ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၉ – အကောင်းဆုံးစည်းချက်
အသက်မရှိတော့သည့် အသားပုံကြီးဘေးတွင် နဂါးသတ်ဖြတ်သူ ရှိနေသည်။ သားရဲခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများစွာရှိနေပြီး ထိုဒဏ်ရာများမှ သွေးများစီးကျနေသည်။ နီရဲနေသည့်မြင်ကွင်းမှာ အသက်မဲ့နေသည့်အလောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ကျိုးချွမ်မှာ ကြောက်ရွံ့တုန်လှုပ်နေသည်။ သူ သားရဲအလောင်းနားသို့ ကပ်လာကာ သွေးလွှမ်းနေသည့်ခန္ဓာကိုယ်ကို ထိလိုက်သည်။ သူ မယုံကြည်နိုင် ဖြစ်နေလေ၏။ ဤသည်မှာ သမိုင်းမတင်မှီခေတ်မှ ဒိုင်နိုဆောဖြစ်သည့် ထရိုင်နိုစောရပ်စ်ဒိုင်နိုဆောပင်။
“ငါတို့သာ ဒီဒိုင်နိုဆောကို အပြင်လောက ထုတ်ပြလိုက်ရင် တော်တော်လေး ပွက်လောရိုက်သွားမှာပဲ..” ကျိုးချွမ် ပြောလိုက်သည်။
“နဂါးအရွတ်..” နွားဝါလေး စာရေးပြလာသည်။ သူ့အတွက်တော့ မိုးကြိုးလေးကို ပြန်ပြင်ရန်မှာ အရေးအကြီးဆုံးပင်။
လေထဲ၌ သွေးနံ့များလှိုင်ထနေသော်လည်း မည်သည့်သားရဲမှ ဤနေရာသို့ ရောက်မလာသေး။ သူတို့အတွက်တော့ ဤသည်မှာ ထရိုင်နိုစောရပ်စ် အုပ်ချုပ်နေသည့်နယ်မြေပင်ဖြစ်သည်။
ချူဖုန်း အတွေးထဲနှစ်မြှုပ်နေသည်။ တိုက်ခိုက်နေသည့်မြင်ကွင်းများ သူ့စိတ်ထဲ ပြန်ပေါ်လာသည်။ သူ၏အသက်ရှူသံမှာ သူမသိလိုက်ခင်မှာပင် ထူးဆန်းသည့်အသက်ရှူစည်းချက်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
သူ့ပါးစပ်နှင့် နှာခေါင်းတစ်ဝိုက်တွင် အဖြူရောင်မြူခိုးများ ရစ်သိုင်းနေသည်။ ထိုအချိန်တွင် နေအလင်းရောင်သည် သိပ်သည်းလှသည့် မြူကို ထိုးဖောက်ကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာပြီး ရွှေရောင်အလင်းလွှာလေးတစ်လွှာ ဖြစ်လာသည်။
သူ့သွေးကြောထဲ နွေးထွေးမှုတစ်ခု စီးဆင်းနေကာ အမြှီးကြောင့် ရခဲ့သည့်ဒဏ်ရာမှ နာကျင်မှုများ ပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။
“အသက်ရှူတဲ့စည်းချက်က အရမ်းအံ့ဩဖို့ကောင်းတာပဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။ ထူးခြားသည့်အသက်ရှူစည်းချက်တွင် ကုသနိုင်စွမ်းလည်း ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့။ ဤပညာမှာ လျှို့ဝှက်ရတနာသိုက်ကြီးနှင့် တူနေသည်။ တူးဖော်လေလေ အံ့အားသင့်စရာများ တွေ့ရှိလေလေပင်။
ခဏကြာပြီးနောက် ထိုရွှေရောင်အလွှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကာ သူ့ဒဏ်ရာများလည်း လုံးဝပျောက်ကင်းသွားသည်။
အဝေးတွင် ကျိုးချွမ်နှင့် နွားဝါလေးတို့ နဂါးအရေခွံနွာရန် ကြိုးစားနေကြသည်။
“အရေခွံတွေက အရမ်းမာတာပဲ .. ကျည်ဆံတောင် တိုးမပေါက်လောက်ဘူး..” ကျိုးချွမ် ပြောလိုက်သည်။
နွားဝါလေးကတော့ အစကတည်းက ကြမ်းတမ်းသည့်နည်းလမ်းများသုံးသည့်သူပင်။ သူသည် ဟက်တက်ကွဲနေသည့် ဒဏ်ရာများ ပိုကွဲလာအောင် ခြေထောက်ဖြင့် စောင့်နင်းနေလေ၏။ သူသည် အရေခွံနွားလိုခြင်းမဟုတ်ပဲ အသားထဲမှ သူလိုချင်သည့်အပိုင်းများကို ရှာဖွေလိုခြင်းပင်။
“ငါလုပ်လိုက်မယ်..”
တောင်ကဲ့သို့သော အလောင်းပေါ်မှ ချူဖုန်း ခုန်ဆင်းလိုက်ကာ သူ့ဓားမြောင်ကို ဆွဲထုတ်လိုက်ပြီး အကြေးခွံများကို လွယ်လွယ်ကူကူပင် ခွာလိုက်လေသည်။ အတွင်းပိုင်းအသားကို မြင်ရသည်နှင့် နဂါးအရွတ်ကို စတင်ရှာဖွေလိုက်သည်။
နာရီဝက်ကြာပြီးနောက် အတော်လေးရှည်လှသည့် အရွတ်တစ်ခုကို ဆွဲထုတ်နိုင်ခဲ့သည်။
“ဒါက နဂါးအရွတ်လား .. တော်တော်လေး ထူတာပဲ..” ကျိုးချွမ် အနည်းငယ်ပင် မူးနောက်လာရသည်။ ထိုနဂါးအရွတ်ဟုခေါ်သည့်အရာ၏ အသေးဆုံးအပိုင်းမှာပင် လူကြီးတစ်ယောက်၏လက်မောင်းခန့်ရှိသည်။
“သူ့စွမ်းအင်ကို ထုတ်လိုက်..” နွားဝါလေး ရေးလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ အတွေ့အကြုံရှိနေသည့်ပုံပင်။ ထို့နောက် ထိုဆယ်မီတာရှည်သည့်အရွတ်ကို ရိုက်နှက်နေတော့သည်။ သူ့ကို ကြည့်ရသည်မှာ တစ်ခုခုရှာနေသည့်ပုံပင်။ သူတို့နှစ်ဦးကတော့ ဘေးဘက်၌ရပ်ကာ အကြောင်သားကြည့်နေကြရသည်။ သူတို့အခြေအနေမှာ ‘”လူပြိန်းက ဒီတိုင်းကြည့်နေပြီး ကျွမ်းကျင်သူက နားလည်တယ်” ဟူသည့်စကားပုံအတိုင်းဖြစ်နေသည်။
နောက်ဆုံးတော့ နွားပေါက်လေး ထူးခြားသည့်နေရာကို ရှာတွေ့သွားသည်။
ချူဖုန်း ထိုအရွတ်အား အနီးကပ်ကြည့်လိုက်သည့်အချိန်တွင် အရွတ်၏အထူထဲဆုံးအပိုင်း၌ ငွေရောင်ကြိုးမျှင်လေးတစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။
သူ့အနက်ရောင်ဓားမြှောင်ဖြင့် ကြိုးလေးကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် အရွတ်မှာ ခိုင်ခံ့လှသည်။ ထိုအရွတ် အပြင်ထွက်လာရန်အတွက် သူ အချိန်နှစ်နာရီ ယူလိုက်ရသည်ပင်။
ကြိုးမှာ နှစ်မီတာနီးပါးရှည်သည်။ ပါးလွှာပြီး ပျော့ပျောင်းသည့်အတွက် လေးကြိုးအဖြစ်သုံးရန် သင့်တော်လှသည်။ မိုးကြိုးလည်း တစ်မီတာခွဲခန့်ရှိသည့်အတွက် ကွက်တိပင်။
“အရှည်က ကွက်တိပဲ..”
ချူဖုန်း ကြိုးကို သားရဲ၏သွား၌ချည်ကာ ဤကြိုးတစ်ချောင်းတည်းဖြင့် သားရဲကြီးကို ဆွဲကြည့်လိုက်သည်။ သားရဲကြီး လေးလံလှသော်လည်း ကြိုးမှာ ပြတ်မသွား။
“ဒါက တကယ့်ကို ရတနာပဲ..” ဤကြိုးကို မည်သည့်နေရာ၌ သုံးမည်မှန်းမသိသော်လည်း ဤသည်မှာ အဖိုးတန်ပစ္စည်းတစ်ခုဖြစ်မှန်းတော့ သူသိသည်ပင်။
ထိုနတ်ဘုရားလေးမှာ အဘယ်ကြောင့် သားရဲကြီး၏အရွတ် လိုအပ်သည်ကို ချူဖုန်း နားလည်သွားပြီဖြစ်သည်။
“ပြန်ရအောင် .. ဒီကြိုးကို ဘယ်လိုပြင်ရမလဲဆိုတာ အဖိုးကျောင်းနဲ့ ဆွေးနွေးရမယ်” ချူဖုန်း ပြောလိုက်သည်။
သို့သော် နွားဝါလေး ခေါင်းခါပြလာလေ၏။ နွားပေါက်လေးသည် လေးကြိုးတပ်သည်ကို အတွေ့အကြုံရှိနေသည့်ပုံပင်။ “ဒါက သဘာဝလေးကြိုး .. ဘာမှပြင်စရာမလိုဘူး..” သူ မြေကြီးပေါ်၌ ရေးလိုက်သည်။
သို့သော် ချူဖုန်းကတော့ နွားဝါလေးကို ငြင်းလိုက်ကာ လေးကြိုးတပ်ရန် ရွာပြန်ယူသွားမည်ဟု အတင်းအကြပ် ပြောလာသည်။
“ဒါယူလိုက် .. အိမ်ပြန်ရောက်ရင် နဂါးအသားရဲ့အရသာကို မြည်းကြည့်လိုက်..” ချူဖုန်း သားရဲ၏ဗိုက်သားကိုဖြတ်ကာ ကျိုးချွမ်ကို ပေးလိုက်သည်။ အသားမှာ ဂျင်တစ်ရာကျော်သာ ရှိသောကြောင့် ကျိုးချွမ် သယ်နိုင်လိမ့်မည်ပင်။
“မင်းပြောတာမှန်တယ် .. ဒီနေ့ည ဒီအသားစားရအောင်..” ကျိုးချွမ် ခေါင်းညိမ့်၍ သဘောတူလိုက်သည်။ ဒိုင်နိုစောများ မျိုးတုန်းသွားသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ဤကဲ့သို့သော အကောင်မျိုး၏အသားကို စားရမည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။
ချူဖုန်း သူ့အတွက်လည်း ခုတ်ထစ်လိုက်သည်။ သူ့အသားကတော့ ဂျင်နှစ်ရာနီးပါးပင် ရှိနေသည်ပင်။ သူလည်း ယနေ့ည အောင်ပွဲခံရမည်။
“နဂါးသွား..” နွားဝါလေး ရေးလိုက်သည်။
နဂါးသွားဖြင့် မြှားများ ပြုလုပ်၍ရကြောင်း နွားပေါက်လေး ပြောလာသည်။ နတ်ဘုရား၏အကောင်းဆုံးလက်ဆောင်ကို ဤကဲ့သို့ ထားခဲ့လျှင် ဖြုန်းတီးရာ ရောက်လိမ့်မည်။
သားရဲကြီး၏ သွေးထွက်နေသည့် သွားဖုံးမှ သွားများကို ဆွဲနှုတ်ရန်အတွက် သူ အားအတော်လေး သုံးလိုက်ရသည်။ သို့သေသာ် နောက်ဆုံးတွင်တော့ ထိုသွား ပြုတ်ထွက်လာသည်။ ချူဖုန်း ထိုသွားများကို နွယ်ကြိုးဖြင့် ချည်လိုက်ကာ သူ့ပုခုံးပေါ် စလွယ်သိုင်းလိုက်သည်။
သူတို့ လာသည့်လမ်းအတိုင်း ပြန်သွားလိုက်ကြသည်။ သူတို့အပြန်လမ်းမှာ အတော်လေး ချောမွေ့နေသည်။ မည်သည့်သားရဲ၊ မည်သည့်ငှက်မှ သူ့တို့ကို တိုက်ခိုက်ခြင်းမရှိ။
ကျိုးချွမ်ကို သူ့မြို့ဝင်ပေါက်၌ ချပေးလိုက်ကာ ကျိုးချွမ် မြို့ထဲသို့ ဝင်သွားသည်ကို နှစ်ယောက်သာ ကြည့်နေလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး ချင်းရန်ရွာသို့ အမြန်ပြန်သွားလိုက်ကြသည်။
လေးနှင့်အတူ အသားဆယ်ဂျင်ယူကာ ချူဖုန်း အဖိုးကျောင်း၏လက်နက်ရုံသို့ ထွက်လာခဲ့လိုက်သည်။
ငွေရောင်အရွတ်ကို မြင်သည်နှင့် အဖိုးကျောင်းမှာ မျက်လုံးများ ကျွတ်ထွက်မတတ်ပင် ဖြစ်သွားသည်။
“မင်း နဂါးအရွတ်ကို ဘယ်ကနေရလာတာလဲ ချူဖုန်း .. ပြီးတော့ ဘယ်လိုရလာတာလဲ..” အဖိုးကျောင်းသည် ရုတ်တရက် အားအင်ပြည့်ဝလာသလို ခံစားလိုက်ရသည်။
သူ၏ဘဝတွင် ဤလေးကို ပြန်ပြင်ရန် မည်မျှပင် မျှော်လင့်ခဲ့သနည်း.. နောက်ဆုံးတော့ သူ့ဆုတောင်း ပြည့်သွားလေပြီ။
ချူဖုန်းကတော့ အနည်းငယ် အခက်တွေ့နေသည်။ သူ အဖိုးကျောင်းကို ဘယ်လိုရှင်းပြရမလဲ..
“သန္ဓေပြောင်းလူတစ်ယောက် ကျွန်တော့်ဆီကို လက်ဆောင်ပေးလိုက်တာပါ..” သူ လိမ်ပြောရမည်ပင်။ ဤသည်မှာ မယုံကြည်နိုင်စရာကောင်းသော်လည်း ချူဖုန်းကတော့ အဖိုးကျောင်းကို လျှို့ဝှက်ထားရန် တောင်းဆိုလိုက်သည်။
အဖိုးကျောင်း ခေါင်းညိမ့်လိုက်သည်။ တစ်ခုခု မူမမှန်သည်ကို ရိပ်မိသော်လည်း သူလည်း အသေးစိတ်သိစရာမလို။ သူ အရွတ်ကို သေချာစစ်ဆေးလိုက်ပြီးနောက် ဤအရွတ်ကို လေးကြိုးအဖြစ် သုံး၍ရကြောင်း သေချာသွားသည်။
နောက်ဆုံးတွင်တော့ အဖိုးကျောင်း၏ ညွှန်ကြားချက်နှင့်အတူ ချူဖုန်း အရွတ်ကို လေးကိုယ်ထည်၌ သေချာချည်လိုက်သည်။
အုန်း..
ချူဖုန်း လေးကြိုးကို အနည်းငယ် တီးခတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသည့်အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ သားရဲတစ်ကောင်၏အော်သံနောက် ငှက်တစ်ကောင်၏စူးရှသည့်အော်သံ ထွက်ပေါ်လာသည်။ ထို့နောက် နားကွဲလောက်သည့် မိုးခြိမ်းသံ ဆက်ထွက်ပေါ်လာလေ၏။
မိုးခြိမ်းသံကြောင့် အိမ်ပတ်လည်မှ ပြတင်းပေါက်များပင် ကွဲကြေကုန်သည်။
“အတော်စွမ်းတဲ့ နတ်လေးပဲ..” အဖိုးကျောင်း မျက်ရည်ဝဲလာသည်။
“အဖိုးကျောင်း .. ကျွန်တော်သုံးပြီးရင် ပြန်လာပေးမယ်နော် .. ကျွန်တော်ထင်တာတော့ ဒီလေးက အဖိုးအတွက် အရမ်းအရေးပါမယ်ထင်တယ်” ချူဖုန်း ပြောလိုက်သည်။ ဤသည်မှာ ရှားပါးသည့်ရတနာဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ချူဖုန်း အခြားသူများ၏ပစ္စည်းကို အမြတ်မထုတ်ချင်။
“မဟုတ်ဘူး မဟုတ်ဘူး .. မင်း ယူထားလိုက် လူငယ်လေး .. တစ်ခါတစ်လေ ငါကြည့်ဖို့ လာပြပေးရင်ရပြီ..” အဖိုးကျောင်း မျက်ရည်များကို သုတ်၍ ပြောလိုက်သည်။
ချူဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။ ဤသည်မှာ ချူဖုန်းသဘောတူနိုင်သည့် တောင်းဆိုချက်ဖြစ်သည်။ အမှန်တကယ်တွင် ချူဖုန်းသည် လေးတံကို အဖိုးကျောက်အိမ်တွင် ပိုသိမ်းထားလိုသည်။ သူ့ကိုယ်ပိုင်လုံခြုံရေးအတွက် လိုအပ်ခြင်းကြောင့်သာမဟုတ်လျှင် သူ ယူထားမည်မဟုတ်။
အဖိုးကျောင်း၏ လက်နက်ရုံမှ ထွက်မလာခင် ချူုဖုန်း မြှားများလည်း ယူလာခဲ့လိုက်သည်။
သူ ပြန်ရောက်သည့်အချိန်တွင် နွားဝါသည် စောင့်ဆိုင်းရ၍ အတော်လေး ပင်ပန်းနေပြီဖြစ်သည်။
“ငါတို့ ဒီမှာ စမ်းလို့မရဘူး .. တောထဲ သွားရအောင်..” ချူဖုန်း ပြောလိုက်သည်။ လူနေသည့်နေရာတွင် ဤမြှားလေးကြိုးကို ဆွဲလိုက်ပါက ပြဿနာကြီးသွားလိမ့်မည်။
တောင်တန်းများတွင်တော့ လူမနေကြ။
ချူဖုန်း လေးကို အစွမ်းကုန်ဆွဲလိုက်ကာ မြှားတပ်လိုက်သည်။ တစ်ခဏကြာပြီးသည့်နောက်တွင်တော့ ဤနေရာမှ ဒုံးချည်တစ်ခု ပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသည့်အသံ ထွက်ပေါ်လာသည်။ သားရဲများ၏ အော်ဟိန်းသံများမှာ ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေသည်။
ထို့နောက် လေထဲ၌ မိုးခြိမ်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ သူပစ်လိုက်သည့် မြှားတံနှင့်အတူ လျှပ်စီးတန်းတစ်ခုကိုပါ သူမြင်လိုက်ရသည်။
နွားပေါက်လေးသည် သူ့ဘေးပတ်လည်၌ ဖြစ်ပျက်နေသည့်အရာများကို လျစ်လျူရှုထားသည်။ ထိုမြှား မည်မျှအားကြီးသည်ကိုလည်း ဂရုမစိုက်။ ထိုအစား သူသည် တစ်ခုခုကိုသာ အာရုံစိုက် နားထောင်နေသည်။
ဝုန်း..
အဝေးရှိ တောအုပ်တွင် မီးခိုးနှင့်ဖုန်မှုန့်များ ထွက်ပေါ်လာသည်။
ချူဖုန်း အံ့အားသင့်သွားရ၏။ ဤသည်မှာ သာမန်မြှားတစ်စင်းမှ ထွက်လာနိုင်သည့် စွမ်းအင်မျိုးမဟုတ်။ သူ့အတွက်တော့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်သည်နှင့် ပိုတူနေသည်။
“နောက်တစ်ခေါက်..”
နွားဝါလေး မြေပြင်ပေါ်၌ မြန်မြန်ရေးပြလာသည်။ သူလည်း အလွန်စိတ်လှုပ်ရှားနေသည်ပင်။
ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ ဤသည်မှာ သူ မြှားပစ်လေ့ကျင့်ရန် အခွင့်ကောင်းပင်။ ဤစွမ်းရည်မှာ နောင်တွင် အသုံးဝင်လာလိမ့်မည်။
ချူဖုန်း လေးကို နောက်ထပ်တစ်ကြိမ် ကွေးညွှတ်လိုက်သည်။ မိုးခြိမ်းသံမှာ ပို၍ပင် ပြင်းထန်လာသည်။ နားကွဲလောက်သည့်အသံများကြောင့် ဘေးပတ်လည်မှ ကျောက်တောင်များနှင့် အပင်များ ပျက်စီးသွားကြသည်။
ဝှစ်..
ဒုတိယမြှားကို ထပ်ပစ်လိုက်သည်နှင့် မြှားလမ်းကြောင်းတစ်လျှောက် လျှပ်စီးတန်းတစ်ခု ထပ်ပေါ်လာသည်။ ထို့နောက် အဝေးတွင် ကျောက်တောင်တစ်ခု ပေါက်ကွဲသွားသည့်အသံ ထွက်ပေါ်လာလေကာ ကျောက်မိုးများ ရွာကျလာသည်။
နွားဝါလေးကတော့ မြှားကြောင့်ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို လျစ်လျူရှုထားဆဲပင်။ သူ့နားရွက်ကို လေးကိုယ်ထည်ပေါ်သို့ ကပ်ထားတာ တစ်စုံတစ်ခုကို အားစိုက်နားထောင်နေလေသည်။
နွားပေါက်၏ ရည်ရွယ်ချက်ကို ချူဖုန်း နားလည်သွားလေပြီ။ နွားပေါက်လေးသည် အစကတည်းက သူ့အကြံနှင့်သူ ရှိပြီးသားပင်။ ထို့ကြောင့် သူ ချူဖုန်းထက် ပို၍အလေးအနက်ထားနေသည်မှာ အံ့ဩစရာမရှိတော့။
“ဆက်ပစ်..”
နွားဝါလေး သူ့ကို ဆက်တိုက်ပစ်ခိုင်းလာသည်။ သူ့နားများကတော့ လေးကိုယ်ထည်၌ ရှိနေဆဲပင်။
ချူဖုန်းကတော့ ယနေ့ အတော်လေး ပူးပေါင်းပေးနေသည်။ သူ ဘာမှမမေးသလို ဘာမှလည်းမပြော။ မြှားများကိုသာ တစ်ချောင်းပြီးတစ်ချောင်း ပစ်လိုက်သည်။ ရုတ်တရက် ဤနေရာတစ်ခုလုံး လျှပ်စီးများ ပြည့်နှက်သွားသည်။
သူတို့ပစ်ကွင်းအတွင်း ရှိနေသည့် သစ်ပင်များအားလုံး သေဆုံးသွားကြကာ မြေပြင်တွင်လည်း အနက်ရောင်သစ်ရွက်များ ဖုံးလွှမ်းသွားသည်။
မြှားများမှာ ဆန့်ကျင်ဘက်တောင်ထိပ်သို့ တဟုန်ထိုးလွင့်ထွက်သွားကာ နောက်ဆုံးတွင် တောင်ကုန်းတစ်ဝက်ခန့် ပြိုကျသွားသည်။
နောက်ဆုံးတွင်တော့ ချူဖုန်း ယူလာသည့် မြှားအချောင်းတစ်ရာလုံး ကုန်သွားလေပြီ။ သူ၏မြှားပစ်စွမ်းရည်လည်း အတော်လေး တိုးတက်လာသည်ပင်။
သို့သော် နွားပေါက်ကတော့ မကျေနပ်သေးသည့်ပုံပင်။ လေးကို လက်ထဲ၌ကိုင်ထားကာ ဘယ်တစ်ပြန်ညာတစ်ပြန် ကြည့်နေလေ၏။
“မင်း ဘာရှာနေတာလဲ..” ချူဖုန်း မေးလိုက်သည်။
“အကောင်းဆုံး အသက်ရှူစည်းချက်..” နွားဝါလေး စာရေးပြလာသည်။ သူသည် ရှေ့ခြေထောက်ဖြင့် စာရေးပြနေသော်လည်း သူ့မျက်လုံးကတော့ လေး၌သာ ရှိနေသည်။
ဘာ.. ချူဖုန်း ထိတ်လန့်သွားရသည်။ သူ ရခဲ့သည့်အောင်မြင်မှုများမှာ အသက်ရှူလေ့ကျင့်ခန်းကြောင့် ရခဲ့သည်ကို သူသိသည်။ အသက်ရှူလေ့ကျင့်ခန်းမှာ နွားနတ်ဆိုးလက်ဝှေ့ပုံစံထက်ပင် ပိုစွမ်းအားကြီးသေးသည်။
ဤအသက်ရှူလေ့ကျင့်ခန်းမှာ ဆန်းကြယ်ကြောင်းကိုလည်း သူသိသည်။ တစ်ခါက နွားဝါလေးသည် လက်တစ်ဖက်ကို ကောင်းကင်သို့ညွှန်ပြီး အခြားတစ်ဖက်ကို မြေကြီးသို့ ညွှန်ပြကာ ဤအသက်ရှူစည်းချက်၏ ကြီးမြတ်မှုကို ချီးကျူးခဲ့သည်။
သို့သော် ပိုကောင်းသည့် အသက်ရှူစည်းချက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
“ဒါက ငါတို့ အသက်ရှူလေ့ကျင့်ခန်းထက်တောင် စွမ်းအားကြီးတာလား..” ချူဖုန်း မေးလိုက်သည်။
“စွမ်းအားက အတူတူပဲ…” နွားဝါ ရေးပြလိုက်သည်။
“နှစ်ခုလုံးအတူတူပဲဆိုရင် ငါတို့အတွက် တစ်ခုတတ်ရုံနဲ့ မရဘူးလား..” ချူဖုန်း မေးလိုက်သည်။ သို့သော်လည်း သူ သင်နေသည့်အသက်ရှူစည်းချက်မှာ စွမ်းအားအကြီးဆုံးစည်းချက်ဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူ အတော်လေး ပျော်ရွှင်သွားရသည်။
“ငါတို့ မိုးကြိုးအသက်ရှူစည်းချက်ကိုရရင် ငါတို့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ဒီထက် ပိုပြီး တိုးတက်လာလိမ့်မယ်.. တိုးတက်တဲ့နှုန်းကလည်း အရမ်းမြန်လာလိမ့်မယ်”
နွားဝါပြောသည့်အတိုင်းဆိုလျှင် အသက်ရှူစည်းချက် နှစ်ခုလုံးတွင် သူ့အားသာချက်နှင့်သူရှိနေသည်။
ပို၍အရေးကြီးသည်မှာ ယခု သူတို့လေ့ကျင့်နေသည့် အသက်ရှူလေ့ကျင့်ခန်းသည် မနက်ခင်းနှင့်ညတွင်သာ လေ့ကျင့်၍ရသည်။ လေ့ကျင့်သည့်အချိန်လည်း အကန့်အသတ်ရှိသည်ပင်။
သို့သော် မိုးကြိုး အသက်ရှူစည်းချက်ကတော့ ထိုသို့မဟုတ်။ ဤအသက်ရှူစည်းချက်ကိုသာ ကျွမ်းကျင်သွားလျှင် သူတို့လေ့ကျင့်သည့်အချိန်လည်း တိုးလာလိမ့်မည်။
“မိုးကြိုးမှာ ထူးခြားတဲ့စွမ်းအား ရှိတာလား..” ချူဖုန်း မေးလိုက်သည်။
“ဒါက ခွန်အားတစ်မျိုးပဲ..” နွားဝါလေး ရေးပြလာသည်။
‘ခွန်အားတစ်မျိုး’ ဆိုသည်မှာ လေ့ကျင့်စဉ်အတွင်း လူသားခန္ဓာကိုယ်၌ ဖြစ်လာမည့်အကျိုးဆက်များပင်။ ခန္ဓာကိုယ်ထဲရှိ အာရုံများကို တစ်ပြိုင်နက်တည်း ဖွင့်ပေးလိုက်သည်နှင့် သီအိုရီအရ ထိုလူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပို၍ တောင့်တင်ခိုင်မာလာမည်ပင်။
သို့သော် ဤပညာ၏ဆိုးကျိုးလည်း ရှိသည်ပင်။ ထို ‘ခွန်အား’မှာ လူသားခန္ဓာကိုယ် သည်းခံနိုင်သည့်ပမာဏထက် ကျော်လွန်နေတတ်သောကြောင့် ခန္ဓာကိုယ်ကို ထိခိုက်လာနိုင်သည်။ ခန္ဓာကိုယ်မှ ထွက်လာသည့်ခွန်အားကြောင့် လူသေသွားသည့် ရှားပါးဖြစ်ရပ်များပင် ဖြစ်ခဲ့ဖူးသည်။
သို့သော် မိုးကြိုးအသက်ရှူစည်းချက်ကို မလေ့ကျင့်ခင် အခြားအသက်ရှူစည်းချက်တစ်ခုကို ကျွမ်းကျင်ထားပါက ထိုဆိုးကျိုးကို ဖယ်ရှားနိုင်သည်ဟု နွားဝါလေး ပြောလာသည်။
နွားဝါလေး ဤမိုးကြိုးကို အဘယ်ကြောင့် ဤမျှတန်ဖိုးထားနေသည်ကို ချူဖုန်း နားလည်သွားလေပြီ။
ချူဖုန်းလည်း နွားဝါနှင့်အတူ လေးကို လေ့လာလိုက်သည်။
နွားဝါလေး ပြောပုံအရ ဤနတ်ဘုရားလေးမှာ သူ့ပိုင်ရှင်မှ မိုးကြိုးအသက်ရှူစည်းချက်ကို အသုံးပြုသောကြောင့် ဤကဲ့သို့ အစွမ်းထက်လာခြင်းဖြစ်သည်ဟု ပြောကြသည်။ သူ့ပိုင်ရှင်ဘေးတွင် နှစ်ပေါင်းများစွာ အဖော်ပြုပြီးနောက် ဤလေးလည်း ပိုင်ရှင်၏အသက်ရှူစည်းချက်ကို တုံ့ပြန်လာခဲ့သည်။ နောက်ဆုံးတွင်တော့ ဤလေးသည် ယနေ့မြင်နေရသည့် ထူးခြားသည့်စွမ်းအား ပိုင်ဆိုင်သွားသည်ပင်။
ထို့ကြောင့် မိုးကြိုးအသက်ရှူစည်းချက် မည်မျှပင် ခွန်အားကြီးသည်ကို မြင်နိုင်သည်။ သူ့ဆရာ၏ အသက်ရှူစည်းချက်ကိုတုံ့ပြန်နိုင်လာနိုင်ကာ သူလည်း နတ်ဘုရားလက်နက်တစ်ခု ဖြစ်သွားခဲ့သည်။
“အဲဒီတော့ လေးက အစက ရတနာတစ်ခု မဟုတ်ဘူးပေါ့..” ချူဖုန်း အံ့အားသင့်သွားရသည်။
နွားဝါလေး ချူဖုန်းကို စိုက်ကြည့်လိုက်သည်။
ချူဖုန်း နွားဝါလေးထံမှ သိချင်သေးသည်။ ထူးခြားသည့်အသက်ရှူစည်းချက်မှာ လူတစ်ယောက်၏ အတွင်းအားနှင့် ဝိညာဉ်အားကို တိုးတက်စေနိုင်သလားဟု သူ မေးလိုက်သည်။
ချူဖုန်း၏အမေးစကားမှာ နွားဝါ၏စက်ဆုပ်မှုဖြင့် ကြိုဆိုခံလိုက်ရသည်။ ဤသည်မှာ ချူဖုန်း၏မေးခွန်းသည် နွားဝါလေး၏ စံသတ်မှတ်ချက်ထက် နိမ့်နေသည်ကို ပြသလိုက်ခြင်းပင်။
ချူဖုန်း ရှက်သွားကာ အဝေးသို့ လျှောက်သွားလိုက်သည်။ သူ အတွေးလွန်သွားကြောင်း သူသိသည်ပင်။ အသက်ရှူစည်းချက်မှာ ထိုအရာများနှင့်မဆိုင်။
အပိုင်း ၄၉ ပြီး၏။