Switch Mode

Chapter – 52

ငွေရောင် ဦးချို၏ ဘုရင်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၂ – ငွေရောင်ဦးချို၏ဘုရင်

“ဒါဝတ်လိုက်..” ချူဖုန်း သားရဲကောင်၏သားရေဖြင့် ပြုလပ်ထားသည့် ဝတ်ရုံတစ်ခုကို ထုတ်ပေးလိုက်သည်။ ဝတ်ရုံရှည်ကို ကောင်းကောင်းချုပ်ထားသည်တော့မဟုတ်။ အသုံးမလိုသည့် အဝတ်စများကို ပေါင်းချုပ်ထားသည့် အဝတ်စကြီးတစ်ခုသာဖြစ်သည်။

နွားဝါ၏ အမွေးများသည် ရွှေရောင်တောက်ပနေသည်သာမက ပိုးထည်ကဲ့သို့ နူးညံ့လှသည်။ ညှို့မှိုင်းသည့် တောအုပ်နောက်ခံနှင့်ယှဉ်လိုက်လျှင် သူ့အရောင်မှာ အလွန်တောက်ပနေသည်။

သူသာ တောအုပ်ထဲသို့ ဤအတိုင်းဝင်သွားလျှင် သူ့ကိုတွေ့သည့်သူမှန်သမျှ သန္ဓေပြောင်းသားရဲဟု ထင်သွားကြလိမ့်မည်။ ထိုသို့ဆိုလျှင် ပြဿနာဆုံးနိုင်မည်မဟုတ်တော့။

သို့သော် နွားဝါကတော့ သူ၏အဝတ်အစားအသစ်ကို ဝတ်ရန် တွန့်ဆုတ်နေသည်။ ဤအဝတ်သည် သူ့ကိုလုံအောင်ဖုံးထားနိုင်သည်ပင်။ သူ့မျက်လုံးတစ်စုံမှအပ ကျန်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ လေနှင့်ပ မထိတွေ့နိုင်တော့။ အသက်ရှူရန် အပေါက်ရှိသော်လည်း နွားဝါ၏ နှာခေါင်းပေါက်မှာ အနက်ရောင်ပဲစေ့လေးနှင့် တူသွားသည်။

“မူး..” နွားဝါလေး စိတ်ပျက်နေပုံပေါ်သည်။

“မရဘူး .. ဘာမှ ညှိနှိုင်းစရာမရှိဘူး..” ချူဖုန်း ခိုင်မာစွာ ပြောလိုက်သည်။

အဝတ်အစားသစ်ဝတ်ပြီးနောက် နွားဝါလေး နောက်ခြေထောက်ပေါ် မတ်တပ်ရပ်လိုက်သည်။ သူ့ပုံစံသည် ဖရန်ကင်းစတိုင်း မကောင်းဆိုးဝါးနှင့် တူနေသော်လည်း သန္ဓေပြောင်းလူများ လှည့်ပတ်သွားလာနေသည့် တောအုပ်တွင်တော့ ဤပုံစံမှာ သာမန်ပင်။

သို့သော် ချူဖုန်းကတော့ နွားပေါက်လေး ဦးခေါင်းထပ်၌ ဖြစ်နေသည့်ဘုကြီးကို မကျေနပ်သေး။ ထိုဘုကြီးအောက်တွင် ဦးချိုရှိနေသည်ပင်။ နောက်ဆုံး ချူဖုန်း ထိုနေရာကို အပေါက်ဖောက်လိုက်ကာ ဦးချိုတစ်စုံကို အသက်ရှူခွင့်ပေးလိုက်သည်။

“ချိုပါတဲ့ သန္ဓေပြောင်းသက်ရှိတွေလည်း ရှိတယ်မလား .. အိုကေ .. အဲဒီတော့ အခုကစပြီး မင်းကငါ့ရဲ့ တောက်တိုမယ်ရစစ်သူရဲဖြစ်သွားပြီ..” ချူဖုန်း ရယ်မောလိုက်သည်။

ထို့နောက် ချူဖုန်း သားရဲသားရေဖြင့် လုပ်ထားသည့် ဖိနပ်တစ်စုံလည်း ပေးလိုက်သည်။ သူ၏ရှေ့ခြေများကိုပင် ရွှေရောင်လက်အိတ်များသုံးပြီး သေချာဖုံးထားသေးသည်။ ယခုဆိုလျှင် နွားဝါလေး၏ လက်နက်ပြည့်စုံသွားပြီဖြစ်သည်။

နွားဝါလေး မှန်ရှေ့ရပ်လိုက်ကာ အပေါ်အောက်၊ ဘယ်ပြန်ညာပြန်ကြည့်လိုက်သည်။ ဒါက ဘာကြီးလဲ .. ဒါကြီးကို တစ်နေ့လုံးဝတ်ထားရမှာလား .. ရှက်ဖို့ကောင်းလိုက်တာ..

“ချေးများမနေနဲ့ နွားပေါက် .. ငါတို့နှစ်ယောက် လိုက်ဖက်သွားအောင် ငါလည်း ဒီလိုမျိုး ဝတ်ရမှာပဲ .. ငါတောင် ဘာအထွန့်တက်နေလို့လဲ .. ကိုယ်ရှိတာနဲ့ ရောင့်ရဲစမ်းပါ နွားဝါလေး..”

ချူဖုန်း သူ့အတွက် သူလည်း ဦးထုပ်တစ်လုံး လုပ်ထားသည်ပင်။ ထိုဦးထုပ်သည် သူ့မျက်နှာတစ်ခုလုံးကို ဖုံးသွားကာ နှာခေါင်းနှင့်မျက်လုံးသာ ဖော်ထားသည်။ ထို့အပြင် ဦးချိုထပ်၌ ငွေရောင်ဦးချိုတစ်စုံလည်း ရှိနေသည်။

“ဒီနေ့ကစပြီးတော့ ငါမင်းကို နွားနတ်ဆိုးလို့ခေါ်မယ် .. ငါကတော့ အကြင်နာဆုံးနဲ့ အကြီးကျယ်ဆုံး နွားနတ်ဘုရားပဲ..” ချူဖုန်း နွားပေါက်လေး ပုခုံးကိုပုတ်၍ ပြောလိုက်သည်။

နွားဝါသည် ချူဖုန်းကို အပေါ်အောက် ကြည့်ပြီးနောက် အံ့အားသင့်စရာကောင်းစွာပင် ခေါင်းညိမ့်ပြလာလေသည်။ “မင်း အရင်တုန်းကထက်ကိုပိုချောလာတယ်..” သူ မြေကြီးပေါ်၌ စာရေးပြလိုက်သည်။

“ထွက်သွားစမ်း .. အမြင်မရှိတဲ့ကောင်..” ချူဖုန်း ဒေါသတကြီး ပြောလိုက်သည်။

“သွားကြစို့..” ချူဖုန်း နွားဝါကို သူ့နောက်လိုက်ခဲ့ရန် ခေါ်လိုက်သည်။ နံနက်ခင်းနေရောင်ခြည်အောက်တွင် သူတို့ တိုင်ဟန်းတောင်တန်းများထံသို့ ဦးတည်သွားလိုက်သည်။

“ခဏ … ငါတို့ရဲ့ ထရိုင်နိုစောရပ်အသားနှပ်ရော..” ချူဖုန်း အလန့်တကြား မေးလိုက်သည်။

နွားဝါလေးသည် မတ်မတ်ရပ်ကာ သူ့ဗိုက်ကို ပုတ်ပြလာသည်။ ဤသည်မှာ အသားများပျောက်ဆုံးသွားခြင်းမဟုတ်ပဲ သူအားလုံးစားလိုက်ပြီဖြစ်ကြောင်း ပြောနေခြင်းပင်။

“နွားစုတ် .. မင်းပုန်းနေတုန်းက ငါ့ဝေစုကိုပါ စားလိုက်တာလား..”

“မူး..” နွားဝါသည် ဗိုက်ကိုညွှန်ပြကာ လူနှစ်ယောက်စာ ပြင်ထားသည့်အစားအစာကို စားပြီးသော်လည်း ယခုထိ မတင်းတိမ်နိုင်သေးသည့်အမူအရာလုပ်ပြနေသည်။

“နွားနတ်ဆိုး..”

နေရောင်မှာ တစ်ဖြည်းဖြည်းတောက်ပလာသည်။ တောအုပ်ထဲ၌ မြူဆိုင်းနေဆဲဖြစ်သော်လည်း နေရောင်ကြောင့် အခိုးအငွေ့များမှာ အနီရောင်တောက်ပနေသည်။

မနက်ခင်းအစောကြီး ရှိသေးသော်လည်း တောင်များမှာ အေးစက်တိတ်ဆိတ်သည့်ညမှ နိုးထလာလေပြီ။ သန္ဓေပြောင်းလူများစွာ တိတ်တဆိတ် သွားလာလှုပ်ရှားနေကြသည်။ အချို့မှာတစ်ယောက်တည်းလာပြီး အချို့မှာ အုပ်စုလိုက်ကြီး သွားလာနေကြသည်။

အသီးရင့်မှည့်တော့မည့်သတင်းကို လူအများ သိထားကြပြီဖြစ်ပြီး တောင်သို့သွားသည့်လမ်းတစ်လျှောက်တွင် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များ၊ မျှော်လင့်ချက်အပြည့်ဖြင့် ရောက်လာသည့်သူများဖြင့် ပြည့်နှက်နေသည်။

တိုက်ခိုက်မှုများကို ရှောင်လွဲ၍ရမည်မဟုတ်။

သူ တောင်အတွင်းနက်ပိုင်းသို့ လာသည့်လမ်းတွင် သတ်ဖြတ်မှုအချို့ကို တွေ့ခဲ့ရသည်။ သန္ဓေပြောင်းလူများ အနီးကပ်တိုက်ခိုက်နေကြကာ တစ်ဖက်ဖက် မသေမချင်း သူတို့ မရပ်တန့်ကြ။ တစ်ဖက်လူ၏အသက်မရှိသည့်ခန္ဓာကိုယ် ထူထဲလှသည့်မြက်ပင်ထဲ ဖုံးသွားမှသာ တိုက်ခိုက်ခြင်းကို ရပ်တန့်ကြသည်။

ဤသည်မှာ အစသာရှိသေးသည်။

မြွေဖြူတောင်ခြေတွင်..

ဤနေရာတွင် သန္ဓေပြောင်းသက်ရှိများ စုပြုံနေသည်။ အချို့မှာ တောင်ထိပ်ပေါ်၌ ထိုင်နေကြကာ အချို့မှာ တောင်ဝင်ပေါက်၌ ရပ်နေကြသည်။ အချို့မှာ အတောင်ပံရှိသောကြောင့် လေထဲ ရစ်ဝဲနေကြသည်။

လူများလာသည်နှင့် ဆူညံသံများလည်း ထွက်ပေါ်လာသည်။ ယခင်က တိတ်ဆိတ်နေသည့်နေရာမှာ စည်းကားလှသောဈေးကြီးသဖွယ် ဖြစ်နေလေပြီ။

သို့သော် လူတိုင်း သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ခံစားနိုင်သည်ပင်။ တိုက်ခိုက်မှုဖြစ်လာသည်နှင့် ယခုခင်မင်ရင်းနှီးနေသည့် လူများမှာ ချက်ချင်းပင် ရန်သူများဖြစ်သွားကြလိမ့်မည်။

နွားဝါနှင့် ချူဖုန်းတို့လည်း မြွေဖြူတောင် တောင်ခြေသို့ ရောက်လာကြပြီဖြစ်သည်။ သူတို့သည် ဤနေရာသို့ မည်သူမှသတိမပြုမိအောင် တိတ်တဆိတ်လာမည်ဟု ကြံရွယ်ထားသော်လည်း ထိုသို့လုပ်ရန် မလိုကြောင်း သိလိုက်ရသည်။ တောင်တစ်ခုလုံး သန္ဓေပြောင်းလူများနှင့် ပြည့်နှက်နေပြီဖြစ်သည်။

“မင်းတို့နှစ်ကောင်က ဘာကိုခိုးကြောင်ခိုးဝှက်လုပ်နေကြတာလဲ.. မင်းတို့ကဘာလို့ ခေါင်းပေါ်မှာ ဒါကြီး ဆောင်းထားတာလဲ..”

သူတို့ နှစ်ဦး ရောက်လာသည်နှင့် ရန်စသည့်သူ ရှိလေပြီ။ အချို့သူများသည် မည်သည့်အခါမှ အခြားသူများကိုကောင်းကောင်းမွန်မွန်ဆက်ဆံမည်မဟုတ်။ စတွေ့သည်နှင့် ရန်လိုကာ အနိုင်ယူနေကြသည်ပင်။

သူတို့ကို ပြောလာသည့်သူမှာ တင်းမာကာ ကြောက်စရာကောင်းသည့်အသွင်အပြင်ရှိသည်။ သူ့ကျောထက်တွင်ချွန်ထက်နေသော ဆူးချွန်အတန်းလိုက်ရှိနေပြီး သူ့အရေပြားထက်တွင်လည်း အပြာရောင်အကြေးခွံများ ရှိနေသည်။ သူ့ပါးစပ်မှာ အတော်လေး ကျယ်ကာ သွားများလည်း ကြီးမားလှသည်။

“မင်းအလုပ်မဟုတ်ဘူး .. မင်းက ဘာဖြစ်ချင်နေတာလဲ..”

ချူဖုန်း စကားပြောပြီးသွားသည်နှင့် နောက်ထပ် လူငါးယောက် ထပ်ရောက်လာကြသည်။ သူတို့ကို ပြောလာသည့်လူမှာ ဤလူအုပ်ကြီး၏ခေါင်းဆောင်ပင်။ သူတို့သည် အုပ်စုလိုက်လှုပ်ရှားကာ အခြားသူများကို လွှမ်းမိုးပြီး သူတို့အုပ်စု လူပိုများလာအောင် လုပ်ချင်နေသည့်ပုံပင်။

ဤကဲ့သို့ အဖြစ်အပျက်များမှာ နေရာတိုင်း၌ ဖြစ်နေသည်။ သာမန်ထက် အင်အားကြီးသည့် သန္ဓေပြောင်းလူများသည် သူတို့၏ခွန်အားနှင့်စွမ်းရည်များကို ပြသကာ အခြားသန္ဓေပြောင်းလူများကို အုပ်စုထဲ ဆွဲသွင်းပြီး အုပ်စုတောင့်တင်းအောင် လုပ်ကြသည်ပင်။

“ဟက်.. အတော်လေကျယ်တဲ့ကောင်ပါလား .. မင်းက ငါ့ကို ဒီလိုလေသံမျိုးနဲ့ လာပြောရဲတယ်ပေါ့ .. ငါ မင်းကို အရေဆုတ်ပစ်ပြီး ငါ့ကိုဦးညွှတ်လာအောင် လုပ်ပစ်မယ် .. မင်းက ငါ့ကို မျက်စစပါးမွှေးစူးအောင် လုပ်နေတာပဲ..” ဦးဆောင်သူမှ ချူဖုန်းကို အော်ဟစ်လာသည်။ ထို့နောက် ဘုန်းဟူသည့် ကျယ်လောင်လှသည့်အသံနှင့်အတူ သူ့လက်သီးကိုလည်း အကြေးခွံများ ရုတ်တရက် လွှမ်းခြုံသွားသည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည့်အရှိန်ဖြင့် ချူဖုန်း၏နားထင်သို့ ဦးတည်ထိုးလာသည်။

ဤလူသည် တကယ်ကိုပင် ကောက်ကျစ်ယုတ်မာလှသည်။ စကားလေး နှစ်ခွန်းသုံးခွန်းပြောပြီးသည်နှင့် သူစိမ်းတစ်ယောက်ကို စတင်တိုက်ခိုက်တော့သည်။ ဤလက်သီးဖြင့် နားထင်ကိုသာ အထိုးခံလိုက်ရလျှင် သေလျှင်သေ မသေလျှင်လည်း မသေမရှင် ဖြစ်မည်ပင်၊။

“ထွက်သွားလိုက်စမ်း..”

ချူဖုန်း၏မျက်လုံးများ အေးစက်လာသည်။ သူ ခြေထောက်ကိုလေထဲသို့ ကန်ထည့်လိုက်ကာ ထိုလူ၏လက်သီးကို မိတ်ဆက်လိုက်သည်။ အရိုးကျိုးသံများ ထွက်ပေါ်လာကာ ထိုလူ၏လက်ချောင်းများ ကျိုးကြေသွားသည်။

ဖုန်း..

ချူဖုန်း ထိုလူ၏ရင်ဘတ်ကို နောက်တစ်ချက် ထပ်ကန်လိုက်သည်။ ထိုလူကြီးသည် လေထဲလွင့်ထွက်သွားကာ သူ့အုပ်စုထဲသို့ ပြုတ်ကျသွားလေသည်။

ထိုသန္ဓေပြောင်းလူသည် ပါးစပ်မှ သွေးများအန်ထွက်လာကာ ခန္ဓာကိုယ် ပြင်းထန်စွာ တွန့်လိမ့်လာလေ၏။ ထို့နောက် သူ သတိလစ်သွားလေသည်။ သူနှင့်အတူလာသည့် အခြားသန္ဓေပြောင်းလူများမှာ ထိတ်လန့်ကာ မျက်နှာများ ဖြူဖျော့နေကြလေပြီ။

သူတို့ ပြဿနာရှာမိသွားပြီဖြစ်ကြောင်း သိနေကြပြီဖြစ်သည်။ သူတို့ခေါင်းဆောင်၏ ခန္ဓာကိုယ်ကြီးအောက်မှ မြန်မြန်ထွက်လာပြီးသည်နှင့် ဤနေရာမှ ထွက်ပြေးသွားကြလေသည်။

“တော်တော်လေး ကြမ်းတာပဲ .. ညီအစ်ကို ငါတို့ အဖွဲ့ဖွဲ့ကြရင်ရော .. ဘယ်လိုလဲ..”

ကန်ချက်နှစ်ချက်တည်းဖြင့် ချူဖုန်း လူအုပ်ကြားထဲတွင် နာမည်ကြီးသွားသည်။ သန္ဓေပြောင်းလူအုပ်ကြီးသည် သူတို့ ချူဖုန်း၏ခွန်အားကို အားကိုးရလောက်မည်ဟု ထင်မှတ်ကာ သူ့ဘေးနားပတ်လည် ဝိုင်းလာကြလေသည်။

“ဆောရီးပါ .. ကျွန်တော် စိတ်မဝင်စားဘူး..” ချူဖုန်း ပြောလိုက်သည်။

သူ့အမြင်တွင် အုပ်စုဖွဲ့၍ သွားလာခြင်းမှာ တစ်ယောက်တည်းသွားလာနေခြင်းထက် ပိုကောင်းသည်ဆိုသော်လည်း ဤအုပ်စုများမှာ လျော့ရဲရဲအုပ်စုသာ ဖြစ်လိမ့်မည်။ အရေးကြုံလာလျှင် မည်သူ့ကိုမှ ခေါ်၍ရမည်မဟုတ်။

“မောက်မာလိုက်တာ..” လူအုပ်ထဲမှ အသံများ ထွက်ပေါ်လာသည်။

ချူဖုန်း လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်လိုက်သည်နှင့် အသံများ ချက်ချင်းတိတ်သွားသည်။ လူများမှာ သူ့ကို အလွန်ကြောက်နေသည့်ပုံပင်။

“ညီအစ်ကို .. ငါ မသေမချင်း မင်းရဲ့နောက်လိုက်ကောင်း ဖြစ်စေရမယ်..”

လူအုပ်ထဲမှအချို့သည် သူ၏ငြင်းဆိုမှုကို လက်သင့်မခံဘဲ သူ့အုပ်ချုပ်မှုအောက်တွင်လိုက်ပါလိုကြောင်း ပြောလာကြသည်။

“ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော် ခင်ဗျားတို့နဲ့ အုပ်စုဖွဲ့ဖို့စိတ်ကူးမရှိဘူး” ချူဖန်း ထပ်ငြင်းလိုက်သည်။

သို့သော် သူ ဤလူများ၏ ပြတ်သားမှုကို လျှော့တွက်မိသွားလေပြီ။ သူ၏ပြောင်မြောက်သည့်စွမ်းရည်နှင့် တစ်ဦးတည်းသွားလိုသည့်ဆန္ဒတို့ကိုကြည့်ပြီး သူသည် သိုင်းပညာရှင်အစစ်ဖြစ်လိမ့်မည်ဟု လူများ မှတ်ယူသွားကြကာ သူ ဘယ်လောက်ငြင်းငြင်း သူ့နောက် လိုက်လာကြလေသည်။

“သူတို့လုပ်ချင်သလို လုပ်ပါစေတော့..” သူ ပြောစရာစကားပင် မရှိတော့။

သူတို့၏သခင်အသစ်ပတ်လည်တွင် နောက်လိုက်များ ပိုများလာသည်။ အချို့သည် ချူဖုန်းအတွက် လမ်းကြိုရှင်းပေးကြပြီး အချို့မှာ သူ့ကို ဘေးပတ်လည်ဝိုင်းကာ ကာကွယ်ပေးလာကြသည်။ ချူဖုန်းသည် ရုတ်တရက်ပင် သစ္စာရှိနောက်လိုက်များ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သွားသည်။

သူငြင်းလေလေ လူအုပ်ကြီးမှာ သူ့ကို အထင်ကြီးလေလေဖြစ်နေသည်။ သူ သတိထားမိသည့်အချိန်တွင် လူအုပ်ကြီးမှာ တော်တော်လေး ကြီးမားနေလေပြီ။

ဤသန္ဓေပြောင်းလူအုပ်ကြီးတွင် တူညီသည့်အကြံတစ်ခုသာ ရှိသည်။ သူတို့သည် သူတို့ကိုယ်သူတို့ ကြီးမားသော အင်အားတစ်ခုဘေးမှ သာမန်အစောင့်ကလေးများအဖြစ် အသွင်ယူနေကြခြင်းဖြစ်သည်။ သို့မှသာ တိုက်ခိုက်မှုဖြစ်ပွားပြီး အခြေအနေများရှုပ်ထွေးလာသောအချိန်တွင် သူတို့ ရှောင်ပြေး၍လွယ်လိမ့်မည်ဟု ယူဆထားကြသည်။ အကယ်၍ ကံကောင်းထောက်မစွာ သစ်သီးအနီးသို့ရောက်ရှိသွားလျှင် သစ်သီးကို အလျင်အမြန်ပင် ခူးယူစားသုံးပစ်လိုက်မည်ပင်။ ခုန်းဂင်နှင့် ငွေတောင်ပံတို့ကဲ့သို့ အင်အားကြီးလာလျှင် သူတို့မည်သူ့ကို ကြောက်နေရတော့မည်နည်း.. အင်အားကြီးမားသော လက်နက်များပင်လျှင် သူတို့ကို ယှဉ်နိုင်တော့မည်မဟုတ်တော့။

“ချီးပဲ .. ဒိမ်ဒီကလူတွေက နေရာတကာကို ဝင်ပါနေနိုင်တော့တာပဲ .. သူတို့လူတွေကိုကျတော့ ဒီကို အစောကြီးလွှတ်ထားပြီး အခု တောင်ထဲကိုဝင်ချင်တဲ့သူအားလုံး တန်းစီရမယ်တဲ့ .. အဲဒီလိုမလုပ်တဲ့သူတွေ သူတို့လက်သီးစာမိမယ်ဆိုတဲ့ သဘောလား..”

လူအုပ်ထဲမှ ဒိမ်ဒီ၏လက်ဝါးကြီးအုပ်မှုကို ကျိန်ဆဲလာကြသည်။

“ဘာဖြစ်လဲ .. ငါတို့ဒီမှာ အနည်းဆုံး လူထောင်ချီရှိတယ် .. ဘာကို ကြောက်နေရာမှာလဲ..” အချို့သူများမှာ လူအုပ်ကြီးကို ဆွပေးနေကြလေသည်။

“ဟိုမှာကြည့်လိုက်ဦး .. အဲဒါ ဘာကြီးလဲ..” တစ်စုံတစ်ယောက်မှ အဝေးသို့ လက်ညှိုးညွှန်ပြလာသည်။ “သူတို့တွေက တောင်ပေါ်မှာ အပြင်းစားအမြှောက်တွေ ဆင်ထားပြီးပြီ..”

ထိုလူ ညွန်ပြသည့်နေရာ ကြည့်လိုက်ကြပြီးနောက် လူအုပ်ကြီး ငြိမ်သက်သွားသည်။

“အခုအချိန်မှာ သူတို့ ငါတို့ကို တကယ် တစ်ခုခုလုပ်လိမ့်မယ်လို့ ငါမထင်ဘူး .. သွားကြစို့..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ဤလူအုပ်ထဲရှိ လူအတော်များများမှာ အားကြီးသူကအနိုင်ရစမြဲဟူသော အယူအဆကို လက်ကိုင်ထားကြသူများပင်။ ထိုလူတို့သည် ဒိမ်ဒီဘက်မှ စက်ပစ္စည်းများမည်မျှအင်အားကြီးမားသည်ဖြစ်စေ ထောင်ပေါင်းများစွာသော ဗီဇပြောင်းသက်ရှိအုပ်စုလိုက်ကြီးကို ခုခံနိုင်မည်မဟုတ်ဟု ယုံကြည်ထင်မှတ်ကြသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဒိမ်ဒီ လူအုပ်ဆီသို့ ကျည်ဆံပစ်လွှတ်ရဲမည်မဟုတ်ဟု ဤလူများ ယူဆနေကြသည်။

အမှန်တကယ်တွင် ဒိမ်ဒီမှ အထက်လူကြီးများလည်း ခေါင်းခြောက်နေကြပြီဖြစ်သည်။ သတင်းများ အပြင်သို့ ပေါက်ကြားသွားည်နှင့် သူတို့စီစဉ်ထားသမျှ လွဲချော်ကုန်သည်။

အမိန့်ကိုလိုက်နာကာ အသီးကိုရအောင်လူရန် ကြိုးစားရန်မှာ ကုမ္ပဏီအတွက် အတော်လေး ခက်ခဲလှသည်။

ချူဖုန်းလည်း လူအုပ်ထဲ၌ ရပ်နေသည်။ စစ်ဆေးမှုကို ကျော်ဖြတ်ရန်အတွက် တောင်စွန်းများမှ ခက်ခက်ခဲခဲသွားစရာ မလိုသေးသည်ကို သူ တွေ့လိုက်ရသည်။

“လမ်းဖယ်စမ်း..”

ထိုအချိန်တွင် လူတန်းကြီးအနောက်ဘက်မှ အုတ်အော်သောင်းတင်းဖြစ်လာသည်။ လူတစ်စုသည် သူတို့ရှေ့မှလူများကို တွန်းဖယ်ပစ်နေသည်။

ချူဖုန်းလည်း လူအုပ်ကြီးနှင့်ရောကာ တွန်းခံလိုက်ရသည်ပင်။

သူ့သစ္စာရှိနောက်လိုက်လုပ်မည်ဟု ကြွေးကြော်ထားသည့်သူများအားလုံး ထွက်ပြေးသွားသည်ကို သူတွေ့လိုက်ရသည်။

“ခင်ဗျားတို့လုပ်ရပ်က ရွံစရာကောင်းနေတယ်လို့ မထင်ဘူးလား…” ချူဖန်း နောက်ကိုည့်၍ ပြောလိုက်သည်။

“သွားစမ်းပါ..” ဤလူစုသည် သဘောထားလည်း သေးသိမ်သည်ပင်။ သူတို့သည် ရိုင်းစိုင်းကာ ကျိုးကြောင်းဆီလျော်မှုလည်းမရှိ။ ချူဖုန်း သူတို့အား မဖယ်ပေးသည်ကို တွေ့သည်နှင့် ချက်ချင်းပင် ကန်ကျောက်၊ ထိုးကြိတ်လာကြလေသည်။

ချူဖုန်း စိတ်မထိန်းနိုင်တော့။ သူသည် ဤမနက် သူ့အိမ်၌ ရန်ရှာခံခဲ့ရသည့်အပြင် ယခု ဤလူစု၏ ဗိုလ်ကျခြင်းခံနေရသည်။ သူ့ဒေါသကို သူ မထိန်းချုပ်နိုင်တော့။

“မင်းတို့ခွေးကောင်တွေကမှ သွားရမှာကွ..”

နောက်တစ်စက္ကန့်အတွင်းမှာပင် ချူဖုန်း လူအုပ်ကြီးကို နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျလာအောင် လုပ်လိုက်သည်။ အချို့လူများမှာ သူတို့ လေထဲမြှောက်နေပြီး အရိုးများ ကျိုးကြေသွားသည်ကို တွေ့လိုက်ရသည်။

“မင်းက သေချင်နေတာပဲ သားလေး..”

လူအုပ်ကြီး၏ခေါင်းဆောင်မှာ နှစ်မီတာရှည်သည့် လူသန်ကြီးပင်။ သူ၏ပြောင်လက်နေသည့်ခေါင်းသည် နံနက်ခင်းနေရောင်ထဲ၌ တောက်ပနေလေ၏။

နောက်တစ်စက္ကန့်တွင် ထိုလူကြီး၏ခန္ဓာကိုယ်သည် လေပေါ် ခုနှစ်မီတာခန့် မြှောက်တက်သွားသည်။ သူ၏ခွန်အားလည်း အထင်ကြီးစရာ ကောင်းလှသည်ပင်။ သူ မြေကြီးပေါ် တစ်ချက်စောင့်လိုက်သည်နှင့် အောက်ဘက်မှ မြေကြီး အက်ကွဲသွားသည်။ ထိုသန္ဓေပြောင်းလူကြီးသည် ချူဖုန်းထံသို့ တရှိန်ထိုး ပြေးသွားလေသည်။

ထိုလူသန်းကြီး သွားသည့်လမ်းတစ်လျှောက်ရှိ အချိန်မှီမရှောင်တိမ်းလိုက်နိုင်သည့်လူအချို့မှာ သူ့ခြေထောက်အောက် ပျက်စီးသွားကြသည်။ ကျောက်တုံးလူသန်ကြီး၏ ခြေထောက်အောက်တွင် သူတို့ခန္ဓာကိုယ်များသည် အသားတစ်ခြား အရိုးတစ်ခြားဖြစ်သွားကာ ဆိုးရွားစွာ သေဆုံးသွားကြလေသည်။

ဤအနိဌာရုံမြင်ကွင်းကြောင့် လူများ မည်မျှရက်စက်လာသည်ကို ချူဖုန်း သဘောပေါက်လာသည်။ သူတို့၏မကောင်းသည့်ဘက်ခြမ်း ပွင့်ထွက်လာသည်နှင့် လူအများစုမှာ ပုံစံပြောင်းသွားကြသည်။ နဂိုကတည်းက ရက်စက်သည့်သူများဆိုလျှင်တော့ ယခုအချိန်တွင် သွေးအေးသတ္တဝါများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။

ချူဖုန်းလည်း ညှာတာမနေ။ သူ့လက်သီးချက်တိုင်းမှာ ရန်သူ၏သေကွင်းသေကွက်သို့ ရောက်နေသည်ပင်။

ဘုန်း ဘုန်း ဘုန်း..

လူအုပ်ကြီး၏ အံ့အားသင့်နေသည့်အကြည့်အောက်မှာပင် ချူဖုန်း ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးကို တစ်ချက်စီ ထိုးနှက်နေသည်။ နောက်ဆုံးတွင်တော့ ဤလူသန်ကြီး၏ ခန္ဓာကိုယ်ပုံပျက်သွားကာ ငယ်သံပါအောင်အော်သည့် အသံနှင့်အတူ လူသန်ကြီး ဤနေရာ၌ပင် သေဆုံးသွားလေသည်။

သူ ဦးဆောင်လာသည့်အုပ်စုမှာ ချက်ချင်းပင် ထွက်ပြေးသွားကြလေသည်။

လူသန်ကြီး သေဆုံးသွားသည်နှင့် ချူဖုန်းသည် သွေးရဲရဲမြင်ကွင်းကို ကျောခိုင်းလိုက်ကာ ဘာမှမဖြစ်ခဲ့သကဲ့သို့ လူတန်းထဲ ဝင်တန်းစီလိုက်လေသည်။ ဤသည်မှာ လူအုပ်ကြီးကို ထိတ်လန့်သွားစေခဲ့သည်ပင်။

ချူဖုန်း၏ဦးဆောင်မှုအောက်မှ ထွက်ပြေးသွားသည့်သူများမှာ သူတို့ဆုံးဖြတ်ချက်ကို နောင်တရလာကြသည်။ သို့သော် ခွင့်လွှတ်မှုတောင်းခံရန်မှာလည်း ရှက်စရာကောင်းလွန်းနေသည်။

“ညီအစ်ကို .. မင်း နာမည်ဘယ်လိုခေါ်လဲ .. တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းကြရအောင်လေ..” အနောက်ဘက်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သူတို့ကိုယ်တိုင်လည်း အားနည်းသည့်သူများမဟုတ်။ သို့သော်လည်း လူသန်ကြီးကို အနိုင်ယူခဲ့သည့်ဤလူကိုတော့ သူတို့ အထင်ကြီးကြသည်။

“ကျုပ်နာမည်က .. နွားနတ်ဘုရား..” ချူဖုန်း ပြောလိုက်သည်။

ထူးခြား၍ ပုံပြင်ဆန်သော အမည်နာမကြောင့် လူအုပ်ကြီးတိတ်ဆိတ်သွားလေသည်။ ထို့နောက် ချူဖန်း၏ဦးခေါင်းပေါ်ရှိ ငွေရေင်ဦးချိုတို့ကို မြင်သွားကြပြီးနောက် အမည်နှင့် လိုက်ဖက်ကြောင်း လက်ခံသွားကြလေ၏။

သို့သော် ချူဖန်းသည် ထိုနေရာမှာတင် မရပ်ဘဲ သားရေဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်လုံးနှင့် ရွှေရောင်ဦးချိုတို့သာပေါ်နေသည့် နွားဝါကို ညွှန်ပြကာ “ဒါက ကျုပ်ညီ နွားနတ်ဆိုး..”

လူအုပ်ကြီးမှာ ပို၍ပင် ဆွံ့အသွားကြသည်။ နွားနတ်ဘုရားနဲ့ နွားနတ်ဆိုး .. လှလိုက်တဲ့နာမည်တွေ..

“ငါ့အမြင်တော့ သူတို့က ရွှေဦးချိုဘုရင်၊ ငွေဦးချိုဘုရင်နဲ့ ပိုတူတယ် .. ဟိုဝတ္ထုထဲက ဇာတ်ကောင်နှစ်ယောက်လေ မှတ်မိလား..” လူအုပ်ထဲမှ တစ်စုံတစ်ဦး ရေရွတ်လိုက်သည်။ လူများမှာ သူတို့ဦးခေါင်းထက်မှ တောက်ပနေသည့် ဦးချိုကြီးကို အကြည့်မလွဲနိုင်တော့။

သန္ဓေပြောင်းပြီးနောက်တွင် ပုံစံမျိုးစုံ ဖြစ်လာသောကြောင့် ဦးချိုရှိနေခြင်းမှာ ထူးဆန်းသည့်အရာတစ်ခုမဟုတ်။

ချူဖုန်း လူအုပ်ကြီးကို အရေးမလုပ်တော့ပဲ ကျောခိုင်းလိုက်သည်။

တိုက်ခိုက်မှုနှင့်ပတ်သက်သော သတင်းစကားများသည် လူအများပါးစပ်ဖျားတွင် ရေပန်းစားသွားလေသည်။ သို့သော် လူမျးသည် နွားနတ်ဘုရားဟု မပြောကြဘဲ ငွေဦးချိုဘုရင်ဟုသာ တင်စားခေါ်ဝေါ်နေကြတော့သည်။

မြွေဖြူတောင်၏ တောနက်ထဲတွင်မူ လူပေါင်းများစွာ စုဝေးတည်ရှိနေသော်လည်း တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ လူတိုင်းသည် စကားတစ်ခွန်းမျှမဆိုဘဲ ရပ်နေကြလေသည်။

ဤနေရာသို့ အသက်ရှင်လျက် ရောက်လာနိုင်သည့်သူများမှာ သေချာပေါက် အင်အားကြီးသည့်သူများပင်။

ချူဖုန်း တောင်ကုန်းတစ်ခုကို ရွေးချယ်လိုက်ပြီး တောင်ထိပ်သို့ တက်သွားလိုက်သည်။ ဤနေရာမှာ မြင်ကွင်းကောင်းလှသည်။

အမှန်တကယ်တွင် အနီးအနားမှ တောင်ကုန်းအားလုံးကို စူးစမ်းရှာဖွေသူများက နေရာယူထားကြပြီးဖြစ်သည်။

“အသီးက မှည့်သေးပုံမပေါ်ဘူး … ငါတို့ နာရီနည်းနည်းလောက်ထပ်စောင့်ရမယ်နဲ့တူတယ်..” ချူဖန်း ပြောလိုက်သည်။ သူ့မျက်လုံးများသည် စူးရှပြတ်သားလှပြီး ခရမ်းရောင်ပြောင်းရန်အချိန်လိုသေးသော အစိမ်းရောင်အသီးကို သူရှင်းရှင်းလင်းလင်းမြင်နေရသည်။

တောင်ကုန်းထိပ်တွင် ကြည်လင်သော ရေပူစမ်းလေးတစ်ခုရှိနေလေသည်။ ချူဖန်းသည် ရေကို လက်နှင့်အပြည့်ခပ်ယူလိုက်ပြီး အားရပါးရသောက်ပစ်လိုက်သည်။ ရေသည် ချိုမြပြီးအရသာရှိလှ၏။ ထို့နောက်သူသည် အမဲလိုက်ရန်ထွက်ခွာခဲ့သည်။ သူ့မနက်စာကို နွားဝါ စားပစ်လိုက်သောကြောင့် စောင့်နေစဉ်အတွင်း အသားတစ်မျိုးမျိုးကင်စားနိုင်ရန်ဖြစ်သည်။

ထိုအချိန်တွင် သူ လင်းရဲ့ယုနှင့် သူ့ဘေးမှ အမျိုးသမီးကို ရုတ်တရက်မြင်လိုက်ရသည်။ ၎င်းတို့နှစ်ဦးသည်လည်း မြွေဖြူတောင်တောနက်ထဲသို့ လာကြပုံပေါ်သည်။ သူတို့သည် ချူဖန်းဘက်သို့ ဦးတည်၍ စိုက်ကြည့်နေကြလေသည်။

ထို့နောက် သန္ဓေပြောင်းလူတစ်ဦး တောင်ထိပ်ပေါ်သို့တက်လာပြီး ချူဖန်းကို တောင်ထိပ်မှ ချက်ချင်းထွက်ခွာသွားပေးရန် ယဉ်ကျေးစွာ တောင်းဆိုလာသည်။ ဤနေရာကို ဒိမ်ဒီမှလူများ ဦးထားပြီးသားဖြစ်ကြောင်း ပြောလာလေ၏။

“ထွက်သွားလိုက်စမ်း..” ချူဖန်းသည် ထိုအမျိုးသားကို ဒေါသထွက်စွာကြည့်ရင်း စကားလုံးလေးလုံးတည်းဖြင့် တုံ့ပြန်လိုက်လေသည်။

အပိုင်း ၅၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset