စာကြည့်တိုက် တာအိုသခင်
အပိုင်း ၆၈။ မင်းရဲ့ သေခြင်းတရားကို ကြယ်ဆုံသော ကောင်းကင်က လင်းထိန်စေမယ်။
” နဥ်နဥ်လေးက သိပ်ပြီး ဉာဏ်ကောင်းတာပဲ။ မင်းရဲ့ အစ်မကို ချက်ချင်း ခန့်မှန်းမိတာကို ”
တစ်ဖက်လူ၏ စကား၌ ကျီစယ်မှုများ ပြည့်နေသည်။ သို့သော် နဥ်ယွိဟန်သည် ရေခဲဂူထဲ ကျသွားသည့်ပမာ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ချွေးစီးများ ပြန်ကုန်၏။
အစိမ်းရောင် ဝံပုလွေ၏ တိုက်ပွဲဝင် ခွန်အားက ထူးကဲသည့် ကျန်းဟိုင်မြို့ထဲရှိ ချီရှန်း သုံးဦးတောင် သူ့ကို တစ်ကိုယ်တည်း မဖြေရှင်းနိုင်လောက်ပေ။
ဖြားယောင်ခြင်း မြေခွေးကမူ သူမသည် ဝိညာဥ်စွမ်းအင် ထိန်းချုပ်မှု၌ ဆရာတစ်ဆူ ဖြစ်သည်။ သူမ၏ ဝိညာဥ်စွမ်းအင် ကျင့်စဥ်သည် အစွမ်းထက်လွန်းသောကြောင့် ခေါင်းမွေးများ ထောင်ထလာစေ၏။
ချီရှန်း သိုင်းပညာရှင်တစ်ဦးတောင် သူမကို ရင်ဆိုင်ရ ခက်ခဲနေသည်။ နှစ်ယောက်ပေါင်းလိုက်သည့် အချိန်၌ ကျန်းဟိုင်မြို့ရှိ ချီရှန်းသုံးဦးက ပူးပေါင်းတိုက်ခိုက်လျှင်တောင် သူတို့ကို အနိုင်မယူနိုင်လောက်ပေ။ သူ့တွင် အမှန်တကယ် လွှတ်လမ်း မရှိတော့ချေ။
နဥ်ယွိဟန်သည် အံကြိတ်လိုက်သည်။ ထိုသူနှစ်ယောက် ညှင်းပမ်းတာ ခံရပြီး သေမည်ထက် သူ့ကိုသူ သတ်သေလိုက်မည်။ ထိုအကြောင်းအရာကို တွေးပြီး လက်ကို ချက်ချင်းမြောက်ကာ သတ်သေရန် ပြင်ဆင်လိုက်သည်။
သို့သော် သူ လက်မြောက်လိုက်သည်နှင့် အစိမ်းရောင် ဝံပုလွေက လက်ကို ဝှေ့ရမ်းကာ အလင်းတန်း တစ်ခုက သူ့လက်ကို ဖြတ်သွားတော့၏။
” အား ” ။ အသဲခိုက်ဖွယ် နာကျင်မှုသည် နဥ်ယွိဟန်ကို ချက်ချင်း သတိလစ်သွားစေတော့သည်။
” အိုး အစိမ်းရောင် ဝံပုလွေ နင် သိပ်ကြမ်းတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ နဥ်နဥ်လေးက ငါတို့ရဲ့ ဂျူနီယာ ရှိနေသေးတာ။ သူ့ကို ဘယ်လို သနားရမယ်ဆိုတာ တကယ်မသိဘူးပဲ ”
အစိမ်းရောင် ဝံပုလွေ၏ မျက်နှာက အေးစက်သွားသည်။
” ပေါက်တက်ကရ ပြောတာ ရပ်လိုက်တော့။ သူ့ရဲ့ မှတ်ဉာဏ်ကို စစ်ဆေးပြီး ပါ့ဆန် နဲ့ မတ်ကို သတ်သွားတဲ့ မျိုးမစစ်ကို ရှာရမယ် ”
” သိပြီ ”
ဖြားယောင်ခြင်း မြေခွေးသည် သူမလက်ကို ကူကယ်ရာမဲ့စွာ ဖြန့်လျက် ဖြားယောင်ခြင်း မြေခွေးမျိုးနွယ်စု၏ ကျင့်စဥ်ကို အသုံးပြုလိုက်သည်။ သူမ၏ ဝိညာဥ်စွမ်းအင်များက နဥ်ယွိဟန်၏ ခန္ဓာကိုယ်ထဲ ဒီရေအလား တိုးဝင်သွားတော့သည်။
” ဘာ ”
သူမ စိတ်ဝိညာဥ်သည် ဝိညာဥ်စွမ်းအင်က နဥ်ယွိဟန်၏ ကိုယ်ထဲ ဝင်သွားသည်နှင့် မင်သက်သွားမိသည်။ အကြောင်းမှာ နဥ်ယွိဟန်၏ ဝိညာဥ် အသိစိတ်ထဲ၌ လူငယ်တစ်ယောက် ရပ်နေသောကြောင့် ဖြစ်သည်။ ထိုပုံရိပ်သည် ဝိညာဥ်စွမ်းအင် သိပ်သည်းခြင်းမှ ဖွဲ့တည်ထား၏။ လက်နောက်ပစ်ထားလျက် ရပ်နေပြီး အေးစက်သော မျက်ဝန်းတစ်စုံက သူမ ရောက်လာမှာကို သိနေပြီး ဤနေရာတွင် တမင်တကာ စောင့်ဆိုင်းနေသည့်ပမာ ဖြစ်နေတော့သည်။
” ရှင်က ပါ့ဆန် နဲ့ မတ်ကို သတ်လိုက်တဲ့ သိုင်းပညာရှင်လား ”
ယဲ့ရှောင်က သူ့ကို လျစ်လျူရှုထားသည်။ သူသည် အစောတုန်းက မလှုပ်ရှားရသည့် အကြောင်အရင်းမှာ နဥ်ယွိဟန် သတိလစ်မှာကို စောင့်နေသောကြောင့် ဖြစ်သည်။ နဥ်ယွိဟန် သတိဝင်သည့် အချိန်၌ လှုပ်ရှားတာ သူ့အတွက် အဆင်မပြေပေ။ ယခု ဖြားယောင်ခြင်း မြေခွေး၏ ဝိညာဥ်စွမ်းအင် ထည့်လိုက်ရာ သားရဲနတ်ဘုရားဂိုဏ်းနှင့် ချီရှန်းနှစ်ဦးက သူတို့လမ်းသို့ ရောက်နေပြီမှန်း သူတို့ကို ပို့လိုက်သည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
သူ့ မျက်ဝန်းနဲ့ အနည်းငယ် လှုပ်ရှားသွားပြီး အစွမ်းထက်သည့် ဝိညာဥ်စွမ်းအင်က အရပ်မျက်နှာအနှံ့ကနေ ဖြားယောင်ခြင်း မြေခွေးဆီသို့ တိုးဝင်သွားလေ၏။
သိပ်အစွမ်းထက်တာပဲ။
ဖြားယောင်ခြင်း မြေခွေး၏ သူငယ်အိမ်တို့ ကျုံ့သွားကာ ဝိညာဥ်သည် စတင်တုန်လှုပ်လာတော့သည်။ သူမသည် အနည်းငယ်လေးမျှ သတိမမဲ့ရဲပေ။ သူမ ဝိညာဥ်စွမ်းအင်က ချက်ချင်းကို နောက်ဆုတ်လိုက်တော့သည်။
ကံဆိုးသည်မှာ ယဲ့ရှောင်က မြန်ဆန်လွန်း၏။ သူက သူမ တုံ့ပြန်ရန် အချိန် မပေးပဲ သူမ သွင်းလိုက်သော ဝိညာဥ်စွမ်းအင်ကို ချက်ချင်း ချေပစ်လိုက်သည်။ ပြီးနောက် မူလလမ်းကြောင်းပေါ်သို့ ရောက်လာပြီး ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်တော့သည်။
ဖူး။
ဖြားယောင်ခြင်း မြေခွေးသည် သွေးအန်ပြီး နောက်သို့ လွင့်ထွက်သွားသည်။ လေထဲ၌ သူက ကြိုးပျက်သွားသော စွန်တစ်ကောင်နဲ့ ဖြစ်နေတော့သည်။
” ဖြားယောင်ခြင်း မြေခွေး ”
အစိမ်းရောင် ဝံပုလွေက ခြေထောက်ဆောင့်လျက် ခန္ဓာကိုယ်က ဖြတ်ခနဲ လှုပ်ရှားသွားကာ ဖြားယောင်ခြင်း မြေခွေး၏ ခန္ဓာကိုယ်ကို ဖမ်းလိုက်သည်။ သို့သော် သူမ နောက်ဆုံးထွက်သတ် ရောက်နေပြီမှန်း သိလိုက်ရ၏။
” ဘာတွေ ဖြစ်နေတာလဲ ”
” မြန်မြန် ပြေး ”
ဖြားယောင်ခြင်း မြေခွေးသည် ထိုစကားကို ပြောရန် ရုန်းကန်လိုက်ရ၏။ အစိမ်းရောင် ဝံပုလွေက သတိလက်လွှတ် မနေရဲတော့ပဲ ချက်ချင်း ထွက်ပြေးတော့သည်။
သူ တစ်ဖက်သို့ လှည့်လိုက်သည်နှင် ညအမှောင်ယံ ကောင်းကင်ထဲတွင် တောက်ပသော ဥက္ကာခဲတစ်စင်းပမာ အလင်းတန်းသည် သူ၏ နဖူးဆီ ချက်ချင်း ချဥ်းကပ်လာ၏။ တုံ့ပြန်ရန် အခွင့်အရေးမရခဲ့ပေ။ အလင်းတန်းကို မြင်လိုက်သည်နှင့် သူ၏ အသိစိတ်တို့ အမှောင်ကျသွားသည်။ ခန္ဓာကိုယ်နှင့် ဝိညာဥ်သည် ဓါးမော့ရောင်ခြည်ကြောင့် အညှာအတာမဲ့စွာ အပိုင်းပိုင်း ဖြတ်ခံနေရပြီး ဘာမှမကျန်ရစ်တော့ပေ။
ဖောက်။
အစိမ်းရောင် ဝံပုလွေနှင့် ဖြားယောင်ခြင်း မြေခွေး၏ ခန္ဓာက မြေကြီးပေါ် လဲပြိုကျသွား၏။
” အစိမ်းရောင် ဝံပုလွေ ”
ဖြားယောင်ခြင်း မြေခွေးက ထုတ်ဖော်ပြောမိသွား၏။ နောက်တစ်စက္ကန့်တွင် သူမ ခေါင်းက တစ်စုံတစ်ယောက် တက်နင်းတာ ခံလိုက်ရသည်။ ဖြားယောင်ခြင်း မြေခွေး၏ မျက်ဝန်းထောင့်ကနေ တစ်ချက်ကြည့်လိုက်ရာ သူမ စိတ်နှလုံး တုန်ယင်သွားမိသည်။
သူပဲ။
နဥ်ယွိဟန်ရဲ့ ဝိညာဥ်အသိစိတ်ထဲမှာ တွေ့လိုက်ရတဲ့ သူပဲ။ သူက တကယ် သိုင်းပညာရှင် တစ်ယောက်ကိုး။
သူမ တွေးနေစဥ်၌ ဝိညာဥ်စွမ်းအင်သည် ရုတ်တရက် ကျူးကျော်ခံရတာကို ခံစားမိလိုက်သည်။
မကောင်းတော့ဘူး။
သူသည် သူမ၏ မှတ်ဉာဏ်ကနေ သားရဲနတ်ဘုရားဂိုဏ်း၏ အချက်အလက်များကို ရှာဖွေ ရယူချင်နေတာပဲ ဖြစ်သည်။ သူမက ယဲ့ရှောင်ကို ရှာရန်အတွက် နဥ်ယွိဟန်၏ ဝိညာဥ်အသိစိတ်ထဲ ကျူးကျော်ချင်သည့်ပုံနဲ့ တူသည်။
သူ့ကို သူမ သေချာပေါက် အောင်မြင်ခွင့် မပေးနိုင်ဘူး။
ဖြားယောင်ခြင်း မြေခွေးက အံကြိတ်လျက် သူမ၏ ကိုယ်ပိုင်ဝိညာဥ်စွမ်းအင်ကို ဖောက်ခွဲရန် ပြင်ဆင်လိုက်သည်။ ထိုသို့ ပြုလုပ်လျှင် ထာဝရ ငရဲသစ်ငုတ်မြေထဲ ကျရောက်သွားမည်မှန်း သိနေသော်ငြား ရွေးချယ်စရာ မရှိပေ။ ထိုကဲ့သို့ သိုင်းပညာရှင်တစ်ဦးက သားရဲနတ်ဘုရားဂိုဏ်းရဲ့ အချက်အလက်ကို ရသွားခဲ့လျှင် ကပ်ဘေးကို ဖြစ်စေပြီး ပျက်စီးစေမှာ သေချာသည်။ သို့သော် သူမ၏ ဝိညာဥ်စွမ်းအင်ကို ဖောက်ခွဲတော့မည့်အချိန်တွင် မလှုပ်နိုင်တော့မှန်း ရုတ်တရက် သဘောပေါက်သွား၏။
ယဲ့ရှောင်၏ စိတ်စွမ်းအင်က အစွမ်းထက်လွန်းရာ သူမ၏ စိတ်စွမ်းအားကိုတောင် တိုက်ရိုက်ဖိနှိပ့်နေသည်။
ယခုအချိန်တွင် ဖြားယောင်ခြင်း မြေခွေးက အပြည့်အဝ စိတ်ပျက်အားငယ် နေတော့၏။ သားရဲနတ်ဘုရားဂိုဏ်းသည် ကျန်းဟိုင်မြို့သို့ အဘယ်ကြောင့် လာရသနည်း။ ယင်းက သူတို့ နေနိုင်သည့် နေရာ မဟုတ်။ ငရဲသာ ဖြစ်သည်။
” ရှာတွေ့ပြီ ”
ထိုစကားလုံးလေးလုံးက ဖြားယောင်းခြင်း မြေခွေး၏ နားထဲ ဝင်သွားချိန်တွင် ယဲ့ရှောင်၏ ခြေထောက်က ရုတ်တရက် အားကို သုံးလျက် သူမ၏ ခေါင်းကို ပေါင်တစ်သောင်းခန့် လေးသည့် ကျောက်တုံးကြီးဖြင့် ဖိချလိုက်သည့်ပမာ ခံစားလိုက်ရတော့သည်။
ဘန်း။
နောက်တစ်စက္ကန့်တွင် ဖြားယောင်ခြင်း မြေခွေး၏ အသိစိတ်က အမှောင်ထုထဲ ကျသွားတော့သည်။
” ဒီမှာ မင်းရဲ့ ဆုလဒ် ”
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။ ဟွမ်လျိုလီသည် အသွင်ပြင် အစစ်အမှန်ဖြင့် ချက်ချင်း ပြောင်းပြီးနောက် ခုန်အုပ်ကာ ချီရှန်းသားရဲလူသား နှစ်ဦးကို ဝါးမြိုလိုက်တော့သည်။
သူတို့ ခန္ဓာကိုယ်ထဲ၌ အလွန်သန်မာသော ကြယ်တာရာသားရဲ သွေးမျိုးဆက် ရှိနေပြီး ခွန်အားက မနည်းပေ။ သူ့တို့ကို ဝါးမြိုခြင်းဖြင့် ဟွမ်လျိုလီ၏ ခွန်အားက ကြီးကြီးမားမား တိုးတက်ပေလိမ့်မည်။ ဟွမ်လျိုလီက ချီရှန်းနှစ်ဦးကို ပျော်ရွှင်စွာ ဝါးမြိုနေစဥ် ယဲ့ရှောင်က ညာလက်ကို မြောက်လိုက်၏။
သားရဲနတ်ဘုရားဂိုဏ်း၏ အချက်အလက်ကို ရှာဖွေနေရသည့် အကြောင်းအရင်းမှာ သူတို့ကို တစ်ချက်တည်းဖြင့် ဖမ်းရန် ဖြစ်သည်။ ပြဿနာ၏ ရင်းမြစ်ကို မဖယ်ရှားခဲ့လျှင် နွေဦးလေပြေက ထပ်မံတိုက်ခတ်လာလိမ့်မည်။
သားရဲနတ်ဘုရားဂိုဏ်းက သူ့ ရင်ထဲရှိ ဆူးတစ်ချောင်း ဖြစ်ပြီး ယဲ့ရှောင်၏ အောက်ခြေစည်းကို စိန်ခေါ်နေပြီ ဖြစ်သည်။ သူက သားရဲနတ်ဘုရားဂိုဏ်းတစ်ခုလုံးကို မဖျက်ဆီးခဲ့လျှင် ပိုသန်မာသည့် တစ်စုံတစ်ယောက် ရောက်လာနိုင်ရန် အချိန်အတိုင်းအတာတစ်ခုပဲ လိုလောက်သည်။
ထို့ကြောင့် ဦးစွာသွားပြီး တိုက်ခိုက်တာက ပိုကောင်းမည်။ ငြိမ်းချမ်းမှုအတွက်မူ သူက ချန်ထားရစ်တော့မည်။
လက်မြောက်လိုက်သည်နှင့် ရွှေရောင်ဓါးရောင်ခြည်သည် သူ၏ ခေါင်းထက် ၃ပေခန့် မြင့်မားသည့် ဓါးတစ်လက်ကို ဖွဲ့တည်လိုက်တော့သည်။
တစ်လက်မခန့်သာ ရှည်သောငြား ထည့်လိုက်သည့် ဝိညာဥ်စွမ်းရည်ပမာဏက များပြားသည်။ သိပ်သည်းထားသော စွမ်းအင်က ချီရှန်းသိုင်းပညာရှင်တစ်ဦး၏ ခွန်အားအပြည့် တိုက်ကွက်သာ မဟုတ်ပဲ မဟာချီရှန်းတစ်ဦး၏ ခွန်အားအပြည့်တိုက်ကွက်ပေါင်းများစွာ ဖြစ်သည်။
လက်တွေ့တွင် ကျန်သည့် မဟာချီရှန်းများက ထိုကဲ့သို့ မပြုလုပ်နိုင်ပေ။ မဟုတ်လျှင် လူတိုင်းက သူတို့ ဝိညာဥ်စွမ်းအင်မျာကို သိပ်သည်းပြီး အဆင့်ကျော်ဖြတ်တိုက်ခိုက်နေမှာပဲ ဖြစ်သည်။
အကြောင်းအရင်းမှာ ယဲ့ရှောင်၏ ကျင့်စဥ်ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးကြောင့် ဖြစ်၏။ အဆင့်က မြင့်မားသည်။ ထို့ကြောင့် ဝိညာဥ်စွမ်းအင်ကို သိပ်သည်းပြီး ဓါး လှုပ်ရှားမှုတစ်ခု ဖွဲ့တည်နိုင်စွမ်း ရှိသည်။ ယင်းသည် တိုက်ကွက်များ ပမာဏ များစွာကို တစ်ကွက်တည်း၏ ပမာဏအဖြစ် ပေါင်းစည်းပေးပြီး လူတစ်ယောက်၏ ကိုယ်ပိုင်အဆင့်ကို သာလွန်သော အစွမ်းထက်သည့် တိုက်ကွက် တစ်ကွက်အဖြစ် ရောက်စေသည်။
သူသည် တိုက်ကွက်စွမ်းအားကို ဆယ်ကြိမ်ခန့် သိပ်သည်းပြီးနောက် ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလျက် ဝိညာဥ်စွမ်းရည်ကို သွင်းလိုက်တော့သည်။
သူသည် သားရဲနတ်ဘုရားဂိုဏ်း၏ တည်နေရာကို ရှာတွေ့ပြီး ဖြစ်ကာ ခေါင်းဆောင်သည် ဖြားယောင်ခြင်း မြေခွေး၏ ဝိညာဥ်စွမ်းအင်ဆီမှ ပေါ်ပေါက်လာတာပဲ ဖြစ်သည်။
ထို့ကြောင့် သူသည် လက်အောက်ငယ်သားများကို ရှာဖွေပြီး သားရဲနတ်ဘုရား၏ သွင်ပြင်ကို ဝိညာဥ်စွမ်းအင်ဖြင့် ရှာသရွေ့ အလိုအလျောက် ပစ်မှတ်ထားနိုင်သည့် ဒုံးကျဥ်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ သားရဲနတ်ဘုရားဂိုဏ်း၏ ဌာနချုပ်ကို ရှာဖွေနေမှာပဲ ဖြစ်သည်။ ကိစ္စအားလုံးပြီးနောက် ယဲ့ရှောင်သည် ဓါးရောင်ခြည်ကို ဖြတ်ခနဲ ထုတ်လိုက်တော့၏။
” သွား။ သားရဲနတ်ဘုရားဂိုဏ်းဆီ ငြိမ်းချမ်းမှုကို ဆောင်ယူပေးလိုက် ”
အပိုင်း ၆၈ ပြီး၏။