အပိုင်း ၁၁၈•၃
” အမျက်ဒေါသကျောင်းတော်ရှုံးပြီလား ”
°°°
ဒါကရှုစန်းရှီရဲ့ ပြီးပြည့်စုံနေတဲ့အနေအထားပါပဲ။ သူက လိပ်နတ်ဒိုင်းကာကို ထိန်းချုပ်တဲ့သူမဟုတ်တော့ပါဘူး။ လိပ်နတ်ဘုရားဒိုင်းကာကို ကိုင်ဆောင်တဲ့အစောင့်အရှောက်ဖြစ်သွားပါတော့တယ်။ လက်ရှိအချိန်မှာ တိုက်ကြီးတစ်ခုလုံးရဲ့ အသန်မာဆုံးခုခံရေးအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်သူဖြစ်နေခဲ့ပါပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှုစန်းရှီရဲ့ပြိုင်ဘက်က မီးအမျိုးအစား၀ိညာဥ်ဖြစ်နေခဲ့ပါတယ်။
လီယန်က မူလနေရာကျောင်းတော်ရဲ့အဓိကအဖွဲ့၀င်တွေထဲက တစ်ယောက်ပါပဲ။ ဒါပေမယ့် အဓိကအဖွဲ့၀င်ရဲ့ လူခုနှစ်ယောက်ထဲမှာ သူ့ရဲ့အနေအထားက အတော်ကိုနှိမ့်တဲ့အတွက် မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်က သူ့နေရာကို၀င်ယူသွားခဲ့တာပါ။ ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ကလဲ သန့်စင်တဲ့မီးမဟုတ်ပဲ မီးနဲ့ဆက်နွယ်တဲ့တစ်စုံတစ်ရာဖြစ်နေခဲ့တယ်။
အကယ်၍ သူသာ ၀ိညာဥ်ပညာရှင်အဖြစ် သီးသန့်လေ့ကျင့်မယ်ဆိုရင် အရမ်းကြီးအင်အားမကြီးပါဘူး။ ဒါကြောင့်သာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို အသုံးပြုပြီး တိုက်ပွဲထဲမှာလဲ အချိန်ကြာကြာမထိန်းထားနိုင်တော့ပါဘူး။ ဒါပေမယ့် ပုံသဏ္ဍာန်ကွဲပြားတဲ့မီးကိုအသုံးပြုပြီး သူ့ရဲ့ ၀ိညာဥ်လက်နက်တွေအားလုံးကို မီးအရှိန်အ၀ါနဲ့မြင့်တင်လို့ရပါတယ်။ သူ့ရဲ့မီးက မာရှောင်ထောင့်ထက် အများကြီးအားနည်းပေမဲ့ အသက်နှစ်ဆယ်မတိုင်ခင်အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာတာကြောင့် ထူးခြားတဲ့သူတစ်ယောက်လို့ပြောလို့ရမှာပါ။
တစ်ဘ၀တာလုံး တိုက်ခိုက်ခဲ့တဲ့ရန်သူတော်တွေလိုမျိုး သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေခဲ့ပါတယ်။ နေလကျောင်းတော်က အဖွဲ့၀င်နှစ်ယောက်ကို ဆုံးရှုံးသွားခဲ့တာပါ။ သေဆုံးသွားတဲ့လူနှစ်ယောက်က သူနဲ့အပေါင်းအဖော်တွေဖြစ်နေသလို အတူတူလေ့ကျင့်ရင်း အတူတူတိုးတက်ခဲ့တဲ့လူတွေပါ။ ဒါကြောင့် လီယန်လဲ အရမ်းကိုအမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ရှုစန်းရှီကတော့ သူတို့ထက်ယှဥ်လိုက်မယ်ဆိုရင် သူတို့တွေထက်တောင် အမုန်းတရားပြည့်နေပါသေးတယ်။ သတိလစ်နေတဲ့ ကျန်းနန်နန်ကို မြင်လိုက်ချိန်တိုင်းမှာ သူ့ရဲ့စိတ်က သူ့ကိုလမ်းမှားဆီကို တွန်းပို့နေခဲ့တယ်။ လက်ရှိအချိန် စိတ်ထဲမှာအတွေးတစ်ခုသာရှိပါတယ်။ ကျန်းနန်နန်အတွက် လက်စားချေပေးပြီ ပြိုင်ဘက်ကိုအနိုင်တိုက်ရမယ်။
ကောင်းကင်ရန်သူတော်သော့်လော့က အများကြီးမပြောတော့ပါဘူး။ အဲ့ဒီအစား နှစ်ယောက်စလုံးကို မျက်နှာသေနဲ့သာကြည့်ရင်း နောက်ဆုံးဖို့လက်ဟန်ပြလိုက်ပါတယ်။ ဒါပေမယ့် ပြဿနာအများဆုံးအဖွဲ့လိုက်ပွဲစဥ်က ပြီးသွားပြီဖြစ်တာကြောင့် ဒီလာမဲ့ပြိုင်ပွဲရဲ့ ပွဲစဥ်တွေမှာ ကောင်းကောင်းထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။
” ပြိုင်ပွဲစတင်မယ် ”
၀မ်ချင်ရှုအော်လိုက်တာနဲ့ နှစ်ဖက်စလုံးက စတင်ပါပြီ။ လီယန်က ညာဘက်လက်ကို မြောက်လိုက်ချိန်မှာတော့ တုတ်ခိုင်တဲ့၀ိညာဥ်အမြောက်က သူ့ပုခုံးပေါ်ကိုရောက်လာပါတော့တယ်။ သူက ရှုစန်းရှိီကို တစ်ချက်တောင်မကြည့်ပဲ အမြောက်ကိုပြစ်လွှတ်လိုက်ပါပြီ။ ကြီးမားတဲ့မီးလျှံဘောလုံးကြီးက ရှုစန်းရှီတန်းတန်းမတ်မတ်ပြေး၀င်လာပါတော့တယ်။
သူ့ရဲ့မီးက အများကြီးမသန်မာပါဘူး။ ဒါပေမယ့် ၀ိညာဥ်လက်နက်ထဲမှာ ထည့်သွင်းမယ်ဆိုရင်တော့ အတော်ကိုအားကောင်းပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားကို ၀ိညာဥ်လက်နက်ထဲထည့်သွင်းပြီတဲ့နောက် ကိုယ်တိုင်ဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်ကို အသုံးပြုရင်း ကောင်းကောင်းထိန်းချုပ်ထားခဲ့ပါတယ်။
ပုံမှန်အခြေအနေမျိုးမှာ ဒီလိုအမြောက်ပြစ်တာနဲ့ ကြုံရမယ်ဆိုရင် ဘယ်သူမဆိုခုန်ရှောင်ကြမှာပါ။ လီယန်ရဲ့၀ိညာဥ်စွမ်းအားက ဖိနှိမ့်ခံထားရပြီနောက် ဒီအမြောက်ရဲ့ပစ်ချက်က ပိုပြီတော့တောင် ဖျက်ဆီးနိုင်စွမ်းမြင့်နေခဲ့ပါသေးတယ်။ အကောင်းဆုံးရွေးချယ်မှုက ခုန်ရှောင်ဖို့ဆိုတာ အသေအချာပါပဲ။
ဒါပေမယ့် ရှုစန်းရှီကတော့ ခုန်မရှောင်ခဲ့ပါဘူး။ ခြေထောက်ကို မြင်းထိုင် ထိုင်တဲ့အထိကားနေအောင်ရပ်ရင်း ရုတ်တရက်ဆိုသလို ပြိုင်ဘက်ဆီတန်းတန်းမတ်မတ်ကြီးပြေး၀င်လာပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲ တစ်ပြိုင်နက်ထဲ ထွက်ပေါ်လာခဲ့ပါပြီ။
ရွှမ်၀ူလိပ်နတ်ဘုရားရဲ့သိုင်းပညာ၀ိညာဥ်ပေါ်လာချိန်မှာတော့ သူ့ရဲ့အရှိန်အ၀ါက ကောင်းနေခဲ့ပါတယ်။ ကျန်းနန်နန်ကြောင့် ဒီလိုဖြစ်မယ်မှန်း အားလုံးကမျှော်လင့်ထားပြီသားဖြစ်တာကြောင့် အမျက်ဒေါသကျောင်းတော်ဖက်ကတော့ သိပ်ပြီမအံ့ဩသွားခဲ့ပါဘူး။
အဲ့ဒီနောက် ဒိုင်းကာပေါ်မှာအစိမ်းရောင်မြွေတစ်ကောင်ပေါ်လာခဲ့ပါတယ်။ မြွေရဲ့မျက်လုံးက လုံး၀ကိုနီရဲလို့နေခဲ့တယ်။ မြွေနဲ့လိပ်နှစ်ခုရဲ့ ပေါင်းစည်းမှုက ရွှမ်၀ူလိပ်နတ်ဒိုင်းကာကြီးရဲ့မူလအသွင်အပြင်ပါပဲ။
အနက်ရောင်အလင်းတန်းတွေက ဒိုင်းအပြင်ဘက်ကို လျှံထွက်လာခဲ့ပါတယ်။ ရှုစန်းရှီတစ်ကိုယ်လုံးကလဲ မဲမှောင်လို့သွားခဲ့ပါပြီ။ အမြောက်ရဲ့မီးဘောလုံးကို တားဆီးဖို့အတွက် သူကအရမ်းကိုကြောက်စရာကောင်းလောက်တဲ့ အနေအထားနဲ့ တိုက်ခိုက်နေခဲ့တယ်။ ဒိုင်းကိုအသုံးပြုရင်း ဒိုင်းမျက်နှာပြင်နဲ့ မီးဘောလုံးကိုရိုက်ချလိုက်ပါပြီ။
ပုံမှန်အခြေအနေမျိုးမှာ ဘယ်လို၀ိညာဥ်လက်နက်ကမဆို ထုတ်လွှတ်တဲ့စွမ်းအားက ထိတွေ့ပြီတာနဲ့ ပေါက်ကွဲမှာပါ။ မီးအမျိုးအစားကတော့ ပိုပြီးပေါက်ကွဲမှုပြင်းထန်ပါတယ်။
ဒါပေမယ့် အားလုံးမြင်လိုက်တဲ့ အရာကတော့ လူတိုင်းမျှော်လင့်ထားတာနဲ့ ပြောင်းပြန်ပါပဲ။ မီးဘောလုံးကိုဒိုင်းကာကထိမိသွားချိန်မှာတော့ မြွေရဲ့မျက်လုံးကနေ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လာပါတော့တယ်။ တစ်ချိန်ထဲမှာပဲ နူးညံ့ညင်းသာတဲ့လှိုင်းတွေက မီးဘောလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။ မီးဘောလုံးက ပေါက်ကွဲသွားပေမဲ့ ဒီလှိုင်းတွေကြောင့် တခဏတာရပ်တန့်လို့သွားခဲ့ပါတယ်။ ဒီစက္ကန့်ပိုင်းက ကိစ္စတွေအများကြီးကို ဆုံးဖြတ်ဖို့လုံလောက်နေခဲ့တယ်။
မီးဘောလုံးက ဆယ်မီတာအထိ အဝေးကိုလွှင့်ထွက်သွားပြီမှသာ ပေါက်ကွဲသွားတာပါ။ ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုကလဲ ရှုစန်းရှီဆီကို ရောက်တောင်မရောက်လိုက်ပါဘူး။ ရှုစန်းရှီကတော့ အရှေ့ကိုသာ ပြေးထွက်လာခဲ့ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ပြောင်းလဲသွားတဲ့အတွက် ကျင့်ကြံဆင့်ကလဲ အများကြီးမြင့်နေခဲ့ပါပြီ။ ဒါကြောင့် သူအရှိန်ကလဲ ပိုမြန်လာခဲ့ပါတယ်။
တိုက်ခိုက်မှုက အသုံးမ၀င်ဖြစ်သွားတာတောင် လီယန်က မကြောက်လန့်ခဲ့ပါဘူး။ စင်မြင့်ကမီတာတစ်ရာကျော်ကျယ်ပြန့်တဲ့အတွက် ရှုစန်းရှိီက စိတ်ရှိတိုင်းပြေးမလာနိုင်တာ အသေအချာပါ။
သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သတ္ထုပြွန်တွေက ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့ပြီ အဖြူရောင်အလင်းတန်းတွေနဲ့ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ ဒါတင်မကသေးပဲ ပုခုံးပေါ်မှာရှိနေတဲ့ ၀ိညာဥ်လက်နက်က ကြီးမားမီးအမြောက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ ဒီအမြောက်က ရှုစန်းရှီဆီကို တန်းတန်းမတ်မတ်မပြစ်လွှတ်ပဲ သူအပေါ်တည့်တည့်ကိုထောင်ပြီ ပြစ်လိုက်ပါတယ်။ ကြီးမားတဲ့မီးလျှံကွန်ယက်ကြီးက ကောင်းကင်ကနေ ပြုတ်ကျလာခဲ့ရင်း ရှုစန်းရှီကို လွှမ်းခြုံလိုက်တော့တယ်။
လီယန်က ဒီတိုက်ခိုက်မှုကို မလုပ်ခင်မှာတွက်ချက်ထားခဲ့တာပါ။ အကယ်၍ ရှုစန်းရှီသာ ဒီအတိုင်းပြေး၀င်လာခဲ့မယ်ဆိုရင် သူက အဲ့ဒီကွန်ယက်ထဲကိုရောက်သွားမှာဖြစ်ပါတယ်။ ရပ်တန့်လိုက်မယ်ဆိုရင်လဲ လီယန်က ၀ိညာဥ်လက်နက်တွေကိုပိုပြီး ထုတ်သုံးဖို့အတွက် အချိန်ရလာမှာပါ။
ရှုစန်းရှီ သူ့ကိုနှေးကွေးအောင်လုပ်ဖို့ အချိန်ကို လီယန် စောင့်ဆိုင်းနေခဲ့ပါတယ်။ သူက အချိန်အကြာကြီး မတိုက်ခိုက်နိုင်ပေမဲ့ သူ့ရဲ့ပေါက်ကွဲစွမ်းအားကတော့ ကြီးမားနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီပေါက်ကွဲမှုကလဲ အချိန်ကိုက်ထုတ်လွှတ်နိုင်မှသာ ဖြစ်မှာပါ။
ရှုစန်းရှီက ရပ်တန့်ပြီခုခံမယ်. ဒါမှမဟုတ် ကွန်ယက်ကိုပတ်သွားမယ်လို့ ထင်ပေမဲ့ ရှုစန်းရှီက ဘယ်သူမှမမျှော်လင့်ထားတဲ့ ဆုံးဖြတ်ချက်ကို လုပ်လိုက်ပါတယ်။ တစ်ချက်လေးတောင်မရပ်ပဲ အရှေ့ကိုခုန်၀င်သွားခဲ့ပါပြီ။ မီးလျှံကွန်ယက်ကသူ့ကို ဖုံးလွှမ်းသွားပါတော့တယ်။
လီယန်ကတော့ အေးစက်တဲ့အပြုံးနဲ့ ပြုံးနေခဲ့ရင်း ရှုစန်းရှိီက သူ့ရဲ့လက်နက်ကို အထင်သေးနေတယ်လို့ တွေးသွားမိတယ်။ ဒီမီးအမျိုးအစားကွန်ယက်က ပြိုင်ဘက်ကို ဂူတစ်ခုထဲထည့်ထားသလိုမျိုး ဖိနှိမ့်ထားနိုင်မှာပါ။ ဒါပေမယ့် သူ့ရဲ့မီးအမျိုးအစား တိုက်ခိုက်မှုတွေအားလုံးက အဲ့ဒီမီးလျှံကွန်ယက်ကို ဖောက်ထွက်နိုင်ပါတယ်။ ဒါကြောင့် သူလဲသူ့ပြိုင်ဘက်ကို ဆက်တိုက်တိုက်ခိုက်နိုင်လိမ့်မယ်။ ရှုစန်းရှီအနေနဲ့ ဒီမီးကွန်ယက်ထဲကိုရောက်လို့ကတော့ သေချာပေါက် ပြဿနာအကြီးကြီးတက်တော့မှာပါ။ အနည်းဆုံးတော့ လီယန်က အဲ့ဒီလိုတွေးထားခဲ့တယ်။
ရှုစန်းရှီရဲ့တစ်ကိုယ်လုံး မီးကွန်ယက်အောက်ရောက်သွားချိန်မှာပဲ ရှုစန်းရှီရဲ့ ဒိုင်းကာက လီယန်ရဲ့ ၀ိညာဥ်လက်နက်တိုက်ခိုက်မှုတွေအားလုံးကို ခုခံနိုင်နေဆဲပါ။ ဒါပေမယ့် သူ့ရဲ့ခေါင်းပေါ်မှာရှိတဲ့အရာကိုတော့ မခုခံနိုင်ခဲ့ပါဘူး။
ဒီတစ်ကြိမ်မှာတော့ ရှုစန်းရှီက ရပ်တန့်လိုက်ပါပြီ။ ကောင်းကင်ကနေဆင်းသက်လာနေတဲ့ မီးကွန်ယက်ကိုတစ်ချက်လေးတောင်မကြည့်ခဲ့ပဲ ဒိုင်းကာကိုသူ့ရဲ့ရင်ဘတ်ရှေ့တည့်တည့်မှာ ထားလိုက်ပါတော့တယ်။ အဲ့ဒီနောက် ရွှမ်၀ူဒိုင်းကာရဲ့ အပေါ်ကနေအနီရောင်အလင်းတန်းနှစ်ခု ပြေးထွက်လာတာကို လီယန်မြင်လိုက်ရတယ်။ သူရပ်နေတဲ့နေရာမှာ လေဟာနယ်က ကျုံ့သွားတာကို ခံစားလိုက်ရပါပြီ။ ဘေးမှာရှိရှိသမျှအရာအားလုံးက ဝေ၀ါးသွားသလိုပါပဲ။ ဒီခံစားချက်ကို လီယန်လဲ စကားနဲ့ပြောမပြတတ်ပါဘူး။ ဒီလိုမျိုးအပြောင်းအလဲကြောင့် မူးဝေးသွားခဲ့သလို သူ့ရဲ့၀ိညာဥ်လက်နက်တိုက်ခိုက်မှုတွေအားလုံးကလဲ မကြာခင်မှာရှုပ်ထွေးပြီ ပရမ်းပတာဖြစ်ကုန်ပါတော့တယ်။
ဒီပရမ်းပတာဖြစ်မှုက ခဏတာကြာမြင့်ခဲ့ပြီတဲ့နောက် ပုံမှန်အနေအထားကို ပြန်ရောက်သွားပါတော့တယ်။ မကြာခင်အချိန်မှာပဲ လီယန်ထိတ်လန့်လို့သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ရှုစန်းရှီနဲ့ ရွှမ်၀ူဒိုင်းကာရဲ့အရှေ့တည့်တည့်မှာ ရောက်နေတာကို မြင်လိုက်ရလို့ပါ။ ဒါ့အပြင် မီးလျှံကွန်ယက်ကလဲ အောက်ကိုကျလာနေပြီဖြစ်ပါတယ်။
သိပ့်သည်းတဲ့အနက်ရောင်၀ိညာဥ်စွမ်းအားတွေက ရှုစန်းရှီရဲ့ ခန္ဓာကိုယ်အပြင်ဘက်ဆီကို လျှံထွက်လာခဲ့တယ်။ တတိယနဲ့ စတုတ္ထ၀ိညာဥ်စက်ကွင်းတွေကလဲ တောက်ပလို့လာခဲ့ပါပြီ။
သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ထူးဆန်းမြေအောက်လောကအင်အားက မြေအောက်လောကနေရာရွေ့ပြောင်းမှုနဲ့အတူ အလုပ်လုပ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ဒိုင်းကာကရွှမ်၀ူဒိုင်းကာအဖြစ်ကို ပြောင်းလဲသွားချိန်မှာတော့ အရာအားလုံးရဲ့ အလုပ်လုပ်ပုံက ကွာခြားလို့သွားခဲ့ပါပြီ။
အပိုင်း ၁၁၈•၃ ပြီး၏။