Switch Mode

Chapter – 45

အိပ့်စက်နေခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၅ – အိပ်စက်နေခြင်း

ဆော့စ်ဖြင့် နှပ်ထားသော အမဲဟင်း၊ အမဲအစပ်ဟင်း၊ အမဲသီးစုံဟင်း….စသဖြင့် အမဲသားဟင်းအမျိုးပေါင်းများစွာကို စားပွဲအပြည့်မှာလိုက်သည်။

နွားဝါသာ ဤနေရာ၌ ရှိနေလျှင် စားပွဲကို လှန်မှောက်ပစ်လိမ့်မည်။

အထူးသဖြင့် ဟင်းများမှာ တစ်မျိုးနှင့်တစ်မျိုးထပ်ပင်မထပ်။ ထို့အပြင် ဟင်းအားလုံး၏အဓိကပါဝင်ပစ္စည်းမှာ အမဲသားသာ။ ကျွမ်းကျင်သည့်စားဖိုမှူးသည် အသားတစ်မျိုးတည်းဖြင့် ဟင်းပွဲများစွာ ချက်ထားသည်မှာ လေးစားချီးကျူးစရာကောင်းလှသည်။

အရံဟင်းနှင့် ဟင်းရည်ပင် အမဲသားနှင့်မကင်း။ ထို့အပြင် သွားရေစာအနေဖြင့် သူ့ကို အမဲသားကင် အချောင်း ၂၀ ပင် လာချပေးထားသည်။

ချူဖုန်းသည် အပြစ်ရှိသလို ခံစားချက်ဖြင့် ဟင်းလျာများကို မြိန်ရေရှက်ရေ စားသုံးနေလေသည်။ နွားဝါအကြောင်း တွေးမိလိုက်သည့်အချိန် သူ စိတ်မလုံမလဲ ဖြစ်သွားရသည်။ သူသာ ဒီဟင်းတွေ အားလုံးကိုစားလိုက်ရင် အဲဒီအနံ့ခံကောင်းတဲ့ခွေးက အမဲသားမှန်း သိလောက်လား..

သူ၏မျိုးတူအသားကို စားနေမှန်းသာသိပါက ထိုနွားပေါက်လေး သူ့ကို အသက်နှင့်ရင်းကာ ရန်ရှာလိမ့်မည်။

သို့သော် သူ၏အပြစ်ရှိစိတ်မှာ အမဲသားကြိုက်သည့်သူ့ဆန္ဒကို မကျော်လွန်နိုင်။ သူသည် ပါးစပ်ထဲ အသားများထည့်ရင်း ချီးကျူးနေလေသည်။ သူ့အတွက် ဤညစာပြင်ပေးသည့် စားဖိုမှူးကို ကျေးဇူးတင်ပြီးရင်းတင်နေလေသည်။

သူတို့နှစ်ဦး ညစာစားရင်း စကားပြောလိုက်ကြသည်။

ယခင်က ဖြစ်ခဲ့သော အဖြစ်အပျက်များအကြောင်း၊ သူတို့ကျောင်း၊ အတန်းဖော်၊ ကျောင်းနေဖက် စသည်ဖြင့် သူတို့နှစ်ဦးကြား ပြောစရာမကုန်အောင် ရှိနေသည်။ သို့သော် သူတို့နှစ်ဦး၏ဆက်ဆံရေးအကြောင်းရောက်လျှင်တော့ နှစ်ဦးလုံး မသိသလိုဖြင့် စကားလမ်းကြောင်းလွှဲလိုက်ကြသည်။

သူတို့နှစ်ဦးကြားရှိ အတိတ်အကြောင်း ပြောမိလျှင် လင်းနွိုင် ရှောင်သွားသည်ကို သူ သတိထားမိသည်။ သူတို့အတိတ်အကြောင်း ပြောသည်နှင့် သူမ အသံတိုးသွားသည်။

ချူဖုန်းသည် ပွင့်လင်းပြီး အကောင်းမြင်တတ်သောသူဖြစ်သော်လည်း ဤသည်မှာ သူ အရှက်မရှိသည့်သူဟု ဆိုလိုခြင်းမဟုတ်။ သူမထံမှ တစ်ခုခုရရန် မကြိုးစားဖူးသလို သူမကို သက်သေပြရန်လည်း ဘယ်တုန်းကမှ မကြိုးစားခဲ့။ သူသည် ရည်းစားဟောင်းနှင့်လည်း ပုံမှန်အတိုင်းသာ ပြောလိုက်သည်။ ထို့ကြောင့် သူတို့သည် ရှက်စရာကောင်းသည့်ကိစ္စများကို ထိန်းပြောနိုင်ကြသည်။

ကောလိပ်မှစကာ ယနေ့ဖြစ်ပျက်နေသည့်ကိစ္စများအထိ ပြောနေကြသောကြောင့် သူတို့စကားပြောနေကြသည်မှာ အတော်ကြာသွားသည်။

ချူဖုန်းသက်ပြင်းချလိုက်သည်။ ထူးဆန်းသောအဖြစ်အပျက်များ ဖြစ်ပျက်သွားသည်မှာ ဖြစ်ပျက်သွားသည်မှာ လျင်မြန်လွန်းလှသည်။ ပုံမှန်ဟု ထင်နေသည့်အရာများမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ ကမ္ဘာကြီးမှာ နေ့စဥ်နှင့်အမျှ ထူးဆန်းလာသည်။

လင်းနွိုင်မှာ အားနားနေပုံပေါ်သည်။ လောကကြီး၌ ဖြစ်ပျက်သွားသည့် ပြောင်းလဲမှုများကို သူမ ကြိုသိနေပြီးသားဖြစ်သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မည်ဟု မထင်ထားကြောင်း သူမ ပြောလာခဲ့သည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ထူးဆန်းသည့်စွမ်းအားများ အကြိမ်များစွာ ဖြစ်ပေါ်လာခဲ့သည်။ ထိုအဖြစ်အပျက်တစ်ခုစီတိုင်းမှာ လောကကြီးကို များစွာ သက်ရောက်ခဲ့သည်။ သို့သော် သာမန်လူများအနေဖြင့် ထိုအဖြစ်အပျက်နောက်ကွယ်မှ အမှန်တရားနှင့် ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းကို သိမည်မဟုတ်။

သို့သော် ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုကတော့ ဤအဖြစ်အပျက်များ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို သိထားသည်ပင်။

သို့သော် ဤကိစ္စများကို အပြင်လူအား မပြောရန် တားမြစ်ထားသည်ထင်သည်။ လင်းနွိုင်သည် ပြောရန်တုံ့ဆိုင်းနေသော်လည်း ချူဖုန်းအား သဲလွန်စ တစ်ခု၊ နှစ်ခု ပေးခဲ့သည်ပင်။ သို့သော် အသေးစိတ်အချက်အလက်များကိုတော့ မပြောပြခဲ့။

သူမ အတိတ်မှ ကိစ္စများကို ပြန်ပြောလာသည်နှင့် ချူဖုန်း သူမ စကားလုံးများကို အာရုံစိုက် နားထောင်လိုက်သည်။ ဤစကားလုံးများကို သေချာပြန်သုံးသပ်လျှင် သူ အဓိပ္ပာယ်များ ရှာဖွေနိုင်လိမ့်မည်။

နောက်ဆုံးတွင်တော့ လင်းနွိုင် ချူဖုန်းကို ဤမြို့မှ ထွက်ခွာကာ အခြားတစ်နေရာသို့ သွားမှာလားဟု မေးလိုက်သည်။ ဥပမာအားဖြင့် မြောက်ပိုင်းမှမြို့ကြီးများမှာ နေရာကောင်းများပင်။ မကြာခင်တွင် တိုင်ဟန်းတောင်သည် စစ်မြေပြင်ဖြစ်လာတော့မည်ပင်။

“နောက်ရက်နည်းနည်းလောက်နေရင် ငါ ပိုလုံခြုံတဲ့နေရာတစ်ခုခုကို သွားမယ်ထင်တယ်” ချူဖုန်း ပြောလိုက်သည်။ တိုင်ဟန်းတောင်တန်းတွင် ဖြစ်လာနိုင်သည့် ‘စစ်ပွဲ’ သတင်းများကို သူလည်း အင်တာနက်ပေါ်တွင်တွေ့ကြောင်း ချူဖုန်း ပြောလိုက်သည်။

ထို့နောက် လင်းနွိုင်အား ကိုယ့်ကိုကိုယ်ဂရုစိုက်ရန် စိတ်ရင်းဖြင့် မှာကြားလိုက်သည်။

လင်းနွိုင် ခေါင်းညိမ့်ပြလိုက်သည်။ အစက သူမ ရည်းစားဟောင်းကို လုံခြုံသည့်နေရာတစ်ခုသို့ ပို့ဆောင်ပေးရန် ရည်ရွယ်ထားသော်လည်း သူ့ကို ကာကွယ်ပေးနေသည့် ဆရာတစ်ဦး ရှိနေသည့်အပြင် ထိုဆရာကိုယ်တိုင် သူ့ကို မြောက်ပိုင်းမြို့များသို့ လိုက်ပို့မည်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် သူမ လိုက်ပို့ရန် မလိုတော့။

“တိုင်ဟန်းတောင်မှာ အန္တရာယ်ရှိနေမှန်း ငါသိပါတယ် .. အဲဒါကြောင့် အဲဒီကိုသွားပြီး ကိုယ့်ဒုက္ခကိုယ်ရှာမှာ မဟုတ်ဘူး” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။

“အဲဒါတင် မကသေးဘူး..” လင်းနွိုင် ခေါင်းခါလိုက်သည်။ သူမသည် တစ်ခဏခန့် တွန့်ဆုတ်နေလေ၏။ ထို့နောက် စကားလုံးများကို သေချာစီကာ ချူဖုန်းအား အမှန်တရားတစ်ခု ပြောပြလာသည်။

“အခုနောက်ပိုင်း ကုမ္ပဏီမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခု တွေ့ထားတယ်..” သူမ ထပ်ပြောလာသည့်စကားများမှာ ချူဖုန်းကို ထိတ်လန့်သွားစေခဲ့သည်။

“သားရဲတွေနဲ့ ငှက်တွေ ပြောင်းလဲနေတယ် .. လူတွေ ဉာဏ်အလင်းပွင့်သွားသလိုမျိုး သူတို့လည်း အသိဉာဏ်ရှိလာတယ် .. သူတို့ဉာဏ်ရည်က ငါတို့လူသားလောက်နီးနီးကို ရှိနေပြီ”

ဤသည်မှာ ကုမ္ပဏီမှ လတ်တလောတွေ့ထားသည့် လေ့လာတွေ့ရှိချက်ပင်။

သူမ ပြောသည့်စကားများကို ချူဖုန်း ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုမှာ ဤနယ်ပယ်၌ ထိပ်တန်း၌ ရပ်တည်နေသည်ပင်။ လူထုသို့ ထုတ်ပြသည့် သတင်းအားလုံးကို သူတို့ ထိန်းချုပ်ထားကြသည်ပင်။

“အခုတလော သန္ဓေပြောင်းသတ္တဝါတွေ အုပ်လိုက်ပေါ်လာကြတယ် .. အင်တာနက်ပေါ်မှာ အဲဒီအကောင်တွေအကြောင်း ပြောထားကြတာ အများကြီးပဲ .. ဒါပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြဘူး .. အဲဒီအကောင်တွေက အခု သိုသိုသိပ်သိပ်နေပြီး ပုန်းအောင်းနေကြပြီ .. အချိန်တစ်ခုရောက်ရင် တို့ ထွက်လာကြလိမ့်မယ်”

လင်းနွိုင်၏စကားလုံးများမှာ ချူဖုန်းကို အလွန်ထိတ်လန့်သွားစေခဲ့သည်။

‘ပုန်းအောင်ခြင်း’၊ ‘ငြိမ်နေခြင်း’ စသည့်စကားလုံးများမှာ ထိုတိရစ္ဆာန်များကို တစ်ဆင့်မြင့်သွားစေသည်ပင်။ “အဲဒီအကောင်တွေက အသိဉာဏ်ရပြီးတော့ ဘာလုပ်ကြမလို့လဲ…” ချူဖုန်း တွေးကြည့်လိုက်သည်။

“ငါတို့ အဲဒီအကောင်တွေ နည်းနည်းလောက် ဖမ်းမိခဲ့တယ် .. သူတို့က အရမ်းကို ဉာဏ်ထက်ကြတာ .. သူတို့အသိဉာဏ်က လူသားထက် မကျော်ရင်တောင် လူသားလောက်ရှိနေပြီ .. တစ်ချို့အကောင်တွေက သင်ယူပြီး အတုခိုးတဲ့နေရာမှာ လူသားတွေထက်တောင် ပိုတော်သေးတယ်”

ဤအကြောင်း ပြောသည်နှင့် သူမ အမူအရာ လေးနက်လာသည်။

“ဒါက တော်တော် စိုးရိမ်စရာကောင်းတာပဲ..” ချူဖုန်း ပန်းကန်များကို ဘေးဘက်သို့ ရွှေ့ထားလိုက်သည်။ သူ့စိတ်တွင် ပူပန်ခြင်း၊ စိုးရိမ်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ လတ်တလောတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စအချို့ကို သူ ပြန်အမှတ်ရမိသွားသည်။ သူသည် စဉ်းစားရင်းဖြင့် စားပွဲခုံမျက်နှာပြင်ကို တဒေါက်ဒေါက်ခေါက်နေသည်။

“သန္ဓေပြောင်းလူတွေထက် သန္ဓေပြောင်းသားရဲနှင့် ငှက်တွေက ပိုများလိမ့်မယ်လို့ ကျွန်မထင်တယ်..” လင်းနွိုင် ပြောလိုက်သည်။

ဤစကားလုံးများမှာ ချူဖုန်းရင်ကို ပို၍တင်းကြပ်လာစေသည်။ သူမပြောသည်မှာ တကယ်ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သားရဲများနှင့် ငှက်များမှာ တောထဲ၌ နေခြင်းဖြစ်သောကြောင့် လူသားများထက် ထူးဆန်းသည့်အသီးများနှင့် ပို၍ ထိတွေ့နိုင်သည်ပင်။

“အနာဂတ်က တော်တော်ကြီးကို မှောင်မိုက်နေတာပဲ..” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။

“အဲဒါကြောင့် ကျွန်မရှင့်ကို မြို့ကြီးဆီသွားဖို့ ပြောနေတာ” လင်းနွိုင် ပြောလိုက်သည်။

သို့သော် သူ့စိတ်ထဲ၌ မေးခွန်းတစ်ခု ရှိနေသေးသည်။ အစိုးရသည် ယခုတလောတွင် ပြည်သူကို ချွေးသိပ်ပေးသည့် သတင်းစာရှင်းလင်းပွဲအချို့ လုပ်ရုံမှလွဲ၍ ဘာကိုမှ မကြေငြာသေး။ သူတို့ ဘာကို တွေဝေနေကြသနည်း..

“ဒဲ့တိုးပြောရတာ အားနာပေမယ့်..” လင်းနွိုင် ပြောလိုက်သည်။ “အစိုးရလည်း ဒါတွေအကုန်လုံးကိုသိတယ် .. ဒါပေမဲ့ သူတို့တွေ ဒီသတင်းတွေကို လူထုကို ချပြလို့မရဘူး .. ဒါပေမဲ့ ငါ့ကိုယုံ .. သူတို့တွေက နိုင်ငံသားတေကို အမြဲတမ်း စောင့်ကြည့်နေပြီးတော့ ငါတို့တွေကို ကာကွယ်ဖို့အတွက် အစွမ်းကုန်လုပ်ပေးလိမ့်မယ်” ဤသို့ပြောပြီးသည်နှင့် လင်းနွိုင် ခဏရပ်သွားကာ “သိပ်မကြာခင်မှာ သူတို့ အရေးယူ ဆောင်ရွက်တော့မှာ .. ဒါပေမဲ့ သူတို့တွေသာ ဒီကိစ္စထဲ ဝင်ပါလိုက်ရင် အကျိုးဆက် အရမ်းကြီးလာမယ်ထင်တယ်” လင်းနွိုင် သူမ ထင်မြင်ချက်ကို ပြောလိုက်သည်။

သူတို့ညစာစားပွဲမှာ နာရီအတော်ကြာသွားခဲ့သည်။

“ဒါနဲ့ မင်းဦးလေးကို ပြောဖို့ ခက်နေရင် တစ်ယောက်ယောက်က သူမကို လွှတ်ပေးဖို့ ပြောတာနဲ့ မင်း သူမကို လွှတ်ပေးလိုက်..” ချူဖုန်း ရုတ်တရက်ကြီး ခေါင်းစဉ် ပြောင်းလိုက်သည်။

လင်းနွိုင် ဘာမှမပြောပဲ သူမကို ကြည့်လာသည်။

“ငါ့ကို အဲဒီလိုကြီး လာကြည့်မနေနဲ့ .. ငါခုနက ပြောသလိုပဲ ငါ့နောက်ကွယ်က အဲဒီသန္ဓေပြောင်းလူက ဒေါသကြီးတယ်… ငါ့အတွက် ကလဲ့စားချေပေးဖို့ဆိုပြီး တစ်ခုခုလုပ်မှာ စိတ်ပူရတယ်… တကယ်လို့ မင်းရဲ့စောင့်ကြည့်မှုအောက်မှာ အဲဒီမိန်းမသေသွားရင် ဘယ်လိုလုပ်မလဲ.. အဲဒီအခါကျရင် သူ့သေဆုံးမှုအတွက် မင်း တာဝန်ယူနေရလိမ့်မယ်” ချူဖုန်း ပြောလိုက်သည်။ “သူက မင်းသူငယ်ချင်းလား” သူ ထပ်ပြောလိုက်သည်။

“တစ်ခြားသူတွေရှေ့မှာတော့ သူ့ကိုယ်သူ ငါ့အချစ်ဆုံးသူငယ်ချင်းလို့ ပြောတာပဲ” လင်းနွိုင် ပြန်ဖြေလိုက်သည်။ ထို့အပြင် သူမသည် မူဟုခေါ်သော အမျိုးသားနှင့် နီးကပ်သော ဆက်ဆံရေးမျိုးရှိကြောင်း ပြောလာလေသည်။

“နားလည်ပြီ..” ချူဖုန်း ပြောလိုက်၏။

နောက်ဆုံးတွင်တော့ သူတို့ ပြန်ရန်အတွက် ထိုင်ခုံမှ ထလိုက်ကြသည်။ သို့သော် သူတို့ မနှုတ်ဆက်သေးချိန် လင်းနွိုင် သူ့ဘက်သို့ လျှောက်လာကာ သူ့ခါးကို ဖက်လာလေသည်။ ချူဖုန်း အံ့အားသင့်သွားရ၏။ သူမ ကြာကြာမဖက်ခဲ့သော်လည်း ဤသည်မှာ သမီးရည်းစားဘဝတစ်လျှောက် အနီးကပ်ဆုံးနေဖူးခြင်းပင်။

“မင်း ငါ့ကို ဖက်ဖို့ တစ်ခါအကြွေးကျန်နေတယ်ပြောလို့ ဒီနေ့ အကြွေးပြန်ဆပ်တာလား..” ချူဖုန်း သက်ပြင်းချလိုက်သည်။ ဤပွေ့ဖက်မှု၏ အဓိပ္ပာယ်ကို သူသိသည်။

“နင်နဲ့ အတူရှိခဲ့တဲ့ အချိန်တွေက ငါ့ဘဝမှာ အပျော်ရွှင်ရဆုံးအမှတ်တရတွေပဲ.. ဒါပေမယ့် အရင်က ပြောဖူးသလိုပဲ ငါ နင့်အပေါ် ထူးခြားတဲ့ ခံစားချက်မျိုး တစ်ခါမှ မရှိဖူးဘူးဆိုတာ နားလည်ပေးဖို့ မျှော်လင့်တယ်” လင်းနွိုင် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။

“မင်းလက်အောက်ငယ်သားလုပ်ရပ်ကြောင့် ငါထိခိုက်ရတာကို ပွေ့ဖက်တာနဲ့ ပြန်အစားချေပေးပြီး ငါတောင် မထိုက်တန်ဘူးလို့ တွေးထားတဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်ပြောနေတယ် … အဲဒီလို မလုပ်ပါနဲ့…ပြီးတော့ စိတ်မပူနဲ့…ငါ….ငါတို့၂ယောက်က ကံကောင်းလို့ ဆုံခဲ့ပြီး အစောကြီးကတည်းက လမ်းခွဲပြီးမှန်း ငါသိပါတယ်.. အဲဒီတော့ မင်းစိတ်မဝင်စားတဲ့အရာအတွက် ငါ မင်းကို အနှောင့်အယှက်မပေးပါဘူး” ချူဖုန်း ရှုပ်ထွေးနေသည့်ခံစားချက်များဖြင့် ခေါင်းခါလိုက်သည်။

လင်းနွိုင် သူမ ဆံပင်ကို သပ်တင်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် စားသောက်ဆိုင်ထဲမှ ထွက်လာလိုက်ကြသည်။ “ငါ နင့်ကို အိမ်လိုက်ပို့ပေးမယ်..” လင်းနွိုင် ကမ်းလှမ်းလိုက်သည်။

“ကျေးဇူးတင်ပါတယ် .. ဒါပေမဲ့ ရတယ် .. မင်း အလုပ်ရှုပ်မယ်ဆိုတာ ငါသိပါတယ် .. မင်း ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီးရှိနေမှန်းလည်း ငါသိတယ် .. ဒါပေမဲ့ မင်း ငါ့အတွက် ကားတစ်စီးလောက် စီစဉ်ပေးရင်တော့ ကောင်းတာပေါ့..” ချူဖုန်း ပြောလိုက်သည်။

“ကောင်းပြီလေ..” လင်းနွိုင် သဘောတူလိုက်သည်။ စစ်ပွဲကြီးက စောင့်ကြိုနေပြီဖြစ်သောကြောင့် သူမ တကယ်ကို အလုပ်များနေသည်ပင်။

လမ်းထောင့်တစ်နေရာမှ ငွေရောင်ဆလွန်းကားလေးတစ်စီး ပေါ်လာကာ ချူဖုန်းကို အိမ်ပြန်လိုက်ပို့ရန်အတွက် ကားထဲ၌ သန္ဓေပြောင်းလူနှစ်ယောက် ရှိနေသည်။

သူ့အိမ်ရောက်သည်နှင့် ချူဖုန်း ကားထဲမှ ဆင်းလိုက်ကာ ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် လက်ဝှေ့ရမ်းပြလိုက်သည်။ ထို့နောက် ကား အရှိန်ဖြင့် မောင်းထွက်သွားသည်ကို သူတွေ့လိုက်ရသည်။

“အား .. ငါ့ကိုယ်က အမဲသားနံ့တွေ ထွက်နေမယ်ထင်တယ်” ခြံရှေ့ရပ်လိုက်ပြီး သူ့ကော်လံကို အနံ့ခံကြည့်လိုက်သည်။ အနံ့မှာ အတော်လေး ပြင်းလှသည်။

“တစ်ခြားအလုပ်လေးတွေ အရင်သွားလုပ်တာပေါ့..” ချူဖုန်း တစ်ဖက်လှည့်ကာ တောအုပ်ထဲသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် တောအုပ်ထဲမှ သူဖွက်ထားသည့် လက်နက်အချို့ကို တူးထုတ်လိုက်သည်။

ဤသည်မှာ လတ်တလောတိုက်ခိုက်ရာမှ ရခဲ့သည့်လက်နက်များဖြစ်ပြီး သူ အတော်လေးပင် စုဆောင်းမိနေပြီဖြစ်သည်။

နေ့လည်ခင်းတစ်ခုလုံး သူ သေနတ်ပစ်လေ့ကျင့်နေလိုက်သည်။ သူ့ပစ်မှတ်များမှာ တစ်ဖြည်းဖြည်း တိကျမှန်ကန်လာလေပြီ။

နာရီအချို့လေ့ကျင့်ပြီးနောက် သူ၏တိကျသည့်အမြင်အာရုံနှင့် အသိစိတ်ကြောင့် သူသည် ယခုအချိန်တွင် အထူးချွန်ဆုံး သေနတ်ပစ်သမား ဖြစ်နေပြီဖြစ်သည်။

ထို့နောက် သူ မြို့ထဲဘက်သို့ ထွက်ခွာသွားလိုက်သည်။ မြို့ထဲသို့ ရောက်သည့်အချိန်တွင် နေပင် ဝင်သွားလေပြီ။

အဝေးမှနေ၍ ဒိမ်ဒီမှ သန္ဓေပြောင်းလူ အများစု နေထိုင်သည့်နေရာကို လေ့လာလိုက်သည်။ သတိမမူမိသည့် သန္ဓေပြောင်းလူများကတော့ သူတို့အလုပ်လုပ်နေကြသည်။

သူတို့အိမ်များမှာ မြို့အနှံ့ ပြန့်ကျဲနေသည်။ ဤသည်မှာ တစ်စုံတစ်ယောက် ဗုံးကြဲသည့်ဒဏ်မှ ကာကွယ်ရန် လုပ်ထားသည့်ဗျူဟာပင်။

သို့သော် ဤသန္ဓေပြောင်းလူများမှာ သတိပိုနေခြင်းသာ။ ဘောဓိဇီဝမှ လူများသည် အများပြည်သူ စုဝေးရာနေရာ၌ မိုက်ရူးရဲဆန်စွာ ဖျက်ဆီးပစ်လိမ့်မည်ဟု သူမထင်။

လုပ်ငန်းစုနှစ်ခုမှ လူများသည် နေ့အချိန်တွင်သာ တိုက်ခိုက်ကြပြီး ညဘက်တွင်တော့ တိုက်ပွဲများဖြစ်လာလိမ့်မည်ဟု ထင်ထားမည်မဟုတ်။

ထင်ထားသည့်အတိုင်း ညဘက်တွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။

ချူဖုန်း အမြင့်တစ်နေရာတွင်နေနေကာ တိုက်ပွဲအရှိန် အမြင့်ဆုံးရောက်သည့်အချိန်မှ မှောင်ရိပ်ခိုကာ တိတ်တဆိတ် ဝင်သွားလိုက်သည်။ တိုက်ခိုက်နေသည့်နေရာမှ ခပ်လှမ်းလှမ်းတွင် နေနေသော်လည်း သူ၏သဘာဝလွန်အမြင်အာရုံကြောင့် တိုက်ပွဲအသေးစိတ်ကို မြင်နေရသည်။

ယနေ့ လင်းနွိုင်ထံမှ သိရသည့်အချက်အလက်များထဲတွင် ဝမ်ချင်း၏ပုံစံလည်းပါသည်။ သူမ ဝမ်ချင်း၏ ဓာတ်ပုံကို ပြခဲ့သည်ပင်။ ချူဖုန်း အချိန်အတော်ကြာ စောင့်ကြည့်နေပြီးနောက်, နောက်ဆုံးတွင်တော့ သူမကို လူအုပ်ကြီးထဲမှ ခေါ်ထုတ်သွားသည်ကို သူ တွေ့လိုက်ရသည်။ သူ ထင်ထားသည့်အတိုင်း တစ်စုံတစ်ယောက်မှ သူမကို ခေါ်ထုတ်သွားသည်ပင်။

“မူ လာခေါ်တာလား..”

ချူဖုန်းသည် အဝေးမှနေ၍ တိုက်ပွဲမြင်ကွင်းကို လေ့လာလိုက်သည်။ ဤအမျိုးသမီးလည်း အတော်လေး ခွန်အားကြီးသော သန္ဓေပြောင်းလူတစ်ယောက်ပင်။ ထိုအခိုက်အတန့်တွင် အတိတ်မှ မှတ်ဉာဏ်အားလုံး သူ့ခေါင်းထဲတစ်ခုစီ ပြန်ပေါ်လာသည်။ သူ့ရှေ့တွင် ထိုကောင်မလေး၏ အပြုံးကို မြင်လိုက်ပြီး ပေါက်ကွဲမှုတစ်ခုဖြင့် ထိုအပြုံး လေထဲသို့ ပျောက်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် ချူဖုန်း၏ အမုန်းတရားမှာ ထိပ်ဆုံးအဆင့်ထိ ရောက်သွားကာ သူ့၏ သွေးများ အေးစက်လာသည်။ သူ သေနတ်ကို မြှောက်ပြီး အဝေးကို ချိန်လိုက်သည်။ ထို့နောက် ပြတ်သားစွာဖြင့် မောင်းတံကို ဆွဲလိုက်သည်။

ဝုန်း..

သွေးများ လွင့်စင်လာကာ သွေးပျက်သည့်အော်သံတစ်သံ ထွက်ပေါ်လာသည်။

ချူဖုန်းသည် ကြေကွဲစရာကောင်းသည့် မြင်ကွင်းကို နောက်ပြန်လှည့်ကြည့်မနေတော့ပဲ အမှောင်ထုထဲ၌ ပျောက်ကွယ်သွားလေသည်။

အပိုင်း ၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset