ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၄၃ – အကြောက်တရား
မြို့ထဲရှိ စံအိမ်တွင်..
ညနေခြင်းနေရောင်ခြည်သည် ပြင်သစ်ပုံစံပြတင်းပေါက်မှတစ်ဆင့် အမျိုးသားနှင့်အမျိုးသမီးတစ်ဦးတို့ အသံတိတ် မတ်တပ်ရပ်နေသည့်အခန်းထဲသို့ ဝင်ရောက်လာသည်။ အခန်းထဲရှိ ခမ်းနားလှသည့် အသုံးအဆောင်ပစ္စည်းများပေါ်သို့ နေရောင်ခြည်ပက်ဖြန်းနေသည့် မြင်ကွင်းမှာ ခမ်းနားကာ နွေးထွေးလှသည်။
ဝမ်ချင်း၏ နှင်းဆီရောင်ပါးမို့လေးမှာ ဖြူဆုတ်နေသည်။ ဖုန်းထဲမှ ပြောနေသည်ကို သူမလည်း ကြားလိုက်ရသည်ပင်။ ဖုန်းထဲမှ ထွက်လာသည့်အော်သံထက် သိလိုက်ရသည့် အကြောင်းအရာက သူမကိုပို၍ ထိတ်လန့်သွားစေသည်။
သန္ဓေပြောင်းလူအားလုံး သေသွားပြီ .. သူတို့အားလုံး အသတ်ခံလိုက်ရပြီ .. ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ..
သန္ဓေပြောင်းလူ ၁၈ ယောက်လုံး လူတစ်ယောက်တည်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်မှာ ထူးခြားလှသည့် အောင်မြင်မှုပင်။ လူထုသာ ဤသတင်းကို သိသွားလျှင် သေချာပေါက် ဗြောင်းဆန်သွားမည်ပင်။
ထူးခြားသည့်တိုက်ပွဲအောင်မြင်မှုဆိုသည်မှာ အခြား စွမ်းအားကြီးသည့်သူတစ်ဦး ပေါ်ထွက်လာပြီဟု ဆိုလိုခြင်းပင်။
စွမ်းအားတိုးဆေး သောက်ထားသည့်သူ ၁၈ ယောက်လုံးကို အနိုင်ယူလိုက်သည့်အချက်မှာ ပို၍ပင် ကြောက်စရာကောင်းသည်ပင်။
ဝမ်ချင်း လုံးဝဆွံ့အသွားရသည်။ အစောပိုင်းလေးကပင် သူမ ပြဿနာကို ရှင်းပစ်လိုက်နိုင်ပြီဟုတွေးကာ ပျော်ရွှင်မြူးတူးနေသေးသည်။ သို့သော် ယခုတော့ စိုးရိမ်မှုများသာ ရှိတော့သည်။
အဲဒီလူ သူ့ကို လက်စားလာချေရင် သူမ သူ့ကို ခုခံနိုင်ပါ့မလား..
“မကောင်းဆိုးဝါးကောင်..” စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့နေသည့်မျက်နှာဖြင့် သူမ ဆဲဆိုလိုက်သည်။ ဤမျှထိ စွမ်းအားကြီးသည့်သူဆိုလျှင် တကယ်ကို မကောင်းဆိုးဝါးအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။
ထိုလူ နောက်ဆုံးပြောသွားသည့်စကားများမှာ သူမနားထဲ၌ ပဲ့တင်ထပ်နေသည်။ ထိုအသံမှာ သူမ၏ သေမင်းခေါ်သံပင်။
မူလည်း စကားမပြောနိုင်တော့။ သူ ဆိုဖာပေါ် ထိုင်ချလိုက်ကာ တိတ်ဆိတ်နေသည်။ “ဘာတွေ ဖြစ်နေတာလဲ..”
ရုတ်တရက် သူ့မျက်နှာ အေးစက်လာကာ ခန်းမကြီးထဲရှိ အရာအားလုံးချမ်းစိမ့်လာသည်။ ထိုးဝင်နေသည့် နေရောင်လည်း ပျောက်ကွယ်သွားပြီဖြစ်ပြီး အေးစက်မှုသာကြီးစိုးလာသည်။
သူ့အတွက်တော့ ဤစစ်ဆင်ရေးတစ်ခုလုံးမှာ အဆိုးရွားဆုံး ရှုံးနိမ့်မှုပင်။ ပုံမှန်ရှိနေကျအပြုံးပင် သူ့မျက်နှာထက်၌ မရှိတော့ပဲ သူ့မျက်နှာမှာ အေးစက်မှောင်မဲနေပြီဖြစ်သည်။
ဤသန္ဓေပြောင်းလူသား ၁၈ ယောက်မှာ သူ့အဖွဲ့အစည်း၏ အဓိကအင်အားပင်။ အခု ဒီလူအားလုံး သေသွားပြီဆိုတော့ သူ့မှာ ဘာကျန်တော့မှာလဲ..
ဘာမှမကျန်တော့ဘူး..
“ဒီလို ဖြစ်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားဘူး .. သူက ဘယ်သူလဲ .. ဆေးသောက်ထားတာ မပြောနဲ့ သူက ဘယ်လိုလုပ် သန္ဓေပြောင်းလူသား ၁၈ ယောက်ကို တစ်ခါတည်း သတ်ပစ်နိုင်တာလဲ..” ဝမ်ချင်း ကြောက်လန့်တကြား ရေရွတ်လာသည်။
ခွပ်..
မူသည် သူ့လက်ထဲမှ ခွက်ကို ကြမ်းပြင်ပေါ်သို့ ဖောက်ခွဲပစ်လိုက်ပြီး ဖန်ခွက်အပိုင်းအစများကို နင်းချေပစ်လိုက်သည်။
“ချီးပဲ..” သူ အော်ဟစ်လိုက်သည်။
သူ့အတွက်တော့ ဤသည်မှာ သာမန်ရှုံးနိမ့်မှုတစ်ခုမဟုတ်။ ရှက်စရာကောင်းသည့် ရှုံးနိမ့်မှုပင်။ ထို့အပြင် သူ့ဆုံးရှုံးမှုမှာ ကြီးမားလှသည်။
“စိတ်မတိုနဲ့မူ .. ဒါတွေကို ပြန်အဖတ်ဆယ်နိုင်မယ့် နည်းလမ်းတစ်ခုခုကို စဉ်းစားကြည့်ရအောင်..” ဝမ်ချင်း ပြောလိုက်သည်။ သူမသည် အပြင်ပန်းတွင် တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း စိတ်ထဲတွင်တော့ ကြောက်ရွံ့တုန်လှုပ်နေပြီဖြစ်သည်။
ထိုအချိန် ခန်းမထဲ လူတစ်ဦး ပေါ်လာသည်။ သူသည် အသက် ငါးဆယ်ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း သွယ်လျဖြောင့်တန်းနေကာ မျက်နှာထက်၌ အရေးအကြောင်းများပင်မရှိ။ သူအသက်ကြီးနေကြောင်း သိသာစေသည့် တစ်ခုတည်းသောအရာမှာ ဆံပင်ဖြူများပင်။ “ဒါက မင်းအပြစ်မဟုတ်ပါဘူးမူ .. ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာလဲ..”
ဤလူပြောသည်မှာ မှန်သည်။ အသစ်ဖော်စပ်ထားသည့် ဆေးသောက်ထားသည့် သန္ဓေပြောင်းလူသား ၁၈ ယောက်ပါဝင်သည့်တပ်ဖွဲ့မှာ လူတစ်ယောက်မပြောနှင့် စစ်တပ်တစ်တပ်ကိုပင် ခြေမှုန်းပစ်နိုင်သည်။
ဤကဲ့သို့ သန်စွမ်းသောအုပ်စုဖြင့် လူတစ်ယောက်ကို ချောင်းမြောင်းလုပ်ကြံခြင်းမှာ ယခုလိုရလဒ်မျိုး ရမလာသင့်။
“ဒါဆို ကျွန်တော်တို့လူထဲမှာ တစ်ခုခုမှားနေတာ ရှိရမယ်.. ဦးလေးဝမ် အခုကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ အကူအညီတောင်းပါတယ်.. ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် အသေးစိတ်သိချင်တယ်” မူရဲ့ မျက်နှာအမူအရာမှာ မှိုင်းထိုင်းကာ စိတ်ဓာတ်ကျနေဆဲပင်။
“ဒီကိစ္စမှာ ခုန်းဂင် ဝင်ပတ်သတ်နေတာဖြစ်နိုင်တယ်.. အဲဒီနေရာကို ဘောဓိဇီဝမျိုးရိုးက လူတစ်ဖွဲ့ လွှတ်လိုက်တယ်မလား” ဝမ်ချင်း အကြံပေးလိုက်သည်။
သူမ အကြံပြုချက်ကြောင့် ဦးလေးဝမ် တွေဝေသွားသော်လည်း ချက်ချင်းပြန်မဖြေ။ မူ၏အမိန့်အရ ဦးလေးဝမ်သည် သူ့လူများကို စေလွှတ်လိုက်ပြီး သန္ဓေပြောင်းလူသား ၁၈ ဦး သေဆုံးရသည့်အကြောင်းအရင်းကို စစ်ဆေးခိုင်းလိုက်သည်။
မူကတော့ မျက်မှောင်ကြုတ်နေသည်။ ထိုနေရာသို့ ခုန်းဂင်ရောက်နေခြင်းဖြစ်နိုင်ကြောင်း သူပို၍ သံသယဝင်လာသည်။
“သွား .. အဲဒီနေရာကို ခုန်းဂင်ပေါ်လာဖူးလားဆိုတာ သွားရှာ..” မူ အေးစက်စွာ ပြောလိုက်သည်။
ဦးလေးဝမ် သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ သူ့အမိန့်အောက် အလုပ်လုပ်နေသည့် လူအချို့နှင့် ဘောဓိမျိုးရိုးဗီဇဘက်မှ လှုပ်ရှားမှုများကို သတင်းနှိုက်နိုင်သည့် သူ့အဆက်အသွယ်အချို့ကို စုစည်းလိုက်သည်။
ရဟတ်ယာဉ်တစ်စင်းပျံတက်သွားကာ မိုင် ၈၀ ဝေးသော တောအုပ်ထံသို့ အမြန်ဦးတည်သွားနေသည်။
ဤစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အစွမ်းထက်သော သန္ဓေပြောင်းလူများမဟုတ်သလို ကွန်ဖူးကျွမ်းကျင်သူများလည်းမဟုတ်။ သို့သော် သူတို့သည် စစ်ဆေးရှာဖွေးရာတွင် အတော်လေး ထူးချွန်ကြသည်။
နောက်ဆုံးတွင်တော့ တိုက်ပွဲဖြစ်ထားသည့်နေရာကို သူတို့ရောက်သွားလေပြီ။ မြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သန္ဓေပြောင်းလူသား ၁၈ ဦးလုံးသည် ခေါင်းပြတ်နေကာ မြေပြင်ထက်၌ အသက်မဲ့စွာ လဲနေကြသည်။
သူတို့ကို လူတစ်ယောက်တည်းမှ သတ်သွားခြင်းဖြစ်ကြောင်း သိသာလှသည်။ အချို့သူများမှာ ခုခံခြင်းပင်မရှိ။ သစ်ပင်နှင့် မြေပြင်ထက်၌ ကျန်ခဲ့သည့် သဲလွန်စများအရဆိုလျှင် သန္ဓေပြောင်းလူသား ၁၅ ဦးထဲတွင် အချို့လူများသာ ရန်သူနှင့် တိုက်ခိုက်ခဲ့ရသည်။
ကျန်သည့်သူများမှာ ရန်သူ၏ပြိုင်ဘက်ပင်မဟုတ်ခဲ့။
“ဒါက ခုန်းဂင် လုပ်တာလား .. သူ ဒီနေရာကို ရောက်ခဲ့တာလား..” တစ်စုံတစ်ယောက်ပြောလိုက်သည်။
ထို့နောက် သူတို့သည် တောအုပ်နက်ပိုင်း၌ ပိုက်စိပ်တိုက်ရှာဖွေသော်လည်း လူသတ်သမား၏ အရင်းအမြစ်ကို ရှာမတွေ့ခဲ့။ ချူဖုန်းသည် လူသတ်ကွင်းကို သေသေချာချာ ရှင်းလင်းပြီးပြီ ဖြစ်၍ ဤရက်စက်စွာသတ်ဖြတ်မှု၌ သူပါဝင်ပတ်သတ်ကြောင်း ပြသနိုင်သည့် သဲလွန်စအသေးအမွှားကအစ ရှင်းလင်းထားပြီး ဖြစ်သည်။
…
မြို့ထဲရှိ စံအိမ်တွင်..
မူသည် စစ်ဆေးရေးအဖွဲ့၏ နောက်ဆုံးသတင်းပို့ချက်ကို သိရှိပြီးဖြစ်သော်လည်း အသုံးဝင်သည့် သဲလွန်စတစ်ခုမျှ မတွေ့၍ စိတ်မကျေမနပ်ဖြစ်နေသည်။
“သန္ဓေပြောင်းလူသား ၁၈ ယောက်လုံးက လက်နက်တစ်ခုတည်းနဲ့ တစ်ပုံစံတည်း ခေါင်းဖြတ်သတ်ခံထားရတာ .. လူသတ်သမားက လျင်မြန်ပြီး ကြမ်းကြုတ်တယ် .. တိုက်ပွဲတစ်ခုလုံးကို သူပဲ အသာစီးရနေခဲ့တာ..” ဦးလေးဝမ် တင်ပြလာသည်။
“ခုန်းဂင်သုံးတာ လက်နက်နှစ်မျိုးပဲရှိတယ်လို့ ကျွန်မကြားဖူးတယ် .. တစ်ခုက တောရိုင်းကောင်တွေကို ယဉ်ပါးအောင်လုပ်နိုင်တဲ့ ကျည်ပွေ့နဲ့ နောက်တစ်ခုက ပြိုင်ဘက်ကင်းဓားပဲ..” ဝမ်ချင်း ပြောလာသည်။
ထိုအချိန်တွင် လျှို့ဝှက်သတင်းတစ်ခု တံခါးရှေ့သို့ ရောက်လာသည်။ ထိုသတင်းကို ဖတ်ပြီးသည်နှင့် ဦးလေးဝမ် မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။ သူ ထိုသတင်းကို ဝမ်ချင်းအား ပေးလိုက်သည်။
“ဘာ .. ခုန်းဂင်က ဒီမနက်ကပဲ ဘယ်သူမှ မသိအောင် ရောက်လာတယ်လား ..” ဤသတင်းမှာအားလုံးကို ထိတ်လန့်သွားစေသည့် သတင်းပင်။
“ခုန်းဂင် ရောက်လာပြီလား..” မူ ဒေါသထွက်လွန်း၍ သူ့မျက်နှာပင် တွန့်လိမ်နေသည်။ သူ့ဘေးနားရှိ သစ်သားစားပွဲကို ဒေါသတကြီး ပိတ်ထိုးလိုက်သောကြောင့် ထိုစားပွဲပင် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသည်။
သူသည် သိမ်မွေ့ညှင်သာမနေနိုင်တော့ချေ။ ယခု ခုန်းဂင်ရောက်သည်မှာ သေချာသွားပြီဖြစ်၍ မနက်က ရက်ရက်စက်စက်သတ်ဖြတ်မှုရဲ့ တရားခံမှာ သေချာပေါက် သူဖြစ်ရမည်။
သူရဲ့ ဗုဒ္ဓဓားရှေ့တွင် ဆေးသုံးထားသည့် သန္ဓေပြောင်းလူသား ၁၈ယောက်ပင် ဘာမှမဟုတ်သလို ထင်ရသည်။
“ယုံကြည်ရတဲ့သတင်းရင်းမြစ်အရ ခုန်းဂင်က ဒီမနက်မှာ သူ့ဟိုတယ်ကနေ ထွက်ပြီး အနီးအနားကတောင်တွေဆီကို ရောက်ခဲ့တယ်တဲ့ .. ပြီးတော့ သူ အခုထိ ပြန်မရောက်သေးဘူး .. ဒါမေပဲ့ သူ ငါတို့လူတွေ ဝိုင်းထားတဲ့နေရာကို သွားခဲ့လားဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး” ဦးလေးဝမ် တင်ပြလိုက်သည်။
“ခုန်းဂင် .. ဒီတစ်ခါတော့ ငါမင်းကို အလွတ်မပေးတော့ဘူး..” မူ ပြောလိုက်သည်။
“ဟိုလူရော .. သူ ကျွန်မတို့လူတွေ ဝိုင်းထားတဲ့နေရာကို လာသေးလား..” ချူဖုန်းနောက်၌ ရှိနေသည့် ထို ‘ဆရာ’ ဟုခေါ်သည့်လူကို ဝမ်ချင်း သံသယဝင်မိသည်။
ထို့နောက် ချူဖုန်း၏ သေဆုံးခြင်းမှာ ဘောဓိဗီဇနှင့် ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုတို့ကြားမှ ပြင်းထန်သည့်တိုက်ပွဲကြောင့် ဖြစ်သွားသည်ဟု အလွယ်တကူ ပြောလိုက်နိုင်ကြောင်း သူမ စဥ်းစားမိသွားသည်။ ချူဖုန်းသည် ကံမကောင်း၍ အသတ်ခံလိုက်ရသည့် အပြစ်မရှိသူသာ ဖြစ်သည်။
ပြိုင်ဖက်အင်အားကြီးအဖွဲ့၂ခု ထိပ်တိုက်တွေ့လျှင် ဖြတ်သွားဖြတ်လာ အပြစ်မရှိသူများကို ထိခိုက်စေခြင်းမှာ ရှောင်လွဲ၍မရသည့်ကိစ္စပင်။ မည်သူ့ကိုမှ အပြစ်တင်၍မရ။ ချူဖုန်းမှာ ကံဆိုး၍ သေသွားခြင်းပင်။
သူမ အတော်လေး စိတ်သက်သာရာ ရသွားသည်။ ချူဖုန်းနောက်မှ ထို’ဆရာ’မှာ အမှန်တရားကို ဘယ်တော့မှ သိမည်မဟုတ်။ ထို့ကြောင့် သူ ဝင်ပါစရာအကြောင်းမရှိ။
နောက်ဆုံးတွင်တော့ ချူဖုန်း ထူထပ်သော တောအုပ်ထဲမှ ထွက်လာပြီး မြို့ကို မြင်နေရပြီဖြစ်သောကြောင့် သူ အရှိန်လျှော့လိုက်သည်။
“ရက်စက်ယုတ်မာတဲ့မိန်းမပဲ.. သူ့ကို ဒီတိုင်းသတ်လိုက်ရင် သူ့ကို လွှတ်ပေးလိုက်တာနဲ့ ဘာမှ မကွာဘူး.. သေတာက သူ့လုပ်ရပ်အတွက် အရမ်းပေါ့ပါးတဲ့ အပြစ်ဒဏ်ပဲ” ချူဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။
သူ့ကို လာကြိုသည့် မိန်းမပျိုလေးကို သူပြန်တွေးမိသွားည်။ သူမသည် အလွန်ငယ်သေးသည်ပင်။ သူမ မျက်နှာထက်ရှိ မဲ့ခြောက်များမှာ သူမကို ရိုးသားပုံပေါ်စေသည်။ သူမ မျက်နှာထက်ရှိ အပြုံးမှာ သန့်စင်လှသည်ပင်။ သို့သော် သူမ ဤကဲ့သို့ အသေဆိုးနှင့် သေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. “မင်းက ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်သင့်တာ ကောင်မလေး..” ချူဖုန်း သက်ပြင်းချလိုက်သည်။
ချူဖုန်းသည် ရန်သူများကို ရက်စက်စွာ သတ်ဖြတ်နေသော်လည်း သူ့နှလုံးသားထောင့်တစ်နေရာတွင် နူးညံ့သည့်နေရာ ရှိသေးသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေသည်အား သူ ရပ်မကြည့်နိုင်။
“ဒီတစ်ခေါက် ငါ မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး .. မင်း သေစေရမယ် .. ဒါပေမဲ့ မင်း မသေခင် ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေရမယ်” ချူဖုန်း ကျိန်ဆဲလိုက်သည်။
ထို့နောက် သူ ဖုန်းခေါ်ကာ လင်းနွိုင်ကို ခေါ်လိုက်သည်။
ချူဖုန်းသည် ဒဲ့တိုးဆန်သည့်သူပင်။ ဤရက်ပိုင်းအတွင်းတွင် သူမဖုန်းကို မည်သူ သုံးနေသလဲဟု တိုက်ရိုက်ပင် မေးလိုက်သည်။
လင်းနွိုင် ကြောင်အသွားရသည်။ သူ အဘယ်ကြောင့် ဤကဲ့သို့မေးရသလဲဟု သူမ မေးလိုက်သည်။ သို့သော် ချူဖုန်း ပြန်မဖြေပဲ ဖုန်းချပစ်လိုက်သည်။
ထိုအချိန်တွင် ဝမ်ချင်းသည် စံအိမ်မှ ထွက်ခွာကာ လင်းနွိုင် ရှိနေသည့်ဟိုတယ်သို့ သွားနေသည်ပင်။
“အရင်တုန်းက ချူဖုန်း နင့်ကို ဖုန်းခေါ်သေးလား..” ပြင်သစ်ပုံစံ ပြတင်းပေါက်ဘေးတွင်ရပ်ကာ လင်းနွိုင်မေးလိုက်သည်။ မနက်ခင်းနှောင်းပိုင်းနေရောင်၏ ရောင်ခြည်အောက်တွင် သူမ၏ ကျောက်စိမ်းရောင်အသားအရေမှာ တောက်ပနေသည်။
“အင်း ခေါ်တယ် .. မမလေးကိုင်တာမဟုတ်မှန်းသိတော့ နည်းနည်းပါးပါးပြောပြီး ဖုန်းချလိုက်တာ” ဝမ်ချင်းသည် ပုံမှန်အေးအေးဆေးဆေးအသံဖြင့် ပြန်ဖြေလိုက်သည်။ ချူဖုန်း၏သေဆုံးမှုကို မတော်တဆမှုဟု ထင်စေနိုင်ကြောင်း သိပြီးနောက် စိတ်ပူစရာ ပြဿနာမရှိတော့ချေ။ ဝမ်ချင်းသည် စိတ်ပေါ့ပါးစွာဖြင့် ပျော်ရွှင်နေသည်။
“တကယ်လား… နင် ငါ့ကို ဖုံးကွယ်ထားတာ ရှိသေးလား” လင်းနွိုင် လှည့်မေးလိုက်သည်။ သူမတွင် လှပသောဆံကေသာရှိပြီး ထိုဆံပင်များကို ငန်းကဲ့သို့ ဖြူဖွေးသော ပခုံး၂ဖက်တွင် ချထားသည်။ သူမ၏ သိမ်မွေ့အေးစက်သော မျက်နှာနှင့် စူးရှအေးစက်သောအကြည့်တို့က ဝမ်ချင်းကို ဖိအားပေးနေသလိုပင်။
“မရှိပါဘူး မမလေး..” ဝမ်ချင်း အံ့အားသွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“ချူဖုန်းရဲ့ စိတ်နေစိတ်ထားကို ငါသိရသလောက်ဆိုရင် နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ခဲ့တာ ရှိလိမ့်မယ်..” လင်းနွိုင် ပြောလိုက်သည်။
“သူ ရောက်လာပြီလား.. သူ မမလေးကို ဘာပြောတာလဲ .. ကျွန်မအပြောအဆိုတွေကအစ မမလေးကို ပြန်တိုင်နေတာဆိုတော့ စိတ်သဘောထားကျဥ်းလိုက်တာ.. ကျွန်မ စကားပြောတာ နည်းနည်းမယဥ်ကျေးလိုက်ပေမယ့် တကယ်အဲဒီ သဘောပြောချင်တာမဟုတ်ပါဘူး” ဝမ်ချင်းသည် မသိသလို ပြောလိုက်သည်။ ထိုလူသည် ဘယ်တော့မှ ရောက်လာမည်မဟုတ်သလို သူ့အကြောင်းနှင့် ပတ်သတ်၍ သူ့မမလေးကို ပြန်တိုင်ပြောနိုင်မည်မဟုတ်ကြောင်း သူမ သိနေသည်ပင်။
“ဟင့်အင်း သူမရောက်သေးဘူး .. ဒါပေမဲ့ သူ အခုလေးတင် ငါ့ကို ဖုန်းခေါ်သွားကာ .. သူက ဖုန်းထဲမှာ နင်နဲ့ပတ်သက်ပြီး မကျေနပ်သလို တိုင်သွားတာ” လင်းနွိုင် သူမကို စိုက်ကြည့်၍ ပြောလိုက်သည်။
“အခုလေးတင်လား..” ဝမ်ချင်းထိတ်လန့်သွားရသည်။ သူမ လက် တုန်သွားသောကြောင့် လက်ထဲကိုင်ထားသည့် လက်ဖက်ရည်ခွက်ပင် ပြုတ်ကျမတတ် ဖြစ်သွားသည်။ သို့သော် သူမ ခံစားချက်ကို ချက်ချင်း ဖုံးကွယ်လိုက်လေသည်။
လင်းနွိုင်၏မျက်နှာထက်မှ အပြုံး အေးခဲလာသည်။ “ငါ့ကိုပြော..”
“ဘာလဲ .. မရှိပါဘူး .. သူနဲ့ကျွန်မကြား တကယ်ကို ဘာမှမရှိတာပါ..” ဝမ်ချင်း သူ့ကိုယ်သူ စိတ်အေးအေးထားရန် တိတ်တဆိတ်ပြောလိုက်သော်လည်း သူမစိတ်ထဲရှိ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတို့မှာ ရေဆူမှတ်သို့ ရောက်နေပြီဖြစ်သည်။ အဲဒီလူက ဘယ်လိုလုပ် မသေသေးတာလဲ..
ဘာတွေဖြစ်နေတာလဲ .. အခု သူ အဲဒီလူကို ရင်ဆိုင်ရတော့မှာလား..
သူမ တုန်လှုပ်နေပြီး ခေါင်းထဲလည်း အတွေးပေါင်းစုံ ဝင်လာသည်။ “သူ တကယ် အသက်ရှင်နေသေးရင် ဘယ်လိုလုပ်မှာလဲ … သူမ ဘာဆက်လုပ်ရမှာလဲ..”
သူမသည် သခင်အပြစ်ပေးမည့်လက်ထဲမှ ထွက်ပြေးချင်နေသည့် ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူမ မမလေး၏အကြည့်အောက်တွင် သူမ ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း..
“ချူဖုန်း ဒီကို ခဏနေရင် ရောက်လိမ့်မယ်..” လင်းနွိုင်ပြောလိုက်သည်။ တကယ်တမ်းတွင် သူ ရောက်လာလိမ့်မည်ဟု ချူဖုန်း သူမကို မပြောခဲ့။ သူတို့ ချိန်းထားသည်ကို သူ လာမလားပင် သူမ မသိ။ အဘယ်ကြောင့်ဆိုသော် ထိုဖုန်းခေါ်ဆိုမှုမှတစ်ဆင့် သူ မည်မျှဒေါသထွက်နေကြောင်း သူမ ခံစား၍မရသည်ပင်။
ချူဖုန်း ရောက်လာမည်ဟု သိလိုက်သည်နှင့် ဝမ်ချင်း ချွေးစေးပြန်လာသည်။ သူမ ထွက်ပြေး၍မရသဖြင့် ဤနေရာ၌ နေရမည်ပင်။ ချူဖုန်း ရောက်မလာခင် မိနစ်ပိုင်းမှာ သူမအတွက် ညှင်းပန်းနှိပ်စက်မှုကြီးပင်။
အမှန်တရားပေါ်သွားလျှင် သူမ ဘာမှဖုန်းကွယ်ထားနိုင်တော့မည်မဟုတ်ကြောင်း သူမသိသည်။ သူမ အစ်မ၏အရိပ်အောက် အန္တရာယ်ကင်းကင်းနေနိုင်မည်ဆိုလျှင်ပင် သူမ တန်ဖိုးကြီးစွာ ပြန်ပေးဆပ်ရလိမ့်မည်ပင်။
အပိုင်း ၄၃ ပြီး၏။