Chapter – 5.4 ” ပထမဆုံး အကြည့်တစ်ချက် ”
°°°
ထန်ယာ့က ခပ်တိုးတိုး ပြောလာခဲ့ပါတယ်။
” ကျေးဇူးပဲ ”
ပေ့ပေ့ကတော့ ရယ်မောရင်းနဲ့ ပြန်မေးလိုက်တယ်။
” ဘာကြောင့်များလဲ ပုံမှန်ဆိုရင် ဒီလိုစကားမျိုး ဘယ်တုန်းကမှ မပြောဘူးမဟုတ်လား ငါတို့ရဲ့ ဆရာတူညီလေးကြောင့် ဒီလိုကျေးဇူးတင်နေတာလား အချစ်မှာပြိုင်ဘက်မရှိချင်ဘူးနော် ”
ထန်ယာ့က သူ့ကို မကျေမနပ်နဲ့ ထုလိုက်ရင်း ပြောလာခဲ့ပါတယ်။
” ဘာကြောင့် ကျေးဇူးတင်နေလဲ သိရဲ့သားနဲ့ ရူးချင်ယောင်ဆောင်မနေနဲ့တော့ ”
ပေ့ပေ့က ထန်ယာ့ကို အေးအေးဆေးဆေး ဆွဲဖက်လိုက်ရင်းနဲ့ ပြောလာခဲ့တယ်။
” ရှောင်ယာ့ ငါ၀န်ခံပါတယ် ထန်မျိုးနွယ်ထဲ ငါပထမဆုံး၀င်ဖို့အတွက် သဘောတူခဲ့တုန်းက မင်းကို မြင်မြင်ချင် သဘောကျမိသွားလို့ဆိုတဲ့ အကြောင်းအရင်းကြောင့်ပါပဲ ဒါပေမယ့် ထန်မျိုးနွယ်ရဲ့ နည်းလမ်းတွေကို ငါစတင်အသုံးချပြီတဲ့နောက် ထန်မျိုးနွယ်က ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်းခိုင်မာနေလဲဆိုတာကို ပိုပိုပြီး နားလည်းသဘောပေါက်လာခဲ့တယ်….လက်ရှိအချိန်မှာ ထန်မျိုးနွယ်က ကျဆင်းလာနေပြီဖြစ်ပေမဲ့ အကယ်၍ ငါတို့သာ ပြန်ပြီး တိုးတက်စည်ပင်အောင် လုပ်နိုင်မယ်ဆိုရင် အမြင့်ဆုံးနေရာအထိ ရောက်အောင်ပြန်တွန်းတင်နိုင်မယ်မဟုတ်လား ငါတို့ရဲ့ ထန်မျိုးနွယ်အတွက် ဒီကိစ္စတွေကို လုပ်နေတာ မင်းတစ်ယောက်ထဲအတွက်မဟုတ်ဘူး ”
ထန်ယာ့က မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ရင်း ပြောလာခဲ့ပါတယ်။
” ဒါဆိုရင် ငါနင့်ကို မကြိုက်တော့ရင်းတောင် ထန်မျိုးနွယ်အတွက် ဆက်ပြီးကြိုးစားနေဦးမယ်လို့ ပြောချင်တာလား ”
ပေ့ပေ့ရဲ့အမူအရာက လုံး၀ကို ပြောင်းလဲသွားပါတော့တယ်။ သူစိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့တယ်။
” ကျေးဇူးပြုပြီး နည်းနည်းပါးပါး ပုံမှန်လေးဘာလေးနေပါဦး ”
ထန်ယာ့ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။
” အမြဲတမ်းဂုဏ်ကျက်သရေရှိတဲ့ ဆရာကြီးပုံစံနဲ့ နေနေရတာ မပျင်းဘူးလား ဒီလိုမျိုး လွတ်လွတ်လပ်လပ်လဲ နေပါဦး ”
ပေ့ပေ့ကတော့ သူမရဲ့နဖူးကို လက်ဆစ်နဲ့ တောက်ချလိုက်ပါတယ်။
” ဒါကို လူကြီးလူကောင်းဆန်တယ်လို့ ခေါ်တယ်လေ လူတိုင်းက မင်းကို သဘောကျနေတယ်လို့ မထင်နဲ့ အမြဲတမ်းအတွေးတွေကို မျက်နှာပေါ်မှာ ဖော်ပြထားတာပဲ ”
ထန်ယာ့က ပေ့ပေ့ရဲ့ လက်ကောက်၀တ်ကိုဆွဲရင်း မတရားစွပ်ဆွဲခံရတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်။
” နောက်ထပ် နဖူးကို တောက်ခွင့်မပြုနိုင်ဘူး…ဒါက ဆရာကို လုံး၀ကို မရိုမသေလုပ်နေတာပဲ ဪ ဟုတ်သား ယွိဟောင်က ကျောင်းမှာနောက်ဆုံးအချိန်အထိ နေနိုင်မယ်လို့ ထင်လား ”
ပေ့ပေ့က ခေါင်းခါရင်း ပြောလာခဲ့တယ်။
” ပြောဖို့တော့ ခက်မယ် ဒါကသူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည်မှာပဲ….ငါပြောနိုင်တဲ့ တစ်ခုတည်သောအရာကတော့ အကယ်၍ သူသာ ဆယ့်နှစ်နှစ်လုံးလုံး ကျောင်းတော်မှာနေနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့အနာဂတ်အောင်မြင်နိုင်ဖို့က ငါထက်တောင်ပိုပြီး သာလွန်လိမ့်မယ် ”
ထန်ယာ့က မျက်လုံးပြူးသွားခဲ့ပါတယ်။
” ယွိဟောင်ကို ဒီလောက်အထိ မြင့်မြင့်မှန်ထားမယ်လို့ ထင်တောင်မထင်ခဲ့မိဘူး ”
ပေ့ပေ့က ပြုံးပြရင်း ပြန်ဖြေလာခဲ့တယ်။
” ငါ့ရဲ့ဆရာတူညီလေးက ပြိုင်ဘက်ကင်းနဲ့ ပုံစံပြောင်းသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး တခြားထူးခြားတာတွေလဲ ရှိနေသေးတယ်…ဥပမာအားဖြင့်ပြောပြရင်း နားလည်မှာပါ..စိတ်၀ိညာဥ်ရှာဖွေမျှဝေတဲ့ နည်းလမ်းကို သူပထမဆုံးသုံးခဲ့တဲ့အချိန်နဲ့ ဒုတိယမြောက်သုံးတဲ့အချိန်မှာတောင် ကွာခြားချက်တွေက ရှိနေပြီး ဒီပညာရပ်ကို သူ အများကြီးမတွက်ကြမ်းသေးဘူးလို့ ကြည့်ရုံနဲ့သိနိုင်တာပဲ ဒါ့အပြင် အဲ့ဒီလိုမျိုး စစချင်သုံးတဲ့အချိန်မှာတောင် ငါတို့ရဲ့စွမ်းအားကို အများကြီးတိုးမြင့်စေနိုင်တယ်မဟုတ်လား ဒါ့အပြင် သူပြောတာအမှန်ပဲ ဒီစွမ်းရည်က နောက်ထပ်အဆင့် ဆက်တက်နိုင်တယ်…သူ့ရဲ့အနာဂတ်၀ိညာဥ်စွမ်းရည်တွေအားလုံးက ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် သူက ထိန်းချုပ်ရေးစိတ်၀ိညာဥ်ပညာရှင်တွေထဲမှာ သေချာပေါက် ထိပ်ဆုံးကို ရောက်သွားလိမ့်မယ် ”
ထန်ယာ့က ပြောလာခဲ့တယ်။
” အခုအချိန်မှာ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ စွမ်းရည်မရှိသေးဘူး…သင့်တော်တဲ့အခြေအနေတစ်ခု မရောက်ခင်အထိ ဒီအတိုင်းပဲ ရှိနေဦးမယ်နဲ့တူတယ် ”
ပေ့ပေ့က ပြန်ဖြေလာခဲ့တယ်။
” မဟုတ်သေးဘူး အခုအချိန်မှာ သူ့ကိုယ်သူ ကာကွယ်ဖို့ မလိုဘူးလေ အကယ်၍ သူအခုလက်ရှိမှာသုံးနေတဲ့ စွမ်းရည်တွေကို ဆက်ပြီးတော့ အသုံးပြုနေမယ်ဆိုရင်တောင် သူ့ဘေးနားမှာ အပေါင်းအဖော်ဆိုတာ လုံး၀ရှားပါးမှာ မဟုတ်ဘူး ”
ဟို့ယွိဟောင်ရဲ့ ကျင့်ကြံတဲ့အချိန်က ထန်ယာ့နဲ့ ပေ့ပေ့ ထင်ထားတာထက်ကို ကြာမြင့်ခဲ့ပါတယ်။ နေ့လည်ခင်းအထိကို ရောက်ရှိလို့သွားခဲ့တယ်။ ဒီအချိန်အတိုအတွင်းမှာ ပေ့ပေ့ကတော့ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ပတ်သက်တဲ့ လမ်းကြောင်းတွေကို အမြဲတမ်းစစ်ဆေးပေးနေခဲ့ပါတယ်။ ဒါပေမယ့် လမ်းကြောင်းသွေဖယ်သွားတာမျိုး လုံး၀မရှိခဲ့ပါဘူး။ ဟို့ယွိဟောင်က ဒီတစ်ခေါက်မှာ လုံး၀ကို စိတ်နစ်ပြီး လေးလေးနက်နက် အာရုံစိုက်ထားခဲ့တာကြောင့် ဘာမှမမှားယွင်းပဲ ရှိနေခဲ့ပါတယ်။
ဟို့ယွိဟောင် နိုးလာပြီတဲ့နောက် အစာတစ်ချို့စားပြီ သူတို့သုံးယောက်အရှေ့ဘက်ကို စတင် ခရီးထွက်ခွာပါတော့တယ်။
ကြယ်တာရာလော့အင်ပါယာကြီးရဲ့ နယ်မြေထဲမှာ မဟာကြယ်တာရာသစ်တောက တည်ရှိနေခဲ့တာပါ။ ဒါ့အပြင် တစ်ချို့တစ်၀က်နယ်မြေကတော့ ထန်ဟွမ်အင်ပါယာရဲ့ နယ်မြေထဲမှာလဲ ရှိနေခဲ့ပါသေးတယ်။ တခြားတစ်ဖက်မှာ အမျက်ဒေါသကျောင်းတော်ကတော့ ကြယ်တာရာသစ်တောရဲ့ အနောက်မြောက်အရပ်မှာ ရှိနေတယ်။ သိပ်ပြီးဝေးကွာတယ်လို့ သတ်မှတ်လို့မရနိုင်ခဲ့ပါဘူး။
ထန်ယာ့ရဲ့ ပေ့ပေ့ နှစ်ယောက်က မဟာကြယ်တာရာ သစ်တောထဲကို တောင်ဘက်ကနေ ၀င်ရောက်ရတာက အဲ့ဒီနေရာမှာ သန်မာတဲ့ သားရဲကောင်အတော်လေး နည်းပါးလို့ပါပဲ။
ကြယ်တာရာသစ်တောထဲကို ကျောင်းသားတွေက မကြာခဏ၀င်ရောက်ပြီး ၀ိညာဥ်သားရဲကောင်တွေကို သတ်တာကြောင့် အဲ့ဒီနေရာကို ၀ိညာဥ်သားရဲကောင်ပညာရှင်ကြီးတွေက အတော်ကို မုန်းတီးနေကြပါတယ်။ ဒါကြောင့် သစ်တောထဲမှာ သူတို့က အဓိကနေထိုင်ကြပြီး သားရဲကောင်လှိုင်းတွေကို ဖန်တီးရင်း အမျက်ဒေါသကျောင်းတော်ကို အမြဲတမ်းတိုက်ခိုက်ကြတယ်။
ဒါကြောင့်သာ ကျောင်းတော်ထဲမှာရှိတဲ့ ၀ိညာဥ်ဘုရင်အဆင့် အောက်ကကျင့်ကြံသူတွေအားလုံးသစ်တောရဲ့ ၀င်ပေါက်ကို သွားခွင့်ပိတ်ပင်ခံထားရတာပါပဲ။ အကယ်၍ ၀ိညာဥ်ဘုရင်ပညာရှင်ဖြစ်နေခဲ့မယ်ဆိုရင်တောင် အထဲကို၀င်ရောက်ဖို့ဆရာတစ်ယောက် လိုအပ်ပါတယ်။ သူတို့သုံးယောက် အမျက်ဒေါသကျောင်းတော်ဆီကို အမြန်ခရီးဆက်ပြီးသွားနေခဲ့ပေမဲ့ အရှိန်နှုန်းက သိပ်ပြီး မတိုးတက်လာခဲ့ပါဘူး။ ကျောင်းတော်ကိုရောက်ဖို့အတွက် သစ်တောကြီးကို ကွေ့ပတ်ပြီးသွားနေခဲ့ရတာကြောင့် အနည်းဆုံး မိုင်တစ်ထောင်လောက်ခရီးဆက်ဖို့ လိုပါတယ်။
ဒီခရီးတစ်လျှောက်မှာ ထန်ယာ့နဲ့ ပေ့ပေ့ကတော့ ဟို့ယွိဟောင်ကို ဆက်တိုက်ဆိုသလို သင်ကြားပြသပေးနေခဲ့တယ်။ ဟို့ယွိဟောင် အများဆုံးနားလည်တဲ့ နည်းလမ်းနှစ်ခုကတော့ ထူးဆန်းကောင်းကင်နည်းလမ်းနဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးတို့ပါပဲ။ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးသရဲအရိပ်ခြေရာနဲ့ ထူးဆန်းကျောက်စိမ်းလက်နည်းလမ်းတွေကိုတော့ နားလည်ခါစရှိပါသေးတယ်။
ဟို့ယွိဟောင်ရဲ့ လုံလ၀ီရိယက ထန်ယာ့နဲ့ ပေ့ပေ့နှစ်ယောက်ကို အတော်လေးအံ့အားသင့်သွားစေခဲ့ပါတယ်။ အသက်ဆယ့်တစ်နှစ်သာ ရှိသေးပေမဲ့ သူက လမ်းတစ်လျှောက်လုံး တစ်စက်လေးမှကို မနားခဲ့ပါဘူး။ ပေ့ပေ့က သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီး ၀ိညာဥ်စွမ်းအားကို တိုးတက်ဖို့နည်းလမ်းတွေလဲ လမ်းညွှန်ပေးခဲ့ပါတယ်။ ဟို့ယွိဟောင်က လမ်းတစ်လျှောက်လုံးမှာလဲ စိတ်၀ိညာဥ်စူးစမ်းရှာဖွေမျှဝေကို အသုံးပြုရင်း ကြာချိန်ကို တတ်နိုင်သလောက်ဆွဲဆန့်နိုင်ဖို့အတွက် လုပ်နေခဲ့တယ်။ ဒါ့အပြင် သူ့အနားယူဖို့လုပ်ချိန်မှာလဲ ထူးဆန်းကောင်းကင်နည်းလမ်းကို ဆက်တိုက်ကျင့်ကြံပါတယ်။ လမ်းခရီးတစ်လျှောက်မှာ ၀ိညာဥ်စွမ်းရည်ရော တခြားစွမ်းရည်တွေကိုပါ ဆက်တိုက်ဆိုသလို လေ့ကျင့်လို့နေခဲ့တယ်။
ထူးဆန်းကောင်းကင်နည်းလမ်းကို ဆက်တိုက်သူကျင့်ကြံနေခဲ့တာကြောင့် အမျက်ဒေါသကျောင်းတော်ကိုသွားတဲ့ခရီးလမ်းက သိသိသာသာကို အရှိန်လျော့သွားခဲ့ပါတယ်။ ဒါပေမယ့် ပေ့ပေ့နဲ့ ထန်ယာ့တို့ကတော့ သူ့ကိုဖိအားမပေးခဲ့ပဲ ကျင့်ကြံတဲ့ဥစ္စာကို ပိုပြီး ဦးစားပေးနေခဲ့တယ်။
” ရှောင်ယာ့ မင်းရဲ့ ပါရမီနဲ့ဆိုရင် ငါညီငယ်လေးလောက်သာကြိုးစားလို့ကတော့ သေချာပေါက် ငါထက်သာနေတာ ကြာလောက်ပြီ ”
ပေ့ပေ့က ဟို့ယွိဟောင်ကိုကြည့်ရင်း ရှောင်ယာ့ကို ပြောလိုက်ပါတယ်။
ရှောက်ယာ့ကတော့ ပြုံးသာပြုံးနေခဲ့တယ်။
” နင်တောင်မှဒီလောက်လုံလ၀ီရိယရှိလို့လား ယွိဟောင်တောင် နင်နဲ့ မယှဥ်နိုင်ဘူးဆိုရင် ငါက ဘယ်လိုလုပ် ယှဥ်လို့ရမှာလဲ ဒါပေမယ့် သူကြည့်ရတာ စိတ်ထဲမှာ တစ်ခုခုဖုံးကွယ်ထားပုံရတယ်.. အဲ့ဒီလျှို့၀ှက်ချက်ကပဲ သူ့ကို ဒီလောက်ကြိုးစားလာအောင် တွန်းပို့ပေးနေတာ ဒါပေမယ့် ဒီလိုကိစ္စက ကောင်းတဲ့အရာလား ဆိုးတဲ့အရာလားဆိုတာတော့ ငါလဲ မသိတော့ဘူး ”
ပေ့ပေ့ကတော့ ပြုံးရင်းနဲ့သာ ပြောလာခဲ့ပါတယ်။
” ပစ်မှတ်တစ်ခုရှိတာက ဆိုးတဲ့ကိစ္စမဟုတ်ဘူးလေ ဒါ့အပြင် သူ့ကငယ်သေးတယ်…ဒီတော့ ငါတို့တွေသာ သူ့ကိုလျှို့၀ှက်ပြီး လွှမ်းမိုးထားနိုင်မယ်ဆိုရင် ငါတို့ကိုနောက်ဆုံးမှာ ဖွင့်ဟပြောပြလာမှာပဲ လက်ရှိအချိန်မှာ သူ့အတွက်အရေးကြီးဆုံးအရာက အသက်နှစ်ဆယ်မပြည့်ခင် အဆင့်သုံးဆယ်ကို ဖြတ်ကျော်၀င်ရောက်နိုင်ဖို့ဆိုပဲ ”
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က သူ့ရဲ့ စွမ်းအင်အရင်းအမြစ်တွေကို နိုးထပြီးပါပြီ အဖြူရောင်လေတစ်ချို့က ပါးစပ်နဲ့ နှာခေါင်းတစ်၀ိုက်မှာ ရစ်၀ဲနေရင်း မျက်လုံးထဲမှာတော့ ရွှေရောင်အလင်းတန်းတွေက ဆက်တိုက်ဆိုသလို တစ်ဖျတ်ဖျတ်ပြေးနေခဲ့ပါတယ်။ သူ့ရဲ့ စိတ်၀ိညာဥ်မျက်၀န်းတွေကတော့ ပိုလို့စူးရှထက်မြက်လာခဲ့ပါပြီ။
ဟို့ယွိဟောင် ဒီလောက်အထိ လုံလ၀ီရိယနဲ့ ကျင့်ကြံနေရတဲ့ အကြောင်းအရင်းက ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်လာချင်လို့ပါပဲ။ ဒါ့အပြင် လက်ရှိအချိန်မှာ အတွေ့အကြုံအသစ်အသစ်တွေက ဆက်တိုက်ဆိုသလို နားလည်သဘောပေါက်လာနေခဲ့တာကြောင့်လဲပါပါတယ်။
ပေ့ပေ့နဲ့ ထန်ယာ့တို့ရဲ့ အကူအညီကြောင့် သူ့ရဲ့ ခန္ဓာကိုယ်က အတော်အတန်ကို တိုးတက်လာခဲ့ပါပြီး ထူးဆန်းကောင်းကင်နည်းလမ်းက တကယ်ကို ထူးခြားတဲ့ နည်းလမ်းပါပဲ။ လေးနက်တိတိ ခရီးသွားရင်း ဆက်တိုက်ကျင့်ကြံနေခဲ့တာကြောင့် သူ့ရဲ့ခန္ဓာကိုယ်စွမ်းအားအပြောင်းအလဲကလဲ အတော်ကို ကောင်းမွန်လာခဲ့ပါတယ်။ အစောပိုင်းတုန်းက ခန္ဓာကိုယ်ထဲမှာရှိနေခဲ့တဲ့ မသန့်စင်သမျှ ဗရမ်းဗတာဖြစ်နေတဲ့ စွမ်းအင်တွေအားလုံးက အတော်ကြီးကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ သူကျင့်ကြံလို့ပြီးပြီချင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးက နွေးထွေးလို့သွားခဲ့ပြီး စကားနဲ့မဖော်ပြနိုင်လောက်အောင် သက်သောက်သက်သာ ရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အိပ်စက်တာထက်ကို ပိုကောင်းတဲ့ လန်းဆန်းမှုကို ရရှိခဲ့တယ်။
သူ့ရဲ့၀ိညာဥ်စွမ်းအားက ဒီလောက်အထိ မတိုးတက်လာသေးပေမဲ့ အပြောင်းအလဲတွေကိုတော့ ခံစားမိခဲ့ပါတယ်။ ဒီလိုအရည်အသွေးပြောင်းလဲမှုက သူ့ရဲ့ ၀ိညာဥ်စွမ်းအားကိုလဲ သန့်စင်တဲ့၀ိညာဥ်စွမ်းအားအဖြစ် ရောက်ရှိစေခဲ့တယ်။
ပထမဆုံးအနေနဲ့ ဘ၀မှာဒီလောက်အထိ သိသာထင်ရှားတဲ့ တိုးတက်မှုမျိုးကို ရရှိခဲ့တာလဲ ဖြစ်နေခဲ့တယ်။ ဘယ်လိုလုပ်လုံလထုတ်ပြီး မကြိုးစား၀ံ့ပဲရှိနေမှာလဲ။
” ယွိဟောင် မင်းလောက်အထိ အမြဲတမ်းကြိုးစားနေဖို့မလိုဘူးလေ လိုအပ်တဲ့အချိန်မှာ နားသင့်တယ်မဟုတ်လား မဟုတ်ရင် ကြာလာတာနဲ့ လူတစ်ကိုယ်လုံး ထုံထိုင်သွားလိမ့်မယ် ”
ထန်ယာ့က လေးလေးနက်နက် ပြောလာခဲ့ပါတယ်။
” နားထောင်ပါ့မယ် ဆရာရှောင်ယာ့ ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်တယ်။
ထန်ယာ့ကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” အရမ်းကြီးရိုးသားပြီး နာခံမနေနဲ့လေ အဲ့ဒါအရမ်းပျင်းစရာကောင်းလွန်တယ်မဟုတ်လား သွားကြစို့ ငါတို့တွေ ကျောင်းကိုရောက်တော့မယ်….လွန်ခဲ့တဲ့နှစ်တွေမှာ အရမ်းကို စိတ်နှစ်ပြီးကျင့်ကြံနေတာကြောင့် သိသင့်တဲ့ကိစ္စတစ်ချို့ကို မပြောပြရသေးဘူး….အခုနားလိုက်တာ အတော်ပဲ နည်းနည်းပါးပါး စိတ်အေးလက်အေးထားပြီး နားထောင်သင့်တာကို နားထောင်ရမယ် ”
အပိုင်း ၅•၄ ပြီး၏။