Switch Mode

Chapter – 114.2

ခန္ဓာကိုယ်မျိုးနွယ်

အပိုင်း ၁၁၄•၂

” ခန္ဓာကိုယ်မျိုးနွယ် ”
°°°
တော်၀င်အံ့ဖွယ်ကျောင်းတော်က သူတို့ရဲ့ နောက်ထပ်ပြိုင်ပွဲ၀င်တစ်ယောက်ကို စင်ပေါ်မတက်စေနိုင်တဲ့အထိ အတော်ကြီးအံ့အားသင့်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့မှာဘယ်လိုအခွင့်အရေးကျန်ဦးမှာလဲ။

မာယုလုံက သူ့ရဲ့အစွမ်းအစတွေကို အများကြီးမထုတ်ပြသေးပါဘူး။ သူအစောပြိုင်တုန်းက ၀ိညာဥ်လက်နက်အနည်းငယ်ကိုသာ အသုံးပြုရင် အနိုင်ယူသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့တိကျခိုင်မာလွန်တဲ့ ထိန်းချုပ်နိုင်စွမ်းကိုတော့ ဘယ်သူမှမတောင့်ခံနိုင်ပါဘူး။

ဟို့ယွိဟောင်ရဲ့လေ့လာမှုအရ ရွှေရောင်အမြောက်ဆိုတာ အဆင့်ခုနှစ်၀ိညာဥ်လက်နက်တစ်ခုဖြစ်နိုင်ပါလိမ့်မယ်။ အမြောက်ကနေ ထုတ်လွှတ်တဲ့အပူရှိန်က အရမ်းကိုမြင့်မားလွန်ပြီ မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံနဲ့ယှဥ်နိုင်လောက်မဲ့အနေအထားမှာ ရောက်နေခဲ့ပါတယ်။

ဒိုင်လူကြီးတွေအနေနဲ့ နောက်ထပ်တော်၀င်ကျောင်းတော်နဲ့ တိုက်ခိုက်မယ်ဆိုရင် အဖွဲ့၀င်တွေကို သေချာပေါက်အသက်အန္တရာယ်မရှိအောင် ကယ်တင်ရမှာပါ။

မာယုလုံကတော့ ကျန်ရှိတဲ့ပြိုင်ပွဲ၀င်လူတွေအားလုံးကို သူ့ရဲ့၀ိညာဥ်လက်နက်တွေနဲ့သာ အနိုင်ယူပြစ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။

နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အတားအဆီးမရှိပဲ ဗိုလ်လုပွဲ ပွဲစဥ်ကို ရောက်သွားပါတော့တယ်။ ဒီနှစ်ရဲ့ကျောင်းတော်အဆင့်တက်ပွဲမှာ ကိစ္စတွေအများကြီးဖြစ်ပျက်သွားခဲ့သလို နောက်ဆုံးမှာတော့ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နဲ့ အမျက်ဒေါသကျောင်းတော်တို့က နောက်တစ်ဖန်ပြန်လည်တွေ့ဆုံရတော့မှာပါ။ ဟို့ယွိဟောင်က ပြိုင်ပွဲတစ်ခုလုံးကို သေသေချာချာ ဂရုစိုက်ခဲ့ပါတယ်။ သူတို့ရဲ့တည်ခိုဆောင်အထိကို ပြန်လာတဲ့လမ်းမှာ တစ်စုံတစ်ရာကို စဥ်းစားလို့နေခဲ့တယ်။ ၀မ်ယန်လဲ အတူတူပါပဲ။

ဟို့ယွိဟောင်က မာယုလုံရဲ့ ဗျူဟာတွေကြောင့် ပြိုင်ပွဲတစ်ခုလုံးမှာ အတော်လေးကို စိတ်လှုပ်ရှားလို့သွားခဲ့ရတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ်တိုင်းဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်တစ်ခုက တိုက်ပွဲမှာတိုက်ခိုက်ဖို့အသင့်တော်ဆုံး၀ိညာဥ်လက်နက်မှန်း သူသိလိုက်ရပါပြီ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ ဗျူဟာတွေကိုလဲ မာယုလုံက ကောင်းကောင်းပြသပေးခဲ့ပါတယ်။ မာယုလုံရဲ့ အောင်နိုင်မှုအဓိကသော့ချက်က သူ့ရဲ့တိုက်ပွဲကိုထိန်းချုပ်နိုင်စွမ်းမှာ မူတည်နေခဲ့သလို ဒိီပြိုင်ပွဲတစ်ခုလုံးကို သူကောင်းကောင်းထိန်းချုပ်ပြီကစားသွား​ခဲ့တာပါ။

တော်၀င်တည်ခိုဆောင်ဆီပြန်ပို့လမ်းနားရောက်ခါနီးမှာပဲ လူနှစ်ယောက်က သူတို့လမ်းကိုလာတားဆီးလိုက်ပါတယ်။

၀မ်ယန်က အရှေ့ကိုလျှောက်သွားပြီ ပိတ်ရပ်လိုက်ပေမဲ့ သူလဲအတားအဆီးခံလိုက်ရပါတယ်။ အရှေ့မှာရှိတဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ချိန်မှာတော့ အံ့ဩသွားခဲ့ပါပြီ။

သူ့ရှေ့မှာရှိတဲ့လူနှစ်ယောက်က ရုပ်သွင်အပြင်အရဆိုရင် ရွက်ကြမ်းရေကြိုပါပဲ။ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးခြားချက်တွေကတော့ ရှိနေခဲ့ပါတယ်။ တစ်ယောက်ပုံမှန်မဟုတ်လောက်အောင် ကြီးမားနေတဲ့လက်မောင်းကြီးကို ပိုင်ဆိုင်ထားခဲ့ပြီ နောက်တစ်ယောက်ကတော့ အတော်ကို ပိန်ပါးတဲ့သူဖြစ်ပေမဲ့ သူခေါင်းကတော့အကြီးကြီးပါ။ ခေါင်းကြီးကိုယ်သေးအရုပ်ကြီးနဲ့တောင် တူနေပါသေးတယ်။

၀မ်ယန်ကတော့ နှလုံးသားတစ်ခုလုံးအေးစက်လို့သွားခဲ့ပြီ။ သူပြောပါတော့တယ်။

” ကျေးဇူးပြုပြီး ”

ကြီးမားတဲ့လက်ကြီးကို ပိုင်ဆိုင်ထားတဲ့သူက ပြောလာလိုက်တယ်။

” မင်းတို့အားလုံးသွားလို့ရပြီ ဒါပေမယ့် ဒီကလေးကတော့နေရမယ်…သူနဲ့စကားပြောဖို့လိုတယ် ”

အဲ့ဒီလူရဲ့အသံက ဟိန်းဟောက်နေသလိုပါပဲ။ သူ့ကိုယ်သူထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမဲ့ အရမ်းကိုကြောက်စရာကောင်းလှပြီ ဩဇာအရှိန်အ၀ါပြင်းထန်တဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေဆဲပါ။ သူက ဟို့ယွိဟောင်ကို လက်ညိုးထိုးပြရင်းပြောလိုက်ပါတယ်။

ဟို့ယွိဟောင်ကတော့ မျက်လုံးပြူးလို့သွားခဲ့ပါပြီ။

” ကျွန်တော်ဘယ်သူကိုမှ မသိဘူး “:

ခေါင်းကြီးကိုယ်သေးလူက ဟို့ယွိဟောင်ကိုကြည့်ရင်း ပြုံးပြလိုက်ပါတယ်။

” ဒါဆိုရင်အခုတော့သိသွားပြီမလား ”

သူ့ရဲ့မျက်လုံးထဲမှာရှိတဲ့အကြည့်တွေက အတော်ကို ထူးဆန်းပါတယ်။ ထူးထူးဆန်းဆန်းကို နူးညံ့ညင်းသာနေလွန်တာကြောင့် ၀မ်ယန်နဲ့ ရှုစန်းရှီတို့တောင် သူတို့ရဲ့မျက်လုံးအကြည့်အောက်မှာ ငြိမ်သက်လို့သွားခဲ့ပါတယ်။ ချောက်နက်ကြီးတစ်ခုထဲကို ပြုတ်ကျသွားသလိုမျိုး စူးရှသိမ်မွေ့တဲ့အကြည့်ပါပဲ။ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့ပြီ ရွှေရောင်အလင်းတန်းတွေလဲ သူ့ရဲ့မျက်လုံးထဲမှာ ပေါ်လာခဲ့ပါပြီ။ ၀မ်ယန်က တခဏတာ တုံ့ဆိုင်းလို့နေခဲ့သလို ထူးဆန်းတဲ့အလင်းတန်းတွေက သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာပါတော့တယ်။

သူလဲတစ်ဖက်လူရဲ့အကြည့်ကြောင့် စိတ်ရှုပ်ထွေးသွားတာမျိုးမရှိခဲ့ပါဘူး။

” ငါတို့က ဘယ်သူကိုမှမထိခိုက်စေချင်ဘူး…မင်းနဲ့စကားပြောချင်ရုံပဲ အကယ်၍ မင်းဘေးမှာရှိနေတဲ့သူတွေကိုလဲ မထိခိုက်စေချင်ဆိုရင် ငါတို့နောက်ကိုလိုက်ခဲ့ ”

ခေါင်းကြီးကိုယ်သေးလူက ဟို့ယွိဟောင်ရဲ့မျက်လုံးထဲကထိတ်လန့်မှုကို မြင်ချိန်မှာအားလုံးကို ခန်းမတစ်ဖက်ဆီခေါ်သွားပြီပြောပါတော့တယ်။ အဲ့ဒီနေရာမှာတော့ ဧည့်သည်တွေထိုင်ဖို့လုပ်ထားတဲ့ ထိုင်ခုံတွေရှိနေခဲ့ပါတယ်။

၀မ်ယန်နဲ့ ရှုစန်းရှီနှစ်ယောက်ကတော့ ဒီအချိန်မှာသတိပြန်၀င်လာခဲ့ပါပြီ။ တစ်ဖက်လူက သူတို့ကို အဲ့ဒီလိုမျိုးဆွဲခေါ်ပြီ ထိုင်ခိုင်းစေနိုင်လောက်တဲ့အထိ အစွမ်းအစရှိနေခဲ့တဲ့အတွက် လန့်သွားခဲ့ရပါတယ်။ သေချာပေါက် သူ့ရဲ့ကျင့်ကြံဆင့်ကတော့ သူတို့အထက်မှာ ရှိနေခဲ့တာပါ။ ၀မ်ယန်ရဲ့အစွမ်းအစတွေက အမျက်ဒေါသကျောင်းတော်မှာ ဘာမှမဟုတ်ပေမဲ့ သူက၀ိညာဥ်ဘုရင်တစ်ယောက်ပါပဲ။ လူတစ်ယောက်အလွယ်တကူထိန်းချုပ်တာကို ခံလိုက်ရပုံကြည့်မယ်ဆိုရင် သူတို့ရဲ့အစွမ်းအစကို ကွာခြားချက်ဘယ်လောက်ကြီးမားလဲဆိုတာ သိနေခဲ့ရပါပြီ။

ဒါပေမယ့် တခဏတာသာ လန့်သွားခဲ့ရပြီ သူကိုယ်သူတည်ငြိမ်အောင် ၀မ်ယန် ထိန်းချုပ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြပြီ ပြောလာခဲ့တယ်။

” သူတို့ပြောမဲ့စကားကိုသွားပြီနားထောင်လိုက် ငါမင်းနောက်ကိုလိုက်လာမယ်…၀မ်သုန့် ရှုစန်းရှိီ မင်းတို့နှစ်ယောက်ကတော့ ကိုယ့်အခန်းကိုအရင်ပြန်လိုက်ကြတော့ ”

၀မ်သုန့်က ငြင်းချင်ပေမဲ့ ရှုစန်းရှီက သူ့ကိုဆွဲသွားခဲ့ပါတယ်။ ရှုစန်းရှီက သူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ချိန်မှာ ၀မ်သုန့်လဲ ချက်ချင်းနားလည်သွားခဲ့ပါပြီ။ တကယ်တော့ စစ်ကူသွားခေါ်ချင်တာ ဖြစ်နေခဲ့တယ်။ ဒါကြောင့် မကျေမနပ်နဲ့ ထွက်သွားခဲ့ရပြီ မထွက်သွားခင်အချိန်မှာလဲ ဟို့ယွိဟောင်ကို လှမ်းကြည့်သွားခဲ့ပါသေးတယ်။

၀မ်ယန်က အနည်းငယ်ထူးဆန်းတဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။

” မင်းတို့တွေ ဘာစစ်ကူမှခေါ်လာဖို့မလိုခဲ့ဘူး သူတို့တွေသာအေးအေးဆေးဆေးစကားပြောဖို့ရောက်လာတယ်ဆိုတာ ဘာမှမဟုတ်ဘူး…ဒီနေရာက ကြယ်တာရာလော့မြို့တော်ပဲလေ ဒါ့အပြင် ဒီနေရာကြီးက ပြိုင်ပွဲမှာပြိုင်ကျမဲ့ အဖွဲ့၀င်တွေအားလုံးနေနေကြတဲ့နေရာပါ ”

ရှုစန်းရှီက ပြန်ပြောလိုက်ပါတယ်။

” ကြိုပြီသတိထားတာတော့ ပိုကောင်းတာပေါ့ ”

အဲ့ဒီနောက် သူပြောရင်းနဲ့ ၀မ်သုန့်ကိုဆွဲခေါ်သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ၀မ်ယန်နဲ့အတူ အောက်ဖက်​နံရံမှာပဲ ထိုင်ချလိုက်ပါတယ်။ ဒီနေရာမှာ သူတို့နဲ့ အဲ့ဒီလူထူးဆန်းနှစ်ယောက်နဲ့ပဲအတူရှိနေခဲ့တာပါ။ ဒါပေမယ့် ၀င်ထွက်သွားလာနေကြတဲ့သူတွေက အများကြီးရှိနေပေမဲ့ ဒီအနားယူနေရာကိုတော့ ဘယ်သူမှမလာရောက်ကြပါဘူး။

ဟို့ယွိဟောင်နဲ့ ၀မ်ယန်က တစ်ဖက်မှာထိုင်နေရင်း ဟို့ယွိဟောင်ဖက်ကနေမေးလာခဲ့ပါတယ်။

” ဘာကြောင့် ကျွန်တော်ကိုရှာနေရတာလဲ ကျွန်တော်တွေ့ဖူးတာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ် ”

ခေါင်းကြီးကိုယ်သေးလူက ပြုံးပြရင်းခေါင်းညိတ်နေခဲ့ပါတယ်။

” ဒါပေါ့ ငါတို့က မင်းကိုလေ့လာနေတာ အတော်လေးကြာပြီ အကယ်၍ ငါသာမမှားဘူးဆိုရင် မင်းရဲ့ပထမသိုင်းပညာ၀ိညာဥ်က မင်းရဲ့အဓိကသိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ မင်းရဲ့မျက်လုံးတွေပဲ ဖြစ်ရမယ်..ပထမ၀ိညာဥ်စွမ်းရည်ကလဲ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ပတ်သက်နေရမယ်..ဒါ့အပြင် အပေါင်းအဖော်တွေကိုပါ မြောက်ပေးနိုင်တဲ့သူထူးခြားတဲ့နည်းလမ်းကြောင့် မင်းကစိတ်၀ိညာဥ်နဲ့ ပတ်သက်ပြီကြောက်စရာကောင်းလောက်တဲ့စွမ်းရည်တချို့ကိုလဲ ကျင့်ကြံအောင်မြင်ထားခဲ့တယ်…ငါရဲ့အကဲဖြတ်မှုအရဆိုရင် ဒါက ထန်မျိုးနွယ်ရဲ့ခရမ်းရောင်နတ်ဆိုးမျက်လုံးလိုပုံစံနဲ့ဆင်လိုက်မယ်…ဒုတိယ၀ိညာဥ်စွမ်းရည်ကတော့ တခြားသူတွေကို တအံ့တဩဖြစ်စေနိုင်တဲ့ တစ်စုံတစ်ရာပဲဖြစ်လိမ့်မယ်..ဒါ့အပြင် ငါမှတ်မိသလောက်အရဆိုရင် မြောက်ပိုင်းမှာရှိတဲ့ရေခဲပိုးကောင်ကြီးတွေက သူတို့ရဲ့ပုံသဏ္ဍာန်က ကြောက်စရာတစ်စုံတစ်ရာဖြစ်အောင် အသွင်ယူပြီ တိုက်ခိုက်တတ်တယ်တဲ့ ငါပြောတာမှန်တယ်မလား ”

အဲ့ဒီခေါင်းကြီးကိုယ်သေးလူရဲ့နာမည်က လန်ယာ့လို့ခေါ်ပါတယ်။ သူ့ရဲ့ရိုးရှင်းတဲ့စကားလုံးတွေက ဟို့ယွိဟောင်ကို ထိတ်လန့်လို့သွားခဲ့ပါပြီ။ ဒီလိုမျိုးအလုံးစုံသိနေခံနေရတဲ့အခြေအနေက တစ်ဖက်သူ့ရဲ့ရှေ့မှာ ကူသကယ်ရာမဲ့စေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ သူ့ရဲ့သည်းခံနိုင်စွမ်းကကောင်းနေခဲ့တယ်။ သူလန့်နေခဲ့ပေမဲ့ ဘာမှမပြောခဲ့ပါဘူး။

” ဒါတွေဘယ်လိုသိလဲ ”

ဟို့ယွိဟောင်လန့်နေတာကို မြင်ချိန်မှာတော့ ခေါင်းကြီးကိုယ်သေးလူက ဆက်ပြောပါတော့တယ်။

” ငါကိုယ်ငါအရင်မိတ်ဆက်ပေးပါရစေ ငါနာမည်က လန်ယာ့ ဒါက ငါရဲ့ညီနောင်က ယွိီထုန် ငါတို့နှစ်ယောက်စလုံးက ခန္ဓာကိုယ်မျိုးနွယ်ကနေလာတဲ့သူတွေ ခန္ဓာကိုယ်မျိုးနွယ်အကြောင်း မင်းကြားဖူးမယ်ဆိုတာ သေချာပါတယ် ”

ခန္ဓာကိုယ်မျိုးနွယ်ဆိုတဲ့စကားက ဟို့ယွိဟောင်ကို ထိတ်လန့်စေခဲ့ရုံတင်မကပဲ ၀မ်ယန်လဲမျက်လုံးအပြူးသားဖြစ်သွားခဲ့ရပါပြီ။

ခန္ဓာကိုယ်မျိုးနွယ်က ၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာပေါ်လာတာရှားပါးပေမဲ့ သူတို့ရဲ့ဂုဏ်သတင်းကတော့ မနှိမ့်ပါးခဲ့ပါဘူး။ လောကကြီးထဲမှာရှိတဲ့ရှားပါးတဲ့ဖြစ်တည်မှုတွေထဲမှာ မိစ္ဆာ၀ိညာဥ်ပညာရှင်က ထိပ်ဆုံးမှာရပ်နေခဲ့ပါတယ်။ ဒီထူးခြားမှုနဲ့စွမ်းအားမှာတော့ မိစ္ဆာ၀ိညာဥ်ပညာရှင်ကိုယှဥ်နိုင်တဲ့သူကတော့ ခန္ဓာကိုယ်မျိုးနွယ်တစ်ခုသာရှိပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်မျိုးနွယ်က ၀ိညာဥ်ပညာရှင်အများစုရဲ့ မျက်လုံးထဲမှာ ၀ိညာဥ်ပညာရှင်တွေထက်တောင် ပိုပြီးကြောက်စရာကောင်းနေခဲ့တယ်။ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက အင်အားကြီးပေမဲ့ သူတို့ကတစ်ယောက်ထဲဖြစ်စေ အုပ်စုအသေးစားလေးနဲ့ပဲဖြစ်စေ ပေါ်လာတတ်တာပါ။ ခန္ဓာကိုယ်မျိုးနွယ်ကတော့ တကယ်ကြီးမားတဲ့မျိုးနွယ်ကြီးတစ်ခုပါပဲ။ ဒါ့အပြင် လောကမှာအထူးဆန်းဆုံးမျိုးနွယ်စုလို့လဲ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့အင်အားကို ကြိုးစားပြီတိုက်ခိုက်၀ံ့တဲ့သူ ဘယ်လောက်မှမရှိခဲ့ပါဘူး။

ဟို့ယွိဟောင်နဲ့ ၀မ်ယန်တို့အနေနဲ့ ဒီလိုရှားပါးတဲ့လူတွေက သူတို့ရှေ့တည့်တည့်မှာ ရောက်လာခဲ့မယ်ဆိုတာကို တွေးတောင်မတွေးမိခဲ့ပါဘူး။ လက်ရှိအချိန်မှာ သူတို့က ဟို့ယွိဟောင်ကို လာရှာကြတာပါ။ ၀မ်ယန်လဲ သူတို့ကိုမမေးတော့ပဲ ဘာတွေဖြစ်လာမလဲတောင်သိနေခဲ့ပါပြီ။ ဒါပေမယ့် သူက သိပ်ပြီစိုးရိမ်နေတဲ့ပုံမပေါ်ပါဘူး။

လန်ယာ့က ဟို့ယွိဟောင်ကိုပြုံးပြရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ငါကွေ့၀ိုက်ပြီပြောမနေတော့ဘူး မင်းကိုမျိုးနွယ်ဆီပြန်ခေါ်ဖို့ငါတို့လာတာ ”

” ပြန်ခေါ်မယ် ”

ဟို့ယွိဟောင်မျက်လုံးပြူးသွားခဲ့ပါတယ်။ သူက အဲ့ဒီမျိုးနွယ်ကို ဘယ်တုန်းကမှမ၀င်ရောက်ခဲ့ဖူးပါဘူး။

လန်ယာ့က ခေါင်းညိတ်ရင်းပြန်ဖြေလိုက်ပါတယ်။

” ငါတို့က မင်းကိုပြန်ခေါ်ဖို့လာတာ ခန္ဓာကိုယ်မျိုးနွယ်စုဆိုတာက ခန္ဓာကိုယ်၀ိညာဥ်ကိုပိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးအတွက် အိမ်တစ်ခုပဲ မင်းရဲ့မျက်လုံးက မင်းရဲ့၀ိညာဥ်ဖြစ်နေမှတော့ မင်းက ငါတို့မျိုးနွယ်ရဲ့အစိတ်အပိုင်းတစ်ခုပဲလေ ဒါကြောင့် မင်းကိုငါတို့ရှာတွေ့တာနဲ့ ပြန်ခေါ်သွားရတယ်ဆိုတာ ပုံမှန်ပဲ ”

ဟို့ယွိဟောင်က ခန္ဓာကိုယ်မျိုးနွယ်အကြောင်း ကြားဖူးခဲ့ပေမဲ့ ဒီမျိုးနွယ်စုက အရမ်းကိုထူးဆန်းပြီ အင်အားကောင်းတဲ့ရန်သူတွေ စုနေခဲ့တာပါ။ မျိုးနွယ်ကို၀င်ရောက်တာက သူ့ရဲ့စိတ်၀ိညာဥ်ကအများကြီးအထောက်အကူပြုပါလိမ့်မယ်။ ဒါပေမယ့် ရုတ်တရက်ဒီလိုထွက်ပေါ်လာတဲ့လူနှစ်ယောက်ကို သူယုံကြည်လို့ရနိုင်မလား ယုံကြည်လို့ရနိုင်တယ်ဆိုရင်တောင် သူက အမျက်ဒေါသကျောင်းတော်ကနေ ထွက်ခွာရမှာမဟုတ်လား။

နောက်ထပ်သိပ်ပြီစဥ်းစားမနေတော့ပဲ ချက်ချင်းခေါင်းခါလိုက်ပါတော့တယ်။

” ကျွန်တော်ကို ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်…ဒါပေမယ့် ကျွန်တော်ကအမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီ အမျက်ဒေါသရဲ့အဖွဲ့၀င်တစ်ယောက်ပါ ကျွန်တော်ကျောင်းတော်ကနေ အောင်အောင်မြင်မြင်သင်ကြားမပြီးဆုံးသေးတဲ့အထိ ဘယ်မျိုးနွယ်စုကိုမှ ၀င်ရောက်ဖို့တစ်ခါမှမစဥ်းစားထားပါဘူး ”

လန်ယာ့ကရယ်မောရင်းနဲ့ ပြောလိုက်ပါတယ်။

” အမျက်ဒေါသကျောင်းတော် အကောင်းဆုံးကျောင်းတော်လား ဒါပေမယ့် အထင်ကြီးစရာကောင်းတဲ့ပုံလဲမပေါ်ပါဘူး…မဟုတ်ရင် မင်းလိုဒီလောက်ကလေးငယ်လေးကို ဘာလို့ထွက်ပြီယှဥ်ပြိုင်ခိုင်းမှာလဲ ခန္ဓာကိုယ်မျိူးနွယ်က ခန္ဓာကိုယ်၀ိညာဥ်တွေနဲ့ ပတ်သက်ပြီ အများကြီးပိုပြီးရင်းနှီးကျွမ်း၀င်တယ်…ဒါကြောင့် မင်းအကောင်းဆုံးဖြစ်လာဖို့အတွက် လမ်းညွှန်ပေးနိုင်တဲ့သူဆိုတာ ငါတို့ပဲ အရည်အချင်းနဲ့ဆိုရင် နောင်နှစ်ဆယ်အတွင်းမှာ ၀ိညာဥ်ပညာရှင်တွေရဲ့လောကကို ကိုင်လှုပ်နိုင်လိမ့်မယ်…ခန္ဓာကိုယ်မျိုးနွယ် ဒီလိုထွက်ပေါ်လာတာ အတော်ကိုရှားပါးပေမဲ့ ငါတို့တွေထွက်ပေါ်လာပြီဆိုတာနဲ့ မရပ်တန့်နိုင်တဲ့အင်အားစုဖြစ်သွားပြီ မင်းရဲ့သိုင်းပညာ၀ိညာဥ်က ဒုတိယမြောက်နိုးထမှုကို မတွေ့ကြုံရသေးဘူး..ဒါကြောင့် ခန္ဓာကိုယ်၀ိညာဥ်တစ်ခုရဲ့ တကယ်အစွမ်းအစအစစ်ကိုလဲ မတွေ့ကြုံရသေးဘူး..ငါတို့နဲ့ ပြန်လိုက်လာခဲ့ရင်း မင်းအတွက်အကျိုးရှိမှာတွေကြီးပဲ ”

ခန္ဓာကိုယ်မျိုးနွယ်က လက်ရှိအချိန်အမျက်ဒေါသကျောင်းတော်ရဲ့ ဆရာတစ်ယောက်ရှေ့မှာ သူတို့ရဲ့ကျောင်းသားတစ်ယောက်ကိုလာပြီသွေးဆောင်နေတာပါ။ ဒါပေမယ့် ၀မ်ယန်ကတော့ ဘာမှမပြောခဲ့ပါဘူး။ သူတို့ရဲ့ စကားကိုထိုင်သာနားထောင်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ဆက်တိုက်သာခေါင်းခါနေခဲ့တယ်။

” မဟုတ်ဘူး အမျက်ဒေါသကျောင်းတော်က ကျွန်တော်ရဲ့အိမ်ပဲ ကျောင်းတော်က ကျွန်တော်ကိုမိသားစုတစ်ခုလိုနွေးထွေးမှုပေးတယ်…ကျွန်တော်ကို မွေးမြူးပြီပြုစုပျိုးထောင်ပေးတယ်.. ခန္ဓာကိုယ်မျိုးနွယ်ကို ကျွန်တော်၀င်မှာမဟုတ်ဘူးအကြီးအကဲတို့ ကျွန်တော်တောင်းပန်ပါတယ်..ဒါပေမယ့် ဒီကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်ရအောင် ”

သူပြောပြီတဲ့နောက် ထရပ်ရင်းနဲ့ လှည့်ထွက်ကာလှေကားပေါ်ကိုတက်ဖို့လုပ်ပါတော့တယ်။

” မင်းက ဒီလိုမျိုးဆုံးဖြတ်ရမယ်လို့ ထင်နေတာလား ”

ယွီထုန်က ရုတ်တရက်ဆိုသလို ထရပ်ရင်းနဲ့ သူ့ရဲ့ညာဘက်လက်ကိုဆန့်လိုက်ပါတယ်။ သူ့ရဲ့ညာဘက်လက်မောင်းကြီးက ဟို့ယွိဟောင်ရဲ့ပုခုံးကို ဖမ်းလိုက်ပါပြီ။ ဒီညာဘက်လက်က စိတ်ကြိုက်ဆန့်ထုတ်လို့ရပုံပါပဲ။ နှစ်မီတာကျော်ကျော်အထိ ဆန့်ထုတ်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ပုခုံးကို သူကဖမ်းဆုပ်ထားပါတော့တယ်။

လန်ယာ့က ဒီတစ်ကြိမ်မှာတော့ ၀မ်ယန်ဆီကိုအကြည့်ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်ကို အသုံးပြုရင်း ၀မ်ယန်ဘာမှထပ်မလုပ်နိုင်အောင် ကာကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် ၀မ်ယန်က ဘာမှလုပ်ဖို့စိတ်ကူးမရှိအောင် အေးအေးဆေးဆေးဖြစ်နေတာကို သူမြင်လိုက်ရချိန်မှာတော့ ပိုလန့်သွားတော့တယ်။

ယွီထုန်ရဲ့လက်က ဟို့ယွိဟောင် ပုခုံးပေါ်ကျရောက်လာချိန်မှာပဲ ဟို့ယွိဟောင်က ပုခုံးကို တွန့်လိုက်ရင်း သူ့ရဲ့ချုပ်နှောင်မှုကနေ ချော်ထွက်လို့သွားပါတော့တယ်။

” လည်လိုက်တဲ့ကလေး ”

ယွီထုန်က ဟို့ယွိဟောင်ရဲ့ပုခုံးကို ကိုင်လိုက်ချိန်မှာ ကျောရိုးတစ်လျှောက်လုံးစိမ့်ချမ်းသွားခဲ့တဲ့အတွက် မျက်လုံးပြူးသွားပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ပုခုံးအပေါ်မှာ ရေခဲနဲ့လုပ်ထားတဲ့ သံချပ်ကာတစ်ခုပေါ်လာတာကို မြင်လိုက်ရပါပြီ။ ဒီအရာကရေခဲလိုတူပေမဲ့ အရမ်းကိုမာကျောပြီချော်ထွက်နေခဲ့တယ်။ ဒီလိုကြောင့်သာ မဟုတ်ရင် ဟို့ယွိဟောင်က သူ့လက်ထဲကနေ လွှင့်ထွက်သွားမှာမဟုတ်ပါဘူး။

” မင်းရဲ့၀ိညာဥ်ထောက်လှမ်းမှုကို ငါအပေါ်လာသုံးတာအလုပ်မဖြစ်ဘူး ”

လန်ယာ့က ပြောလိုက်ပါတော့တယ်။ မမြင်ရတဲ့ သဏ္ဍာန်မဲ့အင်အားတွေက သူ့ခေါင်းကြီးကနေထွက်ပေါ်လာခဲ့ပါပြီ။

သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဖန်သားတွေလိုကွဲကြေသွားမှန်း ဟို့ယွိဟောင်ခံစားလိုက်ရပါတော့တယ်။ အရှေ့ကိုငိုက်သွားခဲ့ရင်း နာကျင်မှုကြောင့် အော်ညီးလိုက်မိတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ ရန်သူရဲ့ကျူးကျော်မှုကြောင့် ချက်ချင်းဆိုသလို ပြင်းထန်တဲ့တုန့်ပြန်မှုတွေဆီ စတင်လာခဲ့ပါပြီ။ အသက်စွမ်းအားကို ထိန်းချုပ်ထားတဲ့ပုလဲက အသက်ရဲ့အစောင့်အရှောက်ပိုင်ဆိုင်တဲ့အရာပါ။ လန်ယာ့ရဲ့ စိတ်၀ိညာဥ်စွမ်းအားက ဟို့ယွိဟောင်ခေါင်းထဲ၀င်ရောက်လာပြီ သူစိတ်၀ိညာဥ်ပုလဲကို စတင်ခြိမ်းခြောက်ချိန်မှာပဲ ဟို့ယွိဟောင်က နဖူးကနေ တောက်ပတဲ့အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် လန်ယာ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကလဲ အပိုင်းပိုင်းဖြတ်ခံလိုက်ရပါပြီ။

လန်ယာ့လဲ ဒါကြောင့်လန့်သွားခဲ့ရပါတယ်။ ဟို့ယွိဟောင်ကို ထိခိုက်မိမှာစိုးလို့သူကအတော်လေး ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားခဲ့တာပါ။ ဒါ့အပြင် ဟို့ယွိဟောင် သူ့ကိုမခုခံနိုင်ဘူးလို့လဲ အသေအချာသိမြင်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်၀ိညာဥ်က နိုးထဖြစ်လောက်ပြီလို့ သူချက်ချင်းတွေးလိုက်မိတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မျိုးနွယ်ရဲ့ထူးခြားချက် အထောက်အကူတွေမရှိပဲနဲ့ လူတစ်ယောက်ကဘယ်လိုများ နိုးထနိုင်မှာလဲ။

သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ပိုထုတ်ဖို့ကြိုးစားချိန်မှာပဲ ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာက ယွီထုန်ရဲ့အရှေ့ကို ပေါ်လာပါတော့တယ်။ ညစ်ပေနေတဲ့လက်ညိုးတစ်ချောင်းက ယွီထုန်ရဲ့ကျောကိုဖိထားခဲ့တာပါ။

မှန်ပါတယ်။ ဒီလက်ချောင်းက ဝေ၀ါးတဲ့ပုံရိပ်တစ်ခုလိုဖြစ်ပေမဲ့ ယွီထုန် ခုန်ရှောင်ဖို့ကြိုးစားချိန်မှာ ဘယ်လိုမှခုန်ရှောင်လို့မရပါဘူး။

ယွီထုန်ရဲ့ညာဘက်လက်က ရုတ်တရက်ဆိုသလို ပြန်ကန်ထွက်လို့လာခဲ့ပြီ သူ့တစ်ကိုယ်လုံးကလဲ နောက်ကိုခြေနှစ်လှမ်းဆုတ်သွားခဲ့ရပါတော့တယ်။ သူ့ရဲ့ညာဘက်လက်မောင်းပေါ်မှာတော့ လက်ချောင်းရာကြီးက ကျန်ခဲ့ပါပြီ။ သူ့ကို ဖြူဖျော့လို့သွားစေခဲ့ပါတယ်။ သိုင်းပညာ၀ိညာဥ်ကို ထုတ်မသုံးရသေးပေမဲ့ သူ့ရဲ့ညာဘက်လက်ဆိုတာက သိုင်းပညာ၀ိညာဥ်ရဲ့ အရင်းအမြစ်ပါ။ ဒီလိုအခြေအနေမျိုးမှာတောင် သူ့ကိုဖိအားပေးနေတဲ့သူက သေချာပေါက် အရမ်းကိုအင်အားကြီးသူဖြစ်ပါလိမ့်မယ်။ ဒါကြောင့် နာကျင်မှုနဲ့ ထိတ်လန့်မှုကပိုပြီး မြင့်မားနေခဲ့ပါပြီ။

တခြားတစ်ဖက်မှာ လန်ယာ့ကလဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ပြန်သိမ်းလိုက်ပါတော့တယ်။ သူ့နဲ့သူညီနောင်ကို ဖိအားပေးနိုင်တဲ့လူက ဟို့ယွိဟောင်ရဲ့နောက်ကို ရောက်လာတာကြည့်ရင်း သူသတိကြီးကြီးထားနေခဲ့တယ်။

ဟို့ယွိဟောင်က ခုန်ရှောင်ချိန်မှာပြန်လှည့်လိုက်ပါပြီ။ တခဏတာတုန့်ဆိုင်းနေပြီတဲ့နောက် သူတအံ့တဩဖြစ်နေပါတော့တယ်။

” အကြီးအကဲရွှမ် ပြန်လာပြီလား ”

အခုပေါ်လာသူကတော့ တခြားသူမဟုတ်ပဲ အမျက်ဒေါသကျောင်းတော်ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အကြီးအကဲရွှမ်ပါပဲ။

အကြီးအကဲရွှမ်က အရင်လိုပုံစံအတိုင်းပေပွနေခဲ့တယ်။ သူ့ရဲ့ကြီးမားပြီ ဆီတွေပေနေတဲ့လက်ကြီးက အားလုံးရင်းနှီးနေတဲ့ကြက်ပေါင်တုံကြီးတွေကို ကိုင်ထားဆဲပါ။ အေးဆေးတည်ငြိမ်နေတဲ့သူ့ရဲ့အကြည့်က လှောင်ရယ်လိုစိတ်တွေလဲအပြည့်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် အရှေ့မှာရှိနေတဲ့လူနှစ်ယောက်ကို ကြည့်ရင်းနဲ့သာ စကားပြောလိုက်တယ်။

” မင်းတို့ရဲ့ ဒီလိုမဟုတ်တရမ်းတာ ပေါက်ကရစကားတွေနဲ့ ငါတို့ကိုဒီလိုလာပြောနေတာလုံး၀မသည်းခံနိုင်ဘူး…ဘယ်လိုကောင်တွေကများ အမျက်ဒေါသကျောင်းတော်ရဲ့ခေါင်းပေါ်ကိုတက်ပြီနင်းချင်နေတာလဲ မင်းတို့နှစ်ယောက်ကအတော်လေးတော်နေတယ်ဟုတ်လား ငါတို့ကျောင်းတော်ရဲ့ ကျောင်းသားကိုတောင် ဒီလိုမျိုးလာသွေးဆောင်၀ံ့တယ်ပေါ့ ”

” မင်းဘယ်သူလဲ ”

လန်ယာ့က ဒီနှစ်ယောက်မှာဦးဆောင်တဲ့သူဆိုတာသေချာနေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့အရှိန်အ၀ါက ပြောင်းသွားခဲ့ပါပြီ။ ခေါင်းကိုဗဟိုပြုရင်း ပတ်၀န်းကျင်လေထုအရှိန်အ၀ါက ချက်ချင်းဆိုသလို သူဖိအားကိုခံရပါတော့တယ်။ သူက အကြီးအကဲရွှမ်ကို ဦးတည်ရင်းဖိအားတွေကို ထုတ်လွှတ်နေတာပါ။ သိုင်းပညာ၀ိညာဥ်ကို မထုတ်လွှတ်ပဲနဲ့တောင် သူဒါမျိုးကိုလုပ်နိုင်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစကို ဘယ်လောက်ထိန်းချုပ်နိုင်သလဲဆိုတာ ကြည့်ရုံနဲ့သိသာနေခဲ့ပါပြီ။

” မင်းတို့က ခန္ဓာကိုယ်မျိုးနွယ်က ဒုတိယမျိုးဆက်လား တတိယမျိုးဆက်တွေလား မင်းတို့ခန္ဓာကိုယ်မျိုးနွယ်ရဲ့ အဘိုးကြီးတွေက ငါဒီမှာရှိနေတယ်ဆိုတာသိရင် ဘယ်ကောင်မှလာ၀ံ့မှာမဟုတ်ဘူး..မင်းတို့နှစ်ယောက်က အခုဒီလိုလုပ်၀ံ့နေသေးတယ်ပေါ့ ”

လန်ယာ့ရဲ့ခေါင်းပေါ်မှာရှိနေတဲ့အ၀ါရောင်ဆံပင်တွေက အမျှင်ထောင်တဲ့အထိ တုန်ခါလို့သွားပါတော့တယ်။ သူ့ရဲ့အရှိန်အ၀ါကလဲ ပြန်လည်ကျဆင်းလို့သွားခဲ့ပါပြီ။ ဒါကြောင့် အထိတ်တလန့်နဲ့မေးပါတော့တယ်။

” ပင်လယ်နတ်ဘုရားခန်းမဆောင်ကလူလား ”

” ပင်လယ်နတ်ဘုရားခန်းမဆောင်အကြောင်းသိပြီဆိုမှတော့ မင်းတို့ထွက်သွားတာ ကောင်းလိမ့်မယ် ”

အကြီးအကဲရွှမ်က ပြန်ဖြေပါတယ်။

” အဲ့ဒီအဘိုးကြီးတွေရဲ့မျက်နှာကို ထောက်ထားတဲ့အနေနဲ့ မင်းတို့ကို ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီ ငါဗွေမယူတေ့ဘူး…ဒါတောင်မှမထွက်သွားသေးဘူးဆိုရင်တော့ လူငယ်တွေကိုအနိုင်ကျင့်တယ်လို့ အဘိုးကြီးထင်မှာပဲ စိုးရိမ်မိတယ် ”

ယွီထုန်ရဲ့ ညာဘက်လက်တစ်ခုလုံးက နာကျင်နေတာပါ။ ဒါကြောင့် သူဒေါသတကြီးနဲ့ပြောပါတော့တယ်။

” ငါတို့ကိုစကားတွေနဲ့လာခြိမ်းခြောက်လို့ရမယ်ထင်မနေနဲ့ ငါတို့ကိုသက်သေပြစမ်း ”

သူပြောပြီတဲ့နောက် သူ့ရဲ့ညာဘက်လက်က နောက်တစ်ကြိမ်ပြန်ပြီ ဆန့်ထွက်လာပါတော့တယ်။ ဘောလုံးကြီးတစ်လုံးလို ဖောင်ကြွလာပြီတဲ့နောက် သူ့ရဲ့၀ိညာဥ်စက်ကွင်းရှစ်ကွင်းက ပေါ်လာခဲ့ပါပြီ။

ငါးခုမြောက်၀ိညာဥ်စက်ကွင်းကစလို့ ကျန်တဲ့စက်ကွင်းတွေက အနက်ရောင်တွေပါ။ ဒါကြောင့် ခရမ်းရောင်လေးခုနဲ့ အနက်ရောင်လေးခုအတိရှိနေခဲ့ပါတယ်။ ကြောက်စရာကောင်းလွန်လှတဲ့ တိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆိုင်လို့မကပဲ သန်မာ၀ိညာဥ်ပညာရှင်တွေကလဲ အများကြီးများပြားလို့နေခဲ့တယ်။

အကြီးအကဲရွှမ်ကတော့ မမြင်တဲ့အတိုင်းပါပဲ။ ယွီထုန်သူ့ရဲ့လက်မောင်းကို ဆန့်ထုတ်လိုက်ချိန်မှာတော့ တစ်စုံတစ်ရာကသူ့ကို ရပ်တန့်​လိုက်ပါတော့တယ်။ အဲ့ဒီနေရာမှာ တောက်တောက်ကြီးရှိနေခဲ့ပြီ မျက်လုံးတွေထဲမှာတော့ အကြောက်တရားအပြည့်ပါပဲ။

ပါးစပ်ထဲမှာတော့ ကြက်ပေါင်က ဆို့ထားခံရပြီ ကြက်ရိုးကလဲ လည်ချောင်းကိုလာထောက်နေခဲ့ပါတယ်။ အကယ်၍ နည်းနည်းသာအားထည့်မယ်ဆိုရင် အဲ့ဒီကြက်ရိုးကသူလည်ချောင်းကို ဖောက်ထွက်သွားမှာပါ။ ဒါ့အပြင် သူပါးစပ်ထဲ၀င်လာခဲ့တဲ့ ဒီကြက်ရိုးကလဲ ရှိရှိသမျှသွားတွေအားလုံးကို ကျိုးသွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာကတော့ နှုတ်ခမ်းတွေကအတင်းအကြပ်ဖွင့်ထားခံရပြီ သွားတွေအားလုံးကို ကြက်ပေါက်တစ်ချောင်းကတိုက်ပြီချိုးသွားတာကို ခံလိုက်ရပါတယ်။

လန်ယာ့ကသူ့ကိုအချိန်မီတောင် မကူညီနိုင်ခဲ့ပါဘူး။ အကြီးအကဲရွှမ်က တအားကိုမြန်နေခဲ့ပါတယ်။ အကယ်၍ ယွီထုန်သာ သူ့ရဲ့အပြုအမူက ဒီထက်ပိုပြီးရဲ၀ံ့ခဲ့မယ်ဆိုရင် အကြီးအကဲရွှမ်ကို ထိမိကောင်းထိမိမှာပါ။ ဒါပေမယ့် အဲ့ဒီကြက်ပေါင်က အတော်ကို သေလုမတတ်ဖြစ်သွားစေခဲ့ပါတယ်။ ဒါကြောင့်သာ သူမလှုပ်ရှားနိုင်တော့ပါဘူး။ အဲ့ဒီနေရာကြီးထဲမှာသာ ကြောက်ကြောက်လန့်လန့်နဲ့ ရပ်နေခဲ့ပါတယ်။

လန်ယာ့က လက်ရှိအချိန်မှာ သံသယမရှိတော့ပါဘူး။

” မင်းကပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ထျောင်ထျဲ့လား ”

အကြီးအကဲရွှမ်က သူ့ကိုတစ်ချက်သာကြည့်လိုက်ပါတယ်။

” ထွက်သွားစမ်း ငါက အခုအချိန်အထိ ကောင်းကောင်းအိပ်နိုင်စားန်ိုင်သောက်နိုင်တုန်းလို့ မင်းတို့ရဲ့အဘိုးကြီးဆီကို ခေါ်လိုက် ”

” ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…အကြီးအကဲ ”

ဒီတစ်ကြိမ်မှာတော့ လန်ယာ့က ရိုးရိုးသေသေ လေးလေးစားစားဖြစ်သွားခဲ့ပါပြီ။ ယွီထုန်ရဲ့ကျောကိုရိုက်ချလိုက်တဲ့အချိန်မှာတော့ သွားအကျိုးတွေနဲ့ ကြက်ပေါင်တုံကို ထွေးထုတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် နှစ်ယောက်စလုံးက လှည့်ထွက်လို့သွားခဲ့ပါပြီ။

ထွက်သွားတဲ့သူတွေကိုကြည့်ရင်း ဟို့ယွိဟောင်က အကြီးအကဲရွှမ်ကို ခပ်မြန်မြန်ပဲ ကျေးဇူးတင်ပါတော့တယ်။ အကြီးအကဲရွှမ်ကတော့ လက်ဝှေ့ရမ်းရင်း ပြောလိုက်တယ်။

” မင်းကအမျက်ဒေါသကျောင်းတော်ရဲ့ လူတစ်ယောက်ပဲလေ မင်းကိုထိခိုက်အောင်လုပ်၀ံ့တဲ့ဘယ်သူမဆို ငါတို့ကျောင်းတော်ကို လာစိန်ခေါ်တာအတူတူပါပဲ အရင်ပြန်ပြီ လေ့ကျင့်အနားယူလိုက်ဦး တစ်စက္ကန့်ကိုမှ အလာဟာသမဖြစ်စေနဲ့ ငါက မင်းတို့ရဲ့နောက်ဆုံးပြိုင်ပွဲကိုကြည့်နေမှာ ”

ဟို့ယွိဟောင်လဲ တအံ့တဩခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် လှေကားထစ်တွေဖက်ကို ပြန်တက်သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ အမျက်ဒေါသကျောင်းတော်ရဲ့ လူတွေကလဲ လှေကားကနေဆင်းလာခဲ့ပါတော့တယ်။ မာရှောင်ထောင့်က ဦးဆောင်လာခဲ့ပြီ သူကခုန်ဆင်းလာခဲ့တာပါ။

” ဒီကောင်တွေဘယ်မှာလဲ ငါမောင်လေးကို အနိုင်ကျင့်၀ံ့တဲ့ဘယ်ကောင်မဆို အသားကင်ဖြစ်အောင် ကင်ပြစ်မယ် ”

မာရှောင်ထောင့်က သူ့ရဲ့ပုံစံပုံမှန်ကိုထုတ်ဖော်နေခဲ့ပါပြီ။ အကြီးအကဲရွှမ်ကို မြင်ချိန်မှာတော့ သူရပ်တန့်သွားပါတော့တယ်။ သူအော်နေတာလဲ ရပ်သွားခဲ့သလို အကြီးအကဲရွှမ်ကို လေးစားတဲ့ပုံစံပြန်ဖြစ်နေခဲ့တယ်။ အကြီးအကဲရွှမ်ကတော့ ရယ်မောရင်းနဲ့သာ ပြောလာခဲ့ပါတယ်။

” မင်းတို့အားလုံးပြန်ပြီနားကြတော့ ဒီကိစ္စကိုငါကိုင်တွယ်လိုက်မယ် ”

” ကောင်းပါပြီ ”

မာရှောင်ထောင့်က ဟို့ယွိဟောင်ကို ဆွဲခေါ်ရင်းထွက်သွားပါတော့တယ်။ သူမရဲ့ အပြုအမူက ကြက်သားပေါက်ကလေးကို ကာကွယ်နေတဲ့ကြက်အမေကြီးလိုပါပဲ။ တခြားသူတွေကလဲ ဒီလိုပုံစံကိုမြင်ချိန်မှာတော့ စိတ်မထိန်းနိုင်ပဲ တီးတိုးအတင်းတုတ်ကြပါတော့တယ်။

ကျောင်းသားတွေအားလုံးထွက်ခွာသွားချိန်မှာတော့ ၀မ်ယန်ကကျန်နေဆဲပါ။

” အကြီးအကဲရွှမ် ခန္ဓာကိုယ်မျိုးနွယ်က ”

” သူတို့က ပြဿနာများတယ် ”

အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။

” အကယ်၍ ငါတို့သာဒါကိုကြိုသိခဲ့မယ်ဆိုရင် အဲ့ဒီကလေးကို ယှဥ်ပြိုင်ခွင့်မပြုသင့်ဘူး…ခန္ဓာကိုယ်မျိုးနွယ်ရဲ့ အဘိုးကြီးက အင်အားကြီးရုံတင်မကပဲ ကြောက်စရာလဲကောင်းသေးတယ်..ဒီကိစ္စကလွယ်လွယ်လေး ပြီးသွားမယ်လို့ ငါတော့မထင်ဘူး…ဒါပေမယ့် ငါတို့ကိုလာစမ်း၀ံ့ရင် အမျက်ဒေါသကျောင်းတော်က ဘယ်လိုအစွမ်းအစရှိလဲ ထုတ်ပြရမှာပေါ့ ပြိုင်ပွဲပြီးတာနဲ့ ငါတို့ချက်ချင်းပြန်မယ်…တကယ်တော့ အဓိကဗိုလ်ခုပွဲမပြီးခင် ငါပြန်သင့်တာ သူနည်းနည်းလေးလှုပ်ရှားတာနှေးလိမ့်မယ်လို့ မျှော်လင့်ခဲ့မိပေမဲ့ ဒီကောင်က လုံး၀ကို ခန့်မှန်းလို့မရပဲ စိတ်ရှိတိုင်းလုပ်နေတာပဲ ယွိဟောင်က ခန္ဓာကိုယ်၀ိညာဥ်ကို ပိုင်ဆိုင်ထားပြီဆိုမှတော့ သူ့ကိုဘာမဆိုလုပ်လို့ရတယ်လို့ပြောနေတာနဲ့အတူတူပဲ ဒီအဘိုးကြီးကတော့လေ ငါထက်အနှစ်သုံးဆယ်လောက်ကြီးပြီ ဘာကြောင့်အခုအထိမသေသေးတာလဲ ဒီကိစ္စကို ဒီနေရာမှာပဲကိုင်တွယ်မှဖြစ်မယ်..နောက်ထပ်အပျက်အစီးအများကြီး ရှိစေလို့မရဘူး နားလည်လား ”

၀မ်ယန်လဲ ခေါင်းညိတ်လိုက်ပါတယ်။

” ဘာဖြစ်တယ် ခန္ဓာကိုယ်မျိုးနွယ်လား ”

ဟို့ယွိဟောင်ကို အခန်းထဲခေါ်လာရင်း မာရှောင်ထောင့်က အထိတ်တလန့်ပြောမိပါတော့တယ်။ ဟို့ယွိဟောင်က အမှန်တရားကို ဖုံးကွယ်မထားခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ လူတွေအားလုံးလဲ အခန်းထဲမှာရှိနေခဲ့ပါတယ်။ ဒီအကြောင်းကိုကြားချိန်မှာတော့ အားလုံးကမျက်လုံးအပြူးသားဖြစ်နေခဲ့ပါပြီ။ မာရှောင်ထောင့်အပါအ၀င် လူတိုင်းနီးပါးက ထိတ်လန့်နေခဲ့ကြပါတော့တယ်။

အပိုင်း ၁၁၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset