အပိုင်း ၉၆•၁
” သော့်လော့တွေကြားက တိုက်ပွဲ ”
°°°
အကာအကွယ်သော့်လော့ဖြစ်တဲ့ ချန်ကန်ကတော့ တော်၀င်ကြယ်တာရာတည်ခိုဆောင်ကနေ ထွက်ခွာလို့လာခဲ့ပါပြီ။ သူဘယ်လောက်အထိ စိတ်ဖိစီးနေလဲဆိုတာကို ပြောပြဖို့တောင်မလိုပါဘူး။
ရူးသွပ်သားရဲကောင်အရှိန်အ၀ါကို ခံစားမိပြီတာနဲ့ သူ့ရဲ့သွေးတွေဆူပွက်လာသလိုခံစားလိုက်ရတာပါ။ သော့်လော့ဖြစ်တဲ့သူက နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေရဲ့အကြောင်းကို သိထားသလိုသူတို့လူအဖြစ်ပြန်လည်မွေးဖွားဖို့ ရွေးချယ်နိုင်တာကိုလဲ နားလည်လို့ထားခဲ့ပါတယ်။ မဟုတ်ရင် သူတို့တွေက အဆင့်မတက်နိုင်ပဲ သေသွားကြမှာပါ။ နှစ်နှစ်သိန်းသားရဲကောင်တွေကတော့ ဆက်ပြီလူသားအဖြစ် မပြောင်းနိုင်တော့ပါဘူး။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲက တကယ်စစ်မှန်တဲ့အရှိန်အ၀ါကို ခံစားမိခဲ့ပါတယ်။ ဒါကြောင့် လောဘအမှောင်ဖုံးပြီ ၀ိညာဥ်သားရဲကောင်တွေအကြောင်း လူတွေဘယ်လောက်နားမလည်နိုင်တယ်ဆိုတာကို မစဥ်းစားတော့ပဲ ကမူးရှုးထိုးပြုမှုခဲ့ပါတယ်။ ထူးခြားတဲ့အခြေအနေမျိုးလဲ ရှိနိုင်တယ်မဟုတ်ဘူးလား။ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေက ပြောင်းလဲလေ့ကျင့်ဖို့အတွက် အထူးနည်းလမ်းကိုများ ရှာတွေ့သွားတာလား။
ဒီလိုအတွေးတွေးမိပြီတဲ့နောက် ဟို့ယွိဟောင်ကို မနက်စောစောသွားပြီ ရှာပါတော့တယ်။ ဒါပေမယ့် အခြေအနေက သူမျှော်လင့်ထားတာထက် လုံး၀ပြောင်းပြန်ဖြစ်နေမယ်လို့ ဘယ်သူတွေးမိမှာလဲ။ ဟို့ယွိဟောင်ရဲ့တစ်ကိုယ်လုံးကို လေ့လာပြီတဲ့နောက် သူဘာဆိုဘာမှမတွေ့ခဲ့ရပါဘူး။ ၀ိညာဥ်သားရဲကောင်တစ်ကောင်က လူသားအဖြစ်ပြောင်းလဲလိုက်ပြီဆိုရင် တကယ်စစ်မှန်တဲ့လူသားတွေနဲ့ မတူညီတဲ့အချက်အလက်တွေက ရှိနေမှာပါ။ အထူးသဖြင့် ၀ိညာဥ်စွမ်းအားကိုလှည့်ပတ်တဲ့အချိန်မှာ သူ့လိုသော့်လော့တစ်ယောက်ရဲ့လက်ကနေ လွှတ်နိုင်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က လုံး၀လူသားစစ်စစ်ပြောနေခဲ့တယ်။
မျှော်လင့်ချက်တွေအားလုံးပျောက်ကွယ်ပြီတဲ့နောက် သူဘယ်လောက်စိတ်ဖိစီးနေလဲဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။ လက်ရှိအချိန် ကြယ်တာရာလော့နိုင်ငံတော်ထဲမှာ သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ၀ိညာဥ်အရိုးတစ်ခုကိုရဖို့လွယ်ကူပါတယ်။ အရိုးတွေက ရှားပါးပေမဲ့ တချို့တွေကတော့ ရရှိနိုင်သေးဆဲပါပဲ။ ဒါပေမယ့် ချန်ကန်က သူ့အတွက် အထူးချွန်ဆုံးနဲ့ သင့်တော်ဆုံး၀ိညာဥ်အရိုးကို ကိုယ်တိုင်ရှာဖွေချင်တာပါ။ သာမန်၀ိညာဥ်အရိုးတွေက သူ့မျက်လုံးထဲတောင် မ၀င်ပါဘူး။ ဒါ့အပြင် သော့်လော့ဖြစ်တဲ့အတွက်လဲ ၀ိညာဥ်အရိုးတစ်ခုကို သူလိုအပ်နေပါသေးတယ်။ နောက်ဆုံးတော့လဲ ထိပ်တန်း၀ိညာဥ်အရိုးတစ်ခုက စျေးကွက်ထဲမှာပေါ်လာပြီဆိုရင် သူတို့ရဲ့စျေးနှုန်းက ကြောက်စရာကောင်းအောင်မြင့်မားနေမှာပါပဲ။ ကြယ်တာရာလော့နိုင်ငံတော်က သူ့ကိုထောက်ပံ့ပေးထားမယ်ဆိုရင်တောင် ဒီလောက်ကြီးအထိ မ၀ယ်ခြမ်းပေးနိုင်တာတော့အမှန်ပါ။
” တကယ်ကို ဆိုးလိုက်တဲ့ကံပါလား ဒီကလေးတွေအသိစိတ်ရှိဖို့ မျှော်လင့်ပါတယ်..မဟုတ်ရင် အမျက်ဒေါသကျောင်းတော်ကို ဆန့်ကျင်တာက ငါ့အတွက်မကောင်းနိုင်ဘူး…ဒါပေမယ့် ငါတကယ်တော့ ဘာမှလဲမလုပ်ခဲ့ဘူးလေ ”
” မင်းသူတို့ကို ထိခိုက်အောင်မလုပ်မိခဲ့လို့ ကိုယ့်ကိုကိုယ် ၀မ်းသာသင့်တယ် ”
အေးစက်တဲ့အသံက သူ့စိတ်ထဲမှာထွက်ပေါ်လာပါတော့တယ်။
” ဘယ်သူလဲ ”
နေ့လည်နေ့ခင်းကြီးဖြစ်သလို နေကလဲ ခြစ်ခြစ်တောက်ပူပြင်းနေဆဲပါပဲ။ ချန်ကန်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် မီတာတစ်ထောင်ပတ်ပတ်လည်မှာရှိသမျှ အရာအားလုံးက သူ့အာရုံခံနိုင်စွမ်းထဲ ရောက်နေမှာပါ။ ဒါပေမယ့် တစ်ဖက်လူရဲ့အသံကိုသာကြားရပြီ တည်ရှိမှုကို မခံစားနိုင်ပါဘူး။
” ငါက မင်းဖေဖေကြီးလေ မင်းဖေဖေကြီးကမင်းကို အနောက်တံခါးအပြင်မှာစောင့်နေတယ်..လိမ်မာတဲ့ကလေး အခုလာခဲ့တော့ ”
အေးစက်တဲ့အသံက သူ့ရဲ့ကျောရိုးတစ်လျှောက်ကို စိမ့်ချမ်းသွားစေခဲ့ပါတယ်။
” ခွေးမသားမင်းက ၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုပြီး ငါ့ကိုအရူးလုပ်၀ံ့တယ်ပေါ့ ”
ချန်ကန်က ချက်ချင်းဆိုသလို အနောက်ဂိတ်ကိုမီးခိုမျှင်တစ်ခုလိုမျိုး ပြေးသွားပါတော့တယ်။ သူ့အတွက်တော့ တစ်ဖက်လူက သော့်လော့ဖြစ်နေမယ်ဆိုရင်တောင် သူ့ရဲ့ဖြစ်တည်မှုကို မခံစားနိုင်စရာအကြောင်းမရှိပါဘူး။ သူသေချာပေါက် ထူးခြားတဲ့၀ိညာဥ်လက်နက်တစ်ခုကို အသုံးပြုပြီး ထောက်လှမ်းတာကို ခုခံနေလို့သာဒါမျိုးဖြစ်နိုင်တာပါ။
သူက အမြဲတမ်းတဲ့တိုးဆန်တဲ့လူပါ။ ဒါ့အပြင် သိုင်းပညာကိုလဲ အင်မတန်စိတ်အားထက်သန်တဲ့သူဖြစ်ပါတယ်။ မဟုတ်ရင် ဟို့ယွိဟောင်ကို သွားဖမ်းမှာမဟုတ်ပါဘူး။ ကြယ်တာရာလော့မြို့တော်ထဲမှာ ဟို့ယွိဟောင်က ရှိနေဆဲဖြစ်သလို အမျက်ဒေါသကျောင်းတော်အနေနဲ့ မထွက်ခွာခင်လှုပ်ရှားဖို့လဲ စောင့်နိုင်ပါသေးတယ်။ လက်ရှိအချိန်မှာကတော့ သူ့အတော်ကို စိတ်ဖိစီးနေခဲ့ပါပြီ။ ဒါကြောင့် ချက်ချင်းဆိုသလို အနောက်ဂိတ်တံခါးကို ပြေးပါတော့တယ်။
အနောက်ဂိတ်တံခါးအပြင်ကို ထွက်ပြီတဲ့နောက် ချန်ကန်က အနည်းငယ်ပိုပြီးအေးဆေးလို့လာခဲ့ပါပြီ။ မျက်မှောက်ကြုတ်လိုက်ချိန်မှာကတော့ မျက်လုံးတစ်လျှောက်ထူးဆန်းတဲ့ပြောင်းလဲမှုက ဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့မျက်လုံးနှစ်ခုစလုံးက အဖြူရောင်မရှိတော့ပဲ လုံး၀ကို မှောင်မိုက်လို့သွားတော့တယ်။ အဲ့ဒီနောက် မျက်ဆံတွေက လန့်စရာကောင်းတဲ့အရှိန်နှုန်းနဲ့အတူ ကွဲထွက်လို့သွားတာပါ။ ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့အာရုံခံနိုင်စွမ်းကလဲ အဆပေါင်းများစွာတိုးတက်လာပါတော့တယ်။ ဟို့ယွိဟောင်လိုမျိုး စိတ်၀ိညာဥ်ထောက်လှမ်းမှုကို မပိုင်ဆိုင်ပေမဲ့ သူ့ရဲ့ထောက်လှမ်းနိုင်တဲ့ အစွမ်းအစကတော့ တူညီလလုနီးပါးပါပဲ။ သူ့မြင်ကွင်းထဲမှာရှိနေသမျှအရာအားလုံးကို သူအာရုံခံနိုင်ပါတော့တယ်။ ဒါပေမယ့် ဘာမှမတွေ့ပါဘူး။
တံခါးရဲ့အပြင်ဘက်မှာကတော့ သူ့အာရုံကိုဖမ်းစားနိုင်တဲ့သူဘယ်သူမှမရှိပဲ ဖြစ်နေခဲ့တယ်။ အရာအားလုံးက ပုံမှန်လိုပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာလေလေ ချန်ကန်ရဲ့နှလုံးသားက ပိုလေးလံလေပါပဲ။ တစ်စုံတစ်ရာလွဲမှားနေတာကို သူသိပါတယ်။
” အနောက်ဖက်ကို ဆက်လျှောက်လာခဲ့ ”
အဲ့ဒီအသံက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြန်ပါပြီ။
ပတ်၀န်းကျင်ကို ဆက်တိုက်အာရုံစိုက်နေပြီတဲ့နောက် အသံကိုကြားလိုက်ရတဲ့အချိန်မှာ ချန်ကန်လဲ ထိတ်လန့်သွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ နှလုံးသားတစ်ခုလုံးလဲ တုန်လှုပ်လို့သွားခဲ့ရတယ်။ ဒီလို၀ိညာဥ်လက်နက်မျိုးက သူ့ရဲ့ထောက်လှမ်းမှုကနေ လွှတ်မြောက်နိုင်တာလဲ။
ဒီလိုမသက်မသာဖြစ်မှုနဲ့အတူ သတိကြီးကြီးနဲ့ထပ်ပြီ ဆုတ်ခွာဖို့လုပ်ပါတော့တယ်။
” မင်းက ထွက်ပြေးချင်တယ်ပေါ့ ကြယ်တာရာလော့မြို့တော်တစ်ခုလုံးကို ငါဆွဲဖြဲပြစ်လိုက်မှာ မင်းမစိုးရိမ်ဘူးလား ”
ရုတ်တရက်ဆိုသလို စွမ်းအားလှိုင်းတွေက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ ချန်ကန်ရဲ့ ကျင့်ကြံဆင့်နဲ့တောင်မှ ဒီရုတ်တရက်ဖြစ်ပေါ်လာတဲ့အင်အားက သူ့သွေးတွေကို တောင့်ခဲသွားစေသလိုမျိုးခံစားလိုက်ရပါတယ်။
သေချာပေါက် တစ်ဖက်လူက သော့်လော့ပါပဲ။ ဒါ့အပြင် သူသော့်လော့ဖြစ်လာပြီအချိန်ကနေစပြီ ဒီလိုအကြောက်တရားမျိုးကို မခံစားရဖူးပါဘူး။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ပေါ်ရောက်လာတဲ့ဖိအားကတော့ သိသာတာထက်ကို ပိုနေခဲ့ပါသေးတယ်။ သူ့ကိုပိုပြီးအံ့အားသင့်စေတဲ့အရာကတော့ သူ့ပတ်၀န်းကျင်မှာရှိသမျှလူတွေအားလုံးက သတိမပြုမိတဲ့ပုံပါပဲ။ အဲ့ဒီတော့ အဲ့ဒီကြောက်စရာဖိအားတွေက သူ့တစ်ယောက်ထဲကိုဦးတည်ပြီ ထောက်လှမ်းထုတ်လွှတ်နေတယ်ဆိုတာ သိသာနေခဲ့ပါပြီ။ ပိုပြီးကြောက်စရာကောင်းတဲ့အရာကတော့ လူတစ်ယောက်ရဲ့အစွမ်းအစကို ဒီလောက်အထိ ထိန်းချုပ်နိုင်စွမ်းရောသူရောပိုင်ဆိုင်ပါသလား။ ချန်ကန်မလုပ်နိုင်ပါဘူး။
” မင်းကတကယ်ဘယ်သူများလဲ ”
ချန်ကန်က တစ်ဖက်လူကိုစိတ်၀ိညာဥ်ချင်းအသုံးပြုတဲ့နည်းလမ်းနဲ့ ဆက်သွယ်နေခဲ့ပါတယ်။
” ငါမင်းကိုအနောက်ဖက်မှာစောင့်နေမယ်..အကယ်၍ မင်းမလာဘူးဆိုရင် ငါကြယ်တာရာလော့မြို့တော်ကို ဖျက်ဆီးပြစ်တော့မယ်..ငါမင်းကိုအချိန်သုံးစက္ကန့်စဥ်းစားချိန်ပေးမယ် တစ် နှစ် သုံး ”
” လာပြီ လာပြီ ”
ကြယ်တာရာလော့နိုင်ငံတော်ရဲ့အကာအကွယ်သော့်လော့အနေနဲ့ ချန်ကန်က ဒီအမည်မသိလူကြီးကို မြို့တော်ဖျက်ဆီးခွင့်မပြုနိုင်ပါဘူး။ သော့်လော့တစ်ယောက် အင်အားထုတ်လွှတ်လိုက်မယ်ဆိုရင် ကြီးမားတဲ့ဖျက်ဆီးမှုတွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် အဲ့ဒီထူးဆန်းတဲ့သူက ဘယ်လောက်ဒေါသထွက်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိနေခဲ့ပြီ လူသတ်လိုစိတ်မရှိပေမဲ့ ဒေါသထွက်နေတာတော့အမှန်ပါပဲ။
ချန်ကန်လဲ နောက်ထပ်အချိန်မဆွဲနေတော့ပဲ အနောက်ဖက်ကို အမြန်ပြေးလာပါတော့တယ်။ အသံကနောက်ထပ်ပေါ်မလာတော့ပါဘူး။ ဒီတစိကြိမ်မှာတော့ တစ်ဖက်လူက ၀ိညာဥ်လက်နက်တစ်ခုကို အသုံးမပြုနေတော့ဘူးဆိုတာ သူသိသွားပါတော့တယ်။ တစ်ဖက်လူရဲ့အစွမ်းအစက သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းသွားခဲ့ပြီဖြစ်တာကြောင့် သေချာပေါက် တကယ်သော့်လော့စစ်စစ်ဆိုတာ ပိုနားလည်သွားပါတော့တယ်။ ဒါပေမယ့် သူအကြောက်အလန့်ကင်းနေဆဲပါပဲ။ အဆင့်တူလူတွေကို ယှဥ်ပြိုင်ချင်နေခဲ့တာ ကြာပါပြီ။ ဒါ့အပြင် ဒီနည်းလမ်းကလဲ သူ့ကိုတိုးတက်စေနိုင်မဲ့တစ်ခုတည်းသောနည်းလမ်းလို့ထင်နေခဲ့ပါတယ်။ တစ်ဖက်လူက ကြောက်စရာကောင်းတဲ့ အစွမ်းအစကို ပိုင်ဆိုင်ထားခဲ့ရင်တောင် ချန်ကန်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုကောင်းကောင်းယုံကြည်ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ပုံမှန်ထက်မတူညီပဲ အောင်မြင်တာကြောင့် တစ်ဖက်လူကလဲ သူ့ထက်ပိုအင်အားကြီးမယ်လို့ ပြောလို့မရနိုင်ပါဘူး။
ဆယ်မိုင်နီးပါးလျှောက်လာပြီတဲ့နောက် ချန်ကန်လဲရပ်လိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ လမ်းရဲ့အနီးမဝေးမှာမလှုပ်မယှက်ထိုင်နေတဲ့လူတစ်ယောက်ကို မြင်လိုက်ရလို့ပါ။ အဲ့ဒါကတော့ ခေါင်းအစခြေအဆုံးဆီတွေပေနေသလိုမျိုးညစ်ပတ်နေတဲ့အဘိုးကြီးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ။ ခေါင်းလျှော်ထားတဲ့ဆံပင်နဲ့အတူ ညာဘက်လက်မှာကတော့ ကြက်ပေါင်တုံးတွေကို ကိုင်ထားခဲ့ယ်။ ဘယ်ဘက်လက်မှာတော့ အရက်တွေအပြည့်နဲ့ဗူးသီးခြောက်ကြီးကို ကိုင်ထားခဲ့ပါတယ်။
ချန်ကန်ကတော့ တစ်ဖက်လူကို သာမန်လူတစ်ယောက်အဖြစ်နဲ့သာ ခံစားလိုက်မိတယ်။ ဒါပေမယ့် အဲ့ဒီအဘိုးကြီးကတော့ အစားအသောက်ကို စားရင်းသောက်ရင်းနဲ့ အတော်လေးပျော်ရွှင်နေတဲ့ပုံပါပဲ။
” ဒီကိုလာခဲ့ဦး ”
အဘိုးကြီးက ကြက်ပေါင်ကိုနောက်ဆုံးကျန်တဲ့အထိ ကိုက်လိုက်ရင်းနဲ့ ချန်ကန်ကို လှမ်းခေါ်ပါတော့တယ်။ ချန်ကန်ကတော့ တကယ်ကိုတုန်သွားခဲ့ပါပြီ။ ဒီလူကြီးရဲ့ စွမ်းအားကိုဖုံးကွယ်ထားနိုင်စွမ်းက အရမ်းကိုထူးခြားလို့နေခဲ့တယ်။
” မင်းကဘယ်သူလဲ ငါ့ကိုဘာကြောင့် ဒီခေါ်လာတာလဲ ”
တစ်ဖက်လူက မြေပြင်ကနေ ခုန်ထလာပါတော့တယ်။
” ငါမင်းကို ကောင်းကောင်းရိုက်လို့ရအောင် ခေါ်လာတာလေ ”
သူပြောပြီတာနဲ့ ကြက်ပေါင်အရိုးတွေက ချန်ကန်ဆီကို ပြေး၀င်လာပါတော့တယ်။ ချန်ကန်ကတော့ မျက်မှောင်ကြုတ်လိုက်ပြီ ညာဘက်လက်ကိုအသုံးပြုရင်း အရိုးတွေကိုဖယ်ရှားလိုက်ပါပြီ။
အရိုးတွေကတော့ အမှုန့်ဖြစ်သွားခဲ့ပေမဲ့ ချန်ကန်ကတော့ နောက်ကိုခြေတစ်လှမ်းဆုတ်သွားခဲ့ရပါတယ်။ ညာဘက်လက်တစ်ခုလုံးက နာကျင်လို့သွားခဲ့သလို လက်မှာလဲ အနီရောင်အမှတ်တစ်ခုပေါ်လာတာကို မြင်လိုက်ရပါတော့တယ်။
” တကယ်ကိုအားကောင်းလိုက်တဲ့ ၀ိညာဥ်စွမ်းအားပါလား ဘယ်သူကမှ သိုင်းပညာ၀ိညာဥ်ကို မထုတ်သုံးခဲ့ပါဘူး။ ဒါပေမယ့် ချန်ကန်အနေနဲ့ တစ်ဖက်လူက သူ့ကိုကြက်အရိုးလေးသုံးရင်း လွှင့်ထွက်သွားအောင်လုပ်နိုင်တာသိသွားခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းကို ကြီးမားလို့နေခဲ့ပါပြီ။
” မင်းရဲ့သော့်လော့ဘွဲ့နာမည်က ဧရာမသော့်လော့ဘွဲ့မဟုတ်လား လာပါ မင်းဘယ်လောက်အင်အားကြီးလဲဆိုတာ ကြည့်ရအောင် မင်းငါ့ရဲ့တိုက်ခိုက်မှုဆယ်ခုကို တောင့်ခံနိုင်မယ်ဆိုရင် ငါမင်းကို အလွှတ်ပေးလိုက်မယ် ”
ခန့်မှန်းလို့မရနိုင်တဲ့ ဒီအကြီးအကဲကို မြင်ချိန်မှာ ချန်ကန်က တည်ငြိမ်လို့နေခဲ့ပါတယ်။
” အကြီးအကဲက အမျက်ဒေါသကျောင်းတော်ကလား ”
တစ်ဖက်လူကပြန်ပြေလာခဲ့ပါတယ်။
” မင်းငတုံးမဟုတ်ဘူးပဲ ငါတို့အမျက်ဒေါသကျောင်းတော်က ဒီလိုလွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမဲ့သူတွေများထင်နေတာလား ”
အမျက်ဒေါသကျောင်းတော်က တခြားဘယ်သူများဖြစ်နိုင်ဦးမှာလဲ။ ဒါကထျောင်ထျဲ့သော့်လော့အကြီးအကဲရွှမ်ပါပဲ။
အကြီးအကဲရွှမ်က ကျောင်းတော်ကပို့လွှတ်ထားတာမဟုတ်ပါဘူး။ ဒါပေမယ့် အကြီးအကဲမုနဲ့စကားပြောဆိုပြီတဲ့နောက် သူ့ဘာသာသူပြေးထွက်လာခဲ့ပါတယ်။ ဒီကလေးတွေကို အခုအချိန်အထ်ိ သူစိုးရိမ်နေဆဲပါ။
အရှေ့မှာရှိတဲ့ပြိုင်ပွဲတွေအားလုံးကိုလဲ သူလျှို့၀ှက်စောင့်ကြည့်နေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ ဘယ်လိုအတွဲညီညီတိုက်ခိုက်ခဲ့တာလဲသူသိသလို ပေ့ပေ့ရဲ့ကြိုးစားအားထုတ်မှုတွေကိုလဲ မြင်ခဲ့ပါတယ်။ အရမ်းကိုစိတ်လှုပ်ရှားလွန်တာကြောင့် မျက်ရည်ကျခဲ့ရသလိုမျိုး ဘယ်လောက်အထိ စိတ်အားထက်သန်မှုမဖြစ်ပေါ်ခဲ့တာလဲ အချိန်အတော်ကြာခဲ့ပါပြီ။ အဲ့ဒီအချိန်မှာ သူ့အနေနဲ့ သူ့ကိုယ်တိုင်တောင်မှ သွားရောက်ပြီယှဥ်ပြိုင်ချင်စိတ်တွေ တစ်ဖွာဖွာပေါ်လာပါတော့တယ်။
ဒီနေ့မှာကတော့ ချန်ကန်ရဲ့အပြုအမူတွေကို အစအဆုံးသူမြင်တွေ့လိုက်ရတာပါ။ ဘေးကနေသာ သူကြည့်နေခဲ့ပါတယ်။ အကယ်၍ ချန်ကန်မှာသာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က်ိုသတ်ဖို့စိတ်ကူးရှိခဲ့မယ်ဆိုရင် ချန်ကန်ရော ကြယ်တာရာလော့နိုင်ငံတော်ကြီးတစ်ခုလုံးကိုပါ သူအလွှတ်ပေးမှာမဟုတ်ပါဘူး။
ချန်ကန်ကတော့ စိတ်ထဲမှာ၀ုန်းဒိုင်းကြဲသွားခဲ့ပါတော့တယ်။ သူသိသလောက်အရဆိုရင် အမျက်ဒေါသကျောင်းတော်ရဲ့ ဆရာတွေက ဒီတစ်ခေါက်လာတဲ့အထဲမှာ၀ိညာဥ်ဘုရင်အဆင့်သာ ရှိသေးတာပါ။
” ကျွန်တော်အနည်းငယ်စိတ်လက်မာန်ပါလုပ်မိသွားပါတယ်..ဒါပေမယ့် အကယ်၍ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကသာ လူသားအဖြစ်ကျင့်ကြံထားမယ်ဆိုရင် သေချာပေါက် လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်စေနိုင်မှာပါ ဒါကြောင့်သာ ကျွန်တော်က ”
” မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း ”
အကြီးအကဲရွှမ်က ဒေါသတကြီးနဲ့ အော်ပါတော့တယ်။
” မင်းရဲ့စကားလုံးလှလှတွေနဲ့ ငါ့ကိုလာလှည့်စားဖို့လုပ်မနေနဲ့ မင်းကတစ်ကိုယ်ကောင်းဆန်နေတာမဟုတ်ဘူးလား ၀ိညာဥ်သားရဲကောင်တွေက လူသားအဖြစ်မပြောင်းလဲနိုင်ဘူးဆိုပေမဲ့ လျှို့၀ှက်ချက်ကိုမပြောပဲ နေလိုက်ကြရအောင် အကယ်၍ ၀ိညာဥ်သားရဲကောင်တစ်ကောင်ကောင်ကသာ ပြောင်းလဲနိုင်မယ်ဆိုရင်တောင် သေချာပေါက် ကျင့်ကြံမှုပြီမှုအောင်မြင်မှပဲ လူသားဖြစ်လာနိုင်မှာပဲ အဲ့ဒါမင်းနဲ့ဘာဆိုင်လဲ မင်းက နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်အရိုးနဲ့ ၀ိညာဥ်စက်ကွင်းကို မျက်စိမကျပဲရှိနေလို့လား ငါ့ကိုပေါက်ကရတွေပြောနေတာ ရပ်လိုက်စမ်း မင်းသူတို့ကို သတ်ဖို့မကြိုးစားခဲ့ဘူးဆိုတဲ့အချက်တစ်ခုထဲနဲ့တင် မင်းဒီနေ့ကောင်းကောင်းသင်ကြားပေးလိုက်မယ်..မှတ်ထားလိုက် ”
ချန်ကန်က ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အကာအကွယ်သော့်လော့ပါ။ ဒါ့အပြင် ဒီလောက်အထိ ကြမ်းကြမ်းတမ်းတမ်းမဆူပူခံရတာကြာပါပြီ။ သူ့မျက်နှာတစ်ခုလုံးက နီရဲလို့သွားရင် ဒေါသတကြီးနဲ့ ပြန်အော်ပါတော့တယ်။
” ဒါတိုရင်လဲ လာလိုက်လေ ဘယ်လိုသင်ကြားပေးမလဲ ကြည့်ကြသေးတာပေါ့ ”
အဲ့ဒီနောက် သူ့ရဲ့ဘယ်ဘက်ခြေထောက်ကို အရှေ့ထုတ်လိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ်ထဲမှာတောက်ပတဲ့အနက်ရောင်အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီအနက်ရောင်အလင်းတန်းတွေက မြေကမ္ဘာကိုလှုပ်ခတ်စေနိုင်တဲ့ သက်ရောက်မှုရှိပါတယ်။ မြေပြင်ကြီးတစ်ခုလုံးကတုန်ခါလို့လာခဲ့ပါပြီ။
ချန်ကန်ရဲ့ခန္ဓာကိုယ်ကလဲ သိသိသာသာကိုပြောင်းလဲလို့သွားပါတော့တယ်။ သားရဲကောင်၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ သူ့ကျင့်ကြံဆင့်က မြင့်လာလေလေ သူ့ခန္ဓာကိုယ်အပြောင်းအလဲက ပိုကြီးမားလာလေပါပဲ။ အခုအချိန်မှာ ချန်ကန်ရဲ့အသားအရေးကလဲ မှောင်မိုက်လို့သွားခဲ့ပြီ သူ့တစ်ကိုယ်လုံးကို အနက်ရောင်၀တ်ရုံခြုံထားသလိုမျိုး အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့မျက်ခုံးတွေကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့မျက်ခုံးတွေက ရှည်လျားလို့လာခဲ့ပြီ ကော့တက်လို့သွားပါတော့တယ်။ နှစ်ဆယ်စင်တီမီတာလောက်အထိ ရောက်ချိန်မှာကတော့ အပေါ်ကိုတည့်တည့်ထောင်တက်လို့သွားခဲ့ပါပြီ။
အပိုင်း ၉၆•၁ ပြီး၏။