Switch Mode

Chapter – 53

နွား နတ်ဘုရား

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၃ – နွား နတ်ဘုရား

ချူဖုန်း ငြင်းလိုက်သည်နှင့် သန္ဓေပြောင်းလူ၏အကြည့်များ ကြမ်းတမ်းလာကာ အသံလည်း ကြမ်းတမ်းလာသည်။ “မိတ်ဆွေ .. ငါမင်းကို ယဉ်ယဉ်ကျေးကျေး ပြောနေတာနော် .. ငါ့ကြင်နာမှုကို မထီမဲ့မြင် လာမလုပ်နဲ့..”

ဤလူကို လင်းရဲယုနှင့် ဝမ်ချင်းအစ်မ လွှတ်လိုက်ခြင်းဖြစ်ကြောင်း သူသိသည်။ ဤလူသည် အမိန့်ကို နာခံရုံသာဖြစ်သော်လည်း ယနေ့မနက်က ကြုံခဲ့ရသည့်အဖြစ်အပျက်ကြောင့် သူ ဒိမ်ဒီမှ လူများကို အကောင်းမမြင်နိုင်တော့။

“ကျုပ်ကို မောင်းထုတ်ပြီးတော့ ကျုပ်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံတယ်လို့ လာပြောနေတာလား..” ချူဖုန်း ထိုလူကို စူးစိုက်ကြည့်လိုက်သည်။ “ကျုပ်လည်း ခင်ဗျား ထွက်သွားဖို့ကို ယဉ်ယဉ်ကျေးကျေး ပြောရမလား..”

“မင်း လုပ်နိုင်မယ် ထင်လို့လား..” ထိုသန္ဓေပြောင်းလူ ခနဲ့လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် လင်းရဲယုဘေးမှ သန္ဓေပြောင်းလူများ၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူသည် ဒိမ်ဒီထဲတွင် အာဏာရှိသည့်သူပင်။

ထို့ကြောင့် အဖွဲ့အစည်းအပြင်ဘက်မှ လူတစ်ယောက် သူ့အား မထီမဲ့မြင်ပြုသည်ကို သူဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..

ဝုန်း…

ချူဖုန်းသည် ရုတ်တရက် ခြေလှမ်းကျယ်ကြီးတစ်လှမ်း လှမ်းလိုက်ကာ နွားနတ်ဆိုးတိုက်ခိုက်ရေးလက်သီးထိုးချက်ဖြင့် ထိုးလာလေသည်။ သူ၏လက်သီးထိုးချက်မှာ ကြောက်မက်ဖွယ်ကောင်းပြီး အားပြင်းလှသည်။ ချူဖုန်း၏ အားပြင်းလှသောလက်သီးချက်ကြောင့် မိုးခြုန်းသံကဲ့သို့သောအသံများပင် ပဲ့တင်ထပ်သွားလေ၏။ နားစည်ကွဲထွက်သွားလောက်အောင် စူးရှလှသောအသံကြောင့် တောင်ထိပ်တစ်ခုလုံးပင် တုန်ခါသွားသည်။

ဒါက ဘာကြီးလဲ.. သန္ဓေပြောင်းလူ ထိတ်လန့်သွားရသည်။ ဘယ်လိုလုပ် တိုက်ပွဲတစ်ခု ရုတ်တရက် ဖြစ်လာတာလဲ..

သူသည် အော်ဟစ်ကာ သွေးလွှမ်းနေသည့်ပါးစပ်ကြီးကို ဟလိုက်ပြီး အပြာရောင်မီးတောက်များ မှုတ်ထုတ်လိုက်လေသည်။ မီးတောက်အပူချိန်မှာ ကျောက်တုံးများကိုပင် အရည်ပျော်စေနိုင်သည်ပင်။

ချူဖုန်း အံ့အားသင့်သွားရသည်။ သူ၏စွမ်းရည်မှာ ကျိုးချွမ်၏စွမ်းရည်နှင့် တူသောကြောင့် ဤမီးတောက် မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်။ ဤမီးတောက်နှင့် ထိမိရုံဖြင့် လူတစ်ယောက်မှာ ချက်ချင်း ပြာဖြစ်သွားနိုင်သည်။

ထိုသန္ဓေပြောင်းလူ၏ မျက်လုံးနှစ်ဘက်လုံး မိုးပြာရောင်သန်းလာပြီး ထိုအပြာရောင်မီးတောက်များ သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုမီးတောက် လေထဲသို့ ပေါက်ကွဲထွက်လာပြီး အနည်းဆုံး ၁၀ မီတာအထိ မြင့်တက်သွားလေသည်။ ဤမြင်ကွင်းမှာ တွေ့မြင်ရသူတိုင်း ထိတ်လန့်သွားစေနိုင်သော မြင်ကွင်းမျိုးပင်။

ဤမြင်ကွင်းသည် အနီးအနားမှ အခြားသန္ဓေပြောင်းလူများကို ဆွဲဆောင်လိုက်နိုင်သည်ပင်။ လူအုပ်ကြီးမှာ စိုးရိမ်ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားကြလေ၏။

အရည်ပျော်နေသည့် ကျောက်တုံးကျောက်ခဲများမှာ ချော်ရည်များအဖြစ်ပြောင်းသွားသည်ကို သူတို့ မြင်လိုက်ရသည်။ သံရည်ပူများနှင့်တူနေသော ထိုချော်ရည်များသည် တောင်စွန်းမှ ဖြေးညင်းစွာစီးကျသွားကြလေ၏။

ဤလူမှာ အလွန်စွမ်းအားကြီးသည့် သန္ဓေပြောင်းလူတစ်ဦးဖြစ်ကြောင်း သူတို့သိလိုက်ရသည်။ ဤလူနှင့် တိုက်ခိုက်မိသူအားလုံး သေချာပေါက် ပြာအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်းကို မေးခွန်းထုတ်စရာပင်မလို။

“သူက ဒိမ်ဒီက ဆရာတစ်ယောက်ပဲ .. သူက မီးကို ထိန်းချုပ်နိုင်တယ် .. ပြီးတော့ သူက မီးစွမ်းအားကို သုံးနိုင်တယ်..”

“ကြည့်လိုက် .. လူ့ခန္ဓာကိုယ်မပြောနဲ့ ကျောက်တုံးတွေတောင် အပူချိန်ကြောင့် အရည်ပျော်သွားပြီ .. သန္ဓေပြောင်းလူတွေတောင်မှ အဲဒီမီးတောက်နဲ့ထိမိရင် အရည်ပျော်သွားမှာပဲ .. သံလူသားပဲဖြစ်ဖြစ် ရွှေရောင်ခန္ဓာကိုယ်လူသားပဲဖြစ်ဖြစ် ဘယ်သူမှ ပြန်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး..”

လူအုပ်တွင်း၌ တီးတိုးပြောသံများထွက်ပေါ်လာပြီး လူတိုင်းအံ့သြနေကြသည်။

အထူးသဖြင့် တိုက်ပွဲကွင်းပြင်နှင့်အနီးတွင် ရပ်နေခဲ့ကြသူများမှာ အခြားသူများထက် ပို၍ထိတ်လန့်သွားခဲ့ကြသည်။ သူတို့ ခြေလှမ်းများစွာ နောက်ဆုတ်ပြီးသွားပြီဖြစ်သော်လည်း စီးကျလာသည့်ချော်ရည်၏အပူရှိန်ကို သူတို့ ခံစားနေရဆဲပင်။

အဝေးတွင်ရပ်နေသည့် လင်းရဲယုနှင့် ဝမ်ရီတို့ ဤမြင်ကွင်းကို မြင်နေကြသည်ပင်။

” လူတိုင်းမှာ သူတို့ရဲ့ပင်ကိုစရိုက်တွေရှိတယ်… ဒါပေမယ့် ဒီတစ်ယောက်ကတော့ ကိုင်တွယ်ဖို့ အတော်ခက်လိမ့်မယ်ထင်တယ်.. အဲ့ဒီလူကြောင့် ငါတို့ခေါင်းဆောင်ဝမ်ရဲ့အစီအစဥ်တွေတောင်မှ ပျက်စီးသွားတယ်..” ဝမ်ရီ သက်ပြင်းချရင်း ပြောလိုက်သည်။ ဝမ်ရီသည် သူမ၏ညီမကဲ့သို့ မျက်လုံးမှေးသူတစ်ဦးဖြစ်သော်လည်း သူမ၏ အမြွာညီမထက် ချောမောလှပသူဖြစ်သည်။

” ငါတို့ရဲ့ ခေါင်းဆောင်ဝမ်က စွမ်းအားကြီးတဲ့လူတစ်ယောက်ဆိုတာကို မမေ့လိုက်နဲ့ … ဘယ်သူမှ ခေါင်းဆောင်ကို အနိုင်မယူနိုင်သေးဘူး… အဲဒီတော့ ဒီလူလည်း ခေါင်းဆောင်သတ်လိုက်တဲ့လူစာရင်းထဲက သနားစရာလူတစ်ယောက်ဖြစ်သွားမှာပဲ ” အခြားသန္ဓေပြောင်းသူတစ်ဦး အသံခပ်သြသြဖြင့် ပြောလိုက်သည်။

လင်းရဲယုသည် စကားတစ်ခွန်းမှမပြောဘဲ တိုက်ပွဲကိုသာ ငြိမ်သက်စွာရပ်ကြည့်နေလေသည်။

ရှုဝမ်ရီက ခေါင်းငြိမ့်လိုက်ရင်း ” ခေါင်းဆောင်ဝမ်က ဆာမာဟီမီးစွမ်းအားကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်.. သူက အဲဒီစွမ်းအားနဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကိုတောင် မီးရှို့ပစ်နိုင်တယ် ” သူမ ထောက်ခံလိုက်သည်။

ဝမ်ရီ ခေါင်းဆောင်ဝမ်၏ကြောက်မက်ဖွယ်စွမ်းရည်ကို ထုတ်ဖော်ပြောလိုက်သည်။ ခေါင်းဆောင်ဝမ်သည် ဆာမာဟီမီးစွမ်းအားကိုသာ ကျွမ်းကျင်သူဖြစ်သော်လည်း သူ၏စွမ်းရည်ကိုတိုးတက်လာအောင် အဆင့်မြှင့်တင်ပြီးလျှင် စိတ်ကူး၍ပင်မရနိုင်သော အရည်အချင်းမျိုးကို ပိုင်ဆိုင်လာမည်မှာ ကျိန်းသေလှသည်။

” တော်တော်ကံဆိုးတဲ့လူပဲ… သူ ဒီကမ္ဘာပေါ်က လူတိုင်းကို စိတ်အနှောင့်အယှက်ပေးလို့ရပါလျက်နဲ့ ခေါင်းဆောင်ဝမ်ကိုမှ စိတ်ဆိုးအောင်လုပ်လိုက်တာကိုး… တောင်ထိပ်လေးတစ်ခုကိုလက်လျှော့လိုက်ပြီး အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နေသွားရမှာက ဘာများအဆင်မပြေဖြစ်နေလို့လဲ.. ဘာလို့ ပြဿနာကို မီးခွက်ထွန်းရှာချင်နေရတာလဲ.. ” ချူဖုန်း၏ ကံဆိုးမှုကို ကျေနပ်နေဟန်ဖြင့် ချူဖုန်းကိုကြည့်ရင်း သရော်တော်တော်ပြုံးနေသော နောက်ထပ်သန္ဓေပြောင်းသူတစ်ဦးလည်း ရှိနေသည်။

နောက်ထပ်စက္ကန့်အနည်းငယ်အတွင်း မီးသွေးတုံးကဲ့သို့ မည်းနက်နေသူကို တွေ့ရတော့မည်ဟု သူ ထင်နေသည်။ ချူဖုန်း မြေကြီးလက်ခတ်မလွဲ သေဆုံးသွားလိမ့်မည်။

ချူဖုန်း ထိုနေရာမှ တစ်လက်မမှမရွေ့။ ဘေးကင်းရန်အတွက် သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို ထုတ်သုံးပြီး မီးတောက်ကြီးကို ခုခံလိုက်သည်။

တစ်ချိန်တည်း၌ပင် သူ၏လက်သီးချက်များမှာ ပို၍အားပြင်းလာသည်။ လက်သီးကို ဝေ့ရမ်းလိုက်သည်နှင့် မိုးခြိမ်းသံများထွက်ပေါ်လာပြီး လေပြင်းများတိုက်ခတ်လာကာ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုမုန်တိုင်းကြောင့် သဲများလွင့်လာပြီး ကျောက်ခဲများလည်းလိမ့်လာကာ ၎င်းတို့နှစ်ဦး၏ပတ်ပတ်လည်ရှိမြင်ကွင်းမှာ နောက်ဆုံးစီရင်ချက်ချမည့်နေ့ကဲ့သို့ ပြင်းထန်လာသည်။

ဝုန်း..

ချူဖုန်း အပြာရောင်မီးတောက်ကို ဖောက်ထွက်လိုက်၏။ သူ့အရေပြား၏အပေါ်ယံအလွှာတွင် ထူးခြားသောအကာအကွယ်စွမ်းအင်တစ်မျိုး ရှိနေသည်။ ထိုစွမ်းအင်အကာအကွယ်သည် ထူထဲသောရွှေရောင်ပိတ်စသဏ္ဍာန်ရှိပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များကြောင့် မလောင်ကျွမ်းသွားအောင် ကာကွယ်ပေးထားသည်။

ထူးခြားသည့်အသက်ရှူစည်းချက်တွင် ထူးခြားသည့် အကျိုးကျေးဇူးများ ရှိနေသည်ပင်။

အမှန်တကယ်တွင် ထိုမီးတောက်များ သူ့ခန္ဓာကိုယ်အနားသို့ ရောက်မလာနိုင်စေရန် နွားနတ်ဆိုးတိုက်ခိုက်ရေးပညာရပ်တစ်ခုတည်းဖြင့်ပင် တားဆီးနိုင်သည်။ သူ လက်သီးများကို ဝေ့ရမ်းလိုက်သည်နှင့် သူ့အရေပြားမှ ထူးဆန်းသည့်စွမ်းအင်တစ်လွှာကို အလိုလို ထုတ်ပေးလာသည်ပင်။

သန္ဓေပြောင်းသူသည် ကျောက်တုံးများကိုပင် အရည်ပျော်သွားနိုင်အောင်လုပ်နိုင်စွမ်းရှိသည့် အပြာရောင်မီးတောက်ကို ဖြတ်ကျော်နိုင်ခဲ့သည့် ချူဖုန်း၏စွမ်းရည်ကို ကြောင်အစွာ ငေးကြည့်နေမိလေသည်။ သူ အသိပြန်မဝင်ခင်တွင် ချူဖုန်း၏လက်သီးချက်က သူ၏ရင်ဘတ်ပေါ်သို့ ရောက်လာခဲ့လေပြီ။ ” အွတ် ” ထိုလူ၏ပါးစပ်မှ သွေးများလျှံထွက်လာပြီးနောက် သူ၏ခန္ဓာကိုယ်သည်လည်း သစ်ရွက်တစ်ရွက်ကဲ့သို့ပင် တောင်အောက်သို့ ပြုတ်ကျသွားလေတော့သည်။

” ဘယ်လိုဖြစ်သွားတာလဲ.. ”

အနီးမှ လူအုပ်ကြီးမှာ အလွန်အံ့အားသင့်သွားကြပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

လင်းရဲယုအနီးရှိ သန္ဓေပြောင်းလူများလည်း နှုတ်ဆိတ်သွားကြသည်။ ၎င်းတို့သည် ထိုမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြပြီး အလွန်အံ့သြထိတ်လန့်သွားကြလေ၏။

သူတို့ ခေါင်းဆောင်က ဘယ်လိုလုပ် တောင်ထိပ်ပေါ်ကနေ ပြုတ်ကျသွားတာလဲ..

ဤသည်မှာ ဝမ်ရီအတွက် နှလုံးခုန်ရပ်သွားစေနိုင်လောက်သော မြင်ကွင်းမျိုးပင်။ သူမသည် တောင်ထိပ်ပေါ်မှ ရှုမျှော်ခင်းများကိုကြည့်ရန် ထိုတောင်ထိပ်ကို ငှားရမ်းချင်ရုံမျှသာ ဖြစ်သည်။ သို့သော် ကိစ္စများက အဘယ်ကြောင့် ဤသို့အဆုံးသတ်သွားသနည်း…

” ဝမ်ဂျီကို သွားခေါ်ခဲ့.. အဲ့ဒီလူက စွမ်းအားကြီးတဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ပဲ.. ဒါကြောင့် မင်း တောင်အနားကို ချဥ်းကပ်သွားတဲ့အခါ သတိထား ” လင်းရဲယု အမိန့်ပေးလိုက်သည်။ သူ၏ဟန်ပန်သည် တည်ငြိမ်နေဆဲဖြစ်ပြီး သူ့အသံလည်း နူးညံ့ပျော့ပျောင်းနေဆဲပင်။

လူအုပ်ထဲမှ သန္ဓေပြောင်းသူတစ်ဦးသည် တောင်ခြေသို့ အမြန်ပြေးသွားသည်။ သို့သော် သူ တောင်ခြေသို့ ရောက်သွားသောအခါ ဝမ်ဂျီသည် တောင်ထိပ်ပေါ်သို့ ပြန်တက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဖောင်း … ဖောင်း… ဖောင်း…

တောင်ထိပ်ပေါ်မှ ထိုးနှက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဝမ်ဂျီ မြေပေါ်သို့ နောက်တစ်ကြိမ်ပြုတ်ကျသွားသည်ကို လူအများမြင်လိုက်ကြရသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း တဖျတ်ဖျတ်တောက်နေသောအလင်းရောင်များ မရှိတော့။

” ဒီလူက တော်တော်မြောက်ကြွမြောက်ကြွဖြစ်နေတာပဲ ” ခပ်လှမ်းလှမ်းမှ ဝမ်ရီ ကောက်ချက်ချလိုက်သည်။ သူမ မကျေမနပ်ဖြစ်နေသည်ပင်။ ဝမ်ဂျီသည် သူမ၏လူတစ်ဦးဖြစ်ပြီး ဒိမ်ဒီ၏ထိပ်သီးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ထို့နောက် သူမသည် လင်းရဲယုဘက်သို့လှည့်ကာ သူ၏ဆုံးဖြတ်ချက်ကို စောင့်နေလိုက်သည်။

ရုတ်တရက် လူများစွာ တောင်ထိပ်ကိုကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်နေကြသောကြောင့် ဝမ်ရီလည်း တောင်ထိပ်ပေါ်သို့ လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ သူမကို မှင်သက်ဆွံအသွားစေလောက်သော အံ့အားသင့်ဖွယ်မြင်ကွင်းကို မြင်လိုက်ရလေသည်။

တောင်ထိပ်ပေါ်တွင် ချူဖုန်းသည် နွေဦးစမ်းချောင်းမှ မြစ်သမင်တစ်ကောင်ကို အရေခွံနွှာနေလေ၏။ အသားကို ရိုးရိုးရှင်းရှင်းပြင်ဆင်လိုက်ပြီးနောက် သမင်ကို တံစို့ထိုးပြီး ကင်ရန်အသင့်ပြင်လိုက်လေသည်။

သမင်ကိုကင်ရန်အတွက် လိုအပ်သော လောင်စာမီးမှာ သူ့ခြေထောက်အောက်၌ရှိနေသည်ပင်။ ချူဖုန်းသည် ခေါင်းဆောင်ဝမ်ဂျီကို ခြေဖြင့်နင်းကာ ပါးစပ်ကို အတင်းဟခိုင်းပြီး မီးတောက်များထုတ်ခိုင်းနေသည်ပင်။

အနီးရှိ သန္ဓေပြောင်းသူများအားလုံး အံ့အားသင့်သွားကြရသည်။ သူတို့ ဘာမြင်နေရတာလဲ .. သူက ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ… နတ်ဘုရားကဲ့သို့စွမ်းအားမျိုးရှိသည့် လူတစ်ဦးက အခြားလူတစ်ဦးအကင်ကင်နိုင်ရန်အတွက် မီးထုတ်ပေးနေရလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း..

တောင်ခြေရှိလူအားလုံး ကြက်သေသေသွားကြရသည်။

အထူးသဖြင့် ဒိမ်ဒီမှလူများပင်။ သူတို့အားလုံး အံ့အားသင့်နေကြပြီး မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့ခေါင်းဆောင်၏ရှုံးနိမ့်မှုကြောင့် အံ့သြနေကြခြင်းမဟုတ်ဘဲ ထိုလူ၏အလွန်အမင်းမောက်မာစော်ကားမှုကို အံ့အားသင့်နေကြခြင်းပင်။ ဤလူ၏အပြုအမူမှာ ရိုင်းပျလှသည်။ ခေါင်းဆောင်ဝမ်သည် သူတို့၏ခေါင်းဆောင်တစ်ဦးပင်ဖြစ်သည်။

ဝမ်ဂျီလည်း အတော်ရှက်သွားပြီး ဒေါသထွက်လာသည်။ သူ ချူဖုန်းကို အရှင်လတ်လတ်မီးရှို့ပစ်ချင်သော်လည်း မီးတောက်များကို သူမထိန်းချုပ်နိုင်တော့ပေ။ ချူဖုန်းက သူ့ကိုဖိထားသဖြင့် သူ တစ်လက်မပင် မလှုပ်နိုင်တော့။ ထို့အပြင် သူ့ပါးစပ်မှထွက်လာသောမီးတောက်များမှာ ပို၍အားနည်းလာသည်။ မီးတောက်သည် အချိန်တခဏသာ ထွက်ပေါ်လာပြီး ခဏအကြာတွင် ပျောက်ကွယ်သွားလေ၏။ ထို့ကြောင့် မီးမှိန်သွားသည့်အချိန်တိုင်း ချူဖုန်းက ခေါင်းဆောင်ဝမ်၏ပါးကို ဘယ်ပြန်ညာပြန်ရိုက်ရင်း နှိပ်ကွပ်နေလေသည်။

မီးတောက်သည် ယခင်က နတ်ဘုရားစွမ်းအားတစ်မျိုးဖြစ်ခဲ့သော်လည်း ယခုတော့ လူတစ်ဦးအကင်ကင်ရန်အတွက် လောင်စာမီးတစ်ခုသာ ဖြစ်နေလေပြီ။

” အား …. ” နောက်ဆုံးတွင် ဆိုးရွားလှသောအရှက်ကွဲမှုကို သည်းမခံနိုင်တော့ပဲ ဝမ်ဂျီ အော်ဟစ်လိုက်သည်။ ချူဖုန်းဖိထားသော သူ့ခန္ဓာကိုယ် တုန်ရီလာကာ နှာခေါင်းနှင့်ပါးစပ်မှ ၁၀ မီတာအမြင့်ရှိသော မီးတောက်ကြီးများကို ရုတ်တရက် ထုတ်လွှတ်လာလေသည်။

သို့သော် ချူဖုန်းက သူ့ကို လက်ဖြင့် မ ချီလိုက်ပြီး အသားများတူးမသွားစေရန် သူ့ခေါင်းကို တစ်ဖက်သို့လှည့်ပစ်လိုက်လေသည်။

” ဘုရား ဘုရား ဒီလူက ဘယ်သူလဲ.. ဒါက အရမ်း … ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး ”

” တကယ်လို့ မင်းပြောချင်တာက ရဲစွမ်းသတ္တိရှိတယ် ဆိုတဲ့စကားဆိုရင် ငါလည်း သဘောတူတယ်.. လူတစ်ယောက် ဒီလိုပုံစံနဲ့ချက်ပြုတ်နေတာကို ငါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ ”

” ဒီလူက ဒိမ်ဒီကို အရှက်ခွဲဖို့ ဘောဓိဇီဝမျိုးရိုးဗီဇလုပ်ငန်းစုက လွှတ်လိုက်တဲ့လူဆိုတာ သေချာတယ်.. မိုက်တယ် ဘောဓိရေ ”

ထိုနေရာရှိ လူအုပ်ကြီးသည် ဆွေးနွေးငြင်းခုန်ကြရင်းဖြင့် ဆူဆူညံညံအသံများထွက်ပေါ်လာသည်။

ဝမ်ရီ၏ နှင်းဆီရောင်သန်းနေသောပါးမို့လေးများ ဖြူဖျော့လာသည်။ ဝမ်ဂျီသည် သူမ၏ လူတစ်ဦးဖြစ်သောကြောင့် ဝမ်ဂျီ ထင်းတုံးတစ်တုံးကဲ့သို့ အသုံးပြုခံနေရသည်ကို သူမ ကြည့်မနေနိုင်။

” ရဲယု ဒီတစ်ခါလည်း ဒီတိုင်းကျော်သွားဦးမလို့လား.. ရှင် ဘာကိုစောင့်နေတာလဲ.. ကြည့်လိုက် အဲဒီလူ ဘယ်လောက်မြောက်ကြွမြောက်ကြွဖြစ်နေလဲဆိုတာ ကြည့်လိုက်.. သူက ကျွန်မတို့ကိုတောင် အရိုအသေမရှိဘူး ” ဝမ်ရီ လင်းရဲယု၏လက်မောင်းကို လှုပ်ယမ်းရင်း ဒေါသတကြီးပြောလိုက်သည်။

လင်းရဲယု၏မျက်နှာအမူအရာပြောင်းလဲသွားသည်။ သူသည် တောင်ထိပ်ပေါ်သို့စိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ ” ငါတို့ထင်ထားတာထက် ပိုများတဲ့ သန္ဓေပြောင်းသူတွေရှိနေတယ်.. ပြီးတော့ သူတို့ရဲ့စွမ်းအားတွေလျော့သွားအောင် ငါတို့မလုပ်နိုင်တော့ဘူး ”

“ကျွန်မ ဂရုမစိုက်ဘူး… သူ့ကြောင့် အရမ်းအရှက်ရနေပြီ.. အဲဒီလူကို သင်ခန်းစာပေးလိုက်စမ်းပါ..” ဝမ်ယိ ပြောလိုက်သည်။

လင်းရဲယု ခေါင်းခါလိုက်ကာ ” ငါတို့ ကုမ္ပဏီအတွက် စစ်ဆေးမှုလုပ်ဖို့ ဒီကိုလာခဲ့တာ… ငါ ဒီနေ့ ဘယ်သူနဲ့မှ မတိုက်ခိုက်ချင်ဘူး.. ဒီနယ်မြေအတွက် တာဝန်ရှိတဲ့လူက လင်းနွိုင်ပဲ.. ဒီတော့ ဒီကိစ္စကို သူမ တာဝန်ယူပါလိမ့်မယ်” လင်းရဲယု ဆက်ပြောလိုက်သည်။ “ပြဿနာရှာပြီး အရင်ထင်ရာစိုင်းခဲ့တာက ငါတို့ပဲ.. အဲဒီတော့ ငါတို့ အဲဒီလူကို သွားတောင်းပန်သင့်တယ်.. ပြီးရင် ငါတို့ ဝမ်ဂျီကို ပြန်ခေါ်မယ်… ငါ့တူမစီစဥ်ထားတဲ့ အကြံအစည်တွေကို သူ့ရဲ့ဦးလေးကြောင့်နဲ့ ပျက်စီးမသွားစေချင်ဘူး ”

လင်းရဲယုသည် တည်ငြိမ်အေးဆေးနေပြီး လက်စားချေလိုဟန်မပေါ်ပေ။

“ရဲယု..” ဝမ်ယီ သူမ သတို့သားလောင်း၏ဆုံးဖြတ်ချက်ကို မကျေနပ်။

“ဒီနေရာမှာနေရတာ အဆင်မပြေတော့ဘူးလို့ ခံစားရတယ်.. မြွေဖြူတောင်က မြင်နေရတာထက် ပိုပြီးကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းလည်း သိပါတယ်.. ငါတို့ဒီနေရာမှဆက်မနေသင့်တော့ဘူး.. သွားကြစို့.. ” လင်းရဲယု ပြောလိုက်သည်။

သူ တည်ငြိမ်စွာပြောလိုက်သော်လည်း သူ့အသံတွင် အခြားသူများ၏ မေးခွန်းထုတ်မှုကို လက်မခံသည့် အမိန့်သံပါနေသည်ပင်။

” ကောင်းပါပြီ ” ဝမ်ရီ သူ့အမိန့်ကိုနာခံလိုက်သည်။

နောက်ဆုံးတွင် လင်းရဲယု သူ၏ရှုံးနိမ့်မှုကို လက်ခံလိုက်ပြီး သူ့အမှားများကိုဝန်ခံလိုက်သောကြောင့် အားလုံးအံ့သြသွားကြရသည်။ သူသည် သူ့လူအနည်းငယ်ကို ခေါ်ကာ ချူဖုန်းကို ကိုယ်တိုင်တောင်းပန်ခဲ့သည်။ ဝမ်ဂျီကတော့ သတိလစ်နေလေပြီ။

“ကျွန်တော် ခင်ဗျားနာမည်ကို သိခွင့်ရှိမလား ” လင်းရဲယု မပြန်ခင် မေးလိုက်သည်။

” နွားနတ်ဘုရား ” ချူဖုန်းက ဂုဏ်ယူဝံ့ကြွားစွာ ဖြေလိုက်လေ၏။

လူအုပ်ကြီး ဆွံအသွားကြသည်။ ” ဘယ်လိုနာမည်ကြီးပါလိမ့် ” ဟု သူတို့တွေးလိုက်ကြသည်။

” မှတ်ထား.. ငါ့နာမည်က နွားနတ်ဘုရား.. ငွေရောင်ဦးချိုဘုရင်မဟုတ်ဘူး ” ချူဖုန်းက လူတိုင်းကြားနိုင်ရန် အသံကိုမြှင့်၍ ပြောလိုက်သည်။

နွားနတ်ဘုရား ဟူသောအမည်နှင့် စွမ်းအားကြီးသားရဲတစ်ကောင်ကို ယခု လူတိုင်းသိသွားကြလေပြီ။

” ဘာနွားနတ်ဘုရားလဲ.. မင်းကိုမင်း အဲဒီလောက်တော်တယ်ထင်နေတာလား.. ငွေတောင်ပံရောက်လာတဲ့ထိ စောင့်နေလိုက်ဦး သားလေး..သူ မင်းဖင်ကိုကန်လိုက်တဲ့အချိန်မှ ကြောက်ချီးပန်းမနေစေနဲ့.. ” ချူဖုန်းရပ်နေသောနေရာနှင့် သိပ်မဝေးသည့် အခြားတောင်ထိပ်တစ်ခုပေါ်မှ လူငယ်တစ်ဦးက အော်ပြောလာသည်။ ထိုလူငယ်၏ထေ့ငေါ့စကားများက ချူဖုန်းတစ်ဦးတည်းကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။ သူသည် မနာလိုမုန်းတီးမှုများဖြင့် ချူဖုန်းကို ရန်စနေခြင်းပင်။

ထိုလူငယ်၏စကားများကြောင့် လူအုပ်ကြီးအံ့အားသင့်သွားသည်။

” မင်းကဘယ်သူလဲ.. ငွေတောင်ပံကို မိုးထိုးအောင်ချီးမွမ်းနေတာ မင်း သူ့ကိုသိလို့လား ” ချူဖုန်းက တောင်ထိပ်ပေါ်မှ အော်မေးလိုက်သည်။

” ဟင့်အင်း ငါ သူ့ကိုမသိဘူး.. ဒါပေမယ့် ငါ ဒိမ်ဒီအတွက် သူ့ကိုရှိစေချင်တယ်.. ပြီးတော့ ငါ ဒီနေ့ပဲ ဒိမ်ဒီအဖွဲ့ထဲဝင်တော့မှာ.. ငါက ငွေတောင်ပံနဲ့လူချင်းမရင်းနှီးပေမယ့် သူက ဒိတ်ဒိတ်ကြဲတစ်ယောက်ဆိုတာကိုတော့ ငါ သိတယ်.. ဒီကမ္ဘာပေါ်ကဘယ်သူမှ သူ့ကိုစိန်မခေါ်နိုင်ဘူး ” ထိုလူငယ် ပြန်ပြောလာသည်။

ထိုလူငယ်၏အကြောက်အလန့်ကင်းမှုနောက်ကွယ်မှ အကြောင်းရင်းကို လူအုပ်ကြီး သဘောပေါက်သွားလေပြီ။ ချူဖုန်း အေးစက်စက်ပြုံးလိုက်သည်။ သူ ဤလူငယ်ကို အလွန်စက်ဆုပ်သွားရသည်။ ၌လူငယ်သည် ဒိမ်ဒီသို့ဝင်ခွင့်ရရန်အတွက် သူ့ကို လူပုံအလယ်၌စော်ကားနေခြင်းပင်။

ဤမလောက်လေးမလောက်စားငတုံးကောင်သည် ဒိမ်ဒီအဖွဲ့သို့ဝင်လိုက်သည်နှင့် လူအများက သူ့ကို လေးလေးစားစားဆက်ဆံကြလိမ့်မယ်ဟု ထင်နေဟန်တူသည်။

” မင်းရဲ့ ဆိုးရွားနုံချာတဲ့စရိုက်သဘာဝနဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုက ဒိမ်ဒီကို အရှက်ရစေလိမ့်မယ် .. မင်းလို ကောက်ကျစ်စဥ်းလဲပြီး အကျိုးအမြတ်တွက်နေတဲ့ကောင်မျိုးကို ဘယ်သူကခေါ်ရဲမှာလဲ.. ဒါဆိုရင်တော့ မင်းကိုရော ဒိမ်ဒီကိုရော ကူညီပေးရမှာပေါ့ ”

ထိုသို့ပြောပြီးနောက် ချူဖုန်း ခြောက်လုံးပြူးသေနတ်တစ်လက်ကိုထုတ်ကာ ခလုတ်ဆွဲလိုက်သည်။ ” ဒိုင်း ” မျက်နှာချင်းဆိုင်တောင်ကုန်းပေါ်မှ လူငယ်၏ခန္ဓာကိုယ်တွင် သွေးများစွန်းထင်းသွားပြီး ကျောချမ်းဖွယ်ကောင်းလောက်သော အော်သံကြီး ထွက်ပေါ်လာလေသည်။

” အား ” ထိုလူငယ်သည် ကျယ်လောင်စွာ အော်ဟစ်ရင်း တောင်အောက်သို့ပြုတ်ကျသွားလေ၏။

နွားနတ်ဘုရား၏ အထက်ဆီးဆန်သောအပြုအမူများကို မျက်မြင်တွေ့လိုက်ကြရပြီး အနီးအနားရှိလူများအားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ နွားနတ်ဘုရားကို စိတ်အနှောင့်အယှက်ပေးသူအားလုံး သေခြင်းတရားနှင့် ရင်ဆိုင်ကြရပေလိမ့်မည်။

” နွားနတ်ဘုရား ဆိုတဲ့နာမည်ကို ဒီနေရာမှရှိနေတဲ့လူတွေရော ကမ္ဘာပေါ်ကလူတွေပါ အမြဲတမ်းမှတ်မိနေတော့မယ်ဆိုတာ ငါကြိုသိနေတယ် ” လူအုပ်ထဲမှ လူတစ်ယောက် ပြောလိုက်သည်။

စင်စစ် ‘ နွားနတ်ဘုရား ‘ ဟူသော နာမည်ကိုခေါ်လိုက်တိုင်း လူတိုင်း၏စိတ်ထဲ လေးလံသွားကြသည်ပင်။

ဟူး…

ကောင်းကင်ပြင်တွင် ပြိုးပြိုးပြက်ပြက်အလင်းရောင်များ ရုတ်တရက်ထွက်ပေါ်လာပြီး အလွန်ချောမောလှပသော အထက်တန်းလွှာအမျိုးသမီးတစ်ဦး ကောင်းကင်မှ ဆင်းသက်လာကာ ချူဖုန်းရပ်နေသော တောင်ထိပ်ပေါ်သို့ ရောက်လာသည်။

အနီးရှိလူအားလုံး ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားမကို မြင်ကြရပြီး သူမ၏ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုကြောင့် လူအများ နောက်သို့ဆုတ်သွားကြလေသည်။

ထိုအမျိုးသမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ကျောဘက်တွင် အတောင်ပံတစ်စုံပါသည်။ သူမ ကောင်းကင်ပေါ်မှ တဖြည်းဖြည်းဆင်းသက်လာသောအခါ ဖော်ပြခြင်းငှာမစွမ်းသာသော သန့်စင်မွန်မြတ်မှုတစ်မျိုးကို လူတိုင်းခံစားလိုက်ရသည်။ မနက်ခင်းလေပြေညင်းနှင့်အတူ သူမ၏ဆံနွယ်များက ယမ်းနွဲ့လွင့်မျောနေသည်။ သူမ၏အသားအရည်မှာ နှင်းကဲ့သို့စွတ်စွတ်ဖြူနေပြီး မျက်လုံးများကလည်း ညှို့ဓာတ်ရှိနေသယောင် ဆွဲဆောင်မှုအပြည့်ရှိနေသည်။

“အဲဒါ ဘယ်သူလဲ .. သူက တော်တော်လေးကို လှတာပဲ..”

လူအုပ်တွင်း၌ တီးတိုးသံများထွက်လာသည်။ လူတိုင်းပင် ထိုအမျိုးသမီး၏တင့်တယ်လှပသောဟန်ပန်ကို ငေးမောနေကြလေ၏။

ချူဖုန်း ဤအမျိုးသမီးကို သိသည်။ ဒါက နွားဝါလေး ချုံခိုတိုက်ခိုက်ပြီးတော့ သူ့အိပ်ရာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး မဟုတ်ဘူးလား.. ယခု သူတို့ ထပ်တွေ့ကြလေပြီ။

ချူဖုန်းသည် အနည်းနှင့်အများအပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ မကြာသေးမီက အသားကင်များကိုစားပြီးနောက် သူမ တစ်စုံတစ်ခုဖြစ်သွားမဖြစ်သွားကို သူ သေချာမသိ။

“သူက ပေါက်ကွဲတတ်တဲ့သူ မဟုတ်ရင် ပိုကောင်းလိမ့်မယ်..” ချူဖုန်း တွေးလိုက်သည်။

အပိုင်း ၅၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset