ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၈ – နဂါးအမဲလိုက်ခြင်း
ကျိုးချွမ်သည် တွေဝေတုန့်ဆိုင်းနေသော်လည်း နောက်ဆုံးတွင် သမိုင်းတွင်မည့် နဂါးအမဲလိုက်ခြင်းခရီးကို လိုက်ပါသွားရန် သဘောတူလိုက်သည်။
နောက်ဆုံးတစ်ခေါက်က ကြုံတွေ့ခဲ့သည့် သေခါနီး အဖြစ်အပျက်များမှာ သူ့စိတ်ထဲ စွဲထင်နေဆဲပင်။ ယခုထိတိုင်အောင် ထိုမြင်ကွင်းများကို ကွင်းကွင်းကွက်ကွက်မြင်ရဆဲဖြစ်ပြီး တစ်ခါတစ်ရံ သူ့မျက်စိရှေ့ ထွက်ပေါ်လာကာ သူ့ကို တစ်နေကုန် ချောက်လှန့်နေသည်။ တူညီသောမြင်ကွင်းကို တူညီသောအစီအစဥ်အတိုင်း နေ့တိုင်းလိုလို တွေ့မြင်ရသည့်အပြင် ညရောက်လျှင်လည်း ဤအကြောင်း အိပ်မက်မက်သေးသည်။ ပထမ အသားစားငှက်တစ်ကောင်၏ လိုက်ဖမ်းခြင်းခံရ၍ သူသတိလစ်မတတ် ကြောက်လန့်သွားခဲ့ရသည်။ ထို့နောက် ချူဖုန်းနှင့် လက်နက်ကိုင်စစ်သားများကြားမှ ရာဇဝင်တွင်သည့်တိုက်ပွဲအကြောင်း ပေါ်လာသည်။ ထိုမြင်ကွင်းမှာ ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သည်ပင်။
ချူဖုန်းနှင့် နွားဝါတို့မှာ မြန်လှသည်။ ကျိုးချွမ် အိမ်မှပင် မထွက်ရသေးသောလည်း သူတို့နှစ်ဦးက မြို့နားသို့ ရောက်နေလေပြီ။
ကျိုးချွမ်သည် ဆုံးဖြတ်ချက်ချရန် တွေဝေနေသော်လည်း သတ္တိမွေးပြီး ချူဖုန်းတို့နှင့် လိုက်သွားရုံမှလွဲ ရွေးချယ်စရာမရှိ။ ချူဖုန်းနှင့် နွားဝါလေးတို့ မြို့ဝင်ပေါက်၌ စောင့်နေသည်ကို တွေ့သည်နှင့် သူ့ခြေလှမ်းများ ပို၍နှေးလာသည်။
ချူဖုန်းသည် ကျိုးချွမ်ကို မြင်လိုက်ရသည့်အချိန် အစပိုင်းတွင် ဆွံ့အသွားသော်လည်း နောက်တော့ ဝါးလုံးကွဲ ရယ်ချလာလေသည်။
ကျိုးချွမ် ဆံပင်ကောက်ထားခြင်းပင်။ ကောက်နေသည့်ဆံပင်ကို နောက်လှန်တင်ထားသောကြောင့် သူ့ခေါင်းမှာ ပုံမှန်ထက် နှစ်ဆဖြစ်နေသည်။ ထို့အပြင် ဆီများရွှဲနေအောင် လိမ်းထားသောကြောင့် ဆံပင်မှာ ပြောင်လက်နေသည်။
“တော်တော်ထူးဆန်းတဲ့ ဆံပင်စတိုင်ပါလား ဟေ့ကောင်..” ထိုဆံပင်ပုံစံကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် ချူဖုန်း မသိတော့။
သူတို့မတွေ့သည်မှာ ရက်အနည်းငယ်သာ ကြာသေးသောလည်း ကျိုးချွမ်ကတော့ ပိုပိန်သွားပုံပင်။ ယခင်က ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်ခဲ့သည့် သူ့ဗိုက်မှာ ယခုတော့ တစ်ဖြည်းဖြည်း ပိန်ကပ်လာလေပြီ။ သူသည် ဝါးခြမ်းပြားကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
“မင်းက ဘာလို့ ရုတ်တရက်ကြီး ပိန်လာတာလဲ .. မင်း ပိန်ဆေးသောက်ထားတာလား..” ချူဖုန်း စနောက်လိုက်သည်။
နွားဝါလေးလည်း အံ့အားသင့်သွားရသည်ပင်။ သူ့မျက်လုံးထဲတွင် ကျိုးချွမ်သည် အခြားလူတစ်ယောက်ကဲ့သို့ပင် ဖြစ်သွားသည်။ တစ်ချိန်က ‘ရယ်နေသည့်ဗုဒ္ဓ’ဟု ချူဖုန်း တင်စားခဲ့သူမှာ ယခုတော့ အရိုးခြောက်ထုပ်ကဲ့သို့ ပိန်ကပ်သွားသည်ပင်။
ကျိုးချွမ်လည်း အတော်လေး ဒေါသထွက်နေသည်ပင်။ သူသည် ဦးခေါင်းပေါ်မှ ဦးချိုတစ်စုံကို လက်ညှိုးထိုးလိုက်ကာ “ငါ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေအားလုံးကို သူပဲ စုတ်ယူနေတာလေ .. တစ်နေ့ကျရင် .. တစ်နေ့ကျရင် ငါ ဒီဟာတွေကို လွှနဲ့ကို ဖြတ်တိုက်ပစ်ဦးမယ်..”
ဦးချိုကြီးသည် တကယ်ကိုပင် ယခင်ကထက် ပိုကြီးလာသည်ပင်။ ဦးချိုသည် လေးလံရုံသာမက ပုံလည်းတုံးလှသည်။ ယခင်က သူ နွားဝါကို ‘နွားနတ်ဆိုး’ ဟု ခေါ်ခဲ့သောကြောင့် ယနေ့ သူ ဝဋ်လည်ကာ သူကိုယ်တိုင် ‘နွားနတ်ဆိုး’ ဖြစ်သွားလေပြီ။
နွားဝါသည် ကျိုးချွမ်နားကပ်လာပြီး ဦးချိုကို သူ့ရှေ့ခြေထောက်ဖြင့် အသာလေးပွတ်သတ်လိုက်လေ၏။ ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်၊ သို့သော် ဤအပြုံးမှာ လှောင်ပြောင်ခြင်းမဟုတ်ပဲ စာနာခြင်းကို ပြသည့်အပြုံးဖြစ်သည်။ ရှားရှားပါးပါး သူ၏ရင်းနှီးမှုကို ပြသကာ ကျိုးချွမ်ပုခုံးကို ပုတ်ပေးနေလေသည်။
“မင်း တစ်ခုခု ပြောချင်နေတာလား..” ကျိုးချွမ် နွားဝါလေးကို သတိကြီးကြီး ကြည့်လိုက်သည်။ နွားဝါလေး ရင်းနှီးပုံပြသည်နှင့် သူ နေမထိထိုင်မသာဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ ဘယ်တုန်းကမှ နွားဝါလေးထံမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခံရဖူးပေ။
“မင်း ပိုကြည့်ကောင်းလာတယ်..” နွားဝါလေး မြေပြင်ပေါ်၌ စာရေးလိုက်သည်။ နွားဝါလေးထံမှ ချီးကျူးစကားကြားရသည်မှာ ရှားပါးလှသည်။ ကျိုးချွမ်ကဲ့သို့ သူ ခါးခါးသီးသီးမုန်းသည့်သူမပြောနှင့် မည်သူ့ကိုမှ သူ မချီးကျူးဖူး။
ကျိုးချွမ် ရင်ခုန်သွားကာ ယုံကြည်ချက်နှစ်ဆဖြင့် ခေါင်းမော့ပြီး ဂုဏ်ယူဝင့်ကြွားနေလေသည်။ ဦးချိုမှာ ရိုးရိုးဦးချိုဖြစ်သော်လည်း အများထင်ထားသည်နှင့် ဆန့်ကျင်စွာပင် ကျိုးချွမ် ဤဦးချိုကို နှစ်သက်ပြီး ဤ ဦးချိုကြောင့် သူ့ရုပ်ရည်မှာ ပို၍ချောမောလာသည်ဟု ထင်သည်။ အခု နွားဝါပင် သူ့ကို သဘောတူနေသောကြောင့် ကျိုးချွမ် အပျော်ကြီး ပျော်နေလေသည်။
သို့သော် နွားဝါလေးသည် မြေပြင်ထက်၌ စာအချို့ ထပ်ရေးလာသည်။ “မင်းက ငါတို့ထဲမှာ ချောတယ်လို့ပြောတာ .. ငါတို့ဆိုတာကလည်း တောထဲက သားရဲတွေကို ပြောတာနော်..”
“ခွေးကောင် .. ငါ မင်းကို သေအောင်သတ်မယ်..” ကျိုးချွမ် အော်ဟစ်လိုက်သည်။ နွားဝါသည် တစ်ချိန်လုံး သူ့ကို သားရဲဟု သတ်မှတ်ထားနေခြင်းသာ။ သူ စိတ်လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင်တော့ သူသည် ဟာသတစ်ခုသာ ဖြစ်နေသည်လား..
သူတို့သုံးဦး ရှေးဟောင်းတောင်ထဲသို့ ထပ်မံဦးတည်လိုက်ကြသည်။ သို့သော် ယခုခရီးတွင်တော့ ကျိုးချွမ်၏ဆဲဆိုသံများသာ တစ်လမ်းလုံး ဆူညံလာသည်။ ကျိုးချွမ်၏ဆဲဆိုသံနောက်တွင် နွားဝါလေး၏ အဓိပ္ပာယ်မရှိသည့်အော်သံများ တွဲကပ်ပါလာသည်ပင်။ သူတို့နှစ်ယောက်လုံး၏ အော်သံများကို သည်းခံနေရသူမှာ ချူဖုန်းပင်ဖြစ်သွားသည်။
နောက်ဆုံးတွင်တော့ သူတို့သုံးဦး တောင်နားသို့ ရောက်လာကြလေပြီ။
တောင်ပေါ်တွင် ထူထပ်စွာပေါက်ရောက်နေသော တောအုပ်များကို ကြည့်ပြီး ကျိုးကွမ် ကြောက်ရွံ့တုန်လှုပ်လာသည်။ ယခင်တစ်ခေါက်မှ အတွေ့အကြုံနှင့်မှတ်ဉာဏ်မှာ သူ့ကို ယနေ့ထိ ခြောက်လှန့်နေဆဲပင်။
“အမ်..ငါတို့ ဖြည်းဖြည်းပဲ သွားရအောင်လား…” ကျိုးချွမ် တိုးတိုးတိတ်တိတ်ရေရွတ်လိုက်သည်။ တောနက်ထဲသို့ မဝင်မှီ ပတ်ဝန်းကျင်နှင့် နေသားကျရန် သူ အချိန်ခဏယူချင်သည်။
သို့သော် သူ စကားပြော၍ မပြီးသေးခင်မှာပင် ရုတ်တရက် လေထဲခုန်တက်သွားကာ မြင်းရိုင်းတစ်ကောင်ကဲ့သို့ ကဆုန်ပေါက် ပြေးနေလေ၏။
သူ့ရှေ့တွင် အမြင့်၃မီတာရှိသည့် ပင့်ကူတစ်ကောင် လေထဲမှ ကျလာခြင်းပင်။။ ပင့်ကူလည်း ရပ်ကြည့်နေမည်မဟုတ်။ ကျိုးချွမ် ကျိုးကွမ်သည် အရူးတစ်ယောက်ကဲ့သို့ ပြေးနေသော်လည်း ပင့်ကူမှာ သူ့ထက်ပိုမြန်သည်။
“အား ချီး ထပ်လာပြန်ပြီ” ကျိုးကွမ် အာဗြဲအောင် အော်ဟစ်လေသည်။
သူ ကံဆိုးခဲ့သည့် ခရီးစဉ်အကြောင်းကို တွေးမိတိုင်း ကြောက်ရွံ့နေဆဲပင်။
သို့သော် သူ အားကောင်းချင်လာလေလေ ဤကဲ့သို့သော အတွေ့အကြုံမျိုးကို ပိုကြုံတွေရလေလေ ဖြစ်မည်ကို သူသိသည်။ နောင်အနာဂတ်တွင် အသက်ရှင်နိုင်ရန် သူ ဤစွမ်းရည် လိုအပ်သည်။
ဤလောကတွင် သန္ဓေပြောင်းလူသားများထက် သန္ဓေပြောင်းသားရဲများနှင့် ငှက်များက ပိုများနေပြီဖြစ်ကြောင်း ချူဖုန်း သူ့ကို ပြောပြထားသည်။ အများစုမှာ ပုန်းအောင်နေဆဲဖြစ်သော်လည်း သူတို့ထွက်လာရန် အချိန်တစ်ခုသာ လိုအပ်သည်။
ကျယ်ပြောလှသော တောအုပ်ထဲတွင် သစ်ပင်များထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေပြီး သစ်ရွက်ကြွေများမှာ စိုစွတ်သောမြေဆီလွှာပေါ်တွင် ထူထပ်သောအလွှာများဖြစ်လာကြသည်။ ထို့နောက် ထိုသစ်ရွက်များတဖြည်းဖြည်းဆွေးမြေ့သွားပြီး အပင်များကို အာသာရပေးသည့် မြေဆွေးများ ဖြစ်သွားကြလေသည်။
ရေပိုက်လုံးထက်ပိုထူသည့် ပင်စည်ပတ်လုံးရှိသော နွယ်ပင်များရှိသလို ကောင်းကင်နှင့်နေကို အပြည့်ကာထားနိုင်သည့် သစ်ပင်င်းကြီးများလည်း ရှိသည်။ ထိုသစ်ပင်များ၏ပင်စည်ပတ်လုံးများမှာ ကောင်းကင်ကို ထောက်ထားသကဲ့သို့ ကြီးမားတုတ်ခိုင်လှသည်။
တောအုပ်ထဲတွင် ဤကဲ့သို့သော သစ်ပင်များ ဧကများစွာ ရှိပြီး လေထုအနံ့အသက်လည်း ဆိုးဝါးလှသည်။ သာမန်လူတစ်ယောက်မှာ ထိုအနံ့အသက်ဆိုးများကို ခံနိုင်ရည်ရှိမည်မဟုတ်။
လေထဲတွင် မြူခိုးများလည်း ရစ်ဆိုင်းနေသေးသည်။ သစ်ပင်ကြီးများနှင့် မြူခိုးများ ပေါင်းသွားသည့်အချိန်တွင် ကောင်းကင်နှင့် နေမင်းကြီးကို လုံးဝမမြင်ရတော့။ သို့သော် တစ်ခါတစ်ရံ ကောင်းကင်၌ ပျံဝဲနေသည့်အကောင်များကို သူတို့တွေ့နေရသည်။
ထိုငှက်များသည် သူတို့အတောင်ပံများကို ဖြန့်ကျက်ကာ တိမ်တိုက်များကဲ့သို့ ရွေ့လျားနေကြသလို သားရဲအော်သံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။
ဤတောအုပ်ထဲသို့ ဝင်လာရဲသည့်သူများမှာ ကမ္ဘာသစ်တစ်ခုကို တွေ့လိုက်ရသည်ပင်။
“ငါတို့ နဂါးဖမ်းဖို့ ဒီကိုလာတာလား..” ကျိုးချွမ် မယုံကြည်နိုင် ဖြစ်နေသည်။ ဤလောကတွင် သူ နဂါးကို တစ်ခါမှ မမြင်ဖူး။
ချူဖုန်းလည်း သံသယဝင်နေသည်ပင်။ ဒီတောင်ထဲမှာ တကယ် နဂါးတစ်ကောင် ရှိနေတာလား.. တကယ်လို့ ရှိခဲ့ရင်တောင် ဒဏ္ဍာရီလာသတ္တဝါကို သူတို့ ယှဉ်နိုင်ပါ့မလား..
နွားပေါက်လေးသည် ခေါင်းညိမ့်ပြကာ နဂါးတကယ်ရှိကြောင်း အတည်ပြုလိုက်သည်။
ထို့အပြင် နွားပေါက်လေးမှာ အနည်းငယ် တုန်လှုပ်နေကာ လေးနက်နေ၏။ ဤသည်မှာ ချူဖုန်းကို ထိုအကောင်နှင့်တိုက်သည့်အချိန် သတိထားရန် သတိပေးနေခြင်းပင်။
“မင်းဆိုလိုတာက ငါကိုယ်တိုင် နဂါးရှာရမှာလား..” ချူဖုန်း မျက်လုံးများ ပြူးကျယ်လာသည်။
“ဒါပေါ့..” နွားဝါလေး မြေကြီးပေါ်၌ စာရေးလိုက်သည်။
“ငါ့အထင် ဒီနွားပေါက်က မွေးကတည်းက သူများကို လှည့်စားလာတာနေမှာ .. သူ့စကား နားထောင်မနေနဲ့..” ကျိုးချွမ် ပြောလိုက်သည်။
နွားဝါလေး သူ့ကို သတ်ဖြတ်လိုသည့်အကြည့်ဖြင့် ကြည့်လာပြီးနောက် ချူဖုန်းကို ကျိုးချွမ်ကိုလည်း ခေါ်သွားရန် ပြောလိုက်သည်။
နွားဝါ၏စကားများမှာ ကျိုးချွမ်ကို ကျောချမ်းသွားစေသည်။ သူသည် ပါးစပ်ကို တစ်ခါတည်းပိတ်လိုက်တော့သည်။ ဘာစကားမှ ထပ်မပြောရဲတော့။ ယခင်တစ်ခေါက်က မျောက်ကြီးကိုစိတ်တိုအောင်လုပ်ပြီး သူ့ထံသို့ ခေါ်လာခဲ့သည့်သူမှာ နွားဝါပင်။ ထိုတုန်းက သူ သေးထွက်ကျမတတ် ကြောက်သွားခဲ့သည်ပင်။ ထိုအချိန်ကတည်းက ကျိုးချွမ် သင်ခန်းစာတစ်ခု ရသွားသည်။ ‘ဘာကိစ္စပဲဖြစ်ဖြစ် နွားပေါက်ကို ဒေါသထွက်အောင် မလုပ်နဲ့’
တောအုပ်မှာ ပို၍ မတ်စောက်လာသည်။ တစ်ခါတစ်ရံ သူတို့သည် ထိုးထွက်နေသော ကျောက်တုံးများကိုကိုင်ပြီး မတ်စောက်သည့်ချောက်ကို တက်ခဲ့ကြသည်။ သူတို့ဖြတ်လာခဲ့သည်မှာ တစ်တောင်ပင်မကတော့။ တစ်တောင်ပြီးတစ်တောင်တက်ကာ တောနက်ပိုင်းသို့ ရောက်လာပြီဖြစ်သည်။
သူတို့သည် စိမ့်မြေများကိုပင် ကျော်ဖြတ်ခဲ့ကြရသည်။
သူတို့ ပန်းတိုင်နားရောက်လာသည့်အချိန်တွင် နွားဝါသည် တစ်ဖြည်းဖြည်းချင်း အရှိန်နှေးသွားသည်။
အရှေ့ဘက်တွင် သစ်ပင်များ ကျဲလာပြီး မြေကြီးလည်း ခြောက်သွေ့လာသည်။ လေထုထဲတွင်လည်း မကောင်းဆိုးဝါးဝိညာဥ်တို့၏ အငွေ့အသက်များဖြင့် ပြည့်လျှံနေသည်။
ဤနေရာသည် ဘေးပတ်လည်ရှိနယ်မြေများနှင့် လုံးဝကွာခြားနေသည်ပင်။
အနံ့အသက်များမှာ ပို၍ဆိုးရွားလာသည်။ တစ်ခါတစ်ရံ သားရဲအချို့ ဖြတ်သွားကြသော်လည်း အားလုံး ဤနေရာကို ရှောင်သွားကြသည်ပင်။ သူတို့သုံးယောက်လုံး အခြားသူများ မလာရဲသည့်နေရာသို့ ရောက်လာကြလေပြီ။
ဤနေရာမှ သူတို့ပန်းတိုင်ပင်။
နွားဝါ အချက်ပြလိုက်သည်။ အရှေ့ဘက်တွင် ရေသေကန်တစ်ကန်ရှိနေပြီး ကန်ဘေးတွင် ကျောက်သစ်တောတစ်ခုရှိသည်။ ထိုတောအုပ်ထဲတွင် အဖြူရောင်အရိုးများပုံနေသည့် မြေကွက်လပ်ကြီးတစ်ခုလည်း ရှိနေသည်။
ထိုအရိုးများမှာ တောရိုင်းကောင်မျိုးစုံ၏ အရိုးများဖြစ်ပြီး အကောင်တစ်ကောင်တည်းမှ စားထားပုံပေါ်သည်။ အသားများကို စားပြီးသွားသည်နှင့် အရိုးများကို မြေကွက်လပ်တွင် ဤအတိုင်းပစ်ထားလေသည်။
ထိုမြေကွက်လပ်အနောက်ဘက်တွင် မြူများ ပို၍အုံ့ဆိုင်းနေပြီး မည်သည့်သားရဲ၊ မည်သည့်ငှက်ကိုမှ မမြင်ရတော့။ သို့သော် လေထဲရှိ မကောင်းဆိုးဝါးဝိညာဥ်အငွေ့အသက်မှာ သူ့မျက်နှာကို ဆွဲဖြဲနေသကဲ့သို့ပင် ခံစားနေရသည်။ ဤနေရာသည် တကယ်ကို ကြောက်စရာကောင်းလှသည်။
နွားဝါလေးသည် ရှေ့ဆက်မသွားတော့ပဲ ကျိုးချွမ်နှင့်အတူ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သောကြောင့် ချူဖုန်းသာ ကျန်ခဲ့တော့သည်။
ချူဖုန်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ခြေလှမ်းကျယ်ကြီးနှင့် ထိုမြေကွက်လပ်ထံသို့ သွားလိုက်သည်။
ကျိုးချွမ်နှင့် နွားပေါက်လေးတို့သည် ချူဖုန်း သွားနေသည်ကိုသာ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြသည်။ ကျိုးချွမ်မှာ အသက်ရှူရပ်လုနီးပါးပင် ဖြစ်နေလေပြီ။ “အဲဒီမှာ တကယ်ပဲ နဂါးတစ်ကောင်ရှိနေတာလား..” ကျိုးချွမ် သူ့ကိုယ်သူ ပြောလိုက်သည်။
လေပြေလေး တိုက်ခတ်သွားသည့်အချိန်တွင် မြူခိုးများ လွင့်ပြယ်သွားကာ မြင်ကွင်းများ ရှင်းလင်းလာသည်။ သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ကျိုးချွမ်၏ခန္ဓာကိုယ်တောင့်တင်းသွားကာ မိန်းကငယ်လေးကဲ့သို့ အော်ဟစ်လုနီးပါး ဖြစ်သွားသည်။
ဤသည်မှာ မြူခိုးများကြားမှ စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံပင်။ မျက်လုံးသည် မီးအိမ်တစ်လုံးကဲ့သို့ ကြီးမားလှပြီး အကြည့်များမှာ အေးစက်လှသည်။ ဤသည်မှာ ကြီးမားလှသည့် သားရဲကောင်ကြီး၏ မျက်လုံးများပင်။
ထိုမျက်လုံးများကို မြင်လိုက်ရသည်နှင့် ချူဖုန်း တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။
တောရိုင်းကောင်ကြီးမှာ အနည်းဆုံး ၁၀ မီတာမြင့်ပြီး ရှည်လျားသည့် သူ့တစ်ကိုယ်လုံးကို အကြေးခွံဖြင့် ဖုံးအုပ်ထားသည်။ သူ့ခန္ဓာကိုယ်အရှေ့ပိုင်းမှာ တိမ်စိုင်များကိုပင် ထိုးဖောက်နေပြီဖြစ်သည်။
သူ၏မျက်လုံးများမှာ ငွေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သူ့မျက်လုံးအား စိုက်ကြည့်ရဲသူတိုင်းကို ကြောက်လန့်သွားအောင် လုပ်နေသည်။
ထိုသားရဲသည် ထွက်လာသည်နှင့် သူ၏ကြမ်းတမ်းရက်စက်မှုတို့ကို ပြသလာသည်။ သူ ချူဖုန်းထံသို့ ပြေးလာနေပြီး သူ့ခြေလှမ်းတစ်လှမ်းတိုင်းမှာ ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေသည်။
ဝုန်း..
သားရဲကြီး၏အမြှီးမှာ ကျောက်တုံးသစ်တောထဲရှိ ကျောက်တုံးအပုံကြီးကို ကြေမွသွားအောင် လုပ်လိုက်လေသည်။
“ထရိုင်နိုစောရပ်စ်လား..”
သားရဲကောင်တစ်ကောင်လုံးကို သူ မြင်လိုက်ရလေပြီ။ သူ၏အသွင်အပြင်မှာ ထရိုင်နိုစောရပ်စ်နှင့်တူသော်လည်း တစ်ကိုယ်လုံးတွင် ငွေရောင်အကြေးခွံများ ရှိနေသည်။
“ဝှီး..”
ငွေရောင်ထရိုင်နိုစောရပ်စ်ကြီး သူ့အမြှီးကို နောက်တစ်ကြိမ် လှုပ်ရမ်းလာသည်။ သားရဲကောင်သည် အကောင်ကြီးသော်လည်း သူ၏လှုပ်ရှားမှုများမှာ လျင်မြန်လှသည်။ သူ့အမြှီးရမ်းခါလိုက်သောကြောင့် လေပွေလေးများ ဖြစ်ပေါ်လာပြီး ချူဖုန်းမျက်နှာကို ဦးတည်လာလေသည်။
ချူဖုန်း ထိုအမြှီးကို ထပ်ရှောင်လိုက်သည်။ ပစ်မှတ်ကိုလွဲသွားသည်နှင့် ထိုသားရဲကြီးသည် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက တောအုပ်ထဲ၌ ရှိနေခဲ့သည့် ကျောက်တုံးများကို အမြှီးဖြင့် ထုရိုက်လာလေသည်။ ကျောက်တုံးများ ကွဲထွက်သွားကာ အရိုးပုံကြီးလည်း အမှုန့်ဖြစ်သွားလေပြီ။
“ဂါးး..” ငွေရောင်ထရိုင်နိုစောရပ်စ် အော်ဟစ်လာသည်။ သူ့အော်ဟစ်သံများသည် တောင်နံရံများကြား ပဲ့တင်ထပ်သွားလေ၏။
ဒါက နွားဝါပြောတဲ့ နဂါးလား..
ချူဖုန်း တုန်လှုပ်လာရသည်။ “ဒါက ဒိုင်နိုဆောမဟုတ်ဘူးလား..” သူ့ကိုယ်သူ တွေးလိုက်သည်။ သို့သော် ဒိုင်နိုဆောဆိုလျှင်ပင် ရှေးဟောင်းသုတေသနစာပေများ၌ ဖော်ပြထားသည်ထက် အဆပေါင်းများစွာ ပိုကြီးနေသည်။
“ဒါက မင်းပြောတဲ့နဂါးလား..” ကျိုးချွမ်၏အသံလည်း တုန်နေသည်။
ကျိုးချွမ်သည် ထိုအကောင်နှင့် ဝေးနေသော်လည်း ထိုသားရဲထံမှ ထုတ်လွှတ်နေသည့် ကြောက်ရွံ့မှုကို သူ ခံစားနေရဆဲပင်။ ဤကဲ့သို့သော အကြောက်တရားမျိုးကို သူ ဘယ်တုန်းကမှ မခံစားဖူး။ ဤအကောင်ကြီး၏ ငွေရောင်အကြေးခွံများမှာ ငွေရောင်အလင်းတောက်ပနေပြီး ကျောက်တုံးကြီးများပင် ထိုအကြေးခွံကို ခြစ်ရာထင်အောင် မလုပ်နိုင်။ ဤကဲ့သို့သော သားရဲကောင်ကြီးကို ချူဖုန်းအား တစ်ယောက်တည်း သွားရင်ဆိုင်ခိုင်းသည့် နွားဝါလေး၏ ဆုံးဖြတ်ချက်ကို သူ မေးခွန်းထုတ်လိုက်သည်။
ဤအကောင်ကြီးရှေ့တွင် လူတစ်ယောက်မှာ ဘာမှမဟုတ်တော့။ အနိုင်ရနိုင်ချေမှာ မရှိသလောက်ပင်။
ကျောက်တုံးသစ်တော၏ ဟင်းလင်းပြင်တွင် သူတို့ စတင်တိုက်ခိုက်လာကြသည်။
ချူဖုန်း အရင်ဆုံး တိုက်ခိုက်လိုက်သည်။ သူသည် သူ၏အဆင့်လွန်လူသားအရှိန်ကို အသုံးပြုကာ သားရဲကြီးဘေးသို့ တရှိန်ထိုးပြေးသွားလိုက်ကာ အားကုန်သုံးပြီး ဆက်တိုက်ထိုးချလိုက်သည်။
ဝုန်း..
ချူဖုန်းလက်သီးနှင့် သားရဲအကြေးခွံတို့ ထိတွေ့ရာမှ ထွက်လာသည့်အသံမှာ နားကွဲမတတ်ပင်။ အကြေးခွံသည် သတ္တုထက်ပင် ပိုထူပြီး ထိုးလိုက်တိုင်း သတ္တုသံ ထွက်လာသည်။
အကြေးခွံ၏ မာကျောမှုကို ချူဖုန်း အံ့အားသင့်သွားရသည်။ ဤသည်မှာ သားရဲမဟုတ်တော့။ မကောင်းဆိုးဝါးပင်။ ဤကဲ့သို့သော ခုခံမှုမျိုး ရှိနေလျှင် ချူဖုန်း ဤသားရဲကို မည်ကဲ့သို့သတ်ပြီး အရွတ်ကို မည်ကဲ့သို့ ယူရတော့မည်နည်း..
ထို့နောက် ထူးဆန်းသည့်အရာတစ်ခုကို သူသတိပြုမိသွားသည်။ ဤသားရဲကြီး၏အသံရှူသံမှာ ထူးဆန်းသည့်စည်းချက်ကျနေသည်။ ဤသားရဲကောင် တိုက်ခိုက်နေသည့်အချိန်တွင် သူ့အသက်ရှူသံမှာ ထူးဆန်းနေသည်။
“သူလည်း ထူးခြားတဲ့အသက်ရှူစည်းချက်ကို သိတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။
သားရဲကြီး သူ့လက်သီးချက်အား ခုခံနိုင်သည်မှာ အံ့ဩစရာမရှိတော့။ သူ၏လက်သီးသည် ဂျင်တစ်ထောင်လေးသည့် ကျောက်တုံးကြီးကိုပင် ဖောက်ခွဲပစ်နိုင်သည်ပင်။
တောရိုင်းကောင် အသက်ရှူခြင်းစည်းချက်ကို သိကြောင်းသဘောပေါက်လိုက်သည့်အချိန် ချူဖုန်း၏ရင်ထဲ ခံစားချက်မျိုးစုံပေါ်ထွက်လာသည်။
သူ့မျက်လုံးများ ရုတ်တရက်ပြောင်းလဲသွားသည်။ စည်းချက်အား သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ဤသားရဲသည် အသက်ရှူသည့်ပညာအတိုင်း လိုက်ရှူနေခြင်းသာရှိသည်။ သူ့ထံ၌ နွားဝါလေးပြောသည့် အလွှာတစ်လွှာမရှိ။ ဤပညာမှာ နွားဝါလေ့ကျင့်နေ့သည့်ပညာနှင့် မယှဉ်နိုင်။
သူ၏ကြီးမားသည့်အရွယ်အစားနှင့် ကြမ်းတမ်းထူထဲလှသည့် အရေပြားကြောင့်သာ သူ၏ခုခံအားကောင်းနေခြင်းပင်။
မည်သို့ပင်ဖြစ်စေ သားရဲတစ်ကောင် ထူးဆန်းသည့်အသက်ရှူစည်းချက် သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့။ သို့သော် သူ့စည်းချက်မှာ နည်းသိပ်မကျသည့်အတွက် ချူဖုန်း ကျေနပ်သွားရသည်။
သားရဲကောင်၏အရှိန်သည် တောထဲရှိ အခြားသားရဲများထက်မြန်သော်လည်း ချူဖုန်းထက်တော့ နှေးနေသေးသည်။ ထို့အပြင် သူ့လက်သီးချက်များသည် အကျိုးမရှိသည်တော့မဟုတ်။ ဆက်တိုက် တိုက်ခိုက်ပြီးသည့်နောက်တွင် သားရဲကြီးသည် နာကျင်သည့်လက္ခဏာများ ပြသလာသည်။ သူ့မျက်လုံးထဲရှိ အကြည့်များမှာ ပို၍ ကြောက်စရာကောင်းလာသည်။
နွားဝါသည် ကျိုးချွမ်အား သူလေ့ကျင့်ရမည့်အလှည့်ရောက်ပြီဟုဆိုကာ အသင့်ပြင့်ခိုင်းထားလိုက်သည်။
ကျိုးချွမ် ထိတ်လန့်သွားကာ “ငါ့သူငယ်ချင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ရမှာလား .. သူ့ကို အဲဒီထရိုင်နိုစောရပ်စ်ကြီး စားပစ်လိုက်ရင်ရော..”
နွားဝါသည် ခေါင်းငုံ့လိုက်ကာ တုံ့ဆိုင်းမှုမရှိပဲ ကျိုးချွမ်တင်ပါးကို သူ့ဦးချိုဖြင့် ထိုးလိုက်လေသည်။
“အား..” ကျိုးချွမ်လေထဲလွင့်ထွက်သွားပြီး ပြန်ကျလာသည်။
ခဏကြာပြီးနောက် တောအုပ်ထဲတွင် ကျိုးချွမ်၏ ကြောက်လန့်တကြား အော်ဟစ်သံများ ဆူညံလာလေသည်။ နွားပေါက်သည် ကျိုးချွမ်နောက်ကို ဆက်လိုက်နေသည်။ တောအုပ်တစ်ခုလုံး ကျိုးချွမ်၏အော်သံကြောင့် ထိတ်လန့်သွားကာ အိပ်စက်နေသည့် သားရိုင်းကောင်များပင် လန့်နိုးလာကြသည်။
နာရီဝက်ကြာပြီးနောက်တွင် သူသည် အရောင်အသွေးစုံနေသည့် စပါးကြီးမြွေကြီးတစ်ကောင်ကို ရှင်းထုတ်ပြီး အရင်နေရာ ပြန်လာလိုက်သည်။ ချူဖုန်း သားရဲကြီးနှင့် တိုက်ခိုက်နေဆဲပင်။
တစ်နာရီကြာပြီးသည့်နောက်တွင် ကျိုးချွမ် ပစ်လဲမတတ် မောပန်းနေပြီဖြစ်သည်။ သူ့ကို အသည်းအသန်လိုက်ဖမ်းနေသည့် နှစ်မီတာရှည်သည့် လင်းနို့ကြီးကို မီးအတန်းလိုက်ကြီး မှုတ်ထုတ်ပစ်လိုက်သည်။
သူ မောပန်းစွာ တိုက်ခိုက်ပြီး မူလနေရာသို့ ပြန်ရောက်လာသည့်အချိန်တွင် မူလကတိုက်ခိုက်နေသည့်တိုက်ပွဲမှာ မပြီးသေးကြောင်း သူတွေ့လိုက်ရသည်။
သို့သော် ဤတိုက်ပွဲလည်း အဆုံးသတ်တော့မည်ပင်။ ချူဖုန်းလည်း မောပန်းနေလေပြီ။ သူ့အဝတ်အစားများလည်း စုတ်ပြတ်နေကာ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသည်။
“ဖူး..”
ငွေရောင်သားရဲကြီး၏ အသက်ရှူသံမှာ ကြမ်းတမ်းနေပြီး သူ့နှာခေါင်းမှ ထွက်လာသော လေစီးကြောင်းမှာ ငွေရောင်မီးတောက်ကဲ့သို့ ဖြစ်နေသည်။ ထိုရှူထုတ်လိုက်သည့် လေမှာ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများတုန်ခါသွားစေနိုင်သည်အထိ အားပြင်းလှသည်။
သားရဲကြီး အသက်ရှင်ရန် သူ့ရှေ့ရှိလူကို သတ်ပစ်ရန်လိုအပ်သည်။ သို့သော် ချူဖုန်းသည် ဤသားရဲကြီး၏ခန္ဓာကိုယ်မှ အကြေးခွံအချို့ကို ခွာပစ်ပြီးသွားပြီဖြစ်သည်။ အကြေးခွံများ မရှိသည့်နေရာတွင် အသားနှင့်သွေးများရောကာ သွေးသံတရဲရဲဖြစ်နေသည်ပင်။
တောရိုင်းကောင်၏မျက်လုံးမှာ ငွေရောင်တောက်ပပြီး ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်နေလေသည်။ တောရိုင်းကောင်သည် သွေးသံတရဲရဲဖြစ်နေသည့် သူ့ပါးစပ်ကို ဟကာ ဓားသွားကဲ့သို့ ချွန်ထက်နေသည့်သွားများကို ပြသနေလေ၏။ သွားများမှာ အလွန်ထက်ရှလွန်း၍ ရန်သူ၏အသားနှင့် အရိုးတို့ကို အလွယ်တကူချေဖျက်နိုင်လောက်သည်။
ဂါး..
ဤသည်မှာ သားရဲကြီး၏ နောက်ဆုံးအော်သံပင်။
သားရဲကြီး အသက်ရှူနေသည့် စည်းချက်မှာ ရုတ်တရက်ထားခြားလာသည်။ ပုံမှန်မဟုတ်သည့် အသက်ရှူစည်းချက်ကြောင့် ထူးဆန်းသည့်အားတစ်ခု ပေါက်ထွက်လာတော့မည့်ပုံဖြင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။
ချူဖုန်းသည် အလွန်မောပန်းနေပြီဖြစ်သော်လည်း သူ့ရန်သူကို အာရုံစိုက်ထားဆဲပင်။ နဂါးကိုသတ်ပြီး အရွတ်ကိုယူမည့်ဆုံးဖြတ်ချက်ကို လုံးဝနောက်ဆုတ်မည်မဟုတ်။
ချူဖုန်း သူ့ခန္ဓာကိုယ်မှာ စွမ်းအားအကြီးဆုံးအားကို သူ့လက်သီးထဲသို့ ထည့်လိုက်သည်။ သားရဲကြီး၏ အသက်ရှူစည်းချက်ကိုလည်း သူနားလည်သွားပြီဖြစ်ပြီး ဤစည်းချက်ကို သူ့လက်သီးချက်ဖြင့် ဖျက်ဆီးပစ်ရမည်။
သူ လေထဲသို့ ခုန်တက်လိုက်ကာ သားရဲကြီး၏ခန္ဓာကိုယ်နေရာအနှံ့ကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ နွားနတ်ဆိုးလက်ဝှေ့ပညာပုံစံအားလုံးကို အသုံးပြုလိုက်ခြင်းဖြစ်သလို အသက်ရှူလေ့ကျင့်ခန်းလည်း ပြုလုပ်လိုက်သည်။ ဤသည်မှာ သူ့လက်သီးစွမ်းအားများကို ဆယ်စခန့် ပိုအားပြင်းသွားစေသည်ပင်။
သူ၏ဆုံးဖြတ်ချက် မှန်သလို သူ့လက်သီးချက်များ ကျရောက်သွားသည့်နေရာလည်း မှန်ကန်သည်။ လေထဲတွင် သားရဲကြီး၏အရေပြား အက်ကွဲလာပြီးနောက် သွေးများနေရာအနှံ့ လွင့်စင်လာသည်။
“နဂါး သေသွားပြီ..” အဝေးမှ ကျိုးချွမ် ဟစ်ကြွေးလိုက်သည်။
နွားဝါလည်း ရုတ်တရက်ပြန်ပေါ်လာပြီး စစ်မြေပြင်ထဲသို့ ဝင်လာလေ၏။
ငွေရောင်သားရဲကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားကာ တောအုပ်ကြီးလည်း တုန်လှုပ်သွားရသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် သွေးများမှာ မြစ်တစ်စင်းအဖြစ် စီးဆင်းသွားလေသည်။
ချူဖုန်း ဤသားရဲကောင်ကြီး၏ဘေး၌ မှီထိုင်လိုက်သည်။ သူ လှုပ်ပင်မလှုပ်ချင်တော့။ သူ မောပန်းနေပြီဖြစ်ပြီး သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေသည်။ သားရဲကြီး၏ အမြှီးဖြင့် သူ့မျက်နှာကို တစ်ချက်ရိုက်မိသွားခဲ့သေးသည်ပင်။ သို့သော် ကံကောင်းစွာဖြင့် ဒဏ်ရာမှာ သေလောက်သည့်ဒဏ်ရာမဟုတ်။
ခါးခါးသီးသီးတိုက်ခိုက်ပြီးနောက် သားရဲကြီး သေဆုံးသွားလေပြီ။
“ငါတို့ နဂါးအရွတ်ရပြီ .. ငါတို့ အိမ်ရောက်တာနဲ့ မိုးကြိုးကို ပြန်ပြင်ရအောင် .. မနက်ဖြန်ကျရင် ပြန်လာမယ် .. မနက်ဖြန်ကျရင် ငါတို့လေးရဲ့ဒဏ္ဍာရီကို ပြန်အသက်သွင်းရမယ်..” ချူဖုန်း မောမောနှင့်ပြောလိုက်သည်။
အပိုင်း ၄၈ ပြီး၏။