စာကြည့်တိုက် တာအိုသခင်
အပိုင်း ၅၃။ လောင်ယဲ့၊ မင်းက အဆိပ်ရှိတဲ့ နွားနို့။
ယဲ့ရှောင်က လှည့်ကြည့်လိုက်လေရာ ယူနီဖောင်း ဝတ်ထားသော ကုဟိုင်ကို တွေ့လိုက်ရသည်။
” အလုပ်မလုပ်ပဲ ငါ့နေရာကို ဘာကြောင့် ရောက်လာတာလဲ ”
” ငါ အလုပ်လုပ်နေတာကွ။ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် တချို့နဲ့ ငါက လွန်ခဲ့တဲ့နှစ်ရက်တုန်းက စာကြည့်တိုက်မှာ လုယက်ခံရတဲ့ ကိစ္စကို စစ်ဆေးနေတာလေ။ လောင်ယန်၊ ပျောက်နေတာမလား။ အထက်အရာရှိတွေက အဲ့လိုလုပ်သွားတာ သူဆိုပြီး သံသယဝင်နေကြတယ်။ လက်ရှိ သူတို့က ပထမအလွှာမှာ စစ်ဆေးနေကြတုန်း မင်း ရာထူးတက်သွားပြီလို့ကြားလို့ မင်းနဲ့ကစားဖို့ ရောက်လာတာပဲ”
ယန်ကျန့်ယီ၏ အရေးကိစ္စကို ရှာတွေ့သွားတာ ယဲ့ရှောင်က မအံ့သြပေ။ ဆိုရလျှင် ထိုကိစ္စပြီးနောက် သူ ပျောက်သွားတာပဲ ဖြစ်သည်။ လူတစ်ယောက်၏ ဦးနှောက်က ထုံထိုင်းမနေသရွေ့ သူ့ကို သံသယဖြစ်မှာပဲ ဖြစ်သည်။
သို့သော် ယဲ့ရှောင်က စိတ်မပူပေ။ သူနှင့် ယန်ကျန့်ယီကြားထဲ၌ အဆက်အသွယ် သိပ်မရှိလေရာ သူ့ကို မည်သူမှ သံသယဝင်မှာ မဟုတ်ပေ။
” ငါ အားကျတယ်ကွာ။ ငါ ထွက်သွားခါစ မင်းက ဒီမှာ ခဏလေးပဲ ရှိသေးတယ်။ မျက်တောင်တစ်ခတ်အတွင်း နှစ်ဆင့်တောင် ရာထူးတက်သွားပြီ။ မင်းရဲ့လစာက ယွမ် ၃၀၀၀ ကျော်ကနေ ယွမ် ၁၀၀၀၀ ဖြစ်သွားတယ်ဆို။ အဲ့ဒီတုန်းက ငါ မထွက်သွားရင် ခုလောက်ဆို မင်းနဲ့ အဆင့်တူနေပြီ။ ငါ ကြီးကြပ်သူတစ်ယောက် ဖြစ်မှာ သေချာတယ် ”
” မင်း အထူးလေ့ကျင့်ရေးစခန်းကို သွားတာ မဟုတ်ဘူးလား။ အထူးလေ့ကျင့်ရေးစခန်းကို ဝင်ပြီးတဲ့နောက် မင်းရဲ့ လစာက သာမန်မြို့စောင့်တပ်ဖွဲ့ဝင်တစ်ယောက်ထက် အဆပေါင်းများစွာမြင့်သွားတယ်လို့ ငါကြားထားတယ် ”
” ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲကွာ။ ညတိုင်း ငါ့မှာ စစ်ပွဲဆင်နွှဲနေရတာကွ။ မိန်းမတွေက ဘာများဖြစ်နေတာလဲ။ လက်မထပ်ခင်တုန်းကတော့ သူတို့က ကျိုးနွံပြီး သိမ်မွေ့တယ်။ လက်ထပ်ပြီးတဲ့နောက် သူတို့ အမေတွေလိုပဲ ဒါအလုပ်မဖြစ်ဘူး။ အဆင်မပြေဘူး ”
ယဲ့ရှောင်က ပြောလိုက်လေ၏။
” ဒါပုံမှန်ပဲလေ။ အိမ်ထောင်မကျခင် ကျိုးနွံပြီး သိမ်မွေ့တာက မိန်းကလေးတစ်ယောက်ရဲ့ သဘာဝပဲ။ သူတို့က ငယ်ရွယ်ပြီး အပြစ်ကင်းတယ်။ ချစ်ခြင်းတရားရဲ့ အလှအပကိုပဲ ခံစားဖို့လိုတာ။နောက်ဆက်တွဲကို စဥ်းစားနေဖို့ မလိုဘူး။ အလွန်ဆုံးမှာ လမ်းခွဲပြီးတဲ့နောက် သူ ရက်နည်းနည်းလောက် ငိုရုံပေါ့ ”
” အိမ်ထောင်ပြုပြီးတဲ့နောက် ကန့်သတ်ချက်တွေ များလာတာက မိန်းကလေးတွေရဲ့ သဘာဝကို အမျိုးသမီးတစ်ယောက် ဖြစ်လာစေတာပဲ။ ဘာလို့လဲဆိုတော့သူက သူ့ရဲ့အိမ်ကို ကာကွယ်ဖို့နဲ့ ဘာမတော်တဆမှုမှ မရှိအောင် သေချာနေဖို့လိုတယ်။ မင်းက သူ နားပူနားဆာလုပ်တာ မကြိုက်ဘူး။ ဒါပေမဲ့ မင်းတစ်ခုခု ဖြစ်သွားခဲ့ရင် သူ့ကမ္ဘာပြိုလဲသွားမယ်ဆိုတာ မင်းတစ်ခါမှ မတွေးမိဘူးလေ။ ဘာလို့လဲဆိုတော့ အခုချိန်မှာ မင်းက သူ့အတွက် အရာရာပဲ ”
” မင်းပြောတာ မှန်သား ”
ကုဟိုင်က ရူးသပ်စွာ ရယ်မောလိုက်သည်။ ဤလောကထဲတွင် သူ၏မိဘအပြင် သူ့ကို နှစ်နှစ်ကာကာ ဂရုစိုက်သည့် သူတစ်ယောက် ရှိ၏။ ယင်းက ပျော်ရွှင်ခြင်းဟူသည့် အဓိပ္ပာယ် အစစ်အမှန်ပဲ ဖြစ်သည်။
သူ၏ ဇနီးသည်ကို နောင်နေ့ ကောင်းကောင်းမွန်မွန် ဆက်ဆံမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ လတိုင်း ယွမ် ၁၀၀လျှော့သုံးမည်။
” ဒီလိုဆိုမှတော့ သူနဲ့စကားပြောဖို့ အခွင့်အရေးတစ်ခု ရှာရမယ်။ လကုန်ကြရင် ယွိယန် စာလေ့လာတာ ပြီးသွားပြီ။ အချိန်ရောက်ရင် ဘွဲ့ယူတဲ့ အခမ်းအနားကို မင်းသွားမှာလား ”
” မသွားဘူး ”
” လာပါ။ မင်းနေ့တိုင်း စာကြည့်တိုက်ထဲမှာ စာဖတ်နေရတာ မပျင်းဘူးလား ”
” အချိန်ရတဲ့အခါ မင်း ဖတ်ကြည့်ပါလား။ မင်း ဘဝမှာ စာအုပ်တစ်အုပ်တောင် ဖတ်ဖူးမယ် မထင်ဘူး ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က ခေါင်းငုံ့ထားပြီး စာ ထပ်ဖတ်တော့သည်။ ကုဟိုင်က စာအုပ်ကို ဆွဲယူပြီး ပိတ်လိုက်ကာ အဖုံးကို ကြည့်လိုက်၏။
” ဖတ်။ ဖတ်။ မင်း တစ်နေကုန် ဖတ်နေဖို့ပဲ သိတယ်။ မင်းတစ်ကိုယ်တော် ဘဝထဲက ဘယ်အချိန်ကြမှ ရုန်းထွက်မှာလဲ။ အာဝုပုံစံ ၊ ထာဝရ ကုသခြင်းကျင့်စဥ်။ လောင်ယဲ့။ မင်း ဘာကြောင့် ကုသခြင်းကျင့်စဥ်တွေ ထပ်ဖတ်နေပြန်တာလဲ။ မင်း သားရဲသခင် ဖြစ်ချင်တာကြောင့် ဝိညာဥ်ကျင့်စဥ်တွေကို ဖတ်နေတာ မဟုတ်ဘူးလား ”
” အဲ့ဒီကြောင် ထွက်ပြေးသွားပြီ ”
” ငါ သိသားပဲ။ မင်းရဲ့ ကြောင်က မလုပ်နိုင်ဘူး။။သူ့ရဲ့ အရည်အသွေးက နိမ့်လွန်းတယ်။ ဒီလိုအရာမျိုးက နိမ့်ကျတဲ့ အိုင်ကျူနဲ့ ကြီးထွားမှုကလည်း နိမ့်ကျပြီး အကန့်အသတ်ရှိတာ။ အခု မင်းရဲ့ စားစရာတွေကို အခမဲ့ စားသောက်ပြီး ထွက်တောင်ထွက်ပြေးသွားတာ။ မင်း ငါပြောတာကို စောစောက နားထောင်ပြီး ပိုက်ဆံနည်းနည်းနဲ့ ကျားအမျိုးအစားအောက် ကြယ်တာရာသားရဲတစ်ကောင်ကို ငါ့ရဲ့ သူငယ်ချင်းဆီကနေ ဝယ်လိုက်ရင် မင်းငါ့ထက်တောင် ပိုသန်မာနေလောက်ပြီ ”
ယဲ့ရှောင်က စာအုပ်ကို ပြန်ယူလိုက်၏။
” ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ဆော့ကစားနေရုံပဲလေ။ အခု ကုသခြင်းကျင့်စဥ်တွေကို လေ့ကျင့်ရတာ အတော်ကောင်းတယ်လို့ ခံစားမိတာပဲ ”
” မင်းရဲ့ ကုသခြင်းကျင့်စဥ်တွေ လေ့ကျင့်တာ ဘယ်လိုလဲ ”
” အဆင်ပြေလား ”
” ပြေတယ်ဆိုရင် ငါ့ကို ကူညီပေးပါဦး။ ငါ လတ်တလောမှာ ပင်ပန်းနေတာ။ ဒါပေမဲ့ မနက်ကျရင် ဘာတုံ့ပြန်မှုမှ မရှိဘူး။ အရင်တုန်းက ငါ နှိုးလာပြီဆိုတာနဲ့ အမြဲတမ်း ထောင်မတ်နေကြလေ ”
ယဲ့ရှောင်က မျက်ခုံးအနည်းငယ်ပင့်လိုက်သည်။
” လုဝမ်ဝမ်က အခု ကိုယ်ဝန်ရှိနေပြီးသား။ မင်းတို့နှစ်ယောက် တစ်ညလုံး ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်း ဟုန်ဆဲ့လမ်မဲ့ကို ထပ်သွားနေပြန်တာများလား”
” ကုဟိုင်။ အတိတ်တုန်းက မင်း လျှောက်လုပ်နေတာက အဆင်ပြေတယ်။ ပြောရရင် မင်းက တစ်ယောက်တည်းပဲလေ။ အခု မင်းမှာ မိသားစုရှိလာပြီ။ ဒါမျိုး ထပ်လုပ်တာက မင်းအတွက် များလွန်းတယ်ကွာ ”
” မင်း ဘာအကြောင်း ပြောနေတာလဲ။ ညတိုင်း ငါ့ ယောက္ခထီးနဲ့ အလုပ်ထိုင်လုပ်ပြီး အလုပ်ဆင်းတဲ့အခါ အိမ်ပြန်ရတာ။ အဲ့ကိုသွားဖို့ အချိန် ဘယ်လိုလုပ်ရမှာလဲ ”
” အတိတ်တုန်းက မင်းကိုမင်း မထိန်းချုပ်ခဲ့တာကြောင့် မင်းရဲ့ ခန္ဓာကိုယ် ထိသွားတာ ဖြစ်နိုင်တယ်။ မင်းရဲ့ ကျောက်ကပ်က အားနည်းနေပြီ။ ငါ အစောတည်းက ပြောသားပဲ။ ငယ်ရွယ်စဥ်မှာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်း မသိပေမဲ့ ကြီးလာတဲ့အခါ ငိုနေရမှာ သေချာတယ်။ အခု မင်းအသက် ၂၀ လေးပဲ ရှိသေးတယ်။ မင်းကွာ။ ဟူး ”
ထိုသို့ပြောလိုက်သည့်တိုင် သူ၏ မိတ်ဆွေကောင်းကို ကူညီသေးသည်။
ယဲ့ရှောင်က လက်ဆန့်ထုတ်ပြီး ကုဟိုင်၏ လက်ကောက်ဝတ်ပေါ် တက်လျက် ဝိညာဥ်စွမ်းအင်တစ်မျှင်ကို ထုတ်လိုက်ကာ ကုသခြင်းကျင့်စဥ်ကို သုံးလိုက်၏။
အမှန်တကယ်တွင် ကုဟိုင်ကို ကုသရန် ဝိညာဥ်စွမ်းအင် အပြည့်အဝ ထုတ်သုံးနိုင်သည်။ သို့သော် အပြင်လူရှေ့တွင် သူ၏ ကျင့်ကြံဆင့်ကို မပြသခဲ့ပေ။ သူက သာမန်လူတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် ကုဟိုင်ကို မြန်မြန်ဆန်ဆန် ကုသရန် ဝိညာဥ်စွမ်းအင်ကို သုံးနိုင်တာ သဘာဝကျသည်။
အားနည်းသော ဝိညာဥ်စွမ်းအင်က ကုဟိုင်၏ သွေးကြောများတစ်လျှောက် လှည့်ပတ်သွားလာပြီး ကုသခြင်းကျင့်စဥ်အတိုင်း သွားနေ၏။ မကြာမီ၌ ကုဟိုင်က မျက်လုံးလက်သွားတော့သည်။
” လောင်ယဲ့။ အဲ့ဒါ အဆင်ပြေတယ်။ အလုပ်ဖြစ်တယ်ကွာ။ ဟေ့ ဟေ့။ ကြည့်။ ငါ ထပ်လုပ်နိုင်ပြီ ”
ကုဟိုင်က ခါးမတ်လာသည်ကို ကြည့်ပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် ကခုန်နေတော့သည်။
” လောင်ယဲ့ ။ မင်းရဲ့ နည်းလမ်းက တကယ်ကောင်းတာပဲ။ နောင်ကြ စာကြည့်တိုက်မှာ အလုပ်မလုပ်ဖြစ်တော့ဘူးဆိုရင် မင်း ကုသခြင်းသခင်လက်နက်တောင်ယူပြီး ဆေးခန်းဖွင့်။ ဒါမှမဟုတ် တခြားဟာ လုပ်လို့ရတာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” ကောင်းပြီ။ ငါကို မြန်မြန်ပြန်ကောင်းအောင် ကူညီပေး။ နောင်ကြ သူတို့တွေက စစ်ဆေးဖို့အတွက် တတိယအလွှာကို ရောက်လာတော့မှာ။ သူတို့နဲ့အတူ မှတ်စုတချို့ မှတ်ဖို့ လိုသေးတယ် ”
ယဲ့ရှောင်က လက်ဆန့်ထုတ်လိုက်သည်။
” ဒါကနေ မင်း ဘယ်လိုလုပ် ပြန်ကောင်းမှာလဲ။ ငါက ကုသခြင်းကျင့်စဥ်ကို သုံးလိုက်ရုံပဲ။ တခြားလှည့်ကွက်မှ မဟုတ်တာ။ လက်ရှိမှာ အကျန်းမာဆုံး အခြေအနေပဲလေ။ မင်းရဲ့ ပြဿနာကို ကူညီပေးနိုင်တဲ့ တခြားကုသခြင်းကျင့်စဥ်တွေ ငါမှ မသင်ယူထားတာ။ ဒီတော့ ငါဘာမှ မလုပ်နိုင်ဘူး ။ ပြန်သွားပြီး မင်းရဲ့ မိန်းမကိုပဲ ရှာလိုက်တော့ ”
ကုဟိုင်က ဆွံ့အသွားတော့၏။
” ဒါဆို ငါ ဘယ်လိုလုပ်မလဲ။ ငါအခု အလုပ်လုပ်နေတာလေကွာ ”
” ဒါဆို မင်းအရင် အနားယူလိုက်ပါလား။ အလုပ်ဆင်းပြီးသွားတာနဲ့ မင်းကို ကုသဖို့ ကျင့်စဥ် သုံးပေးမယ်။ ပြီးရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ် ”
” လောင်ယဲ့။ မင်းက အဆိပ်ရှိတဲ့ နွားနို့ပဲ ”
ထိုသို့ပြောပြီးနောက် သူက စားပွဲပေါ်မှာ တစ်ရှူးစနှစ်စကို ယူပြီးနောက် အမျိုးသားသန့်စင်ခန်းသို့ အမြန်ပြေးသွားလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ကုဟိုင်က လက်သုတ်ပြီး သန့်စင်ခန်းထဲမှ ထွက်လာချိန်တွင် တတိယအလွှာ စစ်ဆေးမှုက ပြီးသွားပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် ချောင်ကျသွားသည်ဟု ခံစားနေရပြီး မျက်နှာဖြူဖျော့နေတာကို ကြည့်ပြီး ယဲ့ရှောင်၏ ကုသခြင်းကျင့်စဥ်က အာနိသင်မရှိတော့မှန်း ပြောနိုင်သည်။ ကံကောင်းသည်မှာ ကျန်သည့် လုပ်ဖော်ကိုင်ဖက်များက ဘာမှမပြောသောကြောင့် ကုဟိုင်က သက်ပြင်းချလိုက်၏။
” လောင်ယဲ့။ ဒီမှာ စစ်ဆေးတာ ပြီးသွားပြီ။ ဒါဆို ငါတို့ အဖွဲ့ဆီ အရင်ပြန်လိုက်ဦးမယ်။ မင်း သဲလွန်စတစ်ခုခုရရင် ငါ့ကို လာပြော။ဆုလာဘ်ရှိတယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါ့အပြင် ငါတို့ အဖွဲ့က ကျန်းဟိုင်မြို့ထဲက ဆန်းကြယ်တဲ့ သိုင်းပညာရှင်နှစ်ယောက်ကို ရှာဖို့ အမိန့်ပေးခံထားရသေးတယ်။ သူတို့အကြောင်း သဲလွန်စ ရရှိရင်လည်း ငါ့ကို ပြောဦး။ ဆုလာဘ်က အတော်မြင့်တယ်ကွ။ မင်းသာ မှန်ကန်တဲ့ သဲလွန်စကို ပေးနိုင်မယ်ဆိုရင် ဆုကြေးက ယွမ် ၂၀၀၀၀၀ ”
“ငါ နားလည်ပြီ။ ”
ယဲ့ရှောင်က ပြန်ပြောလိုက်၏။ သို့သော် စိတ်ထဲတွင်မူ တွေးလိုက်မိသွားသည်။ ထိုကဲ့သို့ မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။
သူ၏ ကျင့်ကြံဆင့်သည် ယခင်ကလောက် မဆိုးရွားသော်ငြား သူက ချီရှန်းတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ လွှမ်းမိုးနိုင်သည့် နယ်ပယ်က သိပ်မကြီး။ ကျန်သည့်သူကလည်း သူ့ကို သိပ်ပြီ အာရုံစိုက်တာမျိုး မရှိပေ။ ကျန်းဟိုင်မြို့က သူ့ကို အထူးတလည် လိုက်ရှာစရာ မလိုပေ။
သို့သော် ဘုရင်အေးအ်၏ ကိုယ်ခွဲတော် ဖျက်ဆီးခံခဲ့ရသည်။ ထိုအင်အားစုများက သု့၏ တည်ရှိမှုကို သတိပြုမိသွားမှာ သေချာ၏။ သူတို့က ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ဦးကို လျစ်လျှူမရှုနိုင်ရုံသာ ဖြစ်သည်။
အပိုင်း ၅၃ ပြီး၏။