Switch Mode

Chapter – 102.3

သုန့်လင်းနိုင်ငံတော်အဖွဲ့

အပိုင်း ၁၀၂•၃

” သုန့်လင်းနိုင်ငံတော်အဖွဲ့ ”
°°°°
စင်ပေါ်မှာတော့ ဒိုင်ရဲ့အသံက အားလုံးရဲ့ အားပေးသံတွေကိုပိုပြီးကျယ်လောင်လာစေခဲ့ပါတယ်။ အခုအချိန်မှာ အခြေအနေကတော့ ချက်ချင်းဆိုသလို တက်ကြွလှုပ်ရှားနေခဲ့ပါပြီ။ လူအုပ်ကိုငြိမ်သက်အောင်ထိန်းပေးနေရတဲ့ စစ်တပ်ကတော့ ဒီလူတွေအားလုံးကို ကောင်းကောင်းထိန်းသိမ်းထားနေရခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့အခြေအနေမဖြစ်လာဖို့အတွက် ဆက်တိုက်ဆိုသလို သတိကြီးကြီးထားနေခဲ့ရတယ်။

အစက ဘာမှမဖြစ်ခဲ့တဲ့အတိုင်း ကြယ်တာရာလော့ဧကရာဇ်ကတော့ မြို့နံရံပေါ်မှာ စောစောစီးစီးလာထိုင်နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ယှဥ်ပြိုင်တဲ့အချိန်တိုင်း သူကလာကြည့်တာပါ။ ၀မ်ယန်ရဲ့ညွှန်ကြားချက်နဲ့အတူ မာရှောင်ထောင့် ထိုက်ယွဲ့ဟန် လင်းလော့ချန် ပေ့ပေ့ ရှုစန်းရှီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က စောင့်ဆိုင်းနယ်မြေထဲကို ၀င်ရောက်လာခဲ့ပါပြီ။

နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတောင် မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်ကိုမြင်လိုက်ချိန်မှာ ချက်ချင်းဆိုသလို သတိကြီးကြီးထားပြီသားဖြစ်သွားပါတော့တယ်။

အစောပိုင်းပြိုင်ပွဲမှာ ထိုက်ယွဲ့ဟန်က အကြိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပေါ်လာခဲ့ပြီ မာရှောင်ထောင့်ကတော့ မပါ၀င်ခဲ့ပါဘူး။ ဒါကြောင့် ထိုက်ယွဲ့ဟန်ကို သူတို့ပိုပြီးစိတ်၀င်စားမိပါတယ်။

၀မ်ယန်ကတော့ သူ့အဖွဲ့သားတွေကို ကြည့်ပြီတဲ့နောက် ခပ်တိုးတိုးပြောလာခဲ့ပါတယ်။

” ငါတို့တွေအတွက် ဒီစင်ပေါ်ကိုရောက်ဖို့ဆိုတာက မလွယ်ကူခဲ့ဘူး…မင်းတို့တွေဘယ်လောက်ကြိုးစားအားထုတ်ခဲ့ကြလဲဆိုတာ အခုတော့မြင်သာနေပြီ မင်းတို့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံး အလဟာသမဖြစ်သွားအောင်အမှားမလုပ်ကြနဲ့ အမျက်ဒေါသကျောင်းတော်က အနိုင်ရမယ် ”

” အမျက်ဒေါသကျောင်းတော်အနိုင်ရမယ် ”

ခုနှစ်ယောက်စလုံးက တစ်ပြိုင်နက်ထဲအော်လိုက်ပါတယ်။ သူတို့စကားနည်းနည်းပြောပြီတာနဲ့ အားလုံးက အရမ်းကိုအာရုံစိုက်နေကြပြီ ယှဥ်ပြိုင်လိုစိတ်တွေကလဲ မြင့်တက်လို့လာပါတော့တယ်။

ယှဥ်ပြိုင်မှုဆိုတာက လူတစ်ယောက်ကြီးထွားစေဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ ပြိုင်ပွဲအစကနေ အခုအချိန်အထိ အကြိုအဖွဲ့ရဲ့ကျောင်းသားခုနှစ်ယောက်ဘယ်လောက်အထိ အတွေ့အကြုံရင့်ကျက်လာလဲဆိုတာကို ၀မ်ယန်ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ သူတို့ရဲ့စိတ်ပိုင်ဆိုင်ရာအခြေအနေခံစားချက်ပြိုင်ပွဲနဲ့ပတ်သက်ပြီ ဆာလောင်တောင်းတမှုတွေတင်မကပဲ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွေအကြုံတွေအားလုံးက ကြောက်စရာကောင်းလောက်အောင် တိုးတက်နေပါပြီ။ ဒီကလေးတွေက ကမ္ဘာပေါ်မှာရှိရှိသမျှအရာအားလုံးကို စုပ်ယူထားနိုင်တဲ့ဖော့တုံးကြီးတွေလိုပါပဲ။ သူတို့တွေရဲ့ ရေမြုပ်တွေလိုပဲ ဘယ်လောက်အထိစုပ်ယူပြီကြီးထွားနိုင်မလဲဆိုတာကို မသိနိုင်ပါဘူး။

အကြီးအကဲရွှမ် ရောက်လာတာကို ၀မ်ယန်လဲသိပါတယ်။ အကြီးအကဲရွှမ်ရောက်လာပြီတဲ့နောက် ၀မ်ယန်ကိုလာရှာရင်း ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲက ဆုံးဖြတ်ချက်တွေကို ပြောပြလိုက်တယ်။ ၀မ်ယန်အစတုန်းက နားမလည်ခဲ့ပါဘူး။ အချိန်တွေကြာလာတာနဲ့အမျှ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီ သူအကောင်းမြင်လာပါတော့တယ်။ ဒါက အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို အနည်းငယ်မှိန်ဖျော့စေနိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အကယ်၍ ဒီပါရမီရှင်ကလေးတွေကသာ အသက်အရွယ်ကြီးပြီ ရင့်ကျက်လာမယ်ဆိုရင် ဒီဂုဏ်သိက္ခာတွေအားလုံးကလဲ သူ့တို့လက်ထဲပြန်ရောက်လာမှာပါပဲ။

အမွှာ၀ိညာဥ်ပညာရှင်သုံးယောက်ရဲ့ ဆက်တိုက်ပေါ်ထွက်မှုနဲ့တင် အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒီလောင်းကြေးက တန်သွားခဲ့ပါပြီ။

” နှစ်ဖက်ကျောင်းတော်ရဲ့ယှဥ်ပြိုင်သူတို့ စင်ပေါ်ကိုတက်ခဲ့ကြပါ ”

ဒိုင်ရဲ့အသံက ၀မ်ယန်ရဲ့အတွေးကိုပယ်ဖျောက်လိုက်ပါတယ်။ မာရှောင်ထောင့်က အရင်ဆုံးတက်သွားခဲ့ပါပြီ။ သူ့နောက်မှာတော့ ထိုက်ယွဲ့ဟန် လင်းလော့ချန် ပေ့ပေ့ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှုစန်းရှီတို့က လိုက်သွားခဲ့ပါတယ်။ ခုနှစ်ယောက်က စင်ပေါ်ကိုရောက်ချိန်မှာလဲ နောက်တစ်ဖက်မှာလဲ ခုနှစ်ယောက်ရှိနေခဲ့ပါပြီ။ တူညီတဲ့ဖွဲ့စည်းပုံကတော့ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါပဲ။ အဖွဲ့လိုက်ပြိုင်ပွဲဖြစ်တဲ့အတွက် အမျက်ဒေါသကျောင်းတော်ရဲ့ ဒီနေ့ပြိုင်ပွဲကတခြားပြိုင်ပွဲတွေနဲ့ကွာခြားမယ်ဆိုတာ လူတိုင်သိနေခဲ့တယ်။

မှိန်ဖျော့တဲ့အလင်းရောင်တချို့နဲ့အတူ ဟို့ယွိဟောင်က ပြုံးလိုက်ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ ၀မ်သုန့်လဲ သူ့ကိုပြန်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ ခိုင်မာတဲ့အကြည့်ကအထင်သားပေါ်နေခဲ့ပါပြီ။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ကတော့ အရှေ့ဆုံးမှာရပ်နေခဲ့ပါတယ်။ သူတို့ရဲ့ပြိုင်ဘက်တွေဘက်မှာကတော့ အရှေ့ဆုံးမှာရပ်နေတဲ့လူငယ်က ထိုက်ယွဲ့ဟန်နဲ့ သက်တူရွယ်နီးပါးရှိတဲ့လူငယ်တစ်ယောက်ပါပဲ။

ဒီလူငယ်ရဲ့တည်ဆောက်ပုံက အတော်ကိုကြီးမားပြီ ခန္ဓာကိုယ်ကတော့ ပိန်ပါးပါတယ်။ ပါးရိုးတွေကတောင် ငေါပြီအပြင်ကိုထွက်နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ စွမ်းအင်အပြည့်ပါပဲ။ အရှေ့ကိုတိုးလာပြီတဲ့နောက် ဒိုင်ဆီကိုလျှောက်လာပါတော့တယ်။ အဲ့ဒီနောက် တစ်ဖက်ကအမျက်ဒေါသကျောင်းတော်ကို သူပြောလိုက်တယ်။

” အမျက်ဒေါသကျောင်းတော်နဲ့အတူ ယှဥ်ပြိုင်ခွင့်ရတာ ငါတို့အတွက်တော့ ဂုဏ်ယူရတဲ့ကိစ္စပါပဲ ကျေးဇူးပြုပြီး ညွှန်ကြားပြသပေးပါဦး ”

အရှေ့ကိုထွက်လာသူကတော့ မာရှောင်ထောင့်မဟုတ်ပဲ ထိုက်ယွဲ့ဟန်ဖြစ်နေခဲ့တယ်။ ထိုက်ယွဲ့ဟန်လဲ ပြုံးပြရင်းပြောလိုက်ပါတယ်။

” ငါထင်တာသာမမှားဘူးဆိုရင် မင်းနာမည်က ကုကျူးကျန်မဟုတ်လား ”

ကုကျူးကျန်က အနည်းငယ်အံ့ဩသွားခဲ့ရင်း ပြန်ဖြေလိုက်ပါတယ်။

” ငါ့နာမည်ကို ဘယ်လိုလုပ်မင်းသိလဲ နောက်ဆုံးပြိုင်ပွဲတုန်းက တွေ့ခဲ့ပုံပေါ်တယ် !”

” ငါကထိုက်ယွဲ့ဟန်ပါ ”

ထိုက်ယွဲ့ဟန်က သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်။ တစ်ဖက်လူသူ့ကိုမမှတ်မိဘူးလို့ မထင်ပါဘူး သူကအဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တာကြောင့် လူတွေအများကြီးက သူ့ကိုအာရုံစိုက်မှာအမှန်ပါ။

ကုကျူးကျန်က အားတင်းပြီရယ်မောပြပါတယ်။

” အတွေ့အကြုံအသစ်တွေရမယ်လို့ မျှော်လင့်ပါတယ် ”

” သေချာပေါက် ဆန္ဒပြည့်မှာပါ ”

ထိုက်ယွဲ့ဟန်က ပြန်ဖြေလိုက်ပါတယ်။

ကုကျူးကျန်ရဲ့မျက်လုံးတွေထဲမှာတော့ အေးစက်တဲ့အလင်းတန်းတွေ တောက်ပနေခဲ့ပါပြီ။ သူက ထိုက်ယွဲ့ဟန်ကို ပြန်မဖြေပဲရယ်သာရယ်နေခဲ့တယ်။

တစ်ဖက်အဖွဲ့ကလဲ အတော်ယုံကြည်ချက်ရှိနေပုံပါပဲ။ အမျက်ဒေါသကျောင်းတော်ကို အနိုင်ရနိုင်မယ်လို့ အတော်လေးသေချာနေခဲ့တယ်။

” နှစ်ဖက်စလုံးနောက်ဆုတ်ပြီ ပြိုင်ပွဲအတွက် ပြင်ဆင်ကြပါ ”

ဒီနေ့ဒိုင်ကတော့ အသက်ခြောက်ဆယ်အရွယ်လူကြီးတစ်ယောက်ပါ။ ဒါပေမယ့် အရင်ဒိုင်တွေထက် အများကြီးပိုပြီး တည်ငြိမ်ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်ကလဲ ပိုမြင့်ပုံပါပဲ သူ့ကိုအလယ်မှာဗဟိုပြုရင်း နှစ်ဖက်အဖွဲ့ကတော့ အကာအကွယ်တံတိုင်နားအထိကို ဆုတ်ခွာသွားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ စိတ်ကလဲဒီပြိုင်ပွဲ၀င် ခုနှစ်ယောက်အကြောင်းကို ဆက်တိုက်တွေးနေခဲ့မိပါတယ်။

သုန့်လင်းအဖွဲ့ရဲ့ ကုကျူးကျန်က အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကတော့ ခရမ်းရောင်ရောင်စဥ်၀ါးပါပဲ။ ဒါ့အပြင် အဆင့်ငါးဆယ်ခုနှစ်တိုက်ခိုက်ရေး၀ိညာဥ်ဘုရင်ဖြစ်ပါတယ်။ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အရမ်းကိုခိုင်မာပြီ အားကောင်းနေခဲ့တယ်။ သိုင်းပညာ၀ိညာဥ်ကလဲ ပြိုင်ဘက်ကင်းတဲ့အရာပါပဲ။

လက်ထောက်ခေါင်းဆောင်ကတော့ ဟယ့်ချိုက်ထို့ထက်တောင် နှစ်ဆပိုကြီးတဲ့ပုံပေါ်ပါတယ်။ သူ့နာမည်ကတော့ ချန်ယွမ်ပါ သိုင်းပညာ၀ိညာဥ်ကရှားပါးတဲ့ပုံစံဖြစ်ပြီ တိုက်ခိုက်ရေးသိုင်းပညာ၀ိညာဥ်ပဲ ဒါကတော့ အကြောက်တရားလက်သည်း၀က်၀ံလို့ခေါ်ပါတယ်။ ဒီအကြောက်တရားလက်သည်း၀က်၀ံက အတော်ကိုအင်အားကြီးပြီ တိုက်ခိုက်တဲ့နေရာမှာရော ခုခံတဲ့နေရာမှာပါ တော်ပါတယ်။ ထိပ်တန်းသိုင်းပညာ၀ိညာဥ်ပါပဲ။ သူ့ရဲ့၀ိညာဥ်စွမ်းအားကလဲ အဆင့်ငါးဆယ်သုံးမှာရှိနေခဲ့တယ်။

သုန့်လင်းအဖွဲ့ရဲ့အဓိကဗဟိုချက်ကတော့ အနောက်မှာရပ်နေခဲ့တဲ့ ပိန်ပိန်ပါးပါးလူငယ်ပါ။ သူ့နာမည်ကတော့ ရှောင်ဖုန်းပဲဖြစ်ပါတယ်။

သိုင်းပညာ၀ိညာဥ်ကလဲ ရှားပါးတဲ့ ဟို့ယွိဟောင်လိုစိတ်၀ိညာဥ်အမျိုးအစားပုံစံခွဲထဲပါ၀င်ပေမဲ့ သူကခန္ဓာကိုယ်၀ိညာဥ်မဟုတ်ပဲ ၀င်္ကပါပုလဲလို့လဲ ခေါ်တဲ့ပိုင်ဆိုင်ထားတာပါ။ စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်က ဟို့ယွိဟောင်နဲ့ကွာခြားချက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပတ်၀န်းကျင်ကိုအဓိကအာရုံစိုက်ပြီ ပစ်မှတ်ထားတဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။ အရမ်းကိုအင်အားကြီးသလို ရှောင်ဖုန်းကလဲ ၀ိညာဥ်ဘုရင်ငါးယောက်ထဲက တစ်ယောက်ဖြစ်နေခဲ့တယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ကုကျူးကျန်ထက် အနည်းငယ်သာနောက်ကျပြီ ချန်ယွမ်ရဲ့အထက်မှာရှိနေခဲ့တာပါ။ အဆင့်ငါးဆယ်လေးလဲ ဖြစ်ပါတယ်။

သူတို့သုံးယောက်က ဒီအဖွဲ့ရဲ့ဗဟိုချက်တွေပါပဲ။ ဒါ့အပြင် နောက်ထပ်၀ိညာဥ်ဘုရင်နောက်ထပ်နှစ်ယောက်ရှိပါသေးတယ်။ အဆင့်ငါးဆယ်ခုနှစ် ခုခံရေးအမျိုးအစား ၀ိညာဥ်ဘုရင် ချီဟန်ယွိီနဲ့ အဆင့်ငါးဆယ်တစ်အ​မြန်နှုန်းအမျိုးအစား၀ိညာဥ်ဘုရင် ဟန်လင်းအယ်တို့ပါ။ ဟန်လင်းအယ်ကတော့ အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ပါပဲ။

ကျန်ရစ်တဲ့၀ိညာဥ်ဘိုးဘေးနှစ်ယောက်ထဲမှာ ထန်နွီနွီကတော့ အထော်အကူပြုရေး၀ိညာဥ်ပညာရှင်အမျိုးအစားဖြစ်ပါတယ်။ ချင်းဖုန်းကတော့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ပါပဲ။ သူမှာလဲ ကိုယ်ပိုင်ထူးခြားချက်တွေရှိနေခဲ့တယ်။ တစ်ဖွဲ့လုံးရဲ့အင်အားကပိုသန်မာတာကြောင့် မိုးထိလွှာကျောင်းတော်ထက်ကို အများကြီးပိုပြီး သာလွန်နေခဲ့ပါပြီ။

နှစ်ဖက်စလုံးက နောက်ဆုတ်လိုက်ချိန်မှာတော့ သူတို့ရဲ့ဗျူဟာကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ဖက်မှာကတော့ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့က အရှေ့ဆုံးမှာပါပဲ။ သူတို့နောက်မှာကတော့ ပေ့ပေ့နဲ့ ရှုစန်းရှီနှစ်ယောက်က ဒေါင်လိုက်အနေအထားနဲ့ရှိနေခဲ့ပါတယ်။ သူတို့လေးယောက်က စက်၀ိုင်းခြမ်းပုံသဏ္ဍာန်ရှိနေခဲ့ပြီ အဲ့ဒီဗဟိုချက်ရဲ့အနောက်တည့်တည့်မှာကတော့ လင်းလော့ချန်ရှိနေပါတယ်။ လင်းလော့ချန်ရဲ့အနောက်မှာကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ပါ။

ဒီလိုမျိူးနောက်ဆုတ်လိုက်ပြီတဲ့အချိန်ကထဲက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အသုံးပြုလိုက်တာပါ။ သူ့လူတွေအားလုံးကိုစတင်ပြီ မျှဝေပါတော့တယ်။ စင်တစ်ခုလုံးကလဲ သူ့ရဲ့ထောက်လှမ်းမှုအောက်မှာရှိနေခဲ့ပါပြီ။

အဆုံးစွန်းထိန်းချုပ်မှုနဲ့ ထောက်လှမ်းမှုကိုခံစားရပြီချိန်မှာတော့ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်နှစ်ယောက်စလုံးကလဲ အနည်းငယ်သက်သောက်သက်သာဖြစ်သွားပါတော့တယ်။ ဒီလိုအားကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားသာရှိနေခဲ့မယ်ဆိုရင် သူတို့က ပြိုင်ပွဲရဲ့စည်းချက်ကိုကောင်းကောင်းထိန်းချုပ်နိုင်မှာပါ။

တခြားတစ်ဖက်သုန့်လင်းအဖွဲ့ကလဲ သူတို့ရဲ့ဗျူဟာကို ထုတ်ဖော်ပါတော့တယ်။ ဒါပေမယ့် မြင်ကွင်းကတော့ အံ့ဩစရာပါပဲ ကုကျုးကျန်က အဖွဲ့အရှေ့မှာ ရှိမနေခဲ့ပါဘူး။ သူက အလယ်တည့်တည့်မှာရပ်နေခဲ့တာပါ။ အရှေ့မှာရှိနေတဲ့သူကတော့ ချန်ယွမ်နဲ့ ချီဟန်ယွိီပါပဲ။ ချီဟန်ယွိီကတော့ မဟာမိုးကြိုးဒိုင်းကာကိုပိုင်ဆိုင်ထားသူပါ။ အမြန်နှုန်းအမျိုးအစားဟန်လင်းအယ်ကတော့ သူတို့နှစ်ယောက်ရဲ့ခပ်ဝေးဝေးနေရာမှာ ရှိနေခဲ့ပါတယ်။ ထိန်းချုပ်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်နှစ်ယောက်ကတော့ သူ့မရဲ့ဘေးနှစ်ဖက်မှာရှိနေပြီ ကုကျူးကျန်ကို အလယ်မှာကာကွယ်လို့ထားရုံတင်မက ထန်နွီနွီကိုလဲ ဖုံးကွယ်လို့ထားပါသေးတယ်။

သူတို့ရဲ့ဗျူဟာကအတော်ကို ထူးထူးဆန်းဆန်းပါပဲ။ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်က ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ရှိရမဲ့နေရာမှာရပ်နေတာပါ။ သူတို့က ဘာများလုပ်နေကြတာလဲ။

ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရချိန်မှာတော့ အမျက်ဒေါသကျောင်းတော်က ဘာမှအမူအရာမပျက်သွားခဲ့ပါဘူး။ ပြိုင်ဘက်တွေကိုသာ အေးအေးဆေးဆေးကြည့်နေခဲ့တယ်။

နှစ်ဖက်စလုံးနေယူပြီတာနဲ့ ဒိုင်ကစတင်ပြီ ပြောပါတော့တယ်။

” ပြိုင်ပွဲစတင်တော့ ”

သူ​စကားမဆုံးသေးခင်အချိန်မှာပဲ စင်အပြင်အလယ်ကိုရောက်သွားခဲ့ပါပြီ။ နောက်တစ်ကြိမ် လင်းလော့ချန်ရဲ့ ရေခဲရုပ်ထုနယ်မြေအစွမ်းကို လန့်တာကြောင့်လားဆိုတာတော့ မသိနိုင်ခဲ့ပါဘူး။

နှစ်ဖက်စလုံးရဲ့၀ိညာဥ်တွေက သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လို့ထားခဲ့ပါပြီ။ လင်းလော့ချန်က သူမအရင်တစ်ခေါက် လုပ်ခဲ့သလိုမျိုး တိုက်ကွက်ကိုမသုံးခဲ့ပါဘူး။ သူ့ရဲ့ရေခဲတုတ်ချောင်းကြီးကိုသာ ဆင့်ခေါ်လို့ထားခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ သူမကို အထောက်အပံ့ပြုဖို့အတွက် ပူးပေါင်းဆောင်ရွက်နေခဲ့တယ်။ လက်ရှိအချိန်မှာကတော့ သူမရဲ့အဆုံးစွန်းရေခဲက ထွက်ပေါ်လာခဲ့ပါပြီ။

မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်မှာလဲ နတ်မိီးငှက်ရဲ့မီးလျှံတွေက ထွက်ပေါ်လာပါတော့တယ်။ သူမလုံး၀မထိန်းထားပါဘူး ၀မ်ယန်က သူမရဲ့စွမ်းအားအစစ်အမှန်တွေကို ဖုံးကွယ်ထားဖို့ပြောပေမဲ့ သူမကဘယ်လိုလုပ်နားထောင်နိုင်မှာလဲ။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်နှစ်ကွင်း စုစုပေါင်း၀ိညာဥ်စက်ကွင်းခြောက်ကွင်းက ထွက်ပေါ်လာပါတော့တယ်။ တောက်ပတဲ့မီးလျှံငှက်ရဲ့မီးတွေက သူမရဲ့အစွမ်းအစကို ထုတ်ဖော်ပြသနေတာပါပဲ။

ဟို့ယွိဟောင်က ကြည့်ရှုနေသူတွေအားလုံးကို မြင်ရသမျှအရာအားလုံးက မဟုတ်နိုင်ဘူးဆိုတာ ထုတ်ဖော်ပြသခဲ့တာကြောင့် ၀ိညာဥ်ဧကရာဇ်တစ်ယောက် ပေါ်လာချိန်မှာ ဘယ်သူကမှလဲမယုံနိုင်ကြသလို သိပ်ပြီလဲ မအံ့ဩနေကြပါဘူး။

ထိုက်ယွဲ့ဟန်လဲ မတူညီတဲ့၀ိညာဥ်ဧကရာဇ်အရှိန်အ၀ါတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ကျားဖြူအနီးကပ်မှုကို အသုံးချပြီတဲ့နောက် သူ့ရဲ့ခန္ဓာကိုယ်က ပြောင်းလဲသွားခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ အဓိကအဖွဲ့မှာ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်ပါနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့လဲ စင်ပေါ်ကိုရောက်လာခဲ့ပါပြီ။

အပိုင်း ၁၀၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset