အပိုင်း ၁၀၉•၁
” အဆုံးစွန်းခုခံမှုနဲ့ ကြယ်တာရာအကာအကွယ် ”
°`°
၀မ်ယန်က ဒီနှစ်ယောက်ကိုလေနဲ့မီးစုံတွဲအဖြစ် သတ်မှတ်ထားပါတယ်။ သူတို့နှစ်ယောက်စလုံးက အမျိုးသမီး၀ိညာဥ်ပညာရှင်ဖြစ်သလို တစ်ယောက်ကတော့ မီးအမျိုးအစားဖြစ်ပြီ တစ်ယောက်ကတော့လေအမျိုးအစားပါ။
အခုအချိန်မှာတော့ အဆင့်ငါးဆယ်တစ်မီးလျှံထိန်းချုပ်ရေးပညာရှင်ဖြစ်တဲ့ ယိချန်က သူမရဲ့ညာဘက်လက်ကို မာရှောင်ထောင့်ဆီညွှန်ရင်းမီးတွေကို ဖိနှိမ့်နေခဲ့ပါတယ်။ တောက်ပတဲ့အလင်းတန်းက မာရှောင်ထောင့်ရဲ့ခြေထောက်အောက်မှာ ချက်ချင်းဆိုသလို ပေါ်ထွက်လို့လာခဲ့ပြီ လေပွေတစ်ခုအသွင်နဲ့စတင်စုပ်ယူပါတော့တယ်။ မာရှောင်ထောင့်လဲ သူ့ရဲ့နတ်မီးငှက်မီးလျှံတွေမရပ်တန့်နိုင်လောက်တဲ့အရှိန်နှုန်းနဲ့ ကုန်ဆုံးနေတာကို ချက်ချင်းခံစားလိုက်ရပါပြီ။ အဲ့ဒီအလင်းစက်၀န်းကြီးက သူ့ကိုရူးရူးသွပ်သွပ်နဲ့ စုပ်ယူနေခဲ့ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုအားနည်းချက်တွေက အခုအချိန်မှာ ပေါ်လာပါတော့တယ်။ မင်းသမီးကျိုးကျိုး ဖန်တီးထားတဲ့ကြယ်အလင်းမန္တန်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ၀င်ရောက်နှောင့်ယှက်နိုင်သလို သူ့အဖွဲ့သားတွေကို မထောက်ပံ့ပေးနိုင်အောင်လဲ တားဆီးလို့ထားခဲ့ပါတယ်။ ဒီလိုကြောင့်သာ မဟုတ်ရင် မာရှောင်ထောင့်ရဲ့တိုက်ပွဲအခြေအနေက ဘာကြောင့်များအခုလိုအရေးနှိမ့်နေရမှာလဲ။
ဟို့ယွိဟောင်က အခုအချိန်မှာ အနည်းငယ်တော့စိုးရိမ်နေခဲ့ရပါပြီ။ မင်းသမီးကျိုးကျိုးရဲ့ ကြယ်တာရာသရဖူက သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးကို တန်ပြန်တိုက်ခိုက်ဖို့အဓိကအရေးပါနေပုံပါပဲ။ ဒါပေါ့ အကယ်၍ သူတို့သာ အဆင့်တူအခြေအနေမှာ ရှိနေခဲ့မယ်ဆိုရင် ဟို့ယွိဟောင်ကြောက်နေစရာမလိုပါဘူး။ လက်ရှိအချိန်မှာကတော့ သူ့ကအများကြီးကွာခြားချက်ကြီးမားနေသေးတာကြောင့် ကျော်ဖြတ်ဖို့ခက်ခဲနေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားက တစ်ဖက်မှာရှိတဲ့ရန်သူရဲ့သိုင်းပညာ၀ိညာဥ်ကြောင့် အများကြီးဖိနှိမ့်ခံထားရပါပြီ။
မာရှောင်ထောင့်ကို ၀မ်ဟယ်ယွီနဲ ယိချန်တို့နှစ်ယောက်ထိန်းချုပ်ထားတဲ့အချိန်မှာပဲ တခြားတစ်ဖက်မှာနောက်တိုက်ပွဲတစ်ခုစတင်ပါတော့တယ်။
ထိုက်ယွဲ့ဟန်က အတော်ကိုအရပ်ရှည်ပြီ ပိန်သွယ်တဲ့လူငယ်တစ်ယောက်နဲ့ ရင်ဆိုင်လို့နေခဲ့ရပါတယ်။ တစ်ဖက်လူရဲ့သိုင်းပညာ၀ိညာဥ်ကတော့ မြေအောက်လောကရူးသွပ်ခြင်္သေ့ပါ။ ဒုတိယတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်ပြီ နာမည်ကတော့ တုကူရှန်ကွမ်းလို့ခေါ်ပါတယ်။ သူပိုင်ဆိုင်ထားခဲ့တဲ့ မြေအောက်လောကရူးသွပ်ခြင်္သေ့က ထိုက်ယွဲ့ဟန်ကို အင်အားနေရာမှာအင်အားအသာစီးမရနိုင်အောင် ဆက်တိုက်ဆိုသလို ဖိနှိမ့်လို့နေခဲ့တော့တယ်။ ခြင်္သေ့ကသူ့ခန္ဓာကိုယ်ကိုလာပြီတွယ်ကပ်တာနဲ့ တုကူရှန်ကွမ်းရဲ့ ခန္ဓာကိုယ်က ဝေ၀ါးတဲ့ပုံရိပ်အသွင်ကိုပြောင်းလဲလို့သွားခဲ့ပါတော့တယ်။ ထိုက်ယွဲ့ဟန်ရဲ့ ကျားဖြူသိုင်းပညာ၀ိညာဥ်က အင်အားကြီးပေမဲ့ ခန္ဓာကိုယ်ကိုပြောင်းလဲစေတဲ့အမျိုးအစားပါ။ ခန္ဓာကိုယ်အစွမ်းကိုအသုံးပြုပြီး ပစ်မှတ်ကိုထိခိုက်စေဖို့ခက်ခဲတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်မှာတော့ သူ့ရဲ့အင်အားတွေက အသုံးမ၀င်တော့ပါဘူး။ ဒါ့အပြင် ကြယ်တာရာအလင်းမန္တန်ရဲ့အစွမ်းကြောင့် တုကူရှန်ကွမ်းက ထိုက်ယွဲ့ဟန်ကို ကောင်းကောင်းထိန်းထားနိုင်ခဲ့ပါတော့တယ်။
အကယ်၍ ထိုက်ယွဲ့ဟန်သာ ဒီခြင်္သေ့၀ိညာဥ်ဘုရင်တစ်ယောက်ထဲကို ရင်ဆိုင်ရမယ်ဆိုရင် ပိုပြီးလွယ်ကူနေမှာပါ။ နည်းနည်းလောက်အားထုတ်လိုက်ရုံနဲ့ အနိုင်ရသွားနိုင်ပါတယ်။
ပြဿနာကတော့ သူ့အနောက်ဖက်မှာထိန်းချုပ်ရေးတိုက်ပွဲ၀င်ပညာရှင်တစ်ယောက် ထပ်ရှိနေတာပါပဲ။ ဒီလူကတော့ လေနဲ့မီးစုံတွဲထဲက လေကိုကိုယ်စားပြုတဲ့သူပါ။ ထိုက်ယွဲ့ဟန်ရဲ့ကျားဖြူအသွင်ကို ပြောင်းလဲစတင်ချိန်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင်အလင်းတန်းတွေက ၀န်းရံပြီအေးခဲသွားစေမှန်း သတိထားမိပါတော့တယ်။ ဒီအစိမ်းရောင်အလင်းတန်းက သူ့ကိုမုန်တိုင်းထဲမှာ ပိတ်ထားခဲ့ပြီ ခြေထောက်နဲ့လက်တွေကို မတားဆီးထားပေမဲ့ သူ့ရဲ့ရုတ်တရက်တိုက်ခိုက်မှုတွေကိုတော့ အရှိန်လျော့ကျသွားစေခဲ့ပါတယ်။
အင်အားအကြီးဆုံးဖြစ်တဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်က တစ်ဖက်အင်အားစုရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ဆိုသလို တားဆီးခံနေခဲ့ရပါတယ်။
ပေ့ပေ့လဲ တားဆီးထားခံခဲ့ရတယ်။ သူရင်ဆိုင်နေရတဲ့ပြိုင်ဘက်ကတော့ အမြန်နှုန်းအသုံးပြုအမျိုးအစား၀ိညာဥ်ပညာရှင်ပါ။ ဒါမျိုးကိုပေ့ပေ့ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပါဘူး။
ပြိုင်ပွဲအစထဲက သူ့ပြိုင်ဘက်ကိုရှင်းရှင်းလင်းလင်း မမြင်ရသလို မာရှောင်ထောင့်နဲ့ နီးကပ်လွန်သွားပြန်ရင်လဲ သူ့ပြိုင်ဘက်က တိုက်ခိုက်ဖို့ပိုပြီးခက်ခဲလာမယ်ဆိုတာကို သိနေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကလဲ သူတို့ကိုကောင်းကောင်းမထောက်ပံ့ပေးနိုင်ပါဘူး။ အကယ်၍ ဟို့ယွိဟောင်သာ ကောင်းကောင်းအထောက်အပံ့ပေးနိုင်မယ်ဆိုရင်တောင် သူ့အနေနဲ့ ဒီအမြန်နှုန်းအပြည့်နဲ့ပညာရှင်ကို ရင်ဆိုင်ဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။
ကြည့်နေသူရဲ့အမြင်မှာ ပေ့ပေ့တစ်ကိုယ်လုံးကို လျှပ်စီးတန်းတွေနဲ့ လွှမ်းခြုံထားတာသာမြင်နေခဲ့ရပါတယ်။ အ၀ါရောင်လျှပ်စီးတန်းတွေက ခရမ်းရောင်လျှပ်စီးတန်းတွေနဲ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်လို့နေခဲ့ပြီ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ပါတယ်။ ပေ့ပေ့က အကောင်းဆုံးကြိုးစားပြီ ခုခံဖို့အတွက် လုပ်ဆောင်လို့နေခဲ့ရတယ်။ သူလက်ရှိအချိန်မှာ အသုံးပြုနိုင်တဲ့တစ်ခုတည်သောအရာကတော့ မိုးပြာရောင်လျှပ်စီးနဂါးရဲ့ အဆုံးစွန်းစွမ်းအားပါပဲ။
သူ့ပြိုင်ဘက်ကတော့ အမြန်နှုန်းအမျိုးအစားကို အသုံးပြုတဲ့တစ်ယောက်တည်သောပညာရှင်ဖြစ်ပြီ လျှပ်စီးရေမြေခွေးကို ပိုင်ဆိုင်ထားတဲ့ ချန်ရှောင်ကျဲ့ဆိုတဲ့ ၀ိညာဥ်ပညာရှင်ပါ။ ၀မ်ယန်က ဒီလူကိုတွက်ချက်ချိန်မှာတော့ စကားလုံးတစ်ချို့နဲ့သာ ဖော်ပြခဲ့ပါတယ်။ မာကျောပြီကိုင်တွယ်ဖို့အတွက် စိတ်ရှုပ်စရာကောင်းလွန်တဲ့သူတဲ့။
မြန်ဆန်းလွန်ရုံတင်မကပဲ အားကောင်းတဲ့တိုက်ခိုက်မှုကိုပိုင်ဆိုင်ထားတဲ့ ဒီပြိုင်ဘက်က ပြိုင်ပွဲတစ်ခုလုံးမှာ ရင်ဆိုင်ဖို့အခက်ခဲဆုံးသူတွေထဲက နံပါတ်တစ်ဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန် ပေ့ပေ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာကဆယ်ခုကျော်နေခဲ့ပါပြီ။ ပြင်းထန်တဲ့ဒဏ်ရာမဟုတ်ပေမဲ့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကိုတော့ ဆက်တိုက်ဆိုသလို လျော့ကျသွားစေခဲ့ပါတယ်။
မင်းသမီးကျိုးကျိုးကတော့ သူ့ရှေ့မှာရှိနေတဲ့ တိုက်ပွဲကိုတစ်ချက်လေးတောင် ကြည့်မနေခဲ့ပါဘူး။ အဲ့ဒီအစား သူ့ရဲ့မျက်၀န်းတွေက အဖြူရောင်မြူခိုတွေထဲကိုသာ အာရုံစိုက်လို့နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကြယ်တာရာလော့နိုင်ငံတော်က လူငါးယောက်ကိုအသုံးပြုပြီး အမျက်ဒေါသကျောင်းတော်ရဲ့တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်သုံးယောက်ကို တားဆီးလို့ထားခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူတို့တွေက အရေးနှိမ့်နေတာမဟုတ်ပါဘူး။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ ပေ့ပေ့တို့က အမျက်ဒေါသကျောင်းတော်ရဲ့တိုက်ခိုက်နိုင်စွမ်းခုနှစ်ဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုထားတယ်လို့ အားလုံးကခန့်မှန်တွက်ချက်ပြီးသားပါ။
နှစ်ဖက်စလုံးက ဒီပြိုင်ပွဲဆက်ပြီ တိုက်ခိုက်နိုင်စေဖို့အတွက်အဆုံးစွန်းကြိုးစားနေခဲ့ကြပါတယ်။ အုပ်စုလိုက်ပွဲစဥ်တွေရဲ့ ကြောက်စရာအကောင်းဆုံးအချက်ကတော့ ဟန်ချက်ညီညီလှုပ်ရှားမှုနဲ့ ရုတ်တရက်ပေါ်ပေါက်လာတဲ့အပြောင်းအလဲတွေပါပဲ။ ဒီလိုအဖွဲ့လိုက်တိုက်ပွဲတွေမှာ အဖွဲ့တစ်ဖွဲ့ချင်းဆီက ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုအင်အားကို ထုတ်ဖော်ပြီ အခြေအနေတွေအားလုံးကို ပြောင်းပြန်လှန်စေနိုင်ပါတယ်။
မင်းသမီးကျိုးကျိုးကတော့ မျက်မှောင်ကြုတ်လိုက်ပြီတဲ့နောက် သူ့ရဲ့ညာလက်ကိုကောင်းကင်ပေါ်မြောက်လိုက်ပါတော့တယ်။ ရွှေရောင်အလင်စက်တွေက သူ့လက်ချောင်းထိပ်ကနေ နဖူးမှာရှိတဲ့သရဖူဆီကို စီးဆင်းလို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ရွှေရောင်အလင်းတန်းက ကောင်းကင်အထိကို တန်ပြန်ထိုးတက်လို့သွားခဲ့ပြီ ရွှေရောင်အပ်ကြိုးချည်အသွင်နဲ့ ရှိနေခဲ့ပါတော့တယ်။ ဒါ့အပြင် သူမရဲ့တတိယ၀ိညာဥ်စက်ကွင်းက ဆက်တိုက်ဆိုသလို လှည့်ပတ်နေဆဲပါ။
ရွှေရောင်အလင်းတန်းက အကာအကွယ်စက်ကွင်းကို ထိတွေ့ချိန်မှာတော့ ရပ်တန့်လို့သွားပါတော့တယ်။ အဲ့ဒီနောက် တောက်ပတဲ့ကြယ်တစ်ပွင့်က မင်းသမီးကျိုးကျိုးရဲ့ခေါင်းပေါ်မှာ ပေါ်လာခဲ့ပြီ ဒီကြယ်ကမကြီးမားခဲ့ပါဘူး။ ဒါပေမယ့် အလင်းတန်းကတော့ အတော်ကိုအားကောင်းလှပါတယ်။
မင်းသမီးကျိုးကျိုးက ယာယီမျက်လုံးပိတ်လိုက်ပြီတဲ့နောက် ရေခဲမြူခိုတွေဆီကို လက်ညိုးညွှန်လိုက်ပါတော့တယ်။ ကြယ်အလင်းတွေက ရုတ်တရက်ဆိုသလို မြူခိုတွေထဲကို ပြေး၀င်လို့သွားခဲ့ပါပြီ။
အံ့ဩစရာကောင်းလောက်အောင်ပဲ ဒီသေးငယ်တဲ့ကြယ်အလင်းတွေက ရေခဲမြူခိုတွေတားဆီးတာကို မခံရပဲ မလွယ်တကူနဲ့ ၀င်ရောက်သွားပါတော့တယ်။ ဒီအတိုင်းအလင်းတွေက ဖြာသွားသလိုမျိုး တိုက်ခိုက်နိုင်စွမ်းတစ်စက်လေးမှမပါ၀င်ပဲ စိမ့်၀င်လို့သွားပါ။
အလင်းတန်းအပ်ချည်ကြိုးက လေထဲမှာပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ အလင်းတန်းလေးခုက မင်းသမီးကျိုးကျိုးဆီကို တံတားတစ်စင်းအသွင်နဲ့ ပေါ်ထွက်လို့လာခဲ့ရင်း လမ်းညွှန်နေခဲ့ပါပြီ။ ဒီအလင်းတန်းလေးခုက မြူခိုတွေထဲမှာ ဆက်တိုက်ဆိုသလို တောက်ပလို့နေခဲ့ပါတယ်။
ဒါကတော့ ကြယ်တာရာလမ်းညွှန်မှုနည်းလမ်းပါပဲ။ သူမရဲ့ပထမ၀ိညာဥ်စွမ်းရည်ပါ။ နောက်ဆုံးမှာတော့ ရေခဲထဲပုန်းနေတဲ့ သူတို့ပြိုင်ဘက်လေးယောက်ထဲကို သူမ အောင်အောင်မြင်မြင်ရှာဖွေတွေ့ရှိခဲ့ပါပြီ။
ရေခဲမြူခိုတွေထဲမှာရှိတဲ့ သူတို့ရဲ့ရပ်နေတဲ့ပုံစံကိုဆက်ပြီ ထိန်းထားခဲ့ပါတယ်။ တစ်ခုတည်သောကွာခြားချက်ကတော့ အစောပိုင်းတုန်းကထက် အရှေ့ကိုပိုရောက်လာခဲ့ကြတာပါပဲ။ ရေခဲမြူခိုတွေရဲ့ အဆုံသတ်နဲ့သူတို့က အတော်ကိုနီးကပ်နေခဲ့ပါပြီ။
မာရှောင်ထောင့်က စူးရှတဲ့နတ်မီးငှက်အော်သံကို ကောင်းကင်ကနေထုတ်လွှတ်လိုက်ရင်း သူမရဲ့ အတောင်ပံတွေကို ပြင်းပြင်းထန်ထန် ခတ်ချလိုက်ပါတော့တယ်။ တောက်ပတဲ့အနီရောင်အလင်းတန်းက နတ်မီးငှက်တစ်ကောင်လိုအသွင်နဲ့ ကျစ်ကျစ်တောက်ပူပြင်းတဲ့မီးကိုစတင်ထုတ်လွှတ်ပါပြီ။ အစောပိုင်းတုန်းက ယိချန်ဖန်တီးထားခဲ့တဲ့ မီးထိန်းချုပ်မှုစွမ်းရည်ကလဲ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။ ၀မ်ဟယ်ယွီကလဲ ဒီပေါက်ကွဲတဲ့အရှိန်နှုန်းကြောင့် လွှင့်ထွက်လို့သွားခဲ့ရတယ်။
လက်ရှိအချိန်မှာကတော့ တိုက်ပွဲရဲ့အလယ်ဗဟိုတည့်တည့်ထဲမှာ ထူးထပ်တဲ့ရေခဲမြူခိုတွေက ဆူနာမီမုန်းတိုင်းကြီးလိုမျိုး ဖြစ်ပေါ်လို့လာခဲ့ပြန်ပါတယ်။ အနက်ရောင်အလင်းတန်းတစ်ခုကတော့ အလယ်တည့်တည့်မှာရစ်၀ဲလို့နေခဲ့ပြီ မင်းသမီးကျိုးကျိုးကို တန်းတန်းမတ်မတ်ပစ်မှတ်ထားနေခဲ့တယ်။ အချိန်အတော်ကြာကြာအထိ ထူးဆန်းမြေအောက်လောကနေရာလဲမှုကို သုံးဖို့စောင့်နေခဲ့တဲ့ ရှုစန်းရှီက နောက်ဆုံးမှာတော့ ထုတ်သုံးလိုက်ပါပြီ။ အောင်မြင်ဖို့မဖြစ်နိုင်သလောက်အခြေအနေနည်းနေမှန်းသူသိပေမဲ့ သူသေချာပေါက် သုံးလိုက်ပါတယ်။ ဒီလှုပ်ရှားမှုရဲ့အဓိကရည်ရွယ်ချက်ကတော့ မင်းသမီးရဲ့အာရုံစိုက်မှုကို ရယူဖို့ပါပဲ။
ထိုက်ယွဲ့ဟန်က ကျားဖြူနတ်ဘုရားအသွင်ပြောင်းမှုကို အသုံးချရင်းသူပြိုင်ဘက်ကို ထိုးနှက်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာပေ့ပေ့ကတော့ ကြောက်စရာကောင်းလောက်တဲ့လျှပ်စီးတွေကို ထုတ်လွှတ်ရင်းသူနဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့ ၀ိညာဥ်ဘုရင်ကို လွှင့်ထွက်လို့သွားစေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ရဲ့ဘေးမှာ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့သားအားလုံးနီးပါးက ပြင်းပြင်းထန်ထန် ပေါက်ကွဲမှုအပြည့်နဲ့ တိုက်ခိုက်နေခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာပဲ မင်းသမီးကျိုးကျိုးရဲ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုကပေါ်လာပါတော့တယ်။ ဒီအချိန်ကို သူမစောင့်ဆိုင်းနေတာ အတော်ကိုကြာပြီဖြစ်ပုံပါပဲ။
ရုတ်တရက်ဆိုသလို လက်ထဲကရွှေရောင်အလင်းလုံးတစ်ခုကို လေပေါ်ပြစ်မြောက်လိုက်ပါတယ်။ ဒါက၀ိညာဥ်စွမ်းရည်တစ်ခုမဟုတ်ခဲ့ပါဘူး။ ရွှေရောင်အလင်းတန်းက မာရှောင်ထောင့်ရဲ့ မီးတွေနဲ့ခပ်မြန်မြန်ပဲ ထိတွေ့ပါတော့တယ်။
အထူးဆန်းမြင်ကွင်းကတော့ ဖြစ်သွားခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းတွေက ကောင်းကင်ကနေဆင်းသက်လို့လာခဲ့ပြီ မာရှောင်ထောင့်ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မီးလျှံဥက္ကာပျံမိုးကို လွှမ်းခြုံလိုက်ပါတော့တယ်။ လက်ရှိအချိန်မှာတော့ မာရှောင်ထောင့်ရဲ့ အသန်မာဆုံး၀ိညာဥ်စွမ်းရည်က ဖြိုခွဲခံလိုက်ရတဲ့အတွက် သူမကတော့ ဖိအားအများကြီးရသွားခဲ့ပါပြီ။
မာရှောင်ထောင့်အနေနဲ့ သူမရဲ့ကိုယ်ပေါ်ကျရောက်လာနေတဲ့ ဖိအားတွေကို ခံစားမိလိုက်ပါတယ်။ သူမဒါကိုရှောင်ရှားချင်ပေမဲ့ ရွှေရောင်အလင်းတန်းတွေက သူ့လက်နှစ်ဖက်ကို ချုပ်ကိုင်လို့ထားခဲ့ပြီ ဖိအားပေးနေခဲ့တယ်။
သူ့အပေါ်မှာရှိနေတာကတော့ နယ်မြေပေါင်းတစ်ရာနဲ့ရှစ်ခုတိတိ ပါ၀င်နေတဲ့ စက်၀န်းလေးတစ်ခုပါပဲ။ လက်သီးဆုပ်လေးအရွယ်ရှိတဲ့ ဒီစက်၀န်းက မျက်စိကျိန်လောက်တဲ့ အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့တယ်။ အထဲမှာပိတ်ဆို့ခံထားရတဲ့ မာရှောင်ထောင့်ကတော့ အလင်းတန်းတွေရဲ့ တိုက်ခ်ိုက်မှုကို ဆက်တိုက်ခံနေခဲ့ရပြီ သူမဘယ်လိုပဲရုန်းကန်ပါစေ လှိုင်းထစေရုံကလွဲလို့ မတတ်စွမ်းနိုင်ခဲ့ပါဘူး။
ဒီရုတ်တရက်အပြောင်းအလဲက အမျက်ဒေါသကျောင်းတော်တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့ပါတယ်။ ၀မ်ယန်ပြောတဲ့အတိုင်း သူတို့တိုက်ခိုက်ကြပေမဲ့ လက်ရှိအချိန်မှာက အသုံးမ၀င်ပဲ ဖြစ်သွားခဲ့ရပါတယ်။ ဟို့ယွိဟောင်နဲ့ လင်းလော့ချန်တို့ထုတ်လုပ်ထားခဲ့တဲ့ ရေခဲမြူခိုတွေက သေချာပေါက် မာရှောင်ထောင့်ရဲ့ မီးလျှံဥက္ကာပျံမိုးနဲ့ဆိုရင် အနိုင်ရစေမှာပါ။ မာရှောင်ထောင့်ကို ပြိုင်ဘက်တွေကဒီလိုချုပ်နှောင်ထားနိုင်မယ်လို့ ဘယ်သူများတွေးမိမှာလဲ။
ဟယ့်ချိုက်ထို့က ရုတ်တရက်ဆိုသလို စင်အောက်ကနေထရပ်ရင်းနဲ့ အော်ပါတော့တယ်။
” ဒါက ဒါကအဆုံးစွန်းခုခံရေး၀ိညာဥ်လက်နက်ပဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါကသေချာပေါက် အဆင့်ခုနှစ်ရှိနေပြီလေ တကယ်ကိုအဆင့်ခုနှစ်၀ိညာဥ်လက်နက်ကြီးပေါ့ အဆုံးစွန်းခုခံရေးအတားအဆီးက တစ်ကြိမ်ပဲသုံးလို့ရတယ်…ဒါပေမယ့် သူ့ရဲ့တန်ဖိုးကြီးက ”
ဟယ့်ချိုက်ထို့က မယုံနိုင်မှုအပြည့်နဲ့ အော်ဟစ်နေခဲ့ပါတယ်။
၀မ်ယန်ကတော့ အံ့ဩမှုအပြည့်နဲ့ ခပ်မြန်မြန်ပဲမေးလိုက်တယ်။
” အဲ့ဒါဘာကြီးလဲ ”
” ဒါကမပျက်သုန်းအတားအဆီးနဲ့တူတယ်…တစ်ခေါက်အသုံးချပြီတာနဲ့ သူ့အောက်မှာရှိရှိသမျှ ဘယ်အရာကိုမဆိုချိတ်ပိတ်နိုင်တယ်…ခုခံမှုအကောင်းဆုံးဖြစ်သလို အဆင့်ရှစ်သော့်လော့တွေကိုတောင် ဆယ်ငါးမိနစ်တိတိ တားဆီးနိုင်တဲ့အထိစွမ်းအားရှိတယ်..ဒါပေမယ့် ဒီထူးခြားတဲ့၀ိညာဥ်လက်နက်က ပြောင်းပြန်လဲအသုံးချနိုင်တယ်…သူကအတွင်းရော အပြင်ရော တူညီတဲ့အကျိုးသက်ရောက်မှုရှိတယ်..အပြင်ကတိုက်ခိုက်မှုလဲ အထဲကိုမရောက်နိုင်သလို အထဲကတိုက်ခိုက်မှုလဲအပြင်ကိုမရောက်နိုင်ဘူး…အကယ်၍ ဒါကိုအထဲကနေ အားကောင်းသုံးပြီ ဖောက်ထွက်မယ်ဆိုရင် အနည်းဆုံးအဆင့်ခုနှစ်၀ိညာဥ်သူတော်စင်ဖြစ်နေမှရမယ်…ဒီ၀ိညာဥ်လက်နက်ကိုလေလံနိုင်ငံတော်ကပဲ ထုတ်လွှတ်တာကို တွေ့ဖူးတယ်..ဒါ့အပြင် သူ့ရဲ့ထုတ်လုပ်ဖို့အသုံးပြုရတဲ့ဗျူဟာကလဲ အတော်ကိုထူးခြားလွန်လို့ ပုံတူဖို့ဆိုတာ မဖြစ်နိုင်ဘူး…ပြိုင်ပွဲထဲမှာပေါ်လာဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးတယ်…ကြားဖူးတာတော့ ဒီပစ္စည်းတစ်ခုကိုရဖို့အတွက်ဆိုရင် ၀ိညာဥ်ရွှေပြားပြောင်းသောင်းနဲ့ချီပြီလိုအပ်တယ်တဲ့ ဒီလိုအရာမျိုးကို အန္တရာယ်များတဲ့အခြေအနေမှာ အသုံးချနိုင်တာက အသက်အပိုတစ်ချောင်းဆောင်ထားတာနဲ့ အတူတူပဲ ဒါ့အပြင်သုံးစက္ကန့်သာအကျိုးသက်ရောက်နိုင်တဲ့ မပျက်သုန်းအတားအဆီးထက်အများကြီးပိုပြီး အင်အားကြီးလွန်တယ်…ဆယ့်ငါးမိနစ်ဆိုတဲ့အချိန်က ဘာမဆိုဖြစ်သွားနိုင်ဖို့ လုံလောက်တယ်မဟုတ်လား ”
အပိုင်း ၁၀၉•၁ ပြီး၏။