Switch Mode

Chapter – 50

တကမ္ဘာလုံး ကျော်ကြားသွားခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၅၀ – တစ်ကမ္ဘာလုံး ကျော်ကြားသွားခြင်း

မြှားကိုယ်ထည်မှာ အရောင်ညှို့မှိုင်းနေပြီး တောက်ပမှု သိပ်မရှိတော့သလို အနည်းငယ်လည်း ကြမ်းတမ်းနေသည်။ ခြုံပြောရလျှင် လေးမှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်မှန်း သိသာလှသည်။

ချူဖုန်း လေးကို အတော်ကြာ လေ့လာခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရ။

နွားဝါလည်း ဘာမှမတွေ့သောကြောင့် မကျေမနပ်ဖြစ်နေသည်။ နွားဝါသည် ချူဖုန်းကို ဆက်ပစ်ခိုင်းလိုက်သော်လည်း မြှားအားလုံး ကုန်သွားပြီး တစ်ဖက်တောင်ကုန်းအောက်၌ နှစ်မြှုပ်သွားလေပြီ။

သူပစ်လိုက်သည့်မြှား ရှိဦးမလားဟု ချူဖုန်း တစ်ဖက်တောင်ထိပ်ကို သွားရှာသေးသည်။ သို့သော် ကျင်ပေါင်း ထောင်ပေါင်းများစွာလေးသည့် ကျောက်တုံးကြီးများပင် ပေါက်ကွဲသွားသောကြောင့် မြှားများမှာ ဘယ်လိုလုပ် အကောင်းအတိုင်း ရှိတော့မည်နည်း..

နွားဝါလေး အော်ဟစ်ညည်းတွားလိုက်သည်။ နွားပေါက်လေးသည် ချူဖုန်းကို မြှားရှာလာရန် ထပ်ခါတလဲလဲသာ ပြောနေသည်။ ဤလေးမှ အကောင်းဆုံး အသက်ရှူစည်းချက်ရနိုင်မရနိုင်ကို သူသိချင်နေသည်။

ချူဖုန်းလည်း မကျေမနပ်ဖြစ်နေသည်ပင်။ ထို မိုးကြိုးအသက်ရှူစည်းချက်ကို ရချင်သောကြောင့် သူရင်ထဲ ကလိကလိ ဖြစ်နေပြီဖြစ်သည်။

နွားနှင့်လူတစ်ယောက်၏အရှိန်မှာ လျင်မြန်လှသောကြောင့် သူတို့အိမ်ပြန်ပြီး မြှားသွားယူသည်မှာ အချိန်သိပ်မကြာလိုက်။ သံမြှားများနှင့်အတူ ထရိုင်နိုစောရပ်စ်၏ သွားနှစ်ချောင်းလည်း ယူခဲ့လိုက်ကြသည်။ သွားများမှာ ဓားရှည်ကြီးနှင့် တူနေသည်ပင်။

ခဏကြာပြီးနောက် တောင်ထိပ်တစ်လျှောက် လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။ နွားပေါက်လေးကတော့ ကြီးမားလှသည့် လေးကိုယ်ထည်၌ နားကပ်ထားကာ လေးကြိုးလှုပ်ခတ်သွားရာမှ ထွက်ပေါ်လာသည့်အသံကို နားထောင်နေလေသည်။ ယခုတစ်ခေါက်တော့ ချူဖုန်းလည်း ထိုအသံကိုသာ နားထောင်နေလိုက်သည်။ သေချာပင် ချိန်မပစ်တော့။

နောက်ဆုံးတော့ ထူးခြားမှုတစ်ခုကို တွေ့ခဲ့ရလေပြီ။

“အထာသိပြီ .. သံမြှားတွေကို သွားမြှားနဲ့လဲလိုက်..” နွားဝါလေး ပြောလိုက်သည်။

“လိုလို့လား..” ဤသည်မှာ ဖြုန်းတီးရာရောက်သည်ဟု ချူဖုန်း ခံစားလိုက်ရသည်။ နဂါးသွားများမှာ လိုချင်သလို ရနိုင်သည့်အရာမဟုတ်။

နွားဝါလေး ပြတ်သားစွာ ခေါင်းညိမ့်ပြလာသည်။ ထို့နောက် နွားဝါလေး သူ့ကို စာကြောင်းတစ်ကြောင်းဖြင့် ရှင်းပြလာသည်။

လေးကောင်းတစ်လက်သည် မြှားကောင်းတစ်စင်းဖြင့်သာ ထိုက်တန်သည်ဟု သူ ယုံကြည်သည်။ လေးနှင့်မြှား လိုက်ဖက်နေမှသာ ပဲ့တင်သံထွက်လာပြီး စည်းချက်ကို ကြားနိုင်လိမ့်မည်။ ထိုသို့ကြားနိုင်မှသာ လေးမှပစ်လိုက်သည့်မြှားသည် အပြင်းထန်ဆုံးထိခိုက်မှုကို ဖြစ်စေလိမ့်မည်ပင်။

သံမြှားကို သွားမြှားဖြင့် လဲလိုက်သည်နှင့် ရလဒ်မှာ လုံးဝပြောင်းလဲသွားသည်။ အက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် လျှပ်စီးကြောင်းများ လင်းလက်သွားပြီး တောအုပ်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

ချူဖုန်းနှင့် နွားဝါလေးတို့နှစ်ဦးလုံး လေးကိုယ်ထည်ကို အာရုံစိုက်ထားလိုက်ကြကာ သွားမြှား၏စွမ်းအားကို လုံးဝလျစ်လျူရှုထားလိုက်ကြသည်။

“တွေ့ပြီ .. စည်းချက်ကိုတွေ့ပြီ..”

ချူဖုန်း အလွန်ပျော်ရွှင်သွားရသည်။ သူ နွားဝါလေး၏ အသက်ရှူစည်းချက်ကို ချောင်းကြည့်စဉ်ကကဲ့သို့ ဤစည်းချက်အားလုံးကို သူ့စိတ်ထဲ မှတ်ထားလိုက်သည်။

နွားဝါလည်း လေးပေါ်၌သာ နားစိုက်ထားသည်ပင်။

အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦးလုံး လေးနားမှ ပြန်ခွာလိုက်ကြသည်။

“စိတ်မကောင်းစရာပဲ..” နွားဝါလေး စာရေးပြလာသည်။

ဤအသက်ရှူစည်းချက်ကို အတုယူရန် လွယ်ကူသော်လည်း ထိုအရာကို ရရှိရန် ခက်ခဲလှသည်။

“ထပ်လုပ်..” နွားဝါ ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ ချူဖုန်းသည် ရှိသမျှသွားဖြင့် မြှားများပြုလုပ်လိုက်ကာ အားလုံးကို လေထဲသို့ ပစ်လွှတ်လိုက်သည်။

နောက်ဆုံးတွင်တော့ အသက်ရှူစည်းချက်အားလုံးကို သူတို့မှတ်မိသွားကြလေပြီ။ စည်းချက်မှာ ရှုပ်ထွေးနေသော်လည်း တူညီနေသည်များလည်း ရှိသည်ပင်။

နွားဝါလေး သက်ပြင်းချလိုက်သည်။ ဤသည်မှာ ကြီးမားလှသည့်‌ အောင်မြင်မှုကြီးဖြစ်သော်လည်း သူ မဖြေရှင်းရသေးသည့်နောင်တအချို့ ရှိနေသေးသည်။

“နှမြောစရာကောင်းလိုက်တာ..” ချူဖုန်း သဘောတူလိုက်သည်။

မိုးကြိုးကဲ့သို့သော အသက်ရှူစည်းချက်ကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းရန် လိုအပ်သည်။ ဤသည်မှာ သူ နွားဝါ၏အသက်ရှူလေ့ကျင့်ခန်းအား အတုခိုးနေသည်နှင့် တူသည်ပင်။ အသက်ရှူစည်းချက်ကို လွယ်လွယ်ကူကူရနိုင်သော်လည်း အသက်ရှူစည်းချက်အားလုံးကို ကျွမ်းကျင်ရန်မှာ နွားဝါလေး သူ့ကိုနေ့တိုင်းလက်ဆင့်ကမ်းပေးနေသည့် ဝိညာဉ်အနှစ်သာရပေါ် မူတည်နေသည်။ နွားဝါသာမရှိလျှင် ချူဖုန်း အသက်ရှူစည်းချက်၏ အဓိကအချက်များကို နားလည်မည်မဟုတ်။

နွားတစ်ကောင်နှင့်လူတစ်ယောက်တို့သည် မတ်တပ်ရပ်ကာ အောင်မြင်မှုနှင့် နောင်တတို့ကို တိုးတိုးတိတ်တိတ် ခံစားနေကြလေသည်။

ရုတ်တရက် သူတို့ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ သူတို့ခန္ဓာကိုယ်များ စတင်တုန်ခါလာပြီး အရိုးနှင့်အတွင်းကလီစာများမှာ တူဖြင့် ထုနေသလို ခံစားနေရသည်။

ချူဖုန်း ထိတ်လန့်သွားရသည်။ အကယ်၍ သူ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုကို တိုးတက်စေသော အခြားအသက်ရှူသံစည်းချက်ကိုသာ မတတ်မြောက်ထားလျှင် ယခုကဲ့သို့သောရိုက်ခတ်မှုဒဏ်ကြောင့် သူ သွေးအန်နေလောက်လေပြီ။

ဤသည်မှာ မိုးကြိုး အသက်ရှူစည်းချက် အလုပ်လုပ်နေခြင်းပင်။

“ဖူး..”

နောက်ဆုံးလေကို ရှူထုတ်လိုက်သည့်အချိန်တွင် သူ့အသွေးအသားနှင့် အရိုးများမှာ မိုးကြိုးမုန်တိုင်တစ်ခု၏ သန့်စင်ခြင်းခံထားရသကဲ့သို့ ဖြစ်သွားသည်။ အစပိုင်းတွင် နာကျင်နေသော်လည်း မကြာမီတွင် ထိုနာကျင်မှုများပျောက်ကွယ်သွားကာ အလွန်သက်တောင့်သက်သာ ရှိလာသည်။

နောက်ဆုံးတွင်တော့ ချူဖုန်း ဤအသက်ရှူစည်းချက်၏ ထူးခြားချက်ကို သိသွားလေပြီ။

ဤအသက်ရှူစည်းချက်၏ အကျိုးသက်ရောက်မှုမှာ ချက်ချင်းပင် ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်သည် အချိန်တိုအတွင်း အတော်လေး တိုးတက်သွားသည်ပင်။

ဤသည်မှာ အသက်ရှူစည်းချက်ပုံစံကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုဖြစ်သောကြောင့် ယာယီသာဖြစ်သည်။ သူသာ အသက်ရှူစည်းချက်တစ်ခုလုံးကို ကျွမ်းကျင်သွားလျှင် မည်ကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိလာမည်နည်း..

ချူဖုန်း ဤပုံစံတစ်ခုလုံးကို တတ်မြောက်ချင်လာသည်။

နွားဝါလည်း အသက်မထွက်ပဲ ထိုနေရာ၌ ရပ်နေလေသည်။ သူ့ခန္ဓာကိုယ်ထဲ၌ မိုးခြိမ်းသံများ ထွက်ပေါ်လာသည့်အချိန်တွင် နွားပေါက်သည် အံ့အားသင့်သွားသလို ဝမ်းလည်းနည်းသွားရသည်။ ဤအသက်ရှူစည်းချက်၏ အနှစ်သာရကို သူ ဘယ်တော့မှ ရနိုင်မည်မဟုတ်ကြောင်း သူသိသည်။

“ဒီအသက်ရှူစည်းချက်ကို အပြည့်အစုံရနိုင်မယ့် နည်းလမ်းရှိလား..” ချူဖုန်း နွားဝါလေးကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

နွားဝါမှာ ခေါင်းခါရုံသာ တတ်နိုင်သည်။ “ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး..” သူ ဝန်ခံလိုက်သည်။

နွားပေါက်လေး၏ စကားလုံးများကို မြင်သည်နှင့် ချူဖုန်း မေးခွန်းမေးလိုက်သည်။ “ဘာလို့ မရတာလဲ..”

“ဒီစည်းချက်မှာ အရမ်းခမ်းနားတဲ့ နောက်ခံဇာတ်လမ်းရှိလို့တယ် .. ငါတို့ အားလုံးကို သိနိုင်ဖို့ မဖြစ်နိုင်ဘူး” နွားဝါ ရှင်းပြလိုက်သည်။

“မိုးကြိုး”၏အသက်ရှူသံစည်းချက်မှာ အသက်ရှူသံစည်းချက်အားလုံးထဲတွင် အကောင်းဆုံးပုံစံဖြစ်သည်။ ပြောရမည်ဆိုလျှင် ဤအသက်ရှူစည်းချက်၏ ဝိညာဉ်စွမ်းအင်မပြောနှင့် စည်းချက်ပုံစံကို တွေ့ဖူးသူပင် မရှိသလောက်ရှားသည်။ နွားဝါလေး ကံစမ်းလိုက်ခြင်းပင်။

သူတို့ ဤလေးမှ ဘာမှမရလိုက်ခြင်းမှာ မထင်မှတ်ထားသည့်ကိစ္စတော့မဟုတ်။ အကယ်၍ ဤလေးတွင် အသက်ရှူစည်းချက်ဘုရင်၏အနှစ်သာရ ရှိနေပါက သာမန်လူတစ်ယောက်၏အိမ်၌ ရှိနေမည်မဟုတ်ပေ။

ခဏအကြာတွင် နွားပေါက်လေး သူ့စိတ်ကို ပြန်ထိန်းလိုက်သည်။ ထို့နောက် တည့်တည့်ရပ်ကာ ချူဖုန်း ပုခုံးကို ပုတ်လိုက်ပြီးနောက် အိမ်ပြန်သွားလိုက်သည်။

“တောင်က အရင်ကထက် ပုသွားတာလား..” ချူဖုန်း ထိုနေရာ၌ထိုင်ကာ တစ်ဖက်တောင်ကို စိုက်ကြည့်နေလေ၏။ တောင်သည် တောင်ဂတုံးဖြစ်သွားကာ ဘာမှမကျန်တော့။

သူသည် မြှားပစ်ခဲ့သော်လည်း သူ့အာရုံမှာ လေးကြိုးထက်၌သာရှိသည်ပင်။

ချူဖုန်း တစ်ဖက်တောင်သို့ သွားကြည့်လိုက်သည့်အချိန်တွင် သွားမြှားအများစုမှာ ပြန်သုံး၍ရသေးသည်ကို သူတွေ့လိုက်ရသည်။ ဤသွားများမှာ တကယ်ကို ခိုင်ခံ့လှသည်။

အိမ်ပြန်ရောက်သည်နှင့် ချူဖုန်း ကျန်နေသည့်နဂါးသွားများဖြင့် မြှားများကို စတင်ပြုလုပ်လိုက်သည်။ မြှားအများစုကို လုပ်ပြီးသွားလေပြီ။ သို့သော် သူလုပ်ထားသည်မှာ မြှားခေါင်းသာ ရှိသေးသည်။ မြှားတံချောင်းလုပ်ရန် လိုသေးသည်။

နောက်ဆုံးတွင်တော့ သူ နဂါးသွားဖြင့် မြှား ၁၂ ချောင်း ပြုလုပ်လိုက်နိုင်သည်။ ဤမြှားများ ပြုလုပ်ရန်သည်မှာ အချိန်အတော်လေး ပေးရသည်ပင်။

မြှားများ ပြုလုပ်ပြီးသွားသည်နှင့် ချူဖုန်း နွားဝါကို လှမ်းကြည့်လိုက်သည်။ သို့သော် နွားဝါကတော့ မိုးကြိုးအသက်ရှူစည်းချက်နှင့်ပတ်သက်သည့် ဝမ်းနည်းမှုများကို မေ့သွားပုံပေါ်သည်။ သူသည် ဖုန်းကိုသာ စိတ်လှုပ်ရှားစွာ ထိနေသည်။

“မင်း ဘာလုပ်နေတာလဲ နွားဝါ .. မင်း ထပ်ပြီး လူဆိုးလုပ်နေတာတော့ မဟုတ်ဘူးမလား..” သူ သာမန်ကာလျှံကာ မေးလိုက်သည်။

သို့သော် ချူဖုန်း၏စကားများမှာ သူ့ကို သတိပေးလိုက်ပုံပေါ်သည်။ သူသည် ဖုန်းကို ချူဖုန်း မမြင်အောင် ခေါင်းအုံးအောက် ဖွက်ထားလိုက်လေသည်။ ဤသည်မှာ နွားပေါက်လေး မဟုတ်တာတစ်ခုခု လုပ်နေကြောင်း ပြနေခြင်းပင်။

“ငါ့ကိုပြ..” ချူဖုန်း နွားဝါထံ လျှောက်လာသည်။

“မူး..” နွားဝါ အော်ဟစ်လာလေသည်။

မြို့ထဲတွင်..

ညစာစားပြီးနောက် ကျိုးချွမ် သက်တောင့်သက်သာ ဖြစ်နေသည်။ ထရိုင်နိုဆောရပ်စ်အသားမှာ လတ်ဆတ်ပြီး အရသာရှိရုံသာမက စားပြီးပါက လျှာပေါ်၌ အရသာစွဲကျန်နေသေးသည်။ အသားတွင် ဝိညာဉ်စွမ်းအားတစ်မျိုးမျိုးလည်း ပါနေသည့်ပုံပင်။

သူ့မိသားစုလည်း ဤအသားကို ချီးကျူးနေကြသည်။ မိသားစုဝင်တစ်ယောက်စီတိုင်းက အသားသည် လတ်ဆတ်ကာ အရသာရှိကြောင်း၊ စား၍မဝကြောင်း ပြောနေကြသည်ပင်။

ကျိုးချွမ် ယိုင်တိုင်တိုင်ဖြင့် အခန်းထဲ ပြန်သွားလိုက်သည်။ သူ ဘယ်တုန်းကမှ ဤမျှ သက်တောင့်သက်သာ မဖြစ်ဖူး။ ထို့နောက် ဖုန်းကိုဆွဲယူကာ အင်တာနက်ပေါ် လျှောက်ကြည့်လိုက်သည်။

“ဒီပုံထဲက လူရဲ့ပုံစံက ငါနဲ့တော်တော်လေး တူတာပဲ .. သူက ဘယ်သူလဲ .. ပြီးတော့ သူကဘာလို့သတင်းမှာ ပါလာတာလဲ..” သတင်းဆောင်းပါးတစ်ခုနှင့်အတူ တွဲပါလာသည့် ဓာတ်ပုံတစ်ပုံကို ကျိုးချွမ် တွေ့လိုက်သည်။ သူ နှုတ်ခမ်းများ တွန့်ကွေးကာ မကျေနပ်ကြောင်း ပြသလိုက်သည်။ “ဒီသတင်းရဲ့ အယ်ဒီတာက အနုပညာကို မခံစားတတ်တာပဲ .. သူ့သတင်းနဲ့တွဲတင်ဖို့ ငါနဲ့တူတဲ့တစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင်လည်း ဘာလို့ ငါ့ကိုပဲ လာမရိုက်လိုက်တာလဲ..”

ကျိုးချွမ် ခေါင်းခါလိုက်သည်။

“ခဏ..”

ကျိုးချွမ် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ သတင်းကို နှိပ်ကြည့်လိုက်သည့်အချိန်တွင် သူ ဆွံ့အသွားရသည်။

“သောက်ခွမ်း .. ဒါက .. ငါပဲ..”

အကျီပုံစံနှင့် ဆံပင်စတိုင်တို့ကအစ သူနှင့် တစ်ထေရာတည်းတူသည်။ ထို‌ဆောင်းပါးထဲရှိလူလည်း ကောက်ကွေးနေသည့်ဆံပင်ကို နောက်လှန်ထားသည်ပင်။

ကျိုးကွမ်သည် လုံးဝအံ့သြပြီး ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူ ရုတ်တရက်ကြီး ဘယ်လိုလုပ် သတင်းထဲ ပါလာတာလဲ…

သူ မကောင်းသည့်ခံစားချက်များ ရနေသည်။ သူ ဆောင်းပါးကို ကျော်လိုက်ပြီး သတင်းခေါင်းစဉ်ကို ကြည့်လိုက်သည်။

“ငါတို့ချစ်ရတဲ့ ဟာသဘုရင်ကြီး ပြည်သူလုထုရှေ့ ပြန်ရောက်လာပြီ..” ဤတစ်ကြောင်းတည်းဖြင့်ပင် ကျိုးချွမ် ထခုန်သွားရသည်။

“နွားနတ်ဆိုး..” ခဏကြာပြီးနောက် ကျိုးချွမ်၏အခန်းထဲမှ အော်သံ ပျံ့လွင့်လာသည်။ သူ့အော်သံကြောင့် အိမ်နီးနားချင်းများ လန့်သွားရုံသာမက လမ်းထဲရှိခွေးများပင် အူလာကြလေသည်။

သတင်းခေါင်းစဉ်ကို ဖတ်ပြီးသည်နှင့် ကျိုးချွမ် ဒေါသထွက်လွန်း၍ တုန်ပင်တုန်လာသည်။ ဤသည်မှာ နွားဝါလုပ်လိုက်မှန်း သူသိသည်။

ဓာတ်ပုံများကို သူတစ်ပါး၏ အရှက်ရစရာအခိုက်အတန့်များကို မျှဝေသည့် လူမှုကွန်ရက် ဝက်ဘ်ပေ့ချ်တစ်ခု၌ တင်ထားခြင်းပင်။ ယခုတစ်ခေါက်မှာ ယခင်တစ်ခေါက်ကထက် ဓာတ်ပုံများပိုများသည်။ အွန်လိုင်းအသုံးပြုသူများသည် ထိုပုံများတွင် စုဝေးကာ စတင်လှောင်ပြောင်နေကြပြီဖြစ်သည်။

ထို့အပြင် ဤဝက်ဘ်ပေ့ချ် စီမံသူသည် ထိုဓာတ်ပုံများကို တစ်လတာ ထိပ်တန်းဇာတ်လမ်းများနေရာတွင် ထားရုံသာမက ဘေးတွင် flash ကို ထည့်လိုက်သည်။ flash ပုံမှာ ဟာသကြိုက်နှစ်သက်သည့်သူ ထောင်ပေါင်းများစွာကို ဆွဲဆောင်သွားပြီး သူ့ဆောင်းပါးကို ကြည့်သည့်သူအရေအတွက်မှာလည်း ခွေးရူးတစ်ကောင်ကဲ့သို့ တဟုန်ထိုး မြင့်တက်လာသည်။

ကြည့်ရှုသူအရေအတွက်မှ ဂဏန်းများကိုပင် သူ မရေတွက်နိုင်တော့။

တင်ထားသည့် ဓာတ်ပုံများမှာ နွားဝါ ယနေ့ရိုက်လိုက်သည့်ပုံများပင်။ ဓာတ်ပုံများကို ရိုက်ထားသည့်တောင့်များမှာ ကောက်ကျစ်စဉ်းလဲလှပြီး ဤဓာတ်ပုံများထက် အရှက်ရစရာမရှိတော့။ ဓာတ်ပုံများမှာ ယခင်ကဓာတ်ပုံများနှင့် ပုံစံတူပင်။ ကြည့်လိုက်သည်နှင့် တစ်ဦးတည်းမှ ရိုက်ထားခြင်းဖြစ်ကြောင်း သိနိုင်သည်။

“ဒီဓာတ်ပုံတွေထက် မိုက်တဲ့ပုံ မရှိတော့ဘူး .. ငါ့အရှင်သခင်ကြီးရယ် .. ဟာသဓာတ်ပုံလောကအတွက် အရှင့်ရဲ့စွန့်စားအားထုတ်မှုကို ကျွန်တော် လေးစားပါတယ်.. ကျွန်တော့်ရဲ့နွားဝါလေး..”

“နောက်ပစ်ထားတဲ့ဆံပင်က အခုတော့ အမွေးဆုတ်ဖွားခွေးမွှေးဖြစ်သွားပြီ .. ဟား ဟား .. ရှက်စရာကောင်းလိုက်တာ..”

“ကျေးဇူးတင်ပါတယ် .. မစ္စတာနွားဝါ .. ကျွန်တော့်ရဲ့ ဟာသစုဆောင်းမှုဖိုင်ထဲ ထည့်လိုက်ပြီ..”

အားလုံးသည် ဓာတ်ပုံတင်ပေးသည့်သူဖြစ်သည့် မစ္စတာနွားဝါကို ဦးညွှတ်နေကြလေ၏။

“အား..” ကျိုးချွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ နွားဝါကို ကိုက်ဖြတ်ပြီး လက်စားချေပစ်ချင်လာသည်။

ရှေ့တစ်ခေါက်တင်လိုက်သောဓာတ်ပုံများမှာ တစ်နိုင်ငံလုံးတွင် အုတ်အော်သောင်းသင်းဖြစ်သွားခဲ့သည်။ ယခုတစ်ခေါက် ဓာတ်ပုံအသစ်များထပ်တင်လိုက်သည့်အချိန်တွင်တော့ အချို့အဓိကမီဒီယာများကပါ အရေးကြီးသတင်းကဲ့သို့ သတင်းလွှင့်လာကြသည်။

“ငါ မင်းကို တစ်သက်မကြေဘူး နွားဝါ…”

အင်တာနက်ပေါ်မှ နောက်ဆုံးသတင်းများအား လှန်လှောကြည့်လိုက်သည့်အချိန်တွင် မီဒီယာအတော်များများမှာ သူ့ဓာတ်ပုံများအား အတော်လေး အလေးထားနေသည်ကို သူတွေ့လိုက်ရသည်။

ကျိုးချွမ် နွားဝါကို ဖုန်းဆက်လိုက်သော်လည်း အေးစက်စွာသာ ကြိုဆိုခံလိုက်ရသည်။ နွားပေါက်လေး ဖုန်းချပစ်လိုက်သည်ပင်။

နွားဝါသည် ကျိုးချွမ်၏ဒေါသကို လျစ်လျူရှုထားလေ၏။ ထို့ကြောင့် ကျိုးချွမ် သူ့ဒေါသကို စာဖြင့် ဖွင့်ထုတ်လိုက်သည်။ စာထဲတွင် နွားဝါကို ဆဲဆိုထားသည့်စကားလုံးပေါင်းစုံ ပါဝင်နေသည်ပင်။

“ချီးပဲ .. နွားဝါ .. ငါ အခု အပြင်ကို ဘယ်လိုထွက်ရတော့မှာလဲ..”

နောက်ဆုံးတွင်တော့ နွားဝါ စာပြန်လာသည်။ “တစ်ကမ္ဘာလုံး ကျော်ကြားသွားပြီ..”

“ငါ့ဖင်ကိုပဲ ကျော်ကြားနေလိုက်..” ကျိုးချွမ် ဆဲလိုက်သည်။

နွားဝါ၏ စနောက်မှုကြောင့် ကျိုးချွမ်ကို တစ်ကမ္ဘာလုံးမှ သိသွားကြသည်။ သို့သော် ဤသည်မှာ သူလိုချင်သည့် ကျော်ကြားမှုမျိုးမဟုတ်။ ကျိုးချွမ်သည် ဒေါသထွက်လွန်းသောကြောင့် သူ၏နှာခေါင်းနှင့်ပါးစပ်မှ မီးတောက်များ ထွက်လာသည်အထိပင်။

မီးတောက်များကြောင့် ကျိုးချွမ်လန့်သွားကာ အိမ်ပြင်သို့ အမြန်ပြေးထွက်လိုက်ပြီး မြို့ပြင်ရှိ ကွင်းပြင်ကြီးထဲသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် သူသည် ဝံပုလွေကဲ့သို့ စတင်အော်ဟစ်နေတော့သည်။ ခဏကြာပြီးနောက် ကွင်းပြင်တစ်ခုလုံး ပြာမှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။

“အား..”

ချင်းရန်ရွာတွင်..

အခြေအနေကို သိသွားသည်နှင့် ချူဖုန်း ဆွံ့အသွားရသည်။ နွားဝါလေး မဟုတ်တာ တစ်ခုခုလုပ်ထားမည်မှန်း သူသိသည်။

နွားဝါလေးကတော့ တည်ငြိမ်နေလေသည်။ နွားဝါလေးသည် မှတ်ချက်များကို ဖတ်ကြည့်ကာ သူ့အားချီးကျူးထားသည်များကို တွေ့သည်နှင့် ပျော်ရွှင်နေလေ၏။

ဘုန်း ဘုန်း ဘုန်း..

တစ်ယောက်ယောက် သူတို့ဝင်းတံခါးကို ခေါက်နေသည်။

“ချူဖုန်း .. တံခါးဖွင့် .. မင်းငါ့ကို အကြွေးတင်နေတဲ့အစားအစာတွေ ဒီနေ့ပို့ပေးမယ်ဆို .. ဘယ်မှာလဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လာသည်။

“ဘယ်သူလဲ..” ချူဖုန်း၏ဦးနှောက်မှာ တစ်စက္ကန့်မျှ ဗလာသက်သက်ဖြစ်သွားသည်။

“ငါက သိုးသားကင်ရောင်းတဲ့ကောင်လေး..” တံခါးမှ ဒေါသတကြီး အော်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တံခါးကိုတဒုန်းဒုန်း ထုလာလေ၏။

တည်ငြိမ်နေသည့်နွားပေါက်လေးမှာ ဤစကား ကြားလိုက်သည်နှင့် သူ့တည်ငြိမ်မှုများ ပျောက်ဆုံးသွားသည်။ မတ်တပ်ထရပ်လိုက်ပြီး သူ့နှာခေါင်းမှလည်း အငွေ့ဖြူဖြူများ ထွက်လာသည်။ ဤသည်မှာ တစ်နေ့ညက သူ့ကို ဝေဒနာခံစားရအောင် လုပ်ခဲ့သည့်သူပင်။ ထို့ကြောင့် သူက ဤဆိုင်ရှင်အား ရိုက်နှက်ပစ်ချင်စိတ်ကို ဘယ်လိုလုပ် ထိန်းနိုင်မည်နည်း..

ချူဖုန်း ဒေါသထွက်နေသည့် နွားပေါက်လေးကို မြန်မြန်ဖမ်းလိုက်သည်။ “ဖြေးဖြေး စိတ်လျှော့ စိတ်လျှော့..” သူ နွားဝါလေးကို စကားလုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။

“ငါ့ဖင်ကိုပဲ စိတ်လျှော့လိုက်ပါလား..” သူ့ကိုဗိုက်နာအောင်လုပ်သည့် လက်သည်တရားခံ တံခါးရှေ့၌ ရောက်နေသည်ကို သူက ဘယ်လိုလုပ် တည်ငြိမ်နိုင်မည်နည်း.. သူ၏ပြိုင်ဘက်ကင်းသည့်အားကြောင့် နွားပေါက်လေးမှာ ချူဖုန်းလက်ထဲမှ လွတ်ထွက်လုနီးပါးပင်။

ချူဖုန်း အားကုန်သုံးနေရသည့်အပြင် စကားလုံးအစုံသုံးကာ နွားဝါ အပြင်ပြေးထွက်မသွားအောင် တားဆီးနေရသည်။

နွားဝါသည် ဒေါသတကြီး အော်ဟစ်နေပြီးနောက် အခန်းထောင့်တွင်ထိုင်ကာ ချူဖုန်းကို မျက်နှာလွဲထားလေသည်။

ချူဖုန်း ဒိုင်နိုဆောအသားကို နည်းနည်းလှီးလိုက်ပြီး အိမ်ရှေ့၌ စောင့်နေသည့် လူငယ်လေးထံ ထွက်လာလိုက်သည်။ အိမ်၌ ဆန်ကုန်နေသောကြောင့် ဆန်အစားအသားယူပေးရန် ပြောလိုက်သည်။

လူငယ်လေးမှာ သိပ်ကျေနပ်ပုံမပေါ်။ “ခင်ဗျားပေးတဲ့အသားက ကောင်းတော့ ကောင်းပါသေးတယ်နော် .. အသားစားပြီးတော့ ကျုပ်ဗိုက်မနာချင်ဘူး..”

လူငယ်လေး၏ စစ်မေးနေသည့်စကားသံကို အခန်းထဲ နွားဝါ ကြားလိုက်ရသည်ပင်။ ထိုစကား ကြားသည်နှင့် သူ ဒေါသထွက်သွားကာ အပြင်သို့ ပြေးထွက်လာလေ၏။

“သွားတော့..” ချူဖုန်း လူငယ်ကို တွန်းထုတ်ကာ တံခါးကို ဘန်းကနဲ စောင့်ပိတ်လိုက်သည်။

နွားဝါကို အိမ်ထဲသို့ ပြန်ဝင်ရန် ချူဖုန်း ထပ်ဖျောင်းဖျရပြန်သည်။

“ပြဿနာမရှာနဲ့ဦး .. ငါတို့မနက်ဖြန် စောစောထပြီး မှော်အသီးသွားယူရဦးမှာလေ မှတ်မိတယ်မလား .. အခုတော့ စိတ်အေးအေးထားတော့..”

တံခါးအပြင်ဘက်မှ လူငယ်လေးမှာ ထွက်သွားရန် ငြင်းဆန်နေလေသည်။

“ဟေး ချူဖုန်း .. ခင်ဗျားအသားလတ်တာ သေချာရဲ့လား .. စားပြီးရင် ဝမ်းတော့မလျှောလောက်ဘူးမလား..” ထိုလူငယ်လေးမှာ စိတ်မအေးနိုင်သောကြောင့် ခြံရှေ့၌ ရပ်ကာ အော်ဟစ်နေလေသည်။

“မူး..” နွားဝါ တကယ်ကို စိတ်တိုသွားလေသည်။ သူသည် ဖနောင့်ပေါက်ကာ ခြံထဲမှ ပြေးထွက်သွားလေ၏။

“အဲဒါ ဘာအသံကြီးလဲ..” လူငယ်လေး မေးလိုက်သည်။

“သွားတော့ .. သွားလိုက်ပါတော့ဟ..” ချူဖုန်းသည် စိတ်တိုနေသည့်နွားကို အားကုန်ဖိထားရင်း အော်ဟစ်လိုက်သည်။

အပိုင်း ၅၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset