ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၆ – ဝမ်းပိတ်ဆေး
လမင်းကြီးမှာ တိမ်စိုင်များနောက်တွင် ပုန်းကွယ်သွား၍ ညအခါမှာ မှောင်မဲလာသည်။
တောင်ကြားတွင် ပုန်းလျှိုနေသော တောရိုင်းကောင်များ၏ အော်ဟိန်းသံကို ဆက်တိုက်ကြားနေရပြီး သူ့အိမ်ပြန်ခရီးကို ခြောက်လှန့်နေသည်။ ငှက်များလည်း တိုက်ခိုက်ရန်အတွက် အတောင်ပံကို ဖြန့်ကျက်ကာပျံသန်းနေကြသည်။ သူတို့သည် ညကောင်းကင်ကို မျဥ်းကွေးသဏ္ဍန်လမ်းကြောင်း ရေးဆွဲပေးထားသကဲ့သို့ပင်။
ချူဖုန်း ခဏရပ်လိုက်၏။ ယနေ့ညတွင် တိရစ္ဆာန်များ ဂနာမငြိမ်ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။ သို့သော် သူ မကြောက်။ သူ့ရှေ့ထွက်လာမည့် အန္တရာယ်ဟူသမျှကို တိုက်ခိုက်ရန်အသင့်ပင်။
သူ၏ခရီးမှာ မိုင်တစ်ရာကျော် ရှည်လျားပြီး ဘေးဘက်တွင် မြင့်မားလှသည့်တောင်ကြီးများ ဝန်းရံနေသည်။ သူသည် လျင်မြန်လှသည့်အရှိန်ဖြင့် တစ်တောင်ဝင်တစ်တောင်ထွက် သွားလာနေသည်။
ခဏကြာသော် တိမ်စိုင်များ ပျောက်ကွယ်သွားပြီး ဖိုးလပြည့်၏ နူးညံ့သည့်အလင်းတန်းများ ဖြာကျလာသည်။ လင်းထိန်သည့်လရောင်သည် ညအမှောင်ထုကို အလင်းပေးကာ ဂယက်ခတ်နေသော တိရစ္ဆာန်များကို ငြိမ်သက်သွားစေသည်။ လမ်းပေါ်ခရီးသွားသူတို့သည် စိုးမိုးနေသော အမှောင်ထုကို မကြောက်ရွံ့ကြတော့။
“အခုလောက်ဆို အမဲသားအနံ့ ပျောက်လောက်ပါပြီ” ချူဖုန်း ရေရွတ်လိုက်သည်။ နောက်ဆုံးတွင် ချင်းရန်ရွာနားသို့ ရောက်လာလေပြီ။ ဤရွာ၌ သူ့အိမ်ရှိနေသည်ပင်။
ရုတ်တရက် ခေါင်းထဲတွင် နွားပေါက်ကို တစ်ခုခုဝယ်ကျွေးပြီး လာဘ်ထိုးမည့်အကြံ ပေါ်လာသည်။
“အမဲသားကင် အချောင်း ၁၅၀ပေးပါ” ရွာနားတွင် အသားကင်ချောင်းရောင်းသည့်ဆိုင်ကို တွေ့လိုက်၍ ထိုဆိုင်သို့သွားလိုက်သည်။
“မရဘူးဗျ၊ ကျွန်တော်တို့မှာ အမဲချောင်းမရောင်းဘူးဘူး” ဆိုင်မှ လူငယ်လေး ချူဖုန်းကို သေချာစိုက်ကြည့်ပြီး ပြောလာသည်။ “အခုနေ ဘယ်သူက အမဲချောင်းရောင်းသေးလို့လဲ” သူတွေးလိုက်သည်။ “အရှင်ဘုရား ညဘက်ကြီး ရန်လာရှာတဲ့ ပြဿနာကောင်မဟုတ်ပါစေနဲ့ ”
“အာ.. မဟုတ်ဘူး .. ကျွန်တော်မှားသွားတာ .. မှားပြောလိုက်တာ၊ သိုးသားကင် လိုချင်တာ… ကျွန်တော့်ကို သိုးသားကင်အချောင်း ၁၅၀လောက် ပေးပါ” ချူဖုန်းသည် ဆိုင်၏တိုင်ကိုမှီပြီး ရွာအရှေ့ဘက်ခြမ်းကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။ ထိုနေရာသည် သူ့အိမ်ရှိရာနေရာဖြစ်ပြီး ဂြိုလ်ဆိုးနွားပေါက် ရှိနေသည့်နေရာလည်း ဖြစ်သည်။ သူစကားပြောမှားသွားသည်ကို နွားပေါက်လေးကြားမသွားစေဖို့ မျှော်လင့်မိသည်။ မဟုတ်လျှင် ထိုနွားပေါက် တရှိန်ထိုး ပြေးလာပြီး သူ့ကိုလာရိုက်လိမ့်မည်။
“အကင်ဖိုးအတွက် ဆန်သာပေးပါ.. ကျွန်တော် ပိုက်ဆံမလိုဘူး” ဆိုင်ရှင်လူငယ်လေး ပြောလိုက်သည်။
သူသည် ဗြောင်းဆန်မှုများ စဖြစ်သည်နှင့် ပိုက်ဆံအစား ကုန်ပစ္စည်းနှင့် အစားအစာများကို စုဆောင်းသည့်လူများထဲမှ တစ်ယောက်ဖြစ်သည်။ လမ်းများပြတ်တောက်ကာ ရထားလမ်းများလည်း ပျက်သွားသောကြောင့် အစားအစာများ ပြတ်တောက်လာသည်။ စက္ကူပိုက်ဆံမှာ အသုံးမဝင်သလောက်ပင်။
“ကျွန်တော်တို့နှစ်ယောက်က သိပ်မရင်းနှီးပေမယ့် ကျွန်တော်ဘယ်သူလဲ၊ ဘယ်မှာနေလဲဆိုတာကို ခင်ဗျားသိတယ်မလား … အဲဒီတော့ အခု ကျွန်တော့်ကို အကင်ပေးလိုက် .. မနက်ဖြန်ကျရင် ကျွန်တော် ဆန်တွေယူလာပေးမယ် .. အဲဒီလိုရလား..” ချူဖုန်း ပြောလိုက်သည်။
ဆိုင်ပိုင်ရှင်သည် ပွင့်လင်းပြီး တဲ့တိုးပြောတတ်သူပင်။ “ရတယ်.. အခု အကင်လုပ်ပေးလိုက်မယ်”
“ဒီအကင်ချောင်းတွေကို အခဲရိုက်ထားတာ ဘယ်လောက်ကြာပြီလဲ.. စားလို့ရသေးတယ်မလား” ချူဖုန်းသည် ဒီတိုင်းသိချင်သည်ထက် စိတ်ပူ၍ မေးလိုက်သည်။
“အဆင်ပြေ…မှာပါ”သို့သော် ထိုလူငယ်လေး အပြစ်ရှိစိတ်ဖြင့် ပြန်ဖြေလာသည်။
“စားပြီး မသေရင် ရပြီ” ချူဖုန်းသည် ထိုလူငယ်၏ပခုံးကို ပုတ်ကာ သဘောထားကြီးပြီး ရက်ရောသည့်ပုံလုပ်လိုက်သည်။ ဤအသားကြောင့် တစ်ညလုံး အကြီးအကျယ်ဝမ်းလျှောနိုင်ခြေကို တစ်စက်မှ စိတ်ပူပုံ မပေါ်ချေ။
ခဏအကြာ အကင်ချောင်းများကို အလုံပိတ်မီးဖိုထဲမှ ထုတ်လာသည်။ ထို့နောက် လူငယ်လေးသည် အကင်များအပေါ် ဇီရာပင်အရွက်မှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ဖြူးပေးလာသည်။ ချူဖုန်း ဘေးတွင် ရပ်ကာ အာရုံတစ်စိုက်ကြည့်နေလိုက်သည်။
“အများကြီးမစားနဲ့ ကိုယ့်လူ .. ဒီည ဝမ်းလျှောရင် ကျွန်တော်နဲ့မဆိုင်ဘူးနော်” ထိုလူငယ်လေး စနောက်လိုက်သည်။
“စိတ်မပူနဲ့ဗျာ ကျွန်တော့်ဗိုက်က ခံနိုင်ရည်ရှိတယ်” ချူဖုန်းသည် သူ့ဗိုက်ကို ယုံကြည်ချက်ရှိရှိ ပုတ်ပြလိုက်သည်။ ထို့နောက် ထိုလူအနောက်ရှိ ရေခဲသေတ္တာဆီ ကြည့်လိုက်ကာ “ဘီယာလည်း ပေးပါဦး”
“ရစေရမယ်ဗျာ..”
နောက်ဆုံး၌ လက်ထဲတွင် အကင်ချောင်းထုပ်နှစ်ထုပ်ဖြင့် အိမ်ပြန်လာသည်။ သူ့ဗိုက်ထဲတွင်တော့ အစောပိုင်းက ဝယ်ခဲ့သည့် ဘီယာများ ပြည့်နေပြီဖြစ်သည်။ နွားဝါလေး အမဲသားကင်နံ့ရနေမည်စိုး၍ သူ့ကိုယ်သူ အရက်နံ့မွန်အောင် လုပ်လိုက်ခြင်းပင်။
“နွားဝါလေး .. ငါ မင်းအတွက် ဘာယူလာလဲကြည့်လိုက်..” သူပိုင်သည့်မြေပေါ်သို့ ခြေချသည်နှင့် ချူဖုန်းအော်ဟစ်လိုက်သည်။
သူခေါ်လိုက်သည်နှင့် နွားဝါ ရုတ်တရက် ထွက်ပေါ်လာကာ သူ့ကို မျှော်လင့်သလို သံသယဝင်သလိုဖြင့် ကြည့်လာသည်။ ဤလူသား သူ့အတွက် စဥ်းစားပေးသည်မှာ ထူးဆန်းလှသည်။ ၁၀ခါတွင် ၉ခါမှာ သူတစ်ခုခုလိုချင်သောကြောင့် ကောင်းပေးခြင်းပင်။ ထို့နောက် ချူဖုန်းလက်ထဲရှိ အကင်ချောင်းများကို တွေ့သည်နှင့် သူ့မျက်နှာထက်တွင် အရွဲ့တိုက်သောအကြည့်ဖြစ်ပေါ်လာသည်။ နွားပေါက်သည် ခေါင်းမော့ကာ အထင်သေးသောအကြည့် ကြည့်လာလေသည်။
“ဟေး .. ဒါက ဘာသဘောလဲ .. အကောင်းနဲ့ မင်းစားဖို့ ဝယ်လာပေးရသေးတယ် .. အဲဒီအကြည့်က ဘာသဘောလဲ .. မင်း အသည်းနှလုံးမရှိတဲ့ကောင်..” ချူဖုန်း နွားပေါက်ကို စိုက်ကြည့်လိုက်သည်။
နွားဝါသည် ချူဖုန်းဆူသည့်စကားများကို ဂရုမစိုက်ပဲ ခြံဝင်းထဲရှိ မြေကြီးပေါ်တွင် စာလုံးများရေးပြလိုက်သည်။ ရေးထားသည်မှာ : မင်းနှလုံးသားထဲက အချစ်စစ်၊ မင်းအိပ်မက်ထဲက နတ်ဘုရားမ၊ နောင်တစ်ချိန်မင်းဇနီးဖြစ်လာမယ့်သူကို မင်းသွားတွေ့တာလေ.. မင်းတို့ကျတော့ သောက်ရမ်းစားကောင်းတဲ့ အနောက်တိုင်းအစားအစာတွေ စားခဲ့ပြီးတော့ အခု ငါ့အတွက်ဝယ်လာတာကိုလည်း ကြည့်လိုက်ပါဦး.. ငါ့ကို လမ်းဘေးဆိုင်က ဝယ်လာတဲ့ အပေါစားအကင်ချောင်းတွေနဲ့ လှည့်စားနိုင်မယ်လို့ ထင်နေတာလား.. နွားပေါက်လေးသည် ဒေါသထွက်လွန်းသောကြောင့် နှာခေါင်းမှ မီးခိုးများပင် ထွက်လာသည်။
နွားဝါပြောတာ မှန်ပြီး သူမှားကြောင်း ချူဖုန်း လက်ခံသည်။ သို့သော် နွားဝါကို စိတ်ထဲမှ ဆဲဆိုလိုက်သည်။ “သူ အင်တာနက်စသုံးတတ်လာကတည်းက ဒီနွားပေါက်ကို လိမ်ဖို့က တော်တော်ခက်လာတာပဲ”
သို့သော် ဤကဲ့သို့ အရေးကြီးသောအချိန်တွင် ချူဖုန်းသည် ခေါင်းမာစွာဖြင့် သူ့အမှားကို ဝန်မခံပေ။
သူ့အဆိုပြုချက်ကို ခိုင်မာစွာ တောင့်ခံရန် ရွေးချယ်လိုက်သည်။ တိုက်တွန်းလေသည်၊ “မင်းက တကယ်အရသာရှိတာတွေကို သိတယ်လို့ ကိုယ့်ဟာကို ထင်နေပေမယ့် ငါပြောပြမယ်.. မင်းအင်တာနက်ပေါ်မှာ မြင်ရတာတွေက အမြဲမမှန်ဘူး နွားဝါရဲ့.. အခု ငါပြောတာနားထောင်.. တကယ်အရသာရှိတဲ့ဟာတွေက မင်းအထင်သေးတဲ့ဟာတွေပဲ.. လမ်းဘေးမှာ တွန်းလှည်းလေးနဲ့ ရောင်းတဲ့ဟာတွေက အကောင်းဆုံးပဲ.. ဟိုလို ဆိုင်ကောင်းကောင်းမှာ စားတဲ့ဟာတွေက နာမည်နဲ့ ရိုက်စားနေတာ… စျေးကြီးပြီး လမ်းဘေးဆိုင်လောက်တောင် မကောင်းဘူး.. စားကြည့်စမ်းပါနွားဝါ.. မင်းကြိုက်သွားစေရမယ်”
အကင်ချောင်းအရသာရှိကြောင်းကို ကြွားလုံးထုတ်နေစဥ် ချူဖုန်းသည် စိတ်ထဲတွင် တိုးတိုးတိတ်တိတ် ဆုတောင်းနေရသည်။ “ကျေးဇူးပြုပြီး ဗိုက်မနာပါနဲ့… ဒါစားပြီး ဝမ်းမလျှောချင်ဘူးနော်” ချူဖုန်းမျက်လုံးမှိတ်ကာ အံကြိတ်လိုက်သည်။ ထို့နောက် သတ္တိရှိစွာဖြင့် အကင်ချောင်းကို တစ်ကိုက်ကိုက်လိုက်သည်၊ “အိုး စားကောင်းလိုက်တာကွာ” ချူဖုန်း ကျယ်လောင်စွာ ပြောလိုက်သည်။
နွားဝါသည် သံသယရှိသေးသော်လည်း ချူဖုန်း၏ အလွန်အကျူးတုန့်ပြန်မှုကြောင့် စိတ်ယိုင်လာသည်။ ထို့အပြင် အကင်ချောင်း၏အနံ့လည်း စိတ်ကို ဆွဲဆောင်နေသည်ပင်။
နောက်ဆုံးတွင်တော့ နွားပေါက်မှာ စားလိုစိတ်ကို မခုခံနိုင်တော့။ နည်းနည်းရွေ့ကာ အကင်ထုပ်နားသွားပြီးနောက် ရုတ်တရက် ရှေ့ခြေထောက်ဖြင့် အကင်ချောင်းကို အိတ်ထဲမှ ထုတ်လိုက်သည်။ အသားချောင်းကို ကိုက်ပြီးနောက် ရုတ်တရက် မျက်လုံးပြူးကာ အော်ဟစ်လာလေသည်။
နွားပေါက်၏တုန့်ပြန်မှုကြောင့် ချူဖုန်း ထိတ်လန့်သွားရသည်။ နွားပေါက် အကင်ချောင်းကို ယူကတည်းက သူ သတိကြီးကြီး ထားနေခြင်းပင်။ အခု နွားပေါက်သောင်းကျန်းသည်ကို မြင်သောအခါ လုံးဝသတိအနေအထားဖြစ်သွားသည်။
“အခု ဒါအကုန်ငါ့ဟာပဲ” နွားဝါ မြေကြီးပေါ်တွင် ရေးပြလာသည်။ ထို့နောက် နွားဝါသည် ချူဖုန်းကို အကင်ချောင်းထုပ်နားမှ တွန်းထုတ်လိုက်လေသည်။ “စိတ်ဓာတ်ပဲ.. မင်းက လူပါးဝတဲ့ကောင်ပဲ” ချူဖုန်း အပြစ်တင်လိုက်သည်။
“မူး မူး မူး” နွားဝါအော်ဟစ်နေလေသည်။ သူ ထိုအကင်ချောင်းများကို တစ်ယောက်တည်းအပိုင်ရလိုက်၍ ဂုဏ်ယူဝင့်ကြွားနေပုံသလိုပင်။ ပါးစပ်တွင် ဆီတဝင်းဝင်းဖြစ်လာသည်အထိ တစ်ချောင်းပြီးတစ်ချောင်း စားနေလေသည်။
ထိုအကင်ချောင်းများသည် တကယ်လည်း လုံးဝအရသာရှိသည်။ ဆိုင်ရှင်လူငယ်မှာ မြို့ထဲတွင် သူ၏ဟင်းချက်လက်ရာကြောင့်င နာမည်ကြီးသည်ပင်။ အစာအဆိပ်တက်မည်ကို မစိုးရိမ်ခဲ့လျှင် ချူဖုန်းသည် ထိုအသားကင်ချောင်းများအတွက် နွားပေါက်နှင့် သေချာပေါက် ရန်ဖြစ်ရမည်သာ။
ချူဖုန်းသည် သူဝယ်လာသောအကင်အားလုံးကို နွားဝါကို ပေးလိုက်ပြီးနောက် နွားပေါက်၏ပခုံးကို ပုတ်ကာ မေးလိုက်သည်။ “နွားဝါ ငါရက်ရောတယ်မလား”
နွားဝါသည် သူ့ရှေ့ခြေထောက်ဆန့်ထုတ်ပြီး သဘောမတူကြောင်း ခါထုတ်ပြလိုက်သည်။ ထို့အပြင် သူ့မျက်နှာပေါ်တွင် အရွဲ့တိုက်သောအကြည့် ရှိနေဆဲပင်ဖြစ်သည်။
“အသည်းနှလုံးမရှိတဲ့ကောင်” ချူဖုန်းသည် ဆဲဆိုရင်း သူ့ဝမ်းနည်းမှုကို ဖြေသိမ့်ရန် ဘီယာနောက်တစ်ဘူး ဖောက်လိုက်သည်။
နွားဝါသည် ချူဖုန်းလက်ထဲရှိ ဘူးကို စိတ်ဝင်စားနေပုံပင်။ သူ့ရှေ့ခြေထောက်တစ်ချောင်းကို ဆန့်ထုတ်ပြီး သူ့ကိုလည်း တစ်ဘူးပေးရန် တောင်းလိုက်သည်။
“ဖူး..” နွားပေါက်သည် ဘီယာတစ်ငုံသောက်ပြီးနောက် ပြန်ထွေးထုတ်လိုက်လေသည်။ နွားဝါ ချူဖုန်းကို ဒေါသတကြီး စိုက်ကြည့်လာသည်။ ဤသည်မှာ သေချာပေါက် ဘီယာ၏အရသာကြောင့်ပင်။
“ကြည့်ပါလား ငါပြောသားပဲ.. တစ်ခါတစ်လေ မင်းက မခံစားတတ်တဲ့ ဘာမှမသိတဲ့ငတုံးကြီးပါဆိုနေ.. ငါပြောပြမယ်.. ဒီဘီယာဘူးက ကမ္ဘာပေါ်မှာ အရောင်းရဆုံးတံဆိပ်ပဲ.. ပြောချင်တာ ဒါက ကမ္ဘာပေါ်မှာ သောက်လို့အကောင်းဆုံး အရက်ပဲ” ချူဖုန်း သေချာပြောလိုက်သည်။
ချူဖုန်း၏စကားကြောင့် နွားပေါက်ထရယ်လေသည်။ ဤသည်မှာ သူ့ကို လှောင်ပြောနေခြင်းပင်။ သူ အံ့အားသင့်သွားရသည်မှာ နွားပေါက်လေးသည် Laffey နှင့် Romanee Conti အကြောင်းကို သိနေသည်။ ထို့ကြောင့် လမ်းဘေးဆိုင်က ဝယ်လာသည့် နာမည်မရှိသည့်တံဆိပ်ကို ‘ကမ္ဘာ့အကောင်းဆုံးအရက်’ဟု ပြောလိုက်သောကြောင့် နွားပေါက်လေးထံမှ လှောင်ရယ်ခံလိုက်ရသည်မှာ မဆန်း။
ချူဖုန်း နည်းနည်းရှက်သွားရသည်။ “မင်းရဲ့ဖုန်းကို ငါယူပစ်မယ် ကောင်စုတ်” ချူဖုန်း ရှက်ရမ်းရမ်းလိုက်သည်။
နွားပေါက်ကို ဖုန်းဝယ်ပေးခဲ့သည့် သူ့ဆုံးဖြတ်ချက်ကို နောင်တရလာသည်။ “အင်တာနက်ပေါ်ကနေ အကုန်သူသိသွားရင် နောက်ဆို ငါသူ့ကို ဘယ်လိုလှည့်စားရမလဲ”
နောက်ဆုံးတော့ နွားဝါသည် ဗိုက်ပြည့်သည်ဟု မခံစားရသေးခင် အကင် အချောင်း၁၀၀ကျော်ကို စားပြီးသွားပြီဖြစ်သည်။ ထို့နောက် ကြိမ်ခုံပေါ်တွင် မှီထိုင်လိုက်ပြီး ခြေနှင့်လက်တို့ကို ဆန့်ထုတ်ထားလိုက်သည်။ ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ကို မော့ကြည့်ပြီး မျက်နှာထက်တွင် ကျေနပ်မှုသည့်အမူအရာများ ရှိနေသည်ပင်။
“နွားဝါ ဒီကိုလာ ဆေးလာသောက်” ချူဖုန်း ခေါ်လိုက်သည်။ နွားဝါ ချူဖုန်း လှည့်ကြည့်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။
“အီမိုဒီယမ်.. ဝမ်းလျှောတာတို့ အူလမ်းကြောင်းနဲ့ပတ်သတ်တဲ့ ရောဂါတွေပျောက်တဲ့ဆေး.. သောက်လိုက်.. ကြိုတင်ကာကွယ်ထားတာပေါ့” ချူဖုန်းသည် အပြစ်ရှိသလို ခံစားချက်ဖြင့် ပြောလိုက်သည်။
“ဘာကြီး” နွားဝါ ကြိမ်ခုံပေါ်မှ ဆင်းလာပြီး မီးတောက်နေသော မျက်လုံးဖြင့် ချူဖုန်းကို စိုက်ကြည့်လိုက်သည်။
“ဒီတိုင်း…မင်းခန္ဓာကိုယ်ပိုကောင်းအောင် သောက်တဲ့ဆေးလို့ သဘောထားလိုက်” ချူဖုန်း အရှက်မရှိ ပြောလေသည်။
“မူး..”
နွားဝါသည် မောက်မာသော်လည်း မတုံးအ။ နည်းနည်းစဥ်းစားလိုက်လျှင် ချူဖုန်းလိမ်နေမှန်းသိသည်။ ဤအကင်သည် လမ်းဘေးဆိုင်မှ အစားအစာဖြစ်သည့်အတွက် စားပြီး ဆေးသောက်ထားလျှင် ပိုကောင်းလိမ့်မည်။ သို့သော် စားသုံးသူ ကျန်းမာရေးထိခိုက်နိုင်ချေရှိသည်ကို သိလျက်နှင့် သူတစ်ပါးကို လိမ်လည်ခြင်းမှာ မည်မျှပင် အန္တရာယ်များသနည်း..
ခြံဝင်းထဲတွင် နှစ်ယောက်သား ဗြောင်းဆန်အောင် သတ်နေပြီး သူတို့ မည်သည့်အချိန် ရပ်သွားသည်ကိုတော့ ဘုရားသာ သိလိမ့်မည်။
နောက်ဆုံးတွင်တော့ နွားဝါလေး ဆူပုပ်စောင့်အောင်ကာ သူ့အခန်းထဲ ဝင်သွားလေ၏။
ချူဖုန်းကတော့ နာကျင်နေသည့်မျက်နှာဖြင့် ကျန်ခဲ့သည်ပင်။ သူ့ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသောကြောင့်သာ သူ့မျက်နှာပုံပျက်မသွားခြင်းပင်။
သူ ရေချိုးခန်းထဲ ဝင်လိုက်ပြီး ရေနွေးနွေးလေးဖြင့် ရေစိမ်ချိုးလိုက်သည်။ ချင်းရန်ရွာနှင့် မြို့ထဲသို့ အကြိမ်ပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန်သွားနေရသည့်အပြင် နွားဝါလေးနှင့်ပါ ရန်ထပ်ဖြစ်ရသေးသည်။ သူ့မျက်နှာထက်ရှိ ရွဲနေသောအကြည့်မှာ သူမည်မျှပင်ပန်းနေကြောင်း ပြသနေသည်ပင်။
အခန်းထဲသို့ ပြန်ရောက်လာသည့်အချိန်တွင် သူ ရီဝေဝေ ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ အစောပိုင်းက သောက်ထားသည့်ဘီယာကြောင့်လည်းပါသည်။ သူ့အခန်းမှာ မီးမဖွင့်ရသေးသောကြောင့် မှောင်မဲနေသည်။ သို့သော် သူ မီးမဖွင့်နိုင်တော့။ မွေ့ယာပေါ် ပစ်လဲချကာ ခေါင်းအုံးနှင့်ခေါင်း ထိလိုက်သည်နှင့် သူ အိပ်ပျော်သွားသည်။
“ခဏ…”
ချူဖုန်း အလန့်တကြား ထလာသည်။ သူ့အိပ်ချင်စိတ်ပင် ပျောက်သွားလေပြီ။
ကြောက်စိတ်ကြောင့် သူ့ဆံပင်မွေးများပင် ထောင်ထလာသည်။ သူ့အိပ်ရာထဲမှာ တစ်ယောက်ယောက်ရှိနေတယ်… သူ အခန်း၏အခြားတစ်ဖက်သို့ အမြန်သွားကာ မီးကို ဘန်းကနဲ ဖွင့်လိုက်သည်။
ဒါ ဘာကြီးလဲ .. ချူဖုန်း ဆွံ့အသွားရသည်။ သူ့အိပ်ရာထဲမှာ တကယ် တစ်ယောက်ယောက်ရှိနေတယ် .. အဲဒါက အမျိုးသမီးတစ်ယောက် .. ဤအမျိုးသမီးမှာ အတော်လေး လှပလှသည်။ ချူဖုန်း အိပ်ရာပေါ်တက်လိုက်သောကြောင့် သူမ နိုးသွားပုံပင်။ သူမ မျက်လုံးများကို ကြိုးစားဖွင့်လိုက်ပြီး ကြောင်တောင်တောင် ကြည့်လာလေသည်။
“မင်းဘယ်သူလဲ .. ငါ့အိမ်က ငါ့အခန်းထဲက ငါ့မွေ့ယာပေါ်မှာ ငါ့ခေါင်းအုံးနဲ့ အိပ်နေတာလား .. မင်း ဘာလုပ်နေတာလဲ .. မင်းငါ့ကို စော်ကားဖို့ ကြိုးစားနေတာလား..”
ဤသည်မှာ ချူဖုန်း၏ ရန်လိုနေသည့် အသံပင်။ သူသည် ဒေါသထွက်နေပုံပေါ်သည်။ မတ်တပ်ရပ် လက်ပိုက်ကာ ကုတင်ပေါ်က အမျိုးသမီးကို ထခိုင်းနေလေ၏။ ဤအခြေအနေကြောင့် သူ ကြောင်အသွားရသောကြောင့် ရန်သူကို သူ့အင်အားပြသချင်နေခြင်းပင်။
မိန်းကလေးတစ်ဦး အထူးသဖြင့် ချောမောလှသည့်မိန်းကလေးတစ်ဦး သူ့အခန်းထဲ၌ အော်ဟစ်လာမည်ကို မလိုလား..
ချူဖုန်း ဤအမျိုးသမီးအား သေချာကြည့်လိုက်သည့်အချိန် ရင်ခုန်သွားရသည်။ အမျိုးသမီးမှာ သာမန်အလှမျိုးမဟုတ်။ ဆွံ့အသွားစေလောက်သည့် အလှမျိုးပင်။ သူမသည် အသက် ၂၀ ကျော်သာ ရှိလိမ့်ဦးမည်။ သူမသည် အဖြူရောင်ကုတ်ဝတ်ဆင်ထားပြီး သေချာဖြီးသင်ထားသည့် သူမ၏ပျော့ပျောင်းသည့် ဆံနွယ်များလည်း ခပ်ဖွာဖွာ ကျနေသည်။ သူမသည် ငယ်ရွယ်ပြီး ချိုမြိန်နေသည်ပင်။
သူမသည် ယခုအချိန်ထိ အပြည့်အဝနိုးမလာသေး။
အံ့အားသင့်စရာကောင်းစွာပင် အမျိုးသမီးသည် ကုတင်ထက်၌ တည်တည်ငြိမ်ငြိမ်ပင် ထိုင်နေသည်။ သူမသည် သာမန်အမျိုးသမီးမဟုတ်ကြောင်း သူမ အပြုအမူများမှတစ်ဆင့် သိနိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူမ တည်ငြိမ်နိုင်သေးသည်။ သူမရှေ့မှ လူကိုမကြည့်ခင် ဘေးပတ်ဝန်းကျင်ကို အရင်လေ့လာလိုက်သည်။ သာယာနွေးထွေးသော ပတ်ဝန်းကျင်နှင့် သူမရှေ့၌ ရှိနေသည့် အန္တရာယ်ပေးနိုင်မည့်ပုံမပေါ်သည့် သာမန်လူတစ်ယောက်ကြောင့် သူမ အန္တရာယ်ကို မခံစားရတော့။
သူမခေါင်းအနောက်ဘက်တွင်မူ အလွန်နာကျင်နေသောကြောင့် သူမ မျက်မှောင်ကြုတ်သွားရသည်။ သူမ နာကျင်နေသည့်နေရာကို လက်ဖြင့် ထိလိုက်ကာ “ရှင် ကျွန်မကို သတိလစ်အောင်လုပ်ပြီး ဒီနေရာကို ခေါ်လာတာလား..”
“ငါ ဘယ်တုန်းကမှ သူများကို အဲဒီလိုမျိုးမလုပ်ဖူးဘူး… တကယ်လို့ ငါသာ အကြံအစည်တစ်ခုခုရှိတယ်ဆိုရင် မင်းအခုလိုမျိုးအကောင်းတိုင်း ရှိနေလိမ့်ဦးမယ်လို့ ထင်နေတာလား..” ချူဖုန်း အပြတ်ငြင်းလိုက်သည်။ သူများလုပ်ထားသည့်အပြစ်အတွက် သူ ခေါင်းခံပေးမည်မဟုတ်။
“အဲဒါဆို ရှင်က ဘာလို့ ဒီရောက်နေတာလဲ..” ထိုအမျိုးသမီး မေးလိုက်သည်။ သူမသည် အခန်းထဲတွင် သူစိမ်းယောက်ျားလေးတစ်ဦးနှင့် တည်တည်ငြိမ်ငြိမ် စကားပြောနေသော်လည်း သူမ အနည်းနှင့်အများတော့ စိုးရိမ်မိသည်ပင်။ သူတို့နှစ်ဦး စကားစပြောမှသာ သူမခန္ဓာကိုယ်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်သည်။
“ဒါက ငါမင်းကို မေးရမယ့်မေးခွန်း .. မင်း ဘယ်တုန်းက ဒီထဲကို ဝင်လာတာလဲ … ပြီးတော့ ဘာလို့ ငါ့အိပ်ရာပေါ်ကို တက်လာတာလဲ.. မင်း ငါ့ကို ဘာလုပ်ချင်နေတာလဲ..” အရှက်မရှိခြင်းနှင့် အတင့်ရဲခြင်းတို့မှာ ချူဖုန်း၏ ပင်ကိုယ်သဘာဝဖြစ်သည့်အတွက် ချူဖုန်းသည် အရှက်တရားမရှိပဲ ထိုအမျိုးသမီးအား သူ့ကို ထိပါးစော်ကားသည်ဟု စတင်စွပ်စွဲလာလေသည်။
ချူဖုန်းစကားကြောင့် ထိုအမျိုးသမီး မျက်ခုံးပင့်သွားရသည်။ တကယ်တမ်း ဒီအိမ်မှာ ပြန်ပေးဆွဲခံထားရတဲ့သူက သူမလေ .. အဲဒါကို သူကဘာလို့ စလာကတည်းက ဒေါသထွက်ပြနေရတာလဲ..
“ခဏ .. မင်း ဒီမှာနားလိုက် .. ငါ မင်းဆီ ချက်ချင်းပြန်လာခဲ့မယ်..” ချူဖုန်း အောက်ဘက်သို့ မြန်မြန်ဆင်းသွားကာ နွားဝါအခန်းထဲ ဝင်သွားလိုက်သည်။ “နွားနတ်ဆိုး .. မင်းဘာတွေ လုပ်ထားတာလဲ..”
ချူဖုန်း သူ့အခန်းထဲ ရုတ်တရက် ဝင်ရောက်သွားသည့်အချိန်တွင် နွားဝါလေး ဆူပုပ်နေဆဲပင်ဖြစ်ပြီး ပို၍ ဒေါသထွက်တော့မလိုပင်။ ကံကောင်းစွာဖြင့် ချူဖုန်း နွားပေါက်၏ဒေါသကို အချိန်မီ ထိန်းလိုက်နိုင်သည်။
“ငါ့အခန်းထဲကို ဘာလို့ အမျိုးသမီးတစ်ယောက် ရောက်နေတာလဲ… မင်းသူ့ကိုဖမ်းထားပြီး.. ငါ့ကိုလက်ဆောင်ပေးမလို့လား..”
နွားဝါသည် ချူဖုန်း၏ထင်မြင်ချက်ကို လှောင်ပြောင်ရန်အတွက် သူ့ရှေ့ခြေထောက်ဖြင့် ထိုးလိုက်သည်။
နောက်ဆုံးတွင်တော့ ဘာဖြစ်ခဲ့သည်ကို ချူဖုန်း သိသွားလေပြီ။
ချူဖုန်းအိမ်ပြန်မရောက်ခင် တစ်ညအလိုက ဖြစ်သည်။ နွားဝါသည် သူ့ပုံမှန်အချိန်ဇယားအတိုင်း သစ်ခွခြံထဲ သူ့’ရတနာ’ကို သွားမြှုပ်ခဲ့သည်။ သူ ပြန်ထွက်လာသည့်အချိန်တွင် အမျိုးသမီးတစ်ယောက် ရစ်သီရစ်သီလုပ်နေသည်ကို သူ တွေ့လိုက်ရသည်။ ဤအမျိုးသမီးမှာ သန္ဓေပြောင်းလူတစ်ဦးဖြစ်ကြောင်း သူ ပြောနိုင်သည်။
ဤအမျိုးသမီးမှာ ချူဖုန်းကို ပြဿနာလာရှာသည့်သူဖြစ်လိမ့်မည်ဟု သူ ထင်လိုက်ခြင်းပင်။
အမျိုးသမီး ခြံနားသို့ ကပ်လာသည်နှင့် နွားဝါလေး သူမနောက်တိတ်တိတ်လေး လိုက်သွားကာ ရှေ့ခြေဖြင့် သူမခေါင်းကို ရိုက်ထည့်လိုက်ခြင်းပင်။ သူမသည် ချက်ချင်းပင် မျက်ဖြူလှန်ကာ သတိလစ်သွားခဲ့သည်။
“မင်းက တကယ်ကို သွေးအေးခဲ့ကောင်ပဲ.. မိန်းကလေးတစ်ယောက်ကိုရိုက်ပြီး သူ သတိလစ်သွားတာကို ကြည့်နေခဲ့တာလား..” ချူဖုန်း လှောင်ရယ်လိုက်သည်။
“ငါက မိန်းကလေးတစ်ယောက်ကို သတိလစ်အောင်လုပ်နေတဲ့အချိန်မှာ မင်းက မြို့ထဲမှာ အလှလေးကို သတ်နေခဲ့တာလေ..” နွားဝါလေး ကျိန်ဆဲလိုက်သည်။ သူတို့နှစ်ယောက် အကင်ချောင်းစားနေတုန်း ချူဖုန်း၏လုပ်ကြံမှုအကြောင်း သူသိခဲ့ရခြင်းပင်။
“အဲဒီတော့ ဘာလဲ .. မင်း သူ့ကို ငါ့အခန်းထဲ ဒီတိုင်း ပစ်ထည့်လိုက်တာလား..” ချူဖုန်း မေးလိုက်သည်။
နွားဝါလေးသည် ဝန်ခံရန် အနည်းငယ် ရှက်နေသည့်ပုံပင်။ နွားဝါလေး ရှက်နေသည်ကို မြင်နေရသည်မှာ ရှားပါးသည့်အခိုက်အတန့်ပင်။ သို့သော် နောက်ပိုင်း သူ ဝန်ခံခဲ့သည်။ ချင်းရန်ရွာတွင် အခြားသန္ဓေပြောင်းလူသားများလည်း ရောက်နေကြောင်း သူသိသွားသည်။ ဤလူများသည် ဤနေရာတွင် တစ်ညအိပ်လို၍ လာကြခြင်းပင်။ သို့သော် နွားပေါက်က အစိုးရိမ်လွန်ပြီး အမျိုးသမီးဦးခေါင်းနောက်ကို ရိုက်ခဲ့သောကြောင့် သူ့အပြစ်ကို ဖာထေးပေးရန်အတွက် အမျိုးသမီးကို ချူဖုန်းအခန်းထဲသို့ ထည့်ထားခြင်းပင်။
“မင်းက တကယ်ကို ပြဿနာရှာတာပဲ နွားဝါ .. မင်းက ဘယ်ကမှန်းမသိတဲ့ အမျိုးသမီးကို ငါ့အိပ်ရာပေါ် တင်ထားရဲတယ်ပေါ့ .. ငါ့နှလုံသား၊ ငါ့အိပ်မက်ထဲက နတ်ဘုရားမ၊ ငါ့ရဲ့အနာဂတ်ဇနီးသာ ငါ တစ်ခြားအမျိုးသမီးနဲ့အတူတူအိပ်ခဲ့ကြောင်း သိသွားရင် ငါ ဘယ်လို ပြန်ပြောရမှာလဲ..” ချူဖုန်း နွားပေါက်ကို စိုက်ကြည့်လိုက်သည်။
“မင်းဟာမင်း ကြည့်ကြပ်လုပ်လိုက်” နွားဝါ စာရွက်စုတ်တစ်ခုပေါ်တွင် ရေးလိုက်ပြီးနောက် သူ့ရှေ့ခြေထောက်ဖြင့် အခန်းအပေါက်ဝကို ထိုးပြကာ ချူဖုန်းကို အမြန်ထွက်သွားရန် အချက်ပေးနေလေသည်။
နောက်ဆုံးတွင်တော့ ချူဖုန်း နွားပေါက်လေး၏ နွေးထွေးသည့်အခန်းထဲမှ ထွက်လာရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့။ သူသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပင် အပေါ်ထက်တက်သွားလိုက်လေသည်။
သို့သော် သူမသည် တကယ်ကို ချောမောလှပပြီး ဆွဲဆောင်မှု ရှိလှသည်။ သူမ ပြုမူနေသည့်ပုံစံကြောင့် ချူဖုန်း ဆွံ့အသွားရသည်။
သူမသည် ပတ်ဝန်းကျင်အသစ်နှင့် လိုက်လျောညီထွေဖြစ်သွားပြီဖြစ်ကာ ပြတင်းပေါက်ဘေးတွင်ရပ်ပြီး ကြယ်ကောင်းကင်ကြီးကို ငေးကြည့်နေလေသည်။
သူမကို အဖြစ်မှန် ပြောသင့်မပြောသင့် ဝေခွဲမရဖြစ်နေသည်။ သူမကို ရိုက်လိုက်သည့်သူမှာ နွားပေါက်လေးဖြစ်ကြောင်း ပြောလိုက်လျှင် သူမ သူ့စကားကို ယုံမည်မဟုတ်။
နွားဝါလေးကိုခေါ်ပြီး မျက်နှာချင်းဆိုင် တွေ့ပေးလိုက်လျှင် သူနှင့်နွားပေါက်လေးအတွက် ပို၍ပြဿနာများလိမ့်မည်။ တိုင်ဟန်းတောင်ခြေရှိ အိမ်တစ်အိမ်တွင် ရွှေရောင်နွားပေါက်လေးရှိနေသည်ဟူသည့်သတင်းသာ အပြင်လောကသို့ပေါက်ကြားသွားပါက ဤအိမ်မှာ ငြိမ်းချမ်းတော့မည်မဟုတ်။
“စားစရာ တစ်ခုခုရှိလား..” ထိုအမျိုးသမီး မေးလိုက်သည်။
ချူဖုန်း အံ့အားသင့်သွားရသည်။ အမျိုးသမီးသည် သူ့ကို မည်သူရိုက်လိုက်ကြောင်း မေးမည့်ပုံမပေါ်။ သ
“ရှိတယ် .. ခြံထဲမှာ ကျန်တာတွေ ရှိသေးတယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။ အိတ်ထဲတွင် အေးစက်နေသည့်အကင်အချို့ ရှိနေသေးသည်။
သူမ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမ အပြုံးမှာနွေးထွေးချိုမြိန်ကာ စိတ်သာယာစေသည်။ “ရှင်က သန္ဓေပြောင်းလူ မဟုတ်ဘူးလား..” သူမ မေးလိုက်၏။
“မဟုတ်ဘူး..”
“ကျွန်မကို ချောင်းတိုက်တာက သန္ဓေပြောင်းသားရဲတစ်ကောင်ပဲ .. သူ ခေါင်းကို မရိုက်ချလိုက်ခင် သူ ကျွန်မနား ကပ်လာတာကို သိလိုက်တယ် .. သူက စွမ်းအားကြီးတဲ့ သားရဲကောင်လို့ ပြောလို့ရတယ်” အမျိုးသမီး၏စကားလုံးများကြောင့် သူ စိတ်သက်သာရာရသွားသည်။ ဤတိုက်ခိုက်မှုအတွက် ဤအမျိုးသမီး သူ့ကို အပြစ်တင်မည်မဟုတ်ကြောင်း သေချာသွားလေပြီ။
“ရှင် တောရိုင်းကောင် မွေးထားတာလား” သူမ မေးလိုက်သည်။ သူမမျက်နှာပေါ်တွင် အပြုံးရှိနေသေးသည်။ ထိုအပြုံးမှာ နူးညံ့လှသည်ပင်။ သူမနှုတ်ခမ်းထောင့်မှာ အပေါ်တက်သွားပြီး အဖြေကို သိလိုကြောင်း ပြသနေသည်။
“မဟုတ်ပါဘူး .. မမွေးပါဘူး..” ချူဖုန်း အတင်းငြင်းလိုက်သည်။
သူတို့စကားပြောရင်း ခြံဝင်းထဲ ရောက်လာသည်။ အမျိုးသမီးသည် ပလတ်စတစ်အိတ်ထဲရှိ အကင်ချောင်းများကို တွေ့လိုက်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် အကင်ချောင်းမှာ မည်မျှပင် စားကောင်းပုံမပေါက်နေပါစေ သူ၏အစာစားလိုသောဆန္ဒကို မလွန်ဆန်နိုင်ချေ။ နောက်ဆုံးတွင် သူမ အကင်ချောင်းကို ယူစားလိုက်လေသည်။
သူမသည် အိန္ဒြေရှိစွာဖြင့်ပင် စားနေသည်။ ဤသည်မှ, အကင်ချောင်းသာဖြစ်သော်လည်း သူမ ကျက်သရေရှိရှိ ပြုမူနေသည်။ သူမ၏အပြုအမူများမှာ ပုံမှန်မဟုတ်သော သူမ၏နောက်ခံမိသားစုမှ သင်ပေးလိုက်ခြင်းဖြစ်နိုင်သည်ဟု ချူဖုန်း တွေးလိုက်သည်။
အကင်အနည်းငယ် စားပြီးနောက် အမျိုးသမီးသည် သူမဖုန်းကိုအိတ်ကပ်ထဲမှထုတ်ကာ မက်ဆေ့ချ်များကို စာပြန်လိုက်သည်။ သူမ မျက်နှာထက်ရှိ အပြုံးမှာ မျက်မှောင်ကြုတ်သောအကြည့်ဖြင့် အစားထိုးသွားသည်။ သူမကြည့်ရတာ စိတ်ပူနေပုံရသည်။
“ကောင်းပြီ … ကျွန်မသွားဖို့ အချိန်တန်ပြီ…ကျွန်မအကြာကြီး ပျောက်နေလို့ ကျွန်မလူတွေ စိတ်ပူနေကြပြီ.. နောက်မှပြန်လာပြီး ဟိုတောရိုင်းကောင်နဲ့ စာရင်းရှင်းမယ်” အမျိုးသမီး ပြောလိုက်သည်။ ထို့နောက် တစ်ချက်နှစ်ချက်ခုန်လိုက်သည်နှင့် အမျိုးသမီးမှာ ညကောင်းကင်ထက်သို့ ပျံသန်းသွားလေသည်။ တောက်ပနေသည့်လရောင်သည် သူမနောက်ကျောဘက်တွင် အတောင်ပံပုံသဏ္ဌာန်ဖြစ်လာလေသည်။ ရှုထောင့်တစ်ခုမှ ကြည့်လိုက်လျှင် သူမသည် နတ်ဘုရားမနှင့်ပင် တူနေသည်။
သူမ၏ ဖြူဖွေးသောလည်ပင်းတွင် ဖွာဖွာလေးချထားသည့် ဆံနွယ်မှာ လေပြေလေညင်းကြောင့် လေထဲတွင် လွင့်မျောလျက်ရှိသည်။ သူမ၏မျက်လုံးများမှာ အလွန်ဆွဲဆောင်မှုရှိလှသည်။ သူမဝတ်ထားသည့် အဖြူရောင်ဝတ်စုံကြောင့် ဖြူစင်ပြီး အပြင်လောကနှင့် မသက်ဆိုင်သူဟု ထင်ရစေသည်။ သူမကို မြင်သူတိုင်းမှာ အထက်နတ်ပြည်မှ ဆင်းသက်လာသော နတ်ဘုရားမလေးဟု အထင်မှားစေလောက်သည်။
“ခဏ..” ချူဖုန်း အော်လိုက်သည်။
အမျိုးသမီးငယ်သည် နောက်ပြန်လှည့်ကာ သူမ၏အလှကို အောက်ရှိ ကမ္ဘာမြေပေါ်သို့ တစ်ဖန် ပြသလိုက်ပြန်သည်။ သူမသည် ဆွဲဆောင်မှုရှိသော မိန်းကလေးဖြစ်ခဲ့သော်လည်း အခု သူမသည် ဆွဲဆောင်မှုအပြည့်ရှိသော နတ်ဘုရားမလေး ဖြစ်သွားသည်။ အနည်းငယ်ပြုံးလိုက်ရုံဖြင့် နူးညံ့ပြီး ဆန်းကြယ်သော ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာသည်ပင်။
“ဘာဖြစ်လို့လဲ..” သူမ မေးလိုက်သည်။ “ဖမ်းလိုက်..” ချူဖုန်း ပုလင်းတစ်လုံး လေထဲ ပစ်ပေးလိုက်သည်။
“ဒါက ဘာကြီးလဲ..” အမျိုးသမီး ကြောင်အနေပုံပင်။ ထိုပုလင်းကို အောင်မြင်စွာဖမ်းယူပြီးနောက် သူမမျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။ သူမနောက်ဘက်မှ ထွက်နေသော အတောင်ပံများမှာ အလင်းလက်ဆုံးတောက်ပနေလေ၏။
“ဝမ်းလျှောရင် သောက်တဲ့ဆေး”
ချူဖုန်းက ထိုပုလင်းထဲရှိ ပစ္စည်းအကြောင်း ပြောပြလိုက်သည်နှင့် ထိုအမျိုးသမီး၏ခန္ဓာကိုယ် အနည်းငယ်တွန့်သွားသည်။ သူမမျက်နှာသည် နတ်ဘုရားမတစ်ပါးပုံစံကို အကောင်းဆုံးပုံဖော်ထားခြင်း ဖြစ်သော်လည်း သူမမျက်လုံးထဲတွင် ကြမ်းကြုတ်သောအကြည့်များ ဖြစ်ပေါ်လာလေသည်။ ထို့နောက် သူမ နောက်ပြန်လှည့်သွားကာ ကောင်းကင်ထက်သို့ ပျံသန်းသွားလေ၏။
“မလွှင့်ပစ်နဲ့နော် သေချာသိမ်းထား” ချူဖုန်း ခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။
အမျိုးသမီးသည် လေထဲ ခဏရပ်သွားသည်။ သူမသည် တစ်ခုခုကို သည်းခံနေရသည့်ပုံပင်။ ဆွဲထားပုံရသည်၊ သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုအမျိုးသမီးသည် ညကောင်းကင်ထဲသို့ ပျောက်ကွယ်သွားလေ၏။
ခဏကြာပြီးနောက် သူမနှင့်အတူလာသည့် အခြားသန္ဓေပြောင်းလူများနှင့် ပြန်တွေ့လိုက်ရသည်။
“တော်သေးလို့ပေါ့.. မင်းနဲ့ အကြာကြီး အဆက်အသွယ်ပျက်သွားတော့ ဒိမ်ဒီက လူတွေက မင်းကို ချောင်းမြောင်းတိုက်သွားတာလား ဘာလားလို့ တွေးနေကြတာ…”
“ပြန်ရောက်လာလို့ တော်သေးတာပေါ့..”
သူမ ပြန်ရောက်လာသည်နှင့် ရှိနေသည့်သန္ဓေပြောင်းလူများအားလုံး စိတ်သက်သာရာ ရသွားပုံပေါ်နေသည်ပင်။
အပိုင်း ၄၆ ပြီး၏။