည်း သူ့အရှိန်မှာ မနှေးပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဆယ်မီတာကျော် ရောက်သွားပြီဖြစ်သည်။
သို့သော် သူသည် လေထဲသို့ ခုန်မတက်ပဲ အပင်ရှိနေသည့်နေရာသို့ ပြေးသွားနေခြင်းပင်။ သူသည် ခရမ်းရောင်ထင်းရှူးစေ့တစ်ခုလုံးကို မြိုချပစ်ချင်နေသည်။
သူ့မျက်လုံးများ နီရဲနေကာ အမုန်းတရားများ ပြည့်နှက်နေသော်လည်း သားရဲကြီးသည် သူ၏စိတ်ရိုင်းကို ဖိနှိပ်နိုင်သေးသည်။ ယခုအချိန်တွင် သစ်သီးကို အမြန်ဆုံး ခူးယူစားသုံးခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း သူ သိပုံပေါ်သည်။ အသီးကိုစားလိုက်သည်နှင့် သူ၏ခွန်အားနှင့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတို့မှာ အဆမတန် တိုးတက်မြင့်မားလာမည်ပင်။
သူ့အတွက်တော့ ဤသည်မှာ ပထမခြေလှမ်းပင်။ သူ တိုင်ဟန်းတောင်အပြင်ထွက်ကာ မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို အုပ်ချုပ်ချင်သည်။ ပို၍ ထူးခြားဆန်းကျယ်ပြီး နာမည်ကြီးသည့်တောင်များနှင့် မြစ်များသို့ သွားရောက်ကာ လောကကြီးတစ်ခုလုံးကို အုပ်စိုးချင်သည်။
သူ့အဖော်ကိုသတ်ခဲ့သည့် ရန်သူကိုတော့ သူ အသီးစားပြီး ခွန်အားတိုးလာသည့်အချိန်ကျမှ သတ်ပစ်မည်ဟု သူ တွေးထားသည်ပင်။
သားရဲကြီးသည် လက်စားမချေပဲ အပင်ကြီးထံသို့ ပြေးနေသည်အား တွေ့လိုက်ရသည့်အချိန်တွင် လူများ ထိတ်လန့်သွားကြရသည်။
“မြန်မြန် .. သူ့ကိုတားလိုက်..” လူအုပ်ထဲမှ လူတစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သားရဲကြီး အသီးအား ခူးယူသွားမည်ကို မည်သူမှ မမြင်ချင်ကြ။
ဖုန်း..
ရုတ်တရက် လေထဲ၌ စူးရှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကြီးသည် ဧရာမဗုံကြီးအား ထုရိုက်ရာမှ ထွက်ပေါ်လာသည့်အသံကဲ့သို့ ကြားရသည့်သူတိုင်းကို နားစည်ကွဲမတတ် ဖြစ်စေခဲ့သည်။
ထို့နောက် ဆယ်ပေမြင့်သည့် သားရဲကြီးသည် ရုတ်တရက်ပင် လေထဲသို့ လွင့်ထွက်သွားကာ အဝေးတစ်နေရာသို့ လွင့်ထွက်သွားလေ၏။ သူပြုတ်ကျသည့်အရှိန်ကြောင့် သစ်ပင်များ ကျိုးကျကုန်ပြီး မီးခိုးနှင့် ဖုန်မှုန့်များ လှိုက်တက်လာသည်။
ဘာဖြစ်သွားတာလဲ.. လူများစွာ ဆွံ့အသွားရသည်။
ထို့နောက် ထိုအပင်ဘေး၌ လူတစ်ဦး ရပ်နေသည်ကို သူတို့တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် ဖုထွက်နေသော ကြွက်သားများ မရှိသော်လည်း သူသည် အတော်လေး ကြံ့ခိုင်သန်စွမ်းမည့်ပုံပင်။
သူ့ပုံစံကို ကြည့်လိုက်ရုံဖြင့် သူ မည်မျှအင်အားကြီးကြောင်း ခန့်မှန်းနိုင်သည်။
ထိုလူသည် ထူးခြားနေသည်။ ချောမောလွန်းသည်မဟုတ်သော်လည်း တစ်မူထူးခြားကာ ဗုဒ္ဓဘုရားအလား လွှမ်းမိုးမှုရှိလှသည်။
သူ၏ခေါင်းတွင် ရှရာတစ်ခုရှိနေပြီး အသားအရည်သည် အနည်းငယ် အဝါရောင်သမ်းနေသည်။
“သူက .. ခုန်းဂင်ပဲ..”
လူအုပ်ထဲမှ လူတစ်ဦး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိပ်တန်းလေးဦးထဲမှ နောက်တစ်ဦး ရောက်လာလေပြီ။
သားရဲကြီး လွင့်ထွက်သဤားအောင်လုပ်ဖို့ လက်သီးနဲ့တစ်ချက်တည်း ထိုးလိုက်တာလား .. သူက ဘယ်လောက်တောင် အင်အားကြီးတာလဲ..
လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် သားရဲကောင်သည် ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာတိုင်းကို ချေမွပစ်နေခဲ့သည်။ဓ ဆယ်မီတာမျှမြင့်သော ထူးဆန်းသော သစ်ပင်သည်ပင် သူ၏အင်အားကို ခုခံနိုင်စွမ်းမရှိခဲ့။
ယခုအချိန်တွင်မူ လူတစ်ဦး၏ လက်သီးချက်တစ်ချက်မျှဖြင့် လေထဲသို့ လွင့်ပျံသွားရလေပြီ။ ခွန်အားအရာတွင် ဤအမျိုးသားသည် သားရဲထက်ပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
သားရဲကောင်ကြီး မတ်တပ်ပြန်ရပ်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ဒေါသတရားများ လောင်ကျွမ်းနေလေပြီ။ သူသည် အသီးနှင့် တစ်လက်မသာ လိုတော့သော်လည်း သူ့ကို တားဆီးမည့်သူ ပေါ်လာသည်။
ဒေါသတရားအပြင် သူ့မျက်လုံးထဲ၌ အကြောက်တရားလည်း ရှိနေသည်။ ဤလူသည် လက်သီးတစ်ချက်တည်းဖြင့် သူ့ကို လွင့်ထွက်အောင် လုပ်ခဲ့သောကြောင့် သူ ဤလူကို ကြောက်နေမိသည်။
ဝှီး..
သားရဲကောင်သည် ရန်သူကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ထင်းရှူးသီးသည် ရင့်မှည့်လုနီးနေပြီဖြစ်ပြီး သူ့အောင်မြင်မှုမှာလည်း လက်တစ်ကမ်းအလိုသာ လိုတော့သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူက ဘယ်လိုလုပ် အရှုံးကို လက်သင့်ခံနိုင်မည်နည်း..
အမှန်တကယ်တွင် ခုန်းဂင်လည်း စတင်၍ တဟုန်ထိုး ပြေးလာပြီဖြစ်သည်။ သူ၏အရှိန်မှာ သားရဲထက်ပင် မြန်သေးသည်။ သူနှင့်သားရဲကြားတွင် ဆယ်မီတာရှိသော်လည်း သူ စပြေးလိုက်သည်နှင့် မြေကြီးမှာ ရုတ်တရက်ကျုံ့သွားသလိုပင်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူတို့နှစ်ဦး အနည်းငယ်မျှသာ ကွာဝေးတော့သည်။
“ဖုန်း..”
ယခုတစ်ခေါက်တွင်တော့ ခုန်းဂင် သူ့လက်သီးကို အားပိုထည့်လိုက်ကာ သားရဲကြီး၏ပါးစပ်ထောင့်ကို ထိုးချလိုက်သည်။ သားရဲကြီသည် ချက်ချင်းပင် သွားများကျွတ်ထွက်လာလေ၏။
သားရဲကြီးသည် လေထဲသို့ နောက်တစ်ကြိမ် လွင့်ထွက်သွားပြီး သစ်ပင်နှင့်ပိုဝေးသည့်နေရာသို့ ကျသွားသည်။ သူသည် ခုန်းဂင်၏ခွန်အားကို မတောင့်ခံနိုင်တော့။
ဆိုးရွားရိုင်းစိုင်းနေခဲ့သော သားရဲကောင်သည် ယခုတော့ သူ့ထက်ပိုကြမ်းတမ်းသည့်လူနှင့် တွေ့နေရလေပြီ။ ငွေတောင်ပံနှင့်မတူသည်မှာ ခုန်းဂင်သည် ရန်သူကိုဖိနှိပ်ရန်အတွက် သူ့လက်သီးကိုသာ အသုံးပြုခဲ့သည်။
တိုက်ပွဲမြေပြင်တွင် ကျိုးပဲ့နေသောသွားများ၊ သွေးအိုင်များဖြင့် ပြည့်နှက်သွားသည်။ သွားမှာ အနည်းဆုံး တစ်ပေခန့်ရှည်သည်ပင်။
“ဒါက ခုန်းဂင်ပဲ .. သူက တိုက်ပွဲမှာဆိုရင် လုံးဝကို ပြိုင်ဘက်ကင်းပဲ..”
“ခုန်းဂင်ရောက်လာပြီဆိုတော့ သူနဲ့ငွေတောင်ပံက သေချာပေါက်ကို တိုက်ကြတော့မှာ .. ငါတို့ အသီးမရရင်တောင်မှ ငါတို့ဒီကိုလာတဲ့ခရီးက အလကားမဖြစ်တော့ဘူး..”
လူများစွာ ပျော်ရွှင်နေကြလေသည်။
အစောပိုင်းကတင် သူတို့ သားရဲကြီးကို ကြောက်ရွံ့၊ စိုးရိမ်နေကြသေးသည်။ သို့သော် ယခုတော့ သူတို့ ဤသားရဲကြီးကို အရေးပင်မစိုက်တော့။
ငွေတောင်ပံလည်း သိပ်မဝေးသည့်တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုနေရာ၌ ဒိမ်ဒီမှ အကြီးအကဲများ ရှိနေသည်ပင်။
လင်းနွိုင်လည်း ထိုနေရာ၌ ရှိနေသည်။ ငွေတောင်ပံသည် တောင်ကုန်းပေါ်သို့ ဆင်းလာပြီးနောက် သူမဘေး ရပ်လိုက်လေသည်။
ဤမြင်ကွင်းမှာ လူအုပ်ကြီးကို အတော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။
လင်းနွိုင်ကို ယခင်ကလည်း ပြည်သူလူထုက မြင်ခဲ့ဖူးသည်။ ဤကမ္ဘာတွင် သူ၏အလှကိုယှဉ်နိုင်သူမရှိဟု လူအများက ယူဆကြသည်။ သူနှင့် ငွေတောင်ပံတို့၏ ဆက်ဆံရေးအကြောင်း ကောလဟလများလည်း ပျံ့နှံ့လျက်ရှိပြီး ဤအကြောင်းအရာမှာ အင်တာနက်ပေါ်တွင် လူပြောများခဲ့ဖူးသည်။ ယခုမျက်မြင်ကိုယ်တွေ့မြင်ဖူးသောအခါတွင်မှ လင်းနွိုင်သည် ဓာတ်ပုံထဲကထက်ပင် ပို၍ဆွဲဆောင်မှုရှိနေသည်ကို လူတို့သဘောပေါက်သွားကြတော့သည်။
ထို့နောက် အခြားလူငယ်တစ်ဦးလည်း ထိုနေရာသို့ရောက်လာသည်။ သူသည်လည်း ချောမောလွန်းလှသည်ပင်။ ထိုလူသည် လင်းနွိုင်နံဘေးသို့ လျှောက်သွားလိုက်ပြီး သူ့လက်အောက်ရှိလူများကို လုပ်ငန်းတာဝန်များ ခွဲဝေပေးလိုက်လေသည်။
“မူလား..”
ချူဖုန်း တောင်ထိပ်သို့ ကြည့်လိုက်ပြီး ထိုနေရာရှိ လူများကို မှတ်မိအောင် လုပ်လိုက်သည်။
သူ ယခင်က မူ၏ဓာတ်ပုံကို မြင်ဖူးပြီး မူနှင့် ဝမ်ချင်းကြားမှ ဆက်ဆံရေးသာ သာမန်သူငယ်ချင်းအဆင့်ထက်ပိုကြောင်း သူသိထားသည်ပင်။ ထို့ကြောင့် ချူဖုန်း သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ခြင်းပင်။
“ဝုန်း..”
တိုက်ခိုက်ရေးကွင်းတွင် သားရဲကြီးသည် ခုန်းဂင်ကြောင့် လေထဲသို့ နောက်တစ်ကြိမ်လွင့်ထွက်သွားလေသည်။ သူပြုတ်ကျလာသည်နှင့် သူ့အလေးချိန်ကြောင့် သစ်ပင်များ ကျိုးကျသွားသည်။
ခုန်းဂင်သည် သားရဲကြီးကို အလျင်စလို အဆုံးမသတ်ပဲ ဆော့ကစားနေသည်ကို လူများစွာ သတိပြုမိသွားသည်။
သားရဲကြီးမှာ မောပန်းနေပြီဖြစ်သောကြောင့် သူ့ပါးစပ်မှ အနက်ရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်များမှ ထွက်လာသည့် ဆာလဖာနံ့မှာ ပြင်းလှသည်။
ခုန်းဂင် အချိန်ထပ်မဖြုန်းချင်တော့။ သူ့နောက်ကျောမှ ဓားကိုဆွဲထုတ်လိုက်သည်ပြီး သားရဲကောင်အနီးသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။
ရွှက်…
ဓားသွားအရောင်မှာ နဂါးငွေ့တန်းကဲ့သို့ တောက်ပလွန်းလှသည်။ ထိုသို့တလက်လက်တောက်နေသော ဓားသွားမှာ သားရဲကောင်ကို ခေါင်းဖြတ်ရာမှ ယိုစီးကျလာသည့် သွေးတို့ဖြင့် ရဲရဲနီသွားလေတော့သည်။
ခုန်းဂင်သည် ဓားချက်တစ်ချက်တည်းဖြင့်ပင် သားရဲကောင်ကို အဆုံးစီရင်လိုက်နိုင်လေပြီ။
“မြန်မြန်လုပ်ကြ.. မင်းတို့ ဒါတွေအကုန်လုံးကို ရိုက်လိုက်နိုင်လား.. ဒီမှတ်တမ်းက ငါတို့အတွက် အဖိုးတန်တယ်နော်.. ဖြတ်ညှပ်ကတ်လုပ်ထားတာ ဘာမှမပါဘူး.. တကယ့်အစစ်တွေချည်းပဲ.. ငါတို့ရုပ်ရှင်တော့ နာမည်ကြီးတော့မယ်ကွ..”
ယခုကဲ့သို့ အရေးကြီးသောအချိန်တွင် လူကြားထဲမှ ထိုသို့အော်သံမျိုးကြားလိုက်ရသောကြောင့် အားလုံး ထိုနေရာကိုအာရုံစိုက်သွားကြသည်။
အစပိုင်းတွင် အံ့ဩမှင်သက်နေကြပြီးနောက် သူတို့ ကျိုးရိထျန်းကို မြင်သွားကြသည်။ သူ့ဘေးပတ်လည်ရှိလူများမှာ ရိုက်ကူးရေးပစ္စည်းမျိုးစုံကို သယ်ဆောင်ကာ တိုက်ပွဲမြင်ကွင်းကို ရှုထောင့်မျိုးစုံမှ ရိုက်ကူးနေလေသည်။
“ငွေတောင်ပံ .. ခုန်းဂင် .. ဆိုတဲ့ ငါတို့ခေတ်ရဲ့ နာမည်အကြီးဆုံး သူရဲကောင်းနှစ်ယောက်က ငါ့ရုပ်ရှင်ထဲမှာ ဝင်သရုပ်ဆောင်ထားတယ်တဲ့ကွာ..” ကျိုးရိထျန်သည် အလွန်စိတ်လှုပ်ရှားနေသည့်ပုံပင်။
မည်သူကမျှ သူ့ကို သတိမပြုမိသည့်အပြင် မည်သူကမျှကို သူ့ရုပ်ရှင်ကို အဖတ်မလုပ်ကြ။
အားလုံးမှာ ခုန်းဂင်၏ တိုက်ခိုက်စွမ်းရည်ကိုသာ ထိတ်လန့်နေကြသည်။ သူ့ဓားကိုသာ ထုတ်သုံးလျှင် မည်သူက ယှဉ်နိုင်တော့မည်နည်း..
“ခုန်းဂင် .. ဒီမှာ..”
တောင်ထိပ်ပေါ်မှ ငွေတောင်ပံ ခုန်းဂင်ကို အော်လိုက်သည်။ သူသည် ငွေရောင်အတောင်ပံကို တဖျတ်ဖျတ် လှုပ်ခတ်ပြီး တရွေ့ရွေ့ ပျံသန်းနေကာ အောက်ဘက်ရှိ သန္ဓေပြောင်းလူအုပ်စုကို ကြည့်သွားလေသည်။
အောက်ဘက်ရှိလူအုပ်များ၏အမြင်တွင်တော့ သူသည် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါး အလားပင်။
သူတို့နှစ်ဦးကြားတွင် လျှို့ဝှက်သဘောတူညီမှုများ ရှိနေသကဲ့သို့ ခုန်းဂင် သူ၏ရန်သူကို ခေါင်းမော့ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားတွင် တိုက်ပွဲတစ်ခုမလွဲမသွေဖြစ်လာမည်ကို သူသိပြီးသားပင်။ သူ ခြေလှမ်းစလှမ်းလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မူလရပ်နေသည့်နေရာမှ အဝေးကို ရောက်သွားသည်။
လူအုပ်ကြီးမှာ ထိတ်လန့်သွားကြရသည်။ သူ မြေပြင်ပေါ် လမ်းလျှောက်နေတာရော ဟုတ်ရဲ့လား .. လူတစ်ယောက်အတွက် ဒီအရှိန်က မမြန်လွန်းဘူးလား.. ငှက်တွေတောင် သူ့လောက် သွားနိုင်မှာမဟုတ်ဘူး..
ဝုန်း..
တောင်ကုန်းနံဘေးရှိ လယ်ကွင်းပြင်ကြီးထဲတွင် ငွေတောင်ပံနှင့် ခုန်းဂင်တို့၏တိုက်ပွဲ စတင်လေပြီ။ ဤတိုက်ပွဲမှာ သမိုင်းတွင်မည့် တိုက်ပွဲပင်ဖြစ်ပေသည်။
“တိုက် .. အသီးကို ငါတို့ ဒိမ်ဒီကပိုင်တာ..” မူ အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။
သူ့လက်အောက်မှ လူများကို အပင်ရှိနေသည့်နေရာ ဝိုင်းထားရန် အမိန့်ပေးလိုက်သည်။ အသီးမှာ ရင့်မှည့်တော့မည်ပင်။
တစ်ချိန်တည်းမှာပင် တောင်ထိပ်များပေါ်မှ မည်းနက်နေသည့် သေနတ်ပြောင်းဝများ ထွက်ပေါ်လာသည်ကို လူအများ အံ့အားသင့်စွာ တွေ့ခဲ့ရသည်။ထိုသေနတ်ပြောင်းများကြောင့် လူများအားလုံး ထိတ်လန့်တကြားဖြစ်ကုန်ကြလေသည်။
ထို့အပြင် အဝေးမှ ရဟတ်ယာဉ်သံများကိုလည်း ကြားလိုက်ရသည်။ ဤသည်မှာ စစ်တပ်သုံး ရဟတ်ယာဉ်များဖြစ်ပြီး ခဏကြာပြီးနောက် ဤရဟတ်ယာဉ်တစ်စင်းသည် လူအုပ်အပေါ်၌ ပျံဝဲလာလေသည်။
အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။ ရဟတ်ယာဉ်ပေါ်မှ လက်နက်များမှာ ကြောက်စရာကောင်းလှသည်။ တစ်ချက်ပစ်လိုက်သည်နှင့် တောအုပ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်ပင်။
“ကျိုးချွမ် .. မင်းအခုချက်ချင်း ထွက်သွားတော့..”
တောင်ထိပ်ပေါ်မှ ချူဖုန်း တီးတိုးပြောလိုက်သည်။ သူ့စကားသံထဲတွင် အမိန့်သံပင် ပါနေသည်ပင်။ သူ မကောင်းသည့်ခံစားချက်ရနေသောကြောင့် ကျိုးချွမ်ကို ဖြစ်နိုင်သမျှ ဤနေရာမှ မြန်မြန်ထွက်သွားစေချင်သည်။
ကျိုးချွင်လည်း အခြေအနေကို နားလည်သည်ပင်။ သူသည် တွေဝေမနေပဲ ချက်ချင်းထွက်ခွာသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မီတာရာကျော် ရောက်သွားပြီဖြစ်သည်။
ချူဖုန်း၏ ခန္ဓာကိုယ်နေရာအတော်များများတွင် နာကျင်မှုများ ခံစားနေရသည်။ ဤသည်မှာ သူရင်းနှီးနေသည့် အန္တရာယ်ရှိကြောင်း ကြိုတင်အသိပေးချက်တစ်မျိုးပင်။
“ဘယ်သူက ငါတို့ကို ရန်လာစရဲတာလဲ .. သေလိုက်တော့..”
မူ အံကြိတ်၍ ပြောလိုက်သည်။ ထို့နောက် လက်ဝေ့ရမ်းပြလိုက်ကာ သူ့လက်အောက်မှလူများကို စတင်ပစ်ခတ်ခိုင်းလိုက်သည်။
ဖုန်း ဖုန်း ဖုန်း..
ရုတ်တရက် သေနတ်ပစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ သေနတ်များအားလုံးသည် ချူဖုန်းရပ်နေသော တောင်ထိပ်ပေါ်သို့ ဦးတည်ထားခြင်းဖြစ်ပြီး ကျည်ဆံများသည် လေအဟုန်ကိုဖြတ်သွားပြီး တောင်ထိပ်ပေါ်ရှိ အပင်များကိုထိကာ မြေကြီးထဲသို့ စိုက်ဝင်သွားကြလေသည်။
ချူဖုန်း သူ့အလိုလိုသိစိတ်ကို အသုံးချကာ သားရဲတစ်ကောင်ကဲ့သို့ ဘေးဘက်ရှိ အခြားတောင်ကုန်းတစ်ခုပေါ်သို့ လိမ့်ချလိုက်သည်။ ပထမအကြိမ်ပစ်လွှတ်လိုက်သော ကျည်ဆံများကို သူ ရှောင်ရှားနိုင်လိုက်လေပြီ။
နွားဝါလည်း ချူဖုန်းနှင့်အတူ လုံခြုံအောင်ရှောင်နိုင်ခဲ့သည်။
ချူဖုန်း၏သွေးများ အေးခဲသွားရသည်။ လင်းနွိုင်ရှိနေသောကြောင့် ဒိမ်ဒီကို တိုက်ခိုက်ရန် သူ စိတ်မကူးခဲ့။ သို့သော် ဒိမ်ဒီမှလူများ သူ့ကို ဆက်တိုက်ရန်လာရှာသည့်အချိန်တွင်တော့ သူ ရွေးချယ်စရာမရှိတော့။
ချူဖုန်းသည် လက်ထဲတွင် သေနတ်ကိုင်ကာ ပုန်းနေရာမှ ပြန်ထွက်လာသည်။ သူသည် သွေးအေးစွာဖြင့် နေရာတစ်ခုကို ပစ်ခတ်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း..
မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း ခြောက်ချက်ဆက်တိုက် ပစ်လိုက်သည်။ သူ၏ကျည်ဆံတစ်တောင့်မှာ အသက်တစ်ချောင်းကိုနှုတ်ယူသွားသည်ပင်။
အဖြစ်အပျက်များမှာ လျင်မြန်လွန်းလှသောကြောင့် လူများ လိုက်ပင်မမှီနိုင်တော့။
“အိုး ဘုရားရေ .. နွားနတ်ဘုရားက ကျည်ဆံတွေကို ရှောင်နိုင်တဲ့အပြင် သူ့ကိုတိုက်တဲ့သူတွေကို ချက်ချင်း ပြန်တိုက်နိုင်သေးတယ် .. သူက ဒိမ်ဒီက သေနတ်သမားခြောက်ယောက်ကို သတ်လိုက်တာလား..”
“သူ့ တုံ့ပြန်မှုက အတော်လေးကို မြန်တာပဲ .. သူ ဘယ်လိုလုပ် အဲဒီကျည်ဆံတွေအားလုံးကို ရှောင်လိုက်နိုင်တာလဲ…”
တောင်နားတွင်ရှိနေသည့်လူများမှာ သူတို့မျက်လုံးကိုပင် မယုံကြည်နိုင်ဖြစ်နေကြသည်။
မူလည်း အံ့အားသင့်သွားသည်ပင်။ သူ တိုက်ခိုက်ရေးသမားတစ်ဦးကို ပြဿနာရှာမိပြီဖြစ်ကြောင်း ယခုမှ သိသွားတော့သည်။
လင်းနွိုင် မူကို လှည့်ကြည့်လိုက်သည်။
“မင်းဦးလေးလက်အောက်မှာ လုပ်တဲ့သူတွေကို သူ အရှက်ခွဲလိုက်တာကို မြင်ဖူးလို့ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ရှင်းမလို့ .. ဒါပေမဲ့ သူက ဒီလောက် အားကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. ငါ့အမှားပါ..” မူ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
စကားလုံးအနည်းဖြင့် သူ့ဦးလေး ဂုဏ်သိက္ခာအတွက် လက်စားချေပေးလိုက်ခြင်းဖြစ်ကြောင်း ပြောလာလေသည်။
ဒိုင်း..
ချူဖုန်း သေနတ်ကို ထပ်မြှောက်လိုက်ကာ အဝေးသို့ ထပ်ပစ်လိုက်သည်။
“အမ်..” မူ၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူလည်း သာမန်လူမဟုတ်သောကြောင့် သူ့ထံသို့ ရောက်လာမည့်အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သည်ပင်။
ဝှစ်…
ရုတ်တရက် သူ ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားလေ၏။
“သူလည်း သာမန်လူမဟုတ်ဘူး..” ချူဖုန်း အံ့အားသင့်သွားရသည်။ သူကဲ့သို့ ကျည်ဆံများအား ရှောင်နိုင်သည့်သူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
“သူ့ကိုသတ် … သူ့ကိုသတ်..” မူ၏ မျက်လုံးများ အေးခဲလာသည်။ သူသည် တောင်ထိပ်သို့ စိုက်ကြည့်နေပြီးနောက် လက်ဝေ့ရမ်းကာ သူ့လူများကို အမိန့်ပေးလိုက်သည်။
သေနတ်ပြောင်းဝအားလုံးမှာ ချူဖုန်းရပ်နေသည့် တောင်ထိပ်သို့ ဦးတည်လာသည်။
တစ်ချိန်တည်းမှာပင် လေထဲ၌ ရှိနေသည့် ရဟတ်ယာဉ်လည်း ချူဖုန်းကို ဦးတည်လာလေသည်။
“မင်းက ငါ့ကို သတ်ချင်နေတာလား မူ .. ကောင်းပြီလေ .. မင်းနဲ့ငါ့ကြားက ရန်ငြိုးကို အခုပဲ ဖြေရှင်းကြတာပေါ့..” ချူဖုန်း သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြောလိုက်သည်။
အပိုင်း ၅၆ ပြီး၏။