ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၄ – ချိန်းဆိုထားသည့်တွေ့ဆုံမှု
“နင် အဆင်ပြေရဲ့လား ဝမ်ချင်း..” လင်းနွိုင် မေးလိုက်သည်။ သူမ ဂရုတစိုက် မေးလိုက်ပုံပေါ်သော်လည်း သူမအသံတွင် နွေးထွေးမှုမရှိ။
ဝမ်ချင်း နှလုံးခုန်နှုန်း မြန်ဆန်လာသည်။ ဤလေသံမှာ လင်းနွိုင်က သူမအပေါ် စိတ်တိုင်းမကျလျှင် သုံးသော လေသံဖြစ်ကြောင်း သူမသိသည်။
“ကောင်းတယ်…ကောင်းတယ်.. မနေ့ညက ကောင်းကောင်းမအိပ်လိုက်ရလို့ နေလို့သိပ်မကောင်းဘူးဖြစ်နေတာ .. စိတ်ပူရလောက်တဲ့အထိ မဟုတ်ဘူးပါဘူး .. ရိုးရိုးအအေးမိတာ” ဝမ်ချင်း ဖြူဖတ်နေသည့်မျက်နှာထက် အပြုံးတစ်ခု ဟန်လုပ်၍ ပြောလိုက်သည်။ သူမ တောင်းပန်ကြောင်းပြောရန် မတ်တပ်ရပ်လိုက်သည်။ အခြေအနေခွင့်ပြုသည်နှင့် ဤစစ်ဆေးမေးမြန်းခြင်းမှ ရှောင်ထွက်နိုင်အောင်လုပ်ပြီး အစွပ်စွဲမခံရအောင်လုပ်မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
သို့သော် သူမ ပါးစပ်မဟရသေးခင်မှာပင် လင်းနွိုင် သူမကို အပြာရောင်ဆေးပုလင်းတစ်ခု ပေးလာကာ သူမကို ဆေးသောက်ပြီး ဟိုတယ်ထဲ၌ အနားယူရန် ပြောလာသည်။ လင်းနွိုင် သူမကို ထွက်မသွားစေချင်သည်မှာ သိသာလှသည်။
ထိုအပြာရောင်ဆေးရည်အား မြင်လိုက်ရသည့်အချိန် လင်းနွိုင် နှလုံးရပ်မတတ် ဖြစ်သွားသည်။ ပုလင်းပုံစံနှင့် ပမာဏမှာ မူ လက်ထဲမှ ဆေးနှင့် အတူတူပင်။
ထို့အပြင် သိပ်မကြာသေးခင်က သန္ဓေပြောင်းလူသားများ ဤဆေးကို သောက်ခဲ့သေးသည်။
သူမ တစ်ခုခုကို ဆိုလိုချင်တာလား.. ဝမ်ချင်း ပို၍ စိုးရိမ်လာလေပြီ။ သူမ မမလေး ဘာကိုဆိုလိုချင်သည်ကို သူမ နားမလည်နိုင်တော့။
“ဒါက အသစ်ဖော်ထားတဲ့ဆေး .. လူတစ်ယောက်ရဲ့ ခုခံအားနဲ့ စွမ်းအင်ကို တိုးစေတယ် .. ဆေးသောက်ပြီးတာနဲ့ ဆေးစွမ်းကို ချက်ချင်း တွေ့ရလိမ့်မယ်..” လင်းနွိုင် တည်ငြိမ်စွာ ပြောလိုက်သည်။
လင်းနွိုင် ကြောက်ရွံ့စွာဖြင့် သူ့မမလေး လက်ထဲမှ ယူလိုက်ကာ သေချာစစ်ဆေးကြည့်လိုက်သည်။ ဆေးရောင်မှာ မူလက်ထဲမှဆေးရည်ထက် အနည်းငယ် အရောင်ဖျော့သော်လည်း သူမ စိုးရိမ်နေဆဲပင်။
“ဝမ်ချင်း .. နင် တကယ်ပဲ သူ့ကို ဘာတွေလုပ်ထားတာလဲ.. မဖုံးကွယ်ထားနဲ့ .. ငါတို့နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်တွေ မရှိချင်ဘူး..” လင်းနွိုင် သူမကို စိုက်ကြည့်လိုက်သည်။
ဝမ်ချင်း သူ့မမလေးကို ပြန်ပြုံးပြလိုက်သည်။ သို့သော် သူမ၏ရင်ထဲတွင် ကြောက်ရွံ့၍ ခြောက်ချားနေသည်။ အမှန်အတိုင်းပြောလိုက်၍ ဖြစ်လာမည့် နောက်ဆက်တွဲကိစ္စများကို သူမ စဥ်းစားဖူးသည်။ သူမ၏မမလေး၏ စိတ်အခြေအနေကိုလည်း သူမ သိသည်။ သူမသည် ချူဖုန်းနှင့် အတူတူဆက်ရှိမည် မဟုတ်သော်လည်း ချူဖုန်းကို တခြားလူက ထိခိုက်အောင်လုပ်ခြင်းကို ကြိုက်မည်မဟုတ်။
သူမ စီစဥ်ထားသည့်အတိုင်း ချူဖုန်းသာ သေသွားလျှင် အားလုံးအဆင်ပြေသွားမည်ဖြစ်သည်။ ထိုဒေသတွင် ဘောဓိမျိုးရိုးဇီဝနှင့် ခုန်းဂင်တို့ ရှိနေသည်ဖြစ်၍ သူ့သေဆုံးမှုအား သူတို့ကို အပြစ်လွှဲချလိုက်ခြင်းက သူမ ရှုပ်ခဲ့သော ကိစ္စများအတွက် အကောင်းဆုံးဖြေရှင်းနည်းဖြစ်လိမ့်မည်ပင်။ သို့သော် ချူဖုန်းက အသက်ရှင်လျက်ရှိနေသေးသည်။
“သူ နောက်ဆုံးတစ်ခေါက် ဖုန်းခေါ်တုန်းက ကျွန်မတို့ နည်းနည်းကတောက်ကဆဖြစ်သွားတာပါ .. သူက မမလေးနဲ့ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ .. ပြီးတော့ ကျွန်မ ထင်ထားတဲ့အတိုင်း သူက မမလေးနဲ့ ပြန်တွဲချင်နေတာ..” ဝမ်ချင်းအသံမှာ ကြောက်ရွံ့မှုကြောင့် တိုးလျနေသည်။ ထို့နောက် သူမ လင်းနွိုင်ကို လှမ်းကြည့်ပြီး ဆက်ပြောလိုက်သည်။ “သူက မမလေးနဲ့ လိုက်ဖက်မယ်လို့ မထင်ဘူး .. မမလေးတို့က မတူညီတဲ့ကမ္ဘာက လူတွေပါ..”
သူမ၏အမှားများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ ချူဖုန်း ရှိနေလျှင်ပင် သူမ ဘာကိုမှ ဝန်ခံမည်မဟုတ်။
“နင်က စိတ်ပျက်စရာပဲ..” လင်းနွိုင် ဤစကားလုံးများကို တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏ တည်ငြိမ်သည့်အပြုအမူကြောင့် သူမစကား၏အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွားစေသည်။
ဝမ်ချင်းမှာ စိတ်မအေးနိုင်တော့။ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူမ ခံစားနေရသည်။ သူမ မမလေးမှာ လွယ်လွယ်နှင့် အလှည့်စားခံမည့်သူမဟုတ်မှန်း သူမ သိသည်။ သူမသည် အဓိပ္ပာယ်မရှိသည့် စစ်ဆင်ရေးအကြောင်းမသိသလို သက်သေများလည်း မရှိသေးသော်လည်း သံသယဝင်နေလောက်ပြီဖြစ်သည်။
ထို့နောက် လင်းနွိုင် ဖုန်း မြည်လာသည်။
“မင်းငါ့ကို ကြိုဖို့လွှတ်လိုက်တဲ့ ကောင်မလေးက လာတဲ့လမ်းမှာ ဗုံးခွဲခံလိုက်ရတယ် .. သူ ဆိုးဆိုးရွားရွား သေသွားခဲ့ရပေမယ့် ဂုဏ်ရှိရှိသေခဲ့တာ..” ဖုန်းမှ ချူဖုန်း၏အသံ ထွက်ပေါ်လာသည်။
လင်းနွိုင်သည် တစ်ခုခုတော့ အတိုင်းအတာတစ်ခုထိ ဖြစ်လိမ့်မည်ဟု တွေးမိပြီးသားဖြစ်သော်လည်း ဤမျှအန္တရာယ်များသည့်ကိစ္စမျိုး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့။ သူမ ဝမ်ချင်းကို စိုက်ကြည့်လိုက်သည်။ သူမ မျက်ဝန်းမှ ထွက်လာသည့် အလင်းတန်းမှာ ဝမ်ချင်း၏အပြစ်ရှိစိတ်ကို ပို၍ ပြင်းထန်လာစေသည်။
“အား..” ဝိညာဥ်ထိ ထိုးဖောက်သော အကြည့်မှာ သူမနှလုံးသားနှင့် မျက်လုံးကို အပ်ကဲ့သို့ ထိုးသလို ခံစားရပြီး နေရထိုင်ရခက်လာသည်။
ထို့အပြင် သူမ ထိုလူ၏အသံကိုလည်း ကြားလိုက်ရသည်ပင်။ ဤသည်မှာ သူမ သေစေချင်နေသော်လည်း ယခုထိ မသေနိုင်သေးသည့်သူပင်။
ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ … အဲဒီတုန်းက သူက ကားထဲမှာ မရှိခဲ့ဘူးလား .. သူမ ကြောက်လည်းကြောက်နေသလို ဒေါသလည်း ထွက်လာရသည်။ သူက ဘာလို့ အသက်ရှင်နေရသေးတာလဲ.. သူသာ သေသွားလျှင် သူမအတွက် ဘာအခက်အခဲမှ ရှိမည်မဟုတ်တော့။ သူမ၏မကောင်းမှုများမှ အေးဆေးထွက်လာနိုင်လိမ့်မည်။
အချို့လူများသည် သူတို့၏အမှားကို မသုံးသပ်ပဲ အခြားလူများကိုသာ ပုံချတတ်ကြသည်ပင်။
“မူ .. ရှင် ကျွန်မကို လာကယ်ဦး..” ဝမ်ချင်း စိတ်ထဲမှ ဆုတောင်းနေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စများမှာ သူမ မူကို ကူညီချင်သောကြောင့် ဖြစ်လာသည့်ပြဿနာများပင်။
“ဦးလေးချန်း .. သူ့ကိုပိတ်ထားလိုက် .. သူက သန္ဓေပြောင်းပြီးတဲ့လူဆိုတာ မမေ့နဲ့နော် .. အဲဒီတော့ သူ့ကို ကျွန်မတို့မှာရှိတဲ့ နောက်ဆုံးပေါ်တီထွင်ထားတဲ့ လည်ပတ်ကွင်း သံကြိုးချိန်းနဲ့ ချုပ်ထားလိုက်..” လင်းနွိုင် တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
ဤအမိန့်မှာ သူမကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ သူမ မျက်နှာမှာ ချက်ချင်းဖြူလျော်သွားပြီး သူမ နားထဲလည်း တဝီဝီ မြည်နေသည်။
ခွင့်လွှတ်မရလောက်အောင် အရက်စက်ဆုံးအပြစ်ကျူးလွန်ထားသော ရာဇဝတ်သားများမှသာလျှင် ယခုကဲ့သို့ အညှာအတာမဲ့ အပြစ်ပေးခံရသည်ကို သူမသိသည်။ လည်ပတ်ကွင်းနှင့် လက်ထိပ်များကို ရှားပါးသော သတ္တုများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မည်သူမှ ပြေးလွတ်နိုင်မည်မဟုတ်။ နောက်ဆုံးတွင်တော့ အဆိုးရွားဆုံး ပြစ်ဒဏ်များ ချမှတ်ခံရမည်ပင်။
သန့်သန့်ပြန့်ပြန့်ဝတ်စားထားသော အဖိုးတစ်ယောက် အေးဆေးလမ်းလျှောက်လာသည်။ သူ့မျက်နှာပေါ်တွင် ကြင်နာတတ်သော အကြည့်ရှိကာ သူသည် သူတစ်ပါးအပေါ် အမြဲဖော်ရွေတတ်သောသူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူ့မျက်နှာမှာ လေးနက်နေသည်။ သူသည် သူ့သခင်မကို လေးစားရိုကျိုးသည့်သူဖြစ်သောကြောင့် သူမ အမိန့်ပေးသမျှကို ဘယ်တုန်းကမှ မေးခွန်းပြန်မထုတ်ခဲ့။
“နွိုင် .. နင် ဘာလို့ ငါ့ကို ဒီလိုမျိုး လုပ်ရက်တာလဲ..” ဝမ်ချင်း အော်ပြောလိုက်သည်။
“နင်က ငါနဲ့အနီးဆုံးလက်ထောက်ပဲ .. ငါနင့်ကို ငါ့ဆွေမျိုးသားချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ် .. ငါ အပြင်လောကနဲ့ မဆက်သွယ်နိုင်တဲ့အချိန် ငါ့ကိုယ်စားလုပ်ပေးဖို့ လုပ်ပိုင်ခွင့်အာဏာတွေ ပေးခဲ့တယ် .. နင် ကြိုက်သလို လုပ်လို့ရတယ် .. ဒါပေမဲ့ ဒီတစ်ခေါက်တော့ နင်စည်းကျော်သွားပြီ..” လင်းနွိုင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
လင်းနွိုင်သည် ပိန်သွယ်ရှည်လျားသော ခန္ဓာကိုယ်ရှိသည်။ သူမ၏ ပိန်သွယ်သော ခန္ဓာကိုယ်နှင့် အရပ်အမောင်းကို သူမပတ်ဝန်းကျင်ရှိသူများအားလုံး လိုချင်ကြသည်။ တစ်ခါတစ်လေ ဝမ်ချင်းပင် သူမသခင်မ၏ အလှအပကို အားကျသည်။ သူမသခင်မ၏ အေးစက်သော ကျက်သရေရှိမှုက ဒေါသထွက်လျှင် သွေးအေးပြီး စာနာစိတ်မရှိသူအဖြစ် ပြောင်းသွားစေသည်။ သူမအကြည့်မှာ ကျောချမ်းစရာကောင်းလှသည်ပင်။
ဝမ်ချင်းသည်လည်း ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် သူမ၏ ခံ့ညားလှပသော မမလေးကြောင့် အမြဲသိမ်ငယ်နေသည်။ လင်းနွိုင်က ထည်ထည်ဝါဝါပြုမူလျှင် သူမ၏ယုံကြည်ချက်မရှိခြင်းက ကြောက်စိတ်အဖြစ် ပြောင်းလဲသွားသည်။ ကြောက်လွန်း၍ သူမ စကားတစ်ခွန်းတောင် ပြောမထွက်တော့။
လင်းနွိုင် လက်ဝေ့ရမ်းလိုက်ကာ သူမကို ခေါ်သွားရန် ဦးလေးချန်းအား အချက်ပြလိုက်သည်။
“ရှင်ဘယ်မှာလဲ ချူဖုန်း .. ကျွန်မ ရှင့်ကို လာကြိုပေးမယ်..” လင်းနွိုင် သူမ၏ရည်စားဟောင်းကို ဖုန်းဆက်လိုက်သည်။
“မြို့ထဲ ရောက်နေပြီ..”
“အစကတော့ ရှင့်ကို ဒီမြို့ရဲ့ ထူးခြားတဲ့အစားအသောက်လေးတွေ လိုက်ကျွေးခိုင်းမလို့ .. ထားလိုက်ပါတော့ အခုဒီတစ်ခေါက်တော့ ကျွန်မ ကျွေးလိုက်မယ်” လင်းနွိုင် ကမ်းလှမ်းလိုက်သည်။
လင်းနွိုင် ဘာဆိုလိုသည်ကို ချူဖုန်း နားလည်သည်။ သူမ တောင်းပန်မှုကို ပြသချင်နေခြင်းပင်။
သူ လိပ်စာတစ်ခု ပြောလိုက်ပြီးနောက် တစ်ခဏအကြာတွင် အနီရောင်ဆလွန်းကားတစ်ဦး သူ့ဘေးရပ်လာသည်။ ထို့နောက် ပြတင်းပေါက် ချလိုက်သည်နှင့် သူ့ရည်းစားဟောင်း၏ နှင်းဆီရောင်ပါးပြင်ကို မြင်လိုက်ရသည်။ “တက်..” လင်းနွိုင် ပြောလိုက်သည်။
ချူဖုန်း ကားကို ပတ်ကြည့်လိုက်ကာ “အနီရောင်လား .. မင်းလို အေးစက်ပြီး ကျက်သရေရှိတဲ့လူက ဒီလိုအရောင်မျိုးစီးလိမ့်မယ်လို့ မထင်ထားမိဘူး.. မင်းရဲ့ အေးစက်မှုနဲ့ဆိုတော့ မင်း အပြာရောင်ကားစီးလာမယ်မှတ်နေတာ ”
“နင်နဲ့ နင့်ပါးစပ်ကတော့ အခုထိ မပြောင်းလဲသေးဘူးပဲ .. ငါအရင်က သိတဲ့ ချူဖုန်းဖြစ်နေတုန်းပဲ..” လင်းနွိုင် ခဏရပ်လိုက်ပြီးနောက် တစ်ချက်ပြုံးပြလာသည်။ သူမ ဝတ်စားထားပုံမှာလည်း အနည်းငယ်ကွာခြားသည်။ လှပကျက်သရေရှိသော ဝတ်စုံမျိုးမဟုတ်ပဲ တီရှပ်နှင့် ဘောင်းဘီသာဖြစ်သည်။ အဝတ်အစားမှာ စျေးကြီးသည့် နာမည်ကြီးတံဆိပ်ဟုတ်ပုံ မပေါ်သော်လည်း သူမဝတ်စားထားသည်မှာ ကြည့်ကောင်းလှသည်။
သူတို့ စားသောက်ဆိုင်သို့ ခဏလေးနှင့် ရောက်လာကြသည်။
ညစာစားပွဲမှာ တိတ်ဆိတ်နွေးထွေးသော နေရာမျိုးဖြစ်သည်။ သာယာနူးညံ့သောသံစဥ်ကို နောက်ခံတီးလုံးအဖြစ် ဖွင့်ထား၍ ဧည့်သည်များ စကားပြောဆိုခြင်းကို အနှောင့်အယှက်မဖြစ်။ အပေါ်စကျင်ကျောက်မျက်နှာကျက်မှ သလင်းကျောက်ချန်ဒလီယာလည်း တွဲလောင်းကျလျက်ရှိသည်။ ဤနေရာသည် မြို့ထဲရှိ စားသောက်ဆိုင်များနှင့် မယှဥ်နိုင်သော်လည်း ဤမြို့ထဲရှိ အကောင်းဆုံးစားသောက်ဆိုင်အဖြစ် သတ်မှတ်နိုင်သည်။ အဓိကမှာ ဤဆိုင်သည် သန့်ရှင်းသေသပ်မှု ရှိသည်။
ကားပေါ်မှ ဆင်း၍ နှစ်ယောက်လုံး စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်ကြသည်။ တွေ့နေကျမဟုတ်သည့် တီရှပ်နှင့် ဘောင်းဘီဝတ်ဆင်ထားသောကြောင့် သူမသည် ချူဖုန်း၏အာရုံကို ဖမ်းစားနိုင်လှသည်။
သို့သော် ဤကဲ့သို့ သာမန်ပေါ့ပေါ့ပါးပါး ဝတ်စားထားခြင်းမှာ သူမ၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေသည်။ သူမအရပ်သည် ၁၇၀စင်တီမီတာရှည်ပြီး အရပ်၏ ၃ပုံ ၂ပုံကို ဖြောင့်တန်းပြီး အချိုးအစားကျသော ခြေထောက်က နေရာယူထားသည်။ ခြေထောက်မှာ ဖြူဖွေးဥပြီး ပြောင်စင်းကာ ဆွဲဆောင်မှု ရှိလှသည်။
“ဘာဖြစ်လို့လဲ” လင်းနွိုင်သည် ခေါင်းလှည့်ပြီး မေးလိုက်သည်။
“ငါတို့ လမ်းခွဲတာ တော်တော်ကြာပြီဆိုတော့ မင်းကို သေသေချာချာ ကြည့်ချင်လို့.. ဒါပေမဲ့ တစ်ခုခုက ငါ့ကို မျက်စိကြိမ်းအောင်လုပ်နေတယ် … ဘာလဲတော့ ငါမသိဘူး” ချူဖုန်း ပြုံးလိုက်သည်။
ချူဖုန်း၏ အတင့်ရဲမှုက သူမကို အမြဲပြောစရာစကားပျောက်ရှသွားစေခဲ့သည်။ ချူဖုန်းသည် သူမှန်နေသကဲ့သို့ ဤကဲ့သို့သော စကားများကို ယုံကြည်ချက်ရှိရှိ ပြောလေ့ရှိသည်ပင်။ ချူဖုန်းကို စိတ်ရင်းကောင်းသောသူဟု မှတ်ချက်ချနိုင်သည်ပင်။ သူ့ကို ရိုင်းစိုင်းပြီး ယောက်ျားမပီသသည့်သူဟု ပြောလျှင်တော့ မှားသွားလိမ့်မည်။
“နင်က တကယ်ကို မပြောင်းလဲသေးဘူးပဲ..” လင်းနွိုင် ပြုံး၍ ပြောလိုက်သည်။ သူမက ချူဖုန်းကို မမုန်းချေ။ သူတို့နှစ်ဦးသိကျွမ်းခဲ့ကြခြင်းမှာ ချူဖုန်း၏ ထူးခြားသည့် စိတ်နေစိတ်ထားနှင့် ပွင့်လင်းမှုကြောင့်ပင်။
ကျောင်းတွင် ချူဖုန်းမှလွဲ၍ မည်သူက သူမကို ရန်စရဲမည်နည်း.. ချူဖုန်းသည် ပြဿနာဖြစ်ရန် မကြောက်တတ်သည့်သူဖြစ်သည့်အတွက် သူမနှင့် ရင်းနှီးရန် သတ္တိကြောင်နေသည့်သူများထက် တစ်ပန်းသာသွားသည်ပင်။ သူမ၏ မွေးရာပါအေးစက်မှုများက အခြားသူများ သူမကို မချဉ်းကပ်နိုင်အောင် ဟန့်တားထားသည်ပင်။
ချူဖုန်းကတော့ ထိုသို့မဟုတ်။ သူလိုချင်လျှင် မည်သူမဆို သူ့ကိုမှတ်မိသွားအောင် လုပ်နိုင်စွမ်းရှိသည်။ သူတို့နှစ်ဦး ပထမဆုံးတွေ့စဉ်က သူသည် မလေးမစားအပြုအမူဆောင်ရွက်ခဲ့သည်ပင်။ သူမ နေရာကို ထိုင်သည့်အပြင် သူမနာမည်စာရွက်ကို လေယာဉ်ပျံခေါက်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်ခဲ့သည်။ ဤမြင်ကွင်းအားလုံးမှာ သူမစိတ်ထဲ စွဲမြဲသွားစေခဲ့သည့် မြင်ကွင်းများပင်။
ချူဖုန်းသည် ယောက်ျားသားများစွာ သဘောကျသည့် မိန်းကလေး၏စိတ်ထဲကို ဤနည်းဖြင့် ဝင်ရောက်နိုင်ခဲ့သည်။ သူ၏အပြုအမူများကို လင်းနွိုင် ဗွေမယူခဲ့သောကြောင့် နောက်ပိုင်း သူတို့ဆက်ဆံရေး ပို၍တိုးတက်လာသည်ပင်။
“လာခဲ့ .. မင်းကို ကောင်းကောင်းကြည့်ပါရစေ .. မင်း ဘာတွေပြောင်းလဲသွားပြီး ဘာတွေက အရင်အတိုင်းရှိနေသေးလဲဆိုတာ သါ သိချင်တယ်” ချူဖုန်း ပြုံးလိုက်သည်။ သူသည် ဤသည်ကို အခွင့်ကောင်းယူကာ သူမကို ခေါင်းစခြေအဆုံး စိုက်ကြည့်နေလေသည်။ သူ၏ ပြင်းပြသောအကြည့်မှာ ရှက်နေသည့် ကောင်မလေး၏ ဆဲလ်တစ်ခုစီကို ထိုးဖောက်သွားလေသည်။ ဆွဲဆောင်မှုရှိသော မျက်လုံးမှ လည်ပင်း၊ ပြီးနောက် ချစ်သူတစ်ဦး၏ ပြင်းပြသော အကြည့်ဖြင့် ကောင်မလေး၏ ခြေထောက်အထိ ကြည့်နေလေသည်။
“တော်တော့ .. ထိုင်တော့..” လင်းနွိုင်ကဲ့သို့ မွေးရာပါ အေးတိအေးစက်နေပြီး ပြုံးခဲသည့်သူပင် ချူဖုန်း လူရွှင်တော်ဆန်ပြီး အတင့်ရဲသည့် အပြုအမူများကြောင့် သူမမျက်နှာထက်၌ အပြုံးအနည်းငယ် ဖြစ်ပေါ်လာသည်။
“မင်းအပြုံးက အရမ်းချစ်စရာကောင်းတာပဲ ကောင်မလေး .. အရမ်း မျက်စိပသာဒဖြစ်တယ်..” ချူဖုန်း ပြောလိုက်သည်။ သူ ခုံထုတ်လိုက်ကာ လင်းနွိုင်အားထိုင်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူမ ပုခုံးကို အသာလေးဖိကာ ထိုင်စေလိုက်သည်။
သိပ်မဝေးသည်နေရာ၌ ရှိနေသည့် ဦးလေးချန်းကတော့ အသားချင်းထိတွေ့မှုကြောင့် မျက်ခုံးပင့်သွားရသည်။ သို့သော်လည်း သူ့ခုံသူ၌ထိုင်ကာ ဘာမှမမြင်လိုက်ရသကဲ့သို့ အပြင်ဘက်ကိုသာ ကြည့်နေလိုက်တော့သည်။
“တောင်းပန်ပါတယ်နော်..” နှစ်ယောက်လုံး ထိုင်ပြီးသည်နှင့် လင်းနွိုင် တီးတိုးပြောလိုက်သည်။
“မလိုပါဘူး … ကြည့်လိုက်လေ ..ငါ အခုက ဘေးကင်နေသေးတယ် .. အဲဒီမိန်းကလေး အခုလို ဖြစ်သွားတာကို မြင်ရတာတော့ စိတ်မကောင်းဘူး .. မင်းသိတယ်မလား .. ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားရတာက နှမြောစရာကောင်းတယ် .. သူက ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်သင့်တာ..” ချူဖုန်း ခေါင်းခါ၍ ပြောလိုက်သည်။
“ဟုတ်တယ် အမှန်ပဲ .. သူ့မိသားစုကို နစ်နာကြေးပေးလိုက်မယ် ပြီးတော့ ငါ အတတ်နိုင်ဆုံး နစ်နာမှုလျော့နည်းအောင် လုပ်ပေးမယ်” လင်းနွိုင် မျက်ခုံးကျုံ့၍ စဉ်းစားလိုက်သည်။ သူမသည် အပြင်ပန်း၌ အေးတိအေးစက်ဖြစ်နေသော်လည်း သူမနှလုံးသားထဲတွင် နွေးထွေးကြင်နာမှုများ ရှိနေသေးသည်။
ချူဖုန်း ခေါင်းညိမ့်လိုက်၏။
“သူ ရှင့်ကို ဘာဒုက္ခပေးသေးလဲ..” လင်းနွိုင်မေးလိုက်သည်။
“လက်ဖဝါးကနေ နွယ်ပင်တွေ ထွက်လာတဲ့အမျိုးသမီးရယ်၊ လင်းနို့ရယ်၊ ပင့်ကူရယ်၊ အကြေးခွံရှိတဲ့ မိစ္ဆာကောင်ရယ်၊ လက်နက်ကိုင်စစ်သားတစ်အုပ်ရယ်… သူတို့အကုန် ငါ့ဆီလာရှာကြတယ်… အား ပြောရဦးမယ်.. အဲဒီမိန်းမဆီ ဖုန်းခေါ်ပြီးကတည်းက ငါ့ဘဝမှာ တစ်ခါမှ အဲ့လောက် ပေါ်ပြူလာမဖြစ်ဖူးဘူး” ချူဖုန်းသည် အပြောင်အပျက်သဘောဖြင့် ပြောလိုက်သည်။
လင်းနွိုင် သူမကျောကို မတ်လိုက်သည်။ သူမမျက်လုံးထဲတွင် မီးတောက်နေပြီဖြစ်သည်။ သူမ ဦးလေးချန်းဘက်လှည့်ကာ ပြောလိုက်သည် “သူ့ကို အထူးကြပ်မတ်ပြီး ကြည့်ထား.. ဘယ်သူ့မှ သူ့အနားမကပ်စေနဲ့’
“အမိန့်အတိုင်းပါ” ထို့နောက် ဦးလေးချန်း ထွက်သွားလေသည်။
“သူ နင့်အပေါ်လုပ်ထားတဲ့ အမှားတွေကို ဝန်ခံလာအောင် လုပ်ပေးမယ်..” လင်းနွိုင် ချူဖုန်းကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။
“မင်း သူ့ကို ဘယ်လိုအပြစ်ပေးမှာလဲ..” ချူဖုန်း မေးလိုက်၏။
လင်းနွိုင် ဆံပင်ကို သပ်တင်လိုက်သည်နှင့် သူမ၏ ကျောက်စိမ်းရောင်အသားအရေရှိသည့် နဖူးပြင်ကို တွေ့လိုက်ရသည်။ သူမ မျက်လုံးများ အေးစက်လာကာ “ဒီတစ်ခေါက် သူ အရမ်းလွန်သွားပြီ .. အဲဒီတော့ သူ့ရဲ့ သန္ဓေပြောင်းလဲသူအဖြစ်ကနေ အရင်ဆုံး ဖယ်ရှားပစ်မယ်..”
ချူဖုန်း အံ့အားသင့်သွားရသည်။ သန္ဓေပြောင်းလူတစ်ယောက်ရဲ့ စွမ်းအားတွေကို ဖယ်ရှားပစ်လို့ ရတာလား..
“ဒါပေမဲ့ နင့်ကို နားလည်ပေးဖို့နဲ့ ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံချင်တယ်… အပြစ်ပေးဖို့၊ အဆုံးအဖြတ်ချဖို့က အချိန်နည်းနည်းကြာနိုင်တယ်… ငါ့ဦးလေးက သူ့အစ်မနဲ့ လက်ထပ်တော့မှာ… ပြီးတော့ အရင်တုန်းက ငါ့အစ်မနဲ့ ခဲအိုလောင်းကိုယ်စား သူ့ကို ကောင်းကောင်းဂရုစိုက်ပေးမယ်လို့ ဂတိပေးထားခဲ့တာ… အဲဒီတော့ သူတို့နဲ့ အရင်တိုင်ပင်ပြီးမှ ဘယ်လိုအပြစ်ပေးရမလဲဆိုတာ ဆုံးဖြတ်ရမှာ” လင်းနွိုင်သည် စိတ်ရှည်ရှည် ရှင်းပြလာသည်။
“အပြင်းထန်ဆုံး အပြစ်ဒဏ်က ဘာလဲ” ချူဖုန်းသည် သူ့သိလိုစိတ်ဖြင့် မေးလိုက်သည်။ ထိုအမျိုးသမီးအပေါ် သူ၏နာကျည်းမှုမှာ အတိုင်းအတာတစ်ခုအထိ ရှိနေသည်ပင်။
“အပြင်းထန်ဆုံးအပြစ်ဒဏ်က..သူဘယ်တော့မှ ပြန်မပေါ်လာတာပဲ” လင်းနွိုင် ပြန်ဖြေလိုက်သည်။
ချူဖုန်းသည် ခေါင်းငြိမ့်လိုက်ကာ “ဒါပေမဲ့ ငါစိတ်ပူတာက ငါ့နောက်မှာ အမြဲရှိတဲ့လူက စိတ်ကြီးတယ်… ဟိုတစ်ယောက် ရသင့်ရထိုက်တဲ့ အပြစ်မခံရသေးခင် သူ တစ်ခုခုကြံစည်မှာ စိုးရိမ်ရတယ်”
လင်းနွိုင်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အေးစက်ပြီး ဂရုမစိုက်တတ်သည့်မျက်နှာထက်တွင် သိလိုစိတ်များ ဖြစ်ပေါ်လာသည်။ “နင့်ကို ဘယ်သူကူညီပေးနေတာလဲဆိုတာ ငါလည်း သိချင်နေတာ .. ဒါပေမဲ့ ဒါက နင်ပြောချင်မှပါ..”
“သူက .. ငါ့မိဘရဲ့သူငယ်ချင်း .. သူက မြောက်ပိုင်းက မြို့မှာ နေခဲ့တာလေ .. ငါ အခု ဒီကို အားလပ်ရက်ခရီးထွက်လာကာ .. သူက အရင်တုန်းက စစ်တပ်ထဲမှာနေတာ .. ဒါပေမဲ့ နောက်ပိုင်း သူက ဆင့်ကဲပြောင်းလဲတာတွေ ဖြစ်လာပြီးတော့ အရမ်းစွမ်းအားကြီးလာလို့ စစ်တပ်ထဲကနေ ထွက်လိုက်တာ .. ငါနဲ့ငါ့မိဘတွေ မတွေ့ရတာ တော်တော်ကြာနေပြီ .. အဲဒါကြောင့် သူတို့တွေက ငါ့ကို ဒီလူလက်ထဲ အပ်ထားကြတာ .. သူကလည်း ငါ့မိဘတွေ တောင်းဆိုတာကို သဘောတူလိုက်ပြီး ဒီကိုလိုက်လာတာ .. ငါလည်း သိပ်မကြာခင် မြောက်ပိုင်း ပြန်တော့မှာ..” ချူဖုန်း ပြောလိုက်သည်။
ယခုအချိန်တွင် သိုသိုသိပ်သိပ်နေသင့်သည်ဟု သူ ခံစားနေရသည်။ ဤသည်မှာ မောက်မာထောင်ကြွားမှုကြောင့် အဖြစ်ဆိုးနှင့် သေသွားသော သန္ဓေပြောင်းလူများထံမှ သူ ရရှိလိုက်သော သင်ခန်းစာပင်ဖြစ်သည်။
ဤလောကအသစ်ကြီးတွင် ကိုယ့်ဂူထဲ၌ကိုယ် အေးအေးဆေးဆေးအိပ်နေခြင်းမှာ အကောင်းဆုံးပင်။
ထို့အပြင် လင်းနွိုင်ကို သူ၏တိုက်ခိုက်နိုင်စွမ်းဖြင့် မဆွဲဆောင်ချင်။ သူ ဘယ်တုန်းကမှ သူ့ကိုယ်သူ သက်သေပြရန် မလုပ်ခဲ့။ သူ့ဘေးနားရှိလူများနှင့် သူကိုယ်တိုင်အတွက် အစစ်အမှန်ပုံစံသာ နေခဲ့သည်။
အချစ်က အချစ်ဖြစ်သည်။ အချစ်ဆိုသည်မှာ အဖြူစင်ဆုံးနှင့် အစင်ကြယ်ဆုံးသော မေတ္တာအစစ်အမှန်ဖြစ်သင့်သည်။ ဤသည် မမြင်နိုင်သော စိတ်တ္တဇနာမ်ဖြစ်သော်လည်း ရာထူးဂုဏ်များဖြင့် မရောယှက်သင့်သော အရာဖြစ်သည်။ သူ့ထံ၌ သဘာဝလွန်စွမ်းအားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထိုအစွမ်းအစများ ရရှိသွားပြီးနောက် သန္ဓေပြောင်းသူ ဖြစ်မဖြစ်မှာ တစ်စုံတစ်ယောက်အပေါ် ထားရှိသည့် အချစ်ပေါက်ဖွားရသည့် အချက်တစ်ခုမဖြစ်သင့်။
ဤသည်မှာ သူ့စိတ်ကူးအတွေးထဲတွင်သာ ရှိသောအချစ်ဖြစ်နိုင်သည်။ သို့သော် ဤသည်ကို သူတန်ဖိုးထားပြီး ဤကဲ့သို့သာဖြစ်ချင်သည်။ အချစ်စစ်သာ ထာဝရတည်မြဲလိမ့်မည်။ သူ့သရုပ်မှန်အသစ်ဖြင့် ဘာကိုမှ အရှက်မရှိ အလဲအလှယ်မလုပ်လို။
“ဒါဆို နင့်နောက်မှာ တစ်ယောက်တစ်ယောက်ရှိနေတာပေါ့” လင်းနွိုင် သေချာတွေးပြီး ခေါင်းငြိမ့်လိုက်သည်။
“မင်းကားကို လိုက်မစီးဖို့ အကြံပေးတာလည်း သူပဲ.. သူအကြံပေးလို့ အခုမင်းနဲ့ တစ်စားပွဲတစ်ခုတည်း ထိုင်ပြီး တစ်လေတည်း ရှူနေနိုင်တာ” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။
ထိုအချိန်တွင် လင်းနွိုင်၏ဖုန်း မြည်လာလေ၏။ ဖုန်းခေါ်သူမှာ မူဖြစ်သည်။
သူမ ဖုန်းကိုင်လိုက်ကာ ဖုန်း၏ အခြားတစ်ဖက်မှာ ယောကျ်ားတစ်ယောက်၏ ငြင်သာသောအသံကို ကြားလိုက်ရသည်။ သူ့အသံမှာ နားထောင်ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် လေးနက်ခြင်းကို ခံစားနေရသည်။
“နွိုင် ငါထင်တာတော့ ငါတို့ထင်ထားတာထက်စောပြီး ဘောဓိမျိုးရိုးဗီဇနဲ့ စောစောတိုက်ရမယ်ထင်တယ်” ယနေ့မနက်တွင် ခုန်းဂင် ခြုံခိုတိုက်ခိုက်ခဲ့ပြီး သူ့လက်အောက်ငယ်သားများစွာ၏ အသက်ကိုနှုတ်ယူသွားကြောင်း လင်းနွိုင်ကို ပြောပြလိုက်သည်။ သန္ဓေပြောင်းလူ ၁၈ ယောက်လုံးသည် သူတို့ကို ပေးထားသည့်ဆေးသောက်ပြီးသွားပြီဖြစ်သော်လည်း အားလုံး ရှင်းခံလိုက်ရသည်။
“ကောင်းပြီ .. ကျွန်မ ရှင့်ကို ပြန်ပြောလိုက်မယ်..” လင်းနွိုင် ဖုန်းချလိုက်သည်။
သူမသည် စားပွဲပေါ်တွင် လက်ချောင်းများ ခေါက်ကာ အတွေးများနေပုံပေါက်သည်။ ဖုန်းပြောပြီးနောက် နှစ်ယောက်လုံး စကားပြောခဏရပ်သွားလေ၏။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာမှာ မိနစ်နှင့်အမျှ ပို၍ ဆွဲဆောင်မှု ရှိလာသည်။ သူမ၏ပါးမို့များမှာ ဖြူဖွေးနုဖတ်နေရုံသာမက နူးအိနေသည်။
“ဘာဖြစ်လို့လဲ.. တစ်ယောက်ယောက်က မင်းကို အခက်တွေ့အောင် လုပ်နေလို့လား” ချူဖုန်းမေးလိုက်သည်။
“ပစ်ရမစ်ထိပ်ဆုံးမှာရှိတဲ့ ခုန်းဂင်ကို ကြားဖူးတယ်မလား.. သူက ငါတို့လူ ၁၈ယောက်ကို သတ်လိုက်တယ်.. နင့်အတွက် ပို့လိုက်တဲ့ကားကလည်း ဒီကိုလာတဲ့လမ်းမှာ ဗုံးပေါက်သွားတယ်.. တော်တော်တိုက်ဆိုင်တာပဲ” လင်းနွိုင် လုပ်ရယ်,ရယ်လိုက်သည်။
သူမ မျက်လုံးများမှာ အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ တောက်ပနေသည်။ သူမသည် ခေါင်းမော့ကာ ချူဖုန်း၏မျက်နှာအမူအရာကို ဖတ်လိုက်ပြီးနောက် “ငါ့ကိုပြောပြ .. နင့်နောက်ကလူက တရားခံမလား .. ငါ့ သူ့ကို အပြစ်တင်မှာမဟုတ်ဘူး..” ဟု ပြောလာသည်။
“ခုန်းဂင် .. အဲဒီကောင် .. အဲဒီကောင်က မင်းကို ဘယ်တော့မှာ မင်းကို စိတ်မပျက်စေဘူးမလား..” ချူဖုန်း ရယ်မောလိုက်သည်။ ဤကိစ္စတွင် ခုန်းဂင် နာမည်ကို ကြားလိုက်ရလိမ့်မည်ဟု သူ မထင်ထား။
ထို့နောက် သူ ဆက်ပြောလိုက်သည်။ “ငါ့နောက်ကလူက ဒီကို မလာဘူး .. ငါနဲ့တစ်ချိန်လုံး ရှိနေတာ .. အဲဒီကားကြီး ပျက်စီးသွားတဲ့အချိန်ကျမှ သူ့သံသယတွေ မှန်နေကြောင်း အတည်ပြုလိုက်နိုင်တာ .. ဒါပေမဲ့ သူ အဲဒီ သန္ဓေပြောင်းလူတွေ သေဆုံးတဲ့ကိစ္စမှာ နည်းနည်းမှ မပါဘူးလို့ ငါ အာမခံရဲတယ်”
“သူတို့တွေ ထူးခြားတဲ့သန္ဓေပြောင်းလူသား လက်ထဲမှာ သေသွားရတာ စိတ်မကောင်းပါဘူး .. ငါက သူတို့တွေနဲ့ ရန်ငြိုးရှိပေမယ့်၊ သူတို့တွေ ငါ့ကို သတ်ချင်ခဲ့ပေ၇မယ့် .. သူတို့အခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး” ချူဖုန်း စကားများများမပြောလိုက်။ သို့သော် သူပြောလိုက်သည့်စကားများမှာ သူ့အတွက် အကျိုးရှိလိမ့်မည်ဟု သူ ယုံကြည်သည်။
သူ မည်သည့်မုန်တိုင်းထဲမှ ဝင်မပါချင်။ ယခုအချိန်မှာ ထိုသန္ဓေပြောင်းလူသားများအတွက် လက်စားချေချင်သည့်သူများ ခုန်းဂင်နှင့် တိုက်ခိုက်ကြမည်ကို ထိုင်ကြည့်ရမည့်အချိန်ပင်။
“ငါ တောင်းပန်ပါတယ် ခုန်းဂင် .. အဲဒီကောင်တွေက သေသင့်တယ် .. အဲဒီတော့ မင်းအပြစ်မဟုတ်ဘူး .. ဒါပေမဲ့ မင်းငါ့အတွက် အပြစ်ခံပေးရင်လည်း ငါမင်းကို စိတ်မဆိုးပါဘူး..” ချူဖုန်း သူ့စိတ်ထဲမှ တွေးလိုက်သည်။ ခုန်းဂင် ရက်ရက်ရောရော ကမ်းလှမ်းလာသည့် ‘ကြင်နာမှုများ’အတွက် သူ တကယ်ကို စိတ်ရင်းဖြင့် ကျေးဇူးတင်မိသည်။
လင်းနွိုင်သူမကို ကြည့်နေဆဲပင်။ သို့သော် သူမ ဤအကြောင်းကို ထပ်မပြောတော့ပဲ အခြားခေါင်းစဉ်ပြောင်းလိုက်သည်။
“စားချင်တာရှိလား..” သူမ ငြင်သာစွာပြုံး၍ မေးလိုက်သည်။ ချယ်ရီရောင်နှုတ်ခမ်းများကြားတွင် ဖြူဖွေးတောက်ပနေသည့်သွားများ ရှိနေသောကြောင့် သူမ ပြုံးလိုက်သည်နှင့် သူမ၏အလှတရားထွက်ပေါ်လာကာ မြင်ရသူကို ရင်သပ်ရှုမောလာစေသည်။
သို့သော် ထိုမြင်ကွင်းကို အစိတ်စိတ်အမွှာမွှာကွဲသွားရန် စကားတစ်ခွန်းသာ လိုအပ်သည်။
“အမဲသား ၁၀ ကီလိုပေးပါ..” ချူဖုန်းသည် သားရိုင်းကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။
လင်းနွိုင်၏ ဖြူဖွေးသော နဖူးပေါ်တွင် အမဲကြောင်းအနည်းငယ် ပေါ်ထွက်လာသည်။ ချူဖုန်း၏ ယောကျ်ားကောင်းဆန်သော အပြုအမူများမှ လူရိုင်းကောင်အဖြစ် ပြောင်းလဲသွားခြင်းမှာ အလွန်မြန်ဆန်လှသည်။ ကံကောင်းစွာဖြင့် ဤသည်မှာ ခမ်းခမ်းနားနားဆိုင်မဟုတ်ပဲ ပတ်ဝန်းကျင်တွင်လည်း အခြားသူများ သိပ်မရှိ။ မဟုတ်လျှင် အလွန် ရှက်စရာကောင်းလိမ့်မည်။
“နင်က အရင်ဘဝတုန်းက အစာငတ်ပြတ်ပြီး သေခဲ့တာများလား..” သူမ ဒေါသထွက်သွားသော်လည်း ခဏကြာပြီးနောက် အားရပါးရ ရယ်မောလာလေသည်။
“မင်းမသိလို့ ငါ ပြောတာနားထောင်.. ငါအခုတလော နွားနဲ့ပတ်သတ်တာတွေ အမဲသားတွေကို အရမ်းစားချင်နေခဲ့တာ… ဒါပေမဲ့ စိတ်မကောင်းစွာက ငါ စားလို့မရဘူး.. အမဲသားကို တစ်စက်မှ မစားရဘူး… အမဲသားအကြောင်း စဥ်းစားလိုက်တိုင်း သွားရေတွေကျလို့…အမလေး အမလေး… ဒီနေ့က နေ့ထူးနေ့မြတ်ပဲ၊ ဒီနေ့ ငါ အ မဲ သား စားရတော့မယ်…”
လင်းနွိုင် အတောမသပ်နိုင်အောင် ရယ်မောလိုက်သည်။ “ကိစ္စမရှိဘူး.. နင် အသားအဲဒီလောက်ကြိုက်မှန်း မသိခဲ့ဘူး.. ငါ နင့်အတွက် စားပွဲအပြည့် အသားမှာပေးမယ်.. ဝက်သား၊ ကြက်သား၊ ငါး အစုံမှာပေးမယ်…”
“မလိုဘူး အမဲသားပဲ အမဲသားတစ်မျိုးပဲ” ချူဖုန်း ပြင်းထန်စွာ ငြင်းဆိုလိုက်သည်။
ကလေးဆန်သော အပြုအမူနှင့် သူ့မျက်နှာပေါ်မှ တောင့်တနေသော အကြည့်တို့ကြောင့် သူမ ပို၍ ရယ်မောလာသည်။ ဒီလူသည် ဘာကိုမှ အရှက်အကြောက်မရှိ။ သူစိတ်တိုင်းကျ လုပ်ချင်သလို လုပ်သည်။ ဟန်ဆောင်ခြင်းလည်း မရှိသလို မည်သည့်အရာကမှ သူ့အပေါ် သက်ရောက်မှု မရှိနိုင်။ သူ၏ဟာသများကြောင့် သူမ၏ တစ်နေ့တာကို ရွှင်လန်းသွားလေပြီ။
သို့သော် ယခုတစ်ခေါက်တော့ သူမ မှားသွားလေပြီ။ ချူဖုန်းသည် တကယ်ကိုအမဲသားအလွန်ကြိုက်သူ ဖြစ်သည်။ သူသည် အမဲသားစတိတ်နှင့် အမဲစွပ်ပြုတ်၏ အရသာကို အလွန်တောင့်တနေပြီဖြစ်သည်။ ဟိုနွားကောင် သူ့ဆီရောက်လာကတည်းက အမဲသားနှင့် အဆက်ဖြတ်ထားရသည်ပင်။
အပိုင်း ၄၄ ပြီး၏။