Switch Mode

Chapter – 116.3

ကြမ်းတမ်းတဲ့အဖွဲ့လိုက်တိုက်ပွဲ

အပိုင်း ၁၁၆•၃

” ကြမ်းတမ်းတဲ့အဖွဲ့လိုက်တိုက်ပွဲ ”
°°°
ဒီတစ်ကြိမ်မှာပဲ ခရမ်းပြာရောင်အလင်းတန်းက ကောင်းကင်ဆီကနေ ရုတ်တရက်ဆင်းသက်လာခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ဖက်မှာကြီးမားတဲ့ ရေခဲဒိုင်းကာကြီးက လေထဲမှာပေါ်လာပါတော့တယ်။ ဒါတင်မကသေးပဲ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက ခရမ်းပြာရောင်အလင်းတန်းနဲ့အတူ တောက်ပလို့နေခဲ့တော့တယ်။ ဒီလိုဆက်တိုက်မီးရှုးမီးပန်းသဖွယ်တောက်ပမှုက လင်းလော့ချန်နဲ့ ဟယ့်ချိုက်ထို့တို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုပါ။

ခရမ်းပြာရောင်တောက်ပမှုက လူတွေမျှော်လင့်ထားတာထက်ရင်ဆိုင်ဖို့အများကြီးပိုပြီးခက်ခဲပါတယ်။ ဟယ့်ချိုက်ထို့ရဲ့ အလင်းတန်းတွေနဲ့ ရိုက်ခတ်ခံရပြီချိန်မှာတော့ ခရမ်းပြာရောင်အလင်းတန်းတွေက လေထဲမှာရပ်တန့်သွားခဲ့ပါပြီ။ အဲ့ဒီနောက် လှောင်အိမ်ထဲမှာ ပိတ်မိခံလိုက်ရသလိုမျိုး အောက်ဖက်ကိုငိုက်စိုက်ဆင်းလာပါတော့တယ်။

ရှောင်ဟုန်ချန်က နေရာလဲခံလိုက်ရတဲ့အတွက် ရှုစန်းရှီက သူ့ရဲ့နေရာဘက်ကိုရောက်သွားခဲ့ပါတယ်။ သူနေရာလဲခံလိုက်ရပြီးပြီချင်မှာပဲ မြေအောက်လောကတုန်ခါမှုကို မြေအောက်လောကအင်အားနဲ့အတူ ဆက်တိုက်ဆိုသလို အသုံးပြုတော့တယ်။

အနက်ရောင်အလင်းတန်းတွေက နေလတော်၀င်ကျောင်းတော်ရဲ့ အဖွဲ့၀င်ငါးယောက်ကို လွှမ်းခြုံလို့သွားခဲ့ပြီ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို နှေးကွေးသွားစေခဲ့ပါတယ်။

ရှုစန်းရှီက လုံး၀ကို ချောချောမွေ့မွေ့လုပ်ဆောင်နေခဲ့တာပါ။ ထူးဆန်းမြေအောက်လောကတုန်ခါမှုကို အသုံးပြုပြီးတဲ့နောက် မရပ်တန့်ခဲ့ပါဘူး။ ခန္ဓာကိုယ်ကို မတ်လိုက်ရင်း နောက်တစ်ကြိမ်ပြေးထွက်လို့သွားပါတော့တယ်။ ဒီတစ်ကြိမ် နေရာလဲမှုက ထိုက်ယွဲ့ဟန်ဆီကို ဦးတည်ခဲ့တာပါ။ အကယ်၍ ထူးဆန်းမြေအောက်လောကနေရာလဲမှုကသာ နောက်တစ်ကြိမ်အောင်မြင်ခဲ့မယ်ဆိုရင် ဒီဒုတိယ၀ိညာဥ်ဧကရာဇ်က သေချာပေါက် အားလုံးကို ဆွဲခေါ်နိုင်လိမ့်မယ်။

လင်းရှီနဲ့ မာရှောင်ထောင့်တို့နှစ်ယောက်စလုံးက မြေပြင်ပေါ်ကိုရောက်လာခဲ့ပါပြီ။ မပျက်သုန်းအတားအဆီးရဲ့ သုံးစက္ကန့်ကလဲ ကုန်ဆုံးလို့သွားခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်လဲ အနီးကပ်တိုက်ပွဲကိုသာ တိုက်ခိုက်ဖို့ဆိုတာ ကောင်းတဲ့ကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ နေလကျောင်းတော်အနေနဲ့ မမြင်ချင်ဆုံးကိစ္စတွေမှာလဲ တောက်ပနေခဲ့ပါတယ်။ ဒါကသူတို့ကို သေချာပေါက်အရှုံးကြုံရစေမှာပါ။

ဒါပေမယ့် ထူးဆန်းမြေအောက်လောကနေရာလဲမှုကတော့ မကြာခင်အချိန်မှာပဲ ဖျက်ဆီးခံလိုက်ရပါတယ်။ ရှုစန်းရှီနဲ့ ထိုက်ယွဲ့ယန်နှစ်ယောက်က နေရာမလဲနိုင်ခဲ့ပါဘူး။ ခရမ်းပြာရောင်အလင်းတန်းက သူတို့ကို တားဆီးလိုက်ပါတယ်။

ဒီကြီးမားတဲ့ အတားအဆီးကြီးက အမျက်ဒေါသကျောင်းတော်ရဲ့ လူငါးယောက်ကို ထိန်းချုပ်လို့ထားခဲ့တယ်။ ထူးဆန်း​မြေအောက်လောကနေရာလဲမှုရဲ့ အနက်ရောင်အလင်းတန်းရောက်ရှိချိန်မှာ ဒီအလင်းတန်းအတားအဆီးက ရုတ်တရက်ဆိုသလို ဖျက်ဆီးလိုက်တာပါ။

ရှုစန်းရှီလဲ အံ့ဩလို့သွားရင်း သူကိုယ်သူကျိန်ဆဲပါတော့တယ်။ အဲ့ဒီဒိုင်းကာကြီးကိုမြောက်ရင်း မနီးမဝေးမှာရှိတဲ့ မာယုလုံကိုသွားပြီ ရိိုက်ပါပြီ။

အဲ့ဒီခရမ်းပြာရောင်အလင်းတန်းက မာယုလုံဆီကနေ ထွက်နေခဲ့တာပါ။ ဒါကသူကိုယ်တိုင်လုပ်ထားတဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်တစ်ခုပါပဲ။

လက်ရှိအချိန်မှာ ရှုစန်းရှီက ရွေးချယ်စရာမရှိပဲ တိုက်ခိုက်ရတော့တယ်။ မာယုလုံက အဆင့်ခုနှစ်၀ိညာဥ်လက်နက်နှစ်ခုကို ဆက်တိုက်ဆိုသလို သုံးနေခဲ့ရတဲ့အတွက် သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို ပြန်ဖြည့်တင်းပေးဖို့အချိန်လိုပါတယ်။ ရှုစန်းရှိီရဲ့ ရုတ်တရက်ပေါ်ထွက်လာမှုနဲ့ သူ့ရဲ့တ်ိုက်ခိုက်မှုတွေက မာယုလုံကို ဘေးကနေ၀င်တိုက်တာပါ။

ဒါပေမယ့် ဒိုင်းကာကြီးက မာယုလုံကိုထိပြီချိန်မှာပဲ သူ့ခန္ဓာကိုယ်ကနေ အဖြူရောင်အလင်းတန်းအလွှာပေါ်လာပါတော့တယ်။ မာယုလုံရဲ့ ညာဘက်လက်မှာရှိနေတဲ့အဖြူရောင်လက်ပတ်က ကွဲကြေလို့သွားခဲ့ပြီ အဲ့ဒီအလင်းတန်းတွေက ရှုစန်းရှီကို ပြင်းပြင်းထန်ထန် လွှင့်ထွက်လို့သွားစေခဲ့တယ်။ ဒါကတော့ ပေါက်ကွဲနှုန်းကို အသုံးပြုတဲ့ တစ်ခါသုံးအဆင့်ငါး၀ိညာဥ်လက်နက်တစ်ခုပါ။

အခုအချိန်မှာ အရာအားလုံးက အရှုပ်အထွေးဖြစ်နေခဲ့ပါပြီ။ ကြည့်နေသူတွေလဲ ဘယ်ဘက်က အာသားချက်ရှိနေလဲဆိုတာကို မသိနိုင်တော့ပါဘူး။

မာယုလုံက အော်လိုက်ပါတော့တယ်။

” ဒုတိယအစီအစဥ်ရန်သူတွေကို လူခွဲတိုက်မယ် ”

သူပြောပြီချိန်မှာပဲ ခေါင်းမော့ရင်းနဲ့ အနက်ရောင်အလင်းတန်းကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ ကြီးမားတဲ့ ခေါင်းစောင်ကြီးတစ်ခုက သူ့ခေါင်းပေါ်မှာပေါ်လာခဲ့ပါပြီ။ သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးပြီတဲ့နောက် သူ့ခေါင်းကြီးက အရင်ကထက်ပိုပြီး ကြီးလာပါတော့တယ်။ သူကခေါင်းကြီးစိတ်၀ိညာဥ်လူ၀ံရဲ့ အစွမ်းအစပါပဲ။

မာယုလုံရဲ့ ၀ိညာဥ်လက်နက်အစွမ်းတွေကိုလဲ ဒီသိုင်းပညာ၀ိညာဥ်က ပိုပြီးတိုးတက်စေခဲ့တယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားထိန်းချုပ်မှုကိုလဲ ကျင့်ကြံဆင့်တူတဲ့သူတွေထက် နှစ်ဆပိုပြီး မြင့်မားစေမှာပါ။ သူက ဟို့ယွိဟောင်လို စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်မဟုတ်ပေမဲ့ ၀ိညာဥ်လက်နက်တွေကို ထိန်းချုပ်ပြီအသုံးချတဲ့ နေရာမှာတော့ အများကြီးအကူအညီရပါတယ်။

ဒီခေါင်းစောင်ကြီးရဲ့အလယ်ဗဟိုမှာတော့ ပတ္တာမြားလုံးလေးတစ်လုံးရှိနေခဲ့ပါတယ်။ ဒီပတ္တာမြားလုံးလေးက ထူးထူးဆန်းဆန်း တောက်ပနေခဲ့ပြီ အနီရင့်ရောင်အလင်းတန်းက အပြင်ကိုထိုးထွက်လာပါတော့တယ်။ လင်းရှီရဲ့ မပျက်သုန်းအတားအဆီးဆီကို တန်းတန်းမတ်မတ် ပြေး၀င်သွားခဲ့တာပါ။

မာယုလုံရဲ့ လှုပ်ရှားမှုက မနှေးကွေးခဲ့ပါဘူး။ ဒါပေမယ့် သူလင်းရှီကို မကာကွယ်နိုင်ပဲရှိနေခဲ့ပါတယ်။ မာရှောင်ထောင့်က အရမ်းကိုအင်အားကြီးနေခဲ့တယ်။

ဟို့ယွိဟောင်က သူမရဲ့မိစ္ဆာမီးလျှံကို တားဆီးပြီတဲ့နောက် မာရှောင်ထောင့်ရဲ့ကျင့်ကြံဆင့်က နောက်တစ်ကြိမ် တိုးတက်သွားခဲ့ပြန်ပါပြီ။ သူမက အဆင့်ခြောက်ဆယ်ရှစ်အထိကို ရောက်နေခဲ့ပါတယ်။ ဒါကသူကိုယ်တိုင်းတောင် မမျှော်လင့်ထားခဲ့တဲ့ ကိစ္စပါပဲ။ ဒီလောက်အထိမြန်မြန်ကြီးအဆင့်တက်သွားဖို့ သူမတွေးမိခဲ့ပါဘူး။ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ သူတော်စင်အဆင့်ကိုရောက်ဖို့အဆင့်နှစ်ဆင့်သာ သူမလိုပါတော့တယ်။

အဆင့်ခြောက်ဆယ်ရှစ်၀ိညာဥ်စွမ်းအားရဲ့ နောက်ကွယ်မှာဘယ်လိုအဓိပ္ပါယ်မျိုးရှိနေမှာလဲ။ သူမရဲ့ စိတ်၀ိညာဥ်စွမ်းအားက ထိုက်ယွဲ့ဟန်ထက်ကို မာယုလုံတို့ထက်တောင် ပိုပြီး မြင့်မားပါတယ်။ ၀ိညာဥ်ဧကရာဇ်ချင်တူနေရင်တောင် သူမက အများကြီးသာနေတာပါ။ ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်က ပိုမြင့်မားလာလေလေ သူတို့ကြားမှာရှိတဲ့၀ိညာဥ်စွမ်းအားကွာခြားချက်က ပိုကြီးလာလေပါပဲ။ ၀ိညာဥ်အင်အားချင်ယှဥ်မယ်ဆိုရင် မာယုလုံရဲ့ ထိုက်ယွဲ့ဟန် နှစ်ယောက်စလုံးပေါင်းပြီ သူမကို တိုက်ခိုက်မယ်ဆိုရင်တောင် သူမထက် နှိမ့်ပါသေးတယ်။

မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံတွေကို မပျက်သုန်းအတားအဆီးက တားဆီးထားနိုင်တာအမှန်ပါ။ ဒါပေမယ့် အဲ့ဒီတိုက်ခိုက်မှုက မာရှောင်ထောင့်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုဖြစ်နေခဲ့တယ်။ ဒါကြောင့် မပျက်သုန်းအတားအဆီးနှစ်ခုရဲ့အထဲမှာ အပူရှိန်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားခဲ့ပါပြီ။

လင်းရှီက အစောပိုင်းမှာပျော်ရွှင်လို့နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အသန်မာဆုံးအဖွဲ့သားကို သူအောင်အောင်မြင်မြင်တားဆီးနိုင်ခဲ့ပြီ သူအဖွဲ့သားတွေအတွက် အချိန်ဆွဲပေးနိုင်ပြီလို့ ထင်နေခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့အပြုအမူက အရမ်းကိုမြင့်မြတ်တယ်လို့ ထင်နေခဲ့ပါတယ်။ ဒါ့အပြင် မာရှောင်ထောင့်ကို တိုက်ခိုက်ဖို့လဲ သူလိုအပ်မနေခဲ့ပါဘူး။ လက်ရှိအချိန် သူ့မှာတခြားနည်းလမ်းတွေ သုံးစရာရှိနေပါသေးတယ်။

မပျက်သုန်းအတားအဆီးက တိုက်ခိုက်မှုနဲ့ အပူရှိန်တွေကို တားဆီးနိုင်ပါတယ်။ ဒါပေမယ့် မပျက်သုန်းအတားအဆီးနှစ်ခုပျောက်ကွယ်သွားချိန်မှာတော့ ကြောက်စရာကောင်းတဲ့အပူရှိန်က အပြင်ကို လျှံထွက်လာပါတော့တယ်။ နေလကျောင်းတော်ရဲ့ အကြီးမားဆုံးအမှားကတော့ မိစ္ဆာမီးလျှံတွေရဲ့ အပူရှိန်နဲ့ ပေါက်ကွဲနိုင်စွမ်းကို လျော့တွက်မိတာပါပဲ။ အကယ်၍ မပျက်သုန်းအတားအဆီးသာ တစ်ခုပဲရှိခဲ့မယ်ဆိုရင် မာရှောင်ထောင့်က ဆက်ပြီတိုက်ခိုက်နေဦးမှာပါ။ ဒါ့အပြင် အကြာကြီးလဲ ပိတ်မိမှာမဟုတ်ပါဘူး။ သူမရဲ့ နတ်မီးငှက်မီးလျှံတွေကလဲ တခြားဖက်ကို ပြန့်သွားနိုင်ဖို့အလားအလာရှိပါသေးတယ်။ လက်ရှိအချိန်မှာ မာရှောင်ထောင့်က အလွှာနှစ်ထပ်ကွာထားခံရတာကြောင့် ကောင်းကောင်းမထိန်းချုပ်နိုင်ပါဘူး။

” ရှီး ”

လင်းရှီရဲ့ မျက်နှာပေါ်မှာတောက်ပနေတဲ့အပြုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။ လေထဲမှာတော့ သူပြုံးနေပုံတုန်းကြီးကသာ ကျန်နေခဲ့တာပါ။

မာရှောင်ထောင့်လဲ ကြောင်အသွားပါတော့တယ်။ မပျက်သုန်းအတားအဆီးပျောက်ကွယ်သွားချိန်မှာ အပူလှ်ိုင်းတွေက ရုတ်တရက်ပြန့်ထွက်လာတာကို သူခံစားမိပါတယ်။ အဲ့ဒီနောက် လင်းရှီလဲ ပျောက်ကွယ်သွားတော့တယ်။ အခုအချိန်မှာ မာယုလုံပြစ်လွှတ်လိုက်တဲ့ အနီရင့်ရောင်အလင်းတန်းက အပူလှိုင်းတွေနဲ့ တိုက်မိပြီ သူ့ရဲ့ရုပ်သွင်ကလဲ ပေါ်ထွက်လာခဲ့ပါပြီ။

ဒါကတော့ တစ်ဒဿမငါးမီတာလောက်ပဲမြင့်တဲ့ လူ၀ံတစ်ကောင်ပါ။ သူ့ရဲ့လက်မောင်းတွေက အရမ်းကိုရှည်လျားပြီ မြေပြင်ပေါ်ကိုကျနေခဲ့ပါတယ်။ အနီရင့်ရောင်အမွေးတွေက ချောမွေ့ပြီ တောက်ပနေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ ရွှေရောင်ပါ။ ထူးခြားတဲ့ရွှေရောင်အလင်းတန်းတွေ တောက်ပနေတဲ့ဒီလူ၀ံက အပူလှ်ိုင်းတွေကြောင့် နောက်ကိုလွှင့်ထွက်သွားရင်းနေရာကနေ ခုန်ရှောင်လိုက်ရပါတယ်။ အဲ့ဒီနောက် မီးကျွမ်းခံလိုက်ရတဲ့အတိုင်း နာနာကျင်ကျင်နဲ့ အော်ဟစ်တော့တယ်။

” လင်းရှီ ”

နေလအဖွဲ့က ဒီတစ်ကြိမ်မှသာ သတိ၀င်လာခဲ့တာပါ။ သူတို့တွေ ကြောက်ကြောက်လန့်လန့်နဲ့ ထအော်မိပါတော့တယ်။ ဒီလိုအချိန်တိုလေးအတွင်းမှာ သူတို့ရဲ့ အဖွဲ့၀င်တစ်ယောက်က ပြာကျသွားအထိ အသတ်ခံလိုက်ရမယ်လို့ သူတို့တွေ တွေးတောင်မတွေးထားခဲ့မိပါဘူး။ သူ့ရဲ့အသက်က ဒီအတိုင်းသာ ပျောက်သွားခဲ့ပါတယ်။

ကောင်းကင်ရန်သူတော်သော့်လော့က သူ့ကိုအချိန်မီတောင် မကယ်တင်နိုင်ခဲ့ပါဘူး။ ဖြစ်သွားတာက တအားကိုမြန်ဆန်လွန်လှပါတယ်။ မာရှောင်ထောင့်ရဲ့ ဒီကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုက အလွန်မြင့်မားလွန်လှတဲ့ အပူရှိန်ကို ထုတ်လွှတ်လိမ့်မယ်ဆိုတာ ဘယ်သူမှမတွေးမိခဲ့ပါဘူး။ ဒါက လင်းရှီကို ကာကွယ်ထားတဲ့ ၀ိညာဥ်လက်နက်ကို အရည်ပျော်စေရုံတင်မကပဲ သူ့ရဲ့ခန္ဓာကိုယ်ကိုပါ ပြာဖြစ်သွားစေပြီ လေထဲမှာ ပျောက်ကွယ်သွားစေခဲ့ပါတယ်။

မာရှောင်ထောင့်က တခဏတာကြောင်အနေပြီတဲ့နောက် တအံ့တဩဖြစ်သွားပါတော့တယ်။ နောက်ဆုံးတော့လဲ ဒါက ပြိုင်ပွဲတစ်ခုပါ။ တစ်စုံတစ်ယောက်ကိုသတ်ဖို့ဆိုတာ သူမရဲ့စိတ်ထဲမှာ ပါမနေခဲ့ပါဘူး။ လက်ရှိအချိန်မှာ ရုတ်တရက်ဖြစ်ပေါ်သွားခဲ့တဲ့ကိစ္စက ကပ်ဆိုက်တာတစ်ခုလား မတော်တဆမှုတစ်ခုလားဆိုတာ တွေးလို့မရပဲ သူကြောင်အနေပါတော့တယ်။

” ခွေးမ ”

နေလကျောင်းတော်ဖက်ကနေ လူတစ်ယောက်က ပြေးထွက်လာပါတော့တယ်။ ဒါကတော့ အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ချန်ဖေးပါ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကတော့ လျှပ်စီးငှက်ပဲဖြစ်ပါတယ်။

အပိုင်း ၁၁၆•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset