Chapter – 6.3 ” သော့်လော့တိုက်ရဲ့ နံပါတ်တစ် ကျောင်းတော် ”
°°°
နှလုံးသားထဲက ခံစားချက်ကို ခံစားနေမိရင်း ဟို့ယွိဟောင် ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းတွေကို ပြန်တွေးနေခဲ့မိပါတယ်။ ပေ့ပေ့နဲ့ ထန်ယာ့တို့ရဲ့ မိတ်ဆက်မှုကြောင့် အမျက်ဒေါသေကျောင်းတော်က သူ့နှလုံးသားထဲမှာ လောင်မြိုက်တဲ့မီးတောက်တစ်ခုလိုပြောင်းလဲလို့သွားခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ လေးလေးနက်နက် စဥ်းစားနေတဲ့ပုံစံကိုမြင်ချိန်မှာ ထန်ယာ့နဲ့ ပေ့ပေ့တို့ကတော့ ပြုံးနေခဲ့ကြပါတယ်။ သူတို့တွေ အမျက်ဒေါသကျောင်းတော်ကို ၀င်၀င်ချင်အချိန်မှာ သူတို့လဲ ဟို့ယွိဟောင်လိုပဲ ကြုံခဲ့ရတယ်မဟုတ်လား။
နာရီအနည်းငယ်အတွင်းမှာပဲ ကျောင်းတော်ကို သူတို့မြင်လိုက်ရပါတော့တယ်။ ကျောင်းတစ်ခုလို့ ခေါ်ရမှာထက်စာရင် မြို့တော်ကြီးတစ်ခုနဲ့တောင် ပိုတူနေခဲ့သေးတယ်။ သစ်တောကနေ အပေါ်ကိုတက်ပြီး အဓိက လမ်းမကြီးဆီကို လျှောက်လိုက်ချိန်မှာတော့ မျက်စိတစ်ဆုံး မြို့နံရံတွေကို မြင်လိုက်ရပါတော့တယ်။
အမျက်ဒေါသကျောင်းတော်က ကျယ်ပြန့်တဲ့နယ်မြေကို ပိုင်ဆိုင်လို့ထားခဲ့ပြီး အဲ့ဒီနယ်မြေတစ်ခုလုံးကလဲ မြို့တော်ကြီးလို ဖြစ်ပေါ်နေခဲ့တာကြောင့် အမျက်ဒေါသမြို့တော်လို့ ခေါ်တွင်ပါတယ်။ အမျက်ဒေါသမြို့တော်က သော့်လော့တိုက်မှာ အကြီးဆုံးမြို့တွေထဲက တစ်ခုပါပဲ။ ဒါ့အပြင် နေထိုင်နေတဲ့ လူအရေအတွက်ကတော့ နှစ်သန်းကျော်နေခဲ့တယ်။ ဒါ့အပြင် ကျောင်းတော်ကသာ မြို့တော်ကို အုပ်ချုပ်တာပါ။ ဘယ်နိုင်ငံတော်ကိုမှလဲ အခွန်အခ ပေးဆောင်စရာမလိုခဲ့ပါဘူး။ မြို့တော်ရဲ့ တည်ရှိမှုတစ်ခုချင်းဆီထဲနဲ့တင် ဘယ်သူမှ ဘာမှမပြောနိုင်တဲ့အထိ အားကောင်းနေခဲ့လို့ပါ။
အမျက်ဒေါသကျောင်းတော်က မြို့တော်ရဲ့အလယ်မှာ တည်ရှိနေတာမဟုတ်ပဲ အရှေ့ပိုင်းမှာ ရှိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဟာကြယ်တာရာသစ်တောကြီးက မြို့တော်ရဲ့ အရှေ့အရပ်မှာ ရှိနေခဲ့လို့ပါပဲ။
အမျက်ဒေါသကျောင်းတော်ကို ပတ်ပတ်လည်မှာ နယ်မြေအမျိုးမျိုးက ၀န်းရံလို့ထားခဲ့ပါတယ်။ ကျောင်းတော်ရဲ့နေရာကတင် အနေအထားကောင်းရုံတင်မကပဲ သော့်လော့တိုက်အတွက် အရေးကြီးဆုံးကုန်သွယ်ရေးမြို့တော်ကြီးလဲ ဖြစ်နေခဲ့သေးတယ်။ အမျက်ဒေါသကျောင်းတော်ကြောင့် မြို့တော်ရဲ့ အခြေအနေက အရမ်းကိုအေးချမ်းပါတယ်။ ဒါ့အပြင် နှစ်စဥ်နှစ်တိုင်းလုပ်တဲ့ ကုန်စည်းဖလှယ်ပွဲတွေက လူတွေကို အေးအေးဆေးဆေးဖြစ်စေခဲ့တယ်။ ဒါကြောင့်သာ ကုန်သယ်အများစုက မြို့တော်ထဲမှာသာ အရောင်းအ၀ယ်လုပ်ဖို့ ရွေးချယ်ထားခဲ့ကြတာပါ။
မြို့တော်ရဲ့ တောင်ဖက်အနောက်ဖက်ရဲ့ မြောက်ဖက်ဂိတ်တံခါးတွေကို လူတိုင်းစိတ်ရှိလက်ရှိ လွတ်လွတ်လပ်လပ် ၀င်ရောက်သွားလာလို့ရပါတယ်။ အရှေ့နယ်မြေတစ်ခုကိုတော့ အမျက်ဒေါသကျောင်းတော်က ထိန်းချုပ်လို့ထားခဲ့တယ်။ ပေ့ပေ့နဲ့ ထန်ယာ့တို့ဦးဆောင်ထားတာကြောင့် ဟို့ယွိဟောင်က အရှေ့ဂိတ်တံခါးအပြင်ဆီကို ရောက်ရှိလာခဲ့ပါပြီ။
ဒီဂိတ်တံခါးကို ကျောင်းတော်ကသာ သုံးခွင့်ရှိပါတယ်။ လက်ရှိအချိန်မှာ အတော်လေးကို အလုပ်များနေခဲ့တယ်။ ကျောင်းတော်ရဲ့အပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့သူက အနည်းဆုံးလူ ငါးထောင်ကျော်နေခဲ့ပြီး အတော်လေးကို ဆူပူလှုပ်ရှားနေခဲ့ပါတယ်။ ဒါ့အပြင် ကုန်သွယ်တွေကလဲ ကောလဟာလတွေကြောင့် ဒီနားမှာလာပြီး ရောင်းချနေတဲ့အတွက် အရင်အချိန်တွေထက် အများကြီးပိုပြီး ဆူပူလို့နေခဲ့တယ်။
” ဆရာတူညီလေး အခုအချိန်က ကျောင်းတော်သားအသစ်တွေ ခေါ်ယူတဲ့အချိန်ပဲ မင်းအချိန်မီသွားတယ်…လက်ရှိဒီကျောင်းတော်သားအသစ်တွေနဲ့ အတူတူသွားမယ်ဆိုရင် ဘာအခက်အခဲမှမရှိပဲ ၀င်ရောက်နိုင်သွားလိမ့်မယ်….ဒါ့အပြင် သုံးနှစ်တိတိ သေချာပေါက် လေ့ကျင့်ရမှာပဲ သာမန်ကျောင်းတော်သားတွေက စစ်ဆေးရေးကို ဖြတ်ကျော်ဖို့လိုရုံတင်မကဘူး နိုင်ငံတော်သုံးခုရဲ့ နိုင်ငံသားဖြစ်နေဖို့လဲ လိုအပ်တယ်…ဒါကြောင့် အခုအချိန်က မြို့တော်အတွက် အလုပ်အများဆုံးအချိန်ပဲ ”
” ဆရာတူအစ်ကိုကြီး ကျောင်း၀င်ခွင့်က အရမ်းခက်လား ”
ပေ့ပေ့က တွေဝေနေခဲ့ပြီး ဒီအတိုင်းသာ စိုက်ကြည့်လို့နေခဲ့ပါတယ်။
တခြားတစ်ဖက်မှာတော့ ထန်ယာ့က ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်တယ်။
” သူအနှေးနဲ့အမြန်တော့သိသွားမှာပါ ဒါ့အပြင် အနာဂတ်မှာ ပိုပြီး ကြိုးစားဖို့အခုစောစောစီးစီး ပြောထားတာပိုကောင်းမယ်မဟုတ်လား ယွိဟောင် ငါတို့အပြင် နယ်မြေရဲ့ကျောင်းတော်၀င်ခွင့်က နှစ်ပိုင်းခွဲထားတယ်…ပထမဆုံးအနေနဲ့ အသက်နှစ်ဆယ့်မပြည့်သေးရတဲ့သူဖြစ်ရမယ်…ဒုတိယအဆင့်ကတော့ ၀ိညာဥ်စွမ်းအားက အဆင့်ဆယ့်ငါးအောက်လျော့လို့မဖြစ်ဘူး…ဒီနှစ်ခုထဲနဲ့ကြည့်မယ်ဆိုရင်တောင် ၀င်ခွင့်ရဖို့မသေချာဘူးမဟုတ်လား ”
သူမက ဟို့ယွိဟောင်ကြိုးစားစေဖို့ နောက်ထပ် ဆက်ပြီးမပြောတော့ပါဘူး။ ဟို့ယွိဟောင်က အတော်လေးကြိုးစားတဲ့သူဖြစ်နေတာ သူသိပြီသားမလို့ပါ။
ဟို့ယွိဟောင်က အလေးအနက်မေးလာခဲ့ပါတယ်။
” ဒါဆိုရင် သုံးလကြာစစ်ဆေးပြီတဲ့နောက် ကျွန်တော်ရဲ့ ၀ိညာဥ်စွမ်းအားကို သူတို့စမ်းသပ်ကြမှာလား ”
ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် သူ့ရဲ့ ၀ိညာဥ်စွမ်းအားကို အဆင့်ဆယ့်တစ်ကနေ အဆင့်ဆယ့်ငါးအထိ သုံးလအတွင်း မြင့်တင်ဖို့က မဖြစ်နိုင်တဲ့အရာပါပဲ။
ပေ့ပေ့က ခေါင်းခါရင်း ပြန်ဖြေပါတယ်။
” မဟုတ်ဘူး ငါတို့ကျောင်းတော်ရဲ့၀င်ခွင့်က အမြဲတမ်းတိုက်ခိုက်ရေးပွဲတွေနဲ့ပဲ ဆုံးဖြတ်တယ်…ဆရာတစ်ယောက်ပြောဖူးတာကတော့ တိုက်ခိုက်ရေးပွဲကို ရင်ဆိုင်ဖို့အတွက် စည်းစနစ်တကျ တွက်ချက်ထားတဲ့ နယ်မြေတွေရှိတယ်ဆိုပဲ ”
ဟို့ယွိယောင်က ခေါင်းညိတ်လိုက်ပါတယ်။
” ဆရာရှောင်ယာ့နဲ့ ဆရာတူအစ်ကိုကြီး ကျွန်တော်က ကျောင်းတော်သားတော်တော်များများနဲ့ မယှဥ်နိုင်တဲ့သူတော့ ဖြစ်ပါလိမ့်မယ်…ဒါပေမယ့် အနာဂတ်မှာ သူတို့ထက် သေချာပေါက် ပိုသာမှာပါ “‘
သူ့စကားတွေက အေးအေးဆေးဆေးရှိနေခဲ့သလို ခိုင်မာလေးနက်မှုကလဲ အထင်သားမြင်နေခဲ့ရပါတယ်။
ဟို့ယွိဟောင်ထက် ခေါင်းတစ်လုံးကျော်မြင့်နေတဲ့ ပေ့ပေ့ကတော့ လက်တွေကိုဆန့်ထုတ်ရင်း ဟို့ယွိဟောင်ရဲ့ ပုခုံးနှစ်ဖက်ကိုထိပြီး ပြောလာခဲ့တယ်။
” သွားရအောင် လာမဲ့သုံးလအချိန်ကို ဖြတ်ကျော်နိုင်မယ်ဆိုရင် မင်းအဆုံးအထိ သွားနိုင်မယ်လို့ ဆရာတူအစ်ကိုကြီးယုံကြည်တယ် ”
ပေ့ပေ့နဲ့ ထန်ယာ့က ဟို့ယွိဟောင်ကို ခေါ်လာရင်း အရှေ့မြို့ဂိတ်တံခါးကို ရောက်ရှိလာခဲ့ပါပြီ။
မြို့တံခါးရဲ့ အပြင်ဘက်မှာ ရပ်နေတဲ့လူငယ် အမျိုးသားအမျိုးသမီး ဆယ့်ယောက်ရှိနေခဲ့တယ်။ သူတို့တွေက ထန်ယာ့ ပေ့ပေ့တို့နဲ့ အသက်တူရွယ်တူလောက်ပါပဲ အားလုံးကလဲ အ၀ါရောင်၀တ်ရုံပေါ်မှာ အစိမ်းရောင်သင်္ကေတပါတဲ့ ၀တ်စုံတွေကို ၀တ်ဆင်လို့ထားခဲ့တယ်။ ဒါကတော့ အပြင်နယ်မြေရဲ့ ဒုတိယနှစ်နဲ့ တတိယနှစ်ကျောင်းသားတွေပါ။
ပေ့ပေ့ကိုမြင်ချိန်မှာ ချက်ချင်းဆိုသလို တလေးတစားနဲ့လှမ်းပြီး ပြောပါတော့တယ်။
” ဆရာတူအစ်ကိုကြီးပေ့ ပြန်လာပြီးလား ”
ပေ့ပေ့ကတော့ သူ့ရဲ့ ညီငယ်တွေနဲ့ အစ်ကိုကြီးတွေကို ပြုံးပြရင်း ပြန်နှုတ်ဆက်လိုက်ပါတယ်။ အဲ့ဒီနောက် စကားတစ်ချို့သာ ပြောရင်းဆက်ပြီး လျှောက်လာဖို့လုပ်တယ်။ ဒါပေမယ့် တစ်ချို့ကျောင်းသားတွေကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း ခေါင်းညိတ်နေကြတယ်။
” ဆရာတူအစ်ကိုကြီးရဲ့စကားကို ကျွန်တော်တို့ သံသယမရှိပါဘူး…ဒီလူငယ်လေးကို စာရင်းသွင်းဖို့အထဲခေါ်သွားလိုက်ပါ ”
ပေ့ပေ့က ပြုံးပြရင်း လက်မထောင်ပြလိုက်ပါတယ်။
” ကျေးဇူးပဲညီလေး နောက်တစ်ကြိမ်ကြရင်း ငါမင်းကို တစ်နပ်ကျွေးပါ့မယ် ”
တခြားသူကလဲ ရယ်မောရင်းနဲ့ ပြန်ဖြေပါတယ်။
” ဒါဆိုရင် ကျွန်တော်တော့ ဗိုက်ကားအောင်စားရပြီပေါ့ ”
ပေ့ပေ့ကတော့ လက်မြောက်ရင်း အဲ့ဒီကောင်လေးနဲ့ လက်၀ါးချင်ရိုက်လိုက်ပါတယ်။
” ငါဘယ်သူကိုမှ စိတ်မပျက်စေရပါဘူး ”
သူပြောပြီတာနဲ့ သူ့လူနှစ်ယောက်ဖြစ်တဲ့ ထန်ယာ့နဲ့ ဟို့ယွိဟောင်တို့ကိုခေါ်ပြီး အထဲကို၀င်သွားပါတော့တယ်။
မကြာခင်အချိန်အတွင်းမှာပဲ စာရင်းသွင်းမှုကို ပြီးမြောက်တဲ့ကျောင်းတော်သားအသစ်က အရှေ့မှာရှိနေတဲ့ ကျောင်းတော်သားကို မေးလိုက်တယ်။
” အစ်ကိုကြီး အဲ့ဒီလူက ဘယ်သူလဲ ”
” အဲ့ဒါက ဆရာတူအစ်ကိုကြီးပေ့လေ သူနာမည်က ပေ့ပေ့တဲ့ဒါပေမယ့် ငါတို့အားလုံးခေါ်ကြတာ သူ့ကို မိုးကြိုးသွားပေ့ပေ့လို့ ခေါ်တာသူက နံပါတ်တစ်သားရဲကောင်၀ိညာဥ်ဖြစ်တဲ့ လျှပ်စီးပြာဧကရာဇ်နဂါးကို ပိုင်ဆိုင်ထားတယ်….ဒါ့အပြင် အရမ်းကို ပါရမီရှိတဲ့သူ သူ့အသက်ဆယ့်သုံးနှစ်မှာတင် အဆင့်ဆယ့်သုံးကို ရောက်သွားပြီး ဒါ့အပြင် လက်ရှိအချိန်မှာ အဆင့်ဆယ့်လေးကို နီးကပ်နေတာကြောင့် လာမဲ့တစ်နှစ်နှစ်နှစ်အတွင်း ၀ိညာဥ်ဘိုးဘေးဖြစ်လာမှာပဲ ငါတို့အပြင် နယ်မြေမှာ အထူးချွန်ဆုံးပညာရှင်တွေထဲက တစ်ယောက်ဆိုလဲမမှားဘူး သူ့ရဲ့စွမ်းအားနဲ့ဆိုရင် ထန်ယာ့လို့ခေါ်တဲ့ ကောင်မလေးကို ဂရုစိုက်နေလို့သာ မဟုတ်လို့ကတော့ အစောကြီးကထဲက ငါးနှစ်မြောက် ကျောင်းသားဆင့်ခေါ်ပွဲအတွက် ဖြေဆိုပြီးနေပြီ အကယ်၍ သူသာ အဆင့်ဆယ့်လေးကို ရောက်ရှိသွားမယ်ဆိုရင် ခြောက်နှစ်မြောက် အတန်းစစ်ဆေးမှုကတောင် သူ့ကိုတားဆီးနိုင်မှာမဟုတ်ဘူး….ဆရာအစ်ကိုကြီးပေ့က သန်မာရုံတင်မကဘူး သူက လူတွေကို အမြဲတမ်းကြင်နာတယ်…အပြင်နယ်မြေမှာ အကျော်ကြားဆုံးသူကို ဘယ်သူလဲလို့မေးမယ်ဆိုရင် လူတိုင်းက သူ့နာမည်ကို ပြောကြမှာပဲ ”
” ဒါ့အပြင် အမျိုးသမီးကျောင်းတော်သူတွေအများကြီးကလဲ သူ့ကိုသဘောကျသေးတယ်…ဒါပေမယ့် သူကတော့ သူအမြဲတမ်းချစ်ရတဲ့သူကိုပဲ အာရုံစိုက်နေတာ ထန်ယာ့အတွက် တခြားရှိရှိသမျှ လူတွေအားလုံးကို ငြင်းပယ်ထားတယ်…ပြောရသလောက်အရတော့ အတွင်းနယ်မြေက အစ်မကြီးတွေတောင် သူ့ကို အတော်သဘောကျကြတယ်ဆိုပဲ အားလုံးကတော့ ဆရာတူအစ်ကိုကြီးပေ့အနေနဲ့ လာမဲ့နှစ်နှစ်အတွင်းမှာ အတွင်းနယ်မြေကို ၀င်ခွင့်ရမယ်လို့ သေချာပေါက် တွက်နေကြတယ် “‘
ပေ့ပေ့နဲ့ ထန်ယာ့တို့ကတော့ ဟို့ယွိဟောင်ကိုခေါ်ရင်း ကျောင်းတော်ထဲကို ရောက်သွားခဲ့ပါပြီး ကျောင်းတော်ကြီးက ဟို့ယွိယောင်ထင်မှတ်ထားတာနဲ့ ကွာခြားလို့နေခဲ့တယ်။ အတော်လေးကို သိမ်းမွေ့နူးညံ့တဲ့ ပတ်၀န်းကျင်ကို ပိုင်ဆိုင်လို့ထားခဲ့ပြီး မွှေးပျံ့တဲ့ပန်းရနံ့တွေသာ အဓိက လွှမ်းခြုံလို့ထားခဲ့ပါတယ်။ ကျယ်ပြန့်တဲ့လမ်းမကြီးပေါ် လျှောက်လာရင်း ကြည့်ကြည့်သမျှ နေရာတိုင်းမှာ ပန်းပင်တွေကို ဟို့ယွိဟောင် မြင်နေခဲ့ရတယ်။ ဒီအပင်တွေက အတော်ကိုအားကောင်းကောင်းနဲ့ ပေါက်ရောက်နေခဲ့တာပါ။
မီတာနှစ်ရာကျော်ကျော်အထိ လျှောက်လာပြီတဲ့နောက် ကြီးမားတဲ့ ရုပ်ထုကြီးတွေ ပေါ်လာတာကို မြင်လိုက်ရပါတော့တယ်။ မျက်စိတစ်ဆုံးရှိနေခဲ့တဲ့ ရုပ်ထုကြီးဆယ့်ခုက ဆယ့်မီတာကျော်မြင့်မားပြီး အတော်ကို ခိုင်ခံ့တဲ့ ကျောက်သားတစ်မျိုးနဲ့ ထွင်းထုလို့ထားခဲ့တာပါ။
အပိုင်း ၆•၃ ပြီး၏။