အပိုင်း ၁၁၀•၂
” ဒုတိယမြောက် ပေါင်းစည်းစွမ်းရည် ”
°°°
ဒါပေမယ့် မာရှောင်ထောင့်ကတော့ သူမရဲ့အခွင့်အရေးက ဒီလောက်မြန်မြန်ရောက်ရှိလာမယ်လို့ မထင်ထားခဲ့ပါဘူး။ ကြယ်တာရာအတားအဆီးပျက်စီးသွားချိန်မှာပဲ သူမထိတ်လန့်သွားခဲ့ရပါတော့တယ်။ ထိုက်ယွဲ့ဟန်တောင်မှ ဒီအတားအဆီးကို အပြင်ကနေ ဖောက်ထွက်နိုင်မယ်လို့ သူ မထင်ထားခဲ့မိလို့ပါ။ အခုအချိန်မှာ ဟို့ယွိဟောင်ကတော့ သတိလစ်နေတဲ့၀မ်သုန့်ရဲ့ဘေးမှာရှိနေခဲ့ပြီ အရမ်းကိုဖြူဖျော့နေခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့မျက်၀န်းတွေက အခုအချိန်အထိ တောက်ပနေဆဲပါပဲ။ သူတို့နှစ်ယောက်ကြားမှာအသက်အရွယ်ကွာခြားချက်က ခုနှစ်ရှိနေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားဆုံးဖြတ်ချက် ခိုင်မာလွန်တဲ့ပုံစံကြောင့် မာရှောင်ထောင့်အတော်ကို စိတ်လှုပ်ရှားသွားရတယ်ဆိုတာ ၀န်ခံရတော့မှာအမှန်ပါပဲ။
ဒီလိုခိုင်မာပြတ်သားပြီ ခေါင်းမာလွန်လှတဲ့ လူငယ်တစ်ယောက်ရဲ့ပုံစံက အသက်ဆယ့်သုံးနှစ်တောင် မပြည့်သေးတဲ့ကလေးတစ်ယောက်ရဲ့မျက်၀န်းပါ။ သူ့က လူတွေအားလုံးယုံကြည်လာနိုင်စေလောက်တဲ့အထိ မားမားမတ်မတ်ရပ်တည်နေတဲ့တောင်တန်းကြီးတစ်ခုလိုမျိုး တည်ရှိလို့နေခဲ့ပါတယ်။
ဖြစ်ပျက်နေသမျှအားလုံးကိုမြင်ပြီတဲ့နောက်မှာတော့ အဆုံးစွန်းအတားအဆီးရဲ့ အက်ကွဲမှုကို ထားနိုင်တဲ့သူတစ်ယောက်က သူမဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင် ဘယ်လိုလုပ်လိုက်လဲသူမမသိပေမဲ့ အခုအချိန်မှာ ဒါကိုမစဥ်းစားပဲမနေနိုင်တော့ပါဘူး။ သူမရဲ့တိတ်ဆိတ်တဲ့မီးတောက်တွေက ကောင်းကင်ပေါ်ကို နောက်တစ်ကြိမ်ထိုးတက်လို့သွားခဲ့ပါပြီ။ နတ်မီးငှက်အော်သံကလဲ သူမရဲ့လည်ချောင်းထဲကနေ ထွက်ပေါ်လာပြန်ပါတော့တယ်။ လက်ရှိအချိန်မှာ မီးလျှံတွေက မရှင်သန်နိုင်လောက်တဲ့ အခြေအနေအထိကို ပူပြင်းလောင်မြိုက်လို့နေခဲ့ပါပြီ။
လက်ရှိအချိန် မာရှောင်ထောင့်ရဲ့မျက်လုံးကို သေချာကြည့်လိုက်မယ်ဆိုရင် မိစ္ဆာအငွေ့အသက်တချို့လွှမ်းမိုးလာတာကို မြင်ရမှာပါ။ အဲ့ဒီနောက် သူမရဲ့ နတ်မီးငှက်မီးလျှံတွေနဲ့အတူ အတောင်ပံတစ်စုံက ထပ်မံပေါ်ထွက်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာကတော့ သူမရဲ့အတောင်ပံတွေက ကြက်သွေးနီရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။
အဆုံးမဲ့တဲ့ အစွမ်းပကားနဲ့အတူ ဒေါသတကြီးငှက်အော်သံက မိစ္ဆာဆန်ဆန်အနီရင့်ရောင်မီးတောက်တွေနဲ့အတူ စင်မြင့်တစ်ခုကို ဖုံးလွှမ်းသွားပါတော့တယ်။ အဆုံးစွန်းအတားအဆီးကလဲ ချက်ချင်းဆိုသလို အက်ကွဲသွားခဲ့ရပါပြီ။ မာရှောင်ထောင့်က သူမရဲ့လမ်းမှာရှိနေခဲ့တဲ့ နောက်ဆုံးပေါင်ပင်ကို အရှိန်ပြင်းပြင်းနဲ့ တိုက်စားပြစ်လိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူမရဲ့ခန္ဓာကိုယ်က အမြောက်ဆံတစ်ခုလိုမျိုး ပြေးထွက်လို့သွားပါတော့တယ်။
မင်းသမီးကျိုးကျိုးဆီကို ပြေးထွက်လို့မသွားခဲ့ပဲ အောက်ဖက်မှာစုဝေးနေကြတဲ့ ၀ိညာဥ်ပညာရှင်လေးယောက်ဆီကိုသာ ပြေးသွားခဲ့တာပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းတော်သားတွေက ပူးပေါင်းဆောင်ရွက်မှုမှာ ဘယ်တုန်းကမှ ချို့ယွင်းချက်မရှိခဲ့ပါဘူး။ မာရှောင်ထောင့်မလှုပ်ရှားတာနဲ့ ထိုက်ယွဲ့ဟန်ကလဲ တစ်ပြိုင်နက်ထဲ တိုက်ခိုက်ပါတယ်။ အစောပိုင်းတုန်းက သူတိုက်ခိုက်တာ ဒဏ်ရာရထားပေမဲ့ သူဒဏ်ရာတွေက မပြင်းထန်ခဲ့ပါဘူး။ အားကောင်းပြီ သန်မာလွန်လှတဲ့ခန္ဓာကိုယ်က တိုက်ပွဲမှာအဆုံးစွန်းအထိ အားသုံးလိုက်ပြီဆိုရင် မူလအခြေအနေထက် သုံးဆမကပိုပြီး သန်မာသွားနိုင်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က မာရှောင်ထောင့်နဲ့ တစ်ပြိုင်နက်ထဲနီးပါးပြေးထွက်လို့လာခဲ့သလို သူ့ရဲ့ဦးတည်ချက်ကတော့ မင်းသမီးကျိုးကျိုးဖြစ်နေခဲ့ပါတော့တယ်။
မင်းသမီးကျိုးကျိုးရဲ့အရှေ့မှာရှိနေခဲ့တဲ့ ၀ိညာဥ်ပညာရှင်က တိုက်ပွဲအစကထဲကနေ အခုအချိန်အထိ မလှုပ်ရှားသေးပါဘူး။ ရုတ်တရက်ဆိုသလို ကြီးမားတဲ့အတောင်ပံတစ်စုံက သူ့နောက်ကျောကနေ ထွက်လာခဲ့ပြီ ထိုက်ယွဲ့ယန်ရဲ့ ပြေး၀င်လာနေတဲ့လမ်းတစ်လျှောက်ကို သစ်သားတံခါးကြီးလိုပုံစံနဲ့ တားဆီးလိုက်ပါတယ်။
ဒါကတော့ ဧရာမလင်းယုန်သိုင်းပညာ၀ိညာဥ်ကို ရင်ဆိုင်ထားတဲ့ခုခံရေးအမျိုးအစား၀ိညာဥ်ဘုရင် ရှန်ယိပါ။
ကျိုးကျိုးရဲ့ကြယ်တာရာသရဖူက အင်အားမကြီးပေမဲ့ သူ့ရဲ့ဆိုးကျ်ိုးတွေက အတော်ကိုသိသာထင်ရှားပါတယ်။ အသုံးပြုသူရဲ့ခန္ဓာကိုယ်ကိုတော့ အများကြီးကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့်သာ မင်းသမီးကျိုးကျိုးရဲ့ ခန္ဓာကိုယ်က သူ့ရဲ့အားနည်းချက်ဖြစ်နေတာဖြစ်ပါတယ်။ သူမမှာ၀ိညာဥ်စွမ်းအားတွေကို အားကောင်းစေတဲ့ စွမ်းရည်ရှိနေဆဲဦးတော့ သူ့ရဲ့ခုခံမှုရော တိုက်ခိုက်မှုရောက သူ့ခန္ဓာကိုယ်ကို လုံလောက်အောင်မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုမတော်တဆမှုမျိုးကိုမဆို ရှောင်ရှားနိုင်ဖို့အတွက် ခုခံရေးအမျိုးအစား၀ိညာဥ်ဘုရင်တစ်ယောက်က သူ့ကိုအမြဲတမ်းကာကွယ်ဖို့လိုအပ်နေတာလဲ ဖြစ်ခဲ့တယ်။
ထိုက်ယွဲ့ဟန်ကတော့ မျက်လုံးပြူးပြီဟိန်းဟောက်လိုက်ပါတယ်။
” ထွက်သွားစမ်း ”
ကြောက်စရာကောင်းလောက်အောင် ပြေး၀င်နေတဲ့သူက လက်နှစ်ဖက်ကို အသုံးပြုရင်း သူ့အရှေ့မှာလာပိတ်နေတဲ့ အတောင်ပံတစ်စုံကို ဖမ်းဆီးလိုက်ပါတော့တယ်။ ခုခံရေးအမျိုးအစား ၀ိညာဥ်ဘုရင်ဖြစ်တဲ့ရှန်ယိက ဒါမျိုးကိုအလွယ်လေး မရင်ဆိုင်နိုင်ပါဘူး။ သူ့ရဲ့ဒုတိယနဲ့ စတုတ္ထ၀ိညာဥ်စက်ကွင်းတွေက ဆက်တိုက်ဆိုသလို တောက်ပလို့လာခဲ့ပါပြီ။ ကြီးမားတဲ့အတောင်ပံကြီးကလဲ သတ္ထုအရောင်အဖြစ် ပြောင်းလဲလို့သွားရင် သံသတ္ထုလိုမျိုး အလင်းတန်းတွေကို စတင်ထုတ်လွှတ်ပါတော့တယ်။
ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ စူးစူးရှရှပွတ်ဆွဲသံတွေက မီးပွားတွေကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။ နှစ်ဖက်စလုံးက သံသတ္ထုတွေအပြည့် လက်နက်တွေနဲ့တိုက်ခိုက်နေတဲ့အတိုင်းထိချက်တစ်ခုချင်းဆီတိုင်းမှာ မီးပွားတွေက ဖြာထွက်လို့နေခဲ့တယ်။
မာရှောင်ထောင့်ကလဲ ဒေါသတွေအားလုံးကို ပေါက်ကွဲထွက်နေသလို ထိုက်ယွဲ့ဟန်ရဲ့ခံစားချက်ကရော မတူညီပဲနေပါ့မလား ကျားဖြူမြို့စားမင်းရဲ့ အကြီးဆုံးသားဖြစ်တဲ့သူကရော မာရှောင်ထောင့်နဲ့တူညီတဲ့ မောက်မာမှုကို မပိုင်ဆိုင်ထားပဲနေပါ့မလား သူတို့ကျင့်ကြံဆင့်ကွာခြားချက်ကြောင့်သာ မဟုတ်ရင် သေချာပေါက် ခေါင်းဆောင်နေရာအတွက် သူက တိုက်ခိုက်မှာပါ။ အပြင်ပန်မှာသူ့ညီငယ်ထက်အများကြီးပိုပြီးမရင့်ကျက်တဲ့ပုံစံပေါ်ပေမဲ့ တကယ်တမ်းအတွင်းပိုင်းမှာတော့ သူနဲ့သူ့ညီငယ်ကြားမှာရှိတဲ့ ပြိုင်ဆိုင်လိုစိတ်က သူများတွေထက်မလျော့ပါဘူး။
လက်ရှိအချိန် ထိုက်ယွဲ့ဟန်ဘယ်လောက်စိတ်ဖိစီးနေလဲဆိုတာကို စကားထဲထည့်ပြောဖို့မလိုလောက်အောင် ရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ပြိုင်ဘက်တွေက သူ့ကိုအုပ်စုဖွဲ့ပြီ ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင်တိုက်ခိုက်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ သူက ပြိုင်ဘက်တစ်ယောက်ထဲကိုသာ ရင်ဆိုင်နေရတာပါ။ ဒါ့အပြင် အရေးကြီးဆုံးအရာကတော့ မင်းသမီးကျိုးကျိုးရဲ့ အကာအကွယ်ပျက်စီးမှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာပါပဲ။ သူမရဲ့ အစွမ်းအစတွေအားလုံးကလဲ အများကြီးနှောင့်ယှက်ခံရပါပြီ။ နောက်တစ်နည်းအရပြောရမယ်ဆိုရင် သူ့အပေါင်းအဖော်ကို နောက်ထပ်အကူအညီမပေးနိုင်တော့ပါဘူး။
ဒီလိုအခြေအနေမျိုးမှာ ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကြားက တိုက်ပွဲရလဒ်ကိုတွေးကြည့်လို့ရနိုင်နေပါပြီ။ အကယ်၍ သာမန်တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ဧကရာဇ်တစ်ယောက်က ၀ိညာဥ်အမျိုးအစား၀ိညာဥ်ဘုရင်ကို တိုက်ခိုက်ရမယ်ဆိုရင် ခုခံရေးမျိုးအစားပညာရှင်အနေနဲ့ တခဏတာတောင့်ခံနိုင်မှာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ရှန်ယိရင်ဆိုင်နေရတဲ့ ၀ိညာဥ်ဧကရာဇ်က ကျားဖြူသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားသူပါ။ အနီးကပ်တိုက်ပွဲမှာ အင်မတန်အားကောင်းတဲ့ သိုင်းပညာ၀ိညာဥ်ဖြစ်ရုံတင်မကပဲ ခန္ဓာကိုယ်ရဲ့အားအင်ကလဲ အဆုံးစွန်းအထိကို ကြံ့ခိုင်နေပါသေးတယ်။
ရှန်ယိရဲ့အတောင်ပံတွေက သံမဏိလိုမာကျောစေဦးတော့ ထိုက်ယွဲ့ဟန်က သူ့ရဲ့လက်သည်းတွေကို အသုံးချရင်းဆက်တိုက်ဆိုသလို ဆွဲဖြဲနေခဲ့ပါပြီ။
ထိုက်ယွဲ့ဟန်က ကြောက်စရာကောင်းလောက်အောင် အော်ဟစ်လိုက်ရင်း သူ့မျက်လုံးထဲကနေ ဖြူဖွေးတဲ့အလင်းတန်းတွေနဲ့အတူ ကျားဖြူဖယ်ရှားမှုကို သူစတင်ပါတော့တယ်။
ဒီတစ်ကြိမ်မှာကတော့ သူ့ရဲ့တိုက်ခိုက်မှုက လေထဲကိုသာရောက်ရှိလို့သွားခဲ့ရတယ်။ အားကောင်းတဲ့စုပ်ယူနိုင်စွမ်းကြီးက ကောင်းကင်ကနေ ရုတ်တရက်ဆင်းသက်လာပြီတဲ့နောက် ရှန်ယိလဲ လေထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာကတော့ လှုပ်ရှားလိုက်သူက ကောင်းကင်ရန်သူတော်သော့်လော့ပါ။ အကယ်၍ ထိုက်ယွဲ့ဟန်ရဲ့တိုက်ခိုက်မှုကို ထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် ရှန်ယိသေရမှာ အမှန်ပါပဲ။ ဒါကြောင့် အခုလိုမျိုးအခြေအနေမျိုးကို ရွေးချယ်စရာမရှိပဲ သူ၀င်ရောက်စွက်ဖက်ရပါတော့တယ်။ ရှန်ယိရဲ့ အသက်လုံခြုံမှုကို အာမခံပေးလိုက်တဲ့ချိန်မှာတော့ ရှန်ယိလဲ ပြိုင်ပွဲကနေ ထွက်ခွာသွားရပါပြီ။
ထိုင်ယွဲ့ဟန်ဘက်မှာ အရာအားလုံးက ချောချောမွေ့မွေ့ပြီးဆုံးနေခဲ့သလို မာရှောင်ထောင့်ကလဲ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ချန်ပီယံအဖြစ်ရဖို့ အာမခံနိုင်သူပြီးပြီ သူမရဲ့အစွမ်းအစတွေကို ထုတ်ပြနေခဲ့ပါတော့တယ်။
အနီရင့်ရောင်မီးလျှံတွေက လက်ရှိအချိန်မှာ တကယ်နတ်မီးငှက်အစစ်ကနေ မိစ္ဆာမီးလျှံနတ်မီးငှက်အဖြစ်ကို ပြောင်းလဲလို့နေခဲ့ပါပြီ။
သူမက မိစ္ဆာမီးလျှံတွေကို အပြည့်အ၀အထိန်းအကွတ်မရှိပဲ သူအသုံးချနေခဲ့ပါတယ်။ အရင်အချိန်မှာ သူမရဲ့မဖိနှိမ့်မှုကြောင့် ဒါမျိုးကို မလုပ်၀ံ့မှာမဟုတ်ပါဘူး။ စိတ်အခြေအနေကို ကောင်းကောင်းထိန်းချုပ်ပြီ ကိုယ့်ကိုကိုယ်ထိန်းကွပ်တိုက်ခိုက်မှသာ ဒီမီးလျှံကိုတားဆီးထားနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့ သူမအနေနဲ့ ဒီမီးလျှံကိုတားဆီးထားနိုင်ဖို့အတွက် ထူးခြားတဲ့နည်းလမ်းတွေကို ဆက်တိုက်အသုံးချနေခဲ့ရတယ်။ ဒီလိုလုပ်ဆောင်မှုက သူမရဲ့မိစ္ဆာအရှိန်အ၀ါကို လျော့ပါးသွားစေရုံတင်မကပဲ သူ့ရဲ့အင်အားကိုလဲ လျော့ကျလို့သွားစေခဲ့ပါတယ်။
အခုအချိန်မှာကတော့ အစားထိုး၀င်ရောက်လာခဲ့တဲ့ အနီရင့်ရောင်မီးလျှံတွေက သူ့ရဲ့မဖိနှိမ့်ထားတဲ့စွမ်းအားအစစ်အမှန်ကို ထွက်ပေါ်လာစေခဲ့ပါပြီ။ ဒါကမိစ္ဆာမီးလျှံရဲ့ အဆုံးစွန်းစွမ်းအားပါပဲ။
နောက်ရှုထောင့်တစ်ခုကကြည့်မယ်ဆိုရင် လက်ရှိမာရှောင်ထောင့်ရဲ့ သိုင်းပညာ၀ိညာဥ်က သူမရဲ့ဘိုးဘေးဖြစ်သူပထမမျိုးဆက်အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲက မာဟုန်ကျွင့်ရဲ့အင်အားထက်တောင် သာလွန်နေပြီဖြစ်မှာကို တွေ့ရှိရမှာပါ။ မာဟုန်ကျွင့်က သူ့မိစ္ဆာမီးလျှံကို ဖယ်ရှားနိုင်ဖို့အတွက် ကောင်းကင်ရတနာတစ်ခုကိုအသုံးပြုခဲ့ပါတယ်။ သန့်စင်ပြီသွားတဲ့မိီးလျှံတွေက ပိုအင်အားကြီးပေမဲ့ မိစ္ဆာအရှိန်အ၀ါလိုမျိုးတောက်လောင်မှုကို မပိုင်ဆိုင်ထားပါဘူး။
ကြယ်အလင်းမန္တန်ရဲ့ အထောက်အပံ့မရှိတော့ကြောင့် ၀မ်ဟယ်ယွီရဲ့အဖွဲ့လေးယောက်ကလဲ တခဏတာပိတ်ဆို့ခံလိုက်ရပါတော့တယ်။ သူတို့တွေအစောပိုင်းတုန်းက ထိုက်ယွဲ့ဟန်ကို ချောင်ပိတ်ရိုက်နေခဲ့ပေမဲ့ မာရှောင်ထောင့်က သူတို့ဆီကိုရုတ်တရက်ပြေး၀င်လာခဲ့တာကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူတို့က မာရှောင်ထောင့်နဲ့ ရေပြင်ညီအတိုင်းရင်ဆိုင်နေခဲ့ရတာပါ။ မာရှောင်ထောင့်ကသူတို့ကို ဘေးကနေ၀င်တိုက်နေတာပါပဲ။
သူတို့လေးယောက်အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ပုံစံက နောက်တစ်ကြိမ် ပေါ်လာပါတော့တယ်။ ၀မ်ဟယ်ယွီက ဘယ်ဘက်မှာရှိနေခဲ့ပြီ အတော်လေးကို ထိတ်လန့်နေခဲ့တာပါ။ အစောပိုင်းတုန်းက မာရှောင်ထောင့်ရဲ့လက်ထဲမှာ အတော်ကို ပြင်းပြင်းထန်ထန် ဖိနှိမ့်ခံခဲ့ရတဲ့အတွက် သူမရဲ့ရုတ်တရက်ပေါ်ထွက်လာခဲ့မှုက သူ့ကိုပိုပြီးထိတ်လန့်သွားစေခဲ့ပါတယ်။
ကြောက်လန့်နေခဲ့တဲ့ ၀မ်ဟယ်ယွီက အချိန်မဖြုန်းမ၀ံ့ပါဘူး။ သူ့ရဲ့ရင်ဘတ်ကိုပြင်းပြင်းထန်ထန် ရိုက်ချပြစ်လိုက်ရင်း မျက်လုံးတွေကလဲ ရုတ်တရက်နီရဲလို့သွားပါတော့တယ်။ အဲ့ဒီနောက် ကျားအော်သံတွေနဲ့အတူ အနက်ရောင်ဟာရီကိန်းလေမုန်တိုင်းကြီးတစ်ခုက မာရှောင်ထောင့်ဆီကို ပြေး၀င်လို့သွားခဲ့ပါပြီ။
ဒါကတော့ ၀မ်ဟယ်ယွီရဲ့ ပဥ္စမမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ အသန်မာဆုံးသောတိုက်ခိုက်မှုအမှောင်ထုလေမုန်တိုင်းပါပဲ။ သူ့အဖွဲ့သားသုံးယောက်ရဲ့ အားအင်ဖြည့်တင်းထားမှုကြောင့် ဒီတိုက်ခိုက်မှုက အစိုင်အခဲအဖြစ်ကိုအကောင်အထည်ဖော်လာခဲ့ပါပြီ။ လေမုန်တိုင်းပေါ်လာပြီတဲ့နောက် ပြိုင်ပွဲအပေါ်မှာရှိတဲ့လေတွေအားလုံးက စတင်ပြီစုပ်ယူခံရပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့လေမုန်တိုင်းစုပ်ယူအားက မာရှောင်ထောင့်ကို ဦးတည်နေခဲ့တယ်။
တိုက်ခိုက်မှုကို သုံးပြီတဲ့နောက် ၀မ်ဟယ်ယွီရဲ့သွေးကြောတွေကလဲ ခရမ်းရောင်ပြောင်းသွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်က တောင့်တင်းခံနိုင်စွမ်းထက်ကို ကျော်လွန်လို့နီးပါးဖြစ်နေခဲ့တာကြောင့် အကယ်၍ နောက်ထပ်၀ိညာဥ်စွမ်းရည်တစ်ခုကို ထပ်မံအသုံးပြုလိုက်မယ်ဆိုရင် ကိုယ့်ကိုကိုယ် ဖျက်ဆီးပြီသားဖြစ်သွားပါလိမ့်မယ်။
သူ့နောက်မှာရပ်နေခဲ့တဲ့ တုကူရှန်ကွမ်းကတော့ ရွေးချယ်စရာမရှိတော့ပဲ ၀မ်ဟယ်ယွီခန္ဓာကိုယ်ကနေ သူ့လက်တွေကိုဖယ်ရှားလိုက်ရပါပြီ။ အခုအချိန်မှာ ၀မ်ဟယ်ယွီရဲ့နေရာကို သူကအစားထိုး၀င်ရောက်လိုက်ပါတယ်။ လေးယောက်အဖွဲ့ကနေ သုံးယောက်အဖွဲ့အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
လူလေးယောက်ရဲ့ပေါင်းစည်းတိုက်ခိုက်မှုဖြစ်သလို ၀မ်ဟယ်ယွီရဲ့ အသန်မာဆုံး၀ိညာဥ်စွမ်းရည်က မာရှောင်ထောင့်ကို တိုက်ရိုက်အလဲမထိုးနိုင်ရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရနိုင်မယ်လို့ သူတို့ဖက်ကနေ ယုံကြည်နေခဲ့ပါတယ်။
ဒါပေမယ့် ကြောက်စရာကောင်းလွန်လှတဲ့ မာရှောင်ထောင့်က ဒီအရာကိုထိပ်တိုက်ရင်ဆိုင်မယ်ဆိုတာမျိုး ဘယ်တုန်းကမှမတွေးခဲ့မိဖူးပါဘူး။ ရုတ်တရက်မီးလျှံအတောင်ပံတွေကို တစ်ချက်ခတ်လိုက်ရင်း မာရှောင်ထောင့်က ပိုအရှိန်မြင့်ပြီ အင်အားကြီးလေမုန်တိုင်းထဲကို ပြေး၀င်သွားပါတော့တယ်။
လက်ရှိအချိန်မှာ သူမရဲ့ကျင့်ကြံဆင့်ရဲ့အားသာချက်က ပေါ်ထွက်လို့လာခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်နဲ့ သူနှစ်ယောက်စလုံးက ၀ိညာဥ်ဧကရာဇ်တွေဖြစ်ပေမဲ့ သူမက အဆင့်ခြောက်ဆယ်ကိုးရှိနေပြီသူပါ။ ၀ိညာဥ်သူတော်စင်ဖြစ်ဖို့ သိပ်ပြီမလိုတော့ပါဘူး။ အစွမ်းအပြည့်အ၀ကို ထုတ်သုံးလိုက်ပြီ မီးလျှံတွေကိုမိစ္ဆာမီးလျှံအဖြစ်ပြောင်းလဲလိုက်ချိန်မှာတော့ လက်ရှိအချိန်မှာ ၀ိညာဥ်သူတော်စင်တစ်ယောက်တောင် သူ့ကိုယှဥ်နိုင်ဖို့ ခဲယဥ်းပါလိမ့်မယ်။
စုပ်ယူမှုထဲသူရောက်သွားချိန်မှာပဲ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ လေမုန်တိုင်းကသူမကို မစုပ်ယူနိုင်ပဲ သူမက လေမုန်တိုင်းကို စုပ်ယူနေခဲ့တာပါ။
မီးလျှံတွေအများကြီးက သူမရဲ့ခြေထောက်တွေကိုဗဟိုပြုရင်း လှည့်ပတ်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် သူမပတ်လည်မှာရှိတဲ့ လေမုန်တိုင်းကြီးက ရုတ်တရက်နှေးကွေးလို့သွားခဲ့ရပါပြီ။ မကြာခင်အချိန်အတွင်းမှာပဲ ဖြည်းဖြည်းချင်းဆိုသလို ပျက်စီးလာရင်းအရွယ်အစားလဲ ကျုံ့လာပါတော့တယ်။ မာရှောင်ထောင့်ကတော့ သူမရဲ့ခြေထောက်နှစ်ချောင်းရဲ့ ၀ိညာဥ်အရိုးစွမ်းအားနဲ့ ပိုပြီးတော့အရှိန်မြင့်လာခဲ့ပါတယ်။ အဲ့ဒီနောက် စက်၀ိုင်းအသွင်ပျံသန်းလို့နေခဲ့ရင်း အမှောင်ထုလေမုန်တိုင်းကြီးကို ဖြတ်သန်းကာတုကူရှန်ကွမ်းတို့သုံးယောက်ဆီကို တန်းတန်းမတ်မတ် ပျံသန်းလာပါပြီ။
သူမရဲ့ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းကလဲ လေထဲမှာတောက်ပလို့လာခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို ဘေးပတ်ပတ်လည်မှာ နတ်မီးငှက်မီးလျှံတွေက အလင်းလှိုင်းတွေအသွင်နဲ့ ဖြစ်ပေါ်လို့လာခဲ့ရင်း မာရှောင်ထောင့်က နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်ပြန်ပါတယ်။ သူခန္ဓာကိုယ်က မီးလျှံတွေမှာ ပျောက်ကွယ်လို့နေခဲ့ပြီ သူမကိုယ်တိုင်ကိုယ်က တကယ်စစ်မှန်တဲ့ နတ်မီးငှက်တစ်ကောင်အသွင်အဖြစ်ပြောင်းလဲရင်း တုကူရှန်ကွမ်းတို့ရှေ့ကို ရောက်လာပါတော့တယ်။
အပိုင်း ၁၁၀•၂ ပြီး၏။