Switch Mode

Chapter – 54

ကြီးကျယ်ခမ်းနားသော တွေ့ဆုံမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၄ – ကြီးကျယ်ခမ်းနားသော တွေ့ဆုံမှု

အမျိုးသမီး၏ကျောဘက်ရှိအတောင်ပံမှ အဖြူရောင်အလင်းတန်းများထွက်ပေါ်လာသည်။ သူမသည် နတ်မိမယ်တစ်ပါးကဲ့သို့ တောင်ထိပ်ပေါ်သို့ ဆင်းသက်လာသည်။ နတ်ဘုရားကဲ့သို့သောခြေအစုံဖြင့် ကျောက်တုံးများပေါ်မှ လျှောက်လှမ်းလာပုံမှာ သူမကို ရင်သပ်ရှုမောစွာကြည့်ရှုနေကြသူများ၏အမြင်တွင် မယုံနိုင်ဖွယ်ဆန်းကြယ်နေလေသည်။

သူမ အလှမှာ အသက်ရှူမှားလောက်အောင်ပင်။ သူမသည် ငယ်ရွယ်နုပျိုနေသော်လည်း မာနကြီးပုံမပေါ်။ သို့သော် သူမ အနားကပ်သွားလိုက်သည်နှင့် သူတို့နှင့် သူမကြားမှ အကွာအဝေးကို ခံစားနိုင်သည်ပင်။ ဤနတ်မိမယ်ကို မည်သူမှ မရိုမသေ လုပ်နိုင်မည်မဟုတ်။

ဤရင်သပ်ရှုမောဖွယ်အသွင်အပြင်နှင့်အမျိုးသမီးသည် ချူဖုန်းကို သူမနှင့်အတူလိုက်ခဲ့ရန် ခေါ်နေသဖြင့် လူအများ အံ့အားသင့်သွားရသည်။

သူမအမည်မှာ ကုန်းရှောင်ရှီးဖြစ်သည်။ သူမ၏အပြုံးသည် နူးညံ့ကာ သူမကိုယ်သူမ မိတ်ဆက်ပုံမှာလည်း ရိုးရှင်းကာ သင့်တော်သည်။ သူမသည် ချူဖုန်းနှင့် စကားပြောလိုခြင်းသာဖြစ်ကြောင်း သူမ လာရသည့်အကြောင်းရင်းကို ယဉ်ကျေးစွာပြောလာသည်။

ချူဖုန်း၏အသံမှာ ခပ်အက်အက်ဖြစ်နေသည်။ သူ့ပင်ကိုယ်အသံဖြင့် သူ မပြောရဲ။ ထိုအသားများကို စားပြီးနောက် သူမ ဘာဖြစ်သွားသလဲ သူ မသိသေး။

သူတို့နှစ်ဉီးစကားပြောကြချိန်တွင် ချူဖုန်းသည် အိပ်မွေ့ချခံထားရသကဲ့သို့ဖြစ်နေသည်။ သူ ဤမိန်းကလေးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူမသည် သူ့ထက်ပင်ပို၍ငယ်နေပြီး အလွန်ဆုံးမှ အသက် ၂၀ သာ ရှိပေဦးမည်။

သူမသည် သိမ်မွေ့ကာ စိတ်နေစိတ်ထားကောင်းသည့်သူပင်။ ချူဖုန်း သူမ၏ကမ်းလှမ်းမှုအား ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်သည့်အချိန်တွင် သူမ သူ့ကို စိတ်မကွက်ခဲ့။

အမှန်စင်စစ် သူမ ယနေ့ထွက်ပေါ်လာရခြင်းမှာ ဤလူ၏စွမ်းအားကို နှစ်သက်သဘောကျခြင်းကြောင့်ပင်။ သို့သော် ပထမဆုံးအကြိမ်တွေ့ဖူးသော လူတစ်ဦးကို သူမအဖွဲ့ထဲသို့ဝင်ရန် မေးမြန်းခြင်းမှာ ထူးဆန်းနေကြောင်း သူမ ဝန်ခံသည်။

သူမ အခြားရှုထောင့်တစ်မျိုးမှ စဉ်းစားကြည့်လိုက်သည်။ ဤလူသည် ဒိမ်ဒီမှ ဆရာတစ်ဦးဆိုလျှင် မည်သို့ဖြစ်မည်နည်း.. ဤသည်မှာ လင်းနွိုင်၏ထောင်ချောက်တစ်ခု ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း..

သို့သော်လည်း သူမ သဘောထားကိုတော့ ပြောရမည်ပင်။ ဤလူ မည်ကဲ့သို့သောနောက်ခံမျိုးမှ လာသည်ဖြစ်စေ မေးကြည့်ရုံဖြင့် အန္တရာယ်မရှိနိုင်။

ချူဖုန်း စိတ်ထဲ သတိကြီးကြီးထားကာ တွက်ချက်နေမိသည်။ သူမ သာမန်နောက်ခံမဟုတ်သည်မှာ သေချာသည်။

ကုန်းရှောင်ရှီး ချူဖုန်းထံသို့ ခြေလှမ်းအနည်းငယ် တိုးလာပြီးနောက် သူမ ရုတ်တရက် အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူထံမှ သူမ ရင်းနှီးနေသည့်အနံ့တစ်ခု ရနေသည်။

“ရှင်ပဲ..”

ထိုအခိုက်အတန့် သူမ၏လှပသည့်မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားသည်။

သူမအသံမှာ အတော်လေး တိုးလျသောကြောင့် အခြားမည်သူမှ မကြားလိုက်သော်လည်း ချူဖုန်းကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ကိစ္စများအားလုံး တစ်မျိုးတစ်မည်ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ ချက်ချင်းသတိပြုမိသွားသော်လည်း ဘာမှမသိသလိုပင် ဟန်ဆောင်နေလိုက်သည်။

” ရှင့်ခန္ဓာကိုယ်ပေါ်ကအနံ့က မပြောင်းလဲသေးဘူးပဲ ” သူမ ချူဖုန်းကို စိုက်ကြည့်၍ ပြောလိုက်သည်။

ချူဖုန်း ထိတ်လန့်သွားရသည်။ သူ သတိလက်လွတ်ဖြစ်သွားကြောင်း သူသိလိုက်သည်။ ကိုယ်သင်းရနံ့ဆိုသည်မှာ သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် အနံ့ပင်ဖြစ်ပြီး သူ့ခန္ဓာကိုယ် ပြောင်းလဲလာသည့်အချိန်မှစကာ ထိုရနံ့ သင်းပျံ့လာခြင်းပင်။

ပုံမှန်အားဖြင့် ချူဖုန်း ထိုရနံ့ကို အာရုံမစိုက်ပေ။ နွားဝါလေးသင်ပေးထားသောနည်းလမ်းဖြင့် ထိုရနံ့ကို သူ့ခန္ဓာကိုယ်တွင်း၌ပိတ်လှောင်ထားခဲ့သည်။

သို့သော် ဤနေရာ၌ရှိနေသူတိုင်းသည် သန္ဓေပြောင်းသူများဖြစ်ကြသဖြင့် ထိုရနံ့ကိုခန္ဓာကိုယ်တွင်း၌ ထိန်းထားရန်မလိုအပ်ပေ။ ထိုရနံ့ကြောင့် အန္တရာယ်တစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ပါကလည်း သူ၏ဘေးကင်းလုံခြုံရေးအတွက် ထိုလူကို သတ်ဖြတ်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။

ယခင်က ဤအမျိုးသမီး သူ့အိပ်ရာပေါ်၌ ရောက်နေသည့်အချိန်က သူ အံ့အားသင့်နေသောကြောင့် သူ ကိုယ်သင်းနံ့ကို အာရုံမစိုက်မိခဲ့သဖြင့် ထိုရနံ့က လေထဲသို့ ပျံ့နှံ့သွားခဲ့သည်။

ကုန်းရှောင်ရှီး သူ့ကိုမျက်စပစ်ပြလာသည်။ သူမ၏အတောင်ပံများမှာ တလက်လက်တောက်ပနေသဖြင့် သူမ၏ကိုယ်ရောင်ကိုယ်ဝါကို ပို၍ထင်ပေါ်စေသည်။

“ထင်မထားခဲ့ဘူး ” သူမ အံ့သြနေမိသည်။ သူမကို အရူးလုပ်ခဲ့သူသည် စွမ်းအားကြီးမားသော ဆရာသခင်တစ်ဦးဖြစ်မည်ဟု သူမ မထင်ထားခဲ့။

ဤကိစ္စကို မသိခင်က သူမနူးညံ့သိမ်မွေ့နေခဲ့သော်လည်း ယခုတော့ သူမမျက်နှာထက်၌ ခံစားချက်များ ပေါ်ထွက်လာပြီး သူမအသံမှာ အံကြိတ်နေသလိုပင်။

“မင်း လူမှားနေပြီထင်တယ်..” ချူဖုန်း ခပ်တိုးတိုးပြောလိုက်သည်။ သူမကဲ့သို့ပင် သူလည်း သူတို့နှစ်ဦးပြောနေသည့်စကားများကို အခြားသူများ မကြားစေချင်၊။

ကုန်းရှောင်ရှီး ပြုံးလိုက်သည်။ ယခု သူမ၏ခံစားချက်အစစ်အမှန်များ ပေါ်ပေါက်လာလေပြီ။ သူမသည် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေသော်လည်း သူမ၏အသွင်အပြင်က ချိုသာယဥ်ကျေးပြီး နှစ်လိုဖွယ်ကောင်းနေဆဲပင်။ ယခင်တစ်ခေါက် သူမ ချူဖုန်း၏အိမ်တွင်ရှိနေခဲ့စဥ်က အမူအရာမျိုးနှင့်တူသည်။

“ရှင် ဘယ်သူလဲဆိုတာ ကျွန်မသိတယ်” သူမ ပြောလိုက်သည်။ သူမသည် ချူဖုန်းကိုကျော်ကာ တောက်ပစွာပြုံးနေသော်လည်း စိတ်မသိုးမသန့်ဖြစ်နေသော နွားဝါလေးကိုကြည့်လိုက်သည်။ ထိုနွားဝါလေးသည် အကြောင်းပြချက်ရေရေရာရာမရှိဘဲ ၎င်း၏ခွာများဖြင့် သူမကိုတိုက်ခိုက်ခဲ့သည်ပင်။

သို့သော် နွားဝါလေးသည် အလွန်မျက်နှာပြောင်တိုက်နိုင်သူပင်။ ၎င်းသည် ချက်ချင်းပင် မျက်နှာတည်သွားကာ နောက်ခြေကိုထောက်ပြီး ရင်ဘတ်ရှေ့တွင် လက်တစ်ဖက်ကိုကွေး၍ အနောက်တိုင်းပုံစံဖြင့် နှုတ်ဆက်လိုက်သည်။

ကုန်းရှောင်ရှီး နွားဝါလေးကို ကျောခိုင်းကာ ထွက်သွားရန် ပြင်လိုက်သည်။

သူ၏ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားပြီဖြစ်ကြောင်း ချူဖုန်း သိသည်။ “ဆေးက အလုပ်ဖြစ်ရဲ့လား..” သူ့အသံမှာ မကြမ်းတမ်းတော့။

ဤစကားကြားလိုက်ရသည်နှင့် ကုန်းရှောင်ရှီး၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူမသည် ချူဖုန်းကို‌ ကျောခိုင်းထားဆဲဖြစ်သော်လည်း သူမ နဖူးထက်တွင် အနက်ရောင်မျဉ်းလိုင်းများ ဖြစ်ပေါ်လာသည်။

သို့သော်လည်း သူမ ဒေါသကို ထိန်းထားနိုင်ဆဲပင်။ သူမသည် ဘာမှမပြောပဲ အတောင်ပံခတ်ကာ လေထဲသို့ ပျံသန်းသွားလေသည်။

လေထဲသို့ ရောက်သွားသည်နှင့် မြေပြင်ထက်၌ ရပ်နေသည့်ချူဖုန်းကို “နွားနတ်ဘုရား .. အဲဒီကိစ္စကို ကျွန်မတို့နှစ်ယောက်လုံး သဘောတူထားပြီးသားနော်..” သူမ အော်ပြောလိုက်သည်။

ဘာကို သဘောတူတာလဲ .. နွားဝါလေး ချူဖုန်းကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

တောင်ခြေအနားတွင်ရှိနေသည့် လူများစွာ မျက်နှာထက်၌ အံ့အားသင့်သည့်အမူအရာများ ဖြစ်ပေါ်လာသည်။

“ဒီကောင်မလေး ငါ့ကို တစ်ပတ်ရိုက်သွားတာပဲ..” ထို့နောက် ချူဖုန်းသည် တုံ့ဆိုင်းမနေပဲ “ငါက အလွတ်တန်း တိုက်ခိုက်ရေးသမား တစ်ယောက်ပဲ .. ငါ ဘာကိုမှ ညှိနှိုင်းမှာ မဟုတ်ဘူး..” ဟု အော်ဟစ်လိုက်သည်။

သူ အခြားတစ်ဦးနှင့် ပူးပေါင်းသွားပြီဟု အခြားသူများကို အထင်မလွဲစေချင်။ သူသာ ဒိမ်ဒီနှင့် ဘောဓိတို့ကဲ့သို့သော အုပ်စုကြီးများနှင့် ရန်သူဖြစ်သွားပါက သူ့အတွက် အကျိုးဆက်ကောင်းမည်မဟုတ်။

မည်သို့ပင်ဖြစ်စေ ကုန်းရှောင်ရှီးစကားကြောင့် ဤနေရာမှာ တစ်ခဏခန့် ပွက်လောရိုက်သွားခဲ့သည်ပင်။ ခဏကြာပြီးနောက် အားလုံး ငြိမ်သွားသည်။

လူများသည် အသီးအတွက် လာခြင်းဖြစ်သောကြောင့် အခြားကိစ္စများမှာ သူတို့အတွက် ဒုတိယနေရာ၌သာရှိသည်။

အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှာ ပို၍ လူစည်ကားလာသည်။

အစပိုင်းတွင် ထိုနေရာသို့ ဆရာသခင်များသာလာရဲသော်လည်း ဤနေရာ တည်ငြိမ်နေသည်ကို တွေ့သည်နှင့် သိပ်စွမ်းအားမကြီးသည့် သန္ဓေပြောင်းလူများလည်း အသီးရှိသည့် ဤနေရာသို့ ရောက်လာကြသည်။

သူတို့သည် အသီးရရန် မျှော်လင့်ချက်မရှိသော်လည်း သူတို့လာရသည်မှာ အလကားမဖြစ်တော့။ အနည်းဆုံးတော့ သူတို့ အဖြစ်အပျက်များကို ကိုယ်တိုင်မြင်လိုက်ရသည်ပင်။

“ဒီလူတွေ ဘယ်လိုလုပ်ပြီးတော့များ ဝင်လာတာလဲ..” သန္ဓေပြောင်းလူအချို့ မကျေမနပ် ပြောလိုက်ကြသည်။

စွမ်းအားကြီးသန္ဓေပြောင်းသူများအကြားတွင် ထူးဆန်းသောသန္ဓေပြောင်းသူတစ်ဦးရှိနေသည်။ သူသည် အနီးအနားရှိလူများအား သူ၏နာမည်ကတ်ကို လိုက်ဝေရင်း အသိအကျွမ်းဖြစ်လိုကြောင်း ပြောဆိုနေသည်။

နာရီဝက်ကြာပြီးနောက် ထိုနေရာတွင် သန္ဓေပြောင်းသူများ ပို၍ပင်တိုးလာပြီး နားမခံနိုင်လောက်အောင်ပင် ဆူညံပွက်လောရိုက်နေတော့သည်။

အထူးသဖြင့် အတော်ကံမကောင်းပုံပေါ်သည့် သန္ဓေပြောင်းသူတစ်ဦးအား မြင်ရချိန်တိုင်းတွင် လူအုပ်ထဲ၌ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။ တစ်ခါတစ်ရံတွင် အချို့လူများသည် တစ်ဦးနှင့်တစ်ဦးမနှစ်မြို့ဖွယ်အကြည့်နှင့် ကြည့်မိရုံဖြင့်ပင် အဓိကရုဏ်းတစ်ခု စတင်တော့မယောင်ဖြစ်လာသည်။

အခြားသူများကို ပို၍ အံ့ဩသွားစေသည်မှာ ဤကဲ့သို့သောအချိန်မျိုးတွင် သူတို့နှင့်အတူ ဓာတ်ပုံရိုက်ရန် ခွင့်တောင်းနေသည့်သူတစ်ဦး ရှိနေခြင်းပင်။

နွားဝါလေးက ချူဖုန်းကို တံတောင်နှင့်တွတ်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ညွှန်ပြလိုက်သည်။

ချူဖုန်းလှည့်ကြည့်လိုက်သောအခါ ကျိုးကွမ်ကို တွေ့လိုက်ရသည်။ ကျိုးကွမ်၏ဘေးတွင် သူနှင့်အတူဓာတ်ပုံရိုက်လိုသူများ ပတ်လည်ဝိုင်းနေလေ၏။

ဖြစ်ပျက်နေသမျှကို ချူဖုန်း ချက်ချင်းနားလည်သွားရသည်။ သူ ဘေးပတ်ပတ်လည်မှ အသံများကို အာရုံစိုက်ပြီး နားထောင်လိုက်သည်။

“ဘုရားရေ ဒါ ဘယ်သူလဲကြည့်ကြပါဦး”

“မလှုပ်နဲ့ …. မလှုပ်နဲ့ … ကျွန်တော်တို့ရဲ့ ဟာသဘုရင်ကြီး … ဓာတ်ပုံအတူရိုက်ရအောင်”

“ဟေ့လူ ကျွန်တော် ခင်ဗျားကို ဘယ်လောက်ကြိုက်လဲဆိုတာ ခင်ဗျား သိမှာတောင်မဟုတ်ဘူး.. ကျွန်တော်တို့ ဟာသကမ္ဘာမှာ စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီးပါဝင်ပေးနေလို့ ကျွန်တော် ခင်ဗျားကို လေးစားတယ်ဗျာ”

ကျိုးချွမ် ဆွံ့အနေရသည်။ သူသည် တန်းမစီပဲ ကျောက်တောင်များကို တွယ်တက်လာခြင်းဖြစ်သော်လည်း ဤနေရာသို့ ရောက်သည်နှင့် ချက်ချင်းပင် သူ့ပရိသတ်များ ဝန်းရံလာသည်။

‘ဟာသအရှင်’ ဟူသည့် စကားလုံးကို မကြားသေးခင်က ဘာဖြစ်နေမှန်း သူ နားမလည်သေး။ ထို့နောက်တွင်တော့ သူ့ဘေး၌ ဝိုင်းနေသည့် လူအုပ်ကြီးကို အော်ဟစ်ကြိမ်းမောင်းပြီး နှင်ထုတ်လေတော့သည်။ “သောက်ကျိုးနည်း ဘာတွေဖြစ်နေကြတာလဲဟ…”

“ဝေးဝေးသွားကြစမ်း .. ငါ မင်းတို့ကိုမသိဘူး ” ကျိုးချွမ် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

“မရဘူး ငါတို့အတူတူဓာတ်ပုံရိုက်ရမယ် ” လူတစ်ယောက်သည် အခြားသူများကိုတွန်းဖယ်လိုက်ပြီး ကျိုးချွမ်ဘေးတွင်ရပ်ကာ သူ့ဖုန်းကိုမြှောက်လိုက်သည်။

ချလပ် ချလပ် ချလပ်..

ထိုသူသည် ဓာတ်ပုံများကို မရပ်မနားပင် ရိုက်နေလေတော့သည်။

“ကဲ ကဲ အခု ငါ့အလှည့်ရောက်ပြီ … မင်း ဖယ်တော့… ဟာသဘုရင်ကြီး နည်းနည်းလောက် ပူးပေါင်းပေးပါဦး .. အမ်း .. ပို့စ်နည်းနည်းလောက် လုပ်ရင်ရော .. ခင်ဗျား ပို့စ်ပေးတော်မှန်း ကျုပ်တို့သိပါတယ်..”

“ဟာကွာ ဒီကောင်တွေ.. မင်းတို့ ငါ့လူ့အခွင့်အရေးကို ချိုးဖောက်နေပြီနော်.. ဝေးဝေးသွားကြစမ်း..” ကျိုးချွမ်ခမျာ ငိုသံပေါက်နေလေပြီ။ စက္ကန့်ပိုင်းမျှပင် မကြာလိုက်ဘဲ သူ့ဓာတ်ပုံများ ရာနှင့်ချီပြီးထွက်လာနေပြီဖြစ်သည်။

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ လူအုပ်ကြီးမှာ တစ်ဖြည်းဖြည်းများလာပြီး ဟာသဘုရင်ဟုခေါ်ကာ သူ့အနား ချဉ်းကပ်လာကြလေသည်။ သူ့နားမကပ်နိုင်သည့်သူများမှာ အဝေးမှနေ၍ ကျိုးချွမ်ကို ဓာတ်ပုံရိုက်နေကြလေ၏။

“မင်းတို့ နည်းနည်းလောက်သတိကပ်ကြပါဦး.. ငါတို့အားလုံးက သန္ဓေပြောင်းသူတွေချည်းပဲ.. ငါ့ကို ဒီလိုမျိုးဝိုင်းကြည့်မနေကြနဲ့..” သူ နောင်တရနေလေပြီ။ ဤကဲ့သို့ ဖြစ်မည်မှန်းသာသိလျှင် သူ လူအုပ်ကြီးနှင့် တတ်နိုင်သမျှ ဝေးဝေးနေခဲ့မည်ပင်။

သူ့အမူအရာ မကောင်းတော့။ ယနေ့ညတွင် အင်တာနက်ပေါ်၌ သူ့သတင်းတက်လာမည်မှာ သေချာသည်။ ရေပန်းအစားဆုံးသတင်းမှာ “ကမ္ဘာ့အံ့ဖွယ်ရာကြီး .. လူသားသမိုင်းတွင် အကြီးကျယ်ဆုံး ဖော်ထုတ်မှု၊ ကျွန်ုပ်တို့ အချစ်ရဆုံးသော ဟာသဘုရင်ကြီးမှာ သန္ဓေပြောင်းလူတစ်ယောက်ဖြစ်ကြောင်း” ဟူ၍ ဖြစ်ပေလိမ့်မည်။

“ချီးပဲ..” ထိုသို့စဉ်းစားမိသည်နှင့် ကျိုးချွမ် ဒေါသထွက်သွားရသည်။ “အားလုံး မင်းကြောင့်ပဲ နွားနတ်ဆိုး ..” ကျိုးချွမ် ကျိန်ဆဲလိုက်သည်။ ယနေ့မှစ၍ သူ့ဘဝဆိုးရွားတော့မည်ဖြစ်ကြောင်း သူသိနေသည်။

ထိုတစ်ခဏတွင် အတော်လေး အားကောင်းလှသည့် သန္ဓေပြောင်းလူတစ်ဦးသည် သူ့လမ်းကြောင်း၌ ရှိနေသည့်အခြားလူများကို တွန်းဖယ်ကာ ကူကယ်ရာမဲ့စွာ ရပ်နေသည့် ကျိုးချွမ်နားသို့ ဦးတည်လာလေသည်။ “ငါတို့ တစ်ခြားသူတွေကို လေးလေးစားစား ဆက်ဆံဖို့လိုတယ် .. ဓာတ်ပုံမရိုက်ခင် သူ့ခွင့်ပြုချက်ကို အရင်တောင်းရမယ်..”

ဤလူ၏စကားများကို ကျိုးချွမ် အလွန်သဘောကျသွားရသည်။

ထို့နောက် ထိုလူသည် ကျိုးချွမ်လက်ထဲသို့ နာမည်ကဒ်တစ်ခု ထည့်ပေးကာ “ကျွန်တော့်နာမည်က ကျိုးရိထျန်းပါ .. ကျွန်တော်တို့ မိတ်ဆွေဖွဲ့ကြတာပေါ့ .. ဒါက ကျွန်တော့်ရဲ့ နာမည်ကဒ်ပါ..”

ကျိုးချွမ် အနည်းငယ် ဆွံ့အသွားရသည်။ မျိုးရိုးနာမည်တူသည့်လူတစ်ယောက်နှင့် သိကျွမ်းရသည်မှာ ကောင်းသော်လည်း သူ ဤနေရာသို့ ရောက်လာသည်မှာ ပျော်ပါးရန်ပင်။ အခြားသူများလည်း ဤကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိလိမ့်မည်ဟု သူယုံကြည်သည်။ “ဒါက ဘာလို့လိုတာလဲ .. ပြီးတော့ .. ခင်ဗျားက .. ရုပ်ရှင်ဒါရိုက်တာလား..” နာမည်ကဒ်ပေါ်၌ တွေ့လိုက်ရသည့်စာလုံးများကြောင့် ကျိုးချွမ် အံ့အားသင့်သွားရသည်။ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ဘာလို့ သူ့ကို သိချင်နေတာလဲ..

“ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ် .. ကျုပ် ဒဏ္ဍာရီအကြောင်းကို ရုပ်ရှင်တစ်ကား ရိုက်ချင်နေတာ .. အဲဒီရုပ်ရှင်ကို လက်တွေ့အဆန်ဆုံးဖြစ်အောင်လုပ်ပြီးတော့ ငါတို့ အရှေ့တိုင်းယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ ရုပ်ရှင်တစ်ကားဖြစ်အောင် ကြိုးစားမှာ..” ကျိုးရိထျန်း ခိုင်မာစွာ ပြောလိုက်သည်။

“ခင်ဗျား ရည်မှန်းချက်နဲ့ ကျုပ်နဲ့က ဘာဆိုင်လို့လဲ..” ကျိုးချွမ် ယခုထိ နားမလည်သေး။

“ခင်ဗျားပုံစံက ကျုပ်လိုချင်တဲ့ဇာတ်ရုပ်နဲ့ လုံးဝကွက်တိပဲ.. ခင်ဗျားက လူကောင်ကြီးပြီးတော့ အရိုင်းဆန်တယ်.. ဒီချိုကြီးတွေကို ကြည့်ပါဦး.. ဒီချိုတွေကို ဆံပင်နဲ့ ဖုံးထားတာက ဘုရားသခင်ရဲ့လက်ဆောင်မွန်တွေကို ဖြုန်းတီးနေတာပဲ ” ကျိုးရိထျန်း မရပ်မနားပြောလာသည်။

ကျိုးချွမ် ထိုလူကို စိုက်ကြည့်လိုက်သည်။ သူ ဘာပြောချင်နေတာလဲ .. သူ ချီးကျူးနေတာလား .. ထေ့ငေါ့နေတာလား..

“ကျုပ် ဇာတ်ကားကို နာမည်ပေးပြီးသွားပြီ .. မဟာနွားနတ်ဆိုး၊ ရှေးခေတ်မှစစ်ပွဲများတဲ့ .. ဇာတ်လမ်းက နွားနတ်ဆိုးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်မှာ .. သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါတို့ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတဲ့သူဖြစ်ပြီးတော့ ဇာတ်ကြောင်းတွေကို ဆက်စပ်ပေးမယ့် အဓိကဇာတ်ဆောင်ပဲ .. မင်း ဘယ်လိုထင်လဲ .. ဒီလောကမှာ မင်းထက် ပိုပြီးသင့်တော်တဲ့သူ မရှိတော့ဘူးလို့ ငါထင်တယ်” ကျိုးရိထျန်း ခိုင်မာစွာ ပြောလာသည်။

“ထွက်သွားစမ်း..” ကျိုးချွမ် အတော်လေး ဒေါသထွက်နေပြီဖြစ်သည်။ ဤလူမည်သူဖြစ်သည်ကို သူဂရုမစိုက်။ သို့သော် သူ့စကားများမှာ သူ့အနာကို လာဆွနေသည်။ ဤဦးချိုတစ်စုံမှာ သူ ဂုဏ်ယူရသည့်အရာမဟုတ်။ သူ မျက်စိစပါးမွေးစူးနေသည့်အရာတစ်ခုပင်။ ယခု လူတစ်ယောက်က ဤသည်ကို ရုပ်ရှင် ရိုက်ချင်နေသည်တဲ့လား..

“ကျုပ် တကယ်ပြောနေတာ..” ကျိုးရိထျန်း သူ့ဘေးမှ လူများကို လက်ညှိုးထိုးပြလိုက်သည်။ သူ့ဘေးပတ်လည်တွင် ရုပ်ရှင်ရိုက်သည့် ပစ္စည်းများ သယ်ထားသည့် အခြား သန္ဓေပြောင်းလူများ ရှိနေသည်ပင်။

“ခင်ဗျားတို့ ဘယ်သူတွေလဲ .. ဒီမှာ ရူးကြောင်ကြောင်တွေ လာလုပ်မနေနဲ့..” ကျိုးချွမ် ပြောလိုက်သည်။

“သူတို့လည်း သန္ဓေပြောင်းလူတွေပဲ.. ငါတို့ ရူးကြောင်ကြောင်တွေလုပ်နေတာမဟုတ်ဘူး.. ငါတို့က ထုတ်လုပ်သူတွေ.. ပြီးတော့ အခု ငါတို့က သန္ဓေပြောင်းလူဖြစ်နေတာကို ကောင်းကောင်းအသုံးချရမယ်.. ရုပ်ရှင်အတွက် ရိုက်ကွင်းရှာဖို့ ငါတို့ ဒီနေရာကို ရောက်လာတာ.. သန္ဓေပြောင်းသူတွေကြားထဲမှာ စစ်ပွဲကြီးတစ်ပွဲဖြစ်တော့မယ်လို့ ငါကြားထားတယ်.. အဲဒါ တကယ်လား.. ငါတို့ရုပ်ရှင်မှာ ကွန်ပျူတာနဲ့ တည်းဖြတ်ပြင်ဆင်ထားတာတွေ ပါမှာမဟုတ်ဘူး.. အားလုံးက ကြီးကျယ်ခမ်းနားပြီး လက်တွေ့ဆန်နေလိမ့်မယ်… ငါတို့ရဲ့ရုပ်ရှင်မှာ သမိုင်းသစ်ရေးထိုးနိုင်လိမ့်မယ်” ကျိုးရိထျန်းသည် ပို၍စိတ်လှုပ်ရှားလာသည်။ သူသည် ကျိုးချွမ်ကို ထူးချွန်ဆုရသရုပ်ဆောင်တစ်ဦးဖြစ်လာစေရန် ပြုလုပ်ပေးမည်ဟုပင် ပြောလိုက်သေးသည်။

ကျိုးကွမ် ခေါင်းများပင်မူးလာသည်။ ဤလူကမ်းလှမ်းလာသော ဇာတ်ရုပ်ကြောင့်မဟုတ်ဘဲ သူ၏ဒေါသအဟုန်ကြောင့် သွေးဖိအားများလာပြီး မူးနောက်လာခြင်းပင်။ သူ့လက်မောင်းကို ဆုပ်ကိုင်ထားသော ထိုသူ၏လက်ကို တွန်းဖယ်လိုက်ပြီး ” ငါ လုံးဝ လုပ်မှာမလုပ်ဘူး ” ဟု ပြောလိုက်သည်။

ကျိုးချွမ်သည် ထိုလူအုပ်ကြားထဲမှ တိုးထွက်လာပြီး လူနည်းသောနေရာသို့ ပြေးထွက်လာခဲ့သည်။ “ဘယ်လိုတောင် စိတ်ပျက်စရာကောင်းတဲ့နေရာလဲ ” ကျိုးချွမ် ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။

ရုတ်တရက် စူးရှကျယ်လောင်သောအသံတစ်သံက သူ့အာရုံကိုဖမ်းစားလိုက်သည်။ သူလှည့်ကြည့်လိုက်သောအခါ ခေါင်းပေါ်တွင်ချိုများပေါက်နေသော လူထူးဆန်းနှစ်ဦး တောင်ထိပ်အနီး၌ ခိုက်ရန်ဖြစ်ပွားနေသည်ကို တွေ့လိုက်ရလေသည်။

ဤလူများကို တွေ့လိုက်ရသည့်အချိန်တွင် ကျိုးချွမ် မျက်ရည်ကျမတတ်ပင် ဖြစ်သွားသည်။ နောက်ဆုံးတော့ သူနှင့်တူသည့်လူများကို ရှာတွေ့သွားလေပြီ။

“ချစ်ရတဲ့ညီအစ်ကိုတို့ .. မင်းတို့မှာလည်း ဦးချိုတွေ ရှိနေတယ် .. ငါ့ကိုစောင့်ဦး .. ငါမင်းတို့နဲ့ မိတ်ဆွေဖြစ်ချင်လို့..” သူ တောင်ထိပ်ပေါ်သို့ မြန်မြန်တက်သွားလိုက်သည်။ ထိုလူထူးဆန်းနှစ်ဦးလုံးသည် သားရေအစစ်ဖြင့်ပြုလုပ်ထားသော အင်္ကျီထူကြီးများကို ဝတ်ဆင်ထားကြသည်ပင်။ တစ်ဦးမှာ ရွှေရောင်ဦးချိုရှိပြီး အခြားတစ်ဦးထံ၌ ငွေရောင်ဦးချိုရှိနေသည်ပင်။ သူသည်လည်း ဦးချိုများကြောင့် ဒုက္ခရောက်နေသူပီပီ ထိုနှစ်ဦးကို ကျိုးချွမ် ချက်ချင်းစာနာသနားသွားရသည်။

သူ၏စိတ်မချမ်းမသာဖြစ်မှုများ ပျောက်ဆုံးသွားပြီး အလွန်ပျော်ရွှင်မြူးတူးနေလေပြီ။ မွေးကတည်းက သိကျွမ်းလာခဲ့သော မွေးချင်းတစ်ဦးကိုတွေ့လိုက်ရသကဲ့သို့ပင် ခံစားနေရသည်။ သားရေအင်္ကျီနှင့်လူသည် သူ့ကို စာနာသနားဟန်ဖြင့် ပုခုံးကိုပုတ်လာလေသည်။

ကျိုးချွမ်သည် ပြောစရာစကားပင်ရှာမတွေ့တော့ဘဲ မျက်ရည်ဝဲလာပြန်လေသည်။

“မူး…” ဤလူဘေးမှ လူထူးဆန်းလည်း သူ့ပုခုံးကို ပုတ်ပေးလာလေ၏။ သို့သော် သူ့ထံမှ ထူးဆန်းသည့်အသံများ ကြားလိုက်ရသည့်အချိန်တွင် ကျိုးချွမ်၏ခန္ဓာကိုယ် တောင့်တင်းသွားရသည်။

“မင်းတို့လား..” သူသည် ကိုယ့်ကိုကိုယ် နွားဇာတ်သွင်းမိလုနီးပါးဖြစ်သွားသည်ပင်။

ချူဖုန်းက သူ့ကို အားပေးနှစ်သိမ့်လိုက်သည်။ ” စိတ်ဓာတ်မကျပါနဲ့ကွာ.. မင်းကြိုက်တဲ့ဝတ္ထုကို ဘာသာပြန်တဲ့သူက စာကြောင်းတစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းလောက်ကို ချန်ထားခဲ့သလိုမဟုတ်ပါဘူး.. အဲဒီလိုကောင်မျိုးတွေကို မုန်းလိုက်တာ.. စကားမစပ် အဲဒီဒါရိုက်တာ ပြောတာလည်း အဓိပ္ပာယ်တော့ရှိတယ် .. သူက တော်တော်လေးကို လေးလေးနက်နက်ဖြစ်နေတာကွ.. သူက စိတ်ထားကောင်းတဲ့လူပါ.. ပြီးတော့ သူ့ရဲ့အတွေးတွေနဲ့ ခံစားချက်တွေကိုလည်း ထုတ်ဖော်ပြနိုင်တယ်.. သွေးထွက်သံယိုတိုက်ပွဲအလယ်မှာ သူကကြယ်တစ်ပွင့်လို ထွန်းလင်းနေလောက်တယ်.. သူရုပ်ရှင် ရုံတင်တာနဲ့ သူနာမည်ကြီးသွားမှာပဲ.. အဲဒီအချိန်ကျရင် မင်းလည်း နာမည်ကြီးသွားလိမ့်မယ်.. မင်း သူ့ကိုမငြင်းသင့်ဘူးထင်တယ်”

“မင်းတို့မှာလည်း ချိုတွေရှိနေတာပဲ.. မင်းတို့က ငါ့ထက် ပိုသင့်တော်တယ်” ကျိုးကွမ်က ထေ့ငေါ့ပြောလိုက်သည်။

“ခဏ ကြည့်လိုက် … ကြည့်လိုက် အဲ့တာဘယ်သူလဲ” ချူဖုန်း အံ့သြသွားပုံပေါ်သည်။

“ဘုရားရေ အဲဒါ တင်းစီထုန် မလား.. နိုင်ငံရဲ့အလှနတ်ဘုရားမ.. သူမက ငါ့အိပ်မက်ထဲက ချစ်သူပဲ” ကျိုးချွမ်သည် လွန်ခဲ့သောစက္ကန့်အနည်းငယ်က ငြီးငြူနေသော်လည်း ယခုအချိန်တွင် စိတ်ဓာတ်ကျနေသူတစ်ဦး၏ အသွင်အပြင်များ လုံးဝပျောက်သွားပြီး သူ၏မျက်လုံးအစုံတွင် မသန့်ရှင်းသောစိတ်ဆန္ဒများ ထင်ဟပ်နေလေသည်။

သူတို့နှင့်ခပ်လှမ်းလှမ်းတွင် အမျိုးသမီးတစ်ဦးရပ်နေပြီး သူမ၏ဘေးတွင်လည်း သန္ဓေပြောင်းသူများဝန်းရံနေသည်။ သူမ၏အသွင်သဏ္ဍာန်သည် တည်ငြိမ်အေးချမ်းနေပြီး သူမပတ်ပတ်လည်မှ သန္ဓေပြောင်းသူများ၏အသွင်နှင့် လုံးဝကွာခြားနေသည်။

“ဘောဓိဇီဝမျိုးရိုးဗီဇလုပ်ငန်းစုက လူတွေပဲ” လူအုပ်ထဲမှလူတစ်ယောက် တီးတိုးပြောလိုက်သည်။

ဘာလို့လဲ .. နိုင်ငံ့အလှနတ်ဘုရားမက ဘာလို့ ဘောဓိက သန္ဓေပြောင်းလူတွေနဲ့ အတူတူရှိနေတာလဲ .. သူမသည် ချမ်းသာသည့်မိသားစုဖြစ်ကြောင်း ကောလဟာလများ ရှိနေသော်လည်း သူမနှင့် ဘောဓိ ဆက်စပ်နေသည့်သတင်းမှာ ပို၍ပင် အံ့ဩစရာကောင်းလှသည်။

“ငါကြားတာတော့ တင်းစီထုန်လည်း သန္ဓေပြောင်းလူပဲတဲ့ .. ပြီးတော့ သူရဲ့သန္ဓေပြောင်းပုံစံက ထူးခြားတယ် .. သူ့ခန္ဓာကိုယ်အောက်ပိုင်းကနေ အမြှီးကိုးချောင်း ထွက်လာတယ်လို့ ပြောကြတယ်..” ခပ်ဝေးဝေးမှလူတစ်ဦး တီးတိုးပြောလိုက်သည်။

“ဘာ .. သူက အမြှီးကိုးချောင်း မြေခွေးလား..”

ကြားလိုက်ရသည့်စကားများကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။

ရုတ်ချည်းပြောင်းလဲမှုများသည် ကမ္ဘာ့အထူးဆန်းဆုံးကိစ္စရပ်များကို ဖြစ်ပွားစေနိုင်ကြောင်း လက်ခံရပေမည်။ သာဓကအနေဖြင့် နိုင်ငံ၏အလှဘုရင်မ ဟု သိထားကြသူတစ်ဦးသည် ယခု အမြီး ၉ ချောင်း မြေခွေးတစ်ကောင်ဖြစ်နေလေသည်။

“တစ်ခုခုမှားနေသလိုပဲ..”

ရုတ်တရက် ချူဖုန်း အမူအရာ ပြောင်းလဲသွားသည်။ ကမ္ဘာမြေကြီးတုန်ခါလာသည်ကို သူခံစားနေရသည်။ ထို့အပြင် လေထုလည်း ပြောင်းလဲလာပြီး ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် လေထု ဖြစ်လာသည်။

အပိုင်း ၅၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset