Switch Mode

Chapter – 51

တလောကလုံးမှ အာရုံစိုက်မှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၁ – တစ်လောကလုံးမှ အာရုံစိုက်မှု

ညပိုင်း ချူဖုန်း အိမ်တွင်..

ပဲငံပြာရည်နှင့် နှပ်ထားသည့် ဒိုင်နိုဆောအသားအိုးမှ လွှင့်ပျံလာသော အနံ့သည် မီးဖိုချောင်အဝေးမှ လူကိုပင် ဆွဲဆောင်နိုင်သည်။ အသား မကျက်သေးသော်လည်း နွားဝါလေး ထမင်းစားပွဲဝိုင်း၌ နေရာယူထားပြိဖြစ်သည်။ သူသည် မီးဖိုချောင်ထဲ ကျူးကျော်လာကာ အသားကျက်မကျက်ကို ခဏခဏ စစ်ဆေးနေလေ၏။

“စားလို့ရပြီ..”

သူ့ခေါ်သံဆုံးသည်နှင့် နွားဝါလေးသည် ချက်ချင်းပင် သူ့အခန်းထဲမှ ပြေးထွက်လာလေ၏။

ဤသို့နှင့် လူတစ်ယောက်နှင့် နွားတစ်ကောင်ကြားမှ အသားလုပွဲကြီး စတင်လေတော့သည်။ အဝေမတည့်လျှင် မပြီးဆုံးနိုင်သော ပဋိပက္ခများ ဖြစ်လာတော့မည်ပင်။

“အသားက အရမ်းကို လတ်ဆတ်ပြီး အရသာရှိတာပဲ..” ချူဖုန်း အံ့အားတကြီး ပြောလိုက်သည်။ ထူးခြားသည့်အသက်ရှူစည်းချက်ကို ကျွမ်းကျင်နေသည့် ထရိုင်နိုစောရပ်စ်၏ ခန္ဓာကိုယ်မှာ ဆင့်ကဲပြောင်းလဲသွားပြီဖြစ်သောကြောင့် သူ့သွေးထဲတွင် ထူးခြားသည့်ပစ္စည်းတစ်ခု ပါဝင်နေသည်ပင်။

တစ်နေ့လုံး အလုပ်လုပ်ထားရသောကြောင့် သူတို့နှစ်ယောက်လုံး အလွန်စားနိုင်ကြသည်ပင်။

ညစာစားပြီးနောက် ချူဖုန်း ကမ္ဘာတစ်ဝှမ်းရှိ ဗီဇပြောင်းလဲမှုများနှင့် ပတ်သက်သော သတင်းများကို ရှာဖွေကြည့်ရှုလိုက်သည်။ ဤသတင်းများမှ တိုင်ဟန်းတောင်များ၌ ဖြစ်ပျက်နေသည့်အဖြစ်အပျက်များအား သူသိရသည်ပင်။

“တိုင်ဟန်းတောင်မှာ ထောင်ပေါင်းများစွာတဲ့ သန္ဓေပြောင်းသက်ရှိတွေ ရောက်နေပြီ..”

ဤသတင်းထွက်လာသည်နှင့် တစ်ကမ္ဘာလုံး လှုပ်ခတ်သွားခဲ့သည်။ မြောက်ပိုင်းတောင်တန်း၌ ဖြစ်လာနိုင်သည့်စစ်ပွဲနှင့် ပတ်သက်ပြီး လူများစွာ ပါဝင်ဆွေးနွေးငြင်းခုံလာကြလေသည်။

သတင်းအများစုမှာ ဒိမ်ဒီဇီဝဆေးအုပ်စုအကြောင်း အသားပေး ရေးထားကြသည်။သူတို့ထံ၌ နောက်ဆုံးပေါ် နည်းပညာများနှင့် လူအင်အားများရှိသည့်အပြင် ကုမ္ပဏီမှ ထိပ်တန်းအကြီးအကဲကိုယ်တိုင် ရောက်လာမည်ဖြစ်သောကြောင့် ယခုတစ်ခေါက်တော့ ဤကုမ္ပဏီအနိုင်ရလိမ့်မည်ဟု ရေးထားကြသည်။

ချူဖုန်း လင်းနွိုင်ဓာတ်ပုံကို တွေ့လိုက်ရသေးသည်။ သူမ၏အရိပ်အယောင်ကိုသာ ရိုက်ထားခြင်းဖြစ်သော်လည်း သူမသည် ရင်သပ်ရှုမောရအောင် လှပနေဆဲပင်။ အေးစက်သော်လည်း လှပလွန်းလှသော သူမ၏ အသွင်သဏ္ဉာန်သည် လူပေါင်းများစွာကို အံ့ဩမှင်သက်စေနိုင်လေသည်။

“အဲဒါ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုက အထက်အရာရှိမလား… သူက အတော်လေး ကျက်သရေရှိတာပဲ…”

ထိုမိန်းကလေး၏အလှကို မြင်လိုက်ရသည်နှင့် လူများ အံ့အားသင့်သွားကြသည်။ ဤမျှလှပသည့် မိန်းမငယ်လေးတစ်ဦးက ဒေါ်လာသန်းပေါင်းများစွာတန်သော ကုမ္ပဏီတစ်ခု၏ အကြီးအကဲတစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။

“ဒီလို ကိုယ်ဟန်အနေအထားနဲ့ ဒီလိုဆွဲဆောင်မှုမျိုးဗျာ… အရွယ်လည်းလှ၊ ရုပ်လည်းလှဆိုတာ ဒါမျိုးပေါ့ဗျ.. ကြည့်ပါဦး.. သာမန် အဆိုတော်တွေ၊ မင်းသမီးတွေတောင် မယှဉ်နိုင်မယ့်အလှမျိုးပဲဗျာ..”

“ပုံထဲမှာ သူ့အရိပ်ပဲပါတာ နှမျောစရာပဲ.. ကောင်းကောင်းမွန်မွန်ရိုက်ထားတဲ့ ဓာတ်ပုံလေးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…”

သတင်းဆောင်းပါးတွင် ထည့်သွင်းထားသောပုံတစ်ပုံသည် ထိုဆောင်းပါးထက် ပို၍ လူအများစိတ်ဝင်စားခြင်းကိုခံရလိမ့်မည်ဟု သတင်းထောက်များကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ကြ။

အလားတူစွာပင် ဘောဓိဇီဝမျိုးရိုးဗီဇအကြောင်းဖော်ပြထားသော ဆောင်းပါးများလည်း ရှိလေ၏။ ဤကုမ္ပဏီကြီးသည် မြောက်ဘက်တောင်တန်းများမှ အသီးအပွင့်များကို ရယူခံစားရန် ဒိမ်ဒီအုပ်စုနှင့် အင်အားချင်းယှဉ်ပြိုင်လာနိုင်ချေရှိသည်။

နောက်ပိုင်းတွင်တော့ ဤစီးပွားရေးလုပ်ငန်းစုကြီးနှစ်ခု ထိပ်တိုက်တွေ့ကြသည့် အဖြစ်အပျက်များစွာ ရှိခဲ့ကြပြီး ထိုသို့ထိပ်တိုက်တွေ့တိုင်းလည်း နှစ်ဘက်လုံး အထိအခိုက်များခဲ့ရသည်ပင်။

“အသီးက ရင့်မှည့်လာတော့မယ် .. လောကကြီးကလည်း စစ်ပွဲနှုတ်ခမ်းဝမှာ ရောက်နေပြီ .. အင်အားကြီးသူချင်း ယှဉ်ပြိုင်ကြတော့မယ် .. ဘယ် သူ နိုင် မ လဲ .. ကြိုက်တဲ့သူကို လောင်းကြ..”

ဤသည်မှာ အင်တာနက်ပေါ်ရှိ နာမည်ကြီးဝဘ်ဆိုက်တစ်ခုမှ ခေါင်းစည်းပိုင်းသတင်းတစ်ခုမှ ခေါင်းစဉ်ဖြစ်ပြီး အင်တာနက်အသုံးပြုသူများ ငြင်းခုံနိုင်အောင် လုပ်ထားသည့် ဝက်ဘ်ဆိုဒ်တစ်ခုလည်း ဖြစ်သည်။

အချိန်ခဏကြာပြီးနောက် ခုန်းဂင်နှင့် ငွေတောင်ပံတို့ လောင်းကြေးအများဆုံးရသွားကြသည်ပင်။ ‘စစ်ပွဲ’ ဟုခေါ်သည့်အရာမှာ အင်အားကြီးအုပ်စုနှစ်ခုကြားမှ တိုက်ပွဲသာ။

အသီးရင့်မှည့်လာသည်နှင့် သူတို့နှစ်ဦး သူသေကိုယ်သေ တိုက်ကြလိမ့်မည်။

“မီးဝိညာဉ်ရော လာမှာလား .. ကျားဖြူရော .. သူတို့နှစ်ယောက်လည်း တိုက်ပွဲထဲ ပါမယ်ဆိုရင်တော့ ငါတို့တွေ ထိပ်ဆုံးက လူလေးယောက်တိုက်တာကို ကြည့်ရတော့မှာပဲ … ဘယ်လောက်တောင် မိုက်လိုက်မလဲ .. ဘုရားရေ .. ငါဖြင့် တစ်ခါမှ ဒီလိုမျိုးစိတ်မလှုပ်ရှားဖူးဘူး..”

“ကျန်တဲ့နှစ်ယောက်လည်း ဝင်တိုက်ဖို့ မျှော်လင့်မိတယ် .. သူတို့ထဲက ဘယ်သူတွေသေမယ် .. ဘယ်သူက ဒီဘွဲ့နဲ့ထိုက်တန်သလဲဆိုတာကို သိရတာပေါ့..”

“ငါတော့ ဒီအကြံကို သဘောမတူဘူး .. သူတို့လေးယောက်လုံးသာ ပေါ်လာရင် ငါတို့အသီးကို ဘယ်လိုလုရတော့မှာလဲ .. ငါတို့ သန္ဓေပြောင်းလူတွေအားလုံးပေါင်းတိုက်ရင်တောင် သူတို့ကို တိုက်နိုင်မှာမဟုတ်ဘူး..”

ဝက်ဘ်ဆိုက်၌ ဆွေးနွေးငြင်းခုံမှုများ ပြင်းထန်နေသည်။ တစ်ကမ္ဘာလုံးမှ သန်းပေါင်းများစွာသော လူများသည်လည်း သူတို့အမြင်များကို ရေးသားလာကြလေသည်။

ထိုအဖြစ်အပျက်ကြောင့် လောင်းကစားကုမ္ပဏီကြီးများ ပါတင်လာကြလေတော့သည်။ အသုံးပြုသူသည် ငွေတောင်ပံ၊ ခုန်းဂင်၊ မီးဝိညာဉ်နှင့် ကျားဖြူတို့ကို လောင်းကြေးထပ်နိုင်သည်။ ထို့အပြင် သူတို့သည် ထိပ်တန်းအယောက်တစ်ရာ စာရင်းကို ရနိုင်ရန်အတွက် လောင်းကြေးထပ်ဖွင့်လေသည်။

လောင်းကစားကုမ္ပဏီကြီးများသည် အငြင်းပွားမှုကို အခွင့်ကောင်းယူကာ အကျိုးအမြတ်ရှာဖွေနေခြင်းပင်။ မည်သူကအနိုင်ရမည်ကို အားလုံးက ဝိုင်း၍ ခန့်မှန်းနေကြခြင်းသည် လူထုအကြားရေပန်းစားလာသည့်အပြင် ဖြစ်လာနိုင်သည့် တိုက်ပွဲကြီးသည် လူ့အသိုင်းအဝန်းအတွက် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာနိုင်သောကြောင့် လူများက သန်းပေါင်းများစွာရင်းနှီးကာ လောင်းကြေးထပ်နေကြလေသည်။

ကျောက်တုံးတစ်တုံးကြောင့် ရေလှိုင်းများစွာ လှုပ်ရှားဖြစ်ပေါ်လာလေပြီ။

ဤညမှာ လောင်းကစားကုမ္ပဏီမှ အကြီးအကဲများအတွက် အကျိုးအမြတ်များစွာရသော ညဖြစ်လာလေသည်။ ပြုံးရလွန်းသောကြောင့် သူတို့မျက်နှာများမှာ အကြောသေမလိုပင်ဖြစ်နေပြီ။

နောက်ဆုံးတွင်မူ ငွေတောင်ပံကို လူကြိုက်များမှန်း လူအများ သတိပြုမိလာကြသည်။ သူသည် အခြားသူများကို အပြတ်အသတ်အနိုင်ယူနေသောကြောင့် ငွေတောင်ပံသည်သာ အားလုံးထဲ အင်အားအကြီးဆုံးဟု သတ်မှတ်လာကြလေသည်။

နောက်ပိုင်းတွင် ငွေတောင်ပံအဘယ်ကြောင့် နာမည်ကြီးသည်ကို တစ်စုံတစ်ယောက် ဆန်းစစ်ခဲ့သည်။ ဤသည်မှာ မတော်တဆပေါက်ကြားခဲ့သည့် ဗီဒီယိုမှတ်တမ်းတစ်ခုကြောင့်ဖြစ်သည်ကို သူ တွေ့ခဲ့လိုက်ရသည်။

ထိုဗီဒီယိုတွင် ငွေတောင်ပံသည် သူ၏ရန်သူတစ်စုကို မြန်မြန်ဆန်ဆန်ပင် ရှင်းလင်းသုတ်သင်ခဲ့သည်ပင်။ သူ၏နောက်ကျောမှ တဖြတ်ဖြတ်လွင့်နေသည့်အတောင်ပံများမှာ သူ့ကို သာမန်လူများအကြား နတ်ဘုရားသဖွယ် ဖြစ်နေစေသည်။

အမျိုးသမီးငယ်လေးများ၏ မျက်လုံးထဲတွင် ငွေတောင်ပံသည် အလွန်အမင်းချောမောသော လူငယ်လေးတစ်ဦး ဖြစ်သွားသည်။ သန္ဓေပြောင်းအမျိုးသားများပင်လျှင် သူ့ကို သူတို့၏သူရဲကောင်းအဖြစ် သတ်မှတ်လိုက်ကြသည်ပင်။

သို့သော် ဤအဖြစ်အပျက်သည် လောင်းကစားကုမ္ပဏီများအတွက်မူ အလွန်အောင်မြင်သောဈေးကွက်တစ်ခုဖြစ်သွားသည်ဟု ဆိုရပေမည်။ အခြားကုမ္ပဏီများကပင် ဤဈေးကွက်အတိုင်း နောက်မှလိုက်လုပ်လာကြလေ၏။

“ငွေတောင်ပံနဲ့ ဒီပုံထဲက အမျိုးသမီးက တစ်ခုခုတော့ ပတ်သတ်မှုရှိမယ်ထင်တယ် .. ခင်ဗျားတို့ရော ဘယ်လိုထင်လဲ..”

“တစ်ခုခုတော့ ရှိရမယ် .. သူတို့နှစ်ယောက်လုံး ဒိမ်ဒီမှာ လုပ်ကြတာလေ .. သူတို့နှစ်ယောက်ကြား ဘာမှမရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. အိုး မင်း ဆိုလိုချင်တာကို ငါသိပြီ .. မင်းပြောတာမှန်တယ် .. သူတို့နှစ်ယောက်က တော်တော်လေး လိုက်ဖက်တယ်..”

“သူက တကယ်ကို လှမှာပဲဗျ.. အရိပ်ပဲမြင်ရပေမယ့်လည်း တစ်မျက်နှာလုံးမြင်စရာတောင် မလိုပါဘူးဗျာ.. သေချာပေါက်ကို နတ်ဘုရားမလိုမျိုး လှမှာပဲ.. ငွေတောင်ပံကလည်း နတ်ဘုရားနီးနီး အရည်အချင်းရှိတယ်ဆိုတော့ တကယ်ကို နတ်ဖတ်တဲ့စုံတွဲပဲ..”

ပြင်းထန်လှသည့် ဆွေးနွေးငြင်းခုံမှုမှာ အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံတစ်ပုံကြောင့် ငြိမ်းသတ်ခံရလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ အမျိုးသမီးနှင့် ငွေတောင်ပံကြားမှ ဆက်ဆံရေးမှာ အင်တာနက်ပေါ်၌ လူပြောများသည့် ကိစ္စတစ်ခု ဖြစ်လာပြန်သည်။

ဤသည်မှာ မီဒီယာများကို လမ်းပျောက်သွားစေခဲ့သည်။ သူတို့သည် ဤအကြောင်းများသိနိုင်အောင် စတင်စုံစမ်းကြလေတော့သည်။

ညမှာ မအေးချမ်းနိုင်တော့။ လူများ သူတို့အမြင်ကို ချပြနိုင်သည့် အကြောင်းအရာများစွာ ရှိနေပြီး ရေပန်းအစားဆုံးခေါင်းစဉ်မှာ ရင့်မှည့်လာတော့မည့် အသီးပင်ဖြစ်သည်။

မနက်ဖြန်ဆိုလျှင် အသီးခူးသည့်ရာသီ ရောက်ပြီဖြစ်သည်။ တောင်များကို ရိုက်ခတ်မည့် မုန်တိုင်းကြီး ရောက်လာတော့မည်။

“ညတာက ရှည်လိုက်တာ..”

လူထောင်ပေါင်းများစွာမှာ မနက်ခင်း နေရောင်ခြည် ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။ သန္ဓေပြောင်းလူသားဖြစ်စေ ပြိုင်ပွဲ၌ ပါဝင်ရန် အရည်အချင်းမပြည့်မှီသည့် သာမန်လူများဖြစ်စေ အားလုံးမှာ စိတ်ဓာတ်တက်ကြွနေကြသည်ပင်။

တိုင်ဟန်းတောင်မှာ တစ်ကမ္ဘာလုံးမှ လူများ စိတ်ဝင်စားရာနေရာဖြစ်နေသည်။

ချူဖုန်းသည် အင်တာနက်ပေါ်မှ သတင်းများကို လုံလောက်အောင် ကြည့်ရှုပြီးနောက် ဖုန်းကို ဘေးဖယ်ထားလိုက်တော့သည်။

နောက်ဆုံးတော့ ညအချိန်အဆုံးသတ်သွားကာ အရှေ့မိုးကုပ်စက်ဝိုင်းတွင် နေမင်းကြီး၏အလင်းရောင် ထွက်ပေါ်လာသည်။

ချူဖုန်းသည် အသီးလုရန် ဝင်ပြိုင်မည်ဖြစ်သော်လည်း သူ၏မနက်ခင်းအစီအစဉ်ကတော့ ပုံမှန်အတိုင်းသာ။ သူ၏အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်နေသည်။

သူ လေ့ကျင့်ခန်း လုပ်ပြီးရန် အချိန်သိပ်မကြာလိုက်။

ရုတ်တရက် သူ့ရင်ဘတ်ထဲ၌ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ မိုးကြိုးနှင့်အတူ လျှပ်စီးလည်း ထွက်ပေါ်လာပြီး သူ့၏ကျောမှတစ်ဆင့် တစ်ကိုယ်လုံးထံသို့ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ပေးလာသည်။

တစ်ခဏမျှ နာကျင်သွားရသော်လည်း နောက်ပိုင်းဖြစ်လာသည့် သက်တောင့်သက်သာရှိမှုနှင့် ကျေနပ်မှုတို့မှာ ပြောမပြနိုင်လောက်အောင်ပင်။

‘မိုးကြိုး’ အသက်ရှူစည်းချက်သည် ခန္ဓာကိုယ်ကိုပျက်စီးစေနိုင်သော်လည်း အထိရောက်ဆုံးပညာတစ်ခု ဖြစ်နေသည်ပင်။

“ကောင်းပြီ .. သွားကြစို့..” ချူဖုန်း နွားဝါလေးကို ပြောလိုက်သည်။

ရုတ်တရက် သူ နားစွင့်လိုက်သည်။ သူ့ထံသို့ ဦးတည်လာနေသည့်အသံတစ်ခုကို သူ ကြားနေရသည်။ ဤသည်မှာ အရှိန်ဖြင့်မောင်းနှင်းနေသည့်ကားအသံပင်။ ကားအရေအတွက်လည်း များပြားသည်ပင်။

မနက်ခင်းအစောဖြစ်သောကြောင့် ဤမျှများပြားလှသည့်ကားများ သူ့အိမ်သို့ လာနေသည်မှာ ပု့မှန်မဟုတ်။

ချူဖုန်း ထရိုင်နိုစောရပ်အသားထုတ်ကြီးကို နွားဝါအားပေးလိုက်ပြီး သူ့ကို အခန်းထဲ သွားပုန်းခိုင်းလိုက်သည်။ ဤအသားမှာ သူတို့ တောင်အတွင်းနက်ပိုင်းသို့ သွားသည့်အချိန် စားရန် ထုတ်ပိုးထားခြင်းပင်။

ထင်ထားသည့်အတိုင်းပင် ကားအားလုံး သူ့အိမ်ရှေ့၌ ရပ်တန့်သွားကြသည်။

လေး၊ မြှားနှင့် သားရဲအရေခွံအားလုံးကို ချူဖုန်း ဘေးဘက်သို့ ပစ်လိုက်သည်။

ထို့နောက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တံခါးနောက်၌ လူများစွာ ရှိနေမည်ကို ချူဖုန်း ခံစားနေရသည်။ သို့သော် သူတို့လူအုပ်ကြီးသည် ဆူဆူညံညံမလုပ်ကြ။ နူးညံ့သည့်အသက်ရှူသံမှလွဲလျှင် မည်သည့်အသံမှ မကြားရ။

သူ တံခါးဖွင့်လိုက်သည့်အချိန်တွင် အနည်းဆုံး ၁၂ စီးကျော်ရှိသည့် ကားများ သူ့အိမ်ရှေ့လမ်းအား ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။

လူအုပ်ကြီးလည်း အတော်လေး ကြီးလှသည်။ သူတို့အားလုံး ချူဖုန်းကို စိုက်ကြည့်နေကြကာ အများစုမှာ ဇိမ်ခံကားတစ်စီးရှေ့၌ ရပ်စောင့်နေကြသည်။ ကြည့်လိုက်ရုံနှင့် ထိုကားသည် ကျည်ကာကားမှန်း သိနိုင်သည်။

တစ်စုံတစ်ယောက် တံခါးဖွင့်လိုက်သည်နှင့် အမျိုးသားနှင့် အမျိုးသမီးတစ်ဦးတို့ ဆင်းလာသည်။ သူတို့နှစ်ဦးမှာ ဘယ်လိုမှသာမန်လူမဖြစ်နိုင်။

အမျိုးသားမှာ အသက် ၃၀ ကျော်ခန့်ရှိသည်။ သူသည် အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ထားသောကြောင့် ယဉ်ကျေးသိမ်မွေ့ပုံပေါ်နေသည်။ သူ၏ကိုယ်နေဟန်ထားမှာ ကြည့်ကောင်းသော်လည်း ဖြူဖျော့နေသည်။ သို့သော် ဤလူသည် ချောမောလှပသည့်လူပင်။ သိမ်မွေ့စွာပြုမူလှုပ်ရှားပုံတို့သည် သူ၏ ဉာဏ်ပညာအရည်အသွေးမြင့်မားလှကြောင်း ထင်ဟပ်နေသည်။

ထိုလူနံဘေးရှိ အမျိုးသမီးမှာ အသက် ၂၀ ကျော် ရှိဟန်တူသည်။ သူ၏သမင်မျက်လုံးနှင့် နီရဲနေသည့် နှုတ်ခမ်းများမှာ ဆွဲဆောင်မှု ရှိလှသည်။ သူမသည် လင်းနွိုင်လောက် ကြည့်မကောင်းသော်လည်း ဆွဲဆောင်မှုရှိသော အမျိုးသမီးပင်ဖြစ်သည်။

ထိုအမျိုးသမီးကို တွေ့လိုက်သည်နှင့် ချူဖုန်း၏သွေးများ အေးစက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူသိသည့်အခြားလူတစ်ယောက်နှင့် အတော်လေး တူနေသည်။

ဝမ်ချင်းအစ်မ .. ချူဖုန်း ခန့်မှန်းကြည့်လိုက်သည်။

ထို့နောက် ထိုအမျိုးသားကို သူသိသွားလေပြီ။ ဤသည်မှာ လင်းနွိုင်၏ဦးလေး လင်းရဲယုဖြစ်လိမ့်မည်။

ဤစုံတွဲဘေးပတ်လည်တွင် သန္ဓေပြောင်းလူများစွာ ဝန်းရံနေသည်။ သူတို့သည် သူတို့သခင်အနားတွင် အမြဲတမ်းရှိနေသည့် ကိုယ်ရံတော်များကဲ့သို့ ဤနှစ်ဦးကို သူတို့၏အကာအကွယ်စက်ဝိုင်းအတွင်းထားထားကြသည်။

လင်းရဲယုသည် လမ်းလျှောက်လာရင်း ချူဖုန်းကို အကဲခတ်လိုက်သည်။

ဝမ်ချင်း၏အစ်မသည် သူမ၏သတို့သားလောင်းခါးကိုဖက်ထားပြီး နံဘေးမှ လျှောက်လာသည်။ သူမသည် ချူဖုန်းကို အပေါ်အောက် ကြည့်နေလေ၏။

သန္ဓေပြောင်းလူများသည် စကားမပြောကြသော်လည်း မျက်လုံးမှာ ချူဖုန်းထံတွင်သာ။ အချို့သူများမှာ သူ့ကို လေ့လာနေကြပြီး အချို့သူများမှာ ရန်လိုနေကြသည်။ လူနည်းစုသာ သူ့ကို ထူးမခြားနားစွာ ကြည့်နေခြင်းပင်။

ဖုန်း..

မည်သူမျှမမျှော်လင့်ထားသည့်အချိန်တွင် ချူဖန်းသည် လူအုပ်ကြီးဆီမှ ရှောင်ပြေးသည့်အလို့ငှာ တံခါးကို ချက်ချင်း ပိတ်ပစ်လိုက်လေသည်။

လင်ယဲ့ယွီသည် အံ့ဩသွားပြီးနောက် တစ်ချက်ပြုံးလိုက်ကာ “ဒီလူက သူ့ကိုယ်သူအတော်ယုံကြည်မှုရှိနေပုံပဲ..”

သန္ဓေပြောင်းလူသားတစ်ယောက်သည် ရှေ့တိုးလာကာ တံခါးကို အားကုန်ထုလာလေ၏။

ချူဖုန်းကတော့ ထိုတံခါးခေါက်သံကို လျစ်လျူရှုလိုက်ကာ ခြံထဲရှိ ကျောက်ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်နေလေသည်။ “ဒီလူတွေ ဘာစကားတစ်ခွန်းမှမပြော၊ ငါ့ကိုလည်း မနှုတ်ဆက်ပဲ ဒီလိုမျိုး ရိုင်းရိုင်းကြည့်နေမယ်ဆိုရင် ငါလည်း စကားတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး” ချူဖုန်း သူ့ကိုယ်သူ တွေးလိုက်သည်။ “ခင်ဗျား ဘယ်သူဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ဘူး .. ခင်ဗျားတို့ရိုင်းလို့ ခင်ဗျားတို့ကို ဝင်ခွင့်မပေးတာ..”

“တံခါးဖွင့်…”

“မြန်မြန် .. တံခါးလာဖွင့် .. ငါတို့ ပြောစရာရှိတယ်..”

အမျိုးသားတစ်ဦး တံခါးခေါက်ရင်း အော်ဟစ်နေလေသည်။

ထိုအချိန်တွင် ချူဖန်းသည် ရနံ့မွှေးကြိုင်သော လ္ဘက်ရည်တစ်ခွက်ပင် ဖျော်နေလိုက်သေးသည်။ တံခါးအပြင်ဘက်ရှိ လူများသည် သူ့အိမ်တံခါးကို အတင်းအကြမ်းထိုးဖောက်ဝင်လာမည့်အစား ယခုအချိန်ထိ စိတ်ကိုထိန်းချုပ်နေကြသေးပုံကိုကြည့်ပြီး ချူဖန်း သူတို့ကို စကားပြန်လိုက်လေသည်။ “ပြော..” သူ၏ စကားသည် တိုတောင်းသော်လည်း လိုရင်းပင်ဖြစ်သည်။

“ကျေးဇူးပြုပြီး ကျွန်မတို့ကို တံခါးလေးဖွင့်ပေးပါလား မစ္စတာချူ .. ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး ရှင့်အကြံလေးများ ရနိုင်မလား .. ပြောစရာရှိတာ ပြောပြီးတာနဲ့ ကျွန်မတို့ ရှင့်အိမ်က ချက်ချင်း ထွက်သွားမှာပါ.. ” ဤနူးညံ့သည့်အသံမှာ ထိုအမျိုးသမီး၏အသံပင်။

သူမ တောင်းဆိုချက်ကြောင့် ချူဖုန်း တံခါးဖွင့်ပေးလိုက်သည်။

“မဆိုးပါဘူး .. ဒီလောက်လူတွေ အများကြီးရှေ့မှာတောင် မင်းက တော်တော်လေးကို သတ္တိရှိနေတာပဲ..” အဖြူရောင်ရှပ်အင်္ကျီနှင့် အမျိုးသား ပြောလိုက်သည်။

“ထိုင်ပါဦး..” ချူဖုန်း အမျိုးသားကို ထိုင်ခိုင်းလိုက်သည်။ ချူဖုန်းသည် မောက်မာနေခြင်းမရှိသလို နှိမ့်ချခြင်းလည်းမရှိ။ တစ်ဖက်လူ ဘာမှမပြောမချင်း သူလည်း ဘာမှမမေး။

“ကျွန်မညီမလေးကို ရှင့်လူ သတ်လိုက်တာလား..” ဝမ်ချင်းအစ်မက တိုက်ရိုက်ပင် မေးလာသည်။

“မင်း ဘာမေးနေတာလဲဆိုတာ ငါမသိဘူး..” ချူဖုန်း ပြန်ဖြေလိုက်သည်။

အမျိုးသမီး၏မျက်နှာအမူအရာ ထူးဆန်းလာကာ မျက်လုံးမှ အလင်းတန်းများ ထွက်ပေါ်လာသည်။

“ကျွန်မညီမလေးနာမည်က ဝမ်ချင်း…” ထိုအမျိုးသမီး ပြောလာသည်။

“အိုး..” ချူဖုန်း အံ့အားသင့်သွားသည့်အသံ လုပ်လိုက်ပြီးနောက် “သူ သေသွားပြီလား .. ငါ စိတ်မကောင်းပါဘူး ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် သူ့သေသွားလို့တော့ ဝမ်းမနည်းဘူး .. ငါ့မျက်စိထဲမှာတော့ သူက အရမ်းကို ရွံစရာကောင်းတဲ့လူပဲ ..”

ထိုအမျိုးသမီး၏မျက်လုံးများ အေးစက်သွားသော်လည်း ခဏကြာပြီးနောက် ထိုအေးစက်မှုများ ပျောက်ကွယ်သွားသည်။ “သူ့သေဆုံးမှုက ရှင်နဲ့မဆိုင်ဘူးလား..” သူမ ထပ်မေးလိုက်သည်။

“မဆိုင်ဘူး..” ချူဖုန်း အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။

အမှန်တကယ်တွင် သူ့စိတ်ထဲ၌ ခံစားချက်တစ်ခုခု စုပြုံတက်လာနေသည်ကို သူခံစားနေရသည်။ မှော်ဆန်သည့်တစ်ခုခုသည် သူ့စိတ်ကို မတည်မငြိမ်ဖြစ်စေပြီး သူ့နှလုံးသားထဲ မြှုပ်နှံထားသည့် အမှန်တရားများ ပွင့်ထွက်လာအောင် လုပ်နေသည်။

သို့သော် သူ ခွန်အားမှ လွတ်မြောက်နိုင်ခဲ့ကာ အမှန်တရားပြောချင်နေသည့်စိတ်ကို မြိုသိပ်နိုင်ခဲ့သည်။ သူ့မျက်နှာအမူအရာလည်း ထို့အတူပင်။ သူပြန်ပြောသည့်စကားသံမှာ စိတ်လွတ်သည့်သူ ပြောနေသကဲ့သို့ ဖြစ်နေသည်ပင်။

ထိုအမျိုးသမီး စိတ်ပျက်သွားပုံပေါ်သည်။ သူမ မျက်လုံးထဲမှ အလင်းတန်း ပျောက်ကွယ်သွားပြီး သူမ ဘာစကားမှ ထပ်မပြောတော့။ သူမ မျက်နှာထက်ရှိ အပြုံးသည်လည်း အေးစက်သည့်အမူအရာအဖြစ် ပြောင်းလဲသွားသည်။

“မဆိုးဘူး .. မဆိုးဘူး..” လင်းရဲယု ချူဖုန်း ပုခုံးကိုပုတ်လိုက်သည်။ သူ့မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း အသက်မပါလှ။ ထို့နောက် သူ အပြင်ဘက်သို့ လှည့်ထွက်သွားလေသည်။

ဝမ်ချင်းအစ်မလည်း သူ့နောက် လိုက်သွားသည်။ သန္ဓေပြောင်းလူများလည်း သူတို့နှစ်ဦးကို အလယ်၌ ကာကွယ်ပေးကာ ထွက်သွားကြလေ၏။

လင်းရုံယုသည် ကားပေါ်သို့မတက်မီ ချူဖုန်းကို ပုခုံးကျော်ကြည့်ကာ “မင်း မဆိုးဘူးဆိုတာ ငါဝန်ခံပါတယ် .. ဒါပေမဲ့ မင်း လင်းနွိုင်နဲ့ ဝေးဝေးနေဖို့ အကြံပေးချင်တယ် .. ဒါပေမဲ့ မင်းသိပါတယ် .. ဒါက အကြံပေးရုံသပ်သပ်ပဲ..”

“အဲဒီစကားတွေကို ခင်ဗျားရဲ့တူမကိုသာ သွားပြောလိုက်ပါ အစ်ကိုကြီး .. ကျွန်တော်ကတော့ ဘာမှမတတ်နိုင်ဘူး” ချူဖုန်း ပြန်ဖြေလိုက်သည်။

“မင်း ဒီနေရာကနေ တိတ်တိတ်လေး ထွက်သွားလိုက်တာက ပိုကောင်းလိမ့်မယ် .. မင်းတို့နှစ်ယောက်က မလိုက်ဖက်ဘူး .. ဒါကို မင်းသိပြီးသားဖြစ်လိမ့်မယ်လို့ ထင်ပါတယ် .. မင်းရှေ့မှာ တန်းစီနေတဲ့သူတွေ အများကြီးပဲ .. မူရှိတယ်၊ ငွေတောင်ပံလည်းရှိတယ် .. အဲဒီတော့ ကိုယ့်နေရာကိုယ်သိပေါ့ သားလေးရာ..” လင်းရဲယု သတိပေးပြီးနောက် ကားပေါ်သို့ တက်သွားလေသည်။

ကားများ တစ်စီးပြီးတစ်စီး အစဉ်လိုက်အတိုင်း ထွက်သွားကြလေပြီ။

“နွားဝါ သွားကြစို့ .. အမဲလိုက်ဖို့ အချိန်ရောက်ပြီ..” ချူဖုန်း အော်ဟစ်လိုက်သည်။ သူသည် လက်ထဲ၌ ‘မိုးကြိုး’ကို ကိုင်ထားလိုက်ပြီးနောက် သွားဖြင့်ပြုလုပ်ထားသည့်မြှားများကို ယူလိုက်သည်။

“မူး..” နွားဝါလေးသည် ပုန်းနေရာမှ တရှိန်ထိုးပင် ပြေးထွက်လာလေသည်။

အပိုင်း ၅၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset