အပိုင်း ၁၂၃•၁
” အမှောင်ထု နတ်မီးငှက်အသွင်ပြောင်းခြင်း ”
°°°
မာယုလုံသုံးလိုက်တဲ့ အဆင့်ခြောက်၀ိညာဥ်လက်နက်က အရမ်းကိုအာရုံခံနိုင်စွမ်းကောင်းပါတယ်။ မာရှောင်ထောင့် ထိတွေ့လိုက်တာနဲ့ ပင့်ကူမျဥ်းတွေကြားထဲညှပ်သွားတဲ့ယင်ကောင်လိုမျိုး အဖမ်းခံလိုက်ရပါပြီ။
ချက်ချင်းဆိုသလို လျှပ်စီးတန်းသဖွယ်စွမ်းအားတွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပါတော့တယ်။ သူလဲ ဒီလိုဖြစ်လာချိန်မှာ မာရှောင်ထောင့်ကတော့ တစ်ဖက်လူရဲ့တိုက်ခိုက်မှုကို အစွမ်းကုန်ခုခံဖို့ လိုအပ်နေခဲ့ပါသေးတယ်။ သူတို့တွေက သူမကို ထိခိုက်တာမျိုး မဖြစ်စေနိုင်ပေမဲ့ သူမရဲ့မီးလျှံတွေစွမ်းအားတော်တော်များများကတော့ ပိတ်ဆို့ခံလိုက်ရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ မာရှောင်ထောင့် ရုတ်တရက်ရပ်တန့်သွားမယ်လို့ မထင်ထားခဲ့မိပါဘူး။ သူမက အရမ်းကိုမြန်မြန်ဆန်ဆန် ရပ်တန့်လို့သွားခဲ့ပြီ သူမရဲ့ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလာပါတော့တယ်။
” သေလိုက်ပါတော့လား အဲ့ဒါကဥက္ကာပျံမီးတွေပဲ ”
မာယုလုံသူ့ဘာသာသူ ကျိန်ဆဲနေခဲ့သလို အမူအရာကလဲ ပြောင်းလဲသွားပါတော့တယ်။ မာရှောင်ထောင့်ရဲ့ ခြောက်ခုမြောက်၀ိညာဥ်စွမ်းရည်က အလွယ်လေးရင်ဆိုင်လို့ရနိုင်မှာလား။ သူမရဲ့အရှေ့မှာရှိနေခဲ့တဲ့ လျှပ်စီးတန်းထောင်ချောက်က သူမရဲ့တိုက်ခိုက်မှုတွေကို ခုခံဖို့အနည်းငယ်သာ အသုံး၀င်မှာပါ။
အမျက်ဒေါသကျောင်းတော်ရဲ့ ဒီအကျွမ်းကျင်ဆုံးပညာရှင်ဆီကနေ စတင်ပြီ ပြဿနာတွေ ထွက်ပေါ်လာပါပြီ။ မာယုလုံကတော့ မျက်နှောင်ကြုတ်ရင်း မာရှောင်ထောင့်ကို ကြည့်နေခဲ့ပါတယ်။
မာရှောင်ထောင့် နတ်မီးငှက်ဥက္ကာပျံမိုးတွေကို ထုတ်လွှတ်ချိန်တိုင်းမှာ သူမလှုပ်ရှားတဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီက အရမ်းကိုသက်ရောက်မှုပြင်းထန်ပါတယ်။ မာယုလုံမှာတော့ သူ့ကိုကာကွယ်ပေးမဲ့ ရှောင်ရှဖုန်းရှိနေတာကြောင့် ဥက္ကာပျံမိုးနဲ့ နည်းနည်းလောက်တိုက်မိရင်တောင် ပြဿနာအများကြီးမတက်နိုင်ပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်သာ သူ့ရဲ့ တိုက်ခိုက်မှုနဲ့ထိမယ်ဆိုရင်တော့ ပြဿနာအကြီးကြီးတက်သွားမှာဖြစ်ပါတယ်။ မာယုလုံရဲ့ တုန့်ပြန်မှုတွေက အတော်ကိုသင့်တော်ပြီ မြန်ဆန်လွန်လှတယ်။
ဒါပေမယ့် ဥက္ကာပျံမိုးက သူမျှော်လင့်ထားတဲ့အချိန်မှာ မကျရောက်လာခဲ့ပါဘူး။ ရွှေရောင်လက်နက်တစ်ခုက မာယုလုံရဲ့လက်ထဲမှာ ပေါ်လာခဲ့ပြီတဲ့နောက် မာရှောင်ထောင့်က ရုတ်တရက်နောက်ဆုတ်သွားခဲ့ရင်း သူမရဲ့ညာလက်သီးကို အသုံးပြုကာ ထိုးချပြစ်လိုက်ပါတော့တယ်။ မီးလျှံတွေအပြည့်နဲ့ လက်သီးလုံးတစ်လုံးက သူ့ရှေ့မှာရှိနေတဲ့ အတားအဆီးဆီကို ပြေး၀င်လို့သွားခဲ့ပါပြီ။ လျှပ်စီးတန်းတွေက မီးလျှံတွေရဲ့အောက်ကို ရောက်ရှိလို့သွားခဲ့ပြီတဲ့နောက် ပေါက်ကွဲထွက်သွားပါတော့တယ်။ မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ကတော့ ဒီလိုဖြစ်ပေါ်လာချိန်မှာ ဝေ၀ါးပြီပျောက်ကွယ်လို့သွားခဲ့တယ်။
အနီးကပ်ကြည့်မယ်ဆိုရင် သူမရဲ့ အတောင်ပံတွေက အနောက်ကိုပြန်ဆုတ်လို့သွားခဲ့တာပါ။ ဒါ့အပြင် ဒီလိုတဖျတ်ဖျတ်ခတ်နေခဲ့တဲ့ လှုပ်ရှားမှုကြောင့် သူမက လေထဲမှာ စိတ်ကြိုက်နေရာပြောင်းရွေ့လို့ရနိုင်ပါတယ်။ အရှေ့ကိုဆက်တိုးဖို့လုပ်နေရင်း အနောက်ဖက်မှာလဲ ပုံရိပ်ယောင်တွေအများကြီး ချန်ရစ်နေခဲ့တယ်။ လန့်စရာကောင်းလောက်အောင် မာယုလုံနားလည်သွားရတာကတော့ သူမရဲ့နေရာအတိအကျကို သူပစ်မှတ်မထားနိုင်တော့တာပါပဲ။
သူမဘယ်လိုအစွမ်းအစကို အသုံးပြုနေတာလဲ။ ဒါကသေချာပေါက် ၀ိညာဥ်စက်ကွင်းရဲ့အစွမ်းအစမဟုတ်ပါဘူး။ သူမခန္ဓာကိုယ်ပေါ်မှာ ဘယ်၀ိညာဥ်စက်ကွင်းကမှ မတောက်ပနေတာ သိသာနေခဲ့ပါတယ်။ ၀ိညာဥ်ပညာရှင်တွေအတွက် အသုံး၀င်တဲ့လျှို့၀ှက်နည်းလမ်းလဲ ဖြစ်နိုင်နေတယ်။
သူတို့နှစ်ဖက်က အမှန်တကယ်မတိုက်ခိုက်ရသေးပေမဲ့ သူတို့ရဲ့အစွမ်းအစကို အဆုံးစွန်းအထိ ထုတ်ပြနေပြီးပါပြီ။ ဒါ့အပြင် နောက်ဆုတ်မှာတော့ အရေအတွက်အသာစီးကို ရစေနိုင်မဲ့ ရှောင်ရှဖုန်းရဲ့၀ိညာဥ်လက်နက်ခံတပ်ကြီးကလဲ ပြီးဆုံးလို့သွားပါတော့တယ်။ အလင်းလှိုင်းတွေက တစ်ခုပြီတစ်ခု ပေါ်ထွက်လို့လာခဲ့ပြီတဲ့နောက် ချက်ချင်းဆိုသလို လေထဲမှာ မီးခိုပုံသဏ္ဍာန်နဲ့ အလင်းတန်းတွေဖြစ်ပေါ်လာပါတော့တယ်။
ကြီးမားပြင်းထန်တဲ့ ၀ိညာဥ်လက်နက်ခံတပ်ကြိီးရဲ့ စွမ်းအားတွေက ချက်ချင်းထွက်ပေါ်လို့လာခဲ့ပါပြီ။ မာယုလုံက ဒီအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာအတော်ကြာပြီဖြစ်ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးကို အရှေ့မှာထားရင်း လက်ခုပ်တီးလိုက်ချိန်မှာတော့ ကြီးမားတဲ့ရွှေရောင်ဘောလုံးကြီးတစ်ခုက သူ့၀ိညာဥ်စက်ကွင်းတွေနဲ့အတူ တောက်ပလင်းလက်လာပါတော့တယ်။ အရှိန်အ၀ါကလဲ အရမ်းကိုဖောင်ကြွလို့လာခဲ့ပြီ ရွှေရောင်အတားအဆီးပျောက်ကွယ်သွားတာ ကြီးမားတဲ့အနီရောင်ဓားကြီးတစ်လက်ပေါ်ထွက်လာပါတော့တယ်။
ဒါကအနီးကပ်၀ိညာဥ်လက်နက်လား မာယုလုံက အဝေးပြစ်တိုက်ခိုက်မှုကို အနီးကပ်အသုံးပြုတဲ့၀ိညာဥ်လက်နက်တစ်ခုနဲ့ အစားထိုးတော့မလို့လား။
ဒီဓားကြီးဖြစ်ပေါ်လာတာက ပထမဆုံးအကြိမ်ပါပဲ။ မာယုလုံကလဲ သူ့ရဲ့ ၀ှက်ဖဲကိုကောင်းကောင်းသိမ်းဆည်းလို့ထားခဲ့ပြီ အခုအချိန်မှာသာ အသုံးပြုခဲ့တယ်။ စွမ်းအားပြည့်ထုတ်သုံးနေတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းကိုကြောက်စရာကောင်းလောက်အောင် သန်မာပါတယ်။ မာရှောင်ထောင့်ကလဲ အကောင်းဆုံးကြိုးစားပြီ ခုန်ရှောင်ဖို့လုပ်နေခဲ့ပေမဲ့ ရှောင်ရှဖုန်းက သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို အကုန်ခံရင်း ရှိရှိသမျှ ၀ိညာဥ်လက်နက်တွေကို ထုတ်သုံးပြီ သူမကို တစ်ချက်လေးမှလုပ်လို့မရအောင် တားဆီးလို့ထားခဲ့ပါတယ်။
နေလကျောင်းတော်အဖွဲ့က ၀ိညာဥ်ခံတပ်ကို တည်ဆောက်ပြီချိန်မှာ တခြားသာမန်ကျောင်းတော်တွေအားလုံးထက်က်ိုပိုပြီး သန်မာလို့သွားခဲ့ပါတယ်။
ရှောင်ရှဖုန်းရဲ့ တိုက်ခိုက်မှုတစ်ခုထဲကို ကြည့်ရုံနဲ့သိနေခဲ့ပါပြီ။ ဒါကအလိုအလောက်ပေါက်ကွဲမှုပါပဲ။ ပြင်းထန်တဲ့အလင်းတန်းတွေအပြင် ဆက်တိုက်ဆိုသလို ထုတ်သုံးနေတဲ့ ထောင်ချောက်ဆင်၀ိညာဥ်လက်နက်တွေလဲ အပြည့်ရှိနေခဲ့သေးတယ်။
စင်မြင့်တစ်ခုလုံးက တောက်ပတဲ့အလင်းတန်းတွေ ဖုံးလွှမ်းလို့နေခဲ့ပါပြီ။ မာရှောင်ထောင့်အနေနဲ့ သူ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကို ခုန်ရှောင်ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တိုက်ရိုက်သာ ရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။ မာရှောင်ထောင့်က ထိုက်ယွဲ့ဟန်ထက် အများကြီး အင်အားပိုကြီးပေမဲ့ သူမရဲ့ခန္ဓာကိုယ်ကတော့ ထိုက်ယွဲ့ဟန်လောက် မမာကြောလောက်ပါဘူး။ သူမရဲ့အတောင်ပံတွေကို ဒိုင်းကာအဖြစ်သုံးရင်း ၀ိညာဥ်စွမ်းအားကို ထုတ်လွှတ်ကာ ရှောင်ရှဖုန်းရဲ့တိုက်ခိုက်မှုလှိုင်းတွေကို တစ်ခုပြီတစ်ခုခုခံနေရပါတော့တယ်။
မာရှောင်ထောင့်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မဟုတ်ပေမဲ့ တစ်ဖက်လူတွေအသုံးပြုတဲ့ ဗျူဟာတွေကိုတော့ ကောင်းကောင်းနားလည်ပါတယ်။ ရှောင်ရှဖုန်းရဲ့ ၀ိညာဥ်စွမ်းအားက ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် အမြန်ဆုံးကုန်ဆုံးသွားမှာပါ။ အဆင့်ငါး၀ိညဥ်လက်နက်အတတ်ပညာရှင်ပဲ ရှိသေးသလို ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့လဲ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူ့ရဲ့တိုက်ခိုက်မှုတွေက အချိန်အကြာကြီးကြာနိုင်မှာမဟုတ်ပါဘူး။ ရှောင်ရှဖုန်းက မာယုလုံအတွက် တဖြည်းဖြည်းအသုံးမ၀င်ဖြစ်လာပါလိမ့်မယ်။
မာရှောင်ထောင့်က အရေးကြီးဆုံးအချိန်မှာ အရမ်းကိုတည်ငြိမ်လွန်လှသူပါ။ မာယုလုံရဲ့တိုက်ခိုက်မှုတွေကို ဆက်တိုက်စောင့်ကြည့်လို့နေခဲ့ပါတယ်။ ရှောင်ရှဖုန်းက မာယုလုံကို အကူအညီပေးရုံသက်သက်ပါပဲ။ မာယုလုံရဲ့ တိုက်ခိုက်မှုတွေကသာ မာရှောင်ထောင့်ကိုအများကြီး ပိုပြီး ခြိမ်းခြောက်မှုဖြစ်စေပါတယ်။
မာယုလုံက သူ့ရဲ့နှစ်ဖက်လုံး ရွှေရောင်ဓားရိုးကို ကိုင်ထားခဲ့ပြီ ဖြည်းဖြည်းချင်း မြောက်လိုက်ပါတယ်။ ပြင်းထန်တဲ့ ရွှေရောင်အလင်းတန်းတွေက ဓားကိုယ်ထဲကနေ တောက်ပလို့လာခဲ့ပါပြီ။ အဓိကဗျူဟာကိုးချက်ကလဲ ဓားထိပ်ဖျားကနေ လက်ကိုင်အထိကို ရှိနေခဲ့ပါတယ်။ အလင်းတန်းတွေ တစ်ခုပြီတစ်ခု အပြင်ကိုဖြာထွက်လို့လာခဲ့ရင်း ခေါင်းမော့ကာ မာယုလုံရဲ့မျက်လုံးတွေက ရွှေရောင်ကိုပြောင်းလဲလို့သွားပါတော့တယ်။
” ပြန်လည်ရှင်သန်ထမြောက်မှုဓား နိုးထလော့ ”
မာယုလုံ အော်လိုက်ပြီ ရှိသမျှ၀ိညာဥ်စွမ်းအားတွေကို ဓားကြီးထဲထည့်သွင်းလိုက်ပါတော့တယ်။ အဖြူရောင်အလင်းတန်းက သူ့ခြေထောက်အောက်ကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအလင်းတန်းကို သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းကာအပေါ်ကို တက်လာခဲ့ပြီတဲ့နောက် လက်ထဲကိုရောက်ရင်းဓားထဲကို ၀င်သွားပါတော့တယ်။
ဓားကစတင်ပြီ အပြောင်းအလဲတွေဖြစ်ပေါ်လာတော့တယ်။ ရွှေရောင်အလင်းတန်းက ဓားရဲ့လက်ကိုင်ကိုထိတွေ့ချိန်မှာ အရောင်ကတော့နှစ်မျိုးပြောင်းသွားခဲ့ပါပြီ။ ဓားရဲ့တစ်ဖက်က အဖြူရောင်ပြောင်းသွားခဲ့ပြီ နောက်တစ်ဖက်ကတော့ အနက်ရောင်ပြောင်းသွားခဲ့ပါတယ်။ ဒီလိုအစွန်းနှစ်ဖက်ရောက်နေတဲ့ အရောင်နှစ်ခုက ရွှေရောင်အလင်းတန်းတွေကြားမှာ ထူးခြားလို့နေခဲ့တယ်။
” အပြစ်မကင်းစိတ်ရဲ့ကိုယ်စား အမှောင်ထုအမိန့်တော်ချမှတ် ”
မာယုလုံက ဓားကြီးရဲ့လက်ကိုင်ကို လက်နှစ်ဖက်စလုံးနဲ့ ကိုင်ထားခဲ့ရင်း အနက်ရောင်ဖက်ကို မာရှောင်ထောင့်ဆီ ညွှန်လိုက်ပါတော့တယ်။ အလင်းတန်းတွေက လေထဲကိုဖြတ်သန်းသွားပြီတဲ့နောက် ရုတ်တရက်ပျောက်ကွယ်လို့သွားပါတယ်။ မာရှောင်ထောင့်ရဲ့တစ်ကိုယ်လုံးကတော့ မီးလျှံတွေအပြည့်နဲ့ လောင်ကျွမ်းလို့နေခဲ့ပါပြီ။ ဒါပေမယ့် အနက်ရောင်အလင်းတန်းက သူမဆီရောက်ရှိလာချိန်မှာ ရှိရှိသမျှခုခံစစ်တွေအားလုံးက ပျောက်ကွယ်သွားပုံပါပဲ။ ဒီအနက်ရောင်အလင်းတန်းတွေက သူမရဲ့ခန္ဓာကိုယ်ထဲကို ဒီအတိုင်းသာ ၀င်ရောက်လို့သွားပါတော့တယ်။
မာရှောင်ထောင့်လဲ သူမရဲ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်ပဲဖြစ်လာတာကို ရုတ်တရက်ခံစားမိလိုက်တော့တယ်။ သူမရဲ့ကြက်သွေးရောင်တောက်ပနေတဲ့ မီးလျှံတွေက ချက်ချင်းဆိုသလို မှောင်မိုက်အေးစက်ပြီ ကြောက်စရာကောင်းလွန်လှတဲ့ အနက်ရောင်တွေအဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။ ဒီမိစ္ဆာစွမ်းအားတွေက သူမရဲ့ခန္ဓာကိုယ်ဖိလျော့မှုခံထားရတာကနေ ရုတ်တရက်နိုးကြွလာပုံပေါ်ပါတယ်။ အနက်ရောင်နတ်မီးငှက်မီးလျှံတွေနဲ့ ရုတ်တရက်ဆိုသလို ပေါင်းစည်းလို့သွားခဲ့ပြီတဲ့နောက် သူမ ထိန်းချုပ်မှုလွှတ်မတတ်ဖြစ်သွားခဲ့ရပါတယ်။
ဒါက ဘယ်လို၀ိညာဥ်လက်နက်မျိုးလဲ မာရှောင်ထောင့်တွေးလို့မရနိုင်ပါဘူး။ ဒီလိုထူးဆန်းတဲ့အရာကို သူကြုံတွေ့ဖူးတာ ပထမဆုံးအရာပါ။ ဒီ၀ိညာဥ်လက်နက်ရဲ့တိုက်ခိုက်မှုကို ခုခံလို့မရနိုင်ဘူးလား။
မာယုလုံကသာ ဓားကြီးကိုဝှေ့ရမ်းလိုက်ချိန်မှာ ပြင်းထန်တဲ့အဖြူရောင်အလင်းတန်းက ထွက်ပေါ်လို့လာပြန်ပါတယ်။ ဒီအလင်းတန်းက နေရာတစ်ခွင်လုံးကို ဖုံးလွှမ်းလို့သွားတော့တယ်။
မာရှောင်ထောင့်ကတော့ သူမရဲ့ခန္ဓာကိုယ်က အနက်ရောင်နတ်မီးငှက်ရဲ့ နိုးကြွလာမှုကြောင့် နာနာကျင်ကျင်အော်ဟစ်နေရတာကနေ ကျောက်ရုပ်ကြီးလိုတောင့်တင်းအေးခဲလို့သွားပါပြီ။ ဒီအလင်းတန်းကြောင့် ပြိုကွဲဖျက်ဆီးခံရတော့မလိုပါပဲ။ သူမရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မီးလျှံတွေက အပြင်ကိုရေလှိုင်းပမာတွန်းထွက်လို့လာခဲ့ပါတယ်။
မာယုလုံကတော့ အတော်ကျေနပ်ပုံပါပဲ။ သူကြံစဥ်ထားခဲ့တဲ့ အစိအစဥ်က နောက်ဆုံးမှာအောင်မြင်ခဲ့ပါပြီ။
ကျန်းဖန်းနဲ့ တိုက်ပွဲမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်ကသာ အကောင်းဆုံးဖြစ်တယ်လို့ သူပြောဖူးပါတယ်။ ဒါကြောင့်သာ သူရှိရှိသမျှ၀ိညာဥ်လက်နက်တွေအားလုံးက ကိုယ်တိုင်လုပ်တာကြီးပါပဲ။ ဒါကို ကျန်းဖန်းအတွက် ပြောခဲ့တာမဟုတ်ပဲ အမျက်ဒေါသကျောင်းတော်ကို ရည်ရွယ်ပြီတမင်တကာပြောခဲ့တာ ဖြစ်နေခဲ့တယ်။
အမှန်တကယ်မှာတော့ ဒီပြန်လည်ရှင်သန်ထမြောက်မှုဓားက သူကိုယ်တိုင်ဖန်တီးထားတာ မဟုတ်သလို အဆင့်ရှစ်၀ိညာဥ်လက်နက်ပါပဲ။ အကောင်းဆုံး၀ိညာဥ်လက်နက်တွေက တစ်ခုဖြစ်နေခဲ့တယ်။
အမှောင်ထုရဲ့စွမ်းအားနဲ့ အလင်းတန်းရဲ့စွမ်းအားနှစ်ခု ပေါင်းစည်းလို့ထားခဲ့သလို ရန်သူထဲကအမုန်းထုစွမ်းအားနဲ့ ပေါင်းစည်းနိုင်စွမ်းလဲရှိပါတယ်။ ရန်သူကို မထိန်းချုပ်နိုင်လောက်တဲ့အထိ အမှောင်ထုဖုံးလွှမ်းစေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ အလင်းရဲ့ပြင်းထန်ကြီးမားတဲ့စွမ်းအားကို အသုံးပြုပြီး ရန်သူကို တရားစီရင်ချက်ချမှာပါ။ အကယ်၍ ရန်သူကသာ အားနည်းနေမယ်ဆိုရင် သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးက ချက်ချင်းဆိုသလို အဆင့်လျော့ပါးသွားပါလိမ့်မယ်။ ဒါ့အပြင် အလင်းတန်းရဲ့စွမ်းအားအောက်မှာ အပြည့်အ၀တောင်ဖျက်ဆီးခံရနိုင်ချေရှိနေခဲ့တယ်။
မာယုလုံက အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်သာဖြစ်ပါသေးတယ်။ ဒါပေမယ့် အဆင့်ရှစ်၀ိညာဥ်လက်နက်ကို အသုံးချနိုင်ဖို့အတွက် သူလဲ အများကြီးပေးဆပ်ခဲ့ရတယ်။ မာရှောင်ထောင့်ရဲ့ မမြင်ရတဲ့အရာကတော့ ဒီဗျူဟာကြီးရဲ့ အဓိကဗဟိုချက်က မာယုလုံရဲ့အနောက်ဖက်မှာ ရွေ့လျားလှည့်ပတ်နေတာပါပဲ။ ပြင်းထန်တဲ့သွေးနီရောင်အလင်းတန်းတွေက ဆက်တိုက်လောင်ကျွမ်းလို့နေပါသေးတယ်။
ဒါကတော့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်ဖြစ်တဲ့ စတေးမှုချိတ်ပိတ်စည်းလို့ သူသိများတဲ့ လက်နက်ရဲ့အစွမ်းအစပါ။ မာယုလုံက သူ့ရဲ့ကိုယ်ပိုင်အသက်စွမ်းအားတွေကို စတေးပြီ ခန္ဓာကိုယ်နဲ့ ၀ိညာဥ်စွမ်းအားကို တခဏတာယာယီတိုးတက်အောင် လုပ်ခဲ့ပါတယ်။ ဒါမှသာ ပြန်လည်ရှင်သန်ထမြောက်ရေးဓားကို ထောက်ပံ့ပေးနိုင်မှာပါ။ သူလဲ အကြာကြီးတောင့်မခံနိုင်ပေမဲ့ မာရှောင်ထောင့်ကိုတော့ အနိုင်ယူဖို့လုံလောက်ပါသေးတယ်။
အကယ်၍ သူနဲ့ရှောင်ရှဖုန်းတို့သာ မာရှောင်ထောင့်ကို ရှုံးနှိမ့်သွားမယ်ဆိုရင် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်က အောင်မြင်နိုင်မယ်ဆိုတာ သူသိနေခဲ့တယ်။ ဒါပေမယ့် သူကထိုက်ယွဲ့ဟန်လိုပါပဲ။ အနိုင်အရှုံးကို ဆုံးဖြတ်တဲ့သူက သူပဲဖြစ်ချင်ခဲ့တယ်။ ဒါ့အပြင် သူက အဖွဲ့ခေါင်းဆောင်ပါ။
ဒါကြောင့်သာ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ပြီပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ဒီဓားကိုယူလာခဲ့ပါတယ်။
ပြန်လည်ရှင်သန်ထမြောက်မှုဓားက အလင်းအမျိုးအစား သို့မဟုတ် အမှောင်အမျိုးအစားသိုင်းပညာ၀ိညာဥ်တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးမ၀င်ပါဘူး။ ဒါပေမယ့် မာရှောင်ထောင့်မှာ ဒါမျ်ိုးရှိမနေခဲ့ပဲ မီးအမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိတာထက် အသုံး၀င်လို့သွားခဲ့တယ်။
မာရှောင်ထောင့် နာနာကျင်ကျင်အော်ဟစ်နေတာကို မြင်ရတဲ့အချိန်မှာတော့ မာယုလုံလဲ သူလုပ်ခဲ့တဲ့လုပ်ရပ်တွေက တန်ကြေးရှိတယ်လို့ ထင်နေခဲ့တယ်။ မဖော်ပြနိုင်လောက်အောင် စိတ်ကျေနပ်အားရမှုက တစ်ကိုယ်လုံးကို ပြည့်နှက်လို့နေခဲ့ပါပြီ။ သူ့ရဲ့ သေဆုံးသွားခဲ့တဲ့အဖွဲ့၀င်တွေအတွက် လက်စားချေဖို့လုပ်ရတော့မှာပါ။
သူ့ရဲ့စိတ်ဆုံးဖြတ်ချက်ကလဲ လက်ရှိအချိန်မှာ အောင်မြင်မှုရဖို့အထက်ကို ကျော်လွန်သွားခဲ့ပါပြီ။ မာယုလုံက ရုတ်တရက်အရှေ့ကို တက်လာခဲ့ရင်း သူ့ရဲ့ပြန်လည်ရှင်သန်ထမြောက်မှုဓားကို မြောက်လိုက်ပါတော့တယ်။ အဲ့ဒီနောက် မာရှောင်ထောင့်ကို နောက်တစ်ကြိမ် ခုတ်ချဖို့ပြင်လိုက်တယ်။ မာရှောင်ထောင့်က ကြီးမားတဲ့အပြောင်းအလဲတွေအပြင် များပြားတဲ့စိတ်ခံစားချက်တွေကိုပါ ကြုံတွေ့နေခဲ့ရတာပါ။ မိစ္ဆာမီးလျှံငှက်အဖြစ် ပြောင်းလဲသွားချိန်မှာတော့ မီးလျှံတွေက လုံလုံလျားလျားဖြစ်သွားရင် အမှောင်ထုစွမ်းအားထိန်းချုပ်တာကို ခံနေရပါပြီ။ ဒီအမှောင်ထုစွမ်းအားကို အစောပိုင်းတုန်းက အဆုံးစွန်းရေခဲကနေ ဖိနှိမ့်ထားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြင်းပြင်းထန်ထန်ကို ပေါက်ကွဲထွက်နေခဲ့ပါတော့တယ်။
အပိုင်း ၁၂၃•၁ ပြီး၏။