အပိုင်း ၁၁၆•၁
” ကြမ်းတမ်းတဲ့အဖွဲ့လိုက်တိုက်ပွဲ ”
°°*
မိုးထိလွှာကျောင်းတော်ကို အမျက်ဒေါသကျောင်းတော်အနိုင်ယူပြီတဲ့အချိန်ကထဲကစလို့ ၀မ်ယန်ရဲ့စိတ်ထဲမှာ ဒီမှတ်ချက်တစ်ခုသာရှိနေခဲ့တာပါ။ အမျက်ဒေါသကျောင်းတော်ကို ပြိုင်ပွဲတစ်ခုလုံးရဲ့ ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အောင်ပွဲတွေကို ဆက်ထိန်းထားနိုင်ဖို့ ကြုံတွေ့ရတဲ့စစ်မှန်တဲ့ အတားအဆီးက နောက်ဆုံးဗိုလ်လုပွဲစဥ်မှာ ဖြစ်နေခဲ့မှန်း သူသိနေခဲ့တယ်။
ဒီလိုအခြေအနေတွေကြောင့်သာ ၀မ်ယန်က အခုနေရာကို ရောက်လာဖို့အတွက် ညွှန်ကြားချက်တွေအများကြီးကို မပေးခဲ့ပဲ ကျောင်းသားတွေကို သူ့ဘာသာသူတိုက်ခိုက်စေခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အသန်မာဆုံးပြိုင်ဘက်တွေကို စိတ်ရှုပ်ထွေးစေပြီ အမျက်ဒေါသကျောင်းတော်အနေနဲ့ စွမ်းရည်အရသာတိုက်ခိုက်နိုင်ပြီ ဗျူဟာမကျဘူးဆိုတဲ့ ပုံစံမျိုးဖန်တီးချင်လို့ပါ။
သူဖန်တီးတဲ့ပုံစံက အောင်မြင်ခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေတောင်မှ ဒီအကြောင်းကိုမနေ့ကအထိ မသိခဲ့ပါဘူး။ နောက်ဆုံးပြိုင်ပွဲကို နီးကပ်လာချိန်မှာတော့ နောက်ထပ်ဖုံးကွယ်စရာမလိုတော့တဲ့အတွက် ၀မ်ယန်က သူ့ရဲ့ပါရမီကို ဒီနေ့မှာထုတ်ပြပါတော့တယ်။
၀မ်ယန်က ဒီပြိုင်ပွဲကိုကြည့်နေရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို မနေ့ကစကားပြောခဲ့တဲ့အကြောင်း ပြန်တွေးမိပါတော့တယ်။ အဲ့ဒီကလေးနှစ်ယောက်က သူဘေးနားမှာတည်တည်ငြိမ်ငြိမ်ထိုင်နေခဲ့ကြပုံပေါ်ပေမဲ့ လက်သီးကိုတော့ ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ကြတယ်။
°°°
” မင်းတို့နှစ်ယောက်မနက်ဖြန်ပြိုင်ပွဲရဲ့အဖွဲ့လိုက်ပွဲစဥ်မှာ မပါ၀င်ရဘူး..ဟယ့်ချိုက်ထို့နဲ့ ကျန်းနန်နန်က မင်းတို့နေရာမှာ အစားထိုးပြီ ယှဥ်ပြိုင်လိမ့်မယ် ”
” ဆရာ၀မ် ဘာကြောင့်များလဲ ကျွန်တော်တို့က အဖွဲ့ကိုကူညီနိုင်တယ်လေ ”
” ငါဆုံးဖြတ်ပြီးသွားပြီ ဒါကငါအသုံးပြုမဲ့ဗျူဟာပဲ တစ်ချိန်ထဲမှာပဲ ငါကမင်းတို့ကို ကာကွယ်ပေးနေတာ အကယ်၍ မင်းတို့သာ အဖွဲ့လိုက်ပွဲစဥ်ထဲမှာ မင်းတို့ရဲ့ အဖွဲ့ကိုကူညီချင်တယ်ဆိုရင် မင်းတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးလို့မရလောက်ဘူး…ဒါ့အပြင် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တွေထဲမှာ နှစ်ခုလောက်က လူရှေ့ကိုထွက်ပေါ်ပြီးသွားပြီ နောက်ထပ်စွမ်းရည်တွေကို ဒီလောက်အစောကြီးမထွက်စေချင်သေးဘူး….မင်းတို့နှစ်ယောက်က နောင်လာမဲ့ငါးနှစ်အကြာမှာလဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို တိုက်ခိုက်ရဦးမယ်ဆိုတာ မမေ့လိုက်နဲ့ဦး ဒါ့အပြင် မင်းတို့က အဓိကအင်အားစုတွေဖြစ်လာကြမှာ ငါရဲ့အဓိကတာ၀န်က မင်းတို့ကို ကာကွယ်ဖို့လဲ ပါနေတယ်…ဒါ့အပြင် နည်းဗျူဟာအရ မင်းတို့ရဲ့အင်အားကို အဖွဲ့လိုက်ပွဲစဥ်ထဲမှာ အသုံးမပြုဖို့အတွက်လိုအပ်တယ် ”
” ဒါပေမယ့် ဆရာ ”
” ဒါပေမယ့်တွေ မပြောသေးနဲ့ဦး ငါပြောတာကိုအရင်ဆုံးနားထောင် ပြီတော့မှ မင်းတို့တွေဆက်ပြီ စဥ်းစားကြ ”
°°°°
ကြယ်တာရာလော့ဧကရာဇ်က သူ့ဘေးနားမှာရှိတဲ့ ကျားဖြူမြို့စားမင်းကိုကြည့်ရင် ပြောလိုက်ပါတယ်။
” ငါရဲ့ညီနောင် အမျက်ဒေါသကျောင်းတော်ရဲ့ အစီအစဥ်ကို ဘယ်လိုထင်လဲ ”
ကျားဖြူမြို့စားမင်းကတော့ တခဏတာစဥ်းစားနေပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” သူတို့ရဲ့နည်းဗျူဟာနဲ့ နည်းလမ်းတွေကိုပြောင်းလဲပြစ်လိုက်တာဖြစ်လိမ့်မယ်…သူတို့ပြိုင်ဆိုင်တာကို အရင်တုန်းက မတွေ့ဖူးပေမဲ့ အဲ့ဒီကလေးနှစ်ယောက်က အဖွဲ့အတွက်ဘယ်လောက်အထိအရေးကြီးလဲဆိုတာကို လျှော့တွက်လို့မရနိုင်တာ အသေအချာပဲ ဒီနေ့သူတို့ကို ပွဲမထုတ်ဘူးဆိုတာ သေချာပေါက် နောက်ပိုင်းပွဲစဥ်တွေအတွက် ပြင်ဆင်နေလို့ပဲဖြစ်ရမယ် ”
ကြယ်တာရာလော့ဧကရာဇ်က ပြုံးပြရင်းပြောလိုက်ပါတယ်။
” ဒါဆိုရင် ငါညီနောင်ရဲ့ခန့်မှန်းချက်က ဘယ်လိုလဲ ”
ကျားဖြူမြို့စားမင်းက ခေါင်းခါရင်းပြန်ဖြေလိုက်ပါတယ်။
” ကျွန်တော်က ဘယ်အဖွဲ့နဲ့မှမရင်းနှီးပါဘူး…ဒါကြောင့် ခန့်မှန်းတွက်ချက်တာမျိုးတွေ မလုပ်နိုင်ဘူး..အရှင်မင်းကြီးကော ဘယ်လိုများပါလဲ ကြည့်ရတာအတော်လေးယုံကြည်ချက်ရှိပုံပေါ်တယ်…အစောကြီးကထဲက ဆုံးဖြတ်ချက်ချထားပြီးပြီပဲဖြစ်ရမယ် ”
ကြယ်တာရာလော့ဧကရာဇ်က ခေါင်းငုံ့ရင်း တစ်စုံတစ်ရာကို ခပ်တိုးတိုးပြောလိုက်ပါတယ်။ ကျားဖြူမြို့စားမင်းက မျက်လုံးပြူးသွားပြီ တအံ့တဩနဲ့ ပြန်ဖြေလိုက်ပါတယ်။
” ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ကြယ်တာရာလော့ဧကရာဇ်ကတော့ ပြုံးပြရင်းနဲ့သာ ပြောလာခဲ့ပါတယ်။
” စောင့်ကြည့်ကြစို့လေ အမျက်ဒေါသကျောင်းတော်ရဲ့ ဆရာက လူငယ်လေးမဟုတ်တော့ပေမဲ့ သူ့ရဲ့ရွေးချယ်ထားတဲ့ပုံစံအရဆိုရင် သေချာပေါက် မရိုးရှင်းဘူးဆိုတာပြောလို့ရတယ်..ဒီနောက်ဆုံးဗိုလ်လုပွဲမှာ သေချာပေါက် အံ့ဩစရာတွေကို ကြုံရမယ်လို့ ငါယုံတယ် ”
သူတို့ပြောနေကြချိန်မှာပဲ တစ်ဖက်အဖွဲ့က စင်ပေါ်ကိုရောက်သွားခဲ့ပါပြီ။ ၀မ်ချင်ရှုရဲ့ ဘယ်နဲ့ညာမှာအစဥ်သားရပ်နေခဲ့ပါတယ်။
” စည်းမျဥ်းတွေကို အစောပိုင်းတုန်းက ကြော်ငြာပြီးသွားပါပြီ ဒါကြောင့် နောက်တစ်ခေါက် အဖွဲ့တစ်ဖွဲ့ရဲ့ နောက်ဆုတ်ပြီစတင်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါ ဒီပြိုင်ပွဲက တစ်ဖက်အဖွဲ့အနေနဲ့ နောက်ထပ်ဆက်မတိုက်ခိုက်နိုင်တော့တဲ့အခြေအနေအထိရောက်မှသာ ရပ်တန့်ရပါလိမ့်မယ် ”
°°°
မာရှောင်ထောင့်က မျက်မှောင်ကြုတ်နေခဲ့ပါပြီ။ သူ့ရဲ့အကြည့်တွေက မာယုလုံပေါ်မှာ အာရုံစိုက်ရင်းတောက်ပလို့နေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးထဲကနေ မီးလျှံတွေစင်ထွက်လာသလိုပါပဲ။ မာယုလုံကလဲ အရမ်းကိုအလေးအနက်ဖြစ်နေခဲ့တယ်။ ကျန်းဖန်းနဲ့ ရင်ဆိုင်ချိန်မှာ ပြဿနာရှိခဲ့ပုံမပေါ်ပေမဲ့ မာရှောင်ထောင့်ရဲ့မျက်လုံးတွေကို ရင်ဆိုင်ရရုံနဲ့တင် သူ့စိတ်ထဲမှာ ဖိအားများနေခဲ့ပါပြီ။
ဒါကအမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သတင်းကြောင့်ပါပဲ။ မာယုလုံက သူ့ကိုယ်သူဆက်တိုက်ပြောနေခဲ့တယ်။ ဒါပေမယ့် မာရှောင်ထောင့်နဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ အဲ့ဒီခံစားချက်ကြီးက သူ့စိတ်ထဲရှိလာခဲ့တာပါ။
နှစ်ဖက်အဖွဲ့က ဖြည်းဖြည်းချင်းနောက်ဆုတ်လို့သွားပါတော့တယ်။ ရှောင်ဟုန်ချန်ရဲ့ မျက်လုံးထဲမှာ ခံစားချက်တွေက စိတ်ဖိစီးမှုကနေ စိတ်လှုပ်ရှားမှုကို ပြောင်းလဲသွားပါပြီ။ သူက ယှဥ်ပြိုင်ဖို့မွေးဖွားလာတဲ့သူပါပဲ။ သူပိုပြီးစိတ်ရှုပ်ထွေးလေလေ ပိုပြီးသန်မာလေပါပဲ။ သူနဲ့ သူ့ညီမမုန့်ဟုန်ချန်နှစ်ယောက်စလုံးက အကြိုအဖွဲ့ရဲ့ပြိုင်ပွဲ၀င်တွေအနေနဲ့ ယှဥ်ပြိုင်ခွင့်ရဖို့ဆိုတာ သူတို့ရဲ့စွမ်းအားကို ထုတ်ဖော်ပြသဖို့ပါပဲ။ ဒါ့အပြင် ပြိုင်ပွဲထဲမှာ သူတို့၀င်လာတာ ပထမဆုံးအကြိမ်လဲ ဖြစ်နေခဲ့တယ်။ လျှို့၀ှက်လက်နက်တွေကို ပိုင်ဆိုင်ထားမဲ့သူတို့က ဘယ်လိုအစွမ်းအစများရှိနေမှာလဲ။
အဖွဲ့နှစ်ဖွဲ့စလုံးက စင်ရဲ့အစွန်းတစ်ဖက်ဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်က အမျက်ဒေါသကျောင်းတော်ဖက်ကို ဦးဆောင်လို့ထားခဲ့ပြီ လင်းလော့ချန်ကတော့ သူတို့နှစ်ယောက်ရဲ့အနောက်မှာ ရပ်နေခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ရှုစန်းရှီနဲ့ ပေ့ပေ့ရှိနေပြီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့ကတော့ အဝေးဆုံးနောက်ဆုံးဖက်မှာပါပဲ။
ဒီလိုဖွဲ့စည်းထားမှုက သိပ်ပြီမကောင်းလှပါဘူး။ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်သုံးယောက် ခုခံရေးတစ်ယောက် ထိန်းချုပ်ရေးတစ်ယောက်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါ။ အထောက်အကူပြုတဲ့ ၀ိညာဥ်ပညာရှင်လဲ မရှိပါဘူး။ ဒါပေါ့ ဟယ့်ချိုက်ထို့က အစာအမျိုးအစား၀ိညာဥ်ပညာရှင်ဆိုတာ ဘယ်သူမှမသိပဲရှိနေခဲ့ပါတယ်။
သူတို့အားလုံးက ပါးစပ်ထဲမှာဆေးပြင်းလိပ်တွေကို ကိုက်ထားကြပါပြီ။ မာရှောင်ထောင့်နဲ့ ကျန်းနန်နန်ကတော့ ချွင်းချက်ပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ဗျူဟာက ဘာမှထူးထူးခြားခြားမရှိပဲ ကြုံရာစီထားသလိုသာ ဖြစ်နေခဲ့တယ်။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်မှာလဲ အတူတူပါပဲ။ သူတို့က ကန်တော့ချွန်ပုံသဏ္ဍာန်နေရာယူထားခဲ့တာပါ။ မာယုလုံက ထိပ်ဆုံးမှာရှိနေခဲ့ပြီ ကျန်တဲ့သူတွေကတော့ တြိဂံပုံသဏ္ဍာန်အတိုင်း နေရာယူထားကြပါတယ်။
အဖွဲ့နှစ်ဖွဲ့စလုံးက အရမ်းကိုအာရုံစိုက်ထားကြပြီ သူတို့နှစ်ဖွဲ့စလုံးစင်မြင့်အစွန်းကိုရောက်ချိန်မှာပဲ ကောင်းကင်ရန်သူတော်သော့်လော့က ကြော်ငြာလိုက်ပါတော့တယ်။
” ပြိုင်ပွဲစတင်ပြီ ”
တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက် လက်ရည်ယှဥ်ပွဲဗိုလ်လုပွဲက နောက်ဆုံးမှာစတင်ခဲ့ပါပြီ။
၀မ်ချင်ရှုကြော်ငြာလိုက်ပြီချိန်မှာပဲ တစ်ဖက်အဖွဲ့ရဲ့ ဗျူဟာတွေက စတင်ပြောင်းလဲပါတော့တယ်။ လန့်စရာမြင်ကွင်းတွေက စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။
အမျက်ဒေါသကျောင်းတော်နဲ့ နေလတော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နှစ်ခုစလုံးက အစပိုင်းကထဲက သဘောတူထားကြတဲ့အတိုင်းပဲ စင်ရဲ့အလယ်တည့်တည့်ကို ပြေး၀င်လာကြပြီ တစ်သားထဲဖြစ်သွားကြပါတော့တယ်။
အခုအချိန် အရှေ့ဆုံးမှာရှိနေသူက မာရှောင်ထောင့်မဟုတ်ပဲ ရှုစန်းရှီပါ။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်မှာတော့ လင်းရှီက အရှေ့ဆုံးရှိနေခဲ့တယ်။
ဗျူဟာပြောင်းလဲသွားချိန်မှာပဲ နှစ်ဖက်အဖွဲ့က သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို စတင်ထုတ်သုံးလိုက်ပါပြီ။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ၀ိညာဥ်လက်နက်တွေကို ထုတ်သုံးပါတော့တယ်။
အမျက်ဒေါသကျောင်းတော်ဖက်မှာရှိနေတဲ့သူတိုင်းက မျဥ်းဖြောင့်အတိုင်း ရပ်နေခဲ့ပြီ ရှုစန်းရှီက သူ့ရဲ့ဒိုင်းကာကြီးကို မတင်ကာခြေလှမ်းကျယ်ကြီးတွေနဲ့ အရှေ့ကိုလျှောက်သွားပါတော့တယ်။ ကျန်တဲ့သူတွေကတော့ သူ့ရဲ့အနောက်တည့်တည့်မှာ ရှိနေခဲ့ပြီ သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်ထားခဲ့ကြတယ်။
နေလကျောင်းတော်ဖက်မှာကတော့ တခြားတစ်ဖက်ကို မလှုပ်ရှားခဲ့ပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့အစွမ်းအစကို ထုတ်သုံးဖို့အတွက် လုံလောက်တဲ့အကွာအဝေးက လိုအပ်နေခဲ့တယ်။
လင်းရှီက ချက်ချင်းဆိုသလို ၀ိညာဥ်လက်နက်တစ်ခုကို ထုတ်သုံးလိုက်ပါပြီ။ ဒါကလဲ ဒိုင်းကာတစ်ခုပါပဲ။ ဒယ်အိုးကြီးတစ်လုံးနဲ့ တူနေပြီ ကြီးမားတဲ့ရွှေရောင်ဒိုင်းကာက လက်ပေါ်မှာအဖြူရောင်အလင်းလှိုင်းတွေလဲ ထုတ်လွှတ်လို့နေပါသေးတယ်။ ဒါ့အပြင် အလင်းတန်းတွေက အရှည်နှစ်မီတာအထိကို ဖုံးကွယ်နေခဲ့ပြီ သူ့ကိုကာကွယ်ပေးထားရုံတင်မကပဲ သူတို့ကျောင်းတော်သားတွေကိုပါ ကာကွယ်ပေးထားခဲ့တယ်။
နေလကျောင်းတော်ဘာတွေလုပ်နေလဲဆိုတာ ထက်မြက်တဲ့လူတိုင်းသိနိုင်ပါတယ်။ သူတို့ရဲ့အပြုအမူက အရမ်းကိုရိုးရှင်းခဲ့တယ်။ ရှုစန်းရှီရဲ့ နေရာလှယ်လဲမှုကို အသုံးပြုလို့မရနိုင်အောင် ကာကွယ်နေကြတာပါ။
မြေအောက်လောက နေရာရွေ့မှုက ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့အချိန်မှာ အတော်ကိုအသုံး၀င်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ရှုစန်းရှီသာ ဒီလိုမျိူးသာနေရာလဲတာအောင်မြင်သွားပြီဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့ ဗျူဟာတွေက အမြန်အဆန်ပြောင်းလဲပါလိမ့်မယ်။ အကယ်၍ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ တစ်စုံတစ်ယောက်ကိုသာ ရှုစန်းရှိီကနေ နေရာရွေ့ပြစ်လိုက်မယ်ဆိုရင် သူတို့ရဲ့ဗျူဟာတွေက ပြဿနာတက်ကုန်မှာပါ။
လက်ရှိအချိန်မှာ လင်းရှီတစ်ယောက်ပဲ အရှေ့ဆုံးရောက်နေတာကို လူတိုင်းက မြင်နေရပါတယ်။ အားလုံးကတော့ သူ့နောက်မှာ ရှိနေခဲ့ပြီ ပုန်းကွယ်ခံထားရတယ်။ လက်ရှိအချိန်မှာ သူက ဒိုင်းကာကိုအသုံးပြုရင်း ရှုစန်းရှီရဲ့ တိုက်ခိုက်မှုကိုတားဆီးဖို့လုပ်နေခဲ့ပါပြီ။ ဒါ့အပြင် နေရာပြောင်းလဲမှုအတွက်လဲ အစောကြီးကထဲက ပြင်ဆင်ထားခဲ့ပါတယ်။ နေလကျောင်းတော်ဖက်မှာတော့ ရှုစန်းရှီက အဖွဲ့ရဲ့အရှေ့ဆုံးမှာ ရှိနေခဲ့တာကြည့်ရင်း အတော်လေးကို စိတ်ကျေနပ်သွားခဲ့ပါတယ်။ သူတို့အတွက် သူတို့ရဲ့ အစီအစဥ်ကတော့ လုံး၀ကို ခြောက်ပြစ်ကင်းသဲလဲစင်နေခဲ့တာပါ။ အနည်းဆုံးတော့ ရှုစန်းရှီက သူတို့ကို နေရာရွေ့လို့မရခဲ့ပါဘူး။
နှစ်ဖက်အဖွဲ့မှာ ဗျူဟာက ပထမဆုံးစဖြစ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ပြင်းထန်တဲ့တိုက်ပွဲက စတင်ပါတော့တယ်။
မရေမတွက်နိုင်တဲ့ အလင်းလုံးတွေက ၀ိညာဥ်စွမ်းအားကနေ စုစည်းလို့လာခဲ့ပြီ လင်းရှီရဲ့အနောက်ဖက်မှာ စတင်ပေါင်းစည်းပါတော့တယ်။ ဒီအလင်းလုံးတွေက နှစ်ဖက်ရဲ့လေထဲကို ဖြတ်သွားခဲ့ပြီ အမျက်ဒေါသကျောင်းတော်ဆီကို အရှိန်ပြင်းပြင်းနဲ့ ချဥ်းကပ်လာပါတော့တယ်။
အလင်းလုံးတွေက ကြောက်စရာကောင်းတဲ့ အရှိန်နှုန်းနဲ့ ပျံသန်းလာခဲ့ပြီ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့သားခုနှစ်ယောက်စလုံးဆီကို ၀င်ရောက်တိုက်ခိုက်ပါတယ်။
နေလကျောင်းတော်ရဲ့ ၀ိညာဥ်ပညာရှင်တွေက အနည်းဆုံး၀ိညာဥ်ငါးဆင့်ရှိတဲ့ အတတ်ပညာရှင်တွေ လက်နက်အတတ်ပညာရှင်တွေပါ သူတို့ရဲ့၀ိညာဥ်စွမ်းအားက မတူညီတဲ့ ဆေး၀ါးတွေ လျှို့၀ှက်နည်းလမ်းတွေကိုအသုံးပြုပြီး မြင့်တင်ထားပေမဲ့ ၀ိညာဥ်ပညာရှင်တွေနဲ့ ယှဥ်လို့မရပါဘူး။ သူတို့ရဲ့၀ိညာဥ်စွမ်းအားက သန်တော့သန်မာပါတယ်။ ၀ိညာဥ်လက်နက်တွေရဲ့ အကူအညီနဲ့အတူ ဒီစွမ်းအားက ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ တိုက်ရိုက်ယှဥ်နိုင်လောက်တဲ့အထိ အဆင့်မြင့်တက်လာခဲ့ပါပြီ။ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအများကြီးရဲ့ ပေါင်းစည်းမှုက ဘယ်လိုအစွမ်းအစများ ဖြစ်ပေါ်လာမှာလဲ။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အကြိုဗိုလ်လုပွဲစဥ်မှာ သူတို့ရဲ့ပြိုင်ဘက်ကို အပြည့်အ၀မနားတမ်းတိုက်ခိုက်ပြီ ဖြစ်ပါတယ်။
အမျက်ဒေါသကျောင်းတော်ကိုလဲ တူညီတဲ့နည်းလမ်းနဲ့ သူတို့တိုက်ခိုက်နေခဲ့တယ်။ သူတို့ရဲ့ပြိုင်ဘက်ကို ထိခိုက်စေဖို့မမျှော်လင့်ပေမဲ့ အနီးအနားကို ရောက်မလာနိုင်အောင် ထိန်းချုပ်နိုင်ဖို့အတွက်တော့ တွေးတောထားခဲ့တယ်။
ဒါပေမယ့် ရုတ်တရက်ဆိုသလို အဖြူရောင်အလင်းတန်းတစ်တန်းက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပါပြီ။ အမျက်ဒေါသရဲ့ကျောင်းတော်သားခုနှစ်ယောက်ကလဲ သူတို့ရဲ့အလင်းလုံးတွေကို ဖြတ်ထုတ်လိုက်ပါတော့တယ်။
ဒီအလင်းလုံးတွေထဲမှာ ရှိနေတဲ့အရာက အဖြူရောင်လခြမ်းကွေးတစ်ခုပါ။ အဲ့ဒီနောက် မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်ကို ပြေး၀င်သွားပါတော့တယ်။
အဖြူရောင်အလင်းတန်းတွေရဲ့ စုစည်းမှုက နေလကျောင်းတော်ရဲ့ အလင်းလုံးတွေထက် အနည်းငယ်ပိုပြီး သိပ့်သည်းမှုမှာ အားနည်းပါတယ်။ ဒါပေမယ့် အင်အားကတော့ သာလွန်နေခဲ့တယ်။ ဒါ့အပြင် ပြီးပြည့်စုံတဲ့အချိန်မှာ ထုတ်သုံးလိုက်တာပါ။ အလင်းလုံးတွေနဲ့ အဖြူရောင်အလင်းတန်းနှစ်ခုက စင်မြင့်ပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်မိပါတော့တယ်။
ထိုက်ယွဲ့ဟန်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလာခဲ့ပြီ သူ့ရဲ့ကျားဖြူဥက္ကာပျံမိုးက စတင်ဖြစ်ပေါ်လာတော့တယ်။ ဒါကနယ်မြေကို ထိန်းချုပ်နိုင်တဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုပါ။
၀ိညာဥ်ဧကရာဇ်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်က သေချာပေါက် အဆင့်ငါး၀ိညာဥ်လက်နက်တွေထက်တော့ အများကြီးပိုအားကောင်းပါတယ်။ ဒါ့အပြင် နှစ်ဖက်တိုက်ခိုက်မှုက စင်မြင်ရဲ့အလယ်တည့်တည့်မှာ ဖြစ်နေခဲ့တဲ့အတွက် ပေါက်ကွဲမှုက အဆုံးစွန်းအထိကို ရောက်သွားခဲ့ပါပြီ။
ဒါကပထမဆုံးတိုက်ခိုက်မှုလှိုင်းတွေပါပဲ။ အမျက်ဒေါသကျောင်းတော်က အစောပိုင်းတော်၀င်ခိုင်မာကျောင်းတော်ထက် အများကြီးပိုပြီး အားကောင်းနေခဲ့တယ်။
ရှုစန်းရှီက ပေါက်ကွဲမှုကြောင့်မရပ်တန့်ခဲ့ပါဘူး။ သူ့ရဲ့ဒိုင်းကာကြီးက အနက်ရောင်အလင်းတန်းတွေ တောက်ပနေခဲ့ရင်း သူ့ရဲ့လှိုင်းတွေကို ထုတ်သုံးနေပါတော့တယ်။
တကယ်တော့ သူ့ရှေ့ဆုံးမှာရှိနေတယ်ဆိုတာ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို ခုခံပေးဖို့မဟုတ်ပဲ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းတွေကိုအခွင့်ကောင်းယူပြီ တိုက်ခိုက်ဖို့ဖြစ်နေပေမဲ့ ဘယ်သူကများတွေးမိမှာလဲ။
ရှုစန်းရှီဆိုတာ ခုခံရေးမှာဘယ်သူမှယှဥ်လို့မရနိုင်တဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ပါ။ ထူးဆန်းမြေအောက်လောကဒိုင်းကာက ဘယ်တုန်ခါမှုအင်အားကိုမဆို ဖျက်ဆီးပြစ်နိုင်ပါတယ်။ သူရှေ့တိုးလာနေတဲ့ ခြေလှမ်းတွေက ပြင်ပတိုက်ခိုက်မှုအင်အားလှိုင်းတွေကြောင့် တစ်စက်မှအရှိန်မလျော့သွားခဲ့ပါဘူး။ ပေါက်ကွဲမှုရဲ့အလယ်တည့်တည့်မှာ သူကရှိနေခဲ့ပြီ နှစ်ဖက်ရဲ့အကွာအဝေးက လဲ ခုနှစ်ဆယ်မိီတာထက်ကို လျော့နည်းလာပါတော့တယ်။
အပိုင်း ၁၁၆•၁ ပြီး၏။