အပိုင်း ၁၀၇•၂
” အကြိုဗိုလ်လုပွဲရွေးချယ်မှုများ ”
°°°
၀မ်ယန်ရဲ့ အစောပိုင်းစီစဥ်မှုတွေကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က အဖွဲ့လိုက်ပွဲစဥ်တွေမှာ ၀င်မပြိုင်ရနိုင်ချေများပါတယ်။ သူတို့နှစ်ယောက်ကို အတူတူပို့လွှတ်လိုက်မယ်ဆိုရင်တောင် အမျက်ဒေါသကျောင်းတော်ရဲ့ အားလုံးပေါင်းစွမ်းအားက ရုတ်တရက်ကျသွားမှာပါ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အတော်ကိုအသုံး၀င်ပေမဲ့ ရွှေရောင်လမ်းက လူအုပ်ကြီးကို ဘယ်လိုထိန်းချုပ်နိုင်တယ်ဆိုရင်တောင် သန်မာလွန်တဲ့ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံး၀င်နိုင်မှာလား။ ဒါ့အပြင် သူတို့ရဲ့ပြိုင်ဘက်တွေက သူတို့အစွမ်းအစကိုမသိမှဖြစ်မှာပါ။
၀မ်ယန်က ဘယ်ကနေညာအထိ သေချာကြည့်လိုက်ပါတယ်။ အားလုံးက ယုံကြည်ချက်အပြည့်အ၀ရှိမနေခဲ့တာကို သူအေးအေးဆေးဆေးနားလည်သွားခဲ့ပါပြီ။
” ကြယ်တာရာလော့မြို့တော်ကို ငါတို့လာတဲ့နေ့ကစလို့ ချန်ပီယံတွေဖြစ်လာဖို့ မမျှော်လင့်ခဲ့မိဘူး…ငါတို့တွေကလဲ ချန်ပီယံတွေဖြစ်ကိုဖြစ်ရမယ်လို့သတ်မှတ်ထားတာမဟုတ်ဘူးလေ ဒီလောက်အနေအထားမင်းတို့တွေရောက်လာနိုင်ခဲ့တာ အတော်လေးကို ကျေနပ်မိပါပြီ မင်းတို့ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာက လူတိုင်းသိမြင်နေခဲ့ရတာပဲ အားလုံးကငါတို့ကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်တာကြောင့် မင်းတို့အနေနဲ့ လာမဲ့ပြိုင်ပွဲတွေမှာလဲ အများကြီးဒဏ်ရာမရဖို့မျှော်လင့်ပါတယ်…ရလဒ်ကဘယ်လိုပဲဖြစ်ပါစေ ပြန်ရောက်တဲ့အချိန်မှာ မင်းတို့နဲ့ထိုက်သင့်တဲ့ဂုဏ်ထူးဆောင်ရမှတ်တွေကို ရရှိစေဖို့ ငါတောင်းဆိုပေးမှာပါ ”
၀မ်ယန်ရဲ့စကားတွေက ဟို့ယွိဟောင်တို့လို အကြိုအဖွဲ့တော့ ပုံမှန်ပါပဲ။ သူတို့တွေကအများကြီးစတေးခဲ့သလို ကြိုးစားအားထုတ်မှုကလဲ မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့အတွက်တော့ အတော်ကိုခံရခက်တဲ့ စကားတွေဖြစ်နေခဲ့တယ်။
သူတို့တွေက အဓိကအဖွဲ့တွေဖြစ်ပြီ ဒီတစ်ကြိမ်မှာတော့ အကြိုအဖွဲ့၀င်တွေကသာ အဓိကတိုက်ခိုက်ခဲ့ရပါတယ်။ ၀မ်ယန်က စကားတွေနဲ့သူတို့ကိုထိခိုက်နာကျင်အောင်လုပ်နေသလိုဖြစ်ပေမဲ့ သူတို့ဘယ်လိုပြန်ပြောရမလဲတောင် မသိတော့ပါဘူး။
အေးဆေးသွားပုံရတဲ့ ၀မ်ယန်ကဘာကိုမှသတိမထားမိတဲ့အတိုင်း ပြောလာခဲ့တယ်။
” ငါတို့ရဲ့လုပ်ငန်းတာ၀န်က ပြီးဆုံးသွားပြီးပြီ ဒါကြောင့် ပြိုင်ဘက်တွေအကြောင်းပြောကြမယ်…ငါတို့ရဲ့ဗျူဟာတွေကို မဆုံးဖြတ်ခင် အဖွဲ့ထဲကလူတစ်ယောက်ချင်းဆီတိုင်းရဲ့စွမ်းအားတွေကို အရင်ဆုံးခွဲခြမ်းစိတ်ဖြာကြမယ်…ပြီမှသာကောင်းကောင်းမွန်မွန်ယှဥ်ပြိုင်ကြတာပေါ့ ”
ဒီလိုအကြိုစုဝေးမှုက ခြောက်နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။ သူတို့တွေနေ့လည်စာစားချိန်ကနေ နေ၀င်တဲ့အချိန်အထိ ဆက်တိုက်ဆိုသလို ဆွေးနွေးနေခဲ့ကြတာပါ။ အမျက်ဒေါသကျောင်းတော်ပဲ ပူပန်နေခဲ့တာမဟုတ်ပါဘူး။ တခြားကျောင်းတော်သုံးခုစလုံးကလဲ ဆက်တ်ိုက်ဆိုသလို ဆွေးနွေးနေခဲ့ကြပါတယ်။ ဒီပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ နောက်ဆုံးအနိုင်ရမဲ့သူက မကြာခင်ပေါ်ထွက်လာတော့မှာပါ။ ဒါက ထိပ်တန်းလေးခုကြားက တိုက်ပွဲတွေမဟုတ်ပဲ ယှဥ်ပြိုင်တဲ့အဖွဲ့၀င်တွေကြားက ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေခဲ့ပါတယ်။
ထိပ်တန်းအဖွဲ့ရဲ့လူတွေအားလုံးက ဘယ်အင်အားစုကိုပဲ ၀င်ရောက်ပါစေ သေချာပေါက် အကြီးမားဆုံးအလေးပေးမှုကို ရရှိမှာပါပဲ။ အကယ်၍ သူတို့သာ နိုင်ငံတစ်ခုမှာနေရာတောင်းချင်တယ်ဆိုရင်တောင် သူတို့ဘ၀တစ်လျှောက်လုံးမှာ ဒီပြိုင်ပွဲကို အနိုင်ရခဲ့တဲ့ဂုဏ်သိက္ခာကို အခြေခံပြီ ဘွဲ့နာမည်တွေတောင် တောင်းလို့ရပါတယ်။ တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်ပြိုင်ပွဲက နိုင်ငံတော်အတွက် အကောင်းဆုံးပါရမီရှင်တွေကို ရွေးချယ်ထုတ်ပြီ ကမ်းလှမ်းစေတဲ့ပြိုင်ပွဲလဲ ဖြစ်နေခဲ့တယ်။
အမျက်ဒေါသကျောင်းတော်က အမြင့်ဆုံးအဆင့်အတန်းကို ပိုင်ဆိုင်ထားတာကြောင့်သာ မဟုတ်ရင် အင်အားစုတွေ အားကောင်းတဲ့မိသားစုတွေနဲ့ မျိုးနွယ်စုတွေတောင်မှ သူတို့ရဲ့အားကောင်းတဲ့ကျောင်းသားတွေကို ဆက်တိုက်ဆိုသလို ပို့လွှတ်နေပြီးပါပြီ။
ဟို့ယွိဟောင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးအတော်လေး တောင့်တင်းလာတာကို ခံစားလိုက်မိပါတော့တယ်။ နေ့လည်တစ်လျှောက်လုံးမှာ အသေးစိတ်အချက်အလက်တွေကို မှတ်သားနေခဲ့ရတာက အတော်ကို ငြီးငွေ့ပြီပျင်းစရာကောင်းလွန်နေခဲ့ပါတယ်။ ဒါကိုနားထောင်မဲ့အစား ပန်ပဲရုံမှာသာသွားပြီသံသတ္ထုတွေကို သွားထုချင်စိတ်ပေါက်နေခဲ့ပါပြီ။
ပျင်းရိငြီးငွေ့နေတဲ့ခန္ဓာကိုယ်ကို အကြောဆန့်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ အခြေအနေပိုကောင်းလာခဲ့ပါတော့တယ်။ သူ့ရဲ့သွေးလည်ပတ်မှုက ပိုလိုချောမွေ့လို့လာခဲ့ပြီ မောပန်းနွမ်းနယ်မှုကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သန့်စင်ကြွယ်၀တဲ့စွမ်းအားက သူ့ခန္ဓာကိုယ်ထဲမှာ ဒီလိုရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတစ်ခုထဲနဲ့ နိုးထလာပါတော့တယ်။
” ညီငယ်လေးငါတို့ညစာသွားစားကြရအောင် ”
ပေ့ပေ့က ပြောလာခဲ့ပါတယ်။
” ကောင်းပါပြီ အစ်ကိုကြီး ”
” အစ်ကိုကြီးကျွန်တော်တို့အဆုံးသတ်မှာ ချန်ပီယံတွေဖြစ်လာနိုင်မယ်လို့ ထင်လား ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ထက် အင်အားအကြီးမားဆုံးဖြစ်နေခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ဉာဏ်ပညာအထက်မြက်ဆုံးနဲ့ ချဥ်းကပ်ရအလွယ်ဆုံးအစ်ကိုကြီးကိုသာ မေးမြန်းခဲ့တယ်။
” ဘာလဲမင်းက ယုံကြည်ချက်မရှိတော့ဘူးလား ”
” ကျွန်တော်ယုံကြည်ချက်မရှိတာမဟုတ်ဘူး..ဒါပေမယ့် ဆရာ၀မ်ပြောတဲ့ဥစ္စာတွေအားလုံးကိုကြားပြီနောက်မှာ ပြိုင်ဘက်တွေအင်အားကြီးတာကို သတိထားမိသွားတယ်လေ ”
” ဟုတ်တယ် ငါတို့ရဲ့ပြိုင်ဘက်တွေက အရမ်းကိုသန်မာတယ်…ဒါ့အပြင် အားလုံးနီးပါးက ၀ိညာဥ်ဘုရင်တွေကြီးပဲ ဒါပေမယ့် ငါတို့နဲ့အဆုံးသတ်မှာ ချန်ပီယံဖြစ်မယ်လို့ငါတို့ယုံကြည်ချက်အပြည့်ရှိတယ် ”
ဟို့ယွိဟောင်ကတော့ အနည်းငယ်မျက်လုံးပြူးသွားခဲ့ပါတယ်။ ပေ့ပေ့ကတော့ ပြုံးပြရင်းအေးအေးဆေးဆေးသာ ဆက်ပြောလိုက်တယ်။
” ယုံကြည်ချက်ဆိုတာက ကိုယ်ရဲ့ကိုယ်ပိုင်အစွမ်းအစကို ဘယ်လောက်အားကိုးလဲဆိုတာ မူတည်တယ်လေ အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်လာခဲ့တာ ဘယ်တုန်းကမှ မတွေးဝေခဲ့လို့ပဲ ဒါ့အပြင် ပြိုင်ပွဲကိုပါ၀င်ယှဥ်ပြိုင်ဖို့စေလွှတ်ခံရတယ်…တစ်ယောက်ချင်းဆီတိုင်းက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ ထိုက်တန်တဲ့၀ိညာဥ်စွမ်းရည်တွေကို ပိုင်ဆိုင်ထားပြီးပြီ ဒါကြောင့်သာ ကျောင်းတော်ရဲ့၀ိညာဥ်အကြီးအကဲတွေ ၀ိညာဥ်ဘိုးဘေးတွေက တခြားကျောင်းတော်တွေနဲ့ မတူညီကြတာပဲ ငါတို့ရဲ့၀ိညာဥ်ဘုရင်တွေက ပိုပြီးတော့တောင် ထူးခြားသေးတယ်..၀ိညာဥ်ဧကရာဇ်အဆင့်မှာဆိုရင် ကွာခြားချက်က ပိုပြီးကြီးမားနေပြီ ငါတို့ရဲ့ပြိုင်ဘက်တွေက ၀ိညာဥ်လက်နက်သုံးကောင်းသုံးနိုင်ပြီ နည်းဗျုဟာတွေနည်းစနစ်တွေကိုလဲ ဒီကွာခြားချက်ကို လိုက်မိအောင်လုပ်ဖို့အမျိုးမျိုးကြိုးစားပြီလုပ်ကြလိမ့်မယ်…ဒါပေမယ့် ငါတို့ရဲ့တကယ်စွမ်းအားအစစ်အမှန်က ငါတို့ရဲ့တိုက်ခိုက်လိုစိတ်ကနေ စတင်လာတာ ငါတို့အနေနဲ့ အမျက်ဒေါသကျောင်းတော်အတွက် တိုက်ခိုက်ရမယ်ဆိုတဲ့စိတ်ကိုသာ ထည့်ထားလိုက်မယ်ဆိုရင် သေချာပေါက် နိုင်မှာပဲ ”
ပေ့ပေ့ ဒါကိုပြောချိန်မှာပဲ လူတိုင်းကခန်းမအပြင်ဘက်ကို လျှောက်ပြီးထွက်လာနေတုန်းပဲရှိပါသေးတယ်။ ဒါကြောင့် သူပြောတာကိုအားလုံးက ရှင်းရှင်းလင်းလင်းကြားနေခဲ့တယ်။ မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ရဲ့အမူအရာတွေကလဲ ပြောင်းလဲလို့သွားပါပြီ။ ပေ့ပေ့ကိုကြည့်နေတဲ့အကြည့်ကလဲ အနည်းငယ်မတူညီပဲဖြစ်သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်ရင်းဆက်မေးလာခဲ့တယ်။
” အစ်ကိုကြီး ဒါဆိုရင် ဖျက်ဆီးနိုင်စွမ်းအပြည့်နဲ့ စိတ်အားထက်သန်မှုကို ပြောချင်နေတာလား ”
ပေ့ပေ့က ရယ်မောရင်းပြောလာခဲ့တယ်။
” ဒီလောကကြီးမှာ အသက်နှစ်ဆယ်မတိုင်ခင်၀ိညာဥ်ဘုရင်ဖြစ်လာနိုင်တဲ့ ပါရမီရှင်တွေအများကြီးရှိမယ်လို့ မင်းထင်နေတာလား ငါတို့အမျက်ဒေါသကျောင်းတော်က နှစ်ပေါင်းသောင်းနဲ့ချီအောင် အခြေခံခိုင်ခိုင်နဲ့ တည်ဆောက်လို့လာပြီတဲ့နောက် သင်ကြားမှုရဲ့စံပြအဖြစ်နဲ့ ဒီလိုကျောင်းသားတွေအများကြီးကို မွေးမြူးထားခဲ့တယ်…ပါရမီရှင်ကျောင်းသားတွေရဲ့ အလွန်အမင်ကြိုးစားအားထုတ်မှုလဲပါတာပေါ့ တခြားကျောင်းသားတွေက ကျောင်းသားနည်းနည်းလောက်ကို မွေးမြူးနိုင်ပေမဲ့ ဒါပေမယ့် မင်းတွေးမိရဲ့လား ဘယ်လိုကြောင့်များ သာမန်သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ဒါမျိုးကို ယှဥ်နိုင်မှာလဲလို့ ”
” ငါတို့အမျက်ဒေါသကျောင်းတော်က သော့်လော့တွေဖြစ်လာနိုင်ဖို့အတွက် စွမ်းရည်ကြီးကြတဲ့သူတွေကို မွေးထုတ်ပေးတယ်လို့ ငါအခိုင်အမာပြော၀ံ့တယ်…အပြင်လောကမှာ သူတို့သာ ကောင်းကောင်းရှင်သန်နိုင်မယ်ဆိုရင် ထူးကဲသာလွန်သော့်လော့အဖြစ်ကိုတောင် ရောက်ရှိနိုင်တယ်…ဒါပေမယ့် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်တဲ့စာမေးပွဲမှာ လာရောက်ယှဥ်ပြိုင်နေကြတဲ့ တခြားလူတွေအတွက်ကတော့ တခြားကိစ္စကမတူညီဘူး ဘာကြောင့်လဲဆိုတော့ သူတို့အဓိကအင်အားကြီးထွားလာရတာက သူတို့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုတွေ အများကြီးပါ၀င်မနေလို့ပဲ ”
” မင်းသတိထားမိလား အဖွဲ့၀င်တွေအားလုံးနီးပါးရဲ့ ထူးချွန်ထက်မြက်တဲ့လူတွေက နိုင်ငံတော်ရဲ့တော်၀င်မိသားစုတွေက လာတာဟုတ်ရင်ဟုတ် မဟုတ်လို့ရှိရင် အကောင်းဆုံးကျောင်းတော်တွေရဲ့ အကောင်းဆုံးမိသားစုကလာတာပဲ သူတို့ထဲမှာ အနည်းဆုံးတစ်၀က်လောက်နီးပါးက မတူညီတဲ့ဆေးလုံးတွေနဲ့ ရတနာမျိုးစုံကို အသုံးချပြီကျင့်ကြံဆင့်ကို မြင့်တင်ထားကြတယ်..အထူးသဖြင့် နေလနိုင်ငံတော်ရဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က သူတွေပဲ သူတွေကအရမ်းကိုချမ်းသာကြတယ်…ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က ၀ိညာဥ်လက်နက်တွေကို မင်းမြင်ဖူးတယ်မလား ”
ဟို့ယွိဟောင်လဲ ချက်ချင်းနားလည်သွားပါတော့တယ်။
” ဒါဆိုရင် သူတို့စွမ်းအားက ဆေးတွေကိုသုံးပြီ မြင့်တင်ထားတာပေါ့ ”
ပေ့ပေ့က ခေါင်းညိတ်ရင်းပြန်ပြောလာခဲ့ပါတယ်။
” ဆေးတွေအများကြီးက ၀ိညာဥ်ပညာရှင်တွေအတွက် အတော်လေးအသုံး၀င်တာကို ငြင်းလို့မရဘူးလေ ဒါပေမယ့် သင့်တင့်မျှတအောင် လုပ်တယ်ဆိုတာက အကောင်းဆုံးသော့်ချက်ပဲ ဆေး၀ါးတွေက တစ်ခါတစ်ရံမှာ အလွန်အကျွံသုံးစွဲလိုက်မယ်ဆိုရင် အသုံးပြုသူကို ထိခိုက်စေနိုင်တယ်..အဆိပ်လဲသင့်စေနိုင်တယ်…ကောင်းကောင်းမွန်မွန်ရွေးချယ်ထားတဲ့ ဆေး၀ါးတချို့လောက်သာ လူတစ်ယောက်ရဲ့အခြေခံကို ခိုင်မာအောင်လုပ်နိုင်တယ်.. ဒါကြောင့် ၀ိညာဥ်စွမ်းအားကို တိုးတက်အောင်လုပ်တဲ့နေရာမှာ ဆေးတွေကိုတတ်နိုင်သလောက်နည်းအောင် သုံးစွဲတာက အကောင်းဆုံးပဲ အစ်မကြီးမာနဲ့ အစ်ကိုကြီးထိုက်ကို မေးကြည့် ငါတို့အမျက်ဒေါသကျောင်းတော်က ဒီလိုဆေးတွေကို သုံးဖို့လုံး၀တားမြစ်ထားတယ်လို့ သူတို့ပြောလိမ့်မယ်…ဘာကြောင့်လဲဆိုတော့ ဒီလိုကျင့်ကြံဆင့်မျိုးက အနာဂတ်မရှိနိုင်လို့လေ အကယ်၍ လူတစ်ယောက်သာ ဆေး၀ါးတွေကိုအလွန်အကျုးသုံးစွဲလိမ့်မယ်ဆိုရင် နည်းနည်းပဲသုံးမယ်ဆိုရင်တောင် သေချာပေါက် သက်သက်လုံးသော့်လော့မဖြစ်လာနိုင်ဘူး ”
မာရှောင်ထောင့်ရဲ့အသံက ရုတ်တရက်ထွက်ပေါ်လာပါတော့တယ်။
” မောင်ငယ်လေးပေ့ပေ့ မင်းအတော်လေးသိထားတာပဲ ဘယ်လိုကြောင့်များ အပြင်နယ်မြေကလူဖြစ်ပြီ အတွင်းနယ်မြေရဲ့အကြောင်းတွေကို ဒီလောက်ကြီးသိနေရတာလဲ ”
ပေ့ပေ့က မာရှောင်ထောင့်ဖက်ကိုလှည့်ရင်း ပြုံးပြလိုက်ပါတယ်။
” တောင်းပန်ပါတယ် ကျွန်တော်မပြောနိုင်ပါဘူး ”
မာရှောင်ထောင့်က မျက်လုံးပြူးသွားပါတော့တယ်။
” ဘာလို့ပြောမရတာလဲ ပြောလေ ”
ပေ့ပေ့က ခေါင်းခါလိုက်ပါတယ်။
” ဒါကိုပြောထွက်တာက တစ်စုံတစ်ယောက်ကို အပြစ်ပြုရာရောက်ပါလိမ့်မယ် ”
မာရှောင်ထောင့်ရဲ့ စိတ်ကိုလူတိုင်းသိပြီထားပါ ဒါကြောင့် သူမက ရင်ဘတ်ကိုပုတ်ရင် အာမခံပါတော့တယ်။
” မင်းတစ်ယောက်ယောက်ကို အပြစ်ပြုမိတော့ကော ဘာဖြစ်လဲ ငါကကာကွယ်ပေးမှာပေါ့ ”
ပေ့ပေ့ရဲ့မျက်နှာပေါ်မှာကတော့ မသက်မသာဖြစ်တဲ့အမူအရာက ပေါ်လာပါတော့တယ်။
” ကောင်းပါပြီ အစ်မကြီးရှောင်ထောင့် ပြောတဲ့အတိုင်းသေချာပေါက် ကျွန်တော်ဘက်ရပ်တည်ပြီ ကူညီကာကွယ်ပေးရမယ်နော် ”
မာရှောင်ထောင့်က စိတ်မရှည်လက်မရှည်ပြောလာပါတော့တယ်။
” မင်းကဘာဖြစ်လို့ နေ့ခင်းကြောင်တောင်မှာ သရဲကြောက်နေတဲ့ မိန်းမကြီးလိုလုပ်နေရတာလဲ မြန်မြန်ပြောလိုက်စမ်းပါ ”
ဒီတစ်ကြိမ်မှာတော့ ပေ့ပေ့က သွားဖြူဖြူတွေကို ပေါ်လာတဲ့အထိပြုံးပြလိုက်ပါတော့တယ်။
” အစ်မကြီးက ၀က်သားကိုဘယ်တုန်းကမှ မစားဖူးဘူးပေမဲ့ သေချာပေါက် ၀က်တွေဘယ်လိုပြေးနေလဲဆိုတာ မြင်ဖူးမှာပေါ့ ”
သူပြောပြီတဲ့ချိန်မှာပဲ အနောက်က တံခါးကိုချက်ချင်းဆွဲဖွင့်လိုက်ပြီ အထဲကိုခုန်ထွက်လို့သွားခဲ့ပါပြီ။ ကြည့်ရတာ သူ့ကိုယ်ပိုင်အခန်းရဲ့အပြင်ကို ဘယ်လိုကောင်းကောင်းထွက်ရမလဲဆိုတာ သူသိနေပုံပါပဲ။
မာရှောင်ထောင့်ကတော့ သူမပြောတာကို ကြားချိန်မှာ မျက်လုံးပြူးသွားပါတော့တယ်။ ချက်ချင်းဆိုသလို သတိ၀င်လာရင်းကျိန်ဆဲတော့တယ်။
” ဒီခွေးမသားကတော့လေ ငါ့ကို၀က်လို့ခေါ်၀ံ့တယ်ပေါ့ ”
အဲ့ဒီနောက် ပေ့ပေ့အခန်းကိုပြေး၀င်ပြီးလိုက်ဖို့လုပ်ပါတော့တယ်။
လင်းလော့ချန်က ချက်ချင်းဆိုသလို သူမကိုအနောက်ကနေဆွဲထားရင်း မရယ်မိအောင်ထိန်းကာပြောနေခဲ့ပါတယ်။
” မပြေးနဲ့ အကယ်၍ မင်းပြေးလို့ရှိရင်းသူဆင်တဲ့အကွက်ထဲရောက်သွားပြီ မှတ်ထားသူက၀က်တစ်ကောင်ပြေးနေတဲ့အကြောင်း ပြောခဲ့တယ်လေ ”
မာရှောင်ထောင့်ကတော့ လက်ရှိအချိန်မှာ ပါးစပ်ပိတ်သွားပါတော့တယ်။ သူလဲခဏအကြာမှာတော့ ပြန်ပြီရယ်မောနေခဲ့မိပါပြီ။ ဒီလိုတက်ကြွလှုပ်ရှားမှုပြီတဲ့နောက်မှာတော့ မုံမှ်ိုင်နေခဲ့တဲ့ အခြေအနေက ပြန်ပြီကောင်းမွန်လာပါတော့တယ်။ ၀မ်ယန်ကတော့ အစည်းအဝေးခန်းမတံခါးရှေ့မှာရပ်နေရင်း ဖြစ်သွားခဲ့တာကိုကြည့်ပြီ အတော်လေးကို စိတ်ကျေနပ်မှုအပြည့်နဲ့ရှိနေခဲ့တယ်။ ပေ့ပေ့က တကယ်ကိုသူမတူအောင်ထူးခြားတဲ့ ဦးဆောင်နိုင်ရေးစွမ်းကို ပိုင်ဆိုင်ထားတာပါပဲ။ အကြိုအဖွဲ့ရဲ့ အခြေအနေကတော့ တစ်ဆထက်တစ်ဆ ပိုမိုကောင်းမွန်လာခဲ့ပါပြီ။
ငါးနှစ်ကြာပြီတဲ့နောက် ဒီကလေးတွေသာ အရွယ်ရောက်လာခဲ့မယ်ဆိုရင် သေချာပေါက်အမျက်ဒေါသကျောင်းတော်ရဲ့အင်အားအကောင်းဆုံးအဖွဲ့ဖြစ်လာခဲ့မှာပါ။ သူတို့တွေက နှစ်တွေတစ်လျှောက်မှာအသန်မာဆုံးအမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ဖြစ်လာပါလိမ့်မယ်။
” မင်းဒီနေ့သွားပြီ လေ့ကျင့်မှာလား မလေ့ကျင့်ဘူးလား ”
၀မ်သုန့်က ဟို့ယွိဟောင်ကို ပုခုံးနဲ့တိုက်ရင်းမေးလာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်ရင်းပြောလာခဲ့တယ်။
” သေချာပေါက် ငါတို့လေ့ကျင့်ရမှာပေါ့ နောက်ဆုံးစက္ကန့်အထိ အသုံး၀င်မှာပဲ ငါ့ရဲ့တရားထိုင်တာက ဘယ်လိုရလဒ်ရသွားလဲဆိုတာ မင်းအစာစားပြီရင်းသိသွားလိမ့်မယ် ”
” မင်းကတစ်ရက်ထဲလေ့ကျင့်ရုံနဲ့ မြေကမ္ဘာကွဲအက်မတတ်ပြောင်းလဲသွားမယ်လို့များ ထင်နေတာလား ”
မကြာခင်မှာပဲ ဒီလိုမြေကမ္ဘာကွဲအက်မှုဖြစ်ပေါ်လာပြီဆိုတာကို သက်သေပြပြီသားဖြစ်သွားပါတော့တယ်။ ညစာစားပြီတဲ့နောက် သူတို့နှစ်ယောက်ကအတူတူ လေ့ကျင့်ကြပါပြီ။ ၀မ်သုန့်ကတော့ ဟောင်သုန့်စွမ်းအားထွက်လာတာနဲ့ ချက်ချင်းဆိုသလို မျက်လုံးဖွင့်ရင်းထအော်ပါတော့တယ်။
” ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
” ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ”
” မင်းရဲ့ကျင့်ကြံတဲ့အရှိန်နှုန်းက နှစ်ဆဖြစ်သွားပြီ ငါထက် ပိုမြန်နေတယ်…ငါက ၀ိညာဥ်အကြီးအကဲနော် မိုးနတ်မင်းကြီးရေ မင်းဘယ်လိုများလုပ်လိုက်တာလဲ ငါမင်းကိုတစ်ချိန်လုံးစောင့်ကြည့်တာကြောင့်သာ မဟုတ်ရင် မင်းတန်ဖိုးကြီးဆေးလုံးတွေကို ခိုးစားထားတယ်လို့ထင်မှာပဲ ”
“:ငါဘာမှမစားထားဘူး အကယ်၍ ငါပြောမယ်ဆိုရင်တောင် မင်းဒီလောက်လန့်နေမယ်ဆိုတာ ငါသိသားပဲ”
အဲ့ဒီနောက် သူတို့ပြောပြီးပြီချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့လက်တွေက ချိတ်ဆက်ထားလို့သွားပါတော့တယ်။ ဟောင်သုန့်စွမ်းအားရဲ့လှည့်ပတ်မှုက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲ၀င်ရောက်ချိန်မှာ နှစ်ဆပိုမြန်လာခဲ့ပါပြီ။ တကယ်ကို နှစ်ဆဖြစ်သွားခဲ့တာပါ။ ဒါ့အပြင် အားကောင်းတဲ့အသက်စွမ်းအားတွေကလဲ ဟို့ယွိဟောင်ခန္ဓာကိုယ်ကနေတစ်ဆင့် ၀မ်သုန့်ခန္ဓာကိုယ်ထဲ ၀င်သွားပါတော့တယ်။
၀ိညာဥ်စွမ်းအားတွေအပြည့်အ၀လှည့်ပတ်ပြီတဲ့နောက် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က ပိုသက်သောက်သက်သာရှိလာခဲ့သလို စွမ်းအားကလဲ အဖက်ဖက်မှာ တိုးတက်လို့လာခဲ့ပါတယ်။ သူမသိတဲ့အချက်ကတော့ ကျယ်ပြန့်တဲ့အသက်စွမ်းအားတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အစိတ်အပိုင်းတချို့သာရှိပေမဲ့ သူ့ကိုယ်သူအားဖြည့်ရုံတင်မကဘူး ၀မ်သုန့်ကိုပါလာပြီသက်ရောက်ပြောင်းလဲနေတယ်ဆိုတာကိုပါပဲ။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို သံသယအပြည့်နဲ့ကြည့်နေခဲ့တယ်။
” ဒီလောက်တောင်မှ တရားထိုင်တာကောင်းလို့လား နောက်တစ်ခေါက်ကြရင်း ငါလဲကြိုးစားကြည့်ဦးမယ် ”
” ကောင်းသားပဲလာပါ နောက်တစ်ကြိမ်ပြန်ပြီလေ့ကျင့်ရအောင် ဒီလိုမျိုး လေးလေးနက်နက်တရားထိုင်တာက လူတစ်ယောက်ရဲ့စွမ်းအားကို ပြန်ဖြည့်တင်းတဲ့နေရာမှာ အကောင်းဆုံးပဲ ငါရဲ့၀ိညာဥ်စွမ်းအားတွေက ထူးထူးခြားခြားပြောင်းလဲသွားသလို ခံစားရတယ်…အခွင့်အရေးကို မဖြုန်းတီးနဲ့ မင်းအတွက်အကျိုးရှိမှာသေချာတယ်…လာပါလေ့ကျင့်မယ် ”
ရွှေလိုအသက်ရဲ့ကောင်းမွန်တဲ့အသက်စွမ်းအားတွေက ဘယ်လို၀ိညာဥ်စွမ်းအားကိုမှ သိပ်ပြီတွယ်ကပ်မနေခဲ့ပါဘူး။ အလိုအလောက်ပြောင်းလဲရင်း ရွေ့ပြောင်းနိုင်ပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်ကို သူနဲ့အတူတူ လက်ရှိအချိန်လေ့ကျင့်စေချင်တာက အသက်စွမ်းအားတွေကို ရွေ့ပြောင်းစေချင်လို့ပါ ဒါဆိုရင်တူညီတဲ့အကျိုးကျေးဇူးတွေ ရပါလိမ့်မယ်။
ဟောင်သုန့်စွမ်းအားကို နောက်တစ်ကြိမ်သုံးပြီတစ်ညလုံးလုံးလေ့ကျင့်နေခဲ့ပါတယ်။
တစ်ညပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားထဲမှာရှိတဲ့ အသက်စွမ်းအားတစ်၀က်နီးပါးကို ၀မ်သုန့်က စုပ်ယူပြီသားဖြစ်သွားခဲ့ပါတယ်။ မနက်ခင်းအထိလေ့ကျင့်ပြီတဲ့နောက် ဟို့ယွိဟောင်က သူ့ရဲ့ခရမ်းရောင်နတ်ဆိုးမျက်လုံးကို လေ့ကျင့်ဖို့ပြတင်းပေါက်ဆီထွက်သွားခဲ့ပါပြီ။ ၀မ်သုန့်ကတော့ အရမ်းကို တက်ကြွရင်းတောက်ပနေပါတော့တယ်။ သူ့ရဲ့အရေပြားတွေကတောင် တစ်ဖျတ်ဖျတ်လက်နေခဲ့ပြီ မျက်လုံးတွေကလဲ ပိုပြီးကြည်လင်လာခဲ့ပါတယ်။ ချောမောခန့်ညားတဲ့မျက်နှာက အနည်းငယ်ပန်းနုရောင်ဖြာနေခဲ့ပြီ မဖော်ပြနိုင်လောက်အောင် ချစ်စရာကောင်းနေခဲ့တယ်။ ကောင်းကောင်းအနားယူထားရသလိုပုံစံမျိုးနဲ့ တောက်ပတက်ကြွနေခဲ့တဲ့ သူ့ပုံစံက အရမ်းကိုလန်းဆန်းနေခဲ့တာပါ။
တစ်ညတိတိလေ့ကျင့်ပြီတဲ့နောက် သူတို့ရဲ့ကျင့်ကြံဆင့်က သုံးဆမြန်လာပါတော့တယ်။ ဒါ့အပြင် အားကောင်းတဲ့စွမ်းအားနဲ့ ပေါင်းစည်းမှုကြောင့်တစ်ဖက်နဲ့တစ်ဖက် ပိုပြီးလိုက်လျောညီထွေးလှုပ်ရှားနိုင်နေပါပြီ။ တစ်ယောက်ထဲဖြစ်သွားတဲ့အတိုင်းပါပဲ။
မနက်ခင်းစောစောဖြစ်တာကြောင့် အကြိုဗိုလ်လုပွဲက မကြာခင်စတင်တော့မှာပါ။ သူတို့လဲ သွားတိုက်မျက်နှာသစ်ပြီ မနက်စာစားကြပါတော့တယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့တွေအားလုံးက မှင်စိမ်းရောင်၀တ်စုံကို ၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူတို့တွေ ကြယ်တာရာလော့ရင်ပြင်ကျယ်ထဲကို ၀င်၀င်ချင်မှာပဲ လက်ခုပ်သံတွေနဲ့ ကြိုဆိုခံရတော့တယ်။
ပြိုင်ပွဲအစမှာ အဖွဲ့ရာနဲ့ချီပြီရှိနေခဲ့တာပါ။ လက်ရှိအချိန်မှာ အဖွဲ့လေးဖွဲ့သာ ကျန်ပါတော့တယ်။ တစ်လနီးပါးကြာအောင်ရှာခဲ့တဲ့ ပြိုင်ပွဲကြီးထဲမှာ ရှောင်းရှောင်း ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့က ၀ိညာဥ်စွမ်းအားတွေလဲ အများကြီးတိုးတက်ခဲ့ပါတယ်။ ကျန်ရစ်တဲ့အဖွဲ့လေးဖွဲ့မှာတော့ တစ်ဖွဲ့ချင်းဆီတိုင်းက တိုက်ခိုက်ဖို့နှစ်ပွဲဆီကျန်ပါသေးတယ်။ အဆုံးအဖြတ်အချိန်က မကြာခင်မှာရောက်လာတော့မှာပါ။ မကြာခင်မှာပဲ ပါ၀င်ယှဥ်ပြိုင်သူနေရာမှာ ထိုင်ခုံနေရာလေးခုသာကျန်ပါတော့တယ်။ အဖွဲ့တစ်ဖွဲ့ချင်းဆီတိုင်းကလဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို ခပ်ခွာခွာနေရင်း ရှိနေခဲ့တော့တယ်။
ပြိုင်ပွဲစဖို့တစ်နာရီနီးပါးလိုသေးပေမဲ့ အားလုံးကတော့ ရောက်နေပါပြီ။ သူတို့တွေက တစ်ဖက်နဲ့တစ်ဖက် ဆက်တိုက်ဆိုသလို စောင့်ကြည့်လို့နေခဲ့ပါတယ်။ မျက်လုံးအကြည့်ချင်ဆုံသွားချိန်မှာကတော့ မီးပွားတွေထွက်လာသလိုပါပဲ။ အားကောင်းတဲ့တိုက်ခိုက်လိုစိတ်တွေကို ခံစားနေခဲ့ရသလို ပတ်၀န်းကျင်အခြေအနေကလဲ အတော်ကို ကြမ်းတမ်းပြီပြင်းထန်လွန်လို့နေခဲ့တယ်။
အပူရှိန်ကတော့ ဒီနေ့သိပ်ပြီမပူပြင်းလှပါဘူး။ ရွှေရောင်အလင်းတွေဖြာထွက်လာချိန်မှာကတော့ ဒီနေ့ရာသီဥတုက လူတိုင်းရဲ့ အောင်ပွဲနဲ့အနိုင်လိုစိတ်ကို မသက်ရောက်နိုင်ပဲရှိနေခဲ့တယ်။
အကြိုဗိုလ်လုပွဲရဲ့ ပထမဆုံးနေ့မှာကတော့ အဖွဲ့လိုက်တိုက်ပွဲတွေအဖြစ် တိုက်ခိုက်ရမှာပါ။ ဒါပေမယ့် နေရာကြီးရဲ့ အရှေ့တစ်လျှောက်မှာအနီရောင်ကောဇောကြီးကို မြင်လိုက်ရမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။ မဲခွဲဆုံးဖြတ်မှုမတိုင်ခင်ဆယ်မိနစ်အလိုမှာပဲ ကြယ်တာရာလော့ဧကရာဇ်ကိုယ်တိုင်က အဲ့ဒီနယ်မြေဖက်ကိုဆင်းလာပါတော့တယ်။
” ဧကရာဇ်မင်း သက်တော်ရာကျော်ရှည်ပါစေ ဧကရာဇ်မင်းသက်တော်ရာကျော်ရှည်ပါစေ ”
ရှိရှိသမျှပြည်သူပြည်သားတွေ စစ်သည်တော်တွေအားလုံးက ဒူးထောက်ရင်းအရိုအသေပြုကြပါတယ်။
ဧကရာဇ်ပေါ်လာတာကိုမြင်ချိန်မှာတော့ သူတို့တွေအားလုံးက ပိုတက်ကြွလာခဲ့ပါပြီ။ အဖွဲ့လေးဖွဲ့ကလဲ ဧကရာဇ်ကို တလေးတစားနဲ့ အရိုအသေပြုကြပါတယ်။ ကြယ်တာလော့ဧကရာဇ်ရဲ့ အနောက်ဖက်မှာ လူကြီးလေးယောက်ရှိနေတာကို ဟို့ယွိဟောင်သတိထားမိခဲ့တယ်။ ဒီလူတွေကဧကရာဇ်ကို အဓိကကာကွယ်ပေးထားပြီ အနောက်ဖက်မှာတော့ စစ်သည်တော်အယောက်နှစ်ဆယ်ရှိနေခဲ့ပါတယ်။ သူတို့တွေက အလွန်အကျွံသတ်ဖြတ်ထားတဲ့ပုံလဲမပေါ်ပါဘူး။
ဒါပေမယ့် တစ်ယောက်ချင်းဆီတိုင်းက ဒီအဖွဲ့ရဲ့အင်အားကို အထင်သေးလို့မရမှန်းသိနေခဲ့တယ်။ အရှေ့မှာရှိတဲ့လူကြီးလေးယောက်ကတော့ သေချာပေါက် သော့်လော့တွေပါပဲ။
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက သိုင်းပညာ၀ိညာဥ်ခန်းမဆိုတာ အင်အားအကြီးဆုံး၀ိညာဥ်ပညာရှင်တွေကို ပိုင်ဆိုင်ခဲ့တဲ့သူပါ။ ဒါ့အပြင် သူတို့နဲ့အတူ လူမဟာမိတ်ဖွဲ့ဖို့ အင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တွေအများကြီးက တောင်းဆိုခံခဲ့ရပါတယ်။ ၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေအကြောင်း ပိုပိုပြီးနားလည်လာတာနဲ့အမျှ သော့်လော့တွေလဲစတင်ပေါ်ထွက်လာတော့တယ်။ ဒါပေမယ့် တချို့ကတော့ ဆေး၀ါးတွေကိုအသုံးပြုရင်းနဲ့ တိုးတက်ဖို့လုပ်ခဲ့ကြတာပါ။ ဒါကြောင့် သော့်လော့ဖြစ်နေတာတောင် အတော်လေးအားနည်းနေကြတဲ့သူတွေဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သော့်လော့တွေကအများကြီးတိုးလာပြီဖြစ်ပေမဲ့ အရေအတွက်ကတော့ နည်းနေဆဲပါပဲ။ မတူညီတဲ့ဘွဲ့အမည်နဲ့ သော့်လော့တွေက မတူညီတဲ့သိုင်းပညာ၀ိညာဥ်တွေကို ပိုင်ဆိုင်ထားရုံတင်မက ကျင့်ကြံဆင့်တွေ ၀ိညာဥ်စက်ကွင်းတွေ ၀ိညာဥ်အရိုးအရေအတွက်တွေ ဘာမှမတူညီကြပါဘူး။ တစ်ယောက်ချင်းဆီရဲ့စွမ်းအားကလဲ အများကြီးကွာခြားနိုင်ပါတယ်။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့၀မ်သုန့်တို့ကတော့ သူတို့ကိုခြိမ်းခြောက်ခဲ့တဲ့သူကို ရှာမတွေ့နိုင်ပဲ ရှိနေခဲ့တော့တယ်။ ၀ိညာဥ်ပညာရှင် တစ်ရာ့နဲ့ရှစ်ယောက်ကတော့ ဧကရာဇ်ကိုသာ ဦးညွတ်ကြပြီ ဒူးမထောက်ကြပါဘူး။ နိုင်ငံတော်ရဲ့စည်းမျဥ်းအရ ၀ိညာဥ်စက်ကွင်းလေးကွင်းအထက်ရှိတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးက သံတမန်တွေနဲ့အတူ ဧကရာဇ်ကို ဒူးမထောက်ခွင့်ရှိနေခဲ့တယ်။
ဧကရာဇ်က သူ့အကာအကွယ်သော့်လော့တွေရဲ့ ၀န်းရံမှုနဲ့အတူ အောက်ဖက်ကိုဆင်းသက်လာခဲ့ပါပြီ။ အဲ့ဒီနောက် ကြယ်တာရာလော့ရင်ပြင်ကျယ်ကို မျက်နှာမူရင်ပြောလိုက်ပါတယ်။
” ထနိုင်ကြပါပြီ ပြည်သူပြည်သားတို့ ”
သက်တော်ရာကျော်ရှည်စေကြောင်း အသံတွေကနောက်တစ်ကြိမ် ပြန့်လွှင့်လို့လာခဲ့ပါတယ်။ ဧကရာဇ်ကို သူ့ပြည်သူပြည်သားတွေက နှစ်သက်မြတ်နိုးကြတာအမှန်ပါ။
ကြယ်တာရာလော့ဧကရာဇ်က ဒါတွေကိုမတားမြစ်ခဲ့ပါဘူး။ အဲ့ဒီအစား အေးဆေးတည်ငြိမ်တဲ့အကြည့်နဲ့သာ ပြုံးပြုံးကြီးကြည့်နေခဲ့ပါတယ်။ ရင်ပြင်ကျယ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီတဲ့နောက်မှသာ သူဆက်ပြောလာခဲ့တယ်။
” တိုက်ကြီးရဲ့အဆင့်တက်ကျောင်းတော်ပြိုင်ပွဲက သော့်လော့တိုက်ကြီးတစ်ခုလုံးတာအတွက် ငါးနှစ်မှတစ်ကြိမ်သာ ကျင်းပတဲ့အဓိကပွဲတော်ကြီးတစ်ခုပါပဲ ဒီတစ်ကြိမ်မှာ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရတာကြောင့် တကယ်ကိုဂုဏ်ယူရပါတယ်…တစ်ရာကျော်သောကျောင်းတော်တွေရဲ့ကိုယ်စားပြုတွေအားလုံးကိုလဲ အထူးကျေးဇူးတင်လိုပါတယ်…စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတွေအများကြီးကို မြင်တွေ့ခွင့်ရသလို အစဥ်အမြဲပြောင်းလဲနေတဲ့ တိုးတက်မှုတွေကလဲ မြင်သာလာခဲ့ပါပြီ ဒါက ငါကိုယ်တော်မြတ်နဲ့အတူ ပြည်သူပြည်သားတွေအားလုံးကိုလဲ နှစ်ခြိုက်စေတယ် ”
” အကြိုဗိုလ်လုပွဲ ပွဲစဥ်တွေက မကြာမီအချိန်အတွင်းမှာ စတင်တော့မှာပါ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်ပြိုင်ပွဲကြီးကလဲ အဆုံးသတ်ပါတော့မယ်…နောက်ထပ်မဲခွဲပြိုင်ပွဲတွေက ထပ်မရှိတော့ပါဘူး..ဒါကြောင့် ဒီတစ်ကြိမ်မှာ ကိုယ်တိုင်မဲခွဲပေးဖို့ ရောက်လာရတာဖြစ်တယ်…အမျက်ဒေါသကျောင်းတော် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် တော်၀င်ထူးဆန်းအံ့ဖွယ်ကျောင်းတော်နဲ့ ကိုယ်တော်တို့ရဲ့ကိုယ်ပိုင်ကြယ်တာရာလော့နိုင်ငံတော်ကျောင်းတော်က ခမ်းနားပြီ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ခုကို အားလုံးအတွက် ပြသတော့မှာပါ ”
” ဒီပွဲတော်ကြီးကို ကြည့်ရှု့ဖို့အတွက်အားလုံးစိတ်အလောကြီးနေကြပြီဆိုတာ သိပါတယ်…ကိုယ်တော်လဲ အင်မတန်စိတ်လှုပ်ရှားနေမိတယ်..နောက်ထပ်ဆက်မပြောလိုတော့ပါဘူး…မဲခွဲမှုစတင်လိုက်ရအောင် ပြည်သူပြည်သားတွေနဲ့အတူတူ စိတ်ပျော်ရွှင်မှုကို မျှဝေဖို့အတွက် ဆန္ဒရှိပါတယ်…ဒါ့အပြင် ကြယ်တာရာလော့နိုင်ငံတော်ကြီးကလဲ နောက်သားစဥ်မြေးဆက်တိုင်းအောင် ကြွယ်၀စည်းပင်နေပါစေ ”
ဧကရာဇ်ရဲ့စကားတွေက သိပ်လဲမရှည်ခဲ့သလိုသိပ်လဲမတိုခဲ့ပါဘူး။ ဒါ့အပြင် ခမ်းနားတဲ့အငွေ့အသက်တွေလဲအပြည့်ပါ၀င်လို့နေခဲ့တယ်။ သူပြောပြီးပြီချိန်မှာပဲ လူကြီးကနောက်တစ်ကြိမ်ထပ်မံချီးမွမ်းထောပနာပြုကြပါပြီ။
သူနဲ့အတူတူ လျှောက်လာနေတဲ့ လူကြီးလေးယောက်ထဲမှာ ဘယ်ဘက်အစွန်းဆုံးရှိနေတဲ့တစ်ယောက်က အရှေ့ကိုနှစ်လမ်းတိုးလာခဲ့ရင်း ခပ်တိုးတိုးအသံနဲ့ပြောလိုက်ပါတယ်။
” အဖွဲ့လေးဖွဲ့ရဲ့ခေါင်းဆောင်တွေ စင်ပေါ်ကိုတက်လာလို့ရပါပြီ မဲခွဲပါတော့မယ် ”
ဒီအဘိုးကြီးရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေခဲ့တဲ့ အင်အားကြီးစွမ်းအားတွေက လူတ်ိုင်းကို တုန်လှုပ်လို့သွားစေခဲ့ပါတယ်။ ကြယ်တာရာလော့ရင်ပြင်ကျယ်ကြီးတစ်ခုလုံးတောင် သူ့အစွမ်းအစတွေအောက်မှာ မှောင်မိုက်သွားသလိုပါပဲ။
အပိုင်း ၁၀၇•၂ ပြီး၏။