အပိုင်း ၉၇•၃
” များပြားတဲ့ပေါင်းစည်းစွမ်းရည်တွေအကြောင်း ခန့်မှန်းချက် ”
°°°
ထာ၀ရငြိမ်းချမ်းရေးကျောင်းတော်ရဲ့ လူခုနှစ်ယောက်က သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို အခုမှထုတ်လွှတ်ခါစရှိတာပါ။ ဒါပေမယ့် တစ်ခုခုလွဲမှားနေတာကို ချက်ချင်းသတိထားမိသွားကြပါတော့တယ်။ ပတ်၀န်းကျင်ရဲ့ အပူရှိန်ကရုတ်တရက်ကျဆင်းလို့သွားခဲ့ပြီ ဆန့်ကျင်ဖက်နေရာကနေ အပြာရောင်အလင်းတန်းက သူတို့ဆီ ပြေး၀င်လာနေတာကို မြင်လိုက်ရပါတော့တယ်။
” အဲ့ဒီအရူးမက သူရဲ့နှစ်တစ်သောင်း၀ိညာဥ်စွမ်းအားကို တိုက်ရိုက်ထုတ်သုံးနေပြီ အားလုံးသတိထားကြ ”
အဖွဲ့ခေါင်းဆောင်က ခပ်တိုးတိုးကျိန်ဆဲရင်းနဲ့ ပြောလိုက်ပါတော့တယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးကို ထုတ်လွှတ်ရင်း သတိထားပြီကာကွယ်ဖို့အတွက် ပြင်ဆင်လိုက်ပါတယ်။ သူ့အမြင်အရ ဒီလိုမျိုးနေရာအကျယ်ကြီးကို သွားရောက်နိုင်တဲ့ စွမ်းရည်မှာ တိုက်ခိုက်နိုင်စွမ်းက မကြီးမားလောက်ပါဘူး။ အကယ်၍ ဒါကိုသာ တောင့်ခံနိုင်မယ်ဆိုရင် သူတို့တွေသေချာပေါက် တန်ပြန်တိုက်ခိုက်နိုင်မှာပါ။ နောက်ဆုံးတော့လဲ သူတို့တွေက အရေအတွက်များနေပါသေးတယ်။
ဒါပေမယ့် တစ်စုံတစ်ရာကိုသူမြင်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့အကြည့်တွေက ရပ်တန့်လို့သွားခဲ့ပါတယ်။ သူ့ရဲ့မြင်ကွင်းထဲမှာရှိနေခဲ့တာကတော့ နေရာကြီးတစ်ခုလုံးရဲ့ အလယ်ဗဟိုတည့်တည့်နေရာအစွန်းမှာရပ်နေတဲ့ ဒိုင်လူကြီးက မလှုပ်မယှက်နိုင်ဖြစ်သွားသလို ဘယ်ကိုမှမရွေ့တော့တာပါပဲ။ အဲ့ဒီနောက် ဒီကံမကောင်းလှစွာသော ဒိုင်လူကြီးမင်းလဲ ရေခဲရုပ်ထုအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ သူနောက်ကိုဆုတ်နေရင်းနဲ့ ရေခဲအရိုက်ခံလိုက်ရတာပါ။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
ထာ၀ရငြိမ်းချမ်းရေးကျောင်းတော်ရဲ့ လူတွေဘာလုပ်ရမှန်းမသိဖြစ်ကုန်ချိန်မှာပဲ အရမ်းကိုကြီးမားပြင်းထန်တဲ့ အေးစက်မှုကို ခံစားလိုက်ရပါတော့တယ်။ ဒီအအေးဓာတ်က သူ့တို့ဆီ တန်းတန်းမတ်မတ်လာနေခဲ့တာပါ။ အဲ့ဒီနောက် မြင်ကွင်းတွေအားလုံးက ဝေ၀ါးလို့သွားခဲ့ပါပြီ။ အားလုံးက အသိစိတ်ရှိနေပြီဖြစ်ပေမဲ့ သူတို့ရဲ့သိုင်းပညာ၀ိညာဥ် ၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးက ရေခဲတွေနှင်းတွေထဲမှာအအေးခံလိုက်ရပါတယ်။
ချက်ချင်းဆိုသလို စင်ပေါ်မှာကတော့ ရေခဲရုပ်ထုရှစ်ခုရှိသွားခဲ့ပါပြီ။ လင်းလော့ချန်က သူ့ရဲ့တုတ်ကို ပြန်သိမ်းလိုက်ပြီ ဟို့ယွိဟောင်ဘက်ကို လှည့်ပြောပါတယ်။
” သွားအားလုံးကို ကန်ချပြစ်လိုက်တော့ မှတ်ထားလိုက် ခြေထောက်ပဲသုံး လက်မသုံးနဲ့ ဒီပါးစပ်ပုပ်စနေတဲ့ ကောင်စုတ်တွေက လက်သုံးဖို့တောင်လေးစားမှုမထိုက်တန်ဘူး ”
ဟို့ယွိဟောင်ကတော့ နှလုံးခုန်ရပ်မတတ်ဖြစ်သွားခဲ့ပါတယ်။ ဒီလိုတွေးလိုက်မိတယ်။
” အတွင်းနယ်မြေရဲ့ အစ်ကိုကြီးတွေ အစ်ကြီးတွေက တအားသန်မာကြတာပဲ ”
လင်းလော့ချန် အခုသုံးလိုက်တဲ့နည်းဗျူဟာကအရမ်းကို ရိုးရှင်းပါတယ်။ ဟို့ယွိဟောင်နဲ့ အကူအညီနဲ့အတူ သူမရဲ့ရေခဲစွမ်းအားတိုက်ခိုက်မှုက ရေခဲအဆုံးစွန်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူမက ပဥ္စမမြောက်၀ိညာဥ်စွမ်းရည်ကို အသုံးချရင်း အလင်းရေခဲတန်းကို ဖန်တီးပါတော့တယ်။ အဆုံးစွန်းရေခဲဖြစ်နေခဲ့တဲ့အတွက် သူမရဲ့၀ိညာဥ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းက ဓာတ်သတ္တိကို ထိန်းချုပ်နိုင်စွမ်းနဲ့အတူ ပြိုင်ဘက်တွေကိုတခဏတာ အတွင်းမှာရေခဲရိုက်ပြီသားဖြစ်သွားစေခဲ့ပါတော့တယ်။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းရေခဲအောက်မှာ သူတို့ရဲ့ပြိုင်ဘက်တွေက ၀ိညာဥ်ဘုရင်ဖြစ်နေခဲ့မယ်ဆိုရင်တောင် အနည်းဆုံးဆယ်မီနစ်လောက်အထိ ရေခဲအရိုက်ခံနေရာကနေ အရည်ပျော်မှာမဟုတ်ပါဘူး။
ဒါကတော့ အဆုံးစွန်းရေခဲသိုင်းပညာ၀ိညာဥ်တစ်ခုရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပါပဲ။ တူညီတဲ့ဓာတ်သဘောသဘာ၀ကို ကူညီပေးလိုက်မယ်ဆိုရင် အဆုံးစွန်းရေခဲရဲ့စွမ်းအားက ပုံမှန်မဟုတ်အောင်ကြောက်စရာကောင်းပါလိမ့်မယ်။
ကြည့်နေတဲ့သူတွေနဲ့ ကျောင်းတော်တွေအားလုံးကို ကိုယ်စားပြုတဲ့ကျောင်းသားတွေအားလုံးကလဲ အရမ်းကိုအထိတ်တလန့်ဖြစ်ကုန်ကြပါတော့တယ်။ ဟို့ယွိဟောင်က ကံမကောင်းတဲ့ဒိုင်လူကြီးမင်းကို ကျော်ဖြတ်လို့သွားချိန်မှာပဲ ရေခဲတွေက အက်ကွဲလို့လာပါတော့တယ်။ ဒိုင်လူကြီးက ဖောက်ထွက်နိုင်တော့မှာပါ။ ဒါပေမယ့် သူ့ရဲ့တစ်ကိုယ်လုံးကတော့ အေးလွန်လို့ခိုက်ခိုက်တုန်နေခဲ့ပါပြီ။ ပြောစရာတစ်ခုရှိချင်ပုံပေါ်ပေမဲ့ သူမပြောတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒိုင်လူကြီးတွေကိုပါ တိုက်ခိုက်ဖို့မသင့်ဘူးဆိုတာကအစကထဲက သိသင့်တဲ့ကတိပေးချက်တစ်ခုဖြစ်နေလို့ပါပဲ။
၀ိညာဥ်သူတော်စင်တစ်ယောက်တောင်မှ အချိန်အတိုင်အတာတစ်ခုအထိ အေးခဲသွားခဲ့မယ်ဆိုရင် ၀ိညာဥ်ဘုရင်တွေက ဘယ်လိုဖြစ်လိမ့်မလဲ။
မကြာခင်မှာပဲ တိုက်ပွဲရဲ့အဓိကကိစ္စရပ်ကြီးက ဟို့ယွိဟောင်အနေနဲ့ ရေခဲရုပ်ထုခုနှစ်ခုကို ဆက်တိုက်ကန်ချနေတဲ့ပုံစံနဲ့သာ ပြောင်းလဲလို့သွားပါတော့တယ်။ တစ်ဖက်ကျောင်းတော်ရဲ့ဆရာတွေကလဲ သူ့တို့အဖွဲ့ကလူတွေ ပြုတ်ကျလို့ထိခိုက်မှာကို သေမလောက်ကြောက်နေခဲ့ကြပြီ ဟို့ယွိဟောင်ကန်ချနေတဲ့ ရေခဲရုပ်ထုတွေကို လာဖမ်းနေခဲ့ကြတယ်။ ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်က ရက်ရက်ရောရောနဲ့ပဲ ဒီဆရာတွေကိုကောင်းကောင်းဖမ်းနိုင်အောင် ကန်ထုတ်ပေးလိုက်ပါတယ်။ ဒိုင်ကတော့ အခုမှချမ်းနေတာပျောက်သွားခဲ့ပါပြီ။ အထိတ်တလန့်နဲ့ လင်းလော့ချန်ဘက်ကို ပြန်ကြည့်လိုက်မိပါတယ်။ လင်းလော့ချန်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ပြန်သိမ်းပြီအေးအေးဆေးဆေးရပ်နေခဲ့တယ်။
” အနိုင်ရသူ အမျက်ဒေါသကျောင်းတော် ”
ရှိရှိသမျှလူတွေအားလုံး မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်က အရှုံးပေးတော့မယ်လို့ ထင်ထားခဲ့တာပါ။ လင်းလော့ချန်ရဲ့ကြောက်စရာကောင်းလောက်အောင် အားကောင်းတဲ့ ရေခဲထိန်းချုပ်နိုင်စွမ်းကြောင့် အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်နေဆဲဆိုတာကို ကောင်းကောင်းပြောလို့ရပါတယ်။ တကယ်ကို တုနှိုင်းမဲ့တဲ့ အမျက်ဒေါသကျောင်းတော်ပါပဲ။
နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဖက်မှာကတော့ သူတို့တွေမျက်နှာသေတွေဖြစ်ကုန်ကြပါတယ်။ ဘာတွေးလို့တွေးရမှန်းမသိတော့ပါဘူး။ အစောပိုင်းပြိုင်ပွဲတွေမှာ အမျက်ဒေါသကျောင်းတော်ရဲ့တိုက်ပွဲတွေအားလုံးက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ သူတို့တွေရဲ့စိတ်ခွန်အားသန်မာမှုတွေကြောင့် လူတွေရဲ့လေးစားမှုကိုအများကြီးရခဲ့တယ်။ ဒါပေမယ့် အရမ်းကြီးသတိထားရမဲ့အခြေအနေမှာတော့ ရှိမနေခဲ့ပါဘူး။ နောက်ဆုံးတော့လဲ အကြိုအဖွဲ့က အကြိုအဖွဲ့သက်သက်ပါပဲ။ မိုးထိလွှာကျောင်းတော်ကို ခက်ခက်ခဲခဲခုခံပြီအနိုင်ရခဲ့တာကြောင့် နောက်ထပ်ဘာများပြောလို့ရဦးမှာလဲ။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့မာယုလုံတောင် နောက်ဆုံးမှာ ပြိုင်ပွဲကသူ့တို့လက်ထဲရောက်လာခဲ့မယ်လို့ ထင်ထားခဲ့တာပါ။
ဒါပေမယ့် လက်ရှိအချိန်မှာကတော့ သူတို့ရဲ့မျှော်လင့်ချက်တွေအပြည့်နဲ့ နှလုံးသားကို လင်းလော့ချန်က ဖျက်ဆီးလိုက်ပါပြီ။ ပြိုင်ဘက်တွေအားလုံးကို မျက်တောင်တစ်ခတ်အတွင်းမှာ ထိန်းချုပ်လိုက်ပါတယ်။ အမျက်ဒေါသ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကလူတိုင်းကို ဒီကိစ္စက ထိတ်လန့်သွားစေခဲ့တယ်။ နောက်ဆုံးတော့လဲ သူ့မကိုရင်ဆိုင်ဖို့ သတိလက်လွှတ်ဖြစ်နေဆဲပါ။ ပိုပြီးအံ့ဩစရာကောင်းတဲ့အချက်ကတော့ ၀ိညာဥ်သူတော်စင်ဖြစ်တဲ့ ဒိုင်လူကြီးတောင်မှ သူ့မအေးခဲအောင်လုပ်လိုက်တာခံလိုက်ရတာပါပဲ။ ဒိုင်လူကြီးကသုံးစက္ကန့်သာ အေးခဲခဲ့ပေမဲ့ သူမသိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်တာမဟုတ်ဘူး။ လင်းလော့ချန်ရဲ့နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်က ဘယ်လောက်သန်မာလဲဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိနေပါပြီ။
သူတို့ကျောင်းတော်ကလူတွေလဲ သူ့မရဲ့အင်အားကြီးစွမ်းအားအောက်မှာ ဘယ်လိုမတိုက်ခိုက်ခံရဘူးလို့ ဘယ်သူများပြောနိုင်မှာလဲ။ ပြိုင်ပွဲမှာတစ်ချက်လောက် ရပ်တန့်သွားရင်းတောင် တစ်ပွဲရဲ့ရလဒ်ကကြောက်စရာကောင်းလောက်အောက် ပြောင်းလဲမှာပါ။ အမျက်ဒေါသကျောင်းတော်က လူတစ်ယောက်ကိုသာထုတ်ရပါသေးတယ်။ ဒါတောင်မှသူမရဲ့စွမ်းအားတွေအားလုံးကို မျက်လုံးပြူးစေခဲ့ပါပြီ။ ဒါကအမျက်ဒေါသကျောင်းတော်ရဲ့ တကယ်စစ်မှန်တဲ့ပုံစံပါပဲ။
လင်းလော့ချန်နဲ့ ဟို့ယွိဟောင်တို့စင်ပေါ်ကနေ ထွက်ခွာသွားချိန်မှာတော့ တခြားလူတွေက သူတို့ကိုကြည့်နေခဲ့ပါတယ်။ ဒီရေခဲ၀ိညာဥ်ပညာရှင်က တကယ်မူလအဖွဲ့ရဲ့လူတစ်ယောက်ပါပဲ။
လင်းလော့ချန်က သူမရဲ့ ကိုယ်ပိုင်အစွမ်းအစကို ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းရေခဲသုံးရင်း မြင့်တင်လိုက်ပါတယ်။ ဒါပေမယ့် သူမရဲ့နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်က တကယ်ကိုကြောက်စရာကောင်းတာအမှန်ပါပဲ။ နယ်မြေကိုထိန်းချုပ်တဲ့၀ိညာဥ်စွမ်းရည်ဆိုတာက ထိန်းချုပ်ဖို့အခက်အခဲဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့အလင်းတန်းက ထွက်ပေါ်လာချိန်မှာ အရပ်မျက်နှာလေးခုစလုံးကို ပြန့်နှံ့မသွားခဲ့ပဲ သူတို့ရဲ့ပြိုင်ဘက်တွေရှိတဲ့ လမ်းကြောင်းတည့်တည့်ဆီကို ပြေးသွားတာတွေ့ရမှာပါ။ သူမရဲ့ရေခဲထိန်းချုပ်နိုင်စွမ်းက ဘယ်လောက်ပညာသာပါပါ အဆင့်ရှိနေပြီလဲဆိုတာ ကြည့်ရုံနဲ့သိနိုင်နေခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိန်းချုပ်တဲ့အတိုင်း ကျွမ်းကျင်နေခဲ့တယ်။
၀မ်ယန်ကတော့ သက်ပြင်းချနေခဲ့ပါပြီ။ သူလဲ အတော်လေးစိတ်အေးလက်အေးဖြစ်သွားခဲ့ပါတယ်။ လင်းလော့ချန် ပြန်လာပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်က သူတို့ရဲ့အင်အားကြီးအဖွဲ့အဆင့်ကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဆရာအနေနဲ့ သူ့ရဲ့ဖိအားကလဲ အများကြီးလျော့ပါးလို့သွားခဲ့ပါပြီ။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ကလဲ မကြာခင်အချိန်မှာ ပြန်လာတော့မှာပါ။ မကြာခင်ယှဥ်ပြိုင်တော့မဲ့တိုက်ပွဲတွေက ပိုလွယ်ပါလိမ့်မယ်။ သူတို့တွေကအဖွဲ့ကို ဖိအားတွေအများကြီးအောက်မှာ ကြိုးစားရင်း အဆင့်တက်လာရတာပါ။ ဒါကြောင့် သူ့ပုခုံးပေါ်မှာရှိနေခဲ့တဲ့ ဖိအားနဲ့၀န်ထုတ်၀န်ပိုးတွေက ကျောင်းသားတွေထက်ကို ပိုပြီးကြီးမားပါတယ်။ အခုအချိန်မှာတော့ သူလဲအတော်လေး အသက်ရှုလေးချောင်နိုင်ပါပြီ။
အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့က အရင်တစ်ခေါက်လိုကပဲ ပွဲကြည့်မနေတော့ပဲ ပြန်ပြီနားပါတော့တယ်။ တခြားကျောင်းတော်တွေကတော့ လင်းလော့ချန်ရဲ့ ထိန်းချုပ်နိုင်စွမ်းကို စိတ်၀င်တစားနဲ့သာ ဆွေးနွေးနေခဲ့ကြတယ်။ ဒီနေ့မှာကတော့ သူမကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာက တော်တော်ကိုလူပြောများတဲ့ ခေါင်းစဥ်တစ်ခုဖြစ်လာခဲ့ပါပြီ။
အလှည့်ကျပွဲစဥ်တွေကတော့ လေးကျော့မြောက်အထိကို ရောက်ရှိလို့သွားခဲ့ပြီဖြစ်ပါတယ်။ အလယ်ပိုင်းကပါပဲ အမျက်ဒေါသကျောင်းတော်ကတော့ ပထမအုပ်စုထဲမှာ ရှိနေပြီဖြစ်သလို တခြားအဖွဲ့ကလဲ ရှစ်ဖွဲ့ရှိတာပါ။ အဖွဲ့တစ်ခုချင်းဆီတိုင်းကလဲ ခုနှစ်ဖွဲ့ကုန်တဲ့အထိကို တိုက်ခိုက်ရပါလိမ့်မယ်။
နောက်ထပ်သုံးကျော့အထိ အမျက်ဒေါသကျောင်းတော်က သူတို့ကိုခြိမ်းခြောက်နိုင်တဲ့သူတွေမဟုတ်ခဲ့ပါဘူး။ လုံး၀အနိုင်ပွဲပါပဲ အဖွဲ့လိုက်အုပ်စုတိုက်ပွဲနှစ်ပွဲကို ရင်ဆ်ိုင်ပြီတဲ့နောက် သူတို့တွေပြိုင်ဘက်ကို ကောင်းကောင်းအနိုင်ယူရပါလိမ့်မယ်။ နောက်ဆုံးမှာကတော့ အရှုံးသုညနဲ့အတူ နောက်ဆုံးရက်စက်တဲ့ ထုတ်ပယ်မှုပွဲကြီးဆီကို နီးကပ်လို့လာခဲ့ပါပြီ။
မမျှော်လင့်ထားနိုင်အောင်လောက်ပဲ သူတို့နဲ့အတူ နောက်တစ်ချီအထိ ဆက်ပြီတက်လာနိုင်ခဲ့တဲ့သူကတော့ မိုးထိလွှာကျောင်းတော်က ဖြစ်နေခဲ့ပါတယ်။ သူတို့အတွက် များပြားတဲ့ အခက်အခဲတွေကို ဖန်တီးခဲ့တဲ့ဒီကျောင်းတော်ပါ။
တခြားအုပ်စုတွေမှာကတော့ ကိုးဖွဲ့ဆီရှိပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ သုံးရက်တိတိ ဒီပြိုင်ပွဲတွေပြီးဆုံးတဲ့အထိ အနားယူချိန်ရှိခဲ့တယ်။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်ကတော့ ဒဏ်ရာတွေကနေ အပြည့်အ၀ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။ ဒါပေမယ့် သူတို့က ပြိုင်ပွဲထဲ၀င်မပြိုင်သေးပါဘူး။ အောက်ဖက်ကိုတောင်မဆင်းပဲနဲ့ ရှိနေခဲ့ပါတယ်။ ဒါက ၀မ်ယန်ရဲ့ဗျူဟာပါ။ သူတို့ရဲ့တကယ်စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာက လာမဲ့ပြိုင်ပွဲတွေအတွက် အများကြီးအကျိုးရှိပါလိမ့်မယ်။ နောက်ပိုင်းရက်တွေမှာ အမျက်ဒေါသကျောင်းတော်က သတင်းကောင်းတွေအများကြီးကို ရရှိခဲ့ပါတယ်။ ရှောင်းရှောင်းကလဲ အနည်းနဲ့အများတော့ အပြည့်အ၀ပြန်ကောင်းလုနီးပါးဖြစ်နေခဲ့ပါပြီ။ ခက်ခဲတဲ့တိုက်ပွဲပြီတဲ့နောက် သူမက အဆင့်သုံးဆယ်အထိကို ဖြတ်ကျော်နိုင်ခဲ့ပြီ တတိယ၀ိညာဥ်စက်ကွင်းတစ်ခုကို လိုအပ်ရုံသာရှိပါတော့တယ်။
ဆက်တိုက်ဆိုသလို လေ့ကျင့်ပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ အဆင့်တက်လာပြန်ပါတယ်။ ၀မ်သုန့်ရဲ့စွမ်းအားက အဆင့်သုံးဆယ်နှစ်မှာရှိနေပြီဖြစ်ပြီ ဟို့ယွိဟောင်ကတော့ အဆင့်နှစ်ဆယ်ရှစ်ကို ရောက်သွားပြီဖြစ်ပါတယ်။
သူတို့အတွက် ပိုပြီးပျော်စရာကောင်းတဲ့အရာကတော့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုရဲ့အတွေ့အကြုံပါပဲ။ ဒါပေမယ့် ဘယ်လောက်အောင်မြင်နိုင်လဲဆိုတာကိုတော့ မသိသေးပါဘူး။ ၀မ်ယန်သာ သိပါတယ်။ အနည်းဆုံးတော့ တခြားပေါင်းစည်းမှုသုံးခုကို အောင်မြင်နိုင်ဖို့အတွက် သူတို့ဆက်ပြီကြိုးစားနေရဦးမှာပါ။
ရှုစန်းရှီကတော့ အိပ်ယာထဲမှာ ငါးရက်တိတိ လှဲနေခဲ့ပြီ နောက်ဆုံးပေ့ပေ့ကန်ထုတ်မှသာ ထွက်လာခဲ့ရပါတယ်။ သူကတကယ်ကိုအရှက်မရှိတဲ့သူပါပဲ။ ကျန်းနန်နန်ရဲ့ ဂရုစိုက်မှုကိုရရှိဖို့အတွက် ဆက်တိုက်ဆိုသလို ဘယ်လောက်နာကျင်ရကြောင်း ခံရခက်ကြောင်း ငြိီးငြူးနေခဲ့ရင်း သူမကိုအနားနေခိုင်းပါတယ်။ ဒါ့အပြင် ကျန်းနန်နန်ရဲ့ စိတ်ခံစားချက်တွေက တိုးတက်လာမယ်လို့ထင်ခဲ့ပေမဲ့ ဒါကတော့ တစ်ဖက်သတ်ကိစ္စသာဖြစ်နေတယ်လို့ အားလုံးကသိခဲ့ကြတယ်။ ကျန်းနန်နန်က သူ့ကိုအေးစက်စက်ဆက်ဆံနေတုန်းပါပဲ။
အားလုံးဒဏ်ရာတွေကနေ သက်သာပျောက်ကင်းလာပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်က မူလအခြေအနေအထိကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ သူတို့ရဲ့စွမ်းအားတွေက မူလအဖွဲ့ကိုမယှဥ်နိုင်ပေမဲ့ အရမ်းကြီးတော့မဝေးတော့ပါဘူး။
နောက်ဆုံးတော့လဲ ၀ိညာဥ်ဧကရာဇ်နှစ်ယောက်နဲ့ အဓိကထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်က ရှိနေဆဲပါပဲ။ ပေ့ပေ့နဲ့ ရှုစန်းရှိီတို့လို အဆင့်တက်သိုင်းပညာ၀ိညာဥ်ရှိသူတွေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သူတို့ရဲ့ပေါင်းစည်းအင်းအားက ကြောက်စရာကောင်းနေဆဲပါပဲ။
” နောက်ဆုံးထုတ်ပယ်မှုပွဲစဥ်အတွက်ပြိုင်ဘက်တွေထွက်လာပြီ ”
၀မ်ယန်က ပြောလာခဲ့ပါတယ်။ သူက ကြယ်တာရာလော့အင်ပါယာရဲ့နန်းတော်ကနေ အခုမှပြန်လာခဲ့တာပါ။ မဲခွဲဆုံးဖြတ်မှုလဲ ပြီးသွားတဲ့အတွက်အားလုံးကို စုစည်းရင်းသူပြောပါတော့တယ်။
” ငါတို့ရဲ့ ဆယ်ခြောက်ချီမြောက်အတွက် ငါတို့ပြိုင်ဘက်ကရင်းနှီးနေတဲ့သူပဲ သူတို့က သုန့်လင်းနိုင်ငံတော်ရဲ့ အဓိကကျောင်းတော်ကြီးဖြစ်တဲ့ သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်ပဲ ”
သုန့်လင်းတော်၀င်၀ိညာဥ်ကျောင်းတော်ဆိုတဲ့စကားကို ကြားပြီချိန်မှာတော့ မာရှောင်ထောင့် လင်းလော့ချန်နဲ့ ထိုက်ယွဲ့ဟန်တို့သုံးယောက်စလုံးရဲ့မျက်နှာပေါ်မှာအကြည့်တချို့ကဖြတ်ပြေးသွားပါတယ်။
” ဘာကြောင့် အဲ့ဒီလောက်စောစောကြီးကြီးတွေ့ရတာလဲ ”
မာရှောင်ထောင့်က မျက်ခုံးပင့်ရင်းမေးလိုက်ပါတယ်။
ရှောင်းရှောင်းက သိလိုစိတ်အပြည့်နဲ့မေးလာခဲ့တယ်။
” အဲ့ဒီကျောင်းတော်က ဘယ်လောက်အင်အားကြီးလို့လဲ ”
မာရှောင်ထောင့်က ပြောလိုက်ပါတယ်။
” အစောပိုင်းပြိုင်ပွဲမှာ ထိပ်တန်းလေးဖွဲ့ရှိနေခဲ့တယ်…အဲ့ဒီအဖွဲ့ထဲမှာ သူတို့ပါတယ်..ဒါကြောင့် အရမ်းအင်အားကြီးတယ်လို့ ပြောလို့ရတယ်…မင်းတို့အစောတုန်းက တွေ့ခဲ့တဲ့ မိုးထိလွှာကျောင်းတော်ထက် သူတို့ကအများကြီးပိုသန်မာတယ်…ဆရာ၀မ် အခုဒီတစ်ခေါက်မှာတော့ ပြိုင်ပွဲတွေရဲ့အင်အားကြီးလဲ ”
၀မ်ယန်က ပြောလိုက်ပါတယ်။
” သုန့်လင်းကျောင်းတော်ရဲ့ အဓိကအဖွဲ့မှာ ၀ိညာဥ်ဘုရင်ငါးယောက်နဲ့ ၀ိညာဥ်ဘိုးဘေးနှစ်ယောက်ရှိတယ်..တကယ်ကိုအင်အားကြီးတဲ့သူပါ ဒါ့အပြင် သူတို့တွေကို တိကျတဲ့သတင်းအချက်အလက်တွေအများကြီးမရထားဘူး…ဒီတစ်ကြိမ်မှာများလား သူတို့တွေက ကျောင်းတော်တစ်ခုလုံးရဲ့ အဆင့်ကိုမြင့်တင်သွားပြီးပြီ လက်ရှိအချိန်မှာ အထူး၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကိုပါ တည်ဆောက်ထားတယ်..ငါ့ရဲ့လေ့လာမှုအရကတော့ သူတို့တွေက ၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးပြုလုပ်နိုင်ဖို့နဲ့ စွမ်းအားအတွက်အများကြီးကြိုးစားကြတယ်ဆိုပဲ ဒါ့အပြင် တိုက်ပွဲထဲမှာကောင်းကောင်း၀တ်ဆင်နိုင်ဖို့အတွက် ဆက်တိုက်လုပ်ဆောင်နေကြတယ်..အဲ့ဒီတော့ အဖွဲ့ထဲမှာအနည်းဆုံးတစ်ယောက်ကတေ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဖြစ်လိမ့်မယ်..ပြောရမယ်ဆိုရင် သူတို့က ၀ိညာဥ်လက်နက်ပါတဲ့ ၀ိညာဥ်ဘုရင်တွေပဲ ပြိုင်ဘက်ကတော့ အတော်လေးကို ခက်ခဲလိမ့်မယ် ”
အပိုင်း ၉၇•၃ ပြီး၏။