Switch Mode

Chapter – 47

မိုးကြိုး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၇ – မိုးကြိုး

ထိုညသည် ချူဖုန်းနှစ်ခြိုက်စွာ အိပ်စက်အနားယူရသော ညလေးတစ်ညပင် ဖြစ်သည်။ ခေါင်းနှင့် ခေါင်းအုံးထိသည်နှင့်တစ်ပြိုင်နက် အိပ်မောကျသွားခဲ့ပြီး ညတစ်လျှောက်လုံး သူ့ကို အနှောင့်အယှက်ပေးသည့် အိပ်မက်ဆိုးများလည်း မရှိ။

နွားဝါအတွက်ကတော့ အတော်လေး ရုန်းကန်လိုက်ရသည့် ညတစ်ညပင်ဖြစ်သည်။ မနက်အရုဏ်တက်ချိန်တွင် နွားပေါက်သည် ဖြူဖပ်ဖြူရော်ဖြစ်ပြီး အာရုံမရှိဖြစ်နေသည်။ ဗိုက်ရစ်နေသောကြောင့် အိမ်သာသို့ ခဏခဏပြေးနေရသည့်အပြင် တစ်ခါတစ်ရံ သစ်ခွတောရှိ သူ၏အညစ်အကြေးစွန့်ပစ်ရာနေရာကို အသွားအပြန်လုပ်နေရသည်။ သူ ချူဖုန်း အခန်းထဲသို့ဝင်ကာ သူ့ကို ပညာပေးချင်လှလေပြီ။

သို့သော် ချူဖုန်း သူ့အခက်အခဲကို ချူဖုန်းသိသွားမည်ကိုလည်း သူ ရှက်သည်။ သူတစ်ပါး၏ လှောင်ပြောင်ခြင်းကို မခံချင်သည့်အတွက် ချူဖုန်း၏ ရယ်စရာဖြစ်လာမည်ကိုလည်း လုံးဝမလိုလား။

အိမ်သာသို့ ၅ခေါက်၊ ၆ ခေါက်ခန့်သွားပြီးနောက် သူ နာကျင်မှုကို မခံစားနိုင်တော့။ သူ၏ခန္ဓာကိုယ်ခံနိုင်စွမ်းမြင့်မား၍သာ ခုချိန်ထိတောင့်ခံနိုင်ခြင်း ဖြစ်သည်။ ပုံမှန်လူတစ်ယောက်သာ ဤဝေဒနာကိုခံစားရလျှင် ယခုလောက်ဆို ထိုလူသတိမေ့သွားလောက်ပြီဖြစ်သည်။

တောက်ပသောလရောင်သည် သူခိုးကဲ့သို့ ခိုးကြောင်ခိုးဝှက် သွားလိုက်လာလိုက်လုပ်နေသော နွားဝါ၏ကိုယ်ပေါ် လင်းလက်နေသည်။ နွားဝါသည် စတိုခန်းထဲဝင်ကာ လှန်လှောရှာဖွေပြီးနောက် နောက်ဆုံးတွင် ချူဖုန်း သူ့ကို ပေးခဲ့သောဆေးပုလင်းနှင့် တူသည့်ပုလင်းကို ရှာတွေ့သွားသည်။

နွားပေါက်သည် ပုလင်းအဖုံးကို ဖွင့်ပြီး ပုလင်းတစ်ဝက်လောက်မော့သောက်လိုက်သည်။ ဤဆေးသည် ချက်ချင်းအာနိသင်ပြလိမ့်မည်ဟု ချူဖုန်းပြောထားသလို တကယ်လည်း အာနိသင်ပြလာသည်။ နွားပေါက်လေး ဗိုက်ရစ်သည့်ဒဏ်ကို မခံစားရတော့သလို သူ့အောက်ဘက်အပေါက်လည်း ပူစပ်စပ်မဖြစ်တော့။ သူ့အခန်းထဲသို့ ပြန်သွားကာ ကုတင်ပေါ်တွင် ခြေကားရားလက်ကားရားဖြင့် လှဲလိုက်လေသည်။ နောက်ဆုံးတွင်တော့ နွားပေါက်လေး ဝေဒနာမှ ကင်းလွတ်သွားလေပြီ။

မနက်တွင် နွားဝါနှင့် ချူဖုန်း တစ်ချိန်တည်းနီးပါး နိုးလာကြသည်။ ထို့နောက် သူတို့နှစ်ဦးလုံး အရှေ့အရပ်သို့ မျက်နှာမူကာ နံနက်ခင်းနေရောင်ခြည်တို့နှင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီးကို မျက်နှာမူလိုက်ကာ ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကို စတင်လိုက်ကြသည်။

ထိုအသက်ရှူလေ့ကျင့်ခန်းကြောင့် ရရှိသည့်ပြောင်းလဲမှုများနှင့် သိသာသည့်ရလဒ်များကို ချူဖုန်း ခံစားမိသည်။ အထူးသဖြင့် အရုဏ်ဦးအလင်းရောင်၏ အနွေးဓာတ် အောက်ဘက်ရှိကမ္ဘာမြေကြီးပေါ် ဖြန့်ကျက်ထားပြီး ထိုအလင်းရောင်ခံယူနေသူ၏ဝိညာဉ်များထဲ ထိုးဖောက်သွားသည့်အချိန်တွင် သူတို့နှစ်ဦး ပြောမပြနိုင်လောက်သည့် နွေးထွေးမှုများ ခံစားလိုက်ရသည်။

နောက်ဆုံးတွင်တော့ ချူဖုန်းသည် လောင်ကျွမ်းနေသည့်မီးဖိုထဲ ရောက်နေသလို ခံစားလိုက်ရပြီး သူ့မွှေးညှင်းပေါက်များမှလည်း ချွေးများစီးကျလာသည်။ သို့သော် ဤသည်မှာ မကောင်းသည်မဟုတ်။ မသန့်စင်သည့်အရာများ ထွက်လာခြင်းဖြစ်ပြီး သူ့ကို ပြောင်းလဲပေးနေခြင်းပင်။

သူ့မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ထိုထူးဆန်းသည့်မြင်ကွင်း ထပ်ဖြစ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အစစ်အမှန်ဟုထင်ရသော်လည်း မှော်ဆန်လှသည့် ရွှေရောင်အလွှာတစ်လွှာ ထွက်ပေါ်လာသည်။ သူ အသက်ရှူလေ့ကျင့်ခန်းရပ်လိုက်သည့်အချိန်တွင် သူ၏လောင်ကျွမ်းနေသည့်အရေပြားမှ ထိုအလင်းလွှာကို စုတ်ယူလိုက်လေသည်။

သူနှင့် မလှမ်းမကမ်းတွင် ဤလေ့ကျင့်ခန်း၏ဆရာကြီး ရပ်နေသည်။ နွားဝါသည် သူ့တပည့်၏အားထုတ်မှုရလဒ်ကို ကျေနပ်နေလေ၏။ ထူးခြားသည့်အသက်ရှူခြင်းလေ့ကျင့်ခန်းမှာ အလွန်အစွမ်းထက်ကြောင်း ချူဖုန်းကို ကြည့်၍ သိနိုင်သည်၊ ချူဖုန်း လေ့ကျင့်သည်မှာ အချိန်သိပ်မကြာသေးသော်လည်း ရလဒ်မှာ အံ့မခန်းပင်။

ဤသည်လည်း ပြောင်းလဲခြင်းတစ်မျိုးပင်ဖြစ်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်လျှင် ရလာမည့်ရလဒ်လည်းဖြစ်သည်။ ဤပညာသည် ချူဖုန်း၏ လူသားခန္ဓာကိုယ်တွင်းမှ အသားနှင့် အရိုးတည်ဆောက်ပုံတို့ကို ဖြိုလဲပြီးနောက် ပို၍ကောင်းမွန်သည့်ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်ပေးသည်ပင်။

ချူဖုန်း၏လက်ရှိအစွမ်းအစမှာ ခွန်းလွန်တောင်ထိပ်ပေါ်တွင် သူ့လက်ဖဝါးပေါ်ကျလာသည့် ပွင့်ဖတ်များကြောင့်ဟု သူ ယုံကြည်သည်။ ထိုပွင့်ဖတ်များက သူ့ခန္ဓာကိုယ်ကို ယခုကဲ့သို့လျင်မြန်စွာ တိုးတက်စေသော အဓိကအကူပစ္စည်းများဖြစ်ရမည်။

သို့သော် အရာအားလုံးတွင် သက်တမ်းကုန်ဆုံးရက်ရှိသကဲ့သို့ ထိုပွင့်ဖတ်များ၏ အကျိုးသက်ရောက်မှုလည်း ကုန်ဆုံးနိုင်မည်ဖြစ်ကြောင်း သူသိသည်။

“ဝတ်မှုံ”နှင့် “အကူပစ္စည်း” ဆိုသည့် စကားလုံးများအား တွေးမိသွားသည့်အချိန်တွင် သူတို့စိုက်ထားသည့်အစေ့များကို သတိရသွားသည်။ သူ ပန်းခြံထဲသို့ မြန်မြန်သွားကြည့်လိုက်သော်လည်း စိတ်မကောင်းစွာဖြင့် ဘာအပင်မှ ထွက်မလာသေး။

သို့သော် နွားပေါက်လေး စိတ်ပျက်မသွား။ မည်သို့ပင်ဖြစ်စေ ဤအစေ့များမှာ ချူဖုန်း ခွန်းလွန်တောင်မှ ယူလာသည့်အစေ့များပင်။ သူသိရသလောက် ထိုနေရာမှာ ပုံမှန်မဟုတ်သည့်နေရာတစ်ခုပင်။

“မူး..”

နွားဝါလေးသည် အော်မြည်ပြီးနောက် အချက်မပေးပဲ ချူဖုန်းထံသို့ ဒေါသတကြီး ပြေးဝင်သွားလေသည်။ မနေ့ညက သူခံစားခဲ့ရသော ဝေဒနာအတွက် လက်စားချေရမည်။

“နွားနတ်ဆိုး .. မင်းငါ့ကို တကယ်လုပ်မလို့လား..”

ချူဖုန်း ထိတ်လန့်သွားကာ ဘေးခုန်ရှောင်နိုင်လိုက်သည့်အပြင် တုံ့ပြန်သည့်အနေဖြင့် နွားပေါက်လေးကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်နိုင်သည်။

နောက်ဆုံးတွင်တော့ ချူဖုန်း ထွက်ပြေးရန် ရွေးချယ်လိုက်သည်။ “နောက်ဆုံးတွင် ချူဖုန်းသည် ထွက်ပြေးလေသည်။ “ပညာရှိက ဘယ်အချိန်နောက်ဆုတ်ရမလဲဆိုတာသိတယ်” ဆိုသော ဆိုရိုးအတိုင်းပင်။ နွားပေါက်စိတ်တိုနေသည်ကို သူသိပြီးသည်။ သူ့ပါးစပ်ထဲသို့ ကျန်နေသည့်အကင်ချောင်းများကို လိုက်ထိုးနေလိမ့်မည်။

နောက်ဆုံးတွင် ချူဖုန်း အဖိုးကျောင်း၏ လက်နက်ရုံသို့ ထွက်လာခဲ့လိုက်သည်။ သူ ဓားအချို့လိုချင်သည်။ တကယ်တိုက်ခိုက်သည့်အချိန်မှ သန္ဓေပြောင်းလူများနှင့် တိုက်ခိုက်သည့်အချိန်တွင် လေးနှင့်မြှားထက် ဓားမြောင်ကပို၍ အသုံးဝင်ကြောင်း သူသိလိုက်ရသည်။

အဖိုးကျောင်းကို သူ လိုချင်သည့် ဓားသွားဒီဇိုင်းနှင့် လိုချင်သည့်လုပ်ဆောင်ချက်များကို ပြောပြလိုက်သည်။

“ရတယ် .. မင်းလိုချင်တဲ့အချိန် အသင့်ဖြစ်အောင် ငါမင်းအတွက် လုပ်ပေးထားမယ်..” အဖိုးကျောင်း ပြန်ပြောလိုက်သည်။ “အခုတလော မင်းဒီလိုပစ္စည်းတွေကို တော်တော်လေး စိတ်ဝင်စားနေသလိုပဲ .. ဘာလို့လဲ..” သူ မေးလိုက်သည်။ အဖိုးကျောင်းမှာ‌ လေးထောင့်ကျကာ ခန္ဓာကိုယ်တုတ်ခိုင်သည့်သူပင်။ သူ့ဆံပင်ပုံစံလည်း သူနှင့် လိုက်ဖက်လှသည်။ သူ့ကိုတွေ့သည်နှင့် ပထမဆုံးထင်မြင်ချက်မှာ တက်ကြွပြီးခွန်အားကြီးသူဖြစ်လိမ့်မည်။

“ဟုတ်တယ် .. ကျွန်တော်က အရင်ကတည်းက လက်နက်တွေအကြောင်း စိတ်ဝင်စားတယ် .. စိတ်ဝင်စားတယ်၊ အရင်တုန်းက လေးတွေ မြားတွေကို သဘောကျတာ ဒါပေမဲ့ အခုတလော ဓားမြောင်က ကောင်းကောင်းသုံးတတ်ရင် ပိုပေါ့ပါးပြီး အသုံးဝင်တာကို ကျွန်တော် သိလိုက်ရတယ်..” ချူဖုန်း ပြောလိုက်သည်။

“ဒီတစ်ခါတော့ မင်းမှားတယ်လို့ပြောရမယ်.. အရင်တုန်းက လေးတွေမြားတွေက လက်နက်တွေထဲမှာ အကောင်းဆုံး…ဒါပေမဲ့ မြားကောင်းတွေလေးကောင်းတွေလုပ်တာက ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီကွယ်” အဖိုးကျောင်း သက်ပြင်းချလိုက်သည်။

“အချိန်စက်ဝန်းက အမြဲတမ်း လည်ပတ်နေတာဗျ.. လေးနဲ့မြားက ဘယ်လောက်ကောင်းတယ်ပြောပြော သေနတ်တွေအမြောက်တွေနဲ့ ယှဥ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ဘူး” ချူဖုန်း ပြောလိုက်သည်။

“အဲဒီလောက်လည်း မဟုတ်ပါဘူး” အဖိုးကျောင်း ခေါင်းခါပြလိုက်သည်။

ချူဖုန်း အံ့သြသွားရသည်။ အဖိုးကျောင်း ပန်းပုပညာမှာ ဘိုးဘေးမှ လက်ဆင့်ကမ်းထားခြင်းဖြစ်ကြောင်း သူသိသည်။ ဤလက်နက်ရုံသည် ရွာ၌သာမက မြို့ထဲ၌ပင် နာမည်ကြီးသည်ပင်။

အဖိုးကျောက်၏ဘိုးဘေးများသည် တစ်ချိန်က အကောင်းဆုံးလက်နက်များထုဆစ်ခဲ့သည့် ပန်းပုပညာရှင်များဖြစ်သည်ဟု ပြောကြသည်။

သို့သော် သူတို့၏ပန်းပုလက်ရာကို မျိုးဆက်အလိုက် အဆက်မပြတ်တိုးတက်အောင် လုပ်လာပြီးနောက် ရှေးတုန်းကလုပ်ခဲ့သည့်လက်နက်များသည် ခေတ်၏ စစ်ဆေးမှုကို ခံနိုင်ရည်ရှိပြီး ယခုထိတိုင် အသုံးဝင်မဝင်ကို မည်သူမှ မသိနိုင်ပေ။

“ရှေးခေတ်က တစ်ချို့လက်နက်တွေက ထူးခြားတယ်.. ဥပမာ လေးဆိုရင် မြားပစ်ဖို့ သုံးရုံတင်မကဘူး.. သူ့မှာ ဆန်းကြယ်တဲ့အစွမ်းအားမျိုးလည်း ရှိတယ်.. အဲဒီစွမ်းအားနဲ့ ပေါင်းစည်းလိုက်ရင် လက်နက်က အင်အားကြီးသွားနိုင်တယ်” အဖိုးကျောင်း ရှင်းပြသည်။ “ဒါပေမဲ့” သူ ထပ်ပြောသည်။ “အဲဒီလို လက်နက်အများစုက ပျောက်ကုန်ပြီ.. ဘယ်မှာမှ ရှာမရတော့ဘူး”

ချူဖုန်း အံ့အားသင့်သွားရသည်။

“ဒီလေးတွေက ဆန်းကြယ်တယ်.. အဲဒီတော့ သာမန်လူတစ်ယောက်က အဲဒီလိုလေးမျိုးကို သုံးနိုင်မယ့် ခွန်အားမရှိဘူး .. အသက်ရာကျော်တဲ့ တာအိုဘုန်းကြီးတွေနဲ့ ဗုဒ္ဓဘုန်းကြီးတွေပဲ လေးကြိုးကို ဆွဲနိုင်တယ်လို့ ပြောကြတယ် .. ဒါတောင် နည်းနည်းလေး ဆွဲနိုင်ဖို့ သူတို့ အားအများကြီး စိုက်ထုတ်ရမှာ”

“မိုက်လိုက်တာ.. ဒါဆို အဖိုးပြောတာက အသက်ကြီးလေလေ လေးသုံးဖို့ ပိုသင့်တော်လေလေလို့ ဆိုလိုတာလား” ချူဖုန်း ဇဝေဇဝါဖြစ်သွားသည်။

နည်းနည်းလေးဆွဲဖို့ကို အားအများကြီးလိုအပ်တယ်”

“ငါလည်း သေချာတော့ မပြောတတ်ဘူး.. ကြားပဲကြားဖူးတာ.. ဒါပေမယ့် အချို့တာအိုသူတော်စင်တွေနဲ့ ဗုဒ္ဓဘုန်းကြီးတွေရဲ့ ခန္ဓာကိုယ်က သေသွားတာတောင် မပုပ်သိုးဘူးတဲ့.. သူတို့ခန္ဓာကိုယ်ကနေ အမွှေးနံ့တွေတောင် ထွက်တယ်တဲ့.. ဒါက သူတို့ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ ဖွဲ့စည်းတည်ဆောက်ပုံကြောင့် ဖြစ်နိုင်တယ်.. သူတို့ကို လူတွေက ‘သူတော်စင်’ လို့ခေါ်ကြတယ်၊ ‘သူတော်စင်’တွေကပဲ ငါ့ဘိုးဘေးလုပ်ခဲ့တဲ့ ဒဏ္ဍာရီဝင်လေးရဲ့ကြိုးကို ဆွဲနိုင်တာ”

သူ့မိသားစု သမိုင်းကြောင်းစာအုပ်တွင် မှတ်တမ်းတင်ထားသည့် ဒဏ္ဍာရီလာအဖြစ်အပျက်များကို ပြောပြနေသည့်အချိန်တွင် အဖိုးကျောင်း၏မျက်လုံးများ တောက်ပနေသည်။ သူသည် ထိုဒဏ္ဍာရီလာလေးကဲ့သို့ ဆန်းကြယ်ပြီး အစွမ်းထက်သော လက်နက်မျိုး ဖန်တီးချင်နေသည်ပင်။ ဒဏ္ဍာရီလာဟု ပြောခြင်းမှာ မြားတစ်ချောင်းဖြင့် မြို့ဂိတ်တံခါးကို ဖြိုခွဲနိုင်ကြောင်း သူ့မိသားစုသမိုင်းစာအုပ်မှ သိရသောကြောင့်ပင်။

“အဖိုးကျောင်း သတိထားပါဦး” ချူဖုန်း ပြုံး၍ပြောလိုက်သည်။ အဖိုးကျောင်းသည် စကားပြောရင်း သတိလွတ်သွားပုံပေါ်သောကြောင့် သူ့မျက်လုံးရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“ငါ့ကို ရယ်မနေနဲ့ ကောင်လေး.. ငါခုနကပြောလိုက်တဲ့အကြောင်းကို မယုံမရှိနဲ့.. အဲ့လိုလေးမျိုး တကယ်ရှိတယ်လို့ ငါကျိန်ရဲတယ်” အဖိုးကျောင်း ရဲရဲကြီးပြောလာသည်။

“ဒါပေမဲ့ ဘိုးဘေးတွေ ဘယ်လောက်တော်တော် သမိုင်းမှာ အကုန်ကျရှုံးသွားပြီလေ.. ခုခေတ်မီတိုးတက်တဲ့ခေတ်ကို ရောက်နေပြီဟာ ဘာလို့ လွန်ခဲ့တဲ့နှစ်ထောင်ချီက ကိစ္စကို ပြန်ပြောနေမှာလဲ” ချူဖုန်း သဘောမတူ၍ ခေါင်းခါပြလိုက်သည်။

ထိုကဲ့သို့ စွမ်းအားကြီးသည့် လက်နက်မျိုးကို ယနေ့တိုင် ပြောဆိုနေကြသော်လည်း ဤလက်နက်များကို ရှာတွေ့ရန် မဖြစ်နိုင်တော့။ ထိုလက်နက်များ မည်သည့်နေရာ၌ မြှုပ်နေသည်ကို ဘုရားသာ သိလိမ့်မည်။

“ငါကိုယ်တိုင်မြင်ဖူးတယ် ဘုရားသခင်၏နာမည်နဲ့ တိုင်တည်ရဲတယ်” အဖိုးကျောင်း ချက်ချင်းပြန်ပြောလာသည်။ သူသည် ခေါင်းမာသောလူကြီးပင် ဖြစ်သည်။ အခြားသူများနှင့် စကားပြောလျှင်ပင် အမြဲ ခေါင်းမာပြီး ပြောရခက်သည်။

“ကျွန်တော်က မြင်ရမှ ယုံမှပေါ့ဗျာ.. အဲဒီတော့ အဲဒီလေး တကယ်ရှိရင် အဖိုးကျောင်း ကျွန်တော့်ကိုပြလိုက်” ချူဖုန်းပြောလိုက်သည်။ သူသာ ထိုလေး၏စွမ်းအားကို တိုင်ဟန်းတောင်တန်း၌ စမ်းသပ်နိုင်လျှင် ရဟတ်ယာဉ်ဖြစ်စေ၊ အတောင်ပံပါသည့် သန္ဓေပြောင်းလူဖြစ်စေ၊ ငွေတောင်ပံဖြစ်စေ သူသွားသည့်လမ်းကို မည်သူမှ ပိတ်ရပ်နိုင်မည်မဟုတ်။

အဖိုးကျောင်းသည် ထိုအကြောင်းပြောပြီးမှ နောင်တရသွားသည်။ သူသည် ချက်ချင်းပင် ခေါင်းခါလိုက်ကာ ထိုလေး၏တည်ရှိမှုကို ငြင်းဆိုလိုက်လေသည်။

“အဖိုးကျောင်းကလည်းဗျာ.. ကျွန်တော်က အဖိုးရဲ့စိတ်ကို နားမလည်ဘူးလို့ ထင်နေတာလား.. အဖိုးမှာရှိရင် ကျွန်တော့်ကို ဖုံးထားမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား… ကျွန်တော့်ကို ပြပါ” ချူဖုန်း၏မျက်လုံးများမှာ အလွန်စိတ်အားထက်သန်နေလေသည်။

အဖိုးကျောင်းသည် ဘယ်ညာလှည့်ကြည့်ပြီး အခြားဘယ်သူမှမရှိသည်ကို အတည်ပြုပြီးနောက် တံခါးကို ဘုန်းကနဲ ပိတ်လိုက်သည်။ ခဏတာ တုန့်ဆိုင်းပြီးနောက်မှ သဘောတူလိုက်လေ၏။ “ကောင်းပြီ ငါမင်းကို ပေးကြည့်မယ်”

အဖိုးကျောင်း ချူဖုန်းကို သူ့အိပ်ခန်းထဲသို့ ပေးဝင်လိုက်ပြီးနောက် အိပ်ရာအောက်မှ ကျောက်သေတ္တာကြီးကို ဆွဲထုတ်လာသည်။ ထိုသေတ္တာမှာ ရိုးရှင်းလှသည်။ မျက်နှာပြင်ပေါ်၌ ရှိနေသည့် ထွင်းရာများကို ကြည့်ခြင်းအားဖြင့် မည်မျှရှေးကျသည်ကို သိနိုင်သည်။

ဤသေတ္တာမှာ လေးလည်းလေးသည်။ အဖိုးကျောင်းကဲ့သို့ အားကြီးသည့်သူပင် ဤသေတ္တာကို အတော်လေး ဆွဲယူနေရသည်။

“ကျောက်သေတ္တာထဲမှာ သိမ်းထားတာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။

“ဟုတ်တယ် .. ဘာလို့လဲဆိုတော့ အရင်က ဒီသေတ္တာကို မြေကြီးထဲမှာ နှစ်ပေါင်းများစွာ မြှုပ်ထားခဲ့တာ .. သစ်သားသေတ္တာသုံးရင် မြေကြီးကြောင့် သေတ္တာဆွေးသွားမှာကြောက်လို့ ကျောက်သေတ္တာကို သုံးခဲ့တာ .. ပြန်ဖော်ပြီးသွားတဲ့အချိန်ကျတော့လည်း အချိန်တိုက်စားမှုကို ခံနိုင်ဖို့ ကျောက်သေတ္တာကိုသုံးတာက ပိုကောင်းလိမ့်မယ်လို့တွေးပြီး ဒီထဲမှာပဲ ဆက်သိမ်းထားလိုက်တော့တာ”

နောက်ဆုံးတော့ ချူဖုန်း ကိစ္စတစ်ခုလုံးကို သေချာနားလည်သွားလေပြီ။ သမိုင်းတွင် မတည်ငြိမ်သည့်အချိန်များ ရှိခဲ့သောကြောင့် ရှေးဟောင်းပစ္စည်းများကို သေချာပေါက် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်ပင်။

ကျောက်တုံးသေတ္တာကို ဖွင့်လိုက်သည်နှင့် အတော်လေး ကြီးမားလှသည့် လေးကြီးကို တွေ့လိုက်ရသည်။ ထိုလေးကြီသည် နီညိုရောင်ကိုယ်ထည်ရှိနေသည်။

လေးတစ်ခုလုံးမှာ ဟောင်းနွမ်းရိုးရှင်းလှသည်။

ချူဖုန်း ထိုလေးကို ကောက်ယူရန် ကြိုးစားကြည့်လိုက်သည့်အချိန်တွင် လေး၏အလေးချိန်ကြောင့် မျက်လုံးပြူးသွားရသည်။ ဤလေးကို အထူးပစ္စည်းတစ်မျိုးမျိုးဖြင့် သေချာလုပ်ထားသောကြောင့် ဤမျှလေးလံနေခြင်းပင်။ ဤလေးသည် အနည်းဆုံး ၁၀၀ ကီလိုဂရမ်ရှိနိုင်သည်။ ဤအလေးချိန်မှာ သာမန်လူ မနိုင်သည့် အလေးချိန်မဟုတ်။

လေးကို သတ္တုဖြင့် လုပ်ထားမည်ဆိုလျှင်ပင် ဤမျှလေးလံမည်မဟုတ်။

“မ,မနဲ့ချူဖုန်း .. မင်းအတွက် အရမ်းလေးနေလိမ့်မယ်” အဖိုးကျောင်း သတိပေးလိုက်သည်။

သို့သော် ချူဖုန်းသည် လေးကို အေးအေးဆေးဆေးပင် ကောက်ကိုင်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ပုခုံးထိရောက်အောင် မြှောက်လိုက်လေသည်။ သူသည် လေးမှ မြှားကိုပစ်တော့မည့်ပုံပင်။

သူ လေးကို လွယ်လွယ်ကူကူမလိုက်သည်အား မြင်လိုက်သည်နှင့် အဖိုးကျောင်းထိတ်လန့်သွားရသည်။

“မင်းက အတော်အားသန်တာပဲ ချူဖုန်း..”

“လေးကြိုးက ဘယ်မှာလဲ..” ချူဖုန်း မေးလိုက်သည်။

အဖိုးကျောင်းသည် သက်ပြင်းချလိုက်ကာ “လေးကြိုးက ပျက်သွားပြီ .. အခု ဒီ လေးအလွတ်ပဲ ကျန်တော့တာ..”

“ဒီလေးကို ကြိုးတစ်ခုခု တပ်လိုက်ရုံပဲ မဟုတ်ဘူးလား..” ချူဖုန်း အံ့အားတကြီးမေးလိုက်သည်။

“မင်းမသိပါဘူး ကောင်လေး .. လေးက နဂါးဆိုရင် လေးကြိုးက နဂါးရဲ့အရွတ်ပဲ .. သင့်တော်တဲ့လေးကြိုးမရှိရင် လေးက သူ့စွမ်းအားကို ထုတ်သုံးနိုင်မှာမဟုတ်ဘူး” အဖိုးကျောင်း ပြောလိုက်သည်။

ချူဖုန်း သံသယရှိနေဆဲပင်။ “နဂါးအရွတ်” ဟုခေါ်သော အရာမျိုးရှိလိမ့်မည်ဟု သူ မယုံကြည်။

အဖိုးကျောင်းသည် သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ “စကားအရသာ ‘နဂါးအရွတ်’လို့ခေါ်တာ .. ဒါပေမဲ့လည်း လေးကြိုးက သားရဲတစ်ကောင်ရဲ့အရွတ်ထက် မနိမ့်ရဘူးတဲ့”

“အဖိုးကျောင်း … ကျွန်တော့်ကို ဒီလေး ရက်နည်းနည်းလောက် ငှားလိုက်ရင်ရော .. ကျွန်တော် လေးပြန်ပေးတဲ့အချိန်ကျရင် အဖိုးအတွက် သင့်တော်တဲ့ အရွတ်ရှာပေးခဲ့မယ် .. အဲဒီတော့ ဒီလေးရဲ့ ခမ်းနားမှုလည်း နောက်တစ်ကြိမ် ပြန်တောက်ပနိုင်တာပေါ့” ချူဖုန်းစိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဒီလေးက ငါ့အတွက် သိပ်ပြီး အကျိုးမရှိတော့ပါဘူး .. မင်းယူသွားလည်း ဘာမှမဖြစ်ဘူး .. ဒါပေမဲ့ မင်း လေးကြိုးကို နည်းနည်းလေးတောင် ဆွဲနိုင်မှာမဟုတ်ဘူး” အဖိုးကျောင်း ပြောလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဖြစ်ပျက်သွားသည့်မြင်ကွင်းကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ ချူဖုန်းသည် လေး၏အစွန်းနှစ်ဖက်ကိုကိုင်ကာ အားကုန်ဆွဲလိုက်သည်နှင့် လေးမှာ အနည်းငယ် ကိုင်းညွှတ်သွားလေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အဖိုးကျောင်း အံ့အားသင့်သွားရသည်။ ဤလေး မည်မျှတောင့်တင်းသည်ကို သူသိသည်။ လူငယ်များအုပ်စုဖွဲ့ကာ ဤလေးကို ကွေးညွှတ်နိုင်ရန် ကြိုးစားခဲ့ကြဖူးသည်။ သို့သော် မည်သူမှ ဤလေးကို ပုံပြောင်းသွားအောင် မလုပ်နိုင်။

သို့သော် ချူဖုန်းကတော့ အထိတ်လန့်ရဆုံးလူပင်။ သူ့လက်ထဲ အားထပ်ထည့်လိုက်သည်နှင့် လေးမှ ကျား၊ ကျားသစ်ဟိန်းသံထွက်ပေါ်လာသည်။ ထို့နောက် နွားရိုင်တစ်ကောင် အော်မြည်သံ၊ ငှက်တစ်ကောင် မြည်ကြွေးသံနှင့် နားကန်းစေနိုင်လောက်သည့် မိုးခြိမ်းသံထွက်ပေါ်လာလေသည်။ အသံအားလုံးမှာ တစ်ပြိုင်နက်တည်း ရောက်လာကြခြင်းပင်။

“ချူဖုန်း .. မင်း .. မင်းက မကောင်းဆိုးဝါးပဲ..” လေးမှ ထွက်လာသည့်အသံများကြောင့် အဖိုးကျောင်း ကျောက်ရုပ်ကြီး ဖြစ်သွားလေပြီ။ ချူဖုန်းလေးအား ဆက်ကွေးနေသည်ကိုသာ အံ့အားတကြီးကြည့်နေလိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းမှာ သူ့ကို မူးနောက်သွားစေသကဲ့သို့ စိတ်လည်းလှုပ်ရှားနေသည်။ သူသည် စကားလုံးများစွာကို တီးတိုးရေရွတ်နေလေသည်။

နောက်ဆုံးတွင်တော့ ချူဖုန်း အဖိုးကျောင်းကို နှုတ်ဆက်ကာ အိမ်ပြန်သွားလိုက်သည်။

“နွားဝါလေး .. ရပ်တော့ .. ငါတို့ရန်ပွဲကို ရပ်လိုက်ရအောင် .. ငါ ဘာယူလာလဲကြည့်လိုက် .. ဒါက ရတနာ .. အရမ်းကို ရှားပါးတဲ့ရတနာကွ..” ခြံထဲသို့ ဝင်လာသည်နှင့် ချူဖုန်းအော်ဟစ်လိုက်သည်။ သူ နွားဝါလေးနှင့် ထပ်မတိုက်ချင်တော့။

နွားဝါ၏မျက်လုံးများ လေးပေါ်သို့ ရောက်လာသည်။

နွားဝါလေး လေးကို ကိုယ်တိုင်ကွေးညွှတ်လိုက်သည်နှင့် သားရဲအော်သံများ၊ ငှက်အော်သံများနှင့် မိုးခြိမ်းသံများ ပေါက်ကွဲထွက်လာသည်။

“ဒီလေးနာမည် ဘယ်လိုခေါ်လဲ..” နွားဝါလေး မြေကြီးပေါ် စာရေးချလိုက်သည်။

“အဖိုးကျောင်းက မိုးကြိုးလို့ခေါ်တယ် .. ဒါပေမဲ့ လေးကြိုးကမရှိတော့ဘူး .. သူ ပြောတာတော့ မူလလေးကြိုးက နဂါးအရွတ်နဲ့လုပ်တာတဲ့..” ချူဖုန်း ပြောလိုက်သည်။

“အဲဒါဆို နဂါးတွေကို အမဲသွားလိုက်ရအောင်..” နွားဝါလေး မြေကြီးပေါ် စာရေးပြလာသည်။ သူနှင့်အတူ ရှေးဟောင်းတောင်ထဲလိုက်ခဲ့ရန် ချူဖုန်းကို ပြောလိုက်လေ၏။ နွားပေါက်လေး ဤလေးကို အလေးထားသည်မှာ သိသာလှသည်။

“ကျိုးချွင် .. မြန်မြန်လာ .. ငါ့ဆီလာခဲ့.. ငါမင်းကို နဂါးဖမ်းဖို့‌ ခေါ်သွားမယ်..” ချူုဖန်း ကျိုးချွမ်ကို ဖုန်းခေါ်လိုက်သည်။ ဤအခွင့်အရေးကောင်းကို အသုံးချကာ ထိုဖက်တီးကို သူ လေ့ကျင့်ပေးချင်သည်။

“ဟမ် .. ငါကြားတာတော့ အသီးတွေက မနက်ဖြန်မှ သီးမှာတဲ့ .. အဲဒီတော့ ငါတို့ဒီနေ့ စွမ်းအားချွေတာထားကြရင်ရော..” ကျိုးချွမ် ပြောလာသည်။

“သောက်ပိုတွေ လာပြောမနေနဲ့ .. မြန်မြန်လာခဲ့..” ချူဖုန်း အော်ဟစ်လိုက်သည်။ မနက်ဖြန် စစ်ဖြစ်မည်ဆိုလျှင် ယနေ့သည် သူ လေးကို ပြန်အသက်သွင်းရန် အကောင်းဆုံးအချိန်ပင်။

အပိုင်း ၄၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset