Switch Mode

Chapter – 104.1

အကြိုဗိုလ်လုပွဲကို ရောက်ရှိခြင်း

အပိုင်း ၁၀၄•၁

” အကြိုဗိုလ်လုပွဲကို ရောက်ရှိခြင်း ”
°°°
” ဘာများလုပ်တာမှားမိလို့လဲ လုပ်ခဲ့သမျှအရာအားလုံးက အဖွဲ့နိုင်ဖို့အတွက်ပဲလေ ကျွန်မရဲ့စွမ်းရည်နဲ့ဆိုရင် ထိုက်ယွဲ့ဟန်ထက် တခြားအဖွဲ့နဲ့တိုက်ခိုက်ဖို့ကို ပိုပြီးသင့်တော်နေတာပဲ နောက်ဆုံးတော့နိုင်ခဲ့တာပဲမဟုတ်လား အလွယ်လေးပဲလေ ”

မာရှောင်ထောင့်က ဆက်တိုက်ပြောပါတော့တယ်။

” အလွယ်လေးတဲ့လား ”

၀မ်ယန်က ပြောလိုက်ပါတယ်။

” ဒါပေါ့ ငါတို့အရမ်းလွယ်လွယ်နဲ့နိုင်ခဲ့တယ်..ဒါပေမယ့် ငါမင်းကို မေးပါရစေလား မင်းရဲ့စွမ်းရည်တွေကို အစောကြီးထုတ်ပြလိုက်တယ်လို့ မထင်ဘူးလား မင်းရဲ့အနာဂတ်ပြိုင်ဘက်က သုန့်လင်းအဖွဲ့ထက် အားနည်းမယ်ထင်လား အားသာမယ်ထင်လား ငါတို့ရဲ့အသန်မာဆုံးပြိုင်ဘက်က ဘယ်သူလဲလို့မင်းထင်လဲ ”

၀မ်ယန်က ရုတ်တရက်ဆိုသလို အသံကိုမြင့်လိုက်ရင်း အရှေ့မှာရှိတဲ့စားပွဲခုံကို ရိုက်ချကာ အပြင်ဘက်ကိုလက်ညိုးထိုးလိုက်ပါတော့တယ်။

” ငါတို့ရဲ့အသန်မာဆုံးပြိုင်ဘက်က နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ပဲ ငါတို့တွေပြိုင်ဖို့အပြင်ထွက်သွားတိုင်း သူတို့ကကြည့်နေကြတယ်..အကြိုအဖွဲ့ပြသခဲ့တဲ့ စွမ်းရည်တွေအားလုံးကို သူမှတ်သားသွားတယ်..နေရာထဲကို၀င်တဲ့ အဖွဲ့၀င်တွေအားလုံးနဲ့ငါတို့အသုံးပြုတဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးကို သူတို့ကမှတ်သားတယ်..အားလုံးကိုအသေးစိတ်အတိအကျတန်ပြန်တိုက်ခိုက်ဖို့လုပ်ကြတယ်…ဒါပေမယ့် မင်းလုပ်ခဲ့တဲ့ကိစ္စကို သေချာစဥ်းစားကြည့်စမ်း မင်းကပြိုင်ဘက်အဖွဲ့ဆီကို ရက်ရက်ရောရောကြီး မင်းရဲ့စွမ်းအားတွေအားလုံးကို ထုတ်ပြလိုက်ပြီလေ မင်းဘယ်လောက်အထိ သန်မာလဲဆိုတာ ပြိုင်ဘက်တွေမသိမှာစိုးရိမ်နေလို့လား ”

” ငြင်းတောင်မငြင်းလေနဲ့ ဒါကအမှန်တရားပဲ မင်းထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့သုံးယောက်စလုံးက ငါတို့အဖွဲ့ရဲ့တကယ်အင်အားကြီးတဲ့သူတွေပဲ မင်းနောက်ဆုံးပြိုင်ပွဲကို မပြိုင်ခဲ့တာကြောင့် ပြိုင်ဘက်အဖွဲ့တွေက မင်းအကြောင်းကိုမသိဆုံးဖြစ်နေမယ်…အကယ်၍ သူတို့ကိုသာ ပြိုင်ပွဲအဆုံးသတ်တဲ့အထိ မင်းရဲ့စွမ်းရည်တွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲသိလား သေချာပေါက် အံ့ဩစရာအကြီးကြီးဖြစ်သွားတော့မှာပဲ ငါတို့ကိုနောက်ဆုံးချန်ပီယံဖြစ်စေနိုင်တဲ့အထိ အံ့ဩစရာကြီးဖြစ်သွားလိမ့်မယ်…ဒါတောင်မင်းဘာလုပ်ခဲ့လဲ မင်းက မင်းရဲ့စွမ်းရည်တွေကိုတောင် ထုတ်ဖော်ပြသဖို့မစောင့်နိုင်ဘူးလေ မင်းရဲ့ပြိုင်ဘက်တွေကို မသိမှာတောင်ကြောက်နေတဲ့အတိုင်း ပြေးထွက်ပြီတိုက်ခိုက်တော့တာပဲ မာရှောင်ထောင့် ငါတို့ရဲ့အဖွဲ့က ဒီလောက်မပြီးပြည့်စုံတော့ဘူးဆိုတာကို မမေ့လိုက်လေနဲ့ ဒါ့အပြင် ငါတို့ရဲ့ပြိုင်ဘက်က အရက်ကထက်ပိုပြီးသန်မာနေတယ်…လက်ရှိအခြေအနေကို ကြည့်လိုက်ပါဦး ဘာကြောင့်များ ဒီပြိုင်ပွဲကငါတို့နိုင်မယ်လို့ ဒီလောက်တောင်မင်းသေချာနေရတာလဲ ”

၀မ်ယန်ရဲ့စကားတွေကို ကြားပြီချိန်မှာတော့ မာရှောင်ထောင့်လဲ ပြန်မပြောနိုင်တော့ဘူး။ သူက အမြဲတမ်းခေါင်းမာတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ။ ငယ်ငယ်လေးကထဲကနေ သူ့ကို ၀မ်ယန်လိုမျိုးဘယ်သူမှလာမဆူလာခဲ့ပါဘူး။ ဒါကြောင့် သူ့မျက်နှာကနီရဲလို့နေခဲ့ပါပြီ။

၀မ်ယန်က ပြင်းပြင်းထန်ထန် ဆက်ပြောပါတယ်။

” ဒီနေ့ပြိုင်ပွဲကို ဥပမာအနေနဲ့ထားလိုက် စန်းရှီရဲ့ ထူးဆန်းမြေအောက်လောကနေရာရွေ့ပြောင်းကြောင့်သာမဟုတ်ဘူးဆိုရင် ငါတို့ပြိုင်ဘက်ရဲ့ခုခံမှုကို ဖောက်ထွက်နိုင်မှာပါ ငါတို့လုပ်နိုင်မယ်ဆိုရင်တောင် ဘယ်လိုဖြစ်လာမလဲထင်လဲ ငါတို့တွေက ဘယ်သူတွေလဲဆိုတာ သိနေပြီတာတောင် ပြိုင်ဘက်က တိုက်ပွဲဗျူဟာကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့တယ်…ဒါကသူတို့လုပ်နိုင်သလောက် အရာအားလုံးပဲလား သူတို့အနေနဲ့ ငါတို့ကို အဲ့ဒီဗျူဟာနဲ့အနိုင်ရနိုင်မယ်လို့ ဘယ်လောက်ယုံကြည်ချက်ရှိနေလဲဆိုတာ ဗျူဟာဆင်နေပုံနဲ့ သိသာနေတာပဲလေ ဒါ့အပြင် သူတို့လက်ထဲမှာ ပြင်ဆင်နေတဲ့ သတ္ထုပစ္စည်းက တိုက်ခိုက်ရေး၀ိညာဥ်အမျိုးအစားပစ္စည်းပဲ မင်းရော ထိုက်ယွဲ့ဟန်ရောနှစ်ယောက်စလုံး ဒီပစ္စည်းကိုတန်ပြန်တိုက်ခိုက်နိုင်တာမဟုတ်ဘူး..ဒါမျိုးတွေဖြစ်မလာနိုင်ဘူးလို့ မင်းတွေးထားတယ်မဟုတ်လား မင်းတို့က၀ိညာဥ်ဧကရာဇ်တွေ သန်မာတဲ့၀ိညာဥ်ဘုရင်တွေထက်တောင် အများကြီးပိုပြီအားကောင်းသေးတယ်…ကောင်းပြီလေ သေခြင်းတရားရဲ့တမန်တော်နဲ့ရင်ဆိုင်တဲ့အချိန်မှာ ဖြစ်လာခဲ့တဲ့ကိစ္စတွေကို မင်းတို့ခန့်မှန်းနိုင်ကြလား ဘယ်တော့မှပြိုင်ဘက်ကိုအထင်မသေးလေနဲ့ မင်းရဲ့စွမ်းအားတွေကို အထင်သွားမကြီးနဲ့ ဒါကဆိုးတဲ့အရာတော့မဟုတ်ပါဘူး…ဒါပေမယ့် သေချာတိကျတဲ့အောင်မြင်မှုကို ရပြီတော့မှာသာ ဒီအောင်မြင်မှုအတွက် ဂုဏ်ယူသင့်တယ်…ဒါ့အပြင် မင်းကတစ်ယောက်ထဲတိုက်ခိုက်နေတာမဟုတ်ဘူး.. မင်းကအဖွဲ့ခေါင်းဆောင်ပဲ အမျက်ဒေါသကျောင်းတော်တစ်ခုလုံးကို ကိုယ်စားပြုနေတဲ့ အဖွဲ့ခေါင်းဆောင် ”

” ဒီကလေးတွေကိုကြည့်လိုက်ပါ သူတို့ဘာလုပ်ခဲ့လဲ မင်းသိလား မိုးထိလွှာကျောင်းတော်နဲ့ ရင်ဆိုင်တဲ့ပြိုင်ပွဲမှာ သူတို့တစ်ယောက်ချင်းဆီတိုင်းက အများကြီး ကြီးကြီးမားမားပေးဆပ်ရင်းနဲ့ ထိခိုက်ခဲ့ရတယ်..ဒါတွေအားလုံးက ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက်ပဲသူတို့ထဲက ခုနှစ်ယောက်မှာ ငါးယောက်ကသတိလစ်တဲ့အထိ ရိုက်ချခံလိုက်ရတယ်..ရှောင်းရှောင်းရဲ့ဒဏ်ရာတွေကတော့ အပြင်းထန်ဆုံးပဲ အခုအချိန်အထိတောင် အပြည့်အ၀ပြန်မကောင်းသေးဘူး…ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို သူတို့တွေရင်ဆိုင်ဖို့ကျောင်းတော်ကနေ ထွက်ခွာလာတဲ့အခြေအနေမျိုးမှာ တွေးခဲ့မယ်ထင်လား မင်းတို့လိုမျိုး ပုံမှန်အဖွဲ့ရဲ့သတိမထားမိမှုကြောင့် မင်းတို့ရဲ့လုပ်ဆောင်ရတဲ့တာ၀န်၀တ္တရားကြောင့်သာ ဒါမျိုးကိုသူတို့ကြုံတွေ့ခဲ့ရတာပဲ အမျက်ဒေါသကျောင်းတော်အတွက်နဲ့ သူတို့တွေက စွမ်းအားရှိသမျှအလုံးစုံကို ပုံအပ်ပြီတိုက်ခိုက်ခဲ့တယ်…ဒါပေမယ့် အကယ်၍ အဆုံးသတ်မှာ အမျက်ဒေါသကျောင်းတော်ကသာ ရှုံးနှိမ့်ခဲ့မယ်ဆိုရင်ဒါကသေချာပေါက် မင်းကြောင့်ပဲဖြစ်မှာပဲ…ကောင်းပြီလေ အရင်အရှေ့အရ မင်းတို့သုံးယောက်က ကျန်တဲ့ခုနှစ်ယောက်ထက်အများကြီးပိုပြီးသန်မာပါလိမ့်မယ်..ဒါပေမယ့် ငါ့ရဲ့အမြင်မှာ နောက်ဆုံးအချိန်အထိ ဒီကလေးတွေရဲ့စွမ်းဆောင်ရည်က မင်းတို့ထက် အများကြီးပိုပြီးသာနေတုန်းပဲ ”

၀မ်ယန်က တစ်ချက်ထဲနဲ့အများကြီးပြောလိုက်တာပါ။ ဒါကြောင့် သူအတော်ကို မောပန်းလို့သွားခဲ့ပြီ ခြေပြစ်လက်ပြစ်လှဲကျလို့သွားပါတော့တယ်။ မာရှောင်ထောင့်ကတော့ သူ့ကိုအလယ်မှာဖြတ်ပြောချင်ပေမဲ့ ၀မ်ယန်က လုံး၀ကိုရပ်မဲ့ပုံမပြတာကြောင့် သူမလဲ နောက်ထပ်ပြောစကားမရှိတော့ပါဘူး။ လက်ရှိအချိန်မှသာ သူမက အနိုင်ရလျက်နဲ့အရှုံးပေးပြီသားဖြစ်သွားပါတော့တယ်။

” ဒါပေမယ့် ဆရာနဲ့နည်းစနစ်ကလဲ အရမ်းကြီးအတိအကျတော့ မမှန်နေပြီမဟုတ်လား ”

၀မ်ယန်က ခေါင်းမော့ရင်းသူမကိုကြည့်ကာ ပြောလိုက်ပါတယ်။

” ငါရဲ့နည်းစနစ်တွေက မှားနေတယ်တဲ့လား မင်းရဲ့နည်းစနစ်ကရော မှန်နေလို့လား အပြောင်းအလဲတစ်ခုက အဖွဲ့တစ်ဖွဲ့လုံးကို ဘယ်လောက်အထိသက်ရောက်စေနိုင်မလဲဆိုတာ မင်းသိလား အနည်းဆုံးငါ့ရဲ့နည်းလမ်းကို အသုံးပြုမယ်ဆိုရင် မင်းတို့အားလုံးအနေနဲ့တိုက်ပွဲကိုအပြည့်အ၀တိုက်ခိုက်နိုင်လိမ့်မယ်..ဒါပေမယ့် မင်းဗျုဟာကို ပြောင်းလဲလိုက်တဲ့ပုံစံကြောင့် အဖွဲ့ကသဲတွေလိုမျိုး ပြန့်ကျဲသွားပြီ ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို လူတိုင်းချိတ်ဆက်ပေးနေတာကြောင့်သာ မဟုတ်ရင် ငါတို့ဒီလောက်ကြီးလွယ်လွယ်နဲ့ အနိုင်ရမယ်လို့ထင်နေတာလား ”

” ငါရဲ့အရည်အချင်းနဲ့ အစွမ်းအစက မင်းနဲ့ထိုက်ယွဲ့ဟန်လောက် မသာတာကို ငါသိတယ်..ဒါကြောင့်လဲ မင်းငါ့ကိုအထင်သေးမယ်ဆိုတာ ငါသိပါတယ်…ဒါက အဆင်ပြေတယ်..ငါလဲမင်းတို့ရဲ့ အတည်ပြုချက်ကိုလိုမနေဘူး ဒါပေမယ့် မင်းမှတ်မိထားဖို့လိုတာတစ်ခုရှိတယ်..ငါက ဒီပြိုင်ပွဲအတွက် တာ၀န်ယူထားရတဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကဆရာပဲ အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ မင်းရဲ့တာ၀န်၀တ္တရားတွေကို တာ၀န်မယူနိုင်ဘူးဆိုရင် နောက်တစ်ခေါက် ပြိုင်ပွဲနယ်မြေထဲကို ၀င်မလာလေနဲ့ ကိစ္စတွေအားလုံးအတွက် ငါအပြည့်အ၀တာ၀န်ယူတယ် ”

၀မ်ယန်ကတော့ အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်ပြီ ချိုသာတဲ့လူတစ်ယောက်အဖြစ်နဲ့ ရှိနေခဲ့တာပါ။ ဒီလောက်အထိ ပြင်းပြင်းထန်ထန် ပေါက်ကွဲတာမရှိသေးပါဘူး။ သူက အမြဲတမ်းအကျိုးအကြောင်းကို ဆင်ခြင်ပြီစကားကိုကောင်းကောင်းပြောပါတယ်။ ဒါကြောင့်သာ မာရှောင်ထောင့်က အတွင်းနယ်မြေတပည့်သားဖြစ်နေခဲ့ပေမဲ့ အရမ်းကြီးလွန်လွန်ကျူးကျုးမပြောတာပဲ အကယ်၍ သူမကသာ ပြိုင်ပွဲနယ်မြေထဲ မ၀င်ရောက်ဖို့ ၀မ်ယန်တားဆီးတာကို ခံလိုက်ရမယ်ဆိုရင် သူမအတွက်တော့ တစ်ဘ၀တာဂုဏ်သိက္ခာကျစရာကိစ္စကြီးတစ်ခု ဖြစ်နေတော့မှာပဲ။

မာရှောင်ထောင့် ခေါင်းငုံ့ရင်နောက်ထပ် ဘာမှမပြောတော့ပါဘူး။ ၀မ်ယန်က ထရပ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” သင့်တော်ကောင်းမွန်တဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြန်ပြီကောင်းကောင်းစဥ်းစားထားလိုက် ”

အဲ့ဒီနောက် သူတံခါးကိုတွန်းရင်းထွက်ခွာသွားပါတော့တယ်။ အပြင်ဘက်မှာကတော့ ၀မ်ယန်က သက်ပြင်းရှည်ကြီးချရင်း ခေါင်းခါလိုက်ပါပြီ။ တကယ်ပဲ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ကျောင်းတော်ထဲမှာ သူ့ရဲ့အဆင့်အတန်းက မာရှောင်ထောင့်ထက် နှိမ့်ပါးနေခဲ့တာပါ။ ဒါကြောင့် သူမကိုဒီလိုတွေပြောဖို့အတွက်ကို အတော်ကြီးသတ္တိမွေးခဲ့ရတယ်။ ဒါပေမယ့် ၀မ်ယန် နောင်တမရပါဘူး။ သူ့အနေနဲ့ အဆုံးစွန်းအောင်ပွဲကို ရယူနိုင်ဖို့အတွက် ဘယ်သူကိုမှအပြစ်ပြုမိမှာမကြောက်ပဲရှိနေခဲ့ပါတယ်။ ဒါကလဲ ကျောင်းတော်ရဲ့ဂုဏ်သိက္ခာအတွက် လုပ်ဆောင်မှာပါ။ သူ့အနေနဲ့ ကျောင်းတော်အတွက် တိုက်ခိုက်မပေးနိုင်ဘူးဆိုမှတော့ အပြင်မှာရှိရှိသမျှကိစ္စတွေအားလုံးကို ဖြေရှင်းဖို့ပဲကျန်ပါတော့တယ်။ အကယ်၍ မာရှောင်ထောင့်သာ သူ့ရဲ့အမှားတွေကို နားလည်ဖို့ငြင်းဆန်နေမယ်ဆိုရင်တော့ သူမကို တကယ်ပြိုင်ပွဲထဲက ထွက်နေခိုင်းနေမှာပါပဲ။ သူတို့အနေနဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ကို ဆုံးရှုံးရမယ်ဆိုရင်တောင် သူ့ကြောင့်တခြားသူတွေ ဒုက္ခရောက်မှာကို အဖြစ်မခံနိုင်ပါဘူး။ ဒီနေ့လိုမျိုးမှာကတော့ တိုက်ပွဲအခြေအနေနဲ့အပြည့်အ၀ဖိနှိမ့်မျိုးက အချိန်တိုင်းဖြစ်နေတာ အမှန်ပါ။ နောက်ဆုံးတိုက်ခိုက်ရမဲ့ သုံးကြိမ်ကလဲ ပိုလို့ခက်ခဲပါဦးမယ်။

ဆယ်ခြောက်ဖွဲ့ကနေ ရှစ်ဖွဲ့အထိ လျော့ကျလို့သွားပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်နဲ့ ထပ်တူညီစွာပဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလဲ ပြိုင်ဘက်တွေအားလုံးကို အောင်အောင်မြင်မြင်ဖိနှိမ့်ပါတော့တယ်။ သူတို့ရဲ့အဖွဲ့မှာတောင် သူတို့က အဓိကခေါင်းဆောင်ပါပဲ။ ၀ိညာဥ်ဧကရာဇ်အဆင့်ဖြစ်တဲ့ မာယုလုံကဒါတောင် ခေါင်းဆောင်နေရာထဲမ၀င်ရသေးပါဘူး။ ပုံမှန်လူခြောက်ယောက် အရန်တစ်ယောက်နဲ့တင် အေးအေးဆေးဆေးအောင်မြင်နေခဲ့ပါတယ်။

အခုအချိန်အထိ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အဖွဲ့ထဲမှာ စင်ပေါ်ကိုမတက်ရသေးတာသုံးယောက်ရှိပါတယ်။ ဒါကလဲ အဖွဲ့ခေါင်းဆောင်မာယုလုံအပါအ၀င်ဖြစ်နေခဲ့တယ်။

ဒီလိုစင်ပေါ်ကို မတက်ရသေးတဲ့လူတွေကတော့ မာယုလုံအပြင် နောက်ထပ်နှစ်ယောက်ရှိပါသေးတယ်။ ဒါက ရှောက်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းပိုင်းပြဿနာတွေကြောင့် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က နောက်ဆုံးချန်ပီယံဖြစ်လာဖို့အတွက် လူအပြောများဆုံးဖြစ်နေခဲ့ပါတယ်။ အခုအချိန်မှာကတော့ တော်တော်များများက ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာကို လျှို့၀ှက်လောင်းကြေးထပ်နေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ မဟာ၀ိညာဥ်ဧကရာဇ်နှစ်ယောက်က စင်ပေါ်ကိုတက်လာခဲ့ပေမဲ့ တစ်ဖက်လူတွေကတော့ နိုင်နိုင်ချေပိုများနေပါတယ်။

တစ်နေ့လုံးနားပြီတဲ့နောက် တစ်ယောက်ချင်းဆီပြိုင်ပွဲတွေက တတိယနေ့မှာစတင်ပါတော့တယ်။

ထိုက်ယွဲ့ဟန်ကတော့ အဖွဲ့လိုက်ပြိုင်ပွဲမှာ သိသာထင်ရှားတဲ့ ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သူပါ။ ဒါကြောင့် အဖွဲ့ခေါင်းဆောင်ကုကျူးကျန်ကတော့ နယ်မြေထဲကိုမ၀င်နိုင်တော့ပါဘူး။ ခြေလက်တွေကို ပြန်ကုသပြီဖြစ်ပေမဲ့ နောက်တစ်ကြိမ် တိုက်ခိုက်နိုင်ဖို့တော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တစ်ယောက်ချင်းဆီပြိုင်ပွဲမှာ ၀င်မပြိိုင်ပါဘူး။ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်က တစ်ယောက်ထဲတိုက်ခိုက်ရမယ်ဆိုရင် အလဟာသဖြစ်နေမှာပါ။ ဒါ့အပြင် တစ်ယောက်ချင်းတိုက်ခိုက်နိုင်စွမ်းလဲ အားနည်းပါတယ်။ ဒါကြောင့် ထိုက်ယွဲ့ယန် မာရှောင်ထောင့် လင်းလော့ချန် ကျန်းနန်နန် ပေ့ပေ့ ရှုစန်းရှီနဲ့ ဟယ့်ချိုက်ထို့တို့ကသာ ပါ၀င်ယှဥ်ပြိုင်ခဲ့တယ်။ ဒါကြောင့် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ကြည့်နေသူအဖြစ်သာ နေရာယူလိိုက်ကြပါပြီ။ ဆရာ၀မ်ယန်ရဲ့ စီစဥ်မှုအောက်မှာ ထိုက်ယွဲ့ဟန်က ပထမဆုံး၀င်လာပါတော့တယ်။ မာရှောင်ထောင့်ကတော့ နောက်ဆုံးပါပဲ။ ၀မ်ယန် ဆူတာကိုခံလိုက်ရပြီတဲ့နောက် မာရှောင်ထောင့်က ၀မ်ယန်ကို ပြန်တောင်းပန်ခဲ့သလို သူမရဲ့အမှားကိုလဲ ၀န်ခံခဲ့ပါတယ်။ နောက်ပိုင်းပြိုင်ပွဲတွေတစ်လျှောက်မှာ ၀မ်ယန်နဲ့အပြည့်အ၀ပူးပေါင်းဆောင်ရွက်မဲ့အကြောင်းကိုလဲ သူမ ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့အပြင် တစ်ယောက်ထဲစိတ်လက်မာန်ပါမလုပ်တော့ပါဘူး။ ၀မ်ယန်ကတော့ သူလိုချင်တာရသွားပြီဖြစ်တာကြောင့် မာရှောင်ထောင့်ကို အဖွဲ့အတွက် ပြန်ပြင်ဆင်ပေးပါတော့တယ်။

ထိုက်ယွဲ့ဟန် စင်ပေါ်ကိုတက်သွားချိန်မှာကတော့ သုန့်လင်းအဖွဲ့ရဲ့မျက်လုံးတွေက နီရဲနေခဲ့ပါပြီ။ သူတို့ရဲ့ခေါင်းဆောင်တွေက ခြေလက်တွေ အချိုးခံလိုက်ရသလို သူ့ရဲ့အသန်မာဆုံးစွမ်းရည်တွေကိုလဲ မထုတ်ပြရသေးပါဘူး။ ဒီနေ့နိုင်နိုင်ချေနည်းမယ်ဆိုတာကို သိနေပေမဲ့လဲ သူတို့လက်မလျှော့နိုင်ပဲရှိနေခဲ့တယ်။ သေတဲ့အထိတိုက်ခိုက်မှာပါ။

အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့လိုက်တိုက်ပွဲမှာအနိုင်ရထားခဲ့မှုကြောင့် သူတို့အနေနဲ့နောက်ဆုံးရှစ်နေရာကို ၀င်ရောက်ဖို့အတွက် ပြိုင်ဘက်သုံးယောက်ကို အနိုင်ယူဖို့လိုပါတယ်။

အဖွဲ့လိုက်ပြိုင်ပွဲမှာ ရှုံးနှိမ့်ပြီတဲ့နောက် သုန့်လင်းအဖွဲ့က အမျက်ဒေါသကျောင်းတော်ရဲ့ လူခုနှစ်ယောက်စလုံးကို သူတို့အဖွဲ့ရဲ့လူသုံးယောက်ထဲနဲ့ အနိုင်ယူဖို့လိုပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ သန်မာတဲ့၀ိညာဥ်ဧကရာဇ်နှစ်ယောက်က တိုက်ခိုက်ရေး၀ိညာဥ်ဧကရာဇ်တွေဖြစ်နေခဲ့တာကြောင့် သူတို့နိုင်ဖို့မဖြစ်နိုင်သလောက်ပါပဲ။

ထိုက်ယွဲ့ဟန်ရဲ့ ပထမဆုံးပြိုင်ဘက်ကတော့ သုန့်လင်းဘက်က တိုက်ခိုက်ရေး၀ိညာဥ်ဘုရင်ချန်ယွမ်ဖြစ်ပါတယ်။ အစောပိုင်းမှာတုန်းက ချန်ယွမ်အနေနဲ့ မာရှောင်ထောင့်ရဲ့ မီးလျှံတွေကြောင့် သူတို့စွမ်းအားကို အပြည့်အ၀မသုံးနိိုင်ပါဘူး။ ဒါကြောင့် စောစောစီးစီးပြိုင်ပွဲအဆုံးသတ်လိုက်ရတဲ့အတွက် သူအတော်လေး ဒေါသထွက်ခဲ့ရပါတယ်။

သူ့ကိုယ်သူ ထိုက်ယွဲ့ဟန်နဲ့ ယှဥ်နိုင်သူလို့ အပြည့်အ၀တွေးထားခဲ့တဲ့ ချန်ယွမ်က အမျက်ဒေါသကျောင်းတော်ရဲ့ အကြိုအဖွဲ့အနေနဲ့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရလဲဆိုတာလဲ ကောင်းကောင်းမြင်နေပါတယ်။ သုန့်လင်းအဖွဲ့ကလဲ ဒီနေ့အံ့ဖွယ်ရာကောင်းလောက်အောင် နိုင်နိုင်တာမျိုးဖြစ်နိုင်ချေရှိတယ်လို့ သူတွေးနေခဲ့မိတယ်။ ဒါကြောင့် ချန်ယွမ်လဲ စင်ပေါ်ကိုတက်ရင်း အရမ်းကိုတိုက်ခိုက်ချင်နေခဲ့ပါပြီ။ တိိုက်ပွဲကို ဆာလောင်နေတဲ့သူက အဖွဲ့ခေါင်းဆောင်အတွက် လက်စားချေပေးဖို့လဲ အတွေးတစ်ခုသာရှိနေခဲ့ပါတယ်။

သူ့ပြိုင်ဘက်ရဲ့ကြမ်းကြမ်းတမ်းတမ်းပုံစံကို မြင်ချိန်မှာ ထိုက်ယွဲ့ဟန်ကတော့ ပိုတည်ငြိမ်လို့သွားပါတော့တယ်။ အရမ်းတည်ငြိမ်အေးဆေးတဲ့ပုံစံတန်နဲ့အတူ သူ့ပြိုင်ဘက်ကို မကြည့်ခင်အချိန်မှာ ဒိုင်ကိုလေးလေးစားစားဦးညွတ်လိုက်ပါတယ်။

အပိုင်း ၁၀၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset