Switch Mode

Chapter – 56

သားရဲ နတ်ဘုရားဂိုဏ်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၆။ သားရဲနတ်ဘုရားဂိုဏ်း။

ကြည့်ရတာ ငါ စာအုပ်တွေ ပိုဖတ်ရုံပဲ ရှိတယ်။

ယဲ့ရှောင်သည် နဥ်ယွိဟန်၏ ကုသခြင်းကျင့်စဥ်ကို မတိုက်တွန်းခဲ့ပေ။ အခြေခံကုသခြင်းကျင့်စဥ်တစ်မျိုးနှစ်မျိုးကို ရှာရန်က အမြဲတမ်း ပိုခက်ခဲနေကြဖြစ်သည်။

ကူးယူထားသော ဗားရှင်း များလွန်းနေသောကြောင့် ကျင့်စဥ်များစွာသည် ဇစ်မြစ်တူညီပြီး အခြေခံကျင့်စဥ် တူညီသည့် အမျိုးအစားများ ဖြစ်နေသောကြောင့် ရှာဖွေရ ခက်ခဲတာပဲ ဖြစ်သည်။

နဥ်ယွိဟန်၏ ကုသခြင်းကျင့်စဥ်ကို တိုက်ရိုက်ရခဲ့လျှင် ပိုအဆင်ပြေ၏။ သို့သော် သူ့ဘာသာသူ နောက်ဆုံးအခြေခံ ကုသခြင်းကျင့်စဥ်ကို မရှာနိုင်ဟု ဆိုလိုတာ မဟုတ်ပေ။

ဆိုရလျှင် ယင်းက စမ်းရေကဲ့သို့ပင် သူက ခွန်အားလုံလုံလောက်လောက် သုံးခဲ့လျှင် ရေများ ပန်းထွက်လာမှာပဲ ဖြစ်သည်။

ယခုအတွက်မူ သူက ကောင်းတာစားပြီး အိမ်ပြန်အိပ်ရုံပဲရှိ၏။

တစ်ဖက်တွင်မူ နဥ်ယွိဟန်သည် စာကြည့်တိုက်ထဲမှာ ထွက်သွားပြီးနောက် သူ၏ စိတ်များ ရှုပ်ထွေးနေပြီးသား ဖြစ်သည်။

” ကြီးကြပ်သူက ငါ့ကို ကုသခြင်းကျင့်စဥ် ဘာကြောင့် တောင်းတာလဲ။ ဖြစ်နိုင်တာက သူ တစ်ခုခုများ သိနေတာလား ”

” ဒါပေမဲ့ ကြီးကြပ်သူက ဒါကို ဘယ်လိုများ မြင်နိုင်ရတာလဲ။ သူ့ရဲ့ ကျင့်ကြံဆင့်က ဟို့ထျန်းဒုတိယအဆင့်မှာပဲ ရှိတာမဟုတ်ဘူးလား။ ငါ့ထက် နိမ့်ကျတယ်မလား ”

နဥ်ယွိဟန်က လက်သီးကျစ်ကျစ်ဆုပ်၏။ ထိုသို့ဆိုလျှင် သူ၏ နေရာတွင် ကြာကြာမနေနိုင်တော့ချေ။

သူ၏ လျှို့ဝှက်ချက်ကို တခြားသူများ ရှာတွေ့၍ မရပေ။ မဟုတ်လျှင် သူ မြုပ်စရာမြေ မရှိပဲ သေသွားလောက်၏။

သူ ပြောပြီးသည်နှင့် ထိတ်လန့်ဖွယ်အသံတစ်သံက သူ့နားထဲ ရုတ်တရက် ရောက်လာတော့၏။

” နဥ်ယွိဟန် နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ ”

နဥ်ယွိဟန်၏ သူငယ်အိမ်များက ကျုံ့လျက် သူ့ တစ်ကိုယ်လုံးပေါ်ရှိ သူ ကြက်သီးများ ထကုန်၏။

သူသည် မလှမ်းမကမ်းရှိ နေရာကို စိုက်ကြည့်နေလိုက်ရာ သူ၏ မျက်နှာ၌ ကြောက်လန့်မှုများ ပြည့်သွားသည်။

သူနှင့် မလှမ်းမကမ်းတွင် ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော လူငယ်နှစ်ဦး ရပ်နေသည်။

သူတို့ထဲမှ တစ်ယောက်က ဝလွန်းသောကြောင့် လည်ပင်းတောင် မရှိပေ။ တစ်ကိုယ်လုံးက ဆီပြိုလုနီးပါး ဖြစ်နေ၏။ နောက်တစ်ယောက်မူ ကြွက်သားများ ပြည့်လျက် သူ၏ ကြွက်သားများ ဖောင်းကြွနေသည်မှာ အချိန်မရွေး ပေါက်ကွဲတော့မည့်သယောင် ဖြစ်နေသည်။

တစ်ခုတည်းသော ဆင်တူသည်က သူတို့၏ သူငယ်အိမ်များ၌ ထူးဆန်းသောအရောင် ရှိနေတာပဲ ဖြစ်သည်။

တစ်ယောက်က ဖားကဲ့သို့ အစိမ်းရောင်နှင့် အဝါရောင် ရောလျက် အတွင်း၌ အနက်ရောင် အစက်များ ရှိနေသည်။

နောက်တစ်ယောက်သည် ဝံပုလွေတစ်ကောင်ကဲ့သို့ အညိုရောင် မျက်ဝန်းများ ရှိနေသည်။

” မင်း ဒီမှာ ဘာကြောင့် ရှိနေတာလဲ ”

” တစ်ယောက်ယောက်က မင်းကို ကျန်းဟိုင်မြို့မှာတွေ့လိုက်တယ်လို့ ငါ ကြားတာ။ ငါတို့ စစ်ဆေးချင်လို့လေ။ မင်းရဲ့ အရှိန်အဝါ အငွေ့အသက်ကို အာရုံခံမိလိမ့်မယ်လို့ ငါ မထင်ထားဘူး ”

နဥ်ယွိဟန်သည် လက်သီးကျစ်ကျစ်ဆုပ်လိုက်၏။ မွန်းတည့်ချိန်က ဖြစ်လောက်ပေသည်။ သူက ကြောင်ကို ကယ်သောကြောင့် ကုသခြင်းကျင့်စဥ် ကို ထုတ်ဖော်လိုက်ရာ သူ၏ အရှိန်အငွေ့အသက်တို့ စိမ့်ထွက်သွားသည်။

သားရဲလူသားများက အချင်းချင်း ဤအငွေ့အသက်ကို သိလွယ်ကြသည်။

” ဒါက ကျန်းဟိုင်မြို့ရဲ့ သိုင်းစာကြည့်တိုက်ပဲ။ စောင့်ကြပ်နေတဲ့ သိုင်းပညာရှင်တွေ အများကြီး ရှိတယ်။ မင်းတို့နှစ်ယောက် ဒီမှာ လာရှုပ်ရဲရင် နောက်ဆက်တွဲကို ခံနိုင်လား ”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်တော့၏။

” မင်း သူတို့နဲ့ အချိန်တချို့ ကုန်ဆုံးပြီးတဲ့နောက် မင်းကိုမင်း လူသားတစ်ယောက်လို့ တကယ်တွေးနေတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော် ”

” မင်းလည်း ကြယ်တာရာသားရဲသွေးမျိုးဆက် ရှိတယ်ဆိုတာ မမေ့လိုက်နဲ့။ မင်းကို လူသားတွေရှာတွေ့သွားရင် မင်း သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး ”

” မင်း ငါတို့နဲ့အတူ သားရဲနတ်ဘုရားဂိုဏ်းကို ပြန်လိုက်လာခဲ့။ မဟုတ်ရင် ငါတို့အားသုံးပြီး မင်းကို ပြန်ခေါ်သွားရလိမ့်မယ် ”

သူတို့နှစ်ယောက်၏ ရန်လိုမှုက နဥ်ယွိဟန်ကို အံကြိတ်မိစေတော့သည်။ သူ၏ အမူအယာက အင်မတန် မြင်မကောင်း ရှုမကောင်း ဖြစ်နေသော်ငြား အာခံနိုင်သည့် ခွန်အား မရှိပေ။ သူတို့ ပြောတာ မှန်ပေ၏။ သူသည် ကြယ်တာရာသားရဲသွေးမျိုးဆက်ရှိသူလည်း ဖြစ်ပြီး လူသားများ၏ အမြင်တွင် ရန်သူတစ်ဦးအဖြစ် မြင်ခံရမည်ဖြစ်ကာ အစောင့်များ၏ အာရုံစိုက်မှုကို ရသွားနိုင်သည်။ သူက ထိုနှစ်ယောက်ကို ဖယ်ရှားနိုင်သည့်တိုင် ပိုကြီးမားသည့် အန္တရာယ်တောင် ကြုံတွေ့ရနိုင်၏။

သို့သော် ထိုနေရာဆီသို့ သူ ပြန်ရမည်ဆိုလျှင် ပြန်သည်ထက် သေတာက ပိုကောင်းပေမည်။

ထိုနေရာက ငရဲသာ ဖြစ်၏။

ခဏအကြာတွင် နဥ်ယွိဟန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်တော့၏။

” ကောင်းပြီ။ ငါ မင်းနဲ့ လိုက်ခဲ့မယ်။ ဒါပေမဲ့ ပစ္စည်းတွေယူဖို့ အဆောင်ကို သွားဖို့ လိုတယ်။ မင်းတို့တွေ ငါနဲ့ လိုက်မလား။ ဒါမှမဟုတ် ”

ဖားမျက်လုံးဖြင့် ဖက်တီးသည် သူ့နောက် လိုက်တော့မည့်အချိန်တွင် ကြွက်သားများဖြင့် လူက လက်ဆန့်ထုတ်ပြီး သူ့ကို တားလိုက်လေ၏။

” သူ့ဘာသာသူ သွားပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ မလွတ်ဘူး ”

ဖက်တီးက သူ၏အဖော် ဆိုလိုတာကို နားလည်ပြီး ခေါင်းညိတ်လိုက်၏။

” ကောင်းပြီ ”

စာကြည့်တိုက်ကို စောင့်ကြပ်နေသော လူသား သိုင်းပညာရှင်များ ရှိသည်။ သူတို့ အထဲသို့ ဝင်သွားလျှင် နဥ်ယွိဟန်က သေသည်အထိ တိုက်ခိုက်ချင်ပါက နှစ်ယောက်သား လွတ်မြောက်ရန် ခက်ခဲသွားလိမ့်မည်။ သူတို့အပြင်တွင် နေတာက ပိုကောင်းမှာပဲ ဖြစ်၏။

သူတို့က နဥ်ယွိဟန်ကို ပြန်သွားခွင့် ပေးလိုက်သည့် အကြောင်းအရင်းမှာ ထိုသို့ တွေးမိသောကြောင့် ဖြစ်သည်။ ယင်းက စာကြည့်တိုက်၏ ပင်မ ဝင်ပေါက်ဖြစ်၏။ သူတို့ ဤနေရာတွင် လှုပ်ရှားခဲ့လျှင် စာကြည့်တိုက် အစောင့်များ၏ အာရုံစိုက်မှုကိုလည်း ရသွားမှာပဲ ဖြစ်သည်။ သူတို့နှစ်ဦးအဖို့ ထိုကဲ့သို့ စွန့်စားမှုကြီးကို ပြုလုပ်ရန် မလိုအပ်ချေ။

မည်သည့်နည်းနဲ့မဆို သားရဲလူသားများသည် တစ်ယောက်အရှိန်အဝါကို တစ်ယောက် အလွန်သိလွယ်သည်။ သူတို့နှစ်ယောက်စလုံးက နဥ်ယွိဟန်၏ အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း အနံ့ခံမိနိုင်၏။ သူ ထွက်ပြေးသွားဖို့က မဖြစ်နိုင်ပေ။

” မင်း ယွိဟန် လှည့်ကွက်သုံးဖို့ မကြိုးစားနဲ့။ မင်းကို အချိန်ဆယ်မိနစ် ပေးမယ်။ အဲ့ဒီအချိန် မင်းကို မတွေ့ရင် စာကြည့်တိုက်တစ်ခုလုံးက မင်းကြယ်တာရာသားရဲသွေးမျိုးဆက် ရှိတယ်ဆိုတာ သိသွားလိမ့်မယ် ”

” ငါ သိပြီ ”

နဥ်ယွိဟန်က ပြန်ပြောပြီးနောက် လှည့်ထွက်သွားကာ စာကြည့်တိုက်ထဲ ဝင်သွားလေ၏။

စာကြည့်တိုက်ထဲ ဝင်သွားပြီးနောက် နဥ်ယွိဟန်က နံရံကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူက
ဝိညာဥ်စွမ်းအား မသုံးထားလေရာ လက်သီးက ဒဏ်ရာရပြီး လတ်လတ်ဆတ်ဆတ် သွေးများ စီးကျလာတော့သည်။

” သေစမ်း။ ဒီပုန်းဖို့ နေရာကို ကံစမ်းမဲ ပေါ်သွားတယ် ”

သို့သော် သူ့တွင် အချိန်များများစားစား မကျန်သောကြောင့် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်သည်။

အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ချက်ချင်းပင် ကုသခြင်းကျင့်စဥ်ကို သုံးလိုက်ရာ သူ၏ လက်ပေါ်ရှိ ဒဏ်ရာက ချက်ချင်းပင် ကုသပျောက်ကင်းသွား၏။

အဆောင်သို့ ပြန်ပြီးနောက် တန်ဖိုးရှိသည့် ပစ္စည်းအချို့ကို စီစဥ်လျက် သူတို့ကို ကျောပိုးအိတ်ထဲ
ထည့်လိုက်သည်။

သူ ထွက်သွားတော့မည့် အချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားလေ၏။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျောပိုးအိတ်ကို ဖွင့်ကာ သိုင်းစာအုပ်ကို ထုတ်လိုက်ပြီး သူ၏ ခေါင်းအုံးအောက်တွင် ထားလိုက်တော့သည်။

ပြီးနောက် စာတစ်စောင်ပို့ကာ ကျောပိုးအိတ်ထဲသို့ ချက်ချင်းထည့်ပြီး ဦးထုပ်ဆောင်းလိုက်တော့၏။

သူက အဆောင်နောက်သို့ သွားပြီး ရေဆိုးပျော်အဖုံးကို ဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်သည်။

မြို့အပြင်နားတွင် ယဲ့ရှောင်က နှစ်တစ်ရာသမိုင်းကျောင်းရှိသည့် မြည်းသားစွပ်ပြုတ်ဆိုင်၌ မြည်းစွပ်ပြုတ်ကို သောက်နေတာပဲ ဖြစ်သည်။ ရုတ်တရက် သူ၏ ဖုန်းက လင်းလာပြီး စာတစ်စောင် ဝင်လာတော့၏။

သူက ဖုန်းကို ကြည့်ပြီး တစ်ချက်ကြည့်လိုက်မိသည်။ သူက အနည်းငယ် အံ့သြသွားမိလေ၏။

” ဒီကလေး ဘာတွေလုပ်နေတာလဲ ”

နဥ်ယွိဟန်သည် သူ့ကို စာပို့ထား၏။ စာထဲတွင် ပြောထားသည်က သူသည် အရေးပေါ် ကိစ္စရှိသောကြောင့် မွေးရပ်မြေသို့ အားချင်း ပြန်ချင်၏။ သူ့ကို အချိန်ကြာမြင့်စွာ ဂရုစိုက်ပေးခြင်းအတွက် ​ကျေးဇူးတရား ဖော်ပြသည့်အနေဖြင့် ကျင့်စဥ်ချန်ထားပေးခဲ့သည်။ ယင်းက ယဲ့ရှောင်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။

နဥ်ယွိဟန်သည် အစောတုန်းက သူ့ကို ကျင့်စဥ်ပေးရမှာ ကြောက်ရွံ့နေတာ သိသာ၏။ မျက်တောင်တစ်ခတ်အတွင်း သူ့ကို ပေးရန် အဘယ်ကြောင့် သဘောတူလိုက်သနည်း။

ထို့အပြင် ကိစ္စတစ်ရပ် ရှိသေးသည်။ သူ၏ မွေးရပ်မြေကို ပြန်ချင်၏။ မွေးရပ်မြေကို အဘယ်ကြောင့် ရုတ်တရက် ပြန်ချင်ရသနည်း။

ဖြစ်နိုင်သည်က သူသည် ပြဿနာတချို့ကို ကြုံတွေ့မိပြီး နောင်တွင် ပြန်မလာရန် စီစဥ်ထားသောကြောင့် ဖြစ်သည်။ သူ ကြယ်တာရာသားရဲ သွေးမျိုးဆက် ဖော်ထုတ်ခံရမည့် အကြောင်းကို စိုးရိမ်ပူပန်စရာ မလိုတော့ပေ။ ထို့ကြောင့် ကျင့်စဥ်ကို သူနှင့်အတူ ထားခဲ့သည်လော။

ယဲ့ရှောင်က နဥ်ယွိဟန်၏ နံပါတ်ကို နှိပ်လိုက်၏။ သို့သော် မည်သူမှ မထူးပေ။ သူက သက်ပြင်းချက်လိုက်တော့၏။ နောင်တွင် ထပ်တွေ့ရန် အခွင့်အရေး မရှိတော့ပုံ ရသည်။

သို့သော် လူတိုင်း၌ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြလေရာ သူ့အတွက် များများစားစား မေးဖို့က မသင့်တော်။

မြည်းသားစွပ်ပြုတ်ကို စားပြီးနောက်ပိုက်ဆံရှင်းကာ ထရပ်ပြီး ထွက်သွားလိုက်၏။

ဟွမ်လျိုလီ မရှိပဲ စားသောက်ရ ပိုလွယ်ကူလာသည်။ ဟွမ်လျိုလီ စားသောက်လျှင် တစ်မိသားစုလုံး ဆာလောင်တော့မှာ မဟုတ်ပေ။

” အဲ့ဒီ အရူးကြောင် ဘယ်ရောက်နေလဲ မသိဘူး။ သူ ပြန်မလာသေးဘူး။ နောက်တစ်ကြိမ်ကြ ခပ်ဝေးဝေးမပြေးမှာပဲ ”

တစ်ဖက်တွင် ကျန်းဟိုင်မြို့၏ မြို့ဆင်ခြင်ဖုံး၌ တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော လမ်းပေါ်တွင်း ရေဆိုးမြောင်းအပေါက်အဖုံးကို တစ်စုံတစ်ယောက်က ညင်သာစွာ တွန်းဖွင့်လိုက်သည်။

နဥ်ယွိဟန်၏ ခေါင်းလေးက ပြူးထွက်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။ အနားတွင် မည်သူမှ မရှိတာကို တွေ့ပြီး သူက မြောင်းထဲမှာ ချက်ချင်းတွယ်တက်လာပြီး မြောင်းဖုံးကို မူလနောတွင် ထားလိုက်သည်။

သို့သော် သူက ထွက်ပြေးတော့မည့်အချိန်တွင် လှည့်ကြည့်မိပြီး သူငယ်အိမ်များ ကျုံ့သွားတော့၏။ မလှမ်းမကမ်း၌ ဖားမျက်လုံးဖြင့် ဖက်တီးက သူကို စိုက်ကြည့်ကာ ပြုံးနေသည်။

အပိုင်း ၅၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset